Monday, July 17, 2023

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ရွေးချယ်ခြင်းနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ




နိဒါန်း
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် Move Forward Party ခေါင်းဆောင် Pita Limjaroenrat ရှုံးနိမ့်ခဲ့မှု၊ ၎င်းပါတီ၏လမ်းစဉ်နှင့် မူဝါဒများကြောင့် ကြုံတွေ့ ရနိုင်သည့် အခက်အခဲများ၊ ပီတာကို မလိုလားသည့်အုပ်စုများဘက်မှ နိုင်ငံရေးအရပါးနပ်စွာဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
ထိုင်းနိုင်ငံတွင် ဇူလိုင်လ ၁၃ ရက်က ကျင်းပခဲ့သည့် ဝန်ကြီးချုပ် ရွေးချယ် တင်မြှောက်ပွဲ၌ Move Forward Party ခေါင်းဆောင် Pita Limjaroenrat ၏ ကနဦး ကြိုးပမ်းမှုများတွင် ထိုင်းလွှတ်တော်နှစ်ရပ်စလုံး၏ ထောက်ခံမဲ ထက်ဝက်ကျော် မရရှိ ခဲ့သည့်အတွက် ရှုံးနိမ့်ခဲ့ပါသည်။ Pita သည် မေလ ၁၄ ရက်တွင် ကျင်းပခဲ့သည့် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး မိတ်ဖက်ပါတီ ၇ ပါတီနှင့် ညွန့်ပေါင်းဖွဲ့ခဲ့ရာတွင် အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အနက်မှ ၎င်းကိုထောက်ခံသည့် မဲအရေအတွက်ဖြစ်လာမည့် လွှတ်တော်နေရာ ၃၁၂ နေရာကိုရရှိခဲ့ပါသည်။ ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးထမ်းဆောင်နိုင်ရန်အတွက် လွှတ်တော်အမတ်များဆီမှ အနည်းဆုံး ထောက်ခံမဲ ၃၇၅ မဲလိုအပ်သော်လည်း ဇူလိုင်လ ၁၃ ရက်နေ့ ရွေးချယ်ပွဲတွင် ထောက်ခံမဲ ၃၂၄ မဲသာ ရရှိခဲ့ပါသည်။ ရွေးချယ်ပွဲတွင် ဆန္ဒမဲထည့်ဝင်သူ စုစုပေါင်း ၇၀၅ ဦး ရှိခဲ့ပြီး ၎င်းတို့အနက်မှ လွှတ်တော်အမတ် ၁၈၂ ဦးသည် Pita ကို ဆန့်ကျင်ကြောင်း မဲပေးခဲ့ကြပြီး ကြားနေမဲပေးသူ ၁၉၉ ဦးရှိခဲ့ပါသည်။
ဆန္ဒမဲထည့်ဝင်မှုအပြီးတွင် Pita က ရရှိခဲ့သည့် မဲရလဒ်များနှင့် ပတ်သက်၍ လက်ခံနိုင်ကြောင်း၊ အရှုံးပေးသွားမည်မဟုတ်ကြောင်းနှင့် နောက်တစ်ကြိမ်တွင် ဆန္ဒမဲများ ပိုမိုရရှိရန် ဗျူဟာကျကျ အချိန်ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုပါသည်။ ဝန်ကြီးချုပ် ရာထူးရွေးချယ်ခြင်းအတွက် ဆန္ဒမဲပေးခြင်းကို ထိုင်းနိုင်ငံ၏ ဒေသစံတော်ချိန် ၄ နာရီတွင် စတင်ခဲ့ကာ နှစ်နာရီကျော်ကြာမြင့်ခဲ့ပြီး ထိုင်းတော်ဝင်မိသားစုကို အသရေဖျက်မှုမှ ကာကွယ်သည့်ဥပဒေ(Royal Defamation Law)ပြင်ဆင်ခြင်းကို အဓိကထား၍ နာရီပေါင်း များစွာကြာ စကားစစ်ထိုးပွဲ ပြုလုပ်ပြီးနောက်တွင် ဆန္ဒမဲပေးခြင်းအား ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ Pita အနေဖြင့် ထိုကဲ့သို့ Royal Defamation Law ပြင်ဆင်ရန် မူဝါဒချမှတ်ထားခြင်းသည် ဥပဒေကို နိုင်ငံရေးလက်နက်သဖွယ်အသုံးပြုနေခြင်းမှ ကာကွယ်ရန်အတွက်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။
Lese-Majeste Law ဟု အသိများသည့် ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာဥပဒေ (Criminal Code)၏ ပုဒ်မ ၁၁၂ တွင် ထိုင်းဘုရင်၊ မိဖုရား၊ နန်းမွေဆက်ခံသူ၊ သို့မဟုတ် ဘုရင့်ကိုယ်စား အုပ်ချုပ်သူကို အသရေဖျက်ခြင်း၊ ကဲ့ရဲ့ခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်းပြုလုပ်သူ မည်သူ့ကိုမဆို ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်ပြီး ဆန္ဒမပါဘဲလူသေစေမှု (Involuntary Manslaughter)ပြစ်ဒဏ်နှင့်တူညီနေပါသည်။ ကလေးသူငယ်များ အပါအဝင် ရာနှင့်ချီသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ၂၀၂၀ ပြည့်နှစ်ကတည်းက အဆိုပါ ဥပဒေဖြင့် တရားစွဲဆိုထားပါသည်။ Pita ၏ အဆိုအရ ၎င်း၏ပါတီအနေဖြင့် အဆိုပါ ဥပဒေကိုပြုပြင်ပြောင်းလဲမည့့််မူဝါဒအား ပြောင်းလဲသွားမည်မဟုတ်ကြောင်းနှင့် ပြည်သူများကို ပေးထားသည့်ကတိအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ ယခုတစ်ကြိမ်တွင် ဝန်ကြီးချုပ်ရွေးချယ်မှု မအောင်မြင်ခဲ့သည့် အတွက်ကြောင့် နောက်ထပ်မဲပေးခြင်းအတွက် အောက်လွှတ်တော်နှင့် အထက် လွှတ်တော်ကို ထပ်မံခေါ်ယူရန် လိုအပ်ကြောင်းနှင့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါသည်။ အကယ်၍ ဝန်ကြီးချုပ်လောင်းနှင့်ပတ်သက်၍ အငြင်း ပွားမှုများရှိနေပါက အနည်းဆုံး လွှတ်တော်အဖွဲ့ဝင်များ၏ ထက်ဝက်အနည်းဆုံး ၃၇၅ ဦးက အခြားသော လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့်(Outsider Prime Minister)ပုဂ္ဂိုလ်တစ်ဦး၏အမည်ကို လွှတ်တော်သို့ တင်သွင်းနိုင်ပါသည်။ ထို့ပြင် ဇူလိုင်လ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒမဲပေးခြင်းသည် Pita ၏ မိတ်ဖက်နိုင်ငံရေး ပါတီများနှင့် အတိုက်အခံအင်အားစုများအကြား နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှုကို အကဲစမ်းခြင်းဖြစ်သည့်အပြင် စစ်တပ်အား ထိုင်နိုင်ငံရေးမှဖယ်ထုတ်ရန်နှင့် စီးပွားရေး လက်ဝါးကြီးအုပ်မှုများမှ ဖယ်ရှားနိုင်ရန်အတွက် အားစမ်းခြင်းတစ်ခုလည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ယခုတစ်ကြိမ်ဆန္ဒမဲပေးခြင်းတွင် ရှုံးနိမ့်ခဲ့မှုသည် Pita အတွက် အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်ကြောင်းနှင့် ၎င်းအား ဝန်ကြီးချုပ်အရည်အချင်းနှင့် မညီညွတ်ကြောင်း အဆိုတင်သွင်း၍ ဖြုတ်ချနိုင်ရန် ကြိုးပမ်းချက်များကလည်း Pita ကို ထောက်ခံသည့်လူအုပ်စုများအား လွှတ်တော်အနီးတွင် စုဝေးဆန္ဒပြမှုများ ဖြစ်စေခဲ့ပါသည်။ ထို့ပြင် Pita အနေဖြင့် ၎င်းပါတီ၏ အစီအစဉ်များကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခြင်းသည် ထိုင်းနိုင်ငံရေးအပေါ် ဆယ်စုနှစ်များစွာကြာ စိုးမိုးထားသည့် ရှေးရိုးစွဲ ဝါဒီများ၊ တော်ဝင်မိသားစုအပါအဝင် လူကုံထံအသိုင်းအဝိုင်း(Old-Money Families)ကို ဆန့်ကျင်ဘက်ဖြစ်စေပြီး ထိုအင်အားစုများမှ Pita ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်ခံမှုအား နှောင့်ယှက်ရန် ကြိုးပမ်းလာနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဇူလိုင်လ ၁၃ ရက်နေ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲ၏ ရလဒ်များကြောင့် Move Forward Party ခေါင်းဆောင် Pita Limjaroenrat အနေဖြင့် ထိုင်းဝန်ကြီးချုပ် ဖြစ်လာရန် အလားအလာကို ပျက်ပြားစေခဲ့ပါသည်။ ထိုင်းလွှတ်တော်ဖွဲ့စည်းပုံတွင် အောက်လွှတ်တော် (Parliament)တွင် ထိုင်ခုံအရေအတွက် ၅၀၀ နှင့် အထက်လွှတ်တော်(Senate)တွင် ၂၅၀ ရှိပြီး လွှတ်တော် ၂ ရပ်ပေါင်း ၇၅၀ တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းကျော် ၃၇၆ ဦးထောက်ခံမဲ ရရှိမှသာ ဝန်ကြီးချုပ်ဖြစ်မည်ဖြစ်ပါသည်။ Pita ၏ ပါတီသည် ၁၅၁ နေရာသာ ရရှိခဲ့ပြီး မိတ်ဖက် ၇ ပါတီနှင့် ပေါင်းမှသာ ၃၁၂ သာရှိပါသည်။ ထို့ကြောင့် တိုက်ရိုက် ခန့်အပ်သော အထက်လွှတ်တော်မှ ကိုယ်စားလှယ် ၂၅၀ မပါဝင်သည့်တိုင်အောင်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရရန်မှာ မလွယ်ကူသေးကြောင်း ထင်ရှားလျက်ရှိပါသည်။
ယခု လက်တွေ့တွင်လည်း Pita အား အတိုက်အခံအင်အားစု၊ သို့မဟုတ် ကြားနေများဘက်မှ ၁၂ မဲသာရရှိခဲ့သောကြောင့် စုစုပေါင်း ၃၂၄ မဲရရှိခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ရာတွင် အနောက်အုပ်စုမီဒီယာများအနေဖြင့် Pita ဝန်ကြီးချုပ်ဖြစ်လာနိုင်ခြေကို ဖြစ်သင့်သည်ထက် ပိုပိုသာသာဖော်ပြခြင်းဖြင့် နိုင်ငံရေးအရအသာစီးရယူပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်ဟု ယူဆနိုင်ပါသည်။
Pita သည် မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်းများကို တိတိကျကျမဖော်ပြခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားမှုများသည် အပြီးသတ်အမိန့်မချရသေးသည့်အတွက်ကြောင့် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသည့်တိုင်အောင် ၎င်းပြစ်မှုများဖြင့် နိုင်ငံရေးမှဖယ်ရှား ခံရပြီး ထောင်ချအပြစ်ပေးနိုင်သည်အထိ ဥပဒေအရသက်ရောက်မှုရှိနေသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် ထိုင်းစစ်တပ်နှင့် Pita ကို မထောက်ခံသူများဘက်မှလည်း Pita အား ဝန်ကြီးချုပ်မဖြစ်စေရေးနည်းလမ်းများဖြင့် Safe-Site အပြည့်ယူထားသည်ကို တွေ့ရှိရပါသည်။
ထူးခြားချက်တစ်ခုမှာ Pita ကို မထောက်ခံသည့် ထိုင်းစစ်တပ်နှင့် အခြားသော နိုင်ငံရေးအင်အားစုများ၏ နိုင်ငံရေးလိမ္မာပါးနပ်မှုဖြစ်ပါသည်။ ယခုလက်ရှိအစိုးရကို ဦးဆောင်နေသည့် ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha သည် ဝန်ကြီးချုပ် ရွေးချယ်သည့် နေ့ရက်မတိုင်မီ ၂ ရက်အလိုတွင် နိုင်ငံရေးမှ အနားယူမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ထိုင်းတပ်မတော်မှ ထိပ်ပိုင်းအရာရှိကြီး ၄ ဦးအနေဖြင့် အခြား လုံခြုံရေးတာဝန်များ ရှိနေခြင်းကြောင့် ဝန်ကြီးချုပ်ရွေးချယ်ပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ကြေညာထားခဲ့သည်ကို တွေ့ရှိရပါသည်။ ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင်လည်း အထက် လွှတ်တော်မှ ကိုယ်စားလှယ် ၁၉၉ ဦးမှာ မဲမပေးဘဲနေခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုအချက်သည် လက်ရှိအစိုးရနှင့် ထိုင်းတပ်မတော်အနေဖြင့် Pita ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်းနှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်မှုမရှိကြောင်း နိုင်ငံရေးအရ နိုင်ငံတကာသို့ သတင်းစကားပါးခြင်းဖြစ်ပြီး တပ်မတော်ထိပ်ပိုင်းအရာရှိကြီးများအနေဖြင့် ဝန်ကြီးချုပ် ရွေးချယ်ပွဲတွင်ရှိမနေခြင်းကြောင့် အခြားနိုင်ငံရေးပြင်ဆင်မှုများ ဆောင်ရွက်နေနိုင်သည် ဟူသောအချက်ကို ပါးနပ်စွာသတင်းစကားပါးခြင်းလည်းဖြစ်သည်ဟု သုံးသပ်ရပါသည်။
ထို့ပြင် Pita ၏ အတိုက်အခံပါတီများဘက်မှ ဝန်ကြီးချုပ်နေရာကို အဆို တင်သွင်းခြင်းမပြုလုပ်သေးဘဲ Pita ၏ နိုင်ငံရေးရလဒ်ကို အခြေအနေစောင့်ကြည့် နေခြင်းသည် ၎င်းတို့၏ ကိုယ်စားလှယ်ကို Pita နှင့် ယှဉ်ပြိုင်စေပြီး Pita ကိုထောက်ခံသူ များနှင့် အနောက်အုပ်စု၏ နိုင်ငံရေးအရထိုးနှက်စရာပစ်မှတ်ဖြစ်လာမည်ကို ရှောင်ရှားခြင်း၊ လွှတ်တော်အတွင်း Pita တစ်ဦးတည်း၏ နိုင်ငံရေးလွှမ်းမိုးမှု မည်မျှရှိသည်ကို တွက်ဆ နိုင်ခြင်း၊ နောက်ထပ်ကျင်းပမည့် ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ၎င်းတို့တင်သွင်းလာမည့် ဝန်ကြီးချုပ်လောင်းအပေါ် Pita ၏ လွှမ်းမိုးမှုကို လျှော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူး များကို ရရှိနိုင်ပါသည်။ ယခုအခါလာမည့် ၁၉ ရက်နေ့တွင် ထပ်မံကျင်းပမည့် ဝန်ကြီးချုပ် ရွေးချယ်ပွဲ၌ Pita ၏ မိတ်ဖက်နိုင်ငံရေးအဖွဲ့များအနေဖြင့်လည်း ၎င်းကိုပင် ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံတင်သွင်းရန် စဉ်းစားရမည့်အခြေအနေဖြစ်သွားပါသည်။
လက်ရှိအချိန်တွင် MFP ပါတီအနေဖြင့် ၎င်းတို့ကို ထောက်ခံသူများမှတစ်ဆင့် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ဆူပူအုံကြွမှုများဖန်တီးရန် ပြင်ဆင်နေကြပြီး ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများနှင့် ရွေးကောက်ပွဲကော်မရှင်၏ တရားဥပဒေလမ်းကြောင်းများကြောင့် အနိုင်/အရှုံးရလဒ်များ အပြီးသတ်ထွက်ပေါ်လာသည့်အချိန်တွင် ထိုင်းနိုင်ငံ၌ နိုင်ငံရေး မတည်ငြိမ်မှုများ၊ စီးပွားရေးကျဆင်းမှုများ ထပ်မံပေါ်ပေါက်လာနိုင်သည်ဟု ယူဆရ ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးသာမက နိုင်ငံတကာဆက်ဆံရေး အတွက်ပါ သက်ရောက်မှုရှိနိုင်သည့် ထိုင်းနိုင်ငံရေးပြောင်းလဲမှု အခြေအနေများနှင့် ထပ်မံ ဆောင်ရွက်မည့် ဝန်ကြီးချုပ်ရွေးချယ်ပွဲများမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
65071823

Sunday, July 16, 2023

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပခဲ့မှု၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ



နိဒါန်း
မကြာသေးမီက ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေးကိစ္စအား အလေးအနက်ထား ဆွေးနွေးခဲ့သည့် ကိစ္စရပ်များ၊ အဆိုပါအရေးကိစ္စသည် အာဆီယံအတွင်း သဘောထားကွဲလွဲမှု များကို ပိုမိုဖြစ်ပေါ်စေခဲ့မှု၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည့်သတင်း၏ ပြည်တွင်း/ပြည်ပ ရိုက်ခတ်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးစတင်သည့်နေ့၌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အာဆီယံအနေဖြင့် လက်ရှိအချိန်၌ စိန်ခေါ်မှုများစွာဖြင့် ကြုံတွေ့နေရသော်လည်း ဒေသတွင်းသာမက နိုင်ငံတကာနှင့်ပါ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လိုကြောင်း၊ လက်ရှိအချိန်၌ အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အာဆီယံအစည်းအဝေးများတွင် မြန်မာ့အရေးကိစ္စကို အဓိကထားဆောင်ရွက် လာနိုင်သည့်အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း၊ ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး(ASEAN Foreign Ministers’ Retreat Meeting) တွင်လည်း မြန်မာ့အရေးကိစ္စနှင့်စပ်လျဉ်း၍ ထပ်မံဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ပါသည်။
မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့်စပ်လျဉ်း၍ အာဆီယံမှ မြန်မာနိုင်ငံအနေဖြင့် ၎င်းတို့ချမှတ်ထားသည့် တူညီဆန္ဒ ၅ ရပ်ကို လိုက်နာအကောင်အထည်ဖော်ရန် တိုက်တွန်းမှုများ ပြုလုပ်ထားသော်လည်း လက်ရှိအချိန်အထိ တိုးတက်မှုမရှိသေးသောကြောင့် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသော အင်ဒိုနီးရှား နိုင်ငံအနေဖြင့် ယခုကျင်းပနေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ နိုင်ငံရေးရာထူးမယူထားသည့် အရာရှိများကိုသာ ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်နေသောကာလသည် လက်ရှိအချိန်၌ ၂ နှစ်ခွဲနီးပါး ကြာမြင့်နေပြီဖြစ်သောကြောင့် အာဆီယံအတွက် စိန်ခေါ်မှုအလွန်များသည့် ကာလတစ်ခု ဖြစ်သည့်အပြင် အဆိုပါအရေးကိစ္စနှင့်စပ်လျဉ်း၍လည်း အာဆီယံအတွင်း သဘောထား ကွဲလွဲမှုများသည် ပိုမိုသိသာထင်ရှားလာပါသည်။ ဥပမာအားဖြင့် ပြီးခဲ့သည့်ဇွန်လက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော တတိယအကြိမ် ဒေသတွင်းအစည်းအဝေးပွဲသို့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့ခြင်းကြောင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းမရှိဘဲ အခြားသော အာဆီယံအဖွဲ့ဝင် ၇ နိုင်ငံမှ တက်ရောက်ခဲ့ခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မြန်မာ့အရေး ကိစ္စနှင့်စပ်လျဉ်းသော သဘောထားကွဲလွဲမှု ပိုမိုသိသာလာသည်ကို မီးမောင်းထိုးပြ နေခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထို့ပြင် မကြာသေးမီက မြန်မာအစိုးရ၏ သဘောတူညီချက်ဖြင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai နှင့် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတွေ့ဆုံခဲ့ကြပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Don Pramudwinai နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၁ နာရီကျော် စကားပြောခဲ့ကြသည်ဟုဆိုပါသည်။ အဆိုပါအချက်သည် လက်ရှိမြန်မာ့အရေးကိစ္စကို ဖြေရှင်းနိုင်မည့်အပြုသဘောဆောင်သော လက္ခဏာတစ်ရပ်ဖြစ်သော်လည်း လက်ရှိအချိန်၌ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ မြန်မာနိုင်ငံနှင့် သီးခြားသံခင်းတမန်ခင်းလမ်းကြောင်း ဖော်ဆောင်၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် နေခြင်းသည်အာဆီယံအတွက် စိန်ခေါ်မှုများစေခဲ့ပါသည်။ ထို့ပြင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်အဝေး၏ ပူးတွဲထုတ်ပြန်ချက်(မူကြမ်း)အရ တောင်တရုတ်ပင်လယ် အရေးကိစ္စ၏ တင်းမာမှုများကို လျှော့ချနိုင်ရန် တရုတ်နိုင်ငံနှင့် အာဆီယံအကြား တောင်တရုတ်ပင်လယ်ဆိုင်ရာ Code of Conduct နှင့် စပ်လျဉ်းသော ဆွေးနွေးမှုများတွင် အပြုသဘောဆောင်သောလက္ခဏာများ တွေ့ရှိရပြီး အသေးစိတ်အချက်အလက်များ ကိုမူ မသိရှိရသေးကြောင်း ဖော်ပြထားပါသည်၊။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြင် ဇူလိုင်လ ၁၄ ရက် နေ့တွင် စတင်ကျင်းပမည့် အာဆီယံဒေသတွင်းဖိုရမ်(ARF)ကို တက်ရောက်မည့် အခြားသောအဖွဲ့ဝင် ၂၇ နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေကြပြီး အဆိုပါ နိုင်ငံများထဲတွင် မြောက်ကိုရီးယားနိုင်ငံလည်းပါဝင်မည်ဖြစ်ပါသည်။ ARF သို့ အဆင့်မြင့် သံတမန်များဖြစ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း Wang Yi ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ အသီးသီးတက်ရောက်မည်ဖြစ်သော်လည်း မြောက်ကိုရီးယားနိုင်ငံကမူ ၎င်း၏သံအမတ်ကြီး တစ်ဦးကိုသာ စေလွှတ်သွားမည်ဟု သတင်းအချို့တွင် ဖော်ပြထားပါသည်။ ထို့ပြင် ARF ၌ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်အရေးကိစ္စ တို့ကိုသာ အလေးအနက်ထား ဆွေးနွေးသွားနိုင်ပြီး အလွတ်သဘောအစည်းအဝေးပွဲများ (Sidelines Meetings)လည်း ကျင်းပသွားနိုင်ပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၏ အာရှအရှေ့ဖျားနှင့် ပစိဖိတ်ရေးရာလက်ထောက်အတွင်းရေးမှူး Kritenbrink ကမူ အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် အလွတ်သဘောအစည်းအဝေး ဆောင်ရွက်သွားရန်မရှိဟု ပြောကြားထားပါသည်။
တွေ့ရှိသုံးသပ်ချက်
လက်ရှိမြန်မာ့နိုင်ငံရေး အပြောင်းအလဲအပေါ် အာဆီယံ၏ ချဉ်းကပ်မှုပုံစံသည်ထိရောက်မှု မရှိသည့်အပြင် အဆိုပါအပြောင်းအလဲနှင့် စပ်လျဉ်း၍လည်း အာဆီယံ အတွင်း သဘောထားကွဲလွဲမှုများ ပိုမိုဖြစ်ပေါ်လျက်ရှိပါသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့်ကိစ္စအား အစည်းအဝေးတွင် လျှပ်တပြက် ထည့်သွင်း ပြောကြားခဲ့မှုကလည်း အာဆီယအလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားပြီး မြန်မာ့အရေးဖြေရှင်းရန် ဦးဆောင်နေသည့် အင်ဒိုနီးရှားနိုင်ငံနှင့် အစည်းအဝေးတက်ရောက် လာသော နိုင်ငံတကာသံတမန်များ၊ သတင်းရယူနေသော မီဒီယာအသိုင်းအဝိုင်းကြားတွင် ပုစ္ဆာတစ်ခုဖြစ်စေခဲ့ပါသည်။ ယခုအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေးကိစ္စကို အလေးအနက်ထားဆွေးနွေးခဲ့ပြီး တရုတ်-အာဆီယံ တောင်တရုတ် ပင်လယ်ဆိုင်ရာ Code of Conduct ဖော်ဆောင်မှုကဏ္ဍတွင်လည်း တိုးတက်သည့် လက္ခဏာများရှိနေသည်ကို တွေ့ရှိရပါသည်။
မကြာသေးမီက မြန်မာအစိုးရ၏ သဘောတူညီချက်အရ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦး တွေ့ဆုံခဲ့ကြပြီး အဆိုပါတွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည် က လက်ရှိမြန်မာအစိုးရမှ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် စွပ်စွဲထားသော NUG နှင့် PDF အဖွဲ့တို့ကို အသိအမှတ် မပြုသလို၊ ထောက်ခံမှုလည်းမရှိဟု ပြောကြားခဲ့ကြောင်းကို ဂျပန်နိုင်ငံအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်သည့် PanOrient News တွင် စတင်ဖော်ပြထားပြီး အခြား ပြည်တွင်း/ပြည်ပ မီဒီယာကြီးများတွင်လည်း အဆိုပါသတင်းမှာ ရေပန်းစားလျက် ရှိပါသည်။ ထိုသံတမန်ရေးအရွေ့သည် လက်ရှိမြန်မာအစိုးရအား အာဆီယံ အစည်းအဝေးများတွင် ဖယ်ထုတ်ထားပြီး အဖြေရှာလိုသည့် တောင်ဘက်ခြမ်းအာဆီယံအုပ်စုအား ၎င်းတို့၏ သဘောထား အခြေအနေမှန်ကို ပြန်လည်သုံးသပ်ရမည့် အနေအထားဖြစ်လာခဲ့သည်ဟု ယူဆရပါသည်။
PanOrient News တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ဟု ကိုးကားထားသည့် သူမအနေဖြင့် NUG/PDF များကို လက်မခံကြောင်းနှင့် အသိအမှတ်မပြုကြောင်း ဖော်ပြချက်က လက်နက်ကိုင်လမ်းစဉ်ဖြင့် မြန်မာ့နိုင်ငံရေးကို အဖြေရှာရန်ဆောင်ရွက်နေသူများအတွက် စိတ်ပျက်ဖွယ်ဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်ကို တရားမဝင် ကြောင်းနှင့် မခိုင်လုံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားမပြုကြောင်း မီဒီယာများ ပေါ်၌ အကြောက်အကန်ဖြေရှင်းလျက်ရှိပါသည်။ သို့သော်လည်း ၎င်းတို့ကို ထိတွေ့ဆက်ဆံ နေသည့် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထိုကိစ္စရပ်နှင့်ပတ်သက်ပြီး တုံ့ပြန်မှုမတွေ့ရသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြ‌ဆဲဖြစ်သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဆက်လက်ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံရေးပဋိက္ခ သံတမန်ရေးတိုက်ပွဲများမှာ ဆက်လက်စောင့်ကြည့်ရမည့် စိတ်ဝင်စားဖွယ်ရာ ကိစ္စရပ်များဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
64071723

Thursday, July 13, 2023

အမေရိကန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံအား ရေကြောင်းထောက်ပံ့ရေးနှင့် ပြင်ဆင်ရေးဗဟိုချက်အဖြစ် အသုံးပြုရန်စီစဉ်လျက်ရှိမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံအား ရေကြောင်းဆိုင်ရာ အရေးပါသည့် ထောက်ပံ့ရေးနှင့် ပြင်ဆင်ရေးဗဟိုချက်အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံကလည်း အမေရိကန်နိုင်ငံနှင့် သဘောတူညီထားပြီး လက်ရှိတွင် အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံရှိ သင်္ဘောကျင်းများနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုပြီးဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် ၎င်း၏ အကျိုး စီးပွားကို ဦးစားပေး၍ သံတမန်ရေးနည်းလမ်းများအား ပြောင်းလွယ်ပြင်လွယ်ဆောင်ရွက်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံအား တောင်အာရှဒေသအတွင်းရှိ ရေတပ် သင်္ဘောများအတွက် ပြန်လည်ဖြည့်တင်းထောက်ပံ့ရေးနှင့် ပြန်လည်ပြင်ဆင်မွမ်းမံမှုများလုပ်ဆောင်နိုင်မည့် အရေးပါသော ဗဟိုချက်အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။ တောင်အာရှဒေသအတွင်း ထိုကဲ့သို့ စွမ်းဆောင်ရည်ရှိသည့် ဆိပ်ကမ်းများ မရှိသေးဘဲ အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်(Joe Biden)နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒရာမိုဒီ (Narendra Modi)တို့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် အိမ်ဖြူတော်၌ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံ ပြီးပြည့်စုံသော ကာကွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်နိုင်ငံအဖြစ်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။ အမေရိကန်-အိန္ဒိယ အဓိကကာကွယ်ရေးမိတ်ဖက်သတ်မှတ်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် အရေးပါသည့် ကဏ္ဍရပ်တစ်ခုဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံအနေဖြင့် သင်္ဘောများနှင့် လေယာဉ်တင်သင်္ဘောများအတွက် အရေး ပါသည့် ပြန်လည်ထောက်ပံ့ရေး၊ ပြန်လည်ပြင်ဆင်ရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံအား ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံပင်တဂွန်စစ်ဌာနချုပ်၏ ပြန်ကြားရေးဝန်ကြီး လေတပ်ဗိုလ်ချုပ်ကြီး Pat Ryder က ၎င်းတို့အနေဖြင့် အနာဂတ်အတွက် ပြင်ဆင်မှုများလိုအပ်နေပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံအား အမေရိကန်နိုင်ငံနှင့် အခြား အင်ဒို-ပစိဖိတ်နိုင်ငံများ၏ အရေးပါသည့်ဗဟိုချက်အဖြစ် ပြောင်းလဲပေးသွားရန် ရည်ရွယ်လျက်ရှိသည်ဟု ပြောကြားခဲ့ပါသည်။ ထို့နောက် အမေရိကန်နိုင်ငံရေတပ်သည် အိန္ဒိယနိုင်ငံရှိ Larsen နှင့် Toubro သင်္ဘောကျင်းများနှင့် သင်္ဘောပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက်များလက်မှတ်ရေးထိုးခဲ့ပြီး Mumbai နှင့် Goa အခြေစိုက် သင်္ဘောကုမ္ပဏီများနှင့်လည်း လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ အမေရိကန်တပ်မတော်သည် အင်ဒို-ပစိဖိတ်ဒေသအတွင်း ပြန်လည်ဖြည့်တင်းထောက်ပံ့ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး အမေရိကန်နိုင်ငံ အနေဖြင့် ဒေသအတွင်း ရေကြောင်းဆိုင်ရာ အရေးပါသည့် ဆိပ်ကမ်းများ တည်ဆောက် နိုင်မည်ဆိုပါက အမေရိကန်-အိန္ဒိယ နှစ်နိုင်ငံစလုံးအတွက် ရေယာဉ်ပြန်လည်ပြင်ဆင် မွမ်းမံမှုများ၌ အချိန်များစွာသက်သာနိုင်ပြီး အခြားနိုင်ငံများနှင့် ပြုလုပ်သည့် ရေကြောင်း လေ့ကျင့်ခန်းများအတွက်လည်း အချိန်များစွာ ချွေတာနိုင်မည်ဖြစ်သည်ဟု ဆိုပါသည်။
အမေရိကန်နိုင်ငံက တည်ဆောက်ထားသည့် အရှေ့အလယ်ပိုင်းနှင့် အနောက် ပစိဖိတ်ဒေသအတွင်း နှစ်နိုင်ငံသဘောတူညီမှု ရေကြောင်းထောက်ပံ့ရေး ဗဟိုချက် များမှာ လိုအပ်ချက်များရှိနေကြာင်းနှင့် ထိုမပြည့်စုံမှုများကို အိန္ဒိယနိုင်ငံက ဖြည့်စွက် ပေးနိုင်မည်ဖြစ်ပါသည်။ လက်ရှိတွင် ဂျပန်နှင့် စင်ကာပူနိုင်ငံတို့သည် အမေရိကန်နိုင်ငံ အတွက် အာရှဒေသအတွင်း ဗဟိုချက်များအဖြစ် ဆောင်ရွက်လျက်ရှိပြီး အိန္ဒိယ သမုဒ္ဒရာအတွက် Diego Garcia နှင့် Western Australia ဆိပ်ကမ်းများကို အသုံးပြု လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ပင်တဂွန်၏ တရုတ်နိုင်ငံဆိုင်ရာ နှစ်စဉ် ထုတ်ပြန်ချက်တစ်ခုတွင် တရုတ်ရေတပ်သည် ကမ္ဘာပေါ်တွင် သင်္ဘောနှင့် ရေငုပ်သင်္ဘော စုစုပေါင်း ၃၅၅ စီးဖြင့် အရေအတွက်အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် အမေရိကန်သင်္ဘောများအနေဖြင့် ပင်လယ်ရေကြောင်းတွင် ပိုမိုကောင်းမွန်သည့် နည်းလမ်းနှင့် စွမ်းဆောင်ရည်များရှိရန် လုပ်ဆောင်သင့်ကြောင်းနှင့် ထိုသို့လုပ်ဆောင်ခြင်း မရှိပါက ရေကြောင်းစွမ်းရည်နှင့် ဟန့်တားခြင်း အစီအစဉ်များတွင် တရုတ်နိုင်ငံအား ရှုံးနိမ့်နိုင်ဖွယ်ရှိကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသသည် ဥရောပထက် ပိုမိုကျယ်ပြန့်သည့် ရေပြင်ဧရိယာရှိခြင်းကြောင့် ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုခက်ခဲမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ စင်ကာပူအခြေစိုက် အမေရိကန်ရေတပ်ဆိုင်ရာ ထောက်ပံ့ရေးတပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး Mark Melson က ၎င်းတို့အနေဖြင့် ပြီးပြည့်စုံသည့် အသင့်ဖြစ်မှု ရှိပြီဟု မဆိုနိုင်ကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပြန်လည်ပြင်ဆင်ရေးနှင့် လက်နက် ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် ဖြစ်နိုင်သမျှနေရာများကိုရှာဖွေနေကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံအစိုးရသည် အိန္ဒိယသမုဒ္ဒရာထက် ကျော်လွန်ဆောင်ရွက် နိုင်ရန်အတွက် အိန္ဒိယနိုင်ငံနှင့် ခိုင်မာအားကောင်းသည့် မိတ်ဖက်ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိခြင်းဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam နှင့်ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Enrique Manalo တို့၏ ဇွန်လနှောင်းပိုင်းက ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်တစ်ခုတွင် ၎င်းတို့သည် တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ပိုင်နက်အငြင်းပွားမှုကိစ္စရပ်များကို ငြင်းဆိုခဲ့သည့် The Hague တရားရုံး၏ စီရင်ဆုံးဖြတ်မှုကို သဘောတူညီသည်ဟု ဖော်ပြထားပါသည်။ ထိုကိစ္စရပ်မှာ အိန္ဒိယနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ပင်လယ်ရေကြောင်းဆိုင်ရာ ကွန်ဗန်းရှင်းကို အခြေခံသည့် The Hague ၏ ဆုံးဖြတ်မှုအား ပထမဆုံးအကြိမ် သဘောတူညီမှုကို ပြသခဲ့ခြင်းဖြစပြီး အိန္ဒိယနိုင်ငံအနေဖြင့် အဆိုပါပြဿနာများတွင် ဂျပန်နိုင်ငံ၊ အနောက်နိုင်ငံများတို့နှင့် သဘောထားတူညီလျက်ရှိသည်ကို ဖော်ပြခြင်းပင်ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးဆဲနိုင်ငံများကို ကိုယ်စားပြု နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းများအကြားတွင် အရေးပါသည့် အခန်းကဏ္ဍနှင့် ပြောရေးဆိုခွင့်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့နောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဇွန်လ အတွင်း ဝါရှင်တန်ခရီးစဉ်က အိန္ဒိယနိုင်ငံအနေဖြင့် လုံခြုံရေးကဏ္ဍအတွက် အနောက်အုပ်စုနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ရန် အဓိကထား ဆောင်ရွက်သည့်ဘက်သို့ ယိမ်းလာခဲ့သည့် သက်သေဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံကိုလည်း ဥက္ကဋ္ဌအဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ သံတမန်ရေးနည်းလမ်းများသည် မဟာဗျူဟာလွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် (Strategic Autonomy)ရှိမည့် ၎င်း၏ အကျိုးစီးပွားကိုသာ ဦးစားပေးလုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ ပြီးခဲ့သည့် နှစ်များတွင် အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံမှ လေကြောင်းရန် ကာကွယ်ရေးစနစ်များရယူမှုများနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့်အပြင် ၁၉၇၁ ခုနှစ်တွင်လည်း အမေရိကန် နိုင်ငံသည် အင်ဒို-ပါကစ္စတန်စစ်ပွဲနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံကို ခြိမ်းခြောက်ရန် လေယာဉ်တင်သင်္ဘောများ အိန္ဒိယနိုင်ငံအနီး စေလွှတ်ခဲ့ပါသေးသည်။ ထို့ကြောင့် အိန္ဒိယနှင့်အမေရိကန်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးသည် နှစ်နိုင်ငံအကြား မီးခဲပြာဖုံး ဖြစ်နေသည့် မယုံကြည်မှုများကို ကျော်လွှားနိုင်ခြင်း ရှိ/မရှိမှာ ဆက်လက်စောင့်ကြည့် ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အင်ဒို-ပစိဖိတ်ဒေသအတွင်း အိန္ဒိယနိုင်ငံ၏ အရေးပါမှုများနှင့် အိန္ဒိယနိုင်ငံကို အသုံးချကာ တရုတ်နိုင်ငံအား ထိန်းချုပ်ရန်၊ ရေတပ်ထောက်ပံ့ ပို့ဆောင်ရေးနှင့် ပြန်လည်ပြင်ဆင်ရေးဆိပ်ကမ်းများ တည်ဆောက်ပြီး အိန္ဒိယသမုဒ္ဒရာအား လွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေသည့် အမေရိကန်နိုင်ငံ၏ လုပ်ဆောင်မှုများအား ဖော်ပြထား ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည်လည်း ၎င်းတို့၏ လုံခြုံရေးကဏ္ဍ အကျိုးစီးပွားအတွက် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတည်ဆောက်နေခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား သမိုင်းကြောင်း ဆိုင်ရာ မယုံကြည်မှုများရှိနေသည်ကိုလည်း တွေ့ရှိရပါသည်။
အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာ့ရေကြောင်းကဏ္ဍလုံခြုံရေးအတွက် အထူးအရေး ပါသည့် ဒေသတစ်ခုဖြစ်ပါသည်။ အင်ဒို-ပစိဖိတ်(Indo-Pacific)ဆိုသည့် အသုံးအနှုန်းသည် အရှေ့အာရှအပါအဝင် အရှေ့တောင်အာရှကမ်းရိုးတန်းဒေသများနှင့် တစ်ဆက်တည်း ကမ်းလွန်ပင်လယ်ပြင်များအပါအဝင် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကြီးနှစ်ခုကို ပထဝီနိုင်ငံရေးဒေသကြီးတစ်ခုအဖြစ် ဆက်စပ်ပေါင်းစည်းရန် စဉ်းစားသည့် အယူအဆဖြစ်ပါသည်။ အင်ဒို-ပစိဖိတ်မဟာဗျူဟာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှု၊ ကာကွယ်ရေး၊ လုံခြုံရေးအစရှိသည့် အရေးပါသောကဏ္ဍများ ပါဝင်လျက် ရှိပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၏ သဘာဝဓာတ်ငွေ့နှင့် ရေနံအကျိုးစီးပွားများအပါအဝင် အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ဘက်သို့ အာရုံစိုက် နေချိန်တွင် တရုတ်နိုင်ငံသည် စီးပွားရေးအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း အင်ဒို-ပစိဖိတ်ဒေသကို အတန်အသင့်လွှမ်းမိုးနိုင်ခဲ့ပါသည်။
ထို့ကြောင့် ၂၀၁၂ ခုနှစ် သမ္မတ အိုးဘားမားလက်ထက်တွင် Back to Asia ဟူသည့် မူဝါဒဖြင့် အင်ဒို-ပစိဖိတ် မဟာဗျူဟာဘက်သို့ ပြန်လည်ခြေဦးလှည့်ရန် ကြိုးပမ်း လာခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့ ကြိုးပမ်းမှုတွင် အင်ဒို-ပစိဖိတ် မဟာဗျူဟာ အတွက်အရေးပါပြီး စီးပွားရေးအရ အင်အားကြီးမားလာပြီး အိန္ဒိယသမုဒ္ဒရာကို စိုးမိုးထားနိုင်သော အိန္ဒိယနိုင်ငံသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခြင်းဖြစ်သည်ဟု ယူဆရနိုင်ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် ဒေသတွင်းစစ်ရေးနှင့် စီးပွားရေးတွင် သိသိသာသာ အင်အားကြီးမားလာသည့် တရုတ်နိုင်ငံကို ထိန်းညှိရန် အိန္ဒိယနိုင်ငံအားမဖြစ်မနေ လိုအပ်မည်သာဖြစ်ပါသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ရုရှားနိုင်ငံမှ စီးပွားရေးကဏ္ဍတွင် အကျိုးအမြတ်ရရှိခဲ့သော်လည်း နိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေး ကဏ္ဍတွင် ဒေသတွင်းပြိုင်ဘက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ ကာကွယ်ရေးစွမ်းအား တိုးတက်မှုကို တုံ့ပြန်နိုင်ရန် လိုအပ်လျက်ရှိသော စစ်လက်နက်ပစ္စည်းကိရိယာ Platform များ၏ နည်းပညာနယ်ပယ်များတွင် ရုရှားနိုင်ငံ၏ အထောက်အကူ ရရှိနိုင်မှု လျော့ပါးလာနိုင်သောကြောင့် ယခင်သမိုင်းကြောင်းကို မျက်ကွယ်ပြု၍ ဒီမိုကရေစီနိုင်ငံအချင်းချင်းဟု အကြောင်းပြချက်ဖြင့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး တိုးချဲ့လာသည်ကို တွေ့မြင်နေရပါသည်။ ထို့ကြောင့် အိန္ဒိယသမုဒ္ဒရာ၏ အနားသတ် နိုင်ငံဖြစ်ပြီး အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြားတွင် မဟာဗျူဟာမြောက် တည်ရှိသောမိမိတို့မြန်မာနိုင်ငံအနေဖြင့် နိုင်ငံကြီးများ၏ မိမိတို့အကျိုးစီးပွားအတွက် ရည်မှန်း အကောင်အထည်ဖော်နေသော မဟာဗျူဟာအရ ပြောင်းလဲစီစဉ်မှုများကို အမြဲမပြတ် ဖော်ထုတ်၍ ၎င်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တစ်ပါတည်းလိုက်ပါစီးမျော နိုင်ရန် ကြိုတင်မျှော်တွေးပြင်ဆင်နိုင်ခြင်းသည် ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

63071423

Wednesday, July 12, 2023

နည်းပညာကဏ္ဍတိုးတက်လာမှုက စစ်ပွဲပုံစံများကို ပြောင်းလဲလာစေမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
စစ်ပွဲတစ်ခုတွင် နည်းပညာကဏ္ဍ၏ သက်ရောက်မှုများကြီးမားလာသော်လည်း Manpower ကို လျစ်လျူရှု၍ မဖြစ်နိုင်သေးဘဲ လျင်မြန်မှု၊ တိကျမှုကိုရရှိရန် နည်းပညာအကူအညီများအသုံးပြုလာသည့် ခေတ်သစ် Electronic Warfare အကြောင်းကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
၁၉၇၀ ပြည့်နှစ်ကတည်းက ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နည်းပညာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု (အထူးသဖြင့် ပစ်မှတ်များကို ထိရောက်စွာ ပစ်ခတ်နိုင်သည့် တာဝေးပစ်လက်နက်များနှင့် ရန်သူ့ပစ်မှတ်များကို ရှာဖွေနိုင်သည့် ဂြိုဟ်တုကဲ့သို့သော စနစ်များကို ချိတ်ဆက်ဆောင်ရွက်မှု စစ်နည်းဗျူဟာသစ်)ကို အနီးကပ်လေ့လာ စောင့်ကြည့် ခဲ့ကြပါသည်။ ၁၉၉၁ ခုနှစ်၊ အီရတ်စစ်ပွဲ၌ အမေရိကန်နိုင်ငံအနေဖြင့် အီရတ်နိုင်ငံအပေါ် အချိန်တိုအတွင်း အနိုင်ရရှိခဲ့မှုသည် အဆိုပါစစ်နည်းဗျူဟာ၏ အရေးပါမှုကို မီးမောင်းထိုး ပြနေခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် နည်းပညာအသုံးပြု၍ ရန်သူ၏ ဌာနချုပ်များနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို တိကျစွာရှာဖွေပစ်ခတ်၍ တစ်ဖက်ရန်သူအပေါ် ဖိအားပေးခြင်းကဲ့သို့သော ပုံစံမျိုးများပါဝင်ပါသည်။ ထိုကဲ့သို့သော စစ်နည်းဗျူဟာကို အမေရိကန်နိုင်ငံက “Revolution in Military Affairs” ဟု ခေါ်ဆိုကြပြီး ရုရှားနိုင်ငံကမူ “Reconnaissance-strike complex” ဟု ခေါ်ဆိုပါသည်။
စစ်အင်အားတောင့်တင်းသည့် အစ္စရေးစစ်တပ်သည်ပင် အနာဂတ် စစ်ပွဲများတွင် သမားရိုးကျလူအင်အားနှင့်တင့်ကားများ အများအပြား ပါဝင်ဆင်နွှဲသည့် စစ်နည်းဗျူဟာမျိုးထက် နည်းပညာနှင့် ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည့် လက်နက်များ ပူးတွဲအသုံးပြု၍ တိုက်ခိုက်သည့် စစ်နည်းဗျူဟာမျိုးက ပိုမိုထိရောက်သည်ကို လက်ခံ လာကြပါသည်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ကလည်း နိုင်ငံများအနေဖြင့် အနာဂတ်စစ်ပွဲ များနှင့် စပ်လျဉ်း၍ ဆိုက်ဘာကဲ့သို့သော နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်သင့်သည်ဟု ဆိုထားပါသည်။ ထို့ပြင် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့် စပ်လျဉ်း၍ သုတေသီအချို့၏ ယူဆချက်များ (အထူးသဖြင့် စစ်အင်အား၊ လူအင်အား တောင့်တင်းခိုင်မာသည့် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံကို အချိန်တိုအတွင်း သိမ်းယူ နိုင်သည်ဟု ယူဆထားမှုများ)သည် လွဲမှားခဲ့ကြပါသည်။ ဥပမာအားဖြင့် လက်ရှိအချိန်၌ ရုရှားနိုင်ငံဘက်တွင် စစ်သည် ၂ သိန်းကျော် ထိခိုက်သေဆုံးမှုရှိခဲ့သော်လည်း ယူကရိန်းနိုင်ငံဘက်တွင်မူ စစ်သည် ၁ သိန်းကျော်သာ ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုပါသည်။
ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့် ပထမကမ္ဘာစစ်ကို နှိုင်းယှဉ်မည်ဆိုပါက ပထမကမ္ဘာစစ်တွင် ဗြိတိန်နိုင်ငံသည် ၁၉၁၆ ခုနှစ် Somme တိုက်ပွဲမတိုင်မီက တစ်ရက်လျှင် လက်နက်ကြီးပစ်ခတ်မှုအကြိမ်အရေအတွက် ၂ သိန်းနီးပါးရှိခဲ့သော်လည်း ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ၌ ရုရှားနိုင်ငံသည် တစ်ရက်လျှင် ၆ သောင်းနီးပါသာ ပစ်ခတ်လျက်ရှိပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ ပိုမိုကြာမြင့်လာသည်နှင့်အမျှ နှစ်ဖက်စလုံးတွင် ခဲယမ်းထောက်ပံ့မှု၊ ထုတ်လုပ်မှုကဏ္ဍတို့တွင် အားနည်းလာကြသည့် အပြင် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ ယူဆထားသည့်အတိုင်း ဖြစ်မလာမှု၊ အထူးသဖြင့် ပဋိပက္ခ ပိုမိုကြာမြင့်လာမှုကို ကြည့်ခြင်းဖြင့် ခေတ်မီနည်းပညာရှိသော်လည်း လူအင်အား(Manpower)နည်းခြင်းသည် စစ်ပွဲအောင်နိုင်ခြင်းကို အမြဲတမ်းမစွမ်းဆောင် နိုင်ဟုဆိုသော အယူအဆသစ်ကို မီးမောင်းထိုးပြနေပါသည်။ ထို့ပြင် ဗြိတိန်(ကြည်း)တပ်၏ ဗိုလ်ချုပ် Patrick Sanders ကလည်း ဆိုက်ဘာစစ်ပွဲတစ်ခုထဲဖြင့် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်မဖြစ်နိုင်ဟု ပြောကြားထားပါသည်။
ရန်သူ့ပစ်မှတ်များကို ထိရောက်စွာ ပစ်ခတ်နိုင်သည့် တာဝေးပစ်လက်နက် များနှင့် ရန်သူ့ပစ်မှတ်များကို ရှာဖွေနိုင်သည့် ဂြိုဟ်တုကဲ့သို့သော စနစ်နှစ်ခုကို ချိတ်ဆက်၍ အချိန်တိုအတွင်းတိုက်ခိုက်နိုင်သော စစ်နည်းဗျူဟာသစ်၏ စစ်ပွဲများ အပေါ် လွှမ်းမိုးမှု မည်မျှကြီးမားသည်ကို လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခတွင် တွေ့မြင်နိုင်ပါသည်။ လက်ရှိအချိန်၌ ရန်သူ့ကင်းထောက်လုပ်ငန်း များတွင် ဒရုန်းများကို ပိုမိုအသုံးပြုလာပြီး ၎င်းတို့၏ အချိန်တိုအတွင်း သတင်း အချက်အလက်ပြန်လည်ပေးနိုင်မှုသည်လည်း အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားသည့် ပထမခြောက်လ အတွင်း၌ ကိုယ်ပိုင်ဒရုန်းများရှိသည့် ရုရှားနိုင်ငံအမြောက်တပ်များသည် ပစ်မှတ် များအား သုံးမိနစ်မှငါးမိနစ်အတွင်း ရှာဖွေတိုက်ခိုက်မှု ပြုလုပ်နိုင်သော်လည်း ကိုယ်ပိုင် ဒရုန်းများမရှိသည့် အမြောက်တပ်များအနေဖြင့် ပစ်မှတ်အား မိနစ် ၃၀ နီးပါး ရှာဖွေ ရသည့်အပြင် တိုက်ခိုက်ရာတွင်လည်း တိကျမှုအားနည်းကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် အနောက်အုပ်စု စစ်တပ်များအနေဖြင့် စစ်ပွဲများတွင် အသုံးပြုရန်၊ အထူးသဖြင့် ရန်သူ့သတင်းထောက်လှမ်းရန် ဗီဒီယိုကင်မရာများ(Video Cameras)၊ အပူခြေရာခံသည့်စနစ်(Thermal Imagers)နှင့် ရေဒီယိုအင်တင်နာ(Radio Antennas) တို့ကို အသုံးပြုနေပြီး ၎င်းတို့မှတစ်ဆင့် ရရှိသည့် ရန်သူ့သတင်းအချက်အလက်နှင့် တည်နေရာများကို အနီးဆုံးတွင် ရှိနေသော မိမိတို့၏ လက်နက်ကြီးစခန်းများ၊ အမြောက်တပ်များ၊ တပ်ဖွဲ့များနှင့် စစ်သင်္ဘောများထံသို့ပေးပို့၍ ထိရောက်လျင်မြန်သော တိုက်ခိုက်မှုပြုလုပ်သည့် စစ်နည်းဗျူဟာကို ဖော်ဆောင်ရန် ကြိုးပမ်းလာသည်မှာ နှစ်ပေါင်းကြာမြင့်နေပြီဖြစ်ပါသည်။ အဆိုပါ စစ်နည်းဗျူဟာအား ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ၌ စတင်အသုံးပြုလာသည်ကို တွေ့ရှိရခြင်းသည် အနာဂတ်စစ်ပွဲများ၏ ပုံစံသစ်များကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်ပါသည်။
ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ၌ ယူကရိန်းနိုင်ငံအသုံးပြုနေသော ဟောင်ဝစ်ဇာ အမြောက်ကြီးများသည် ယခင်ကအမေရိကန်နှင့် ဆိုဗီယက်တို့ထံမှ ရရှိထားသော လက်နက်ကြီးများဖြစ်သည့်အတွက် ခေတ်နောက်ကျနေသည့်အပြင် အရေးကြီးအစိတ်အပိုင်း များမှာလည်း ပျက်စီးယိုယွင်းနေပါသည်။ သို့သော်လည်း ယူကရိန်းနိုင်ငံသည် အဆိုပါ လက်နက်ကြီးများကို အခြားအဆင့်မြင့်နည်းပညာများ(Algorithms အပါအဝင်)နှင့် ပူးပေါင်း၍ တိုက်ခိုက်သည့် စစ်နည်းဗျူဟာသစ်ကို ဖော်ဆောင်တိုက်ခိုက်နေပါသည်။ လက်ရှိအချိန်၌ ယူကရိန်းနိုင်ငံသည် “Starlink” ဟု ခေါ်သော Network (Elon Musk ၏ SpaceX ကုမ္ပဏီမှ လွှတ်တင်ထားသော ဂြိုဟ်တုမှရရှိ)တစ်ခုကို ဝင်ခွင့်ရရှိထားပြီး သာမန်ယူကရိန်းစစ်သားတစ်ယောက်သည်ပင် အဆိုပါ Network ကို ဝင်ရောက် အသုံးပြုနိုင်ပါသည်။ အထူးသဖြင့် အဆိုပါ Network မှတစ်ဆင့် လက်ရှိ ဆောင်ရွက် နေသော ယူကရိန်းနှင့် ရုရှားနိုင်ငံတို့၏ စစ်မြေပြင်လှုပ်ရှားမှုများကို တိုက်ရိုက်ကြည့်ရှု နိုင်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ယူကရိန်း နည်းပညာရှင်အချို့မှ ရေးသားထားသည့် Delta ဆော့ဝဲလ်သည် ရုရှားနိုင်ငံနှင့်စပ်လျဉ်းသော သတင်းအချက်အလက်များကို များစွာရှာဖွေပေးနိုင်သည့် အပြင် အဆိုပါဆော့ဝဲလ်အား America's National Geospatial-Intelligence Agency နှင့် ချိတ်ဆက်ထားသောကြောင့် အမေရိကန်နိုင်ငံ၏ အရပ်ဘက်သုံးဂြိုဟ်တုများမှတစ်ဆင့် မှတ်တမ်းဓာတ်ပုံများကို ရယူနိုင်ပါသည်။ အဆိုပါဆော့ဝဲလ်သည် ယူကရိန်းနိုင်ငံ အတွက် သတင်းအချက်အလက်ရယူမှု၌ အထောက်အကူများစွာပြုနေပြီး ထိုမှတစ်ဆင့် ဒရုန်းများစေလွှတ်၍ ပစ်မှတ်ရှာဖွေခြင်းကို လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ၌ ရုရှားနိုင်ငံသည် ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်ကွပ်ကဲသည့် ဒရုန်းနှင့် အမြောက်တပ်များ ပူးတွဲတိုက်ခိုက်သည့် “Networked Warfare” ကို ဖော်ဆောင်နေခြင်းဖြစ်ပါသည်။ ထို့ပြင် ရုရှားနိုင်ငံ၏ ထောက်လှမ်းရေး စနစ်သည် ကောင်းမွန်သော်လည်း ၎င်းကို ထိရောက်စွာ အသုံးပြုရန် လိုအပ်နေသေးကြောင်း ဖော်ပြထားပါသည်။
အဆိုပါစစ်ရေးပဋိပက္ခ၏ အစပိုင်း၌ ရုရှားနိုင်ငံလေတပ်မှ ယူကရိန်းနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အောင်မြင်စွာ မတိုက်ခိုက်နိုင်ခဲ့ခြင်းသည် ရုရှား ထောက်လှမ်းရေးမှ ရုရှားနိုင်ငံကွပ်ကဲမှုဌာနချုပ်သို့ ပစ်မှတ်နှင့်စပ်လျဉ်းသော သတင်း အချက်အလက်ပေးပို့မှုအချိန် ကြာမြင့်သောကြောင့်ဖြစ်ပါသည်။ သတင်းရရှိသည့်အချိန်၌ ၎င်းတို့၏ပစ်မှတ်များသည် အခြားသောနေရာများသို့ ရွှေ့ပြောင်းသွားသောကြောင့်ဖြစ်ပါသည်။ လက်ရှိအချိန်ထိလည်း ရုရှားနိုင်ငံသည် အဆိုပါပြဿနာ (သတင်းအချက် အလက်ပေးပို့မှု နောက်ကျခြင်း)ကို ဆက်လက်ရင်ဆိုင်နေရပါသည်။ ဂျာမနီနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဦးစီးချုပ်ဟောင်း Nico Lange က ယူကရိန်းနိုင်ငံသည် “Data-driven Combat” ဟု ခေါ်သည့် စစ်နည်းဗျူဟာကို အသုံးပြုနေကြောင်း၊ ဆိုလို သည်မှာ Kropyva နှင့် Delta ကဲ့သို့သော သတင်းအချက်အလက်စုဆောင်းသည့် ဆော့ဝဲလ်များ၊ AI များကို အသုံးပြု၍ သတင်းရှာဖွေကာ ရရှိလာသော အရေးကြီးသတင်း များအား “WhatsApp” တွင် Group ဖွဲ့၍ သတင်းအချက်အလက်မျှဝေခြင်းကို ပြုလုပ်ခြင်းဖြင့် သတင်းအချက်အလက်ပေးပို့မှု မြန်ဆန်သည့်အပြင် ပစ်မှတ်ကိုပါ လျင်မြန်စွာ ရှာဖွေပစ်ခတ်နိုင်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ခေတ်သစ်စစ်ပွဲများ၏ လျင်မြန်မှု(Speed)နှင့် တိကျမှု(Precision)သည် စစ်နည်းဗျူဟာအပေါ်ကို သက်ရောက်မှုများစွာရှိနေသောကြောင့် ယခင်အသုံးပြုခဲ့သော စစ်နည်းဗျူဟာများအပေါ်တွင် စိန်ခေါ်မှုများရှိလာပါသည်။ ထို့ပြင် ပုံဖျက်ဖုံးကွယ်ခြင်း နည်းဗျူဟာတွင် ပါဝင်သည့် Camouflage အသုံးပြုခြင်း၊ Thermal Blanket အသုံးပြုခြင်း တို့ကိုပါ ထောက်လှမ်းနိုင်သည့် နည်းစနစ်များ ပေါ်ထွက်လာသောကြောင့် အဆိုပါ နည်းဗျူဟာအပေါ်တွင်ပါ စိန်ခေါ်မှုများရှိလာပါသည်။ RUSI ၏ အဆိုအရ အနာဂတ် စစ်ပွဲတွင် အသက်ရှင်ရပ်တည်နိုင်ရန်နှင့် ဆုံးရှုံးမှုနည်းစေရန် အကောင်းဆုံးနည်းလမ်းမှာ လျင်မြန်စွာရွေ့လျားမှုနှင့် တည်နေရာပြောင်းလဲနိုင်မှုပင်ဖြစ်သည်ဟုဆိုသည်။ ထို့ပြင် လက်ရှိအချိန်၌ ယူကရိန်းနိုင်ငံ၏ ခံစစ်ကဏ္ဍကောင်းမွန်နေခြင်းသည် နည်းပညာအား ထိရောက်စွာ အသုံးပြု၍ သတင်းအချက်အလက်ပေးပို့မှုမြန်ဆန်ခြင်းပင်ဖြစ်ပြီး ထိုမှတစ်ဆင့် ပစ်မှတ်အား လျင်မြန်စွာတိုက်ခိုက်နိုင်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အနာဂတ်စစ်ပွဲတစ်ခု၌ နည်းပညာကဏ္ဍ၏ သက်ရောက်မှု အားများလာနိုင်သော်လည်း စစ်တပ်၏ အခြေခံအုတ်မြစ်ဖြစ်သည့် လူအင်အား (Manpower)ကို လုံးဝကျော်လွန်ရန်မဖြစ်နိုင်သေးသော်လည်း ဒရုန်းများနှင့် နည်းပညာ သုံး၍ တိကျသည့်တည်နေရာနှင့် သတင်းအချက်အလက်ရှာဖွေသည့် အီလက်ထရောနစ် စစ်ဆင်ရေး(Electronic Warfare)ကို အသုံးပြုနိုင်သည့် စစ်တပ်များက အားသာချက် များစွာရှိကြောင်း၊ တစ်နည်းအားဖြင့် နည်းပညာနှင့် လူအင်အား(Manpower) ကဏ္ဍ နှစ်ခုစလုံးကို ပူးတွဲအသုံးပြုမှုသည် ပိုမိုထိရောက်သည့် စစ်နည်းဗျူဟာတစ်ခု ဖြစ်ကြောင်းကို ရေးသားထားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ အကြားတွင် တည်ရှိနေသော ပထဝီအနေအထားကြောင့် အနာဂတ်စစ်ရေးကဏ္ဍ၌ Manpower ကို ထည့်သွင်းတွက်ချက်ပါက စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး ယခုအခါ ထိုနိုင်ငံများနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသော ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်မှုများ၊ လူဦးရေ လျော့ကျနိုင်သည့်အနေအထားသို့ ရောက်ရှိလာနိုင်ခြင်းသည်လည်း အနာဂတ် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးအတွက် ထည့်သွင်းစဉ်းစားရမည့်အချက် ဖြစ်သည်ဟု ယူဆပါသည်။
ထို့ပြင် ဆောင်းပါးတွင်ပါရှိသော ရုရှား-ယူကရိန်း ပဋိပက္ခ၌ အသုံးပြု နေသည့် စစ်နည်းဗျူဟာများဖြစ်သော Electronic Warfare ၊ အဆင့်မြင့်နည်းပညာသုံး လျင်မြန်မှု(Speed)နှင့် တိကျမှု(Precision)ဦးစားပေး စစ်နည်းဗျူဟာ၊ မောင်းသူမဲ့ လေယာဉ်နှင့် ဒရုန်းနည်းပညာအပြင် ၎င်းတို့အား တန်ပြန်တိုက်ဖျက်ရေးနည်းပညာများ၊ AI ၊ Nano ၊ Quantum နည်းပညာသုံးလက်နက်စနစ်များ တိုးတက်လာမှုနှင့် စွမ်းအားမြင့်လာမှုများကို မျက်ခြေမပြတ်ရန်အရေးကြီးကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

62071323

Tuesday, July 11, 2023

ဗီယက်နမ်နိုင်ငံ၏ ကမ္ဘာ့အဆင့်မှီ ပညာရေးစနစ်တည်ဆောက်ထားနိုင်မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ဗီယက်နမ်နိုင်ငံ၏ ပညာရေးစနစ်သည် ကမ္ဘာ့အဆင့်အတန်းတစ်ခုတွင် ရပ်တည်နေပြီး အဘယ့်ကြောင့် ကမ္ဘာ့အကောင်းဆုံးထဲတွင်ရှိနေရခြင်း၊ ဗီယက်နမ်အစိုးရ၏ ပညာရေးစနစ်တည်ဆောက်ထားပုံနှင့် ကျောင်းဆရာ/ဆရာမများ အပေါ် လေ့ကျင့်၊ စီမံခန့်ခွဲမှုများကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
ဗီယက်နမ်နိုင်ငံကို စတင်တည်ထောင်ခဲ့သည့် ဟိုချီမင်း(Ho chi Minh)သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် လမ်းကြောင်းများ ဖန်တီးပေး ခဲ့ပါသည်။ ၎င်း၏ မူဝါဖြစ်သည့် “၁၀ နှစ်တာ အကျိုးအတွက်ဆို အပင်စိုက်၊ နှစ် ၁၀၀ အကျိုးအတွက်ဆို ပညာတတ်လူသားအရင်းအမြစ် မွေးထုတ်ပါ”ဆိုသည့် ဆိုရိုးအတိုင်း ပညာရေးစနစ်ကိုအဆင့်မြှင့်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လျက် ရှိသော်လည်း နိုင်ငံသားတစ်ဦးစီ၏ GDP သည် အမေရိကန်ဒေါ်လာ ၃,၇၆၀ သာ ရှိပြီး ဒေသတွင်းနိုင်ငံများဖြစ်သည့် မလေးရှားနှင့် ထိုင်းနိုင်ငံတို့ထက် နည်းပါးလျက် ရှိနေသေးပါသည်။ သို့သော်လည်း ဗီယက်နမ်နိုင်ငံအနေဖြင့် ဟိုချီမင်း၏ ပညာရေးနှင့် ပတ်သက်သည့် အတွေးအခေါ်အတိုင်း ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်အကောင် အထည်ဖော်လျက်ရှိပါသည်။
ဗီယက်နမ်နိုင်ငံမှ ကလေးသူငယ်များသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံး ပညာရေးစနစ်များထဲမှ စနစ်တစ်ခုအတွင်း ပညာသင်လျက်ရှိပြီး နိုင်ငံတကာ၏ သုတေသနပြုချက်များအရ ဗီယက်နမ်ကျောင်းသားများ၏ စာဖတ်ခြင်း၊ သင်္ချာနှင့် သိပ္ပံ ဘာသာရပ်များတွင် ထူးချွန်ကြကြောင်းတွေ့ရှိရပါသည်။ ကမ္ဘာ့ဘဏ်၏ နောက်ဆုံးစစ်တမ်းများအရ ဗီယက်နမ်ကျောင်းသားများသည် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ကျောင်းသားများထက် ထူးချွန်ပြီး နိုင်ငံချမ်းသာသည့် ဗြိတိန်နှင့် ကနေဒါနိုင်ငံ ကျောင်းသားများထက် ထူးချွန် နေသည်ကို တွေ့ရပါသည်။ ကျောင်းသားများ၏ စာသင်ကြားမှု အလေ့အကျင့်သည် အတူနေမိဘများ၊ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်နှင့် အဓိကသက်ဆိုင်နေပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် Stockholm စီးပွားရေးကျောင်းမှ ပါမောက္ခ Abhijeet Singh သည် အီသီယိုးပီးယား၊ အိန္ဒိယ၊ ပီရူးနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကျောင်းသားများပါဝင်သည့် Identical စာမေးပွဲ ရလဒ်များအရ ဗီယက်နမ်နိုင်ငံ၏ အသက် ၅ နှစ်နှင့် ၈ နှစ်အရွယ် ကျောင်းသားများသည် အခြားနိုင်ငံမှကျောင်းသားများထက် ပိုမိုထူးချွန်သည်ကို တွေ့ရှိခဲ့ပါသည်။ အသက် ၁ နှစ် ကြီးလေ ကလေးငယ်များ၏ အမြှောက်သင်္ချာပုစ္ဆာများ ဖြေရှင်းနိုင်စွမ်းသည် ၂၁ ရာခိုင်နှုန်းထိ တိုးမြှင့်လာကြကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံကျောင်းများသည် အခြားဆင်းရဲသည့် နိုင်ငံများနှင့်မတူဘဲ တိုးတက်ကောင်းမွန်လျက်ရှိနေပါသည်။ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၏ သုတေသန အချက်အလက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံ ၈၇ နိုင်ငံမှ ၅၆ နိုင်ငံတို့၏ ပညာရေးစနစ်သည် ၁၉၆၀ ပြည့်နှစ်ကတည်းက ပျက်စီးယိုယွင်းလာခဲ့သော်လည်း ဗီယက်နမ်နိုင်ငံ ပညာရေး မှာမူ ကောင်းမွန်လျက်ရှိပါသည်။ ထိုသို့ကောင်းမွန်လာရခြင်းမှာ ဗီယက်နမ်နိုင်ငံ၏ ကျောင်းဆရာ၊ ဆရာမများ၏ အရည်အချင်း/ အရည်အသွေး(Caliber)မှာ ထိုသို့တိုးတက်ရခြင်း၏ အကြောင်းအရင်းတစ်ခု ဖြစ်သည်ဟုဆိုသည်။ ဗီယက်နမ်နိုင်ငံမှ ဆရာ/ဆရာမများသည် အခြားနိုင်ငံမှ ဆရာ/ဆရာမ များထက် ထူးခြားကောင်းမွန်နေခြင်းမဟုတ်ဘဲ ၎င်းတို့၏ ထိရောက်စွာ စာသင်ကြား နိုင်ခြင်းက တိုးတက်ရခြင်း၏ အဓိကအချက်ဖြစ်နေပါသည်။ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံကျောင်းသားတို့ ယှဉ်ပြိုင်သည့် သင်္ချာဘာသာရပ်ဆိုင်ရာ စာမေးပွဲ ရလဒ်များကို ကြည့်ခြင်းအားဖြင့် ကျောင်းဆရာ၊ ဆရာမများ၏ ထိရောက်စွာ စာသင်ကြားမှု အရည်အချင်းများ ကွာခြားချက်ရှိနေ သည်ကို တွေ့ရှိရပါသည်။ ထိုသို့ ဗီယက်နမ်ကျောင်းဆရာ၊ ဆရာမများအနေဖြင့် ၎င်းတို့၏ စာသင်ကြားရေးတာဝန်တွင် ထူးချွန်နေကြခြင်းမှာ အစိုးရမှ ကောင်းစွာလေ့ကျင့် ပေးထားခြင်းနှင့် စီမံခန့်ခွဲမှုကောင်းခြင်းကြောင့်ဖြစ်ပါသည်။ ဆရာ/ဆရာမများ အနေဖြင့် ပညာရပ်ဆိုင်ရာ သင်တန်းများစွာတက်ရောက်ရပြီး စာသင်ခန်းအတွင်း ကျောင်းသားများစိတ်ဝင်စားမည့် သင်ကြားရေးနည်းလမ်းများအား လွတ်လပ်စွာ အသုံးပြု နိုင်ခွင့် ပေးထားပါသည်။ ဝေးလံခေါင်ဖျားသည့် ဒေသများတွင် တာဝန်ကျရောက်သည့် ကျောင်းဆရာ၊ ဆရာမများအတွက်လည်း လစာနှုန်းထားများ ပိုမိုသတ်မှတ်ထားပြီး ဆရာ/ဆရာမများ၏ အရည်အချင်းသတ်မှတ်ချက်ကိုလည်း ကျောင်းသားများ၏ အရည်အသွေးပေါ်တွင်မူတည်၍သတ်မှတ်ပေးပါသည်။ ထူးချွန်သည့်ကျောင်းသားများ မွေးထုတ်ပေးနိုင်ပါက အကောင်းဆုံးဆရာ/ဆရာမဆုကို ပေးအပ်လေ့ရှိကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံ ပညာရေးစနစ်သည် အထက်တွင် ဖော်ပြထားသည့် ကောင်းမွန်ခြင်းများ ရှိသကဲ့သို့ ပညာရေးဝန်ထမ်းများကို ကွန်မြူနစ်ပါတီမှတစ်ဆင့် ပြန်လည်ထိန်းချုပ်ထားခြင်းများလည်းရှိပါသည်။ ကွန်မြူနစ်ပါတီအနေဖြင့် ပညာရေး ကဏ္ဍကို အောက်ခြေအဆင့်အထိ စိမ့်ဝင်ထားပြီး ကျောင်းအုပ်ကြီးများသည် ကွန်မြူနစ် ပါတီဝင်များဖြစ်ကြပါသည်။ သို့သော်လည်း ထိုကဲ့သို့ပါတီနှင့် ပြန်လည်ထိန်းကျောင်း ထားမှုသည် အခြားသော ထိရောက်မှုများလည်းရှိနေ ပါသည်။ ပြည်နယ်များအနေဖြင့်လည်း ၎င်းတို့ဘတ်ဂျက်၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍအတွက် အသုံးပြုရပါသည်။ ထိုလုပ်ဆောင်ချက်က ဒေသအလိုက်တန်းတူညီမျှရေးကို ဖြစ်စေသည့်အပြင် ပါတီအနေဖြင့် နိုင်ငံ၏ ပညာရေးအား အနီးကပ်စောင့်ကြည့်နေပြီး ကျောင်းသင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးစံနှုန်းများကို အချိန်နှင့်တစ်ပြေးညီ အဆင့်မြှင့်တင်နေပါသည်။ ဗီယက်နမ် လူ့အဖွဲ့အစည်းကလည်း ထိုစနစ်ကို လက်ခံပံ့ပိုးပေးကြသည့်အပြင် ပြည်သူများသည် ပညာရေးကဏ္ဍကို ဦးစားပေးကြပါသည်။ ဗီယက်နမ်နိုင်ငံမှ ငွေကြေးမပြည့်စုံသည့် မိဘများသည်ပင် ၎င်းတို့ သား/သမီးများကို အချိန်ပိုပညာသင်ကြားနိုင်ရန် ငွေကြေး စိုက်ထုတ်ကြပါသည်။ ထို့ပြင် ကျောင်းသားမိဘများသည် အကောင်းဆုံး ဆရာ/ဆရာမဆု ရရှိထားသည့် ကျောင်းများကို ဦးစားပေးရွေးချယ်လေ့ရှိကြောင်း ဖော်ပြထားပါသည်။
ထိုကဲ့သို့သော ကောင်းမွန်သည့်စနစ်များက ဗီယက်နမ်နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေပြီး ပညာရေးကျောင်းများ တိုးတက်ကောင်းမွန်ခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးသည်လည်း ကျွဲကူးရေပါ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ပါသည်။ သို့သော်လည်းဗီယက်နမ်ကျောင်းများအနေဖြင့် ခေတ်စနစ်၏လိုအပ်ချက်ဖြစ်သော နည်းပညာမြင့် လုပ်သားများ မွေးထုတ်ရာတွင် လိုအပ်ချက်ရှိနေပါသေးသည်။ ဖွံ့ဖြိုးတိုးတက်မှုကြောင့် မြို့ပြများတွင် လူနေထိုင်မှုများပြားလာပြီး စာသင်ကျောင်းများတွင် မနိုင်ဝန်ထမ်း နေရခြင်းများလည်းရှိနေပြီး ဆရာ/ဆရာမများအနေဖြင့်လည်း လစာကောင်းသည့် ပုဂ္ဂလိကကျောင်းများကို ပြောင်းရွှေ့လိုနေကြသည်များလည်းရှိနေပါသည်။ ဗီယက်နမ် အစိုးရအနေဖြင့် ထိုလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဆိုပါက ဗီယက်နမ် နိုင်ငံ၏ ပညာရေးစနစ်သည် စဉ်ဆက်မပြတ် တိုးတက်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ဗီယက်နမ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော်လည်း ပညာရေး စနစ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံအချို့ထက် သာလွန်နေကြောင်းကို သုတေသနအချက်အလက် များဖြင့် သုံးသပ်ရေးသားထားပြီး အစိုးရ၏ စီမံခန့်ခွဲမှုနှင့် မူဝါဒကောင်းမွန်ခြင်း၊ ဆုပေးဒဏ်ပေးစနစ်ကောင်းခြင်းနှင့် ပြည်သူများအနေဖြင့်လည်း ပညာရေးကို အားပေးကြခြင်းကြောင့် ထိုသို့ ကောင်မွန်ရခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်ကို တွေ့ရှိရပါသည်။ ဗီယက်နမ် နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက ပညာရေးစနစ်တိုးတက်ကောင်းမွန်အောင် တစ်စိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် နိုင်ငံတကာကျောင်းသား အကဲဖြတ်ရေး အစီအစဉ်တစ်ခု၏ အချက်အလက်များအရ သိပ္ပံဘာသာရပ်တွင် ဗီယက်နမ်ကျောင်းသားများ၏ အဆင့်သည် နိုင်ငံပေါင်း ၇၂ နိုင်ငံအနက်မှ အဆင့် ၈ နေရာကိုရရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ အသက် ၁၅ နှစ်နှင့်အထက် ကျောင်းတက်နှုန်းသည် ၉၇.၄ ရာခိုင်နှုန်းရှိပြီး မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများတွင် ၉၉ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းထိ ရှိသည်ဟု သိရှိရပါသည်။ ထို့ပြင် ဗီယက်နမ်အစိုးရသည် ၎င်းတို့ ဒေသဆိုင်ရာ ဘတ်ဂျက်၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးစနစ်တွင် အသုံးချလျက်ရှိပြီး ကမ္ဘာပေါ်တွင် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အမြင့်ဆုံး ဘတ်ဂျက်သုံးစွဲမှုဖြစ်ကြောင်း တွေ့ရှိရပါသည်။ အရှေ့တောင်အာရှ မူလတန်းသင်ရိုးညွှန်းတမ်းအစီအစဉ်အရ မူလတန်း ကျောင်းသားများ၏ သင်ယူမှုရလဒ်များ၌ ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများတွင် ပထမအဆင့်သတ်မှတ်ခံရပြီး ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့ပါဝင်သည့်နိုင်ငံ ၆ နိုင်ငံအနက် ဗီယက်နမ်နိုင်ငံမှ မူလတန်းကျောင်းသားများသည် စာမေးပွဲ၊ စာအရေးအသားနှင့် သင်္ချာစသည့် ကျွမ်းကျင်မှု သုံးခုတွင် ပထမနေရာတွင် ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ကိုလိုနီခေတ် ၁၈၄၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၏ ပညာရေး စနစ်ကို အခြေခံကာ အစိုးရအထက်တန်းကျောင်းတစ်ခုကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ထိုမှတစ်ဆင့် ကိုလိုနီစနစ်မှရရှိသည့် ခေတ်မီပညာရေးဖြင့် မြန်မာနိုင်ငံ၏ ပညာရေး စနစ်သည် ၁၉၅၀ ပြည့်နှစ် ဝန်းကျင်ခန့်တွင် ကောင်းမွန်သည့် ပညာရေးစနစ်ရရှိ ခဲ့သော်လည်း တစ်နိုင်ငံလုံးအား လွှမ်းခြုံနိုင်သည့် ပညာရေးစနစ်တစ်ခု မတည်ဆောက် နိုင်ခဲ့ပါ။ ထိုအချိန်မှစ၍ အစိုးရအဆက်ဆက်အနေဖြင့် မိမိတို့ကိုယ်ပိုင်ခေတ်မီသော ပညာရေးစနစ်ကို တည်ဆောက်ရန်ကြိုးပမ်းခဲ့ကြသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ၏ပညာရေးစနစ်သည် ကမ္ဘာပေါ်တွင် အဆင့် ၁၄၀ တွင် ရောက်ရှိနေသည်ကို တွေ့ရှိရ ပါသည်။ သို့သော်လည်း စာတတ်မြောက်မှုနှုန်းမှာ ၉၃.၀၉ ရာခိုင်နှုန်း ရှိနေသည် ကိုလည်း တွေ့ရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံ ဖြန့်ကြက်နိုင်သည့် ပညာရေးစနစ်ကို တည်ဆောက်နိုင်ခဲ့သော်လည်း ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်မီပညာရေးစနစ်အဖြစ်သို့ တက်လှမ်းရန် လိုအပ်ချက်ရှိနေသေးကြောင်းတွေ့ရှိရပါသည်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် မရှိမဖြစ်လိုအပ်သော ပညာရည်မြင့်မားရေးနှင့် လူသားအရင်းအမြစ် မွေးထုတ်နိုင်ရေးအတွက် အစိုးရအဆက်ဆက် မူဝါဒများချမှတ် ဆောင်ရွက်နေသော်လည်း အများစုဖြစ်သော ကျေးလက်နေပြည်သူများမှာ ဝင်ငွေ နည်းပါးသည့်အတွက် သားသမီးများပညာရေးကို ဦးစားမပေးနိုင်ခြင်း၊ သင်ကြားသော ဆရာ/ဆရာမများကိုလည်း တိုးတက်ပြောင်းလဲနေသော နည်းပညာနှင့် သင်ကြားရေး နည်းစနစ်များကို နားလည်တတ်ကျွမ်းလာအောင် လေ့ကျင့်ပေးနိုင်မှု အားနည်းခြင်း၊ အချို့မှာလည်း ကိုယ်ပိုင်ခံယူချက်၊ ယုံကြည်ချက် လွဲမှားနေခြင်း၊ တရားမဝင် ကျောင်းပြင်ပ ပညာသင်ကြားရေးကို ဦးစားပေး ဆောင်ရွက်လာကြခြင်း၊ မူဝါဒများကောင်းသော်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များရှိနေခြင်း၊ မြန်မာကျောင်းသားများအတွင်း ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်အရ စွမ်းရည်မြင့်မားပြီး ထူးချွန်သူ များစွာ ပေါ်ထွက်ခဲ့သော်လည်း ဦးနှောက်ယိုစည်းမှုများဖြစ်နေခြင်း စသည့်အားနည်းချက်များကို တွေ့ရှိရပါသည်။ ထို့ကြောင့် ပညာရေးကို မြှင့်တင် အားပေးသည့် မူဝါဒများချမှတ်ထားပြီးဖြစ်သဖြင့် မည်သို့မည်ပုံ မြှင့်တင်မည်ဟူသည့် နည်းလမ်းများဖော်ထုတ်၍ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် မူဝါဒချမှတ်သူများနှင့် အကောင်အထည်ဖော်သူများ၏ ပညာ၊ စေတနာနှင့် စွမ်းဆောင်ရည်ပေါ်တွင် မူတည်နေပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

61071223

Monday, July 10, 2023

၂၁ ရာစု အမေရိကန်နိုင်ငံ၏ ရေတပ်စွမ်းအား မြှင့်တင်မှု မဟာဗျူဟာအကြံပြုချက်နှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
လက်ရှိကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအပေါ် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ စိန်ခေါ်မှု ပိုမိုများပြားလာပြီး အမေရိကန်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် စည်းမျဉ်းစည်းကမ်း များကို အခြေခံသော နိုင်ငံတကာအခင်းအကျင်း(International Rule-based Order) အပေါ်တွင် ထိခိုက်မှုများပြားလာသောကြောင့် အမေရိကန်နိုင်ငံအနေဖြင့် အနာဂတ်တွင် တရုတ်နှင့်ရုရှားနိုင်ငံတို့၏ ခြိမ်းခြောက်မှုများမခံရစေရန်နှင့် နောက်ကျမကျန်ခဲ့စေရန် အတွက် အစဉ်အလာအားဖြင့် အားကောင်းခဲ့သည့် ၎င်းတို့၏ ရေတပ်စွမ်းအားကို အလေးအနက်ထားမြှင့်တင်၍ လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်းအကြံပြုထားချက်အား သုံးသပ်ဖော်ပြပါမည်။
ဖော်ပြချက်
အဆိုပါဆောင်းပါးသည် The Diplomat ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်သော သုတေသီ Mercy Kuo နှင့် The Center for National Defense at the Heritage Foundation ၏ သုတေသီတစ်ဦးဖြစ်သော Brent Droste Sadler တို့နှစ်ဦး ပြောဆိုဆွေးနွေးထားသည့် အကြောင်းအရာများ ဖြစ်ပါသည်။ ပထမအချက်၌ တရုတ်နှင့် ရုရှားနိုင်ငံတို့၏ အမေရိကန်နိုင်ငံအပေါ် ခြိမ်းခြောက်နေမှုများကို ဖော်ပြထားပြီး လက်ရှိ အချိန်၌ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်စစ်ရေးကဏ္ဍ ပိုမိုအားကောင်းလာသည်နှင့်အမျှ တရုတ်နိုင်ငံခေါင်းဆောင်များ၏ ကမ္ဘာ့ရေးရာများတွင် တစ်ဖက်သတ် ဆောင်ရွက်မှု များလည်း အားကောင်းလာသည်ဟု ဆိုသည်။ တရုတ်နိုင်ငံသည် ၎င်း၏ ရေတပ်စွမ်းအား မြှင့်တင်မှုကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသော်လည်း အမေရိကန်နိုင်ငံဦးဆောင်သောအနောက်အုပ်စုများကမူ ၎င်းတို့၏ ရေတပ်စွမ်းအား မြှင့်တင်မှုအပေါ် အလေးထား ဆောင်ရွက်ခြင်းမရှိသောကြောင့် ၎င်းတို့၏ International Rule-based Order အပေါ် ထိခိုက်မှုများဖြစ်ပေါ်လာနိုင်သည့်အပြင် အနာဂတ်တွင်လည်း အမေရိကန်နိုင်ငံအတွက်ဆိုးကျိုးများနှင့် အရှက်ရစရာများကိုပါ ကြုံတွေ့ရနိုင်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်၌ Naval Statecraft နှင့် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု အကြားဆက်စပ်မှုကို ဖော်ပြထားပြီး လူအများစုသည် ရေတပ်၏ အခန်းကဏ္ဍကို စစ်ပွဲဖြစ်ပွားမှုများနှင့် စပ်လျဉ်း၍ အသိများသော်လည်း ရေတပ်မှ ဆောင်ရွက်ပေး နိုင်သည့် အခြားသောကဏ္ဍများဖြစ်သော နိုင်ငံရေး၊ လုံခြုံရေး၊ သံခင်းတမန်ခင်း၊ စီးပွားရေးဆိုင်ရာ အပြန်အလှန်ချိတ်ဆက်မှုများနှင့် ဈေးကွက်ဝင်ရောက်နိုင်မှုတို့ကိုမူ လူသိနည်းသည်ဟု ဆိုသည်။ သမိုင်းကြောင်း အစဉ်အလာအရ အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် ရေတပ်ကဏ္ဍကို တွင်ကျယ်စွာအသုံးပြု ခဲ့ကြပြီး လက်ရှိအချိန်တွင်လည်း အဆိုပါကဏ္ဍကို မြှင့်တင်၍ အမေရိကန်နိုင်ငံ၏ ပြိုင်ဘက်နိုင်ငံများဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံတို့အပေါ်တွင် ‌အလေးအနက်ထား အသုံးပြုမည်ဆိုပါက ပိုမိုထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး အမေရိကန် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကိုပါ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၁၄ ခုနှစ်တွင် သုတေသီအချို့က အမေရိကန်နိုင်ငံ၏ အခြားသောနိုင်ငံ များတွင် ရှိနေသော စစ်အခြေစိုက်စခန်းများနှင့် စစ်ရေးဆိုင်ရာ သဘောတူညီချက်များ လျှော့ချမှုနှင့် စပ်လျဉ်း၍ သုတေသနတစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါသုတေသန၌ အမေရိကန်နိုင်ငံအနေဖြင့် ရှိပြီးသား ၎င်း၏ စစ်အခြေစိုက်စခန်းများနှင့် စစ်ရေးဆိုင်ရာ သဘောတူညီချက်များကို ထက်ဝက်နီးပါး လျှော့ချလိုက်ပါက အမေရိကန်နိုင်ငံနှင့် သဘောတူညီချက်ယူထားသော နိုင်ငံများအကြားရှိ ကုန်သွယ်မှု ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်သည်ဟုဆိုသည်။ တစ်နည်းအားဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးတွင် အမေရိကန်ဒေါ်လာ ၄၉၀ ဘီလီယံ (၂၀၁၅ ခုနှစ်၏ ကုန်သွယ်မှုတန်ဖိုးနှင့် ဝန်ဆောင်မှုတန်ဖိုး အပေါ်မူတည်၍ တွက်ချက်) ဆုံးရှုံးသွားနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံနှင့်၎င်း၏ မဟာမိတ်များအနေဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ အားနည်းချက်များကို ဖော်ထုတ်၍ ကျယ်ပြန့်သော သံခင်းတမန်ခင်းနှင့် စီးပွားရေးကဏ္ဍများပါဝင်သည့် ရေတပ်စွမ်းအား မြှင့်တင်မှုများပြုလုပ်၍ ချဉ်းကပ်မှုပုံစံသစ်ဖြင့် ဆက်လက်ဆောင်ရွက် သင့်သည်ဟု ဖော်ပြထားပါသည်။
တတိယအချက်၌ Nanotechnology နှင့် Bioengineering ကဏ္ဍကဲ့သို့သော နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ခေတ်သစ်ရေတပ်ကဏ္ဍပုံစံသစ်တွင် ပြောင်းလဲ ပါဝင်လာနိုင်သည့် လက္ခဏာများကို ဖော်ပြထားပြီး ၎င်းတို့မှာ (၁)အနာဂတ်တွင် ရေတပ်စစ်မှုထမ်းမှုနှင့်စပ်လျဉ်း၍ သမားရိုးကျစစ်မှုထမ်းများ ရွေးချယ်ခန့်အပ်ခြင်းကို ဦးစားပေးခြင်းထက် စက်ရုပ်နှင့် နည်းပညာရှင်များကို ပူးတွဲ၍ ပိုမိုအသုံးပြု လာနိုင်ခြင်း၊ (၂)အနာဂတ်စစ်ပွဲများနှင့် ပဋိပက္ခများတွင် AI အသုံးပြုမှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ခြင်း၊ (၃) အနာဂတ်တွင် ရေယာဉ်အုပ်စုများ အနေဖြင့် တစ်ကမ္ဘာလုံးသို့ ဖြန့်ကြက်ထားနိုင်သည့် စွမ်းရည်ရှိရမည့်အပြင် အဆိုပါ ရေယာဉ်အုပ်စု၌ တာဝန်ထမ်းဆောင်မည့် လူသားများ၏ အရေအတွက်ကို လျှော့ချ၍ စက်ရုပ်နှင့် လူသားများပူးတွဲအသုံးပြုနိုင်ခြင်း၊ (၄) အမေရိကန်ရေတပ်သင်္ဘောများ၌ စွမ်းအင်လက်နက်များ(Energy Weapons)ကို အဓိကလက်နက်အဖြစ် အသုံးပြု လာနိုင်ခြင်း၊ (၅) ရေတပ်အုပ်စုများတွင် လူသားများနှင့် စက်ရုပ်များကို တွဲဖက်အသုံးပြု နိုင်သောကြောင့် အုပ်ချုပ်ထောက်ပံ့မှုနှင့် ပြင်ဆင်မှုများကို စက်ရုပ်များမှ အတိုင်းအတာ တစ်ခုအထိ အလိုအလျောက် ပြန်လည်ဆောင်ရွက်နိုင်ခြင်းနှင့် (၆) အနာဂတ် ရေယာဉ်သစ်များတွင် မောင်းသူမဲ့ရေယာဉ်စနစ်များ အသုံးပြု၍ တိုက်ပွဲအတွင်း အသာစီး ရအောင် ဆောင်ရွက်နိုင်ခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်၌ National Maritime Initiative ကို အချိန်မီ ဖော်ဆောင်မှုနှင့် အရေးပါမှုကို ဖော်ပြထားပြီး လက်ရှိအချိန်၌ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု ပိုမိုပြင်းထန်လာကာ အန္တရာယ်ရှိသည့် အခင်းအကျင်းတစ်ခုဖြစ်သောကြောင့် အမေရိကန် နိုင်ငံ၏ အဆိုပါအခင်းအကျင်းအပေါ် ချဉ်းကပ်မှုပုံစံသည် အရေးကြီးပါသည်။ သို့သော်လည်း လက်ရှိအချိန်၌ အမေရိကန်နိုင်ငံတွင် အားနည်းချက်များ ပိုမိုဖြစ်ပေါ်လာသည်ကို တွေ့ရှိရပြီး၊ ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်၌ အမေရိကန်ဆိပ်ကမ်းသို့ ကုန်သွယ်ရန် ရောက်ရှိခဲ့သည့် သင်္ဘောထောင်ပေါင်းများစွာရှိသည့်အပြင် ဆိပ်ကမ်းသို့ ဝင်ရောက် ခဲ့သည့် အကြိမ်အရေအတွက်မှာ ၈၂,၀၄၄ ကြိမ်ရှိသော်လည်း အဆိုပါသင်္ဘောများ ထဲတွင် အမေရိကန်သင်္ဘော ၂၀၀ စီးနီးပါးသာပါရှိပါသည်။ National Maritime Initiative တစ်ခုအောင်မြင်အောင်ဆောင်ရွက်ရန် မဟာဗျူဟာချမှတ်ခြင်း၊ ထုတ်ပြန်ချက်များ ကြေညာခြင်းထက် လက်တွေ့ကျကျနှင့် ပုံမှန်ဆောင်ရွက်ရန်လိုအပ်သည့်အပြင် နိုင်ငံ့ ခေါင်းဆောင်များကလည်း နိုင်ငံ၏ ရေကြောင်းကုန်သွယ်မှု၊ သင်္ဘောတည်ဆောက်မှု တို့နှင့် စပ်လျဉ်းသောကဏ္ဍများကိုမြှင့်တင်နိုင်ရန် ၎င်းတို့၏အမြင်များနှင့် ကတိကဝတ် များကို ရှင်းရှင်းလင်းလင်း ချပြထားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် National Maritime Initiative စတင်ပြုလုပ်မည့် ပထမခြောက်လ အတွင်း ရေကြောင်းကုန်သွယ်ရေးနှင့် ရေတပ်လေ့ကျင့်ခန်းအသစ်များတွင် လူသားများ သာမက လူသားများမဟုတ်သည့် စနစ်များကိုပါ ထည့်သွင်းဖော်ဆောင်၍ ပိုမို ထိရောက်သည့် နည်းလမ်းများကို ပူးတွဲအသုံးပြုရန် လိုအပ်ပါသည်။ ထို့ပြင် အမေရိကန် အနေဖြင့် လက်ရှိအသုံးပြုနေသော ဥပဒေများ၊ စည်းမျဉ်းများ (သာဓကအားဖြင့် The Goldwater-Nichols Act) ပါဝင်နေသည့် အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရမည့်အပြင် ထိုသို့ပြုလုပ်ပြီး ၂ နှစ်အတွင်း၌ National Maritime Initiative ကို စတင်ဆောင်ရွက်ခြင်းသည် နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
နောက်ဆုံးအချက်၌ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံကသာ ၎င်း၏ ရေတပ် စွမ်းအားမြှင့်တင်မှုကို အလေးထားဆောင်ရွက်ခြင်းမရှိပါက အနာဂတ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ အမေရိကန်နိုင်ငံအပေါ် ခြိမ်းခြောက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။ ထို့ပြင် အနာဂတ်စစ်ပွဲများ၏ အဆုံးအဖြတ်ကို စစ်ပွဲမစတင်မီကတည်းက နိုင်ငံတစ်ခု၏ ရေတပ်စွမ်းအား မည်မျှရှိသည်၊ မည်မျှပြင်ဆင်ထားသည်ကို ကြည့်ခြင်းဖြင့် စစ်ပွဲ၏ အနိုင်/အရှုံးကို ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံကသာ ၎င်း၏ ရေတပ်စွမ်းအား မြှင့်တင်မှုကို အလေးထားဆောင်ရွက်ထားပါက ၎င်းဦးစီးဆောင်ရွက်နေသည့် International Rule-based Order ကိုပါ ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ သို့သော်လည်း အမေရိကန်နိုင်ငံကသာ ၎င်း၏ ရေတပ်စွမ်းအားမြှင့်တင်မှုကို အလေးထားမဆောင်ရွက်ပါက အမေရိကန်နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အနာဂတ်၌ တရုတ်နှင့် ရုရှားနိုင်ငံတို့၏ အမေရိကန်နိုင်ငံ အပေါ် ခြိမ်းခြောက်မှု အားနည်းစေရန်အတွက် အမေရိကန်နိုင်ငံအနေဖြင့် အစဉ်အလာ အားဖြင့် အားကောင်းခဲ့သည့် ၎င်း၏ ရေတပ်စွမ်းအားမြှင့်တင်မှုကို အလေးအနက်ထား ဆောင်ရွက်သင့်ပြီး အဆိုပါမြှင့်တင်မှု၌ AI နည်းပညာများ၊ စက်ရုပ်နည်းပညာများနှင့် စွမ်းအားမြင့်လက်နက်များပါ ထည့်သွင်းဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စစ်ရေးသာမက စီးပွားရေး၊ လုံခြုံရေး၊ သံတမန်ရေးများကိုပါ ထည့်သွင်းစဉ်းစား၍ ရေတပ်ကဏ္ဍ စွမ်းအားမြှင့်တင်မှုများ ပြုလုပ်သင့်ကြောင်းကိုအကြံပြုထားသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် အမေရိကန် နိုင်ငံ၏ ရေတပ်စွမ်းအားကို တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ရေတပ်စွမ်းအားတို့ထက် နောက်သို့မကျန်ခဲ့စေရေး အဆင့်မြှင့်တင်မှုများ ကြိုတင်ပြုလုပ်သင့်ကြောင်းထောက်ပြ ထားခြင်းဖြစ်ပါသည်။ လက်ရှိအချိန်၌ အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏ ရေတပ်စွမ်းအား မြှင့်တင်မှုကို ပိုမိုအလေးထား ဆောင်ရွက်လာရာ ထိုမှတစ်ဆင့် ၎င်းတို့၏ ပါဝါအမာနှင့် ပါဝါအပျော့ကဏ္ဍ ၂ ရပ်စလုံးမြှင့်တင်နေပြီး လုံခြုံရေးနှင့် နိုင်ငံအကျိုးစီးပွားအတွက် ရေတပ်ကဏ္ဍကိုတွဲဖက်၍ အလေးထား ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ မည်သည့်အင်အားကြီးနိုင်ငံများ၏ စစ်ရေးမဟာဗျူဟာများကို လေ့လာသည်ဖြစ်စေ ၎င်းတို့၏ အနာဂတ်ခြေလှမ်းများနှင့် ဖြစ်နိုင်ချေများကို မှန်းဆနိုင်ပြီး မိမိနိုင်ငံစစ်ရေးမဟာဗျူဟာများနှင့် ပြင်ဆင်ထားမှုတို့ကို ချိန်ထိုးသုံးသပ်နိုင်ဖွယ်ရာကိစ္စရပ်များဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

60071123