Monday, July 3, 2023

ယူကရိန်းနိုင်ငံအား NATO အဖွဲ့ဝင်အဖြစ် လက်ခံရန် အမေရိကန်က မီးစိမ်းမပြသေးခြင်းနှင့် ယူကရိန်းပဋိပက္ခ ရှေ့အလားအလာနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အမေရိကန်နိုင်ငံသည် ယူကရိန်းအရေးတွင် ပါဝင်ကူညီထောက်ပံ့လျက် ရှိသော်လည်း ရုရှားနိုင်ငံ၏ နျူးကလီးယားခြိမ်းခြောက်မှုများကို စိုးရိမ်လျက်ရှိပါသည်။ ထို့ကြောင့် NATO အဖွဲ့ဝင်အဖြစ် ယူကရိန်းနိုင်ငံအား လက်ခံရန်ကိုလည်း ပြန်လည်သုံးသပ်လျက်ရှိပြီး ရုရှား-ယူကရိန်းပဋိပက္ခကို သံတမန်နည်းလမ်းဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်သွားရန် ကြိုးပမ်းလျက်ရှိသည့် ကိစ္စများနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
အမေရိကန်နိုင်ငံသည် အတ္တလန္တိတ်မိတ်ဖက်နိုင်ငံများနှင့် ပထဝီနယ်မြေအားဖြင့် သီးခြားတည်ရှိလျက်ရှိသည်ဟု ယူဆလျက်ရှိသော်လည်း ယူကရိန်းစစ်ပွဲတွင် စစ်ဘက် ဆိုင်ရာ ထောက်ပံ့မှုများ၌ အဓိကထောက်ပံ့ပေးလျက်ရှိပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံသည် လက်ရှိတွင် NATO အဖွဲ့၌ ယူကရိန်းနိုင်ငံအား အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း ရှိ/မရှိနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားသုံးသပ်လျက်ရှိပြီး အဖွဲ့အတွင်းတွင်လည်း ယူကရိန်းနိုင်ငံနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိနေပါသည်။ အချို့နိုင်ငံများသည် ယူကရိန်းနိုင်ငံကို NATO အဖွဲ့ဝင်အဖြစ်လက်ခံရန် ချက်ခြင်းမဆုံးဖြတ်သေးသော်လည်း အနီးကပ်ပူးပေါင်းလုပ်ဆောင်ရန် လိုလားလျက်ရှိပြီး၊ အချို့နိုင်ငံများက ယူကရိန်းနိုင်ငံ NATO အဖွဲ့ဝင်ဖြစ်ရေးထက် လုံခြုံရေးဆိုင်ရာ ကတိကဝတ်များဖြင့် ထောက်ပံ့မှုများပေးအပ်ရန်သာ လိုလားလျက်ရှိကြပါသည်။ သို့သော်လည်း အဆိုပါကတိကဝတ်သည် NATO ၏ Article 5 အရ မိတ်ဖက်နိုင်ငံကိုထိလျှင် NATO တစ်ခုလုံးအား ထိခိုက်ခြင်း (An attack on one ally is an attack on all) ဖြစ်သည်ဟူသည့် သဘောထားကဲ့သို့ ခိုင်မာခြင်းမရှိဟု ဆိုပါသည်။ သို့သော်လည်း အဆိုပါကတိကဝတ်များက ယူကရိန်းနိုင်ငံဖြင့် ရေတိုနှင့် ရေရှည်တွင် မိမိကိုယ်ကို ကာကွယ်နိုင်ရန်နှင့် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
အနောက်နိုင်ငံများသည် ယူကရိန်းအရေးကိစ္စနှင့်ပတ်သက်ပြီး ၁၉၉၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်က မအောင်မြင်ခဲ့သည့် ဖြစ်စဉ်ကဲ့သို့ ထပ်မံမဖြစ်ပွားအောင် ကြိုးပမ်းလျက်ရှိပါသည်။ ၁၉၉၄ ခုနှစ်တွင် ယူကရိန်းနိုင်ငံမှ ဆိုဗီယက် နူကလီးယားလက်နက်များဖယ်ရှားခဲ့ခြင်းကြောင့် အမေရိကန်၊ ဗြိတိန်နှင့် ရုရှားတို့မှ ၎င်း၏ လုံခြုံရေးအတွက် ကတိကဝတ်ပြုခဲ့ကြသော်လည်း ဟန်ပြသာဖြစ်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် NATO ကို တိုးချဲ့ရန်ကြိုးပမ်းချိန်တွင် ယူကရိန်းနိုင်ငံကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် စီစဉ်ခဲ့သော်လည်း ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့သည် ရုရှားနိုင်ငံ၏ ရန်လိုမှုကို မလိုလားသဖြင့် ကန့်ကွက်ခဲ့ကြပါသည်။ NATO အဖွဲ့ဝင်နိုင်ငံများကလည်း ယူကရိန်းနှင့် ဂျော်ဂျီယာနိုင်ငံတို့အား အဖွဲ့ဝင်အဖြစ် သတ်မှတ်ရန်ပြောကြားထားသော်လည်း တရားဝင်ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပါ။ ယခုလက်ရှိအချိန်တွင်မူ ယခင်ကနှင့် ပြောင်းပြန်အခြေအနေတွင်ရှိနေပြီး ပြင်သစ်နိုင်ငံက အဖွဲ့ဝင်အဖြစ် လက်ခံရန် အတိအလင်း လိုလားနေသော်လည်း အမေရိကန်အနေဖြင့် တိကျသည့် ကတိကဝတ်ပြုရန် ငြင်းဆန်နေသည့် အခြေအနေဖြစ်နေပါသည်။
ယခင် ၂၀၀၈ ခုနှစ်တွင် NATO အဖွဲ့ဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ဟောင်း Ivo Daalder သည် NATO နှင့် ရုရှားနိုင်ငံတို့အကြား စစ်ပွဲဖြစ်ပွားနိုင်မည်မဟုတ်ဟု ယူဆခဲ့သော်လည်း လက်ရှိတွင် အကယ်၍ ယူကရိန်းနိုင်ငံအား အဖွဲ့ဝင်အဖြစ် လက်ခံလိုက်မည်ဆိုပါက Article 5 အရ ရုရှားနိုင်ငံနှင့် ထိပ်တိုက် တွေ့ရမည်ဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် ယူကရိန်း NATO အဖွဲ့ဝင်အဖြစ်လက်ခံရန် တွန့်ဆုတ်လျက်ရှိပြီး နျူကလီးယား ခြိမ်းခြောက်မှုမြင့်တက်လာမည်ဖြစ်ခြင်းနှင့် တတိယကမ္ဘာစစ်ဖြစ်ပေါ်လာနိုင်မှုကို စိုးရိမ်လျက်ရှိနေခြင်းဖြစ်ပါသည်။ ထိုစိုးရိမ်ချက်များသည် အကြောင်းမဲ့စိုးရိမ်ချက်မဟုတ်ဘဲ ရုရှားနိုင်ငံအနေဖြင့်လည်း ၎င်း၏ နည်းဗျူဟာမြောက် နူကလီးယားလက်နက်များကို ဘယ်လာရုစ်တွင် ဖြန့်ကျက်ထားရန် အထိ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဖော်ပြထားပါသည်။
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည် Bucharest Debacle ကိစ္စနှင့်ပတ်သက်၍ ရိုမေးနီးယားနိုင်ငံကို မကျေလည်မှုများရှိနေပြီး ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ၂၀၀၈ ခုနှစ်တွင် ဂျော်ဂျီယာနိုင်ငံအားလည်းကောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံအား လည်းကောင်း ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။ ပြင်သစ်နိုင်ငံက အနောက်အုပ်စုနိုင်ငံများအနေဖြင့် မိမိတို့၏လုံခြုံရေးကတိကဝတ်များ အောင်မြင်စွာ ဆောင်ရွက်ရန် လိုအပ်သည်ဟု ယူဆလျက်ရှိပြီး အမေရိကန်နိုင်ငံကမူ စောင့်ထိန်းနိုင်ခြင်းမရှိသည့် ကတိကဝတ်များ ထပ်ပေးရန်မသင့်ဟု ယူဆလျက်ရှိပါသည်။ ထို့ပြင် အမေရိကန် နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် လာမည့်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ စတင်နေပြီး၊ အမေရိကန်အတွက် စိုးရိမ်ဖွယ်ရာမှာ တရုတ်နိုင်ငံဖြစ်ခြင်းကြောင့် ဥရောပဒေသဆိုင်ရာ တိကျပြတ်သားသည့် ကတိကဝတ်များပေးရန် တွန့်ဆုတ်လျက်ရှိပါသည်။ သို့သော်လည်း ရုရှားနိုင်ငံက တစ်ဖက်သက်အသာစီးရသွားမည်ကို မလိုလားသည့်အတွက် ယူရိန်းနိုင်ငံကို လုံးဝယတိပြတ်ငြင်းဆန်လိုက်ရန်လည်း မဖြစ်နိုင်သည့် အခြေအနေတွင်ရှိနေပါသည်။
NATO အဖွဲ့၏ ယခင် အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Anders Fogh Rasmussen ကဲ့သို့သော ပုဂ္ဂိုလ်များက ယူကရိန်းအား နေတိုးအဖွဲ့ဝင်အဖွဲ့ဝင်အဖြစ် အမြန်လက်ခံရန်လိုလားနေပြီး ထိုသို့လက်ခံခြင်းက ရုရှား-ယူကရိန်းစစ်ပွဲကို အချိန်တိုအတွင်းအဆုံးသတ်နိုင်ပြီး နောက်ထပ်ကျူးကျော်မှုများမဖြစ်အောင် တားဆီးနိုင်လိမ့်မည်ဟု ယူဆနေခြင်းများလည်းရှိပါသည်။အမေရိကန်နိုင်ငံကမူ စစ်ပွဲဖြစ်ပွားချိန်တွင် မည်သည့်အဖွဲ့ဝင်နိုင်ငံကမှ ယူကရိန်းနိုင်ငံအား အဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် တွန်းအားပေးမည်မဟုတ်ဘဲ ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံကို ၎င်းကိုယ်တိုင် ပြန်လည်ခုခံနိုင်ရန် လိုအပ်သည့် ထောက်ပံ့မှုများပေးအပ်ခြင်းသည် ပိုမိုကောင်းမွန်သည့် ကိစ္စတစ်ခုအဖြစ် ယူဆလျက်ရှိပါသည်။ ရုရှားနိုင်ငံအနေဖြင့် ကာလရှည်စစ်ပွဲဆင်နွှဲရန်ရည်ရွယ်နေပြီး လာမည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်အနိုင်ရ၍ ယူကရိန်းကိုထောက်ပံ့နေမှုအား ရပ်ဆိုင်းလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။ သို့သော်လည်း အနောက်နိုင်ငံများသည် လာမည့်နှစ် များတွင် ယူကရိန်းနိုင်ငံအပေါ် လက်နက်၊ ထောက်လှမ်းရေးပညာ၊ လေ့ကျင့်ရေးနှင့် ဘဏ္ဍာရေးအစရှိသည့် ထောက်ပံ့မှုများပေးရန်ရှိနေပြီး NATO အဖွဲ့ကို ဗဟိုပြုခြင်းထက် G7 နှင့် QUAD အဖွဲ့ကို ဗဟိုပြု၍ ဆောင်ရွက်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
ယူကရိန်းနိုင်ငံအနေဖြင့်မူ လာမည်ဆယ်စုနှစ်များအတွင် နိုင်ငံကိုကာကွယ်နိုင်ရန်အတွက် အနောက်အုပ်စု၏ ကတိကဝတ်နှင့် ထုတ်ပြန်ချက်များ (assurrances) ဆိုသည်ထက် အာမခံချက် (Guarantee)ကိုသာ လိုအပ်လျက်ရှိသည်ဟု ဆိုပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအပေါ် လိုအပ်သည့်အချိန်ထိ ကူညီထောက်ပံ့မည်ဟု ပြောကြားထားသော်လည်း ရုရှား-ယူကရိန်း ပဋိပက္ခများမည်သည့် အချိန်တွင် အဆုံးသတ်မည်ကို မပြောနိုင်သေးပါ။ ယခုအခါ ရုရှား-ယူကရိန်းစစ်ပွဲကို တိုက်ခိုက်ရင်းဆွေးနွေး “Fighting and talking” ဟူသည့် မူဘက်ကိုရွေ့လာပြီး သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် မျှော်လင့်နေကြပြီး ဘရာဇီးလ်၊ တရုတ်နှင့် အာဖရိကနိုင်ငံများမှ သံအမတ်များသည် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား ဖျန်ဖြေမှုများ လုပ်ဆောင်ခဲ့ကြပါသည်။ သို့သော်လည်း ယူကရိန်းဘက်မှ ဆွေးနွေးမှုစတင်ရန် ရုရှားတပ်များ ခရိုင်းမီးယားအပါအဝင် ယူကရိန်းနိုင်ငံမှ ထွက်ခွာရမည်ဟု ဆိုနေပြီး၊ ရုရှားကလလည်း ယူကရိန်းအနေဖြင့် ၎င်း၏နယ်မြေ ၅ ပုံ ၁ ပုံခန့်ကို ရုရှားသိမ်းယူထားသည့် လက်တွေ့အခြေအနေအသစ်များ “New Realities” ကို လက်ခံရမည်ဟု ဆိုနေကြောင်း ဖော်ပြထားပါသည်။
အစောပိုင်းကာလများက အမေရိကန်အနေဖြင့် ယူကရိန်းအရေးကိစ္စတွင် ဖြန်ဖျေရေးကြားဝင်သူများကို လက်မခံခဲ့သော်လည်း ယခုအခါ ထိုသို့ ကြားဝင်ဆောင်ရွက်မှုများက ယူကရိန်းကို အားဖြစ်စေပြီး ရုရှားအား အထီးကျန်စေသည်ဟု ယူဆလာပါသည်။ မကြာမီတွင်လည်း “Summit for Peace” ဟူသည့် ညီလာခံကို ပဲရစ်တွင်ကျင်းပရန်အစီအစဉ်ရှိပြီး ရုရှားနိုင်ငံအား ဖယ်ထုတ်ထားရန်ပြင်ဆင်နေပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်အနေဖြင့်လည်း ၎င်း၏တရုတ်ခရီးတွင် ယူကရိန်းအရေးကိစ္စအား တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး စစ်ပွဲအဆုံးသတ်ရေးအတွက် တရုတ်နိုင်ငံ၏ ပါဝင်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုခဲ့သည်ဟု ဆိုပါသည်။
ယူကရိန်းအနေဖြင့် ရုရှားနိုင်ငံအား အနိုင်တိုက်ရေးကိုသာ အခိုင်အမာပြောကြားနေသော်လည်း လက်တွေ့တွင် အနိုင်တိုက်ရန်မှာ ဖြစ်နိုင်ချေမရှိဟု ယူဆနေကြပါသည်။ အမေရိကန်နိုင်ငံအနေဖြင့်လည်း ပူတင်၏ နူကလီးယားလက်နက်သုံးလာနိုင်မှုကို လစ်လျှူရှု၍ ထိုသို့အနိုင်တိုက်ရန်ရည်ရွယ်ချက်ကို ထောက်ခံမည်လားဟူသည်မှာ သေချာရေရာမှုမရှိသေးဟု ဆိုသည်။ ထို့ကြောင့် အမေရိကန်၏ ယူကရိန်းအား ထောက်ပံ့မည်ဟူသည့်ဂတိသည် နူကလီးယားစစ်ပွဲဖြစ်နိုင်ချေ မမြင့်တက်လာသေးချိန်နှင့် သံတမန်နည်းလမ်းရ အဖြေရှာရေးနည်းလမ်း ရှာမတွေ့ချိန်အထိသာ ထောက်ပံ့မည်ဟု ဆိုလိုခြင်း ဖြစ်ပါလိမ့်မည်။
အကယ်၍ အပစ်အခတ်ရပ်စပ်ရေးဖြစ်လာမည်ဆိုပါက ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်လာရေးကို ပြန်လည်စဉ်းစားနိုင်သော်လည်း Article 5 အရ NATO အဖွဲ့မှ ကာကွယ်ပေးရန်အကြုံးဝင်မည့် နယ်နမိတ်မှာ ယူကရိန်းအစိုးရထိန်းချုပ်ထားနိုင်သည့် နယ်မြေများသာဖြစ်ပြီး ရုရှားကျူးကျော်ထားသည့် နယ်မြေများကို လက်လွတ်ဆုံးရှုံးရပါလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ယူကရိန်းနိုင်ငံသည် အမေရိကန်၊ အနောက်အုပ်စုနှင့် NATO အဖွဲ့ဝင်နိုင်ငံများ၏ ကျောထောက်နောက်ခံပြုမှုဖြင့် လက်ရှိတွင် ရုရှားနိုင်ငံနှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်နေသော်လည်း လက်တွေ့တွင် ရုရှားအား အနိုင်တိုက်ရန်မှာ မဖြစ်နိုင်ဘဲ၊ အမေရိကန်အနေဖြင့်လည်း နူကလီးစစ်အဖြစ်ခံ၍ ယူကရိန်းအား ထောက်ပံ့ပေးလိမ့်မည်မဟုတ်ကြောင်းနှင့် သံတမန်နည်းလမ်းဖြင့် အဖြေရှာနိုင်ရေးဘက်သို့ ယိမ်းလာပြီဖြစ်ကြောင်း သုံးသပ်ရေးသားထားခြင်း ဖြစ်ပါသည်။
ရုရှားနိုင်ငံအနေဖြင့်လည်း လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးယူလိုက်မည်ဆိုပါက လက်ရှိ သိမ်းပိုက်ထားနိုင်သည့် နယ်မြေများကို ၎င်းပိုက်နက်အတွင်း သွပ်သွင်းနိုင်မည့်အပြင် အမေရိကန်နိုင်ငံနှင့် NATO အုပ်စုဝင်နိုင်ငံများကိုလည်း အသာစီးရကြောင်း ပြသနိုင်မည် ဖြစ်သောကြောင့် သံတမန်ရေးနည်းလမ်းဖြင့် အဆုံးသတ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း တွက်ဆပြီးဖြစ်နိုင်ပါသည်။ ထို့ကြောင့် ယခုအခါ အမေရိကန်အနေဖြင့်ပါ တရားဝင်လက်ခံလာရသည့် တရုတ်နိုင်ငံ၏ ကြားဝင်ဖြန်ဖျေမှုသည် အလုပ်ဖြစ်လာနိုင်ပြီး ပြင်ပအင်အားစုကို အားကိုး၍ မိမိနိုင်ငံအားစစ်တလင်း ဖြစ်စေသည့် ဇလန်စကီးကဲ့သို့သော ခေါင်းဆောင်များအတွက် ယူကရိန်းမှပေးသော သင်္ခန်းစာဖြစ်လာလိမ့်မည်ဟု ယူဆမိပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

55070423

Sunday, July 2, 2023

Wagner Group အပါအဝင် ရုရှားနိုင်ငံရေးအတိုက်အခံအဖွဲ့များ၏ သဘောထားနဲ့ ပါတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 





နိဒါန်း
မကြာသေးမီက ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအတွင်း ရုရှားနိုင်ငံဘက်မှ ကူညီတိုက်ခိုက်ပေးနေသည့် ရုရှားကြေးစားတပ်ဖွဲ့(Wagner Group)နှင့် ရုရှားတပ်မတော် အကြား ဖြစ်ပွားခဲ့သော စစ်ပုန်ကန်မှုကို အခြေခံ၍ အနောက်အုပ်စုပညာရှင် များနှင့် မီဒီယာများက ၎င်းတို့အကြိုက် ရုရှားနိုင်ငံပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှုမရှိစေရန် မကြာခဏဆိုသလို လှုံ့ဆော်ပေးလျက်ရှိပါသည်။ သို့သော်လည်း ရုရှားနိုင်ငံ၏ မျိုးချစ်စိတ်ရှိသော အတိုက်အခံများသည် နိုင်ငံနှင့် လူမျိုးအပေါ် မည်သည့်အခါမှ သစ္စာဖောက်မည်မဟုတ်ကြောင်းကို ရုရှားပညာရှင်နှစ်ဦးဖြစ်သည့် Yury Tavrovsky နှင့် Vladimir Pavlenko တို့၏ ဖြေကြားထားမှုများအား သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
Yury Tavrovsky သည် လက်ရှိအချိန်၌ ရုရှား-တရုတ် ချစ်ကြည်ရေးအသင်း၌ ဒုတိယဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသည့်အပြင် ရုရှား-တရုတ်ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဆိုင်ရာပညာရှင်အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကိုပါ ပူးတွဲထမ်းဆောင် နေသူဖြစ်ပါသည်။ Vladimir Pavlenko သည် ရုရှားနိုင်ငံ Academy of Geopolitical Problems တွင် သုတေသနပြုလုပ်သူတစ်ဦးဖြစ်သည့်အပြင် ရုရှားနိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်ပါသည်။ ထို့ကြောင့် Global Times သတင်းဌာနမှ လက်ရှိရုရှားနိုင်ငံရေး၊ အထူးသဖြင့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့်ကိစ္စရပ်များ (Wagner Group ၏ စစ်ပုန်ကန်မှုအပါအဝင်)နှင့်စပ်လျဉ်း၍ အဆိုပါပညာရှင်နှစ်ဦး၏ သဘောထားအမြင် များကို မေးခွန်း ၅ ခုဖြင့် ဖော်ထုတ်ထားရှိပါသည်။
ပထမမေးခွန်း၌ မကြာသေးမီက ဖြစ်ပွားခဲ့သော“Wagner Group” ၏ စစ်ပုန်ကန်မှုသည် ရုရှားပြည်တွင်းစည်းလုံးညီညွတ်မှုအပေါ် မည်မျှသက်ရောက် သနည်းဟူသည့် မေးခွန်းနှင့်ပတ်သက်၍ Yury Tavrovsky က အဆိုပါ စစ်ပုန်ကန်မှုသည် အစပိုင်းတွင် အံ့အားသင့်စရာကောင်းသောကိစ္စရပ်တစ်ခုဖြစ်သော်လည်း ရုရှားပြည်သူများ အနေဖြင့် အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ “Wagner Group” အပေါ် ပြစ်တင်ဝေဖန်ခြင်း မရှိသည့်အပြင် ရုရှားတပ်ဖွဲ့များအချင်းချင်း တိုက်ခိုက်မှုမရှိ ခဲ့ခြင်းကြောင့် ဝမ်းသာနေကြကြောင်း၊ Vladimir Pavlenko ကလည်း အဆိုပါဖြစ်ရပ် အပေါ် ရုရှားပြည်သူများ၏ တုံ့ပြန်မှုကို ကြည့်မည်ဆိုပါက ရုရှားပြည်သူများသည် ၎င်းတို့၏ နိုင်ငံ့ခေါင်းဆောင်အပေါ် ထောက်ခံယုံကြည်သည်မှာ ထင်ရှားကြောင်း၊ အထူးသဖြင့် “Wagner Group” ၏ တိုက်ခိုက်ပုံများကို နှစ်သက်မြတ်နိုးသည့် ပြည်သူ အချို့အနေဖြင့်လည်း နိုင်ငံ့ခေါင်းဆောင်အပေါ်ထောက်ခံမှု သွေဖည်သွားမည် မဟုတ်ကြောင်း၊ ထို့ပြင် ရုရှားပြည်သူများသည် အဆိုပါဖြစ်ရပ်ကြောင့် မည်သည့် ထိခိုက်မှုမှမရှိခဲ့သည်ကိုလည်း ဝမ်းသာနေကြကြောင်း ဖော်ပြထားပါသည်။
ဒုတိယမေးခွန်း၌ “Wagner Group” ၏ စစ်ပုန်ကန်မှုနှင့် စပ်လျဉ်း၍ ရုရှားနိုင်ငံ အနေဖြင့် မည်သို့ဆောင်ရွက်သင့်သနည်းဟူသည့် မေးခွန်းနှင့်ပတ်သက်၍ Yury Tavrovsky က အဆိုပါဖြစ်ရပ်သည် သမ္မတ Vladimir Putin ၏ ခိုင်မာမှုကို ပြသနေသည့် ဖြစ်ရပ်တစ်ခုဖြစ်ပြီး နောက်ထပ်အလားတူဖြစ်စဉ် ဖြစ်လာပါကလည်း သမ္မတ Vladimir Putin အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း၊ Vladimir Pavlenko ကလည်း ရုရှားနိုင်ငံ အနေဖြင့် ယခင်ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့မှုကြောင့်ရရှိခဲ့သည့် သင်ခန်းစာများကို ယခုလက်ရှိအချိန်၌ ပြန်လည်အသုံးချနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်တွင်း စည်းလုံးညီညွတ်မှု၊ သာယာဝပြောမှုနှင့် မျိုးချစ်စိတ်ဓာတ်ရှိမှုတို့သည် အလွန် အရေးကြီးသည့်အပြင် ရုရှားနှင့် ယခင်ဆိုဗီယက်ပြည်ထောင်စုနိုင်ငံများအကြားတွင် ရှိနေသော ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှုလည်း လိုအပ်ကြောင်း၊ ဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ်၌ ရုရှားနိုင်ငံမှ ဘီလာရုစ်သို့အကူအညီများ ပေးအပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်လည်း ကာဇက်စတန်၌ ဆူပူမှုဖြစ်ပွားခဲ့ခြင်းနှင့် စပ်လျဉ်း၍ Collective Security Treaty Organization (CSTO) ၏ လျင်မြန်သော တုံ့ပြန်မှုများကြောင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအတွင်း ယခင်ဆိုဗီယက်ပြည်ထောင်စုနိုင်ငံများမှ ရုရှားနိုင်ငံသို့ အပြန်အလှန် အကူအညီပေးအပ်မှုများလည်းရှိကြောင်း ဖော်ပြထား ပါသည်။
တတိယမေးခွန်း၌ “Wagner Group” ၏ စစ်ပုန်ကန်မှုသည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအပေါ် မည်သို့သက်ရောက်မှုရှိသနည်းဟူသည့် မေးခွန်းနှင့်ပတ်သက်၍ YuryTavrovsky က အဆိုပါဖြစ်ရပ်သည် အနောက်အုပ်စုများ မျှော်မှန်းထားသည့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအပေါ် သက်ရောက်မှုရှိမည်ဆိုသည့် သုံးသပ်ချက်သည် မှားယွင်းကြောင်း၊ အနောက်အုပ်စုနှင့် ထိပ်တိုက်တွေ့ဆုံနေရသည့် လက်ရှိအခင်းအကျင်း၌ ရုရှားတပ်မတော်အနေဖြင့် သမ္မတ Vladimir Putin အပေါ် အမြဲတမ်းသစ္စာရှိမည့် အပြင် ၎င်းအား နိုင်ငံ့ခေါင်းဆောင်အဖြစ် မှတ်ယူထားကြောင်း ဖော်ပြထားပါသည်။
စတုတ္ထမေးခွန်း၌ “Wagner Group” ၏ စစ်ပုန်ကန်မှုနှင့် စပ်လျဉ်း၍ အနောက်အုပ်စု၏ တုံ့ပြန်မှုများကို မည်သို့ထင်မြင်ယူဆသနည်းဟူသည့် မေးခွန်းနှင့်ပတ်သက်၍ Yury Tavrovsky က အနောက်အုပ်စု ပညာရှင်အသိုင်းအဝန်းနှင့် မီဒီယာများအနေဖြင့် အနောက်အုပ်စုရှိ ပြည်သူများကိုသာ သတင်းအမှားများဖြင့် အမြင်မှားအောင် ဆွဲဆောင်နိုင်မည် ဖြစ်သော်လည်း ရုရှားနိုင်ငံရှိ ပြည်သူများကိုမူ လှည့်စား၍ မရနိုင်ကြောင်း၊ အနောက်အုပ်စုမှ ချမှတ်ထားသည့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ အထူးသဖြင့် ရုရှားနိုင်ငံမှ အနောက်အုပ်စုများ၏ စီးပွားရေးအရ အလုံးစုံစွန့်ခွာမှုတို့‌ကြောင့် ရုရှား ပြည်သူများတွင်ရှိပြီးသား မျိုးချစ်စိတ်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုနိုးကြွား လာခဲ့သည့်အပြင် ၎င်းတို့အနေဖြင့် ရုရှားနိုင်ငံသည် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုး တက်လာမည်ဟု ယုံကြည်ထားကြကြောင်း၊ ”Wagner Group” ၏ ဖြစ်စဉ်သည် အနောက်အုပ်စုများအတွက် အမှန်တကယ်အသုံးချနိုင်မည့် အခွင့်အရေးတစ်ခု မဟုတ်သည့်အပြင် လက်ရှိ ”Wagner Group” နှင့် ရုရုားတပ်မတော်တွင် တာဝန် ထမ်းဆောင်နေသူများသည် ရန်သူများကို အမြတ်ပြတ်ချေမှုန်းမည့် မျိုးချစ်စိတ်ဓာတ် ရှိသော ရုရှားနိုင်ငံသားများသာဖြစ်ကြောင်း၊ လက်ရှိအချိန်၌လည်း “Wagner Group” သည် ၎င်းတို့၏ ခံတပ်စခန်းများသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။
Vladimir Pavlenko ကလည်း အမေရိကန်နိုင်ငံဦးဆောင်သော အနောက် အုပ်စုအသုံးပြုနေသော နိုင်ငံရေးဓလေ့တစ်ခုမှာ ပြည်တွင်းစည်းလုံးညီညွတ်မှုကို ဖြိုခွဲ၍ အောင်နိုင်ခြင်း(Divide and Conquer)ဆိုသည့် ချဉ်းကပ်မှုပုံစံဖြစ်ပြီး လက်ရှိအချိန် ၌လည်း အဆိုပါအုပ်စုသည် “ရုရှားနိုင်ငံ၏ အခြေအနေ” (Situation in Russia) ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ ဦးဆောင်သော အနောက်အုပ်စုမှ ၁၉၉၁ ခုနှစ်တွင် မော်စကို၌ အုပ်ချုပ်သူအပြောင်းအလဲ(Regime Change) ပြုလုပ်နိုင်ခဲ့မှုနှင့် ၂၀၁၄ ခုနှစ်၌ ယူကရိန်းနိုင်ငံတွင် အုပ်ချုပ်သူ အပြောင်းအလဲပြုလုပ်နိုင်ခဲ့မှုကဲ့သို့သော ချဉ်းကပ်မှုပုံစံများဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ အနောက်အုပ်စုမှ အဆိုပါချဉ်းကပ်မှုပုံစံကို အသုံးပြုနေခြင်းသည် ယခင်က ၎င်းတို့နှင့် ရုရှားနိုင်ငံ၏ ထိပ်တိုက်ရင်ဆိုင်မှုများတွင် ရှုံးနိမ့်အောင် ဆောင်ရွက်နိုင်မှု မရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းက အနောက်အုပ်စုများမှ ရုရှားနိုင်ငံ၏ ပြည်တွင်းစည်းလုံးညီညွတ်မှု ပျက်ပြားအောင် မဆောင်ရွက်နိုင်ခြင်းသည် အချက် ၂ ချက်ကို လျစ်လျူရှုထားသောကြောင့်ဖြစ်ကြောင်း၊ ပထမတစ်ချက်မှာ ရုရှားနိုင်ငံရှိ အတိုက်အခံပါတီများသည် နိုင်ငံနှင့်လူမျိုးအပေါ် မည်သည့်အခါမှ သစ္စာဖောက်မည် မဟုတ်ဆိုသည့်အချက်ကို လျစ်လျူရှုထားမှုနှင့် ဒုတိယအချက်မှာ ရုရှားလူမျိုးများ၏ ခိုင်မာသောအမျိုးသားရေးစရိုက်လက္ခဏာရှိခြင်း၊ နိုင်ငံအတော်အပေါ် သစ္စာစောင့်သိခြင်းတို့ကို လျစ်လျူရှုထားသောကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
နောက်ဆုံးမေးခွန်း၌ ရုရှားနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသောကိစ္စရပ်များကို အခွင့်ကောင်းယူ၍ အနောက်အုပ်စုမီဒီယာအချို့(အထူးသဖြင့် ဗြိတိန်၏ သတင်းစာ တစ်ခုဖြစ်သော The Sun)မှ NATO အဖွဲ့တွင် ပိုမိုခိုင်မာသည့် ခေါင်းဆောင်မှု လိုအပ် သည်ဟု ပြောကြားနေမှုနှင့်စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ Yury Tavrovsky က NATO အဖွဲ့တွင် ပိုမိုခိုင်မာသော ခေါင်းဆောင်မှုရှိရန်ဆောင်ရွက်ခြင်းသည် နှစ်လိုဖွယ်ကောင်းသည့် ပြောင်းလဲမှုတစ်ခုဖြစ်သော်လည်း လက်တွေ့တွင် အဖွဲ့ဝင်နိုင်ငံများ၏ မတူညီသော အမျိုးသားအကျိုးစီးပွားများနှင့် ရည်မှန်းချက်များကြောင့် ခေါင်းဆောင်မှု ပြောင်းလဲရာတွင် အလွန်ခက်ခဲနိုင်ကြောင်း၊ အထူးသဖြင့် အဆိုပါအဖွဲ့ကို ဦးဆောင်နေသည့် အမေရိကန်နိုင်ငံသည်ပင် သမ္မတ Donald Trump လက်ထက်၌ NATO အဖွဲ့က ထွက်မည်ဟု ပြောကြားခဲ့ခြင်းမျိုးရှိကြောင်း၊ လက်ရှိအချိန်၌ NATO အဖွဲ့သည် အင်ဒို-ပစိဖိတ်ဒေသအတွင်း၌ လွှမ်းမိုးမှုရရှိရန် ဆောင်ရွက်နေသော်လည်း အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များကမူ တရုတ်နိုင်ငံနှင့် ကုန်သွယ်ခွင့်ရရှိရေးကိုသာ အလေးထား ဆောင်ရွက်နေကြကြောင်း ဖော်ပြထားပါသည်။
Vladimir Pavlenko က လက်ရှိအချိန်၌ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသော်လည်း ပြည်တွင်း၌ဆူပူအုံကြွမှုမရှိသည့်အပြင် အခြားသောလုပ်ငန်း တာဝန်များကိုပါ ပုံမှန်အတိုင်း လည်ပတ်အောင် ဆောင်ရွက်နိုင်သောကြောင့် ရုရှား နိုင်ငံရေးစနစ်သည် ထိရောက်ပြီး အလွန်ကောင်းမွန်သည့်စနစ်တစ်ခုဖြစ်ကြောင်း၊ထို့ပြင် ၎င်းက The Sun သတင်းစာ၏ ယခုကဲ့သို့ ဖော်ပြချက်သည် NATO အဖွဲ့တွင် ခေါင်းဆောင်မှုပိုင်းအားနည်းနေသည်ကို လစ်ဟာပြသကဲ့သို့ဖြစ်နေပြီး အကယ်၍ လက်ရှိ အချိန်၌ NATO အဖွဲ့ကိုသာ အပြောင်းအလဲပြုလုပ်ပါက အဖွဲ့များ တဖြည်းဖြည်း ကွဲထွက် သွားနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်ရှိကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွင် ဥရောပနိုင်ငံအများစုသည် ရုရှားနိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်လိုသည့် ဆန္ဒများ ပြင်းပြ နေသောကြောင့် NATO အဖွဲ့အတွင်း၌ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ စစ်ဆင်ခြင်းကဏ္ဍ တို့တွင် လွှမ်းမိုးမှုပိုမိုရရှိအောင် တောင်းဆိုလာနိုင်ကြောင်း၊ ထို့ပြင် ဒီမိုကရေစီနှင့် စုပေါင်းခေါင်းဆောင်မှု(Collective Leadership)ဆိုသည့် အယူအဆများကို စစ်ရေး ဆိုင်ရာကိစ္စရပ်များတွင် အသုံးပြုရန်သွတ်သွင်းနေခြင်းသည် မျှော်လင့်မထားသည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရနိုင်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးသည် ရုရှားပညာရှင်နှစ်ဦးဖြစ်သည့် Yury Tavrovsky နှင့် Vladimir Pavlenko တို့ကို မေးမြန်းထားသည့် ရုရှားနိုင်ငံ၏အာဘော် အယူအဆများဖြစ်ပါသည်။ လက်ရှိအချိန်၌ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် အနောက်အုပ်စုအနေဖြင့် ရုရှားနိုင်ငံနှင့် စီးပွားရေးအရ အလုံးစုံစွန့်ခွာမှု(Economic Decoupling) ပြုလုပ်ခဲ့ကြပြီး ကဏ္ဍပေါင်းစုံမှ ပိတ်ဆို့ဖိအားပေးနေကြသော်လည်း လက်ရှိအချိန်ထိ ပြည်တွင်း၌ ဆူပူအုံကြွမှုများမရှိခြင်းကို ထောက်ရှုခြင်းဖြင့် ရုရှားနိုင်ငံ၌ ပြည်တွင်းစည်းလုံးညီညွတ်မှုအတွက် ဝါဒသဘောတရားများ အခိုင်အမာတည်ဆောက်ထားနိုင်မှု တစ်စိတ်တစ်ပိုင်းပါဝင်နေသည်ဟု သုံးသပ်နိုင်ပါတယ်။ အထူးသဖြင့် ရုရှားနိုင်ငံအနေဖြင့် နိုင်ငံအတွင်း မီဒီယာနှင့် ပညာရေးကဏ္ဍ၏ လုံခြုံရေးကို ထိန်းသိမ်းထားနိုင်ပြီး ပြည်ပဝင်ရောက်စွက်ဖက်မှု အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် ဆောင်းပါး၏ အဓိကဖော်ပြချက်ဖြစ်သော “Wagner Group” ၏ စစ်ပုန်ကန်မှုသည်လည်း တွေးဆစရာများစွာရှိနေပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အခြေအနေများကို စောင့်ကြည့်၍သာ Wagner Group ကိစ္စ၏ ရည်ရွယ်ချက်အမှန်ကို ခန့်မှန်းနိုင်မည်ဟု ယူဆမိပါသည်။ အထူး တွေးဆစရာကိစ္စရပ်တစ်ခုမှာ Wagner Group ၏ ခေါင်းဆောင် Prigozhin သည် ရုရှားသမ္မတပူတင်နှင့် အနှစ် ၂၀ ကျော် ပုဂ္ဂိုလ်ရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့ပြီး Putin’s Chef ဟုပင် နာမည်ပြောင်ရခဲ့သူဖြစ်ပါသည်။ ဤသို့သော ပုဂ္ဂိုလ်တစ်ဦးက ရုရှားသမ္မတပူတင်ဆီသို့ တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ ဆက်သွယ် သတင်းပို့နိုင်သည့် နည်းလမ်းများစွာရှိနေသော်လည်း ထောက်ပံ့ပို့ဆောင်ရေးညံ့ဖျင်းမှုကြောင့် (သို့မဟုတ်) ၎င်းတပ်ဖွဲ့များအပေါ် လွှဲမှားပြီး ဗုံးကြဲခဲ့ခြင်းကြောင့် (တိကျသောအချက်အလက်မရှိ) မော်စကိုမြို့ကို သိမ်းရန် (သို့မဟုတ်) စစ်ဖက်ဆိုင်ရာတာဝန်ရှိသူများကို ဖြုတ်ချရန် ၎င်း၏တပ်များချီတက်ခဲ့သည်ဟူသည့် အကြောင်းပြချက်မှာ စိတ်ဝင်စားဖွယ်ရာပင်ဖြစ်ပါသည်။ နောက်ကွယ်တွင်ရှိနေသော နိုင်ငံရေးရည်မှန်းချက်မှာ စစ်ရေးအရလော၊ ပုဂ္ဂိုလ်ရေးအရလော၊ ပြည်တွင်းနိုင်ငံရေးအရလော ဟူသည်အချက်မှာ သုံးသပ်ရန်စောသေးသော်လည်း စိတ်ဝင်စားဖွယ်ရာ ဆက်လက်လေ့လာစောင့်ကြည့်သင့်သည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
54070323
(Subscribe ဆောင်းပါးမဟုတ်သော်လည်း သိအပ်သည့် အကြောင်းအရာများဖြစ်၍ ဖော်ပြပေးလိုက်ပါသည်)

Thursday, June 29, 2023

တရုတ်နှင့် ရုရှားနိုင်ငံတို့၏ Power of Siberia-2 သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းနေမှု နှောင့်နှေးနေရခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် Power of Siberia-2 (PoS-2) ပိုက်လိုင်း သဘောတူညီချက်နှင့် စွမ်းအင်ဆိုင်ရာ အခြားပူးပေါင်းဆောင်ရွက်မှုများ၊ တရုတ်နိုင်ငံ၏ LNG ဓာတ်ငွေ့လိုအပ်မှုအကြောင်းအရင်းများနှင့် အနောက်အုပ်စုမှ တုံ့ပြန်ဆောင်ရွက် နိုင်သည့်အချက်များကို သုံးသပ်ရေးဖော်ပြပေးပါမည်။

ဖော်ပြချက်

ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ရုရှားနိုင်ငံတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ် နေသည့် လမ်းကြောင်းမှလွဲ၍ အခြားသောလမ်းကြောင်းများ ရပ်ဆိုင်းသွားခဲ့ပါသည်။ အဆိုပါအချက်ကြောင့် နှစ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်ပို့သည့် ရေရှည်စီမံကိန်း ဖြစ်သည့် Power of Siberia-2 (PoS-2)အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီး ရုရှား-တရုတ် နှစ်နိုင်ငံဆက်ဆံရေးတွင် တရုတ်နိုင်ငံက အသာစီးရရှိခဲ့ပါသည်။ နှစ်နိုင်ငံ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် အပြန်အလှန်ယုံကြည်မှု လျော့နည်းနေခြင်းများ ကလည်း ရုရှား-တရုတ် သဘာဝဓာတ်ငွေ့တင်ပို့မှု စီမံကိန်းအတွက် ကန့်သတ်ချက်များ ဖြစ်ပေါ်စေပါသည်။ သို့သော်လည်း PoS-2 သည် နှစ်နိုင်ငံအကြားရှိ ဓာတ်ငွေ့တင်ပို့မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ၏ အဓိကလမ်းကြောင်းမဟုတ်ဘဲ အခြားသော အာရှအလယ်ပိုင်း လမ်းကြောင်းများမှလည်း LNG ပို့ဆောင်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ထို့ကြောင့် အနောက် အုပ်စုဝင်နိုင်ငံများအနေဖြင့် PoS-2 နှင့်ပတ်သက်၍ လွန်ကဲစွာစိုးရိမ်မှုမလိုအပ်ဘဲ အာရှအလယ်ပိုင်းကို အသုံးပြုမည့် ရုရှား-တရုတ်တို့ ဓာတ်ငွေ့တင်ပို့မှုလမ်းကြောင်းများအား သတိထားစောင့်ကြည့်ရန် လိုအပ်မည်ဟု ဖော်ပြထားပါသည်။
သဘာဝဓာတ်ငွေ့သည် ကျောက်မီးသွေးအား အစားထိုးအသုံးပြုနိုင်ခြင်းကြောင့် တရုတ်နိုင်ငံ၏ မြို့ပြလေထုအရည်အသွေးကို ကောင်းမွန်အောင် ထိန်းသိမ်းရန်အတွက် အသုံးဝင်ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ သဘောဝဓာတ်ငွေ့ တင်သွင်းနိုင်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ(CCP)၏ စွမ်းဆောင်ချက်များကို မြှင့်တင်ပေးနိုင်သည့်အပြင် ပါတီအတွက် နိုင်ငံရေးလုံခြုံမှုအကျိုးအမြတ်များကိုလည်း အထောက်အပံ့ဖြစ်စေနိုင်ပါသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တိုင်းတာမှုများအရ တရုတ်နိုင်ငံ၏ လေထုညစ်ညမ်းမှုသည် ၃၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်းကြောင့် သဘာဝဓာတ်ငွေ့သည် တရုတ်နိုင်ငံ၏ မြို့ပြ လေထုညစ်ညမ်းမှုကို လျှော့ချပေးရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်နေပါသည်။ CCP ရှုထောင့်မှကြည့်လျှင် သဘာဝဓာတ်ငွေ့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်သည်ဟု ယူဆပါသည်။ ထိုင်ဝမ်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုသည် မြို့ပြလေထုအရည်အသွေးမြှင့်တင်ရေးနှင့် ဆက်နွှယ်နေပြီး တရုတ်နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်များ အစောပိုင်းနှင့် အလယ်ပိုင်းကတည်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများကြီးထွားလာခြင်းက CCP အတွက် အန္တရာယ်ဖြစ်လာကြောင်း ဖော်ပြထားပါသည်။
မြို့ပြလေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် CCP သည် ပေကျင်းကဲ့သို့ လူနေထူထပ်သည့် နေရာများတွင် ကျောက်မီးသွေးအစား သဘာဝဓာတ်ငွေ့အသုံးပြု ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်သွင်းမှုသည် လေးဆကျော်တိုးတက်လာခဲ့ပြီး ၎င်းနိုင်ငံ၏ မြို့ပြလေထုညစ်ညမ်းမှု လျှော့ချရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ပါသည်။ တရုတ်နိုင်ငံ၏ မြို့ပြလေထု အရည်အသွေးအညွှန်းကိန်း၊ သို့မဟုတ် AQI သည် ကိုဗစ်ကပ်ရောဂါဖြစ်ပွားအပြီး ၂၀၂၃ ခုနှစ်တွင် သိသိသာသာ ပြန်လည် မြင့်တက်လာခဲ့သည်ကို ပြသနေပါသည်။ ယခုနှစ်ဆောင်းရာသီတွင် တရုတ်နိုင်ငံ မြောက်ပိုင်း၌ သဘာဝဓာတ်ငွေ့ပြတ်လပ်မှုဖြစ်ပွားခဲ့ပြီး ကိုဗစ်-၁၉ အလွန် သွားလာမှုများပြားခြင်းကလည်း ကာဗွန်ထုတ်လုပ်မှုကို ပိုမိုမြင့်တက်စေခဲ့သောကြောင့် လေထု ညစ်ညမ်းမှုကို ဖြစ်ပွားစေခဲ့ပါသည်။ သို့သော်လည်း ရုရှားနိုင်ငံမှ တင်သွင်းသည့် ဓာတ်ငွေ့များတွင် မီသိန်းပါဝင်မှုများခြင်းကြောင့် ကျောက်မီးသွေးနေရာတွင် အစားထိုး၍ လေထုညစ်ညမ်းမှုလျှော့ချခြင်းသည် ထင်သလောက် အကျိုးဖြစ်ထွန်းမှုမရှိသည်ကို တွေ့ရသည်ဟုဆိုသည်။ ထို့ပြင် တရုတ်အစိုးရအနေဖြင့် လေထုညစ်ညမ်းမှုကို (ရေတိုတွင်) သာမန်ပြဿနာတစ်ရပ်အဖြစ် ရှူမြင်လာမည်ဆိုပါက သဘာဝဓာတ်ငွေ့တင်ပို့မှုကို လျော့ကျစေနိုင်ပြီး ရုရှားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မည့် PoS-2 အပေါ် စိတ်ဝင်စားမှုလျော့ကျလာနိုင်ကြောင်း ဖော်ပြထားပါသည်။
PoS-2 သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု သဘောတူညီချက်ကို ရုရှားနိုင်ငံနှင့် လက်မှတ်ရေးထိုးခြင်းသည် အမေရိကန်နိုင်ငံအပါအဝင် ဥရောပဒေသနှင့် စီးပွားရေး၊ နိုင်ငံရေးဆက်နွှယ်မှုများကို များစွာထိခိုက်စေနိုင်သည်ဟု တရုတ်နိုင်ငံက ယူဆထားပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံဘက်မှ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကို ယတိပြတ်အဆုံးမသတ်သေးဘဲ ရွှေ့ဆိုင်းနေခြင်းဖြစ်ပါသည်။ ရုရှားနိုင်ငံအနေဖြင့် တရုတ် နိုင်ငံနှင့် ဥရောပမှ ရရှိနိုင်သည့် အကျိုးအမြတ်များကို ချင့်ချိန်ရန်လိုအပ်မည်ဖြစ်ပြီး ပိုက်လိုင်းအတွက် ငွေကြေးစိုက်ထုတ်ရေး၊ ငွေပေးချေရေးနှင့်ပတ်သက်သည့် ဘဏ္ဍာရေး ဆိုင်ရာကိစ္စများသည်လည်း ရုရှား-တရုတ် နှစ်နိုင်ငံစလုံးအတွက် ကန့်သတ်ချက်များဖြစ်နေပါသည်။ PoS-2 အနေဖြင့် သဘောတူညီချက်ရ၍ ဆောက်လုပ်ဖြစ်ခဲ့လျှင်သော်မှ နောက်ထပ် ၇ နှစ်ကြာအောင် ဓာတ်ငွေ့များကို ပို့ဆောင်နိုင်မည်မဟုတ်ဘဲ အနာဂတ်တွင် တရုတ်နိုင်ငံအနေဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချရန် အခြားသောနည်းလမ်းများဖြစ်သည့် ဘက်ထရီနှင့် အပူစွမ်းအင်သုံးအင်ဂျင်များကို အသုံးပြုလာနိုင်မည် ဆိုပါက အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် အဖတ်မတင်သည့် ငွေကြေးရင်းနှီး မြှုပ်နှံမှုတစ်ခု ဖြစ်လာနိုင်သည်ဟု ဖော်ပြထားပါသည်။
ဆက်လက်၍ တရုတ်နှင့် ရုရှားနိုင်ငံတို့သည် အခြားသော သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်မည့်နည်းလမ်းများအား ရှာဖွေထားပြီး ဖြစ်သည်ဟု ဆိုသည်။ ရုရှားနိုင်ငံအနေဖြင့် Kazakhstan ၊ Uzbekistan များနှင့် ဓာတ်ငွေ့တင်ပို့ရေး ကွန်ရက်များချဲ့ထွင်နေပြီး Gas Union ဖွဲ့စည်းရန် စီစဉ်လျက်ရှိပါသည်။ အဆိုပါလမ်းကြောင်းများမှ ပိုလျှံသောဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ သို့သော်လည်း အဆိုပါ အရှေ့အလယ်ပိုင်းဓာတ်ငွေ့လမ်းကြောင်းများကို ရုရှား-တရုတ် နှစ်နိုင်ငံလုံးမှ အကျယ်တဝင့် ထုတ်ဖော်ပြောကြားခြင်း မရှိကြသော်လည်း တရုတ်နိုင်ငံ၏ ဓာတ်ငွေ့ဝန်ဆောင်မှု လုပ်ငန်းများ၏ အကူအညီဖြင့် ရုရှားနိုင်ငံမှ LNG တင်ပို့မှုကဏ္ဍကို အထောက်အကူပေး နေကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ရုရှားနှင့် တရုတ်နိုင်ငံအကြား PoS-2 နှင့် ပတ်သက်သည့် သဘောတူညီချက်များ အပြီးသတ်ချမှတ်နိုင်ရန် အချိန်ကြာမြင့်လိမ့်ဦးမည်ဟုဆိုပါသည်။ အနောက်အုပ်စုဝင်နိုင်ငံများအနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံအများအပေါ် ဩဇာသက်ရောက်နိုင်ရန် အကန့်အသတ်ရှိနေပြီဖြစ်သောကြောင့် ရုရှားနိုင်ငံနှင့် စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်နေသည့် ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့တွင် ရုရှားနိုင်ငံအား မှီခိုမှုလျှော့ချပြီး ၎င်းတို့ကိုယ်တိုင် ဓာတ်ငွေ့ထုတ်လုပ်နိုင်အောင် နည်းပညာအကူအညီများပေးသင့်သည်ဟု ဆိုသည်။ ထို့ပြင် အမေရိကန်၊ ဩစတြေးလျနှင့် ကနေဒါ နိုင်ငံတို့သည် ရုရှားနိုင်ငံထက် ပိုမိုသန့်စင်သည့် LNG ကို ထုတ်လုပ်နိုင်ခြင်းကြောင့် မိတ်ဖက်နိုင်ငံများမှ LNG ထုတ်လုပ်မှုများကို ပိုမိုတွန်းအားပေး မြှင့်တင်ရန်လိုအပ်ကြောင်း အကြံပြုရေးသား ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် တရုတ်နိုင်ငံသည် ၎င်း၏အကျိုးစီးပွားနှင့် အနောက်အုပ်စုနှင့် ဆက်ဆံရေးထိန်းညှိနိုင်ရန် အခြေအနေအရပ်ရပ်ကိုတွက်ဆ၍ ရုရှားနိုင်ငံနှင့်ဆောင်ရွက်နေသည့် SoP-2 ဓာတ်ငွေ့ပိုက်လိုင်း အတွက် အပြီးသတ်ဆွေးနွေးမှုကို အချိန်ဆွဲနေဦးမည်ဖြစ်ကြောင်း၊ အနောက်အုပ်စု အနေဖြင့် SoP-2 ပိုက်အပေါ် စိုးရိမ်မှုလွန်ကဲနေခြင်းထက် အရှေ့အလယ်ပိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့နေမှုများကို အာရုံစိုက်သင့်ပြီး အနောက်အုပ်စု မိတ်ဖက် နိုင်ငံများရှိ LNG ဓာတ်ငွေ့ထုတ်လုပ်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အနောက်အုပ်စုနိုင်ငံများအား အကြံပြုရေးသားထားခြင်းဖြစ်ပါသည်။
ယခု ရုရှားနိုင်ငံမှ ရောင်းချပေးနေသည့် ဓာတ်ငွေ့များတွင် မီသိန်းပါဝင်မှု များပြားနေပြီး အဆိုပါမီသိန်းဓာတ်ငွေ့သည် ပျက်စီးလွယ်သော်လည်း CO2 ဓာတ်ငွေ့ထက် အဆ ၈၀ ပိုမိုပြင်းထန်သဖြင့် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ပူနွေးလာမှုကို အစားထိုးဖြေရှင်းရန် ထင်သလောက်အလုပ်မဖြစ်ဟုဆိုပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံ၏ လေထုညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းရန် ကျောက်မီးသွေးနှင့်ကျောက်ဖြစ်ရုပ်ကြွင်းစွမ်းအင်လောင်စာများအစား သဘာဝဓာတ်ငွေ့အစားထိုးအသုံးပြု ဖြေရှင်းခြင်းသည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီး CCP ၏ ပြည်တွင်း နိုင်ငံရေးဩဇာတည်ဆောက်မှုနှင့်လည်း ဆက်နွှယ်နေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်အတွက် အခြားသောအရင်းအမြစ်များ ဖြစ်သည့် ဘက်ထရီနှင့် အပူစွမ်းအင်အသုံးပြုသည့် စက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လည်း ကြိုးပမ်းနေပြီး အောင်မြင်လာပါက သဘာဝဓာတ်ငွေ့နှင့် အခြားသော CO2 ထုတ်လွှတ်မှု မြင့်မားသည့် လောင်စာများအပေါ် မှီခိုမှုလျှော့ချနိုင်ရေး ဆောင်ရွက်သွားလိမ့်မည်ဟု သုံးသပ်ရပါသည်။
ကမ္ဘာ့ပေါ်ရှိ နိုင်ငံများအားလုံး၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးတို့သာမက လူသားများအားလုံး၏ အသက်ရှင်ရပ်တည်ရေးအတွက် စွမ်းအင်သည် မရှိမဖြစ် အရေးပါ နေသောကြောင့် အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုတွင် စွမ်းအင်ပိတ်ဆို့ရေး၊ ဖြတ်တောက်ရေး၊ ရရှိနိုင်သမျှစုဆောင်းရေးနှင့် အစားထိုးစွမ်းအင်များထုတ်လုပ်နိုင်ရေး သည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေမည်သာဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံငယ်များအနေဖြင့် သဘာဝသယံဇာတစွမ်းအင်များကို ချွေတာ၍ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို အစားထိုးအသုံးပြုနိုင်ရေးအတွက် ပတ်ဝန်းကျင်နိုင်ငံကြီးများ၏ တိုးတက်မှုနှင့်အတူ လိုက်ပါစီးမျောနိုင်ရန် ဆောင်ရွက်ခြင်းက ရေရှည်အမျိုးသားအကျိုးစီးပွား၊ စွမ်းအင်လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြိုတင်မျှော်တွေးဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

53063023

Wednesday, June 28, 2023

အနောက်အုပ်စုနိုင်ငံများနှင့် ယှဉ်ပြိုင်ရာတွင် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ သဘောတရားများ၊ သံတမန်ရေးဆိုင်ရာအခင်းအကျင်းများ ပြောင်းလဲပြင်ဆင်လာမှုများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံသည် ကမ္ဘာ့လူ့အဖွဲ့အစည်းများ၏ မတူကွဲပြားမှုများကို လက်ခံမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ လူသားဆန်မှုနှင့်ဖြစ်တည်မှုတို့ကို အသိအမှတ်ပြု တန်ဖိုးထားသည့် ကမ္ဘာ့အခင်းအကျင်းအသစ်တစ်ခုအား ဦးတည်ဖော်ဆောင်မည့် မူဝါဒနှင့် သဘောတရားများ၊ ထိုမူဝါဒနှင့် အယူအဆများကို ကမ္ဘာကလက်ခံနိုင်အောင် ကြိုးပမ်းနေမှုများ၊ ထိုသဘောတရားများသည် ယခင်ကထက် ပိုမိုအဆင့်မြင့် ကောင်းမွန်လာမှုနှင့် အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
၃ နှစ်တာ ကိုဗစ်-၁၉ ကာလအတွင်း တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးလုပ်ဆောင်မှုများသည် ခေတ္တအေးစက်ခဲ့သော်လည်း အမေရိကန် နိုင်ငံအနေဖြင့် ယူကရိန်းအရေးနှင့်ပတ်သက်သည့် ဖိအားများနှင့် ပြည်တွင်းရွေးကောက်ပွဲ အခြေအနေများအကြား အကျပ်ရိုက်နေချိန်တွင် တရုတ်နိုင်ငံသည် သံတမန်ရေးတွင် ပြန်လည်ဦးမော့လာခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အနောက်အုပ်စုနိုင်ငံများ၏ စည်းမျဉ်းကို အခြေခံသည့် နိုင်ငံတကာအခင်းအကျင်း(Rule-based International Order)များကို ၎င်း၏ ကိုယ်ပိုင် နည်းလမ်းများဖြင့် ပြန်လည်ပြင်ဆင်တိုးမြှင့်လုပ်ဆောင်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ပါလက်စတိုင်း-အစ္စရေး ဆက်ဆံရေးမြှင့်တင်ပေးခဲ့မှုများမှသည် ယူကရိန်းအရေးအတွက်ငြိမ်းချမ်းရေးအဆိုပြုချက်များအထိ ကမ္ဘာ့အရေးတွင် ဝင်ရောက်ဦးဆောင်လာခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးမပြေလည်မှုများကြားမှ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးနိုင်မှုကို ဆောင်ရွက်လာခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် (Xi Jinping)သည် တရုတ်ခေါင်းဆောင် မော်စီတုန်း (Mao Zedong) ပြီးနောက် တရုတ်နိုင်ငံတွင် ဩဇာအရှိဆုံး ခေါင်းဆောင်တစ်ဦးဖြစ်လာကြောင်းလည်း ဖော်ပြထားပါသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) သည် ၎င်းတာဝန်စတင်ထမ်းဆောင်စဉ် ၅ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထိုအချိန်တွင် တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံသမ္မတ Luiz Inacio Lula da နှင့် ပြင်သစ်နိုင်ငံသမ္မတ Emmanuel Macron တို့အပါအဝင် အခြားအာရှအလယ်ပိုင်းနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင် များနှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သံတမန်ရေးတိုးချဲ့မှုများတွင် ထိုင်ဝမ် အရေးတင်းမာမှုများနှင့်လည်း ပတ်သက်ဆက်နွှယ်မှုများရှိနေပါသည်။ တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် ဆက်ဆံရေးဖြတ်တောက်ခဲ့သည့် ဟွန်ဒူးရပ်စ်နိုင်ငံ(Honduras)နှင့် ဆက်ဆံရေး တိုးမြှင့်ခဲ့ပြီး တရုတ်နိုင်ငံ ပေကျင်းမြို့၌ သံရုံးဖွင့်လှစ်စေခဲ့ပါသည်။ ထို့ပြင် တရုတ် နိုင်ငံသည် သမ္မတ ရှီကျင့်ဖျင်၏ အတွေးအခေါ်များမှ အဓိကအချက်ဖြစ်သည့် ကမ္ဘာလုံး ဆိုင်ရာလူမှုတိုးတက်မှုအစီအမံ(Global Civilization Initiative-GCI)ကို စတင် အကောင်အထည်ဖော်ခဲ့ပါသည်။ ထိုအစီအစဉ်ကို ကမ္ဘာ့လူမှုတိုးတက်ရေးအတွက် စတင်ပျိုးထောင် လုပ်ဆောင်ရန် (Cultivating the Garden of World Civilization) (တစ်နည်းအားဖြင့် Xivilization) ဖြစ်သည်ဟု ပြောကြားထားပါသည်။ သမ္မတ ရှီကျင့်ဖျင်၏ အဆိုပါ အစီအမံများသည် လူသားဖြစ်တည်မှုအတွက် ဘုံရည်မှန်းချက်များကို ဖော်ပြထားပြီး အနောက်နိုင်ငံများ ကဲ့သို့ အခြားနိုင်ငံများ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများလည်း ရှိမည်မဟုတ်ဟု တရုတ်နိုင်ငံက ပြောကြားထားပါသည်။ သို့သော် ပညာရှင်များကမူ ရှီကျင့်ဖျင်၏ အယူအဆများက အနောက် နိုင်ငံများ၏ လူ့အခွင့်အရေးကာကွယ်ရေးဟူသည့် သဘောတရားကို ခြိမ်းခြောက် လာလိမ့်မည်ဟု မှတ်ချက်ပြုနေကြပါသည်။
တရုတ်နိုင်ငံ၏ နိုင်ငံရေးဆောင်ရွက်ချက်များသည် ယခင်ကထက် ပိုမိုခေတ်မီ၊ ပိုမိုမဟာဗျူဟာမြောက်လာပြီး ရှေရှည်ကို ဦးတည်လာသည်ဟု Yale Law School’s Paul Tsai China Center အဖွဲ့ဝင် သုတေသနပညာရှင် Moritz Rudolf က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ကမ္ဘာ့စံနှုန်းများ ပြန်လည်ပြင်ဆင်ရာတွင် ယခင်က ယခုသဘောတရားအစီမံများကဲ့သို့ အသေးစိတ်များ ထုတ်ဖော်ထားခြင်းမရှိသည်ကိုတွေ့ရသည်။ ပထမဆုံးအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (Global Development Initiative-GDI)ကို ချမှတ်ခဲ့ပြီး အဆိုပါအစီအမံသည် ကိုဗစ်-၁၉ မှ ပြန်လည်နလန်ထူမည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ဆင်းရဲမှုများဒဏ်ခံရသည့်နိုင်ငံများကို ကူညီထောက်ပံ့ပေးမည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်ပါသည်။ ထို့နောက် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ လုံခြုံရေးအစီအမံ(Global Security Initiative-GSI)ကို ချမှတ်ခဲ့ပါသည်။ ယခုအခါတွင် GCI ကို ထပ်မံချမှတ်ခဲ့ပြီး တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအတွက် အနောက်အုပ်စုနှင့်မတူညီသည့် သဘောတရားအစီအမံများဖန်တီး၍ ၎င်း၏ နိုင်ငံခြားရေးမူဝါဒများကို ပေါ်လွင်အောင် လုပ်ဆောင်လျက်ရှိပါသည်။ GCI နှင့်ပတ်သက်၍ သမ္မတရှီကျင့်ဖျင်က နိုင်ငံများအနေဖြင့် မတူညီသည့် လူမှုတိုးတက်မှုများနှင့် စံနှုန်း၊ တန်ဖိုးများ၊ သဘောထားများ ရှိကြကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံတစ်ခု၏ တန်ဖိုးများနှင့် ပုံသဏ္ဌာန်များသွပ်သွင်းမှုကို ရှောင်ရှားရမည်ဖြစ်ပြီး နိုင်ငံတစ်ခုချင်းစီ၏ ကွဲပြားခြားနားမှုများကို လက်ခံရမည်ဟု ပြောကြား ထားကြောင်း ဖော်ပြထားပါသည်။
ယခုအခါ မလေးရှားနိုင်ငံ တစ်နိုင်ငံတည်းသာလျှင် GCI အစီအမံကို တရားဝင် ဖော်ထုတ် ထောက်ခံထားသည်ကိုတွေ့ရပြီး အချို့သောအာရှနိုင်ငံများအနေဖြင့် အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေးကို ထိန်းညှိရန် ၎င်းအစီအမံကို ဖော်ထုတ်ထောက်ခံလိမ့်မည် မဟုတ်ဟုဆိုပါသည်။ လက်ရှိ အမေရိကန်နိုင်ငံ ပုံဖော်နေသည့် Democracy Vs. Autocracy ပုံစံသည် တရုတ်နိုင်ငံအတွက်သာ အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ပညာရှင်များ သတိပေး နေကြပါသည်။ ဥပမာဆိုရလျှင် အရှေ့တောင်အာရှနိုင်ငံများအားလုံးသည် တရုတ်နိုင်ငံနှင့် ပို၍နိုင်ငံရေးအရ နီးစပ်ကြပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအပေါ် ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ရာတွင် အနောက်နိုင်ငံများ၏ စံနှုန်းများကိုသာ ရှေ့တန်းမတင်သင့်ကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် ISEAS-Yusof Ishak Institute ၏ ဒေသတွင်း မဟာဗျူဟာနှင့် နိုင်ငံရေးသုတေသနအစီအစဉ်မှ အဖွဲ့ဝင်ဖြစ်သူ Hoang Thi Ha က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်ကာလကတည်းက ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI)ကို ချမှတ်၍ ၎င်း၏ ဘက်ပေါင်းစုံကမ္ဘာတစ်ခုဖန်တီးနိုင်ရန် ကြိုးပမ်းလျက်ပြီး နိုင်ငံပေါင်း ၁၄၇ နိုင်ငံအတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ ၉၆၃ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ သို့သော်လည်း BRI သည် ဆင်းရဲမွဲတေသည့် နိုင်ငံများအတွက် အကြွေးပိ၍ ပိုမို ဆိုးရွားလျက်ရှိသည်ဟု ဝေဖန်ခံနေရကြောင်း ဖော်ပြထားပါသည်။
သမ္မတ ရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌအဖြစ် စတင်ထမ်းဆောင်ချိန်မှ စတင်၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများ ပိုမိုပေါ်လွင်ထင်ရှားလာခဲ့ပါသည်။ ထိုင်ဝမ်အရေးကိစ္စအပြင် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း ပိုမို ကျယ်ပြန့်စွာ လွှမ်းမိုးနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မဟာဗျူဟာမြောက်သည့် ရေပိုင်နက် များတွင် ကျွန်းများတည်ဆောက်၍ စစ်ရေးအတွက် အသုံးပြုနိုင်ရန် ပြင်ဆင်လျက် ရှိနေပါသည်။ အနောက်အုပ်စုအဖွဲ့အစည်းများမပါဝင်သော တရုတ်နိုင်ငံဦးဆောင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းနှင့် BRICS ကဲ့သို့သော အဖွဲ့များဖွဲ့စည်း၍ ကမ္ဘာလုံးဆိုင်ရာအခင်းအကျင်းအသစ်များ ပြင်ဆင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြပါသည်။ အနောက်နိုင်ငံများကလည်း တရုတ်နိုင်ငံ၏ အင်အားချဲ့ထွင်လာမှုများကို ရင်ဆိုင်ရန် ပြင်ဆင်လာခဲ့ကြပြီး၊ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၇ နိုင်ငံဖွဲ့စည်းထားသည့် ဂျီ ၇ အနေဖြင့် တရုတ်နိုင်ငံအား စီးပွားရေးအရအကျပ်ကိုင်မှုများ မပြုလုပ်ရန်နှင့် နိုင်ငံတကာဥပဒေများကို လိုက်နာရန် တောင်းဆိုခဲ့ကြပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲ ကလည်း အနောက်အုပ်စုနိုင်ငံများအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန် တွန်းအားပေး နေသည်ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာကောင်စီအကြံပေးအဖွဲ့က ဖေဖော်ဝါရီလတွင် ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ကမ္ဘာ့အခင်းအကျင်းများတွင် အနောက်အုပ်စုနိုင်ငံများက ကာလရှည်ကြာ လွှမ်းမိုးခဲ့မှုများကြောင့် ၎င်းတို့၏ တန်ဖိုးများကို ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများဟု ယုံကြည်နေကြပါသည်။ ထို့ကြောင့် ယခုအခါ ကမ္ဘာ့ဗဟုမဏ္ဍိုင်အခင်းအကျင်း (Multipolar World Order)အဖြစ်သို့ ပြောင်းလဲနေမှုတွင် အနောက်အုပ်စု၏ တန်ဖိုးများသည့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများ(Universal Values) မဟုတ်ကြောင်းကို ၎င်းတို့ကိုယ်တိုင် လက်ခံနိုင်ရန်အတွက် အတွေးအခေါ်အယူအဆဆိုင်ရာ စိန်ခေါ်မှု (Moral Challenge) တစ်ခုဖြစ်နေပါသည်။ ဗဟုမဏ္ဍိုင်ကမ္ဘာ့အခင်းအကျင်းသည် ကမ္ဘာ့အသိုက်အဝန်းများ အကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအကျိုးစီးပွားများ ဖြစ်ထွန်းစေနိုင်ပြီး အမေရိကန် နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံအား ပြိုင်ဘက်နိုင်ငံအဖြစ်မြင်နေခြင်းကို အဆုံးသတ်ရန် လိုအပ်သည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယို(George Yeo)က ပြောကြား ခဲ့ပါသည်။ အမေရိကန်နိုင်ငံဘက်က မည်သို့ပင်တုံ့ပြန်မှုများရှိစေကာမူ တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ ပိုမိုအင်အားကောင်းသော ကမ္ဘာ့အဆင့်နိုင်ငံတစ်ခုအဖြစ်သို့ တက်လှမ်းရန် ရည်မှန်းချက်များကို စွန့်လွှတ်လိမ့်မည်မဟုတ်ဟု လေ့လာသူများက ဆိုကြပါသည်။ယခုအခါ အာဖဂန်နစ္စတန်နိုင်ငံအပါအဝင် အာရှအလယ်ပိုင်းဒေသများတွင် တရုတ်နိုင်ငံ၏ ဩဇာချဲ့ထွင်မှုများကို တွေ့ရကြောင်း ဖော်ပြထားပါသည်။
BRICS နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးပွဲတွင် အနောက်နိုင်ငံ များ၏ လွှမ်းမိုးမှုမရှိသည့် ကမ္ဘာ့အခင်းအကျင်းတစ်ခုကို ဖန်တီးရန် ဆွေးနွေးခဲ့ကြကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံအား ကမ္ဘာ့ခေါင်းဆောင်အဖြစ် လက်မခံလိုသည့် ဆန့်ကျင်မှု များလည်း ရှိနေပါသည်။ ထို့ကြောင့် နိုင်ငံကြီးများအကြား ပဋိပက္ခများနှင့် ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိသောကြောင့် မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသည့် အခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် ဗဟုမဏ္ဍိုင်ကမ္ဘာ့အခင်းအကျင်းတွင်သာ ၎င်း၏ ဩဇာအာဏာကို တည်ဆောက်ရဦးမည်ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးသည် အတိအလင်းစစ်ပွဲတစ်ခုဖြစ်မလာမချင်း လုံးဝပြတ်တောက် သွားရန်မှာ မဖြစ်နိုင်ကြောင်းနှင့် ထိုသို့ဆိုခြင်းသည် တရုတ်-အမေရိကန် ဆက်ဆံရေး အဆင်ပြေလာလိမ့်မည်ဟုလည်း ဆိုလိုခြင်းမဟုတ်ကြောင်း Oxford Global Society မှ မဟာဗျူဟာ အကြံပေး Brian Wong က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါး၌ ကမ္ဘာ့အခင်းအကျင်းများတွင် ဦးဆောင်နိုင်ခဲ့သည့် အမေရိကန် နိုင်ငံ၏ လွှမ်းမိုးမှုကျဆင်းလာခြင်းနှင့် အမေရိကန်နိုင်ငံနေရာတွင် တရုတ်နိုင်ငံ၏ အခြားသော နိုင်ငံရေးသဘောတရား၊ အခင်းအကျင်းပုံစံသစ်များဖြင့် ဝင်ရောက်လာမှုကို လေ့လာသုံးသပ်၍ အသေးစိတ်ရေးသားထားရှိပါသည်။ တရုတ်နိုင်ငံ၏ ကမ္ဘာ့ဦးဆောင်မည့် နိုင်ငံရေးသဘောတရားတွင် အဓိကအနှစ်သာရမှာ နိုင်ငံများ၏ မတူညီသည့် အခြေအနေ များနှင့် တန်ဖိုးများကို လက်ခံရန်နှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးမူက အနောက်အုပ်စု၏ လစ်ဘရယ်သဘောတရား သွပ်သွင်းရေး မူဝါဒကို အဓိက စိန်ခေါ်နေသည့် အယူအဆဖြစ်လာပါသည်။ ထို့ကြောင့် ပညာရှင်များအနေဖြင့် အမေရိကန်နှင့် အနောက်အုပ်စုဘက်မှ ဒီမိုကရေစီနှင့် အာဏာရှင်တို့၏ အားပြိုင်ပွဲဟု ပုံဖော်နေခြင်းသည် တရုတ်နိုင်ငံအား ပို၍အားသာချက်ဖြစ်စေနိုင်သည်ဟု ထောက်ပြနေသော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ကာလရှည်ကြာလက်ခံခဲ့သော အနာဂတ်တန်ဖိုးများသည် ကမ္ဘာ့တန်ဖိုးများဖြစ်ရမည်ဟု ဆိုသည့် ယုံကြည်မှုကို စွန့်လွှတ်ရန်ခက်ခဲနေကြောင်း တွေ့ရှိရပါသည်။
ယခုလက်ရှိကမ္ဘာ့နိုင်ငံရေးတွင် နိုင်ငံငယ်အများစု (အထူးသဖြင့် အာရှနိုင်ငံများ) အနေဖြင့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးထိန်းညှိရဦးမည့် အခြေအနေရှိနေသောကြောင့်တရုတ်နိုင်ငံမှ အဆိုပြုနေသည့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (Global Development Initiative-GDI)၊ ကမ္ဘာ့လုံခြုံရေးအစီအမံ(Global Security Initiative-GSI)နှင့် ကမ္ဘာလုံးဆိုင်ရာလူမှုတိုးတက်မှုအစီအမံ (Global Civilization Initiative-GCI)ဟူသည့် ကမ္ဘာ့ဦးဆောင်မှုအစီအမံသဘောတရားများကို ပေါ်ပေါ်တင်တင် ထောက်ခံခြင်းမရှိသေးသော်လည်း အနာဂတ်တွင် တရုတ်နိုင်ငံ၏ ကမ္ဘာ့ဩဇာတည်ဆောက် နိုင်မှု ပိုမိုပြတ်သားလာမည်ဆိုပါက အာရှနိုင်ငံအများစုအနေဖြင့် ၎င်းတို့နှင့် သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ပထဝီဝင်နိုင်ငံရေးအရ ပိုမိုနီးစပ်သည့် တရုတ်နိုင်ငံ၏ ဦးဆောင်မှုနောက်သို့ ပါလာနိုင်သည်ဟု ယူဆရပါသည်။ တစ်ဖက်တွင် တရုတ်နိုင်ငံ၏ ဦးဆောင်မှုနောက်သို့ မလိုက်လိုသည့် နိုင်ငံများရှိနေဆဲဖြစ်သော်လည်း အနောက်အုပ်စု နိုင်ငံများတွင်ပင်လျှင် တရုတ်နိုင်ငံ၏အခင်းအကျင်းသစ်အား လုံးဝငြင်းဆန်ရန်ခက်ခဲသည့်အခြေအနေတွင်ရှိနေသည်ကို တွေ့ရှိရပါသည်။
နှစ်ပေါင်းများစွာ အမေရိကန်နိုင်ငံဦးဆောင်သော အနောက်အုပ်စု၏ လွှမ်းမိုးချယ်လှယ်ခြင်း(Hegemony)ကို ခံခဲ့ရသော ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် တရုတ်နိုင်ငံ၏ အင်အား ကြီးမားလာမှုသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစသည့် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဖက်သတ် ဖိအားပေးခံနေရမှုမှ လွတ်မြောက်နိုင်မည့် ရောင်ခြည်သန်းလာသည်ဟု ယူဆနေကြပါသည်။ တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှုများရှိလာသော်လည်း ဗဟုမဏ္ဍိုင်အခင်းအကျင်းသို့ ဦးတည်လျက်ရှိသောကြောင့် အိန္ဒိယနိုင်ငံအပါအဝင် အင်အားကြီး၊ အင်အားအလယ်အလတ်နိုင်ငံအချို့မှတရုတ်နိုင်ငံအား ကမ္ဘာ့ခေါင်းဆောင် နိုင်ငံအဖြစ် အလွယ်တကူလက်ခံလိမ့်မည်မဟုတ်သည်မှာလည်း လက်ရှိပေးထားချက်တစ်ခုပင်ဖြစ်ပါသည်။
ထို့ကြောင့် ၎င်းတို့၏ စံနှုန်းများနောက်သို့ မလိုက်ပါသည့် နိုင်ငံများအား စံနှုန်းအခြေပြု၍ ပိတ်ဆို့အရေးယူမှုများကို အကောင်းဆုံး ဖိအားပေးခြင်းနည်းလမ်းတစ်ခုအဖြစ် နှစ်ရှည်လများအား ဆောင်ရွက်လာသည့် အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုနိုင်ငံများအနေဖြင့် ၎င်းတို့၏ တန်ဖိုးများသည့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများဖြစ်ရမည်ဟု စိတ်ကြီးဝင်နေမှုကို မကျော်လွှားနိုင်ပါက တရုတ်နိုင်ငံ၏ အဆင့်မြှင့်တင်လာသော သဘောတရားများကို တန်ပြန်နိုင်ရန် (အထူးသဖြင့် အာရှဒေသအတွင်း) ခက်ခဲလာလိမ့်မည်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
52062923

Tuesday, June 27, 2023

တရုတ်နိုင်ငံသမ္မတ Xi Jinping နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ တွေ့ဆုံခဲ့မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 









နိဒါန်း
တရုတ်နိုင်ငံသမ္မတ Xi Jinping နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့သည် ဇွန်လ ၁၉ ရက်နေ့က တွေ့ဆုံခဲ့ပြီး ပထဝီဝင်နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာကဏ္ဍများနှင့်ပတ်သက်သည့် သဘောထားကွဲလွဲမှုများကို ပြန်လည် သုံးသပ်ရန် ကြိုးပမ်းခဲ့မှုများနှင့် သံတမန်ရေး အကျိုးအမြတ်များအပေါ် သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
တရုတ်နိုင်ငံသမ္မတနှင့် Blinken ၏ တွေ့ဆုံမှုသည် ၂ ရက်တာ ကြာမြင့်သည့် Blinken ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း‌ တရုတ်နိုင်ငံအကြီးအကဲများနှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့မှုများအနက်မှ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံမှုများသည် အပြန်အလှန်လေးစားမှုနှင့် ရိုးသားဖြောင့်မတ်မှုအပေါ်တွင်အခြေခံထားသင့်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့်လည်း အပြုသဘော ဆောင်သည့် အကြံပြုဆွေးနွေးမှုများဖြင့် တည်ငြိမ်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ဖော်ဆောင်နိုင်ရန် တရုတ်နိုင်ငံက မျှော်မှန်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နိုင်ငံကို စိန်ခေါ်မှုပြုလုပ်ရန် ရည်ရွယ်ချက်မရှိသကဲ့သို့ အလားတူ သဘောထားမျိုး အမေရိကန်နိုင်ငံတွင် ရှိလိမ့်မည်မဟုတ်ဟုလည်း မျှော်မှန်းထားကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် ၎င်း၏ သဘောဆန္ဒအတိုင်း အခြားတစ်နိုင်ငံကို ပုံသွင်းနေမှုများက အခြားတစ်နိုင်ငံ၏ တရားဝင်အခွင့်အရေးများ ဆုံးရှုံးမှုဖြစ်စေသည်ဟု တရုတ်နိုင်ငံသမ္မတက ပြောကြားခဲ့သည်ကို ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန်(နိုင်ငံခြားရေးဝန်ကြီးဟောင်း) Wang Yi က အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်း များကို ရှောင်ရှားသင့်ပြီး တရုတ်နိုင်ငံ၏ သိပံ္ပနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအပေါ် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများကိုလည်း ရုပ်သိမ်းပေးသင့်ကြောင်းနှင့် Blinken ၏ တရုတ်နိုင်ငံခရီးစဉ်ကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးပါသည့် အလှည့်အပြောင်း “Critical Juncture” ဖြစ်လာနိုင်ကြောင်း၊ ထိုအလှည့်အပြောင်းသည် တွေ့ဆုံဆွေးနွေးခြင်းလော၊ ထိပ်တိုက်တွေ့ခြင်းလော၊ သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုလော၊ ပဋိပက္ခလောဟူသည်ကို ရွေးချယ်မှုများပြုလုပ်ရန်လိုအပ်မည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသမ္မတနှင့်တွေ့ဆုံမှုအပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Blinken က တရုတ်နိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့သည် အမေရိကန် နိုင်ငံကို ထိခိုက်စေမည့် အသံထက်မြန်သော ဒုံးစနစ်များ (Hypersonic Missiles) ကဲ့သို့သော အဆင့်မြင့်နည်းပညာများကို တားဆီးရန်အတွက်ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံအနေဖြင့် အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ခြင်းအစား ခိုင်ခိုင်မာမာချမှတ်ရန် လိုအပ်မည်ဟု ယူဆထားကြောင်း၊ သို့သော် အမေရိကန်နိုင်ငံအနေဖြင့် မိမိနိုင်ငံသား အလုပ်သမားများနှင့် နိုင်ငံသားပိုင်ကုမ္ပဏီများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရမည့် အပြင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်ရန်အတွက်လည်း လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ထိုကဲ့သို့အခြေအနေနှင့် ကြုံတွေ့ရလျှင် အမေရိကန်နိုင်ငံနည်းတူ ဆုံးဖြတ်နိုင်ကြောင်း ဘလင်ကန်က ပြောကြား ခဲ့သည်ကို ဖော်ပြထားပါသည်။
ယခု Blinken ၏ ခရီးစဉ်သည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mike Pompeo ၏ တရုတ်နိုင်ငံခရီးစဉ် ပြီးဆုံးပြီးနောက် ပထမဦးဆုံး ခရီးစဉ်ဖြစ်ပါသည်။ Blinken သည် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံကို သွားရောက်ရန် စီစဉ်ခဲ့သော်လည်း အမေရိကန်လေပိုင်နက်အတွင်း တရုတ်နိုင်ငံ၏ ထောက်လှမ်းရေး မိုးပျံဘောလုံးကိစ္စရပ်ဖြစ်ပွားပြီးနောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံ၏ ပြိုင်ဆိုင်မှုများသည် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံဘက်မှ မှတ်ယူထားပြီး အမေရိကန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို “One China Policy” အပြည့်အဝ လိုက်နာရန် လိုအပ်မည်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ဇွန်လ ၁၈ ရက်နေ့ Blinken နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ၏ တွေ့ဆုံမှုတွင်လည်း နှစ်နိုင်ငံစလုံးအနေဖြင့် ပြိုင်ဆိုင်မှုများ မြင့်တက်လာချိန်တွင် ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားနိုင်ရန်အတွက် ဆက်ဆံရေးထိန်းသိမ်းမှုများပြုလုပ်ရန် သဘောတူညီခဲ့ပြီး အမေရိကန်နိုင်ငံ၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin သည်လည်း အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဟု ဖော်ပြထားပါသည်။
နှစ်နိုင်ငံစလုံး၏ ထုတ်ပြန်ချက်များတွင် ၎င်းတို့၏ ဆွေးနွေးမှုသည် ခိုင်မာပြီး ပွင့်ပွင့်လင်းလင်းဖြင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုမျိုးဖြစ်သည်ကို ပုံဖော်ထားပြီး နှစ်နိုင်ငံအကြီးအကဲများ၏ အပြန်အလှန်ဆက်ဆံရေးကို ထိန်းသိမ်းရန် ဆန္ဒရှိနေသည် ကိုလည်းဖော်ပြနေပါသည်။ ယခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုသည် လွန်ခဲ့သည့် ၂ နှစ်က ပြုလုပ်ခဲ့သည့် Alaska ဆွေးနွေးပွဲအခြေအနေများနှင့် ကွဲပြားနေပြီး နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၏ ဆွေးနွေးမှုသည် တည်ငြိမ်သည့် ဆက်ဆံရေးကို ဖော်ဆောင်ရန် ဆန္ဒရှိနေသည်ကို ပြသလျက်ရှိပါသည်။ ထို့ကြောင့် ယခုနှစ်အတွင်း အောင်မြင်မှုအချို့ကို ရရှိနိုင်ရန်မျှော်မှန်းထားသည်ဟု တရုတ်သုတေသနပညာရှင်တစ်ဦးက ပြောကြားခဲ့ပြီး၊ Blinken ၏ မှတ်ချက်ပြုပြောကြားချက်များတွင် တရုတ်နိုင်ငံ၌ အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ဦးစားပေးဖော်ဆောင်ခြင်းကို ညွှန်းဆိုထားပြီး ထိုကိစ္စကနှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးအတွက် လမ်းခင်းပေးနေသည်ကို ပြသရာရောက်သည်ဟု ဖော်ပြထားပါသည်။
အချုပ်အားဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးသည် ကောင်းမွန်သည့် ဆက်ဆံရေးမျိုးမဟုတ်သည့်တိုင် ကောင်းမွန်စပြုသည့် အခြေအနေမျိုး ရောက်ရှိလာပြီဖြစ်သည်ဟု ဆိုပါသည်။ သို့သော် နှစ်နိုင်ငံစလုံးအနေဖြင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်ဖော်ဆောင်နိုင်ခြင်း ရှိ/မရှိဆိုသည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ပြီး မိုးပျံဘောလုံးကဲ့သို့ မမျှော်လင့်သော အဖြစ်အပျက် များကြောင့် နှစ်နိုင်ငံ၏ ဆက်ဆံရေးတည်ဆောက်နေမှုကို အနှောင့်အယှက်ဖြစ်စေသည့် ကိစ္စရပ်များ(Black Swan Event)လည်း ရှိနေပါသည်။ ထို့ပြင် နှစ်နိုင်ငံစလုံးတွင် ပြည်တွင်းနိုင်ငံရေး ဖိအားများရှိနေပြီး ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးအကျိုးအမြတ်များ ကွဲပြားနေခြင်းကလည်း နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက်မှုဖြစ်လာစေနိုင်ပါသည်။ Blinken ၏ တရုတ်နိုင်ငံခရီးစဉ် ရည်ရွယ်ချက်များ ဖြစ်မြောက်ခဲ့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှုများအတွက် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရန် လိုအပ်မည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ကာလရှည်ကြာ ဖြစ်ပွား ခဲ့သည့် သဘောထားကွဲလွဲမှု အက်ကြောင်းများကို ပြန်လည်ပြုပြင်ရန် ပဏာမသဘော တူညီချက်ရရှိခဲ့ပြီးဖြစ်သော်လည်း နှစ်နိုင်ငံအကြားတွင် ဖြစ်ပွားနေသည့် ဆက်ဆံရေးတင်းမာမှုများကို ဖြေလျှော့နိုင်ရန် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးမှသာ ဖြစ်လာနိုင်မည်ဖြစ်ကြောင်းနှင့်‌ မထင်မှတ်ဘဲ ဖြစ်ပေါ်လာနိုင်သော မျှော်မှန်းမထားသည့်ကိစ္စရပ်များက ပုံမှန်သံတမန်ဆက်ဆံရေး တည်ဆောက်ခြင်းများအပေါ် သက်ရောက်မှုများရှိလာနိုင်ကြောင်း သုံးသပ်ရေးသား ထားသည်ကို တွေ့ရှိရပါသည်။ လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့နံပါတ် “၁” နေရာသို့ ရောက်ရှိလာနိုင်ခြင်းနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိနေ သော်လည်း ကမ္ဘာတစ်လွှားတွင် ၎င်းနိုင်ငံ၏ စီးပွားရေးအင်အားနှင့် စစ်ရေးအင်အား ချဲ့ထွင်လာမှုများက အမေရိကန်နိုင်ငံ၏ ရပ်တည်မှုကို ခြိမ်းခြောက်လာနေသည်ဟု အမေရိကန်နိုင်ငံဘက်မှ မှတ်ယူထားပါသည်။ ယခုတွေ့ဆုံမှုတွင်လည်း တရုတ်နိုင်ငံ အစိုးရ၏ ပြောကြားချက်များသည် ပြည်တွင်းရေး(ထိုင်ဝမ်)တွင် ဝင်ရောက်စွက်ဖက် နေမှု၊ နည်းပညာနှင့်စီးပွားရေးပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံနှင့် အနာဂတ်တွင် ထိပ်တိုက်တွေ့ဆုံမှုနှင့် စေ့စပ်ညှိနှိုင်းမှုအကြား ရွေးချယ်မှုများပြုလုပ်ရန်တိုက်ရိုက်သတိပေးနေသည်ကို တွေ့ရှိရပါသည်။
ထို့ပြင် တရုတ်နိုင်ငံသမ္မတ Xi အနေဖြင့် Blinken နှင့် တွေ့ဆုံရာတွင် သမားရိုးကျမဟုတ်သည့် အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဌာန်စားပွဲဝိုင်းတွင် Blinken နှင့် တရုတ်နိုင်ငံတာဝန်ရှိသူများအား ၎င်းနှင့် ခပ်လှမ်းလှမ်းတွင် နေရာချ၍ တွေ့ဆုံခဲ့ပြီး သာမန်မဟုတ်သည့် သံတမန်ရေးတွေ့ဆုံမှု အခင်းအကျင်းအဖြစ် ရှုမြင်နိုင်ပါသည်။ Blinken အား ဖိတ်ကြားမှုတွင်လည်း တရုတ်နိုင်ငံမှဖိတ်ကြားချက်အရဟု ခေါင်းစဉ် မတပ်ခဲ့ဘဲ အမေရိကန်နှင့် တရုတ်နိုင်ငံအကြား သဘောတူညီမှုအရ “As Agreed Between China and the US” ဟုသာ ခေါင်းစဉ်တပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံဘက်မှ နည်းပညာအရ ပိတ်ဆို့အရေးယူထားမှု များကို ဖယ်ရှားပေးရန် လိုလားနေပြီး ထိုကဲ့သို့သော သတင်းစကားများ Blinken နှင့်အတူ ပါမလာခြင်းအတွက် တရုတ်နိုင်ငံဘက်မှ သံတမန်ရေး အထက်စီးဆန်မှုကို ပြသလိုက်ခြင်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကြောင့် တရုတ်နိုင်ငံနှင့်ညှိနှိုင်းရာတွင် လွတ်လပ်စွာအပေးအယူ ပြုလုပ် နိုင်ရန် ကန့်သတ်ချက်များရှိနေပြီး အမေရိကန်နိုင်ငံဘက်မှ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံ၍ ညီလာခံကျင်းပရန် ကမ်းလှမ်းမှုကိုပင် တရုတ်နိုင်ငံဘက်မှ မှတ်ချက်မပေး ခဲ့ကြောင်းတွေ့ရှိရပါသည်။ ထို့ပြင် Xi နှင့် တွေ့ဆုံမှုအပြီး Blinken ၏ သတင်းထောက် များကို ဖြေကြားမှုတွင် အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်း “US does not support Taiwan independence” ပြောကြားချက်က Republican အမတ်များကို စိတ်ပျက်မှုများဖြစ်ပေါ်စေပြီး Blinken အပေါ် ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ပါသည်။
ထို့ကြောင့် ယခုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး နှစ်နိုင်ငံစလုံးမှ သံတမန်ရေးအရ အပြုသဘောဆောင်သည့်ဘက်မှ ထုတ်ပြန်ချက်များကိုတွေ့ရသော်လည်း လက်တွေ့တွင် အမေရိကန်နိုင်ငံအတွက် မည်သို့သော ထိရောက်သည့်ရလဒ်မှ မထွက်ခဲ့ဘဲ တရုတ်နိုင်ငံ အတွက်သာ သံတမန်ရေးအားသာချက်များ ရရှိခဲ့သည်ဟု မှတ်ချက်ပြုနိုင်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် လာမည့်နှစ်ဇန်နဝါရီလအတွင်းကျင်းပမည့် ထိုင်ဝမ်ရွေးကောက်ပွဲနှင့် နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်နိုင်ငံရွေးကောက်ပွဲတို့အပေါ် အခွင့်ကောင်းယူ၍ သံတမန်ရေးနှင့် စစ်ရေးအရ အားသာချက်များကို အကျိုးရှိစွာ အသုံးချလာလိမ့်မည် ဟုလည်း ယူဆရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံကို ထိန်းချုပ်ရန်အတွက် အနောက် အုပ်စုမှ နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းနေချိန်တွင် ဘက်နှစ်ခုစလုံးအတွက် ပထဝီဝင်နိုင်ငံရေးအရ အရေးပါနေသော မြန်မာနိုင်ငံအနေဖြင့် ကြားမညပ်စေရေးရှောင်ရှားနိုင်ခြင်းသည် နိုင်ငံခြားရေးနှင့် သံတမန်ရေးဆိုင်ရာ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect

51062823