Thursday, May 18, 2023

အကြွေးပိနေသော အမေရိကန်နိုင်ငံအား မည်သို့ကုစားမည်နည်း

 



အမေရိကန်၏ အကြွေးပမာဏမှာ ၁၉၈၉ ခုနှစ်တွင် စတင်ကြေညာခဲ့သည့်အချိန်တွင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံသာရှိခဲ့ရာမှ ယခုအခါ ၃၁ ထရီလီယံသို့ မြှင့်တက်လာခဲ့ပါသည်။ ထိုသို့ အကြွေးပမာဏများပြားနေသော်လည်း ထင်ရှားသည့် စီးပွားရေးကျဆင်းမှု မရှိခဲ့ခြင်းကြောင့် အလွယ်တကူပင် လစ်လျှူရှုခဲ့ကြပါသည်။ သို့သော်လည်း ယခုအခါ အမေရိကန်၏ အကြွေးများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ထိခိုက်လာနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။  ယခုအခါ အမေရိကန်၏ အကြွေးပမာဏမှာ ၎င်းလက်ခံနိုင်သည့် ပမာဏ (Debt Ceiling) ထက်ကျော်လွန်လာခြင်းမှာ ကြီးမားသော ပြဿနာတစ်ရပ်ပင်ဖြစ်သည်။

            Debt Ceiling ဆိုသည်မှာ အမေရိကန်အစိုးရအနေဖြင့် ၎င်း၏ အခြေခံ လုပ်ငန်းတာဝန်များကိုဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်လွှတ်တော်မှ ခွင့်ပြုပေးသော ချေးယူနိုင်သည့် ငွေကြေးပမာဏကို ဆိုလိုပါသည်။ ထိုငွေကြေးဖြင့် အစိုးရအသုံးစရိတ်များဖြစ်သော ကျန်းမာရေးအာမခံများမှ စစ်တပ်အတွက်လစာပေးခြင်းလုပ်ငန်းများအထိ ဆောင်ရွက်ရပါသည်။ ယခု လွှတ်တော်မှ ခွင့်ပြုပေးထားသည့် Debt Ceiling မှာ ၃၁.၄ ထရီလီယံ (GDP ၏ ၁၁၇ ရာခိုင်နှုန်း) ဖြစ်ပြီး၊ သုံးစွဲချေးယူသည့်ငွေမှာ ထိုပမာဏမှ တက်လိုက်ကျလိုက်ဖြစ်နေပါသည်။ မေလ ၁ ရက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က အစိုးရအနေဖြင့် ဇွန် လ တစ်ရက်နေ့နောက်ဆုံးထားပြီး ဘတ်ဂျတ်ထဲမှ အရန်ငွေ စုဆောင်းထားရန် သတိပေးခဲ့ရသည်။ (အသုံးလျော့ပြီး ငွေစုထားခိုင်းခြင်းဖြစ်ပါသည်။)

            ထိုသတိပေးချက်က အမေရိကန်အနေဖြင့် အစိုးရသုံးစွဲသည့် ငွေကြေးပမာဏကို မဖြတ်တောက်နိုင်ပါက ချေးငွေမဆပ်နိုင်သည့် ပြဿနာနှင့် ရင်ဆိုင်လာရနိုင်မည်ဟု ဆိုလိုပါသည်။ ထိုအခြေအနေက ကမ္ဘာ့ဈေးကွက်ကိုပါ ပျက်စီးသွားစေနိုင်ပါသည်။ ချေးငွေမဆပ်နိုင်ပါက ကမ္ဘာကြီး၏ အရေးအကြီးဆုံးသော ငွေကြေးစနစ်အပေါ် ယုံကြည်မှုကို ပျက်ပြားစေနိုင်ပြီး၊ အစိုးရဘတ်ဂျတ်ဖြတ်တောက်မှုများလာပါကလည်း ကြီးမားသည့် စီးပွားပျက်ကပ်ဖြစ်လာနိုင်ပါသည်။ အမေရိကန်လွှတ်တော်က အရင်ကလုပ်ခဲ့သည့်နည်းလမ်းအတိုင်း Debt Ceiling ကို တိုးမြှင့်မည်ဆိုပါကလည်း အမေရိကန် ဘဏ္ဍာရေးစနစ်ပျက်စီးနိုင်ပြီး ပြန်လည်နလံထူရန် ခက်ခဲမည်ဖြစ်ပါသည်။

            အမှန်တော့ အမေရိကန်၏ Debt Ceiling ဆိုသည်ကလည်း စီးပွားရေးသီအိုရီများဖြင့် စနစ်တကျ တွက်ချက်ထားခြင်းမဟုတ်ဘဲ နိုင်ငံရေးအရ သတ်မှတ်ချက်တစ်ခုကဲ့သို့သာ ဖြစ်နေပါသည်။ ထိုအခြေအနေတွင် မည်သည့်နိုင်ငံကမှလည်း အရှုပ်ထဲမဝင်လိုကြပါ။ ထို့ကြောင့် အဆိုပါပြဿနာအတွက် နိုင်ငံရေးအဖြေတစ်ခုတော့ လိုအပ်နေပြီဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း ဒီမိုကရက်နှင့် ရီပါဘလစ်ကန် နှစ်ပါတီစလုံးက ထိုအခြေအနေကို ပူးပေါင်းဖြေရှင်းမှုပြုလုပ်ရန် မသေချာမရေရာခြင်းကြောင့် စိုးရိမ်ပူပန်နေကြပါသည်။ ဘဏ္ဍာရေးဝန်ကြီး၏ သတိပေးချက်ကြောင့်လည်း ၎င်းတို့အနေဖြင့် အစိုးရဆီမှ ငွေကြေးပြန်လည်ရရှိရန်လည်း မသေချာလှပါ။ အောက်လွှတ်တော်တွင် ဒီမိုကရက်များအဆိုပြုခဲ့သည့် အကြွေးများလျှော်ပစ်ရန်အဆိုကလည်း မအောင်မြင်ခဲ့ပါ။ ရီပါဘလစ်ကန်ပါတီမှ လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy က လာမည့် ဆယ်စုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှုကုစားရေးမှ ဒေါ်လာထရီလီယံနှင့်ချီဖြတ်တောက်ပြီး ၂၀၂၄ တွင် Debt Ceiling ကိုတိုးမြှင့်ရန် ဥပဒေကြမ်းတင်သွင်းထားပါသည်။ ထိုဥပဒေက ဧပြီလ ၂၄ ရက်နေ့က အောက်လွှတ်တော် (House) မှအတည်ပြုပြီးဖြစ်သော်လည်း ဒီမိုကရက်ကြီးစိုးသည့် အထက်လွှတ်တော် (Senate) မှအတည်ပြုရန် မရှင်းလင်းသေးပါ။

            သမ္မတဘိုင်ဒန်က မေလ ၉ ရက်နေ့တွင် ပါတီနှစ်ခုစလုံးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ဖိတ်ကြားထားပါသည်။  ဘိုင်ဒန်က Debt Ceiling တိုးမြှင့်ရန်ကိစ္စကို ညှိနှိုင်းမည့် အလားအလာရှိနေပါသည်။ ထိုကိစ္စအထမြောက်လာပါက အမေရိကန်၏ ဘဏ္ဍာရေးစနစ်မှာ ရှက်ဖွယ်လိလိဖြစ်နေပြီး အန္တရာယ်ရှိသည့်အခြေအနေသို့ ရောက်နေပြီကို ပြသနေခြင်းဖြစ်ပါလိမ့်မည်။ အထူးသဖြင့် အကြွေးပမာဏ (Debt Level) က အဓိကအားနည်းချက်မဟုတ်သော်လည်း အစိုးရအနေဖြင့် နိုင်ငံ၏ဝင်ငွေထက်ပို၍ သုံးစွဲနေခြင်း- ဘဏ္ဍာရေးလိုငွေပြနေခြင်း (Fiscal deficit) က အဓိကပြဿနာဖြစ်ပါသည်။

            ပြီးခဲ့သည့် ရာစုနှစ်ဝက်ခန့်က အမေရိကန်၏ ဘဏ္ဍာရေးလိုငွေပြနေခြင်းမှာ နှစ်စဉ် GDP ၏ ၃.၅ ရာခိုင်နှုန်းခန့်ရှိခဲ့ရာမှ ဖေဖော်ဝါရီလက Congressional Budget Office (CBO) ၏ အဆိုအရ လာမည့် ဆယ်စုနှစ်အတွင်း ၆.၁ ရာခိုင်နှုန်းရှိလာလိမ့်မည်ဟု ဆိုပါသည်။ လက်တွေ့တွင်ထို့ထက် ပိုပါလိမ့်မည်။ CBO ၏ တွက်ချက်မှုတွင် ကိုဗစ်ကာလမှစ၍ စီးပွားရေးကျဆင်းသည့် အခြေအနေကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါ။ ထိုသို့ စီးပွားရေးကျဆင်းခြင်းက အခွန်ငွေများကျဆင်းခြင်း၊ အလုပ်လက်မဲ့အာမခံငွေများတိုးလာခြင်းကြောင့် ဘဏ္ဍာရေးလိုငွေပြနေခြင်းကို အခြေအနေပိုဆိုးစေနိုင်ပါသည်။ CBO အနေဖြင့် ဘိုင်ဒန်အစိုးရ၏ ကြီးမားသော စက်မှုလုပ်ငန်းတိုးချဲ့ရေးမူဝါဒအတွက် ဘဏ္ဍာငွေသတ်မှတ်ရန်လည်း ခေါင်းခဲနေရပါသည်။ ၎င်းတို့အနေဖြင့် လျှပ်စစ်ကားများနှင့် အခြားသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ထောက်ပံ့ငွေ ဒေါ်လာ ၄၀၀ ဘီလီယံ ပံ့ပိုးရန်လျာထားသော်လည်း စီးပွားရေးလုပ်ငန်းများက အကန့်အသတ်မရှိသည့် အကောက်ခွန်အကြွေးများဖြင့် နစ်နေပါသည်။ Goldman Sachs ဘဏ်တစ်ခုတည်းအကြွေးမှာ ၁.၂ ထရီလီယံရှိနေပါသည်။

            CBO ၏တွက်ချက်မှုက လက်ရှိဥဒေများကြောင့်လည်း ကန့်သတ်ချက်ရှိနေပါသည်။ သမ္မတ ထရမ့်လက်ထက်က ၂၀၁၇ ခုနှစ်က အကောက်ခွန်လျော့ချသည့် ဥပဒေများပြဋ္ဌာန်းခဲ့ပြီး ၂၀၂၅ ခုနှစ်မှ သက်တမ်းကုန်မည်ဖြစ်သည်။ ဘိုင်ဒန်ကလည်း ကျောင်းသားများအတွက် ချေးငွေအစီအစဉ်များ ဆောင်ရွက်လိုနေသည့်အတွက် ထိုကိစ္စများက ဘဏ္ဍာရေးလိုငွေပြမှုကို ပိုဆိုးစေပါသည်။ ထိုကဲ့သို့အခြေအနေတွင် စက်မှုလုပ်ငန်းများအတွက် ဘဏ္ဍာငွေအမြောက်အမြားသုံးစွဲဦးမည်ဆိုပါက အမေရိကန်၏ ဘဏ္ဍာရေးလိုငွေသည် လာမည့်ဆယ်စုနှစ်အတွင်း ၇ ရာခိုင်နှုန်းခန့် ထပ်တက်လာနိုင်ပြီး ၂၀၃၀ မတိုင်မီ ၈ ရာခိုင်နှုန်းခန့်ရှိလာနိုင်ပါသည်။ ၂၀၅၀ ပြည့်နှစ်များသို့ရောက်လျှင် အမေရိကန်၏ အကြွေးမှာ ၂၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိပြီး ၁၀၀ ထရီလီယံခန့် ရှိလာနိုင်ပါသည်။ မည်သည့်အချိန်တွင် (မရှင်းနိုင်သည့်) လုံးဝအကျပ်အတည်းသို့ကျရောက်မည်ကို မမှန်းနိုင်သော်လည်း အကြွေးများလာလေလေ၊ အတိုးနှုန်းမြင့်လာလေလေဖြစ်ပြီး ဖြေရှင်းရန်ခက်ခဲလာပါလိမ့်မည်။ လုံခြုံရေးဘတ်ဂျတ်မြှင့်မည်လား၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် သုံးမည်လား (guns-or- butter dilemma) ဟူသည့် အကျပ်အတည်းမှ အစိုးရအနေဖြင့် bond များကိုသာထုတ်ရောင်းနေရပြီး လုံခြုံရေးအတွက်ငွေကြေးမထုတ်နိုင်(bonds-not-guns) သည့်အခြေအနေသို့ ရောက်လာပါသည်။

            အနာဂတ်တွင် ဘဏ္ဍာရေးလိုငွေပြမှုကို လျော့ချကောင်းလျော့ချနိုင်မည်ဖြစ်သော်လည်း လက်ရှိအချိန်တွင်တော့ အမေရိကန်အနေဖြင့် အကျပ်အတည်းနှင့် ရင်ဆိုင်ရနိုင်ပါသည်။ အကြွေးဆပ်နိုင်ရန်အတွက် အစိုးရအနေဖြင့် ပုပ္ပလိက အပ်ငွေများစွာလိုပါသည်။ အပ်ငွေများလျှင်လည်း စီးပွားရေးလုပ်ငန်းများရင်းနှီးမြှုပ်နှံ့မှုလျော့ကျနိုင်ပြီး မတည်ငွေနည်းလာသောကြောင့် အလုပ်သမားများ၏ စွမ်းဆောင်ရည်နည်းပြီး စီးပွားရေးတိုးတက်မှုနှုန်းလျော့နည်းလာမည်ဖြစ်သည်။ အစိုးရအနေဖြင့် ပြည်တွင်း/ပြည်ပ အပ်ငွေများအောင် အတိုးနှုန်းမြှင့်ရခြင်း ပြဿနာထပ်တိုးလာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အခြားယုံကြည်စိတ်ချရသည့်နေရာများသို့ ရွှေ့ပြောင်းကြပါသည်။ ထို့ကြောင့် အတိုးနှုန်းမြှင့်ခြင်းကလည်း အမေရိကန်၏ ဘဏ္ဍာရေးအားနည်းချက်ကို တိုး၍တိုး၍သာ ဖြစ်စေပါမည်။ နောက်ဆုံးတွင် ဤအဆိုးကျော့သံသရာမှ ရုန်းထွက်နိုင်ရန် ခက်ခဲလာပါသည်။ ဤအခြေအနေတွင် အခြေခံအားဖြင့် အစိုးရအနေဖြင့် အကျိုးအမြတ်လျော့ချခြင်းနှင့် အကောက်ခွန်မြှင့်တင်ခြင်း နှစ်ခုအကြားရွေးချယ်ရပါလိမ့်မည်။ ဒေသဆိုင်ရာဘတ်ဂျတ်များတွင်လည်း အသုံးစရိတ်လျော့ချခြင်းနှင့် အရန်ငွေစုဆောင်းခြင်းသည်သာ ဘဏ္ဍာရေးလိုငွေပြမှုကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်နေပါသည်။

            အမေရိကန်နိုင်ငံ၏ ထိုကဲ့သို့ အခြေအနေများများနှင့် ရင်ဆိုင်နေရခြင်းသည့် အစိုးရအဆက်ဆက် ပြဿနာကိုဖြေရှင်းရန်ပျက်ကွက်ခဲ့မှုနှင့် ပါတီနိုင်ငံရေးလွန်ကဲနေမှုကြောင့် ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြကြသည်။ ရီပါဘလစ်ကန်တို့က အစိုးရဘတ်ဂျတ်လျော့ချဖြတ်တောက်ရန်အားသန်နေပြီး ဒီမိုကရက်တို့က အကောက်ခွန်တိုးမြှင့်ရန်အားသန်နေကြသည်။ ထိုအကြောင်းပြချက်များက နိုင်ငံရေးအရ ပေါ်ပြူလာဖြစ်နိုင်သော်လည်း နှစ်ဘက်စလုံးမှာ အစိုးရအသုံးစရိတ်မှ ရသမျှယူနေကြသည်သာဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်၏ ဘဏ္ဍရေးကိုကုစားနိုင်ရန် ဖြစ်သင့်သည့် မူဝါဒချမှတ်ရန်အတွက် မလွယ်ကူလှသည့် အခြေအနေတွင်ရှိပါသည်။ မူဝါဒချမှတ်သူများ၊ လွှတ်တော်နှင့် သမ္မတများကလည်း ထိရောက်စွာကိုင်တွယ်ရန် ဆန္ဒရှိပုံမရကြပါ။

            ထို့ကြောင့် CBO အနေဖြင့် Debt Ceiling ကိုမြှင့်တင်ရန်နှင့် အကြွေးလျော်ပစ်ရန်အစီအစဉ်ကို အကြံပေးသည့်အခြေသို့ဆိုက်လာရခြင်းဖြစ်သည်။ အစိုးရအသုံးစရိတ်ကို ငွေချေးယူခြင်းဖြင့် ကုစားမည့်အစီအစဉ်က စီးပွားရေးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်မဟုတ်ပါ။ အမေရိကန်အနေဖြင့် ထိရောက်သည့်မူဝါဒများချမှတ်ရန် ပါတီနှစ်ခုသဘောတူညီချက်နှင့် ထိရောက်သည့် နိုင်ငံရေးဆွေးနွေးမှုများလိုအပ်နေပါသည်။ အဆိုးဆုံးက ခေါင်းဆောင်များက ထိုသို့ လုပ်ဆောင်ရန် ဆန္ဒမရှိကြခြင်း ဖြစ်ပါသည်။


(မှတ်ချက်။ စီးပွားရေးပညာရပ်ဆန်သော ဆောင်းပါးဖြစ်ပါသည်။ တစိမ့်စိမ့်ဖတ်၍ တစိမ့်စိမ့် တွေးရမည့် ဆောင်းပါးဖြစ်ပါသည်။ စီးပွားရေးအသိပညာဗဟုသုတရှိပါက နားလည်နိုင်ရန် ပိုမိုလွယ်ကူပါလိမ့်မည်။ သိလိုသည်များရှိသည့် မန်ဘာများအနေဖြင့် comment တွင်မေးမြန်းနိုင်ကြပါသည်။)

Myanmar Aspect

22051923

Wednesday, May 17, 2023

တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ ပင်လယ်ကွေ့နိုင်ငံများအရေးနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
တရုတ်နိုင်ငံသည် နိုင်ငံတကာလုံခြုံရေးကို လွှမ်းမိုးထိန်းချုပ်နိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(Global Security Initiative-GSI)ကို ဖော်ဆောင်လျက်ရှိပြီး ပင်လယ်ကွေ့နိုင်ငံများတွင် တရုတ်နိုင်ငံအနေဖြင့် GSI အစီအမံအောက်မှ လုံခြုံရေးစနစ်တစ်ရပ်ဖော်ဆောင်နေမှုအား သုံးသပ်ဖော်ပြသွားမည်ဖြစ်ပါသည်။
ဖော်ပြချက်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပပြုလုပ်ခဲ့သည့် တရုတ်-ပင်လယ်ကွေ့နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးကောင်စီ(China-Gulf Cooperation Council -GCC)တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် (Xi Jinping)၏ ဆော်ဒီအာရေဗျနိုင်ငံသို့ ချစ်ကြည်ရေး လာရောက်ခြင်းသည် တရုတ်-အာရပ်နိုင်ငံများအကြား ချစ်ကြည်ရေးကောင်းမွန် လာမည့် ရှေးပြေးနိမိတ်တစ်ခုဖြစ်ခဲ့ပါသည်။ ပင်လယ်ကွေ့နိုင်ငံများအား ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(Global Security Initiative- GSI)တွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် GCC နိုင်ငံများအား လုံခြုံရေးဆိုင်ရာ ထောက်ပံ့မှုများပေးသွားမည့်အပြင် ဒေသတွင်း ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ပြဿနာရပ်များကို အဖြေရှာနိုင်ရန်နှင့် ပင်လယ်ကွေ့ နိုင်ငံများအကြား လုံခြုံရေးတည်ဆောက်နိုင်ရန်အတွက် ထောက်ကူပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စရပ်ကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် ပင်လယ်ကွေ့ နိုင်ငံများအကြား ကာလရှည်ကြာကိုင်စွဲလာခဲ့သည့် ဝင်ရောက်မစွက်ဖက်ရေးမူကို သွေဖည်လာခြင်း ရှိ/မရှိနှင့် GSI သည် ပင်လယ်ကွေ့နိုင်ငံများ၏ လုံခြုံရေးတည်ဆောက်မှုနှင့် အမေရိကန်-ပင်လယ်ကွေ့နိုင်ငံများအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို သက်ရောက်မှုရှိ/မရှိအား မေးခွန်းထုတ်စရာတစ်ခုဖြစ်လာကြောင်း ဖော်ပြ ထားပါသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင် သည် GSI အစီအမံကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင်ကျင်းပပြုလုပ်ခဲ့သည့် အာရှ Boao နှစ်ပတ်လည်ညီလာခံ၌ တရားဝင်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ GSI အစီအမံတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် လုံခြုံရေးဆိုင်ရာ သဘောထားများ ကျယ်ပြန့်စွာပါဝင်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် GSI အစီအမံနှင့် ပတ်သက်သည့် အယူအဆစာတမ်းတစ်စောင် ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းစာတမ်းတွင် ကတိကဝတ် ၆ ရပ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဦးစားပေးလုပ်ဆာင်သွားမည့် နယ်မြေ ဒေသများအား ထည့်သွင်းဖော်ပြထားပါသည်။ တရုတ်နိုင်ငံသည် GSI အစီအမံကို တရုတ် နိုင်ငံ၏ နိုင်ငံတကာမူဝါဒအတွက် အရေးပါသည့် အခန်းကဏ္ဍတစ်ခုအဖြစ် လုပ်ဆောင်ရန် ရည်ရွယ်ထားရပါသည်။ တရုတ်နိုင်ငံ၏ လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အမေရိကန် နိုင်ငံ၏ လုပ်ငန်းစဉ်များမှာ လုံးဝကွဲလွဲလျက်ရှိရာ နှစ်နိုင်ငံအကြား အားပြိုင်သည့် မူဝါဒဆိုင်ရာကိစ္စရပ်တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ရေးသားထားပါသည်။
တရုတ်နိုင်ငံသည် အနောက်အုပ်စုဝင်နိုင်ငံများ ဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာ ဦးစီးဆောင်ရွက်မှုစနစ်(Global Governance)(အထူးသဖြင့် အာရှနှင့် အာရှလုံခြုံရေး ကဏ္ဍတွင် ပါဝင်ပတ်သက်နေသည့် အမေရိကန်နိုင်ငံ၏အခန်းကဏ္ဍကို)စိန်ခေါ်နိုင်ရန်အတွက် GSI ကို ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ပါသည်။ သို့သော် တရုတ်နိုင်ငံ၏ GSI တွင် ပါဝင်သည့် ကတိကဝတ်များသည် ၎င်းနိုင်ငံ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒသာ ဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူဝါဒ ၅ ချက်ကို အခြေခံကာ စီစဉ်ပေါင်းစု ထားပါသည်။ GSI ၏ သဘောတရားရေးစာတမ်းတွင် ဦးစားပေးလုပ်ဆောင်သွားမည့် လုပ်ငန်း ၂၀ ခု၊ အဓိကပူးပေါင်းဆောင်ရွက်သွားမည့်နေရာ ၅ နေရာနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အရေးကြီးပြဿနာများအတွက် လုပ်ငန်း ဆောင်တာများကို ဖော်ပြထားရှိပါသည်။ ချက်ချင်းဆိုသလိုပင် GSI သည် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများ၏ မူဝါဒများနှင့် သံတမန်ရေးရာလှုပ်ရှားမှုများတွင် အရေးပါ လာခဲ့ပါသည်။ ပင်လယ်ကွေ့နိုင်ငံများသည် GSI အစီအမံကို တရုတ်-ပင်လယ်ကွေ့နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးထက် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးရှုထောင့်မှ ကြည့်၍ လက်ခံခဲ့ကြခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများကို ကြည့်ခြင်း အားဖြင့် GSI သည် မကြာခင်တွင် ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံများအားလုံး၏ထောက်ခံမှုကို ရရှိမည်မှာ သေချာသကဲ့သို့ရှိနေပါသည်။ ထို့ပြင် ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံ များသည် ရပ်ဝန်းနှင့် လမ်းကြောင်းအစီအစဉ်(Belt and Road Initiative - BRI) ကဲ့သိုပင် GSI အား နိုင်ငံတကာ နိုင်ငံရေးနှင့် စီးပွားရေး မြှင့်တင်နိုင်မည့် အခွင့်အလမ်းဟု မြင်လာနိုင်ပါသည်။ တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့သည့် GSI သဘောတရားရေးစာတမ်းသည် တရုတ်နိုင်ငံအား နိုင်ငံတကာ၏ လုံခြုံရေးအတွက် အာမခံချက်များပေးကာ ထောက်ပံ့နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပုံဖော်ထားပါသည်။ ‌၎င်းစာတမ်းတွင် အရှေ့အလယ်ပိုင်းဒေသများ အတွက် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အပြန်အလှန်လေးစားခြင်း၊ တရားမျှတမှုကို လက်ကိုင်ထားခြင်း၊ စုပေါင်းလုံခြုံရေးကို မြှင့်တင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး" ဟူသော တရုတ်နိုင်ငံ၏ အယူဝါဒ ၅ ချက်ကိုမူတည်ကာ လုံခြုံရေးမူဘောင်အသစ် ချမှတ်သွားရန် စီစဉ်ထားပါသည်။ တရုတ်နိုင်ငံသည် GSI အစီအမံမှတစ်ဆင့် ပင်လယ်ကွေ့နိုင်ငံများကို ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင် သွားမည်ဟု ပြောကြားထားကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံနှင့် ပင်လယ်ကွေ့နိုင်ငံများအကြား မိတ်ဖက်ဆက်ဆံရေးသည် ပြီးခဲ့သည့် ဆယ်စုနှစ်ကာလများအတွင်းတွင် ပိုမိုကောင်းမွန်လာခဲ့ပြီး ၎င်းတို့အကြား စွမ်းအင်၊ ကုန်သွယ်ရေး၊ နိုင်ငံရေး၊ ရင်းနှီးမြှုပ်နှံရေး၊ နည်းပညာ၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍရပ်များတွင် တိုးတက်ကောင်းမွန်လာခဲ့ပါသည်။ ထို့ပြင် ပင်လယ်ကွေ့ နိုင်ငံများသည် တရုတ်နိုင်ငံ၏ BRI စီမံကိန်းနှင့် အနောက်ဘက် နယ်ချဲ့ရေးအတွက် အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ တရုတ်-ပင်လယ်ကွေ့ စီးပွားရေးပူးပေါင်းမှုသည် နှစ်နိုင်ငံအကြား အပြန်အလှန်စွမ်းအင်အရင်းအမြစ်သုံးစွဲရေး၊ အခြေခံအဆောက်အဦ တည်ဆောက်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့အား အပြန်အလှန်ထောက်ပံ့ပေးနေသော လမ်းကြောင်းများဖြစ်ပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ပိုမိုတိုးတက်ကောင်းမွန်၍ အပြုသဘောဆောင်သော ခရီးသွားလုပ်ငန်းနှင့် ဒီဂျစ်တယ် စီးပွားရေးလောကသို့ ဦးတည်လျက်ရှိကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၏ GSI အစီအမံသည် ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံများ၏ တည်ငြိမ်အေးချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုတို့ကို ကိုယ်စားပြုလျက်ရှိရာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအားကောင်းလာမှုသည် ဒေသတွင်း လုံခြုံရေးဆိုင်ရာအဆောက်အဦအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ပင်လယ်ကွေ့နိုင်ငံများ၏ လုံခြုံရေးနှင့်ပတ်သက်၍ လက်နက်များ တင်ပို့ရောင်းချခြင်း၊ စစ်ဘက်ဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်း၊ အကြမ်းဖက်မှုများ တိုက်ဖျက်ပေးခြင်း၊ ရေကြောင်းလုံခြုံရေးနှင့် ဆိုက်ဘာ လုံခြုံရေးများအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များချုပ်ဆိုခြင်း၊ လုံခြုံရေးအရာရှိများ၊ ၀န်ထမ်းများနှင့် သုတေသီ များအား သင်တန်းပို့ချခြင်းများနှင့် တရုတ်တပ်မတော်မှဦးစီးသည့် စစ်တက္ကသိုလ်များ၊ ကျောင်းများဖွင့်လှစ်ပေးခြင်းများ လုပ်ဆောင်ပေးခဲ့ပါသည်။ တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသများကို လွှမ်းမိုးခြင်းဖြင့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာကိစ္စများကို ချယ်လှယ်လိုသော ရည်ရွယ်ချက်ရှိရာ ယခုပင်လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းသည် ၎င်း၏ မဟာဗျူဟာအတွက် အရေးပါလျက်ရှိကြောင်း ဖော်ပြထားပါသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက သွားရောက်ခဲ့သည့် သမ္မတ ရှီကျင့်ဖျင်၏ ဆော်ဒီအာရေဗျ ခရီးစဉ်သည် တရုတ်နိုင်ငံ၏ ပင်လယ်ကွေ့နိုင်ငံများဆိုင်ရာမူဝါဒများ ပြောင်းလဲသွားသည်ကို ပြသနေခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ကမ္ဘာတစ်၀န်း ဩဇာချဲ့ထွင်လာမှုသည် လုံခြုံရေးနှင့် စီးပွားရေးကိစ္စများကို ၀င်ရောက်စွက်ဖက်ရန် အကြောင်းဖန်လာခဲ့ပါသည်။ ပင်လယ်ကွေ့ နိုင်ငံများအနေဖြင့်လည်း စစ်ဘေးသင့်နေသည့် ဒေသအား စွန့်ပစ် ခဲ့သော အမေရိကန်နိုင်ငံကို စိတ်ပျက်လျက်ရှိနေချိန်ဖြစ်ပါသည်။ ထိုကြောင့် ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့သည် တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုဖြင့် သံတမန်ရေးရာဆက်ဆံရေး ပြန်လည် တည်ထောင်ရန် သဘောတူခဲ့ကြပါသည်။ ထိုသဘောတူညီမှုကြောင့် ဒေသတွင်း တရုတ် နိုင်ငံ၏ လွှမ်းမိုးမှုပိုမိုအားကောင်းလာခဲ့ပြီး အစ္စရေးနှင့် အမေရိကန်နိုင်ငံဦးဆောင်သော အီရန် နိုင်ငံ၏ နျူကလီးယား တိုက်ဖျက်ရေးလုပ်ငန်းများလည်း အခက်အခဲများနှင့် ရင်ဆိုင် ခဲ့ရပါသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ယီ(Wang Yi)သည် အီရန်-ဆောဒီအာရေဗျ ဆက်ဆံရေး တည်ထောင်မှုသည် အရှေ့အလယ်ပိုင်းဒေသများ၏ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်မှုနှင့် GSI ကို အောင်မြင်စွာ အကောင်အထည်ဖော်လိုသော အားစိုက်မှုကြောင့်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တရုတ်-အမေရိကန် အားပြိုင်မှုသည် ကမ္ဘာ့မူဝါဒများကို ဦးဆောင် ချမှတ်နိုင်ရေးအတွက် ကြိုးပမ်းနေကြခြင်းဖြစ်ပြီး နိုင်ငံတကာဇာတ်ခုံပေါ်တွင် အင်အားတောင့်တင်းရန် လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ၎င်း၏ အကျိုးစီးပွားနှင့် စံနှုန်း အတွက် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များကို ချမှတ်ရန်နှင့် အမေရိကန်နိုင်ငံ၏ ဘက်ပေါင်းစုံကမ္ဘာတည်ဆောက်ရေးကို ဆန့်ကျင်နိုင်ရန်ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ဒေသတွင်း လုံခြုံရေးစနစ်တစ်ရပ် တည်ဆောက်ရန်အတွက် အရေးပါသော ကဏ္ဍ တစ်ခုတွင် ပါဝင်နိုင်ရန် ပင်လယ်ကွေ့နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်သည်ဟု ထင်ရ သော်လည်း လက်တွေ့တွင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ နေရာတွင် အစားထိုး နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံသည် လက်ရှိအချိန်ထိ ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ ဖြည့်ဆည်းပေးသူအဖြစ် တည်ရှိ နေဆဲဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ပင်လယ်ကွေ့ဒေသတွင် လုံခြုံရေးဆိုင်ရာ လက်နက်ပစ္စည်းများ၊ စစ်ဘက်ဆိုင်ရာနည်းပညာနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ ရှိသော်လည်း အမေရိကန်နိုင်ငံနေရာတွင် လုံးဝအစားထိုးနိုင်မည့်ကိစ္စမှာ မဖြစ်နိုင်သေးကြောင်း ရေးသားထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းလုံခြုံရေးစနစ်တစ်ရပ်ကို ဖော်ဆောင်ရာတွင် လိုအပ်ချက်များရှိနေခဲ့ပါက ဒေသတွင်းနိုင်ငံများနှင့် မဟာဗျူဟာမြောက် သဘောတူညီမှုများ ရရှိရန်အတွက် ပထဝီနိုင်ငံရေးကို ပြောင်းလဲအသုံးပြုနိုင်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံကို အမွမ်းတင်ပြောကြားနေသော်လည်း ဒေသတွင်း နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ GSI မူဘောင်အောက်မှ ပူးတွဲလုပ်ဆောင်ရန် ဆန္ဒ ရှိ/မရှိသည်လည်း အဓိကကျပါသည်။ အမေရိကန်အနေဖြင့် ပင်လယ်ကွေ့ဒေသ၌ ၎င်း၏တပ်များ တပ်ဆုတ်သွားမည်ဆိုလျင်တောင်မှ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ လုံခြုံရေးတည်ဆောက်ထားမှုများတွင် အစားထိုးနိုင်ရန် လိုအပ်ချက်များစွာ ရှိနေပါသေးသည်။ ယခုလက်ရှိ အချိန်တွင် တရုတ်နိုင်ငံသည် ပင်လယ်ကွေ့ဒေသအား လွှမ်းမိုးနိုင်သည့် ဒေသတွင်းစစ်ဘက်ဆိုင်ရာ စွမ်းရည်များ (အထူးသဖြင့် လေတပ်အကာအကွယ်) မရှိသေးပါ။ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် BRI မူဘောင်အောက်ရှိလုပ်ငန်းစဉ်များနှင့် ဒေသတွင်းမတည်ငြိမ်မှုများပေါ်မူတည်၍ ရေရှည်တွင် အားသာချက်များ ရှိလာနိုင်သည်ဟု ဖော်ပြထားပါသည်။
သုံးသပ်ချက်
တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံသည် ပင်လယ်ကွေ့ဒေသအတွင်း အသင့်အတင့်လက်ခံသည့် အခြေအနေတွင်ရှိသော်လည်း အမေရိကန်နိုင်ငံနှင့်နှိုင်းယှဉ်ပါက လိုက်မီရန်သို့မဟုတ် အပြည့်အဝအစားထိုးနိုင်ရန် လိုအပ်ချက်များရှိနေပါသေးပြီး တစ်ချို့ပင်လယ်ကွေ့နိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏အကျိုးအစီးပွားအတွက် အမေရိကန်နိုင်ငံအား တရုတ်နိုင်ငံနှင့် ထိန်းညှိနိုင်ရန် ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်(Global Development Initiative-GDI)၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်(Global Security Initiative-GSI)နှင့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ ဆိုင်ရာယဉ်ကျေးမှုအဆင့်အတန်းမြင့်မားရေးအဆိုပြုချက်(Global Civilization Initiative-GCI)တို့အား ထုတ်ပြန်၍ အကောင်အထည်ဖော်နေခြင်းသည် အမေရိကန်ဦးဆောင်သည့်လစ်ဘရယ်ကမ္ဘာအား အစားထိုးဝင်ရောက်နိုင်ရန် ဗြောင်ကြိုးစားအားထုတ်လာခြင်းဖြစ်ပါသည်။ ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့နိုင်ငံရေးသည် စစ်အေးပုံစံသစ်သို့ ရောက်ရှိနေပြီဟု ကောက်ချက်ချနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
210523

Tuesday, May 16, 2023

တရုတ်နိုင်ငံ၏ စစ်မှုထမ်းဥပဒေ ပြန်လည်ပြင်ဆင်မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
မကြာသေးမီက တရုတ်နိုင်ငံတွင် စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြန်လည် ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး အဆိုပါပြင်ဆင်မှု၌ အငြိမ်းစားယူထားသောစစ်မှုထမ်းများအား ၎င်းတို့ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးနှင့်တာဝန်အား ပြန်လည် ထမ်းဆောင်ခွင့်ပြုခြင်းအပြင် စစ်မှုထမ်းရန်အတွက် သိပ္ပံနှင့်အင်ဂျင်နီယာကျွမ်းကျင်သော နည်းပညာကျောင်းသားများအား အလေးထားစုဆောင်းခြင်းဆိုသည့် အချက်များ ပါဝင်ပါသည်။ အဆိုပါဥပဒေပြင်ဆင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ စစ်အင်အားကို ကြီးထွားစေရန်နှင့် အနာဂတ်စစ်ပွဲများဖြစ်သည့် အာကာသနှင့် ဆိုက်ဘာ ကဏ္ဍတို့နှင့်စပ်လျဉ်းသော စစ်ပွဲများ၊ အထူးသဖြင့် ထိုင်ဝမ်အရေးကိစ္စများအပေါ်တွင် ပိုမိုအလေးသာစေရန်ဖြစ်ကြောင်း သိရှိရပါသည်။
ဖော်ပြချက်
လက်ရှိအချိန်၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တွင် စစ်မှုထမ်း ဦးရေ ၂ မီလီယံနီးပါးရှိသော်လည်း စစ်မှုထမ်းသက်များကိုမူ ကန့်သတ်ထားဆဲဖြစ်ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာခေါင်းဆောင်များသည် နိုင်ငံ၏ စစ်အင်အား ကြီးထွားစေရန်နှင့် ငြိမ်းချမ်းသောကာလ၊ အရေးပေါ်ကာလ အခြေအနေနှစ်ခုစလုံး အတွက် ထိရောက်မှုရှိသည့် စစ်မှုထမ်းရွေးချယ်မှုစနစ်ဖြစ်စေရန် မကြာသေးမီက စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းသော စည်းမျဉ်းစည်းကမ်းအသစ်များကို ပြန်လည်ပြင်ဆင်၍ အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါပြင်ဆင်မှု၌ အငြိမ်းစားစစ်မှုထမ်းများအား ၎င်းတို့ အငြိမ်းစားမယူမီ တာဝန်ထမ်းဆောင်ခဲ့သောဌာနများတွင် ၎င်းတို့၏ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ခွင့်ပြုထားပြီး ထိုသို့ပြုလုပ်ခြင်းသည် အဖွဲ့အစည်းအတွင်းရှိ အတွေ့အကြုံရှိသူများကို ပြန်လည်စုဆောင်းခြင်းလည်းဖြစ်သည်ဟု သိရှိရပါသည်။
ထိုကဲ့သို့ ဥပဒေပြင်ဆင်မှုသည် အရေးပေါ်ကာလ စစ်မှုထမ်းရွေးချယ်မှုနှင့် စပ်လျဉ်းသောကဏ္ဍကို များစွာလွယ်ကူသွားစေပါသည်။ ဆိုလိုသည်မှာ အရေးပေါ်ကာလ အတွင်း စစ်မှုထမ်းရန် အစိုးရအနေဖြင့် လိုအပ်သောကဏ္ဍများအတွက် လိုအပ်သလို ခေါ်ယူစုဆောင်းနိုင်မည့် လက္ခဏာတစ်ရပ်ပင်ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ စစ်မှုထမ်း ဥပဒေပြင်ဆင်မှုသည် ထိုင်ဝမ်အရေးကိစ္စနှင့် များစွာဆက်နွှယ်နေပြီး ထိုင်ဝမ်အရေး ကိစ္စသာ ပေါ်ပေါက်လာပါက တရုတ်နိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေခြင်း လည်းဖြစ်ပါသည်။ အထူးသဖြင့် အတွေ့အကြုံရှိပြီးသူ၊ သို့မဟုတ် ကျွမ်းကျင်မှုရှိပြီးသူ စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူအသုံးပြုနိုင်ရန်ပင်ဖြစ်ပြီး လက်ရှိ အချိန်၌ တရုတ်နိုင်ငံသည် ၎င်း၏ စစ်အင်အားတောင့်တင်းစေရန် စစ်ဘက်ဆိုင်ရာ လက်နက်သစ်များ၊ ကိရိယာသစ်များ စမ်းသပ်တီထွင်လျက်ရှိပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် အဆိုပါလက်နက်များနှင့် ကိရိယာများကို ထိရောက်စွာ အသုံးပြုနိုင်မည့် ကျွမ်းကျင်သော စစ်မှုထမ်းများ များစွာလိုအပ်နေသည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ထို့ပြင် အဆိုပါစစ်မှုထမ်းဥပဒေပြင်ဆင်မှု၌ တက္ကသိုလ်ကျောင်းသားများနှင့် စပ်လျဉ်းသည့်အခန်းကဏ္ဍပါဝင်ပြီး တက္ကသိုလ်များကိုလည်း ၎င်းတို့၏ကျောင်းသားများ သက်ဆိုင်ရာကဏ္ဍအလိုက် စစ်မှုထမ်းနိုင်ရေးကို ရွေးချယ်ပေးနိုင်ပါသည်။ အထူးသဖြင့် အနာဂတ်တွင် အာကာသ၊ ဆိုက်ဘာ၊ ဒရုန်းတို့နှင့် စပ်လျဉ်းသော စစ်ပွဲများအတွက် သိပ္ပံနှင့်နည်းပညာကျွမ်းကျင်သော၊ AI ကျွမ်းကျင်သောကျောင်းသားများကို စုဆောင်းခြင်းပင် ဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် AI နှင့် အခြားသောအဆင့်မြင့်နည်းပညာများကို အသုံးပြုသည့် “ထောက်လှမ်းရေးစစ်ပွဲ - Intelligence Warfare” ဆိုင်ရာသုတေသန လုပ်ငန်းများကို အလေးထားဆောင်ရွက်နေပြီး တရုတ်နိုင်ငံသမ္မတ Xi Jinping ကလည်း PLA အား အရည်အချင်းရှိသည့် စစ်မှုထမ်းများဖြင့်သာ တည်ဆောက်သွားမည်ဟု ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီ၏ ဂျာနယ်တိုက်တစ်ခုဖြစ်သော “Qiushi Journal” ကလည်း PLA အင်အားကြီးထွားစေရန် အရည်အချင်းရှိ၍ ကျွမ်းကျင်သော၊ အကျင့်စာရိတ္တကောင်းမွန်သော စစ်မှုထမ်းများကို မွေးထုတ်ပေးရန် လိုအပ်သည်ဟု အကြံပြုသုံးသပ်တင်ပြထားကြောင်း သိရှိရပါသည်။
လက်ရှိအချိန်၌ တရုတ်နိုင်ငံ၏ လူဦးရေလျော့ကျလာခြင်းနှင့် အသက်အရွယ် ကြီးရင့်သူ လူဦးရေအရေအတွက်မှာ အလွန်များပြားလာခြင်းတို့ကြောင့် စစ်မှုထမ်းမည့် လူငယ်အရေအတွက်မှာ ပိုမိုကျဆင်းလာခဲ့ပါသည်။ တရုတ်နိုင်ငံ၏ နှစ်ပေါင်း ၃၀ ကျော်အသုံးပြုခဲ့သည့် “တစ်အိမ်ထောင် ကလေးတစ်ဦး” မူဝါဒကြောင့် မြို့ပြတွင် နေထိုင် ကြသည့် မိဘအများစုသည် ၎င်းတို့၏ သားသမီးများအတွက် စိုးရိမ်ခြင်းကြောင့် စစ်မှုမထမ်းဆောင်စေလိုကြခြင်းဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ရေကြောင်းမဟာဗျူဟာနှင့်စပ်လျဉ်းသောပညာရှင် Masafumi Iida က တရုတ်နိုင်ငံမှ ၎င်း၏ စစ်မှုထမ်းဥပဒေ ပြန်လည်ပြင်ဆင်၍ အငြိမ်စားစစ်မှုထမ်းများနှင့် တက္ကသိုလ်ကျောင်းသားများအား စုဆောင်းရန် ကြိုးပမ်းနေခြင်းသည် PLA ၏ စစ်မှုထမ်းဦးရေ ကျဆင်းနေခြင်းကြောင့် ဖြစ်သည်ဟုယူဆနိုင်ပြီး ထိုကဲ့သို့ ကျဆင်းမှုသည် အရေးပေါ်ကာလအခြေအနေ၌ တရုတ်နိုင်ငံအတွက် စိန်ခေါ်မှုကြီးမားနိုင်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် ၎င်း၏ စစ်ရေးစွမ်းရည်မြှင့်တင်နိုင်ရန် စစ်မှုထမ်းစနစ်အား အကြိမ်ပေါင်းများစွာ မွမ်းမံပြင်ဆင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်မတိုင်မီက ကောလိပ်ဘွဲ့ရနှင့် ဘွဲ့လွန်ကျောင်းသားများအနေဖြင့် အသက် ၂၂ နှစ်ပြည့်လျှင် စစ်မှုထမ်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း ၂၀၂၁ ခုနှစ်၌ အဆိုပါဥပဒေကို ပြင်ဆင်ခဲ့ပါသည်။ ပြင်ဆင်မှု၌ ကောလိပ်ဘွဲ့ရကျောင်းသားများအတွက် အသက် ၂၄ နှစ်နှင့် ဘွဲ့လွန် ကျောင်းသားများအတွက် အသက် ၂၆ နှစ်ဟု ပြဋ္ဌာန်းထားခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၌ပင် တရုတ်နိုင်ငံသည် “စစ်မှုထမ်းများ၏ အဆင့်အတန်း၊ ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့ကို ကာကွယ်ပေးမည့်ဥပဒေ” တစ်ရပ်ကို ပြဋ္ဌာန်းခဲ့သည့်အပြင် သမ္မတ Xi Jinping ကလည်း နိုင်ငံသူ/နိုင်ငံသားများအနေဖြင့် စစ်မှုထမ်းများအပေါ် လေးစားသမှုရှိရန် လိုအပ်သည်ဟုတိုက်တွန်းပြောကြားထားကြောင်း ဖော်ပြထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင် ဖော်ပြထားချက်များအရ မကြာသေးမီက တရုတ်နိုင်ငံသည် စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး အဆိုပါပြင်ဆင်မှု၌ အငြိမ်းစား ယူထားသော စစ်မှုထမ်းများအား မူလတာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ပြုခြင်းအပြင် အနာဂတ်တွင်ဖြစ်ပွားလာမည့် အာကာသစစ်ပွဲ၊ ဆိုက်ဘာစစ်ပွဲ၊ ဒရုန်းစစ်ပွဲတို့အတွက် သိပ္ပံနှင့်အင်ဂျင်နီယာကျွမ်းကျင်သော နည်းပညာကျောင်းသားများအား အလေးထား စုဆောင်းခြင်းဆိုသည့်ကဏ္ဍများကို အလေးအနက်ထား ပြင်ဆင်နေခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထိုသို့ပြင်ဆင်ခြင်းသည် တရုတ်ပြည်သူ့တပ်မတော်အား အင်အား ကြီးထွားအောင် တည်ဆောက်နေခြင်းဖြစ်သည့်အပြင် ထိုင်ဝမ်အရေးကိစ္စ ဖြစ်ပွား လာပါကလည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေခြင်းပင်ဖြစ်ပါသည်။
ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် လာသည်နှင့်အမျှ စစ်မှုထမ်းသတ်မှတ်အရေအတွက် ပြည့်မီရန် အခက်အခဲ ဖြစ်ပေါ်ချိန်တွင် ရုရှား-ယူကရိန်းပဋိပက္ခ၌ သက်ဆိုင်ရာနိုင်ငံများ၏ Mobilization ပြုလုပ်ရာ၌ အခက်အခဲများဖြစ်ပေါ်ခဲ့ခြင်းနှင့် နည်းပညာအားလိုက်မီရန် စစ်မှုထမ်း များ၏ စွမ်းရည်များလည်းလိုအပ်ခြင်းတို့ကို သင်ခန်းစာဖော်ထုတ်ယူခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ စစ်မှုထမ်းဥပဒေကို ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်စစ်ပွဲများအတွက် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတွင် ခေတ်နှင့်လျော်ညီသည့် စစ်မှုထမ်းဥပဒေမရှိသေးသည့်နိုင်ငံများ၊ အရည်အချင်းပြည့်ဝသည့် စစ်မှုထမ်းများ မစုဆောင်းနိုင်သည့် နိုင်ငံများအနေဖြင့် အနာဂတ်စစ်ပွဲများတွင် နောက်ကောက်ကျဖွယ်ရှိနေသည်ဟု ယူဆရကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
200523

Monday, May 15, 2023

ထိုင်းနိုင်ငံတွင် မည်သည့်ပါတီမှအနိုင်ရသည်ဖြစ်စေ နိုင်ငံခြားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် တိုက်တွန်းနေခြင်း

 


နိဒါန်း

ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲတွင် မည်သည့်ပါတီမှအနိုင်ရသည်ဖြစ်စေ၊ မည်သည့်အစိုးရတက်လာသည်ဖြစ်စေ နိုင်ငံ၏ပုံရိပ်ပြန်လည်ကောင်းမွန် လာစေရန်အတွက် နိုင်ငံခြားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေ‌ကြောင်း တိုက်တွန်းရေးသားထားသည့် ဆောင်းပါးကို သုံးသပ်ဖော်ပြ သွားမည်ဖြစ်ပါသည်။
ဖော်ပြချက်
ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲကို လာမည့် မေလ ၁၄ ရက်တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံရေးပါတီပေါင်း ၇၀ ထက်မနည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ အဓိကနိုင်ငံရေးပါတီများ မဲဆွယ်ရာတွင် ဘဏ္ဍာရေး အရင်းအမြစ်များအပေါ် သက်ရောက်နိုင်သည့်ကိစ္စရပ်များ(Pocket-Book Issue) ဖြစ်သည့် အနည်းဆုံးလုပ်ခလစာနှုန်းထားများ တိုးမြှင့်နိုင်ရေး၊ နိုင်ငံတွင်းရှိ သက်ကြီးရွယ်အို များ၏ လူမှုအခွင့်အရေးဆိုင်ရာများ မြှင့်တင်ပေးရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲရေးနှင့် SMEs လုပ်ငန်းများကို မြှင့်တင်ဖော်ဆောင်နိုင်ရေး တို့ကိုသာ အလေးပေးဆောင်ရွက်နေသည်ကို တွေ့ရှိရသော်လည်း နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍အလေးပေးပြောကြားနေသည့် နိုင်ငံရေးပါတီအနည်းငယ်သာရှိကြောင်း ဖော်ပြထား ပါသည်။
Move Forward မှ ဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းဖြစ်သူ Pita Limjaroenrat က ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း တည်ငြိမ်မှုမရှိခြင်းကြောင့် နိုင်ငံများသည် စံနှုန်းအခြေပြု ဘက်ရွေးချယ်ခြင်းထက် ၎င်းတို့နှင့်သက်ဆိုင်ရာ အကျိုးစီးပွားနှင့်စံနှုန်းများကိုသာ ရွေးချယ်နေသည်ဟု ပြောကြားခဲ့ပါသည်။ Pheu Thai ပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဖော်ဆောင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ၎င်း၏နိုင်ငံခြားရေးမူဝါဒတွင် အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံကို ယှဉ်ပြိုင်နိုင်ရန်အတွက် EU နှင့် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်ကို ဖော်ဆောင်နိုင်ရန် စည်းရုံးမှုပြုလုပ်ခြင်း၊ နယူးဇီလန် နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ဖိတ်ခေါ်ခြင်းနှင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတွင် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများအတွက် ဈေးကွက်ဖော်ဆောင်ခြင်း များကို အလေးထားဆောင်ရွက်သွားရန် ဖော်ပြထားပါသည်။ သို့သော်လည်း အထက်တွင် ဖော်ပြထားသည့် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းနှစ်ဦး၏ သဘောထားများတွင် ထိုင်းနိုင်ငံခြားရေး မူဝါဒများနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမျိုးမရှိသေးဟု ရေးသား ထားပါသည်။
ထိုင်းနိုင်ငံတွင် စစ်ဘက်မှအာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ၂၀၁၄ ခုနှစ်၊ မေလမှ စတင်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် နိုင်ငံ၏ အကျိုးစီးပွားကို မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းထက် ၂၀၁၉ ခုနှစ်အထိ အုပ်ချုပ် ခဲ့သည့် စစ်အစိုးရ၏ပုံရိပ်ကို ကာကွယ်ရန်အတွက်သာ အဓိကအရင်းအမြစ်များကို အသုံးပြုခဲ့သည်ဟု ဆိုပါသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayut Chan-o-cha တာဝန်ထမ်းဆောင် ခဲ့သည့် လွန်ခဲ့သော ၈ နှစ်တာကာလအတွင်း၌ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် ထိုင်းနိုင်ငံအနေဖြင့် သံတမန်ရေးရာအမှားအယွင်းများကို များစွာပြုလုပ်ခဲ့ပြီး အဆိုပါ အမှားအယွင်းများအနက်မှ အထင်ရှားဆုံးသည် အိမ်နီးချင်းဖြစ်သည့် မြန်မာ နိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးကိစ္စရပ်များနှင့် သက်ဆိုင်နေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံ အတွင်းမှ ထွက်ပြေးတိမ်းရှောင်ပြီး ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် အခြေချ နေထိုင်နေသူများ များပြားနေပါသည်။ ထိုအရေးနှင့်ပတ်သက်၍ ရပ်တန့်နိုင်ရန် ကုလသမဂ္ဂမှ ထိုင်းအစိုးရ၊ အထူးသဖြင့် မြန်မာစစ်အစိုးရနှင့်ကာလရှည်ကြာ ရင်းနှီးသောဆက်ဆံရေး ရှိသည့် ထိုင်းစစ်တပ်ကို ကူညီပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးသော်လည်း ထိုင်းစစ်တပ် ဘက်မှ မျှော်မှန်းထားသလောက် ကူညီပေးခဲ့ခြင်းမရှိဟု ဖော်ပြထားပါသည်။
ဆက်လက်၍ ထိုင်းစစ်တပ်အနေဖြင့် ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးခြင်းမရှိသည့်အပြင် ထိုင်း-မြန်မာ နယ်စပ်တွင် တပ်ဖြန့်ချထားမှုများပြုလုပ်ပြီး မြန်မာ့တပ်မတော်အတွက် လိုအပ်သည့် အကူအညီများကို ထောက်ပံ့ပို့ဆောင်ပေးနေသည်ဟု ဝေဖန်ပြောကြားမှုများရှိခဲ့ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအရေးတွင် ထိုင်းစစ်တပ်မှ ပါဝင်ဆောင်ရွက်မှုမရှိဟု ထိုင်းနိုင်ငံဘက်မှ ပြန်လည်ငြင်းဆိုခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ထိုင်းလေပိုင်နက် အတွင်း မြန်မာ့တပ်မတော်၏ တိုက်လေယာဉ်တစ်စင်း ရောက်ရှိခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဝန်ကြီးချုပ်မှ အဆိုပါဖြစ်စဉ်သည် ပြဿနာတစ်ရပ်မဟုတ်ကြောင်း ပြောကြားခဲ့သည်ကိုကြည့်ခြင်းဖြင့် ထိုင်းနိုင်ငံသည် ၎င်း၏ပိုင်နက်အတွင်းရှိ မြန်မာ့ တပ်မတော်၏ လုပ်ဆောင်ချက်များကိုပင် မျက်ကွယ်ပြုနေသည်ဟု ဆိုထားပါသည်။ ထို့ပြင် ထိုင်းစစ်တပ်သည် မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ဒုက္ခသည်များနှင့် သတင်းထောက် အချို့ကို ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်နေကြောင်းလည်း ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံ၏ လတ်တလောနိုင်ငံခြားရေးမူဝါဒ အမှားအယွင်း များသည် ဒေသတွင်းကိစ္စရပ်များသာမကဘဲ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အီရန် ထိပ်တန်းဗိုလ်ချုပ်ကြီး Qassem Soleimani ကို အမေရိကန်စစ်တပ်က လုပ်ကြံ သတ်ဖြတ်မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ ၎င်းကိုကြိုတင်အသိပေးခဲ့သည် ဟူသည့် အခြေအမြစ်မရှိသည့် ပြောကြားမှုများကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အချက်အလက်မှားယွင်းဖော်ပြမိသည်ဟု ပြန်လည်ထုတ်ပြန် ခဲ့ရပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ UNGA မှ ရုရှားနိုင်ငံအပေါ် ရှုတ်ချမှုပြုလုပ်ရန် မဲခွဲဆုံးဖြတ်သည့် အခါတွင်လည်း မဲမပေးဘဲနေခဲ့ပါသည်။ ထို့နောက် ရုရှားနိုင်ငံသမ္မတပူတင်က ထိုင်းနိုင်ငံတွင် ကျင်းပသည့် Asia Pacific Economic Cooperation (APEC) အစည်းအဝေးကိုတက်မည်ဟု လေသံပစ်ခဲ့သော်လည်း တက်ရောက် လာမှုမရှိခဲ့ဟု ဖော်ပြထားပါသည်။
အချုပ်အားဖြင့် မကြာသေးမီကပြုလုပ်ခဲ့သည့် စစ်တမ်းများအရ ထိုင်းနိုင်ငံ၏ ထူးခြားသည့် ရွေးကောက်ပွဲစနစ်ကြောင့် မည်သည့်ပါတီက အစိုးရအသစ်ဖွဲ့စည်းနိုင်မည် ဆိုသည့်အချက်ကို မခန့်မှန်းနိုင်သေးပါ။ သို့သော်လည်း နောက်ထပ်ပေါ်ပေါက်လာမည့် အစိုးရသစ်သည် လက်ရှိအစိုးရ၏ ဖရိုဖရဲဖြစ်နေသည့် နိုင်ငံခြားရေးမူဝါဒများကို ဆက်ခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံခြားရေးမူဝါဒကို ပြန်လည်ပြင်ဆင်ခြင်းသည် နောက်ထပ်တာဝန်ယူ ဆောင်ရွက်ရမည့် ဝန်ကြီးချုပ်အသစ်အတွက် ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့လက်ရှိကျင့်သုံးနေသည့်အတိုင်း နိုင်ငံရေးအခင်းအကျင်းများတွင် ဆက်လက်ဆောင်ရွက်နေပါက နိုင်ငံရေးအသိုက်အဝန်းတွင် ထိုင်းနိုင်ငံ၏ သံတမန်ရေး ဂုဏ်သိက္ခာအား ပြန်လည်ထိန်းသိမ်းနိုင်မည်မဟုတ်ဟု ရေးသားထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင် ထိုင်းနိုင်ငံ၏ အစိုးရသစ်တက်လာပါက အမေရိကန်နိုင်ငံနှင့်အနောက်အုပ်စုဘက်ယိမ်းသည့် နိုင်ငံခြားရေးမူဝါဒဘက်သို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေး အားနည်းချက်များကို ထောက်ပြကြိုတင်နှပ်ကြောင်းပေး ရေးသားထားသည်ကို ရှင်းလင်းစွာမြင်နိုင်ပါသည်။ ထို့ပြင် ဆောင်းပါးတွင် ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်သည့် လုပ်ဆောင်ချက် များကို ဝေဖန်ရေးသားဖော်ပြထားပြီး အနောက်အုပ်စုဘက်မှ ထွက်ပေါ်လာသည့် အာဘော်စစ်စစ်ဖြစ်သည်ကို တွေ့ရှိရပါသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် စီးပွားရေးအင်အားတောင့်တင်းပြီး ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့်အားလျော်စွာ အနောက်အုပ်စုအင်အားကြီးနိုင်ငံများဘက်မှ ၎င်းတို့အလိုကျ အစိုးရတစ်ရပ်တင်မြှောက်နိုင်ရေးနှင့် ၎င်းတို့နိုင်ငံများကို အားသာချက်ရှိစေမည့် မူဝါဒများ ချမှတ်လာစေရန် ဆောင်ရွက်နေမည်သာဖြစ်ပါသည်။ ဤသို့ဆိုလျင် လက်ရှိအပြီးမသတ်သေးသည့် ရွေးကောက်ပွဲအခြေအနေတွင် မဲအများဆုံးရရှိနေသည်ဟုဆိုသော Move Forward Party ၏ နောက်တွင်ရှိနေသည့် ပြည်ပနိုင်ငံရေးအင်အားစုကို မှန်းဆနိုင်ပြီဖြစ်ပါသည်။
ထိုင်းနိုင်ငံသည် မည်သည့်အစိုးရတက်သည်ဖြစ်စေ ၎င်းတို့နိုင်ငံအကျိုးစီးပွား အတွက် လေယူရာယိမ်းသော သံခင်းတမန်ခင်း (Bamboo Diplomacy) ဖြင့်သာ ဆောင်ရွက်လေ့ရှိပြီး အနောက် နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်နိုင်ငံနှင့် အဆင်ပြေအောင်ဆက်ဆံ၍ နိုင်ငံအတွက် စစ်ရေး၊ စီးပွားရေး အကူအညီအထောက်အပံ့များရရှိနိုင်ရန် ဆောင်ရွက်နေသလို အင်အားကြီး တရုတ်နိုင်ငံနှင့်လည်း စစ်ရေး၊ စီးပွားရေးအရ ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်နေသည်သာဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ပေါ်ပေါက်လာမည့် အစိုးရသစ်ကို ခန့်မှန်းရန်မှာ မဖြစ်နိုင်သေးသော်လည်း ပြည်ပအင်အားစုကြီးတစ်ခု၏ အပြည့်အဝထိန်းချုပ်ခြင်းခံရသည့် အစိုးရတစ်ရပ်တက်လာပြီး လက်တွေ့နှင့်ကင်းကွာသည့် မူဝါဒများချမှတ်လာမည်ဆိုပါက ထိုင်းနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှုကို ရိုက်ခတ်လာနိုင်သည်ဟု ယူဆနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
19051623

Sunday, May 14, 2023

အိန္ဒိယ-တရုတ် နယ်စပ်ပြဿနာများ ဆက်ဆံရေးအခြေအနေများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
၂၀၂၃ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင်ကျင်းပခဲ့သည့် အိန္ဒိယနှင့် တရုတ်ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအပါအဝင် တပ်မှူးများအဆင့် ဆွေးနွေးပွဲများတွင် နယ်စပ်ရေးရာပြဿနာများကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲများတွင် အခြေခံအဆောက်အဦများကို တိုးချဲ့ဖော်ဆောင်ခြင်း အပါအဝင် နယ်စပ်ဒေသများမှ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရန် ရည်ရွယ်သည့်ကိစ္စများပါဝင်ပြီး အခြားသိသင့်သည်များကို ဖော်ထုတ်ရေးသားမည်ဖြစ်ပါသည်။
ဖော်ပြချက်
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြားတွင် ဧပြီလ ၂၃ ရက်က (၁၈)ကြိမ်မြောက် အိန္ဒိယ-တရုတ် တပ်မှူးများအဆင့် (India-China Crops Commander) ဆွေးနွေးပွဲနှင့် ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization–SCO) ကာကွယ်ရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီး Rajnath Singh နှင့် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Li Shangfu တို့ တွေ့ဆုံခဲ့ပါသည်။ ဆွေးနွေးပွဲများတွင် နှစ်နိုင်ငံနယ်စပ်ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့သော်လည်း နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာနိုင်သည့် အရိပ်အယောင် မရှိသေးပါ။ ထို့ပြင် အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံ စစ်တပ်များအကြားတွင် သဘောထား ကွဲလွဲမှုရှိနေသည်ဟု ဝေဖန်မှုများလည်းရှိနေပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် နှစ်နိုင်ငံကိုယ်စားလှယ်များအနေဖြင့် စစ်ဘက်ရေးရာဆွေးနွေးပွဲတွင် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းစေရေးအတွက် သဘောထားပွင့်လင်းစွာဖြင့် အလေးအနက်ထားဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်းနှင့် ထိုကဲ့သို့ ပြုလုပ်ခြင်းက နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများအတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များသည် ဆွေးနွေးပွဲ အတွင်း နယ်စပ်ရေးရာများနှင့်သက်ဆိုင်သည့် အဆိုပြုချက်နှင့် တန်ပြန်အဆိုပြုချက် များကို ဖလှယ်ခဲ့ကြပါသည်။ အချို့သောဒေသတွင်းမီဒီယာများက တရုတ်-အိန္ဒိယ ဆွေးနွေးပွဲများတွင် Depsang လွင်ပြင်နှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မည့် ဆွေးနွေးမှုများနှင့် ladakh ဒေသအရှေ့ပိုင်းရှိ Line of Actual Control-LAC တစ်လျှောက်တွင် တင်းမာမှုဖြစ်ပွားခြင်းကို လျှော့ချရန် ဆွေးနွေးမှုများ အထမမြောက်ခဲ့ဟု ဝေဖန်မှုများ ရှိခဲ့ပါသည်။ Line of Actual Control-LAC တစ်လျှောက်ရှိ အမွေအနှစ် ပိုင်ဆိုင်ခွင့်များနှင့်ပတ်သက်၍ နောက်ဆက်တွဲ ဆွေးနွေးမှုများအပြင် နိုင်ငံရေးအဆင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ဖွယ် ရှိသည်ဟု မီဒီယာများက ဖော်ပြထားပါသည်။ စစ်ဘက်ဆိုင်ရာဆွေးနွေးမှုများသည် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် လာမည့်ကာလများတွင် နယ်စပ်ဒေသများ၌ ထိပ်တိုက် တွေ့ဆုံခြင်းများကို ရှောင်ရှားနိုင်ရန်အတွက်သာဖြစ်ပါသည်။ ယုံကြည်မှုတည်ဆောက်ခြင်းသည် ပဋိပက္ခဖြစ်ပွားခြင်းကို အနည်းဆုံးဖြစ်စေနိုင်သော်လည်း Galwan ပဋိပက္ခများဖြေရှင်းခြင်း အတွက် သဘောတူညီမှုများ၊ ကတိကဝတ်များ ဖော်ဆောင်နိုင်လိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ယုံကြည်မှုတည်ဆောက်ခြင်းကို အလေးပေးဖော်ဆောင်နေခြင်းသည် ပဋိပက္ခ များကို လျှော့ချနိုင်ဖွယ်ရှိ/မရှိ မေးခွန်းထုတ်စရာများ ရှိလာကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံဘက်မှ ထုတ်ပြန်ချက်များအရ LAC တစ်လျှောက်ရှိ ပဋိပက္ခများကို နှစ်နိုင်ငံအကြားရှိ သဘောတူညီချက်များ၊ ကတိကဝတ်များနှင့်အညီဖြေရှင်းသင့်ကြောင်း၊ တည်ဆဲကတိကဝတ်များကို ချိုးဖောက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ များကို ပျက်ယွင်းစေနိုင်ပြီး နယ်စပ်ရေးရာဆိုင်ရာဆွေးနွေးမှုများတွင် သဘောထား ကွဲလွဲမှုများကို ပိုမိုဖြစ်ပေါ်လာစေနိုင်ကြောင်း၊ အိန္ဒိယ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် နယ်စပ်အရေးနှင့်ပတ်သက်ပြီး ပွင့်လင်းတည်ငြိမ်စွာ ဆွေးနွေးနိုင်မှုများအပေါ်တွင် မူတည်နေကြောင်း၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar အနေဖြင့်လည်း အဆိုပါ အချက်ကို ထပ်တလဲလဲပြောကြားခဲ့ဖူးကြောင်း ဖော်ပြထားပါသည်။ တရုတ်နိုင်ငံ၏ ထုတ်ပြန်ချက်တွင် ၎င်း၏ အိမ်နီးချင်းဖြစ်သည့်အပြင် အရေးပါသည့်ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ အနေဖြင့် သဘောထားကွဲလွဲမှုများထက် ဘုံအကျိုးစီးပွားကို ပိုမိုဖော်ဆောင်သင့်သည်ဟု ဖော်ပြခဲ့ပြီး ၎င်းထုတ်ပြန်ချက်ကို ခြုံငုံကြည့်ပါက ယခင်ပုံစံများအတိုင်း နယ်စပ်ပဋိပက္ခများထက် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအလေးပေးဆောင်ရွက်နေသည်ကို တွေ့ရသည်ဟု ဖော်ပြထားပါသည်။
ဆက်လက်၍ LAC တစ်လျှောက်ရှိ အချို့သောနေရာများတွင် တင်းမာမှုများ လျော့နည်းသွားသော်လည်း အကြီးစားတပ်ဖြန့်ချထားမှုများ ဆက်လက်တည်ရှိ နေပါသေးသည်။ အဆိုပါအခြေအနေများကြောင့် မမျှော်လင့်ထားသည့် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ပြီး ဒေသခံများအနေဖြင့်လည်း နယ်မြေဆုံးရှုံးမည့်အရေးအတွက် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေကြပါသည်။ ၂၀၂၀ ပြည့်နှစ်အတွင်းက ပြုလုပ်ခဲ့သည့် Snow Leopard စစ်ဆင်ရေးကြောင့် မွေးမြူရေးလုပ်ငန်းများတွင် ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ပြီး အဆိုပါလုပ်ငန်းအပေါ်တွင် မှီခိုနေရသည့် ပြည်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်ဟု ဖော်ပြထားပါသည်။
အချုပ်အားဖြင့် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်စပ်ပြဿနာဖြေရှင်းခြင်း များတွင် တိုးတက်လာသည့်အခြေအနေများမရှိခြင်းကြောင့် အခြေခံအဆောက်အဦများတည်ဆောက်ခြင်းအပေါ်တွင် ဦးစားပေးဆောင်ရွက်လျက်ရှိကြပါသည်။ ကာကွယ်ရေး ဝန်ကြီးအနေဖြင့် သက်ဆိုင်ရာအကြီးအကဲများသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပြည်နယ်များမှ အကြီးအကဲများအစည်းဝေးပြုလုပ်ပြီး Ladakh မှ Arunachal Pradesh အထိ အခြေခံအဆောက်အဦများကို တိုးချဲ့ဖော်ဆောင်ရန်နှင့် အဆိုပါဒေသများရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး နိုင်ရန်အတွက်လည်း ရည်ရွယ်လျက်ရှိကြပါသည်။ လက်ရှိအချိန်တွင်မူ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံး၏ နယ်စပ်အရေးဖြေရှင်းမှုများသည် အချိန်ဆွဲနေခြင်းမျိုးဖြစ်ကြောင်း ရေးသားထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင်ဖော်ပြထားချက်များအရ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံးသည် ထိပ်တိုက်တွေ့ဆုံခြင်းကို ဖြစ်စေမည့် အရေးကိစ္စများအား ရှောင်ရှားနေကြပြီး နယ်စပ်ဒေသတွင် အခြေခံအဆောက်အဦများ တည်ဆောက်ရေးနှင့် ပြည်သူများ အလုပ်အကိုင်ပေါများရေးနှင့် လူနေမှုဘဝမြင့်မားရေးကို ဦးတည်ဆောင်ရွက်နေသည်ဟု သုံးသပ်ရပါသည်။ ထို့ကြောင့် နယ်စပ်ရေးရာကိစ္စရပ်များ ဖြေရှင်းရာတွင် ယနေ့အချိန်အထိ အဖြေမထွက်ပေါ်နိုင်ဘဲ ဆွေးနွေးသည့်အဆင့်ဖြင့်သာ အဆုံးသတ်နေခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခများဖြစ်ပွားနေသည့် ကာလ အတွင်း အာရှဒေသ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များကို မသိမသာချဲ့ထွင်ရန် လုပ်ဆောင်နေပြီး ၎င်း၏ အာရှခြေလှမ်းများ အားကောင်းလာစေရန်အတွက် အိန္ဒိယ နိုင်ငံကို မိတ်ဝတ်မပျက်စည်းရုံးထားနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။
အလားတူပင် အမျိုးသားအကျိုးစီးပွားကိုသာ ရှေ့တန်းတင်လေ့ရှိသည့် အိန္ဒိယနိုင်ငံအနေဖြင့်လည်း ၎င်းတို့ ထိခိုက်စေမည့်နည်းလမ်းများကို ရှောင်ရှားကာ သံတမန်နည်းလမ်းတကျ စေ့စပ်ဖြေရှင်း၍ တရုတ်နိုင်ငံနှင့် မလျော့မတင်းသောဆက်ဆံရေးတစ်ရပ် ဖော်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် ဆောင်းပါးသည် နှစ်နိုင်ငံအကြား သပ်လျှိုလိုသည့် သဘောဖြင့် ရေးသားထားသော်လည်း အနောက်အုပ်စုနှင့် အရှေ့အုပ်စု ထိပ်တိုက်ရင်ဆိုင်နေရသည့် ထိလွယ်ရှလွယ်နိုင်ငံရေးအခြေအနေတွင် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံ ထိပ်တိုက်တွေ့ဆုံရေးကို ရှောင်ရှားပြီး တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွား ပိုမိုဖော်ဆောင်နိုင်မည့် အခွင့်အလမ်းများကိုသာ ဦးစားပေးဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
18051523

Thursday, May 11, 2023

(တရုတ်) ရှီကျင့်ဖျင်က (ရုရှား) ပူတင်ဆီက ဘာတွေလိုချင်နေတာလဲ? (အပိုင်း-၁)

 



နိဒါန်း
ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာ့နိုင်ငံရေးက အမေရိကန်၊ တရုတ်၊ ရုရှား တို့အကြား မဟာဗျုမြောက်သုံးပွင့်ဆိုင် (Strategic Triangle) အနေအထားတွင်ရှိနေသည်။ ၁၉၅၀ ပြည့်နှစ်ကျော်များက အမေရိကန်နိုင်ငံ၏ ကွန်မြူနစ်ဝါဒတားဆီးရေး ဆုံးဖြတ်ချက်ကြောင့် မော်စီတုန်းနှင့် စတာလင်တို့၏ ဆက်ဆံရေးပိုမိုကောင်းမွန်စေခဲ့သည်။ ထို့ကြောင့် အမေရိကန်အနေဖြင့် ဗီယက်နမ်၊ ကိုရီးယား၊ ထိုင်ဝမ်ကို ကာကွယ်ခြင်းအပြင် အခြားသော ကြားခံပဋိပက္ခများတွင် ပါဝင်ခဲ့ရသည်။
ဆယ်စုနှစ်တစ်ခုကြာအပြီး မော်နှင့် ခရူးရှဖ် တို့ခွာပြဲကြခြင်းက အမေရိကန်နှင့် တရုတ်တို့ ပြန်ပြောင်းထုတ်ရန် အခွင့်အလမ်းဖြစ်စေခဲ့ပါသည်။ ထိုကိစ္စကြောင့်ပင် အာဖကန်မှ ဆိုဗီယက်တပ်ဖွဲ့များကို တိုက်ရန် တရုတ်ဆီမှ ပေါ်တင်အကူအညီများရရှိခဲ့ပြီး စစ်အေးကာလပြီးဆုံးရန် အထောက်အပံ့ဖြစ်ခဲ့ပါသည်။ ထိုနောက်မှာပဲ တရုတ်သည်လည်း ဆယ်စုနှစ်များစွာကြိုးစားခဲ့ရသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံ (Global Power) အဖြစ်သို့ တက်လှမ်းနိုင်ရန် အထောက်အပံ့ဖြစ်စေခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်း
ယခုတော့ အခြားအရွှေ့အပြောင်းကာလ တစ်ခုသို့ရောက်နေခဲ့ပါပြီ။ ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်၏ သုံးရက်တာ ရုရှားခရီးစဉ်ပြီးဆုံးခဲ့သည်။ မနှစ်က ရုရှား၏ ယူကရိန်းကိုကျူးကျော်အပြီး ပထမဆုံး ခရီးစဉ်လည်းဖြစ်ပါသည်။ ICC က ပူတင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက်မှ ခရီးစဉ်ဖြစ်လာတာကြောင့် နှစ်နိုင်ငံကြားစည်းလုံးမှုကို ပြသတဲ့ ခရီးစဉ်လည်းဖြစ်ပါသည်။ ရှီကလည်း ပူတင်ကို ဒီနှစ်ကုန်ပိုင်းတွင်လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး ၂၀၂၄ ရွေးကောက်ပွဲတွင် အနိုင်ရရန် အားပေးနေကြောင်း ပြောကြားခဲ့သည်။
ပူတင်ကလည်း ရှီခရီစဉ်အတွင်း ခမ်းနားသော ကြိုဆိုဂုဏ်ပြုပွဲများ၊ စားပွဲများဖြင့် တည်ခင်းဧည့်ခံပြီး ရှီ၏ သံတမန်ရေးများနှင့် ထိုင်ဝမ်ကစ္စတွင် ထောက်ခံနေမည်ဖြစ်ကြောင်း ပြသခဲ့သည်။ ၁၅ ရာစုနှစ် ဇာဘုရင်များလက်ထက် ကတည်းတည်ဆောက်ထားသည့် ပွဲတော်တည်ခင်းဧည့်ခံရာနေရာတွင် ရှီကျင့်ဖျင်က “ရာစုနှစ်တစ်ခုကျော်ကျော် မမြင်ခဲ့ရတဲ့ အပြောင်းအလဲတွေကို ငါတို့အခု ဆောင်ရွက်နေကြပြီ၊ အတူတူရှေ့ကို တွန်းလိုက်ကြရအောင်” ဟု ပူတင်ကိုပြောခဲ့ပါသည်။
ခေါင်းဆောင်နှစ်ဦးက အချင်းချင်း ခင်မင်ရင်းနှီးစွာ “dear friend” ဟုခေါ်ကြသည်။ အမေရိကန်ဦးဆောင်သည့် ကမ္ဘာ့အခင်းအကျင်းကို ဆန့်ကျင်သည့်အယူအဆများ၊ ကုန်သွယ်ရေးကိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မည့် ကိစ္စများ၊ ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းများနှင့် အာကာသကိစ္စဆိုင်ရာများပါသည့် ကြေညာချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်ကိုယ်ကြားဆွေးနွေးသည့် ကိစ္စများကတော့ ဒီ့ထက်များစွာ ပိုနိုင်ပါသည်။ အမေရိကန်မှ တာဝန်ရှိသူတွေကတော့ ရှီအနေဖြင့် ယူကရိန်းတွင်အသုံးပြုရန်အတွက် ရုရှားမှအဆိုပြုနေသည့် အမြှောက်ကျည်များ၊ တိုက်ခိုက်ရေးဒရုန်းများပါဝင်သည့် လက်နက်တောင်းခံမှုများကို စဉ်းစားချင့်ချိန်နေသည်ဟု ယုံကြည်နေကြသည်။ အကယ်၍ တရုတ်အနေဖြင့် ထိုတောင်းဆိုချက်ကို လက်ခံလိုက်မည်ဆိုပါက တရုတ်အနေဖြင့် NATO နှင့် ထိပ်တိုက်တွေ့မည့် ကိုယ်စားစစ်ပွဲထဲ ဝင်ရောက်သကဲ့သို့ ဖြစ်သွားပါလိမ့်မည်။
တရုတ်နိုင်ငံဘက်ကတော့ ရှီအနေဖြင့် လက်နက်နှင့်ပတ်သက်သည့် ဆွေးနွေးချက်မရှိဘဲ ငြိမ်းချမ်းရေးဗိသုကာအနေဖြင့်သာ ရပ်တည်ခဲ့သည်ဟုဆိုသည်။ အပစ်ရပ်ရေးအတွက် တိုက်တွန်းခဲ့ပြီး ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် တရုတ်၏ ငြိမ်းချမ်းရေးမူ ၁၂ ချက်ကို အလေးပေးပြောဆိုခဲ့သည်ဟုဆိုသည်။ ပူတင်အနေဖြင့်လည်း တရုတ်၏ ငြိမ်းချမ်းရေးမူကို နွေးထွေးစွာ လက်ခံခဲ့ပြီး ယူကရိန်းနှင့် ဖြစ်နိုင်သမျှ ဆောလျှင်စွာ ငြိမ်းချမ်းရေးစကားပြောမည်ဟု ဂတိပြုခဲ့ကြောင်း ဆိုသည်။ ထုတ်ပြန်ချက်တွင်လည်း တရုတ်အနေဖြင့် UN ပဋိညာဉ်ကို ရပ်ခံထားပြီး နူလက်နက်များအသုံးမပြုရန် အချက်များကို ထပ်လောင်းထည့်သွင်းထားသည်။ သို့သော်လည်း ယခင်က နူကလီးယားလက်နက်အသုံးပြုမှုကို ဆန့်ကျင်သည့် ရှီ၏ထုတ်ပြန်ချက်များကိုတော့ ထပ်မံထည့်သွင်း ကိုးကားခဲ့ခြင်းမရှိပေ။
ရှီအနေဖြင့် သူ၏ မော်စကိုခရီးစဉ်အား အနောက်အုပ်စုမှ ဝေဖန်မှုကို ခုခံရန်အတွက် မော်စကိုခရီးစဉ်အပြီးတွင် ယူကရိန်းသမ္မတ ဇလန်စကီးနှင့်တွေ့ဆုံ စကားပြောမည်ဟု မျှော်လင့်ထားခဲ့သည်။ ဒီလုပ်ဆောင်ချက်က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထောက်ခံမှုကိုရစေနိုင်ပြီး အနောက်အုပ်စုနိုင်ငံများအား တရုတ်နှင့်တင်းမာမှုကို ဖြေလျော့နိုင်လိမ့်မည်ဟု တွေးထားသည်။ တရုတ်နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် ရှီ၏ ငြိမ်းချမ်းရေးဗိသုကာပြယုဂ်အနေဖြင့် မတ်လ ၁၀ ရက်နေ့တွင် ကြေညာခဲ့သော ဆော်ဒီအာရေဘီးယားနိုင်ငံနှင့် အီရီနိုင်ငံတို့အကြား သံတမန်ရေးပြန်လည်စတင်နိုင်ရန် တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်းပေးခဲ့သည့် သဘောတူညီချက်ကိုထောက်ပြခဲ့ကြသည်။
ရည်ရွယ်ချက်အစစ်အမှန်
သို့သော်လည်း ရှီ၏ တကယ့်ရည်ရွယ်ချက်အစစ်အမှန်များကိုတော့ ဖုံးကွယ်ထားပါသည်။ ဘက်မလိုက်ရေးမူကို ကိုင်စွဲထားသော်လည်း ရှီအနေဖြင့် ရုရှား၏ကျူးကျော်မှုနှင့် ရုရှားစစ်သည်များ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဝေဖန်ရန် ငြင်းဆန်ခဲ့ပါသည်။ တရုတ်တာဝန်ရှိသူများနှင့် မီဒီယာများက နေတိုးအဖွဲ့ချဲ့ထွင်လာခြင်းကြောင့် စစ်ဖြစ်ရသည်ဟူသော ရုရှား၏အာဘော်အတိုင်းလိုက်ကြသလို ပူးတွဲထုတ်ပြန်ချက်များတွင်လည်း ထိုအချက်ကို ထပ်ခါတလဲလဲ ဖော်ပြခဲ့သည်။ ထို့ပြင် နေတိုးအဖွဲ့၏ အာရှဒေသတွင်ပါဝင်လာမှုနှင့် ထိုင်ဝမ်ကိစ္စနှင့်ပတ်သက်ပြီး တရုတ်၏တိုက်ခိုက်ရန်ပြင်ဆင်နေမှုကို တန်ပြန်ရန် မိတ်ဘက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်နေမှုကို ကန့်ကွက်ခဲ့ကြသည်။
ရှီ၏ရုရှားခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်နှင့် ကြေညာချက်များတွင်တော့ လက်နက်ထောက်ပံ့မှုနှင့် ပတ်သက်သည့် ကိစ္စမပါဝင်ပါ။ တရုတ်နိုင်ငံအနေဖြင့် ရုရှားအား လက်နက်မထောက်ပံ့လျှင်တောင်မှ၊ စစ်ရေးမဟုတ်သည့် အကူအညီများပေး၍ ရုရှားအား စစ်ကြာကြာတိုက်နိုင်ရန် ကူညီပေးနေလိမ့်မည်။ တရုတ်အနေဖြင့် အနောက်အုပ်စု၏ ရုရှားအား ပိတ်ဆို့နေမှုကို အတိုက်အခံလုပ်မနေသော်လည်း ရုရှားဆီမှ ရေနံနှင့်သဘာဝဓာတ်ငွေဝယ်ယူခြင်း၊ အီလက်ထရောနစ်ပစ္စည်းအပါအဝင် အခြားကုန်ပစ္စည်းများရောင်းချပေးခြင်းဖြင့် ရုရှားနိုင်ငံအား ကူညီပေးနေပါသည်။
တရုတ်၏ ငြိမ်းချမ်းရေးလိုလားမှုက အမှန်တကယ်လား?
တရုတ်၏ငြိမ်းချမ်းရေးအစီအစဉ်က ယူကရိန်းနှင့် အနောက်အုပ်စုအတွက်မဟုတ်ပါ။ ရုရှား၏စစ်တပ်များရုပ်သိမ်းရန်မပါဝင်ဘဲ အနောက်အုပ်စု၏ ပိတ်ဆို့မှုများရပ်တန့်ရန် ရှေ့နေလိုက်ပေးနေသည်။ အခြားနိုင်ငံတစ်ခု၏လုံခြုံရေးကို ပျက်ပြားစေပြီး မိမိ၏လုံခြုံရေးကိုမတည်ဆောက်ရန်၊ စစ်အုပ်စုချဲ့ထွင်ရေးမလုပ်ရန်ဟူသော ရုရှား၏အာဘော်ကို ထောက်ကန်ပေးထားသည်။ အမေရိကန်ဦးဆောင်သည့် “rules-based international order” ကို အစားထိုးမည့် တရုတ်၏ “Global Security Inititative” တွင်လည်း ထိုသဘောတရားများ ပါဝင်ပါသည်။
ရှီ၏ မူဝါဒများက တရုတ်ထိပ်ပိုင်းခေါင်းဆောင်များအကြားတွင်လည်း မကျေလည်မှုများရှိပါသည်။ အထူးသဖြင့် ၂၀၁၃ ခုနှစ်က ဆိုခဲ့သော အခြားနိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကိုလေးစားရမည်ဟူသည့် နိုင်ငံခြားရေးမူဝါဒနှင့် ကွဲလွဲနေသည်ဟု ဆိုကြသည်။ ရုရှားက ထိုမူဝါဒကို နူကလီးယားတိုက်ခိုက်မှုများဖြင့်ပင် ခြိမ်းခြောက်လျက်ရှိပါသည်။ ထိုအချက်က EU အား အမေရိကန်နှင့်အဆက်ဖြတ်ရန် လိုလားနေသည့် တရုတ်၏ ကြိုးပမ်းနေမှုများကို ပိုမိုခက်ခဲစေပါသည်။ တရုတ်မဟာဗျူဟာသမားများက ရုရှား၏ ခန့်မှန်းမရသော နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍအားနည်းမှုကိုလည်း ကောင်းကောင်းကြီး သတိထားမိပါသည်။ ရုရှားနိုင်ငံကို လက်နက်ထောက်ပံ့ခြင်းက ၎င်း၏ အကြီးဆုံးကုန်သွယ်ဖက်များဖြစ်သည့် အမေရိကန်နှင့် အီးယူတို့၏ ပိတ်ဆို့မှုများ ပိုဆိုးလာနိုင်ပြီး တရုတ်၏ စီးပွားရေးပြန်လည်ကုစားနေမှုကို ထိခိုက်စေနိုင်သည်။ တကယ့်စစ်အေးပုံစံသစ်ဖြစ်လာပါက ဒီ့ထက်ပိုပြီး ခက်ခဲပါလိမ့်မည်။
သို့သော်လည်း ရှီ၏ယုံကြည်ချက်က အမေရိန်ကန်နှင့် ရေရှည်ထိပ်တိုက်တွေ့နေခြင်းက ထိုင်ဝမ်စစ်ပွဲဖြစ်လာနိုင်သည်ဟူသော ယူဆချက်ပေါ်တွင် အခြေခံထားပါသည်။ ထိုသို့ဖြစ်လာလျှင် ရုရှားသည် တရုတ်အတွက် ပစ်ပယ်၍မရနိုင်သော စွမ်းအင်အရင်းအမြစ်၊ စစ်ဘက်နည်းပညာနှင့် သံတမန်ရေးပံ့ပိုးမှုတစ်ခု အနေဖြင့်ရှိနေပါမည်။ ရုရှား၏ ယူကရိန်းပဋိပက္ခတွင် ရှုံးနိမ့်ခြင်းက အမေရိကန်နှင့် မိတ်ဖက်အုပ်စုကို ဩဇာမြှင့်တင်ပေးသလိုဖြစ်မည်။ ပူတင်အာဏာလျော့ကျလျှင်လည်း တရုတ်နှင့် မြောက်ဘက်နယ်စပ်ပြဿနာက ပိုဆိုးလာနိုင်ပါသည်။ အဆိုးဆုံးကတော့ ပူတင်နေရာတွင် အနောက်လိုလားသည့် ခေါင်းဆောင်တစ်ဦးတက်လာမည့်ကိစ္စဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် ရုရှားအနေဖြင့် တရုတ်အား ဝိုင်းပတ်ပိတ်ဆို့ရာတွင် ပါဝင်လာနိုင်ပါသည်။ ၁၉၇၀ ပြည့်နှစ်လွန်နှစ်များက တရုတ်၏မဟာဗျူဟာပြောင်းလဲခဲ့သလို ရုရှားလည်း ပြောင်းလဲ လာနိုင်ပါသည်။
ထိုသို့ဖြစ်လာလျှင် တရုတ်အတွက် အိမ်မက်ဆိုးတစ်ခုပင်ဖြစ်သည်ဟု Nanyan Technological University က တရုတ်ကျွမ်းကျင်သူ Li Mingjiang ကဆိုသည်။ ရှီ၏ အမြင်တွင် အမေရိကန်သည် တရုတ်၏ အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေပြီး တရုတ်နိုင်ငံဘက်မှ အခြားသော အင်အားကြီးနိုင်ငံ မရှိဟု မြင်သည်။ “ရုရှားက သူ့ရဲ့ထွက်ပေါက်ပဲလေ။ စစ်အေးကာလတုန်းကလည်း မော်က ဆိုဗီယက်ကို တရုတ်ရဲ့ ရန်သူနံပါတ် ၁ လို့မြင်ခဲ့ပြီး အမေရိကန်နဲ့ ပြန်ပြောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ” ဟု သူက ဆိုသည်။
ရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံ၏ ပုဂ္ဂိုလ်ရေးဆက်နွယ်မှုများ
ရှီ၏ မဟာဗျူဟာဆုံးဖြတ်ချက်များကို ရုရှားနှင့် ပုဂ္ဂိုလ်ရေးဆက်နွယ်မှုများကလည်း ပိုမိုခိုင်မာစေသည်။ ရှီ၏အဖေ Xi Zhongxun က ၁၉၅၀ ပြည့်နှစ်လွန်ကာလများက တရုတ်စက်ရုံများတည်ဆောက်ရန် ကူညီပေးသည့် ဆိုဗီယက် ကျွမ်းကျင်သူများကို ကြီးကြပ်ခဲ့ရသည်။ ၁၉၅၉ ခုနှစ်တွင် Xi Zhongxun က မော်စကိုသို့ အလည်သွားခဲ့ပြီး သူ၏ ၆ နှစ်သာရှိသေးသည့် သားဖြစ်သူ ရှီပျော်ရွှင်စေဖို့အတွက် ဆိုဗီယက်လုပ် ကစားစရာများဝယ်၍ ပြန်လာခဲ့သည်။
ရှီ၏ ရုရှားအပေါ်စိတ်ဝင်စားမှုက ၎င်းအသက် ၁၅ နှစ် ယဉ်ကျေးမှုတော်လှန်ရေးအတွင်း အစွန်အဖျားဒေသများတွင် တာဝန်ပေးအပ်ခံခဲ့ရသည့်အချိန်ကစ၍ နက်ရှိုင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်စစ်ပွဲများကို အခြေတည်ထားသည့် လီနင်၏ လက်ရာကောင်းတစ်ပုဒ်ဖြစ်သော “စစ်နှင့်ငြိမ်းချမ်းရေး” (War and Peace) စာအုပ်နှင့် ဂျာမန်တွေကိုတိုက်ခိုက်ပြီး ဗော်ရှီဗစ် ဆိုဗီယက်နိုင်ငံသားတစ်ဦးဖြစ်လာသည့် လူတစ်ဦးအကြောင်းကို ရေးသားထားသော “How the Steel was Tempered” ဟူသည့်စာအုပ်များက ထင်ရှားနေဆဲဖြစ်သည်။
ရုရှားအပေါ်အကောင်းမြင်စိတ်ရှိသူများက ရှီတစ်ဦးတည်းမဟုတ်ပါ။ ၁၉၈၉ ခုနှစ် တန်အန်မန်အရေးအခင်းတွင် ဒီမိုကရေစီအရေးဆန္ဒပြခဲ့သူများကို နှိမ်နင်းမှုအပြီး အမေရိကန်မှ လက်နက်ပိတ်ဆို့မှုများချမှတ်ခဲ့ပြီးနောက် ရုရှားနှင့် ပိုမိုရင်းနှီးခဲ့ကြသော စီနီယာစစ်ဘက်အရာရှိများလည်း ပါဝင်ပါသည်။ ထို့နောက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ တစ်ဆယ်မီလီယံတန်ဖိုးရှိသည့် ရုရှားလုပ်လက်နက်များကို တယ်ယူခဲ့ကြပါသည်။
ရှီအာဏာရလာသည့် ၂၀၁၂ ခုနှစ်မတိုင်မီ (၂၀၀၇ ဘဏ္ဍရေးပျက်ကပ်ပြီးနောက်) တွင်လည်း အနောက်နှင့်အဆင်မပြေဘဲ လက်ဝဲဆန်သည့် ပညာရှင်များနှင့် ကွန်မြူနစ်ပါတီအကြီးအကဲများ၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။ ရုရုားတွင် ပူတင်ဩဇာမြင့်တက်လာပြီးနောက်တွင်လည်း တရုတ်ခေါင်းဆောင်များက ရုရှားအား အလားအလာရှိသော မိတ်ဘက်အဖြစ်ရှုမြင်ခဲ့ပြီး စတာလင်လက်ထက်က ပြဿနာရပ်များကြောင့် ဆိုဗီယက်ပြိုကွဲခဲ့ရသည်ဟု ကောက်ချက်ဆွဲကြသည့် သမိုင်းဆရာများကို မေးခွန်းထုတ်ခဲ့ကြသည်။ သူတို့က ဂိုဘာချောဖ့်နှင့် သူ၏ ဖြေလျော့ရေးအစီအစဉ်များကို အပြစ်တင်ခဲ့ကြသည်။
ရှီကျင့်ဖျင် သမ္မတဖြစ်လာသည့်အချိန်တွင် သူနှင့် သူ၏အတိုင်ပင်ခံများက ရုရှားနိုင်ငံအား ပိုမို ရင်းနှီးသောမိတ်ဖက်အဖြစ် ရှုမြင်ပြီးဖြစ်နေပါသည်။ ရှီက ၎င်း၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ရုရှားနိုင်ငံကိုရွေးချယ်ခဲ့ပြီး နှစ်နိုင်ငံပေါင်း၍ အနောက်ကို ဆန့်ကျင်ရမည်ဟူ၍ စောင်းပါးရိပ်ခြည်ပြောထားခဲ့ဖူးသည်။ “ငါတို့နှစ်နိုင်ငံက စရိုက်လက္ခဏာချင်း တူညီကြတယ်” ဟု ရှီကဆိုသည်။ ထိုအချိန်ကစပြီး ရှီအနေဖြင့် ပူတင်နှင့် အကြိမ် ၄၀ တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီမကောင်းကြောင်းနှင့် အမေရိကန်၏ ဝိုင်းပတ်ပိတ်ဆို့မှုကို စိုးရိမ်ကြောင်းများပါဝင်သည့် ဆွေးနွေးမှုများ ပြုခဲ့ကြဟန်တူသည်။ (ဆက်ရန်)

Myanmar Aspect
17051223

Wednesday, May 10, 2023

တရုတ်နိုင်ငံ၏ စစ်ရေးပြင်ဆင်နေမှုများကို ဖော်ထုတ်ခြင်း

 



နိဒါန်း
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုများ အတွက် ကြိုးပမ်းလျက်ရှိပြီး ဖြစ်လာနိုင်သည့် စစ်ပွဲများအတွက် အသင့်ပြင်ဆင်ထား ရှိသည်ဟူသော ပြောကြားမှုများ၊ ကာကွယ်ရေးအသုံးစရိတ်ကို ပြီးခဲ့သည့် ဆယ်စုနှစ်ထက် ၂ ဆပိုမိုအသုံးပြုခဲ့မှုများ၊ ပြည်ပမှကုန်စည်တင်သွင်းမှုများအပေါ် မမှီခိုနိုင်ရေး ကြိုးပမ်း လုပ်ဆောင်နေမှုများ၊ စစ်ဘက်ဆိုင်ရာဥပဒေများ ပြန်လည်ပြင်ဆင်ထားရှိမှုများ၊ ထိုင်ဝမ်ရေလက်ကြားအနီးရှိမြို့များတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ပုန်းခိုရန် နေရာများ တည်ဆောက်နေမှုနှင့် စစ်သားစုဆောင်းရေး(National Defense Mobilization) ရုံးများ အသစ်တည်ဆောက်နေမှုများနှင့် ပတ်သက်၍ ရေးသားဖော်ပြထားပါသည်။
ဖော်ပြချက်
၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့ညီလာခံ (National People’s Congress-NPC)နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (Chinese People’s Political Consultative Conference-CPPCC)တို့သည် ပုံမှန် အစည်းအဝေးများနှင့်မတူညီပါ။ အဆိုပါအစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတသည် ၎င်း၏ ဦးဆောင်မှုဖြင့် ခိုင်မာအားကောင်းသည့် တပ်မတော်တစ်ရပ်တည်ထောင် သွားမည်ဟု ပြောကြားခဲ့ပြီး Jun Zheng အမည်ရှိ တရုတ်သတင်းဆောင်းပါး တစ်ခုတွင် တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အဆင့်မြှင့်တင်၍ စစ်ရေး ကဏ္ဍအား အရှိန်မြှင့်တင်လုပ်ဆောင်ရန်လိုအပ်ကြောင်းနှင့် စစ်ဘက်-အရပ်ဘက် ပူးပေါင်းမှု များကို ပိုမိုလုပ်ဆောင်နိုင်ရန် တောင်းဆိုထားပါသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသည် ၎င်း၏ တပ်ဖွဲ့များတွင် အရန်အင်အားကို အသုံးပြုသွားမည့် ဥပဒေတစ်ရပ်အား ချမှတ်ခဲ့ပြီး စစ်ပွဲကာလအတွင်း တိုက်ခိုက်ရေးတပ်ဖွဲ့များ ပြန်လည်ဖြည့်တင်းနိုင်ရန် စီစဉ်လျက်ရှိပါသည်။ တရုတ် နိုင်ငံအနေဖြင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ မအောင်မြင်သည့် စစ်စည်းရုံးမှုကို သင်ခန်းယူ၍ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပ ပြုလုပ်ခဲ့သည့် NPC တွင် စစ်ပွဲကာလအတွင်း ရာဇဝတ်မှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုနှင့် ပတ်သက်၍ ပြန်လည်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး တရားဝင်ဥပဒေပြဋ္ဌာန်းမှုနှင့်ပတ်သက်၍ ဗဟိုစစ်ဘက်ကော်မရှင်ကို လုပ်ပိုင်ခွင့်အပြည့်အဝပေးအပ်ခဲ့ပါသည်။ အဆိုပါလုပ်ဆောင်မှု များသည် ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ဆောင်မည့်အစီအစဉ်ကို ဆန့်ကျင်သူများ အပေါ် ပစ်မှတ်ဖြစ်လာနိုင်ပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ မြေပိုင်နက်ကို တရားဝင်ထိန်းချုပ်နိုင်ရန်အတွက် တရုတ်ပြည်သူများအပေါ် အကျပ်ကိုင်မှုများ လုပ်ဆောင် လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
တရုတ်အစိုးရသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်ပြည်နယ်အသီးသီး၌ အမျိုးသားကာကွယ်ရေး စစ်စည်းရုံးရေးရုံး၊ သို့မဟုတ် တပ်သားသစ် စုဆောင်းရေး စင်တာများ ဖွင့်လှစ်ခဲ့ပါသည်။ ထို့ပြင် ထိုင်ဝမ်ရေလက်ကြားအနီးရှိ ဖူကျင်မြို့တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ တပ်ဆင်ထားပြီး စစ်ပွဲကာလအတွင်း အရေးပေါ် ဆေးရုံများကိုပါ တည်ဆောက်ထားသည်ကို တွေ့ရှိရပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဖူကျင်မြို့နှင့် အခြားမြို့များတွင် အစိုးရအင်တာနက်ကွန်ရက်များအား နိုင်ငံရပ်ခြားမှ ဝင်ရောက် ကြည့်ရှုခြင်းမပြုနိုင်ရန် ပိတ်ဆို့ပစ်ခဲ့ပါသည်။ CPPCC အတွင်း ဆွေးနွေးချက်များအရ တရုတ်အစိုးရသည် ထိုင်ဝမ်၏ နိုင်ငံရေးခေါင်းဆောင်များနှင့် ခွဲထွက်ရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများကို နာမည်ပျက်စာရင်းသွင်းရန် စီစဉ်လျက်ရှိပါသည်။
ဝန်ကြီးချုပ်လီခချန်သည် NPC နှင့် CPPCC အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်အတွက် စစ်ရေး အသုံးစရိတ်ကို ယွမ် ၁.၅၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၂၄.၈ ဘီလီယံ)အထိ တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၏ အသုံးစရိတ်ထက် ၇.၂ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါသည်။ သို့သော် အနောက်နိုင်ငံများမှ ကျွမ်းကျင်သူများကမူ တရုတ်နိုင်ငံ အနေဖြင့် အမှန်တကယ်သုံးစွဲသည့် အသုံးစရိတ်မှာ ထိုထက်ပို၍ များပြားနိုင်သည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် NPC နှင့် CPPCC အစည်းအဝေးအတွင်း မိန့်ခွန်း ၄ ခုပြောကြားခဲ့ပြီး ပထမဆုံးအနေဖြင့် တရုတ်နိုင်ငံ၏ အရေးကြီးသည့် ပထဝီနိုင်ငံရေးအခြေအနေများကို ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ စစ်တပ်နှင့် မဟာဗျူဟာရည်မှန်းချက်များအတွက် နိုင်ငံခြားတိုင်းပြည်များကို မမှီခိုရသည့် ကိုယ်ပိုင် စီးပွားရေးကဏ္ဍ ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် အနေဖြင့် အောင်မြင်မှုရရှိရန်အတွက် ပြည်သူနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ထို့ပြင် ရှီကျင့်ဖျင်သည် အဆိုပါမိန့်ခွန်းတွင် အမေရိကန်နိုင်ငံကို တိုက်ရိုက်ရည်ညွှန်းပြောကြားထားကာ အမေရိကန်နိုင်ငံ ဦးဆောင်သည့် အနောက်အုပ်စုနိုင်ငံများသည် တရုတ်နိုင်ငံကို ထိန်းချုပ်ရန်ကြိုးပမ်းလျက် ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်လျက်ရှိသည်ဟု ပြောကြားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသည် လက်ရှိတွင် အမေရိကန်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ လုပ်ဆောင် လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
ဒုတိယမိန့်ခွန်းအနေဖြင့် ရှီကျင့်ဖျင် သည် တရုတ်နိုင်ငံအတွင်း ကိုယ်ပိုင် ပြီးပြည်စုံမှုကိုရရှိရန် လုပ်ဆောင်သင့်ပြီး နည်းပညာကဏ္ဍတွင် ပြည်ပနိုင်ငံခြား စီးပွားရေး လုပ်ငန်းများကို မမှီခိုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်သင့်သည်ဟု ဆိုပါသည်။ ထို့ပြင်အခြေခံ စားသောက်ကုန်များ အခြားနိုင်ငံမှတင်သွင်းနေရမှုကို ရပ်တန့်သွားမည်ဟု ဆိုပါသည်။ တတိယမိန့်ခွန်းတွင် PLA တပ်ဖွဲ့နှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေး နှင့်ပတ်သက်၍ တီထွင်ဆန်းသစ်မှုများကို အားပေးလုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံ၏ စစ်ပွဲကာလအတွင်း အရန်တပ်ဖွဲ့အင်အားများ အသုံးပြုသွားရန် စီစဉ်လျက်ရှိကြောင်းနှင့် အမျိုးသားကာကွယ်ရေးဆိုင်ရာ သင်ကြားလေ့ကျင့်မှုစည်းရုံးခြင်းများလည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ နောက်ဆုံးမိန့်ခွန်းတွင် တရုတ်ပြည်မကြီး ပြန်လည်ပေါင်းစည်းရေး၏အနှစ်သာရကို ပြောကြားထားကြောင်း ရေးသားထားပါသည်။
သမ္မတ ရှီကျင့်ဖျင် သည် လက်ရှိတွင် အမေရိကန်နိုင်ငံ ဦးဆောင်သည့်ဒီမိုကရက်တစ်ကမ္ဘာကြီးအပေါ် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ မှီခိုမှုများမှ လုံးဝ ကင်းလွတ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ၎င်းသည် နိုင်ငံရေးဆိုင်ရာသဘောတရား များနှင့် ပထဝီမဟာဗျူဟာမြောက် ကြိုးပမ်းမှုများကို ကြိုတင်မျှော်မှန်း၍ လုပ်ဆောင်လျက်ရှိပြီး အနာဂတ် စစ်ပွဲအတွက် အသင့်ပြင်ဆင်ဆောင်ရွက်ခြင်းသည် ထိုင်ဝမ်ကို ခြိမ်းခြောက်နိုင်ရန်နှင့် ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ လုပ်ဆောင်ချက်များကို အထူးသတိထားစောင့်ကြည့်သင့်ကြောင်း ဖော်ပြထားပါသည်။
သုံးသပ်ချက်
သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ၎င်း၏ ရည်မှန်းချက်ဖြစ်သော တရုတ်နိုင်ငံနှင့်ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေးကို အောင်မြင်အောင် ဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ချထားပြီး သိသာထင်ရှားသည့် နိုင်ငံရေး၊ သဘောတရားရေး၊ စစ်ရေး၊ ဥပဒေရေးရာ ပြင်ဆင်မှုများကို ဆောင်ရွက်နေသည်ဟု ကောက်ချက်ချနိုင် ပါသည်။ နိုင်ငံရေးနှင့် စစ်ရေးအရအဓိက ပြင်ဆင်မှုနှစ်ရပ်မှာ နိုင်ငံအနှံ့အပြားတွင် စစ်သားစုဆောင်းရေးနှင့် စစ်စည်းရုံးရေးရုံးခန်းများ တည်ဆောက်ခြင်း၊ စစ်ရေးအသင့် ဖြစ်မှုဆိုင်ရာဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းခြင်းနှင့် ထိုင်ဝမ်ရေလက်ကြားနှင့် နီးကပ်သည့် မြို့များတွင် လေကြောင်းရန်ကာကွယ်ရေးအဆောက်အအုံများ၊ စစ်ဖြစ်လာလျှင် ခိုလှုံ နိုင်သည့်နေရာများ ကြိုတင်တည်ဆောက်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကျွန်းပြန်လည်ပေါင်းစည်းရေးအား နိုင်ငံရေးနှင့် သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်၍မရပါက စစ်ရေးကိုပါအသုံးပြုမည်ဖြစ်ကြောင်း အတိအလင်း သတင်းစကား ပါးနေခြင်းလည်း ဖြစ်ပါသည်။
သမ္မတ ရှီကျင့်ဖျင်၏ သဘောတရားရေးရာ ဦးဆောင်မှုတွင် “အရပ်ဘက်-စစ်ဘက်ပေါင်းစပ်ခြင်း(Civil-Military Fusion)”ဟူသည့် အယူအဆကို အခြေခံထားပြီး အရပ်ဘက်နှင့်စစ်ဘက် စည်းလုံးညီညွတ်ရန်၊ တရုတ်တပ်မတော်အင်အားတောင့်တင်းရန်၊ နည်းပညာမြင့်စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်နှင့် ထိုင်ဝမ်ကျွန်း ပြန်လည် ပေါင်းစည်းရေးအောင်မြင်ရန်အတွက် အရပ်ဘက်-စစ်ဘက် လက်တွဲညီညီပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ ထိုင်ဝမ်ကျွန်းအား ပြည်လည်ပေါင်းစည်းနိုင်ရေး အိမ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေပြီး နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်ရန်မဖြစ်နိုင်ပါက လာမည့်ဆယ်စုနှစ်အတွင်း ရှောင်လွှဲ၍မရသည့် ဒေသတွင်း စစ်ရေးတင်းမာမှုများကို ရင်ဆိုင်ရမည်ကို ကြိုတင်မျှော်တွေးထားရန် လိုအပ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

Myanmar Aspect
16051123