Monday, August 21, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲနှင့် ဖြစ်လာနိုင်သည့် နိုင်ငံရေ: အခြေအနေများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအခြေအနေနှင့် နောင်ဖြစ်လာနိုင်သည့် အလားအလာများကို ယခင် ဖြစ်ခဲ့သည့် နိုင်ငံရေးအခြေအနေများနှင့်ချိန်ထိုး၍ သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရွေးကောက်ပွဲအခြေအနေများကြောင့် နိုင်ငံရေး မတည်ငြိမ်မှုများရှိနေပြီး နိုင်ငံ၏အထွေထွေရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိပါသည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲများတွင် အငြင်းပွားမှုများရှိခဲ့ရာ ယခုရွေးကောက်ပွဲကို နိုင်ငံတကာမှ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပေးထားချက် ၃ ခုကို အခြေခံ၍ ဖြစ်ပေါ်လာနိုင်သော အခြေအနေ ၄ ရပ်ကို သုံးသပ် ဖော်ပြသွားပါမည်။ အခြေခံကျသည့် ပထမဆုံးပေးထားချက်မှာ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံအရလည်းကောင်း၊ အာဏာရ Awami League ပါတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းသူ၊ သို့မဟုတ် နိုင်ငံ၏ ဒီမိုကရေစီအသွင်ကို အာမခံပေးသူ အဖြစ် ပုံဖော်လိုခြင်းကြောင့် နိုင်ငံအတွင်း ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ရန်မှာ သေချာနေပါသည်။ ထိုကိစ္စက အာဏာရ Awami League ပါတီအတွက် အားသာချက်ဖြစ်သကဲ့သို့ အားနည်းချက်တစ်ခုလည်းဖြစ်လာပါသည်။ ရွေးကောက်ပွဲတွင် နိုင်ငံ၏ ပညာတတ်လူလတ်တန်းစားများသည် Awami League ပါတီကို ထောက်ခံကြပြီး ၎င်းတို့အတွက် ဒီမိုကရေစီသည် အမျိုးသားရေးလက္ခဏာ တစ်ရပ်ဖြစ်နေပါသည်။ ထို့ကြောင့် မည်သည့်အခြေအနေဖြစ်နေစေကာမူ ရွေးကောက်ပွဲအား ဆက်လက် ကျင်းပနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
ဒုတိယအခြေခံအချက်အနေဖြင့် ရွေကောက်ပွဲတွင် အချက် ၃ ချက်ကြောင့် Awami League ပါတီသာ အနိုင်ရနိုင်ဖွယ်ရှိနေပါသည်။ ပထမအချက်မှာ ဝန်ကြီးချုပ် Sheikh Hasina သည် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၎င်းအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ၊ လုံခြုံရေးအေဂျင်စီများ၊ တရားရုံးများ၊ အစိုးရများ၊ မီဒီယာနှင့် စီးပွားရေးလူတန်းစားများ ပါရှိသည့် ပူးပေါင်းအင်အားတစ်ခုရှိနေပါသည်။ အဆိုပါအင်အားစုသည် လက်ရှိ အတိုက်အခံ ပါတီ(Bangladesh Nationalist Party-BNP)ကို ဆန့်ကျင်လျက်ရှိပြီး နိုင်ငံ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်လာခြင်းကြောင့် လက်ရှိ Awami League ပါတီနှင့် Sheikh Hasina ၏ ဦးဆောင်မှုများ ဆက်လက်လိုအပ်သည်ဟု ပြည်သူလူထုထင်မြင်လျက်ရှိပါသည်။ ဒုတိယအချက်မှာ နိုင်ငံအစိုးရအရာရှိကြီးများမှ နယ်အစိုးရများ၊ ရဲဘက်နှင့် တရားရေးအရာရှိများသည် ယခုအစိုးရနှင့်ပေါင်း၍ အကျင့်ပျက် ခြစားမှုများမှ အကျိုးအမြတ်များကို ရရှိထားခြင်းကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် Awami League ပါတီရှုံးနိမ့်ပါက ၎င်းတို့အနေဖြင့် နောက်ဆက်တွဲ အကျိုးဆက်များကို ခံရမည်ဖြစ်ရာ လက်ရှိအာဏာရပါတီအနိုင်ရရန် မည်သည့်နည်းလမ်းများမဆို လုပ်ဆောင် နိုင်ဖွယ်ရှိပါသည်။ တတိယအချက်မှာ Sheikh Hasina သည် ပြည်တွင်းသာမက ပြည်ပနိုင်ငံကြီးများနှင့်ပါ ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်ထားနိုင်ခြင်းကြောင့် ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှု အလွန်နည်းပါးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အခြေခံကျသည့် တတိယအချက်မှာ BNP ပါတီသည် လက်ရှိအာဏာရအစိုးရ လက်အောက် ကျင်းပမည့် ရွေးကောက်များကို ဆန့်ကျင်နိုင်ဖွယ်ရှိပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲများတွင်လည်း ဆန့်ကျင်ခဲ့ကြပါသည်။ ၎င်းက Awami League ပါတီအနေဖြင့် မဲလုပ်ငန်းစဉ်များအားလုံးကို ကြိုးကိုင်ခြယ်လှယ်လျက် ရှိသည်ဟု စွပ်စွဲပြောဆိုထားပါသည်။ အခြေခံကျသည့် စတုတ္ထအချက်မှာ အမှန်တကယ် တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဆိုပါက BNP ပါတီ အနိုင်ရနိုင်ဖွယ် ရှိပါသည်။ အကြောင်းမှာ နိုင်ငံမဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံရေးရေချိန်ကြောင့်ဖြစ်ပြီး စံနှုန်းများ၊ အတွေးအခေါ်များကို ကိုယ်စားပြုနိုင်ခြင်းတို့ထက် နိုင်ငံအတွင်း ပါတီ ၂ ခုသာ ရှိခြင်းကြောင့် ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်ပြည်သူများအနေဖြင့် Awami League ပါတီ၏ နိုင်ထက်စီးနင်းလုပ်မှု၊ အကျင့်ပျက်ခြစားမှုများကို မလိုလား၍ အခြားရွေးချယ်ရန် အတွက် BNP ပါတီတစ်ခုတည်းသာရှိခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် အထက်ပါအခြေခံကျသည့် ပေးထားချက် ၄ ချက်ကို အခြေခံ၍ ဖြစ်လာနိုင်သည့် ခန့်မှန်းချက်များမှာ ပထမဦးဆုံးအနေဖြင့် အကြမ်းဖက်မှုများ ဖြစ်လာ နိုင်ပါသည်။ ၂၀၁၄ ခုနှစ်တွင် BNP ပါတီသည် ရွေးကောက်ပွဲကို ဆန့်ကျင်လျက် ရှိသော်လည်း ရွေးကောက်ပွဲဆက်လက်ကျင်းပခဲ့ခြင်းကြောင့် ဆန္ဒပြမှုများ ပေါ်ပေါက် လာခဲ့ပါသည်။ BNP ပါတီဦးဆောင်သည့် ဆန္ဒပြမှုများသည် ရဲတပ်ဖွဲ့ဝင်များ၏ ဖိနှိမ်မှုကို ခံရပြီး BNP ပါတီဆန္ဒပြသူများအနေဖြင့် အကျဉ်းချခံရခြင်းများ၊ ၎င်းမိသားစုဝင်များပါ လုံခြုံရေးအေဂျင်စီများ၏ ဖမ်းဆီးအရေးယူခံရခြင်းများ တွေ့ကြုံခဲ့ရပါသည်။ ထို့ကြောင့် ယခုအခါ BNP ပါတီမထောက်ခံသည့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဆိုပါက ရွေးကောက်ပွဲ အတွင်း ရှုံးနိမ့်မည်ကို ကြိုတင်သိရှိ၍ အကြမ်းဖက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်ဖွယ် ရှိနေပါသည်။ ဆန္ဒပြသူများအနေဖြင့် ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် အတိုင်း အများသုံးမော်တော်ယာဉ်များအား ဖျက်ဆီးခြင်း၊ လက်လုပ်ဗုံးများ၊ အုတ်ခဲများ ပစ်ခတ်၍ နှောင့်ယှက်ဖျက်ဆီးမှုများ လုပ်ဆောင်လာနိုင်ဖွယ်ရှိပါသည်။ Awami League ပါတီဘက်မှ တက်ကြွလှုပ်ရှားသူများကလည်း တုတ်၊ သေနတ်များ စွဲကိုင်၍ တန်ပြန်ဆန္ဒပြမှုများတွင် ပြုလုပ်မည်သာဖြစ်ပါသည်။ အဆိုပါအခြေအနေများကို တရားဥပဒေစိုးမိုးရေးနည်းလမ်းများဖြင့် ဖြေရှင်းပြီးသောအခါ လက်ရှိခေါင်းဆောင် အာဏာပိုင်များက အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
ဒုတိယခန့်မှန်းခြေမှာ စီးပွားရေးပျက်ကပ်ဖြစ်ကြောင်း၊ လက်ရှိအစိုးရခေါင်းဆောင် များသည် နိုင်ငံရေးပဋိပက္ခများကြောင့် စီးပွားရေးကျဆင်းမှုများဖြစ်လာပြီး ပြည်သူ များ၏ ထောက်ခံမှု လျော့ကျကာ အခြားအဖွဲ့ဘက်သို့ ယိမ်းသွားမည်ကို စိုးရိမ်လျက် ရှိပါသည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အဓိကထားပုံဖော်ပြောကြားနေပြီး အကယ်၍ စီးပွားရေး ကျဆင်းမှုများ ပေါ်ပေါက်လာခဲ့ပါက နိုင်ငံအတွင်း ဆင်းရဲသည့် မိသားစုများအပြင် စစ်တပ်မိသားစုဝင်များနှင့် အရေးပါသည့် စီးပွားရေးလုပ်ငန်းရှင်များကဲ့သို့ အလယ်အလတ် တန်းစားမိသားစုများကိုလည်း ထိခိုက်စေနိုင်ပါသည်။ အစိုးရအနေဖြင့် စီးပွားရေး လုပ်ငန်းများတွင် ပညာရှင်များကို ထိန်းချုပ်၍ စစ်ဘက်အဖွဲ့ဝင်များဖြင့် လွှမ်းမိုးချုပ်ကိုင် နိုင်ရန် ကြိုးပမ်းလာနိုင်ဖွယ်ရှိသော်လည်း ပညာရှင်များက နိုင်ငံတကာအလယ်တွင် အစိုးရအပေါ် အပြုသဘောဆောင်သည့် မှတ်ချက်များမပေးခဲ့ပါက အစိုးရ၏ နိုင်ငံတကာ ရပ်တည်မှုနှင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပုံဖော်ထားရှိမှုများကို ထုတ်ဖော် ပြသနိုင်ခွင့်ရမည်မဟုတ်ပါ။ ထို့ကြောင့် ပြည်တွင်း၌ အစိုးရအပေါ် ယုံကြည်မှုများ လျော့ကျကာ ဆန္ဒပြမှုများဖြစ်လာနိုင်ဖွယ်ရှိပါသည်။ ထိုသို့ဖြစ်လာလျှင် လက်ရှိအာဏာရ ခေါင်းဆောင်နှင့် အတိုက်အခံခေါင်းဆောင်တို့၏ အရည်အချင်းပေါ်တွင်မူတည်နေပြီး လက်ရှိအာဏာရခေါင်းဆောင်က အရင်းအမြစ်များကို ချုပ်ကိုင်ထားနိုင်သည့်အတွက် အားသာချက်ရှိကြောင်း ဖော်ပြထားရှိပါသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖြစ်လာနိုင်ခြေရှိသည့် တတိယခန့်မှန်းချက်မှာ အပေးအယူတစ်ခု ပေါ်ပေါက်လာနိုင်ခြင်း ဖြစ်ပါသည်။ ၁၉၉၆ ခုနှစ်တွင် အာဏာရ BNP ပါတီ(ယခုအတိုက်အခံပါတီ)သည် ရွေးကောက်ပွဲကို ထိန်းချုပ်ရန်ကြိုးပမ်းခဲ့ သော်လည်း ဆန္ဒပြမှုများဖြင့် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် အာဏာကို စွန့်လွှတ် ခဲ့ရပါသည်။ ထို့နောက် ပညာရှင်များနှင့် နိုင်ငံအတွင်းအရေးပါသည့်သူများ၏ အကြံဉာဏ်ဖြင့် ကြားနေ အိမ်စောင့်အစိုးရ ပေါ်ပေါက်လာခဲ့ပြီး ယခုအခါတွင်လည်း အဆိုပါ ပညာရှင်များသည် ပါတီ ၂ ခုလုံး လက်ခံနိုင်သည့် အစီအစဉ်အသစ်တစ်ခု ဖော်ဆောင် လာနိုင်ဖွယ်ရှိပါသည်။ သို့သော်လည်း Awami League ပါတီအနေဖြင့် ယခုအခါတွင် အာဏာကို လက်လွှတ်လိုက်မည်ဆိုပါက တစ်ချိန်တွင် အာဏာပြန်လည် ရရှိရန် တရားသဖြင့် ယှဉ်ပြိုင်နိုင်သေးသည်ဟူသည့် အာမခံချက်ရှိနေရန် လိုအပ်ပါသည်။ သို့သော်လည်း Awami League ပါတီသည် BNP ပါတီအပေါ် ယုံကြည်မှုမရှိဘဲ BNP ပါတီအနေဖြင့်လည်း လက်ရှိအစိုးရ၏ ဖိနှိပ်မှုကိုခံခဲ့ရသဖြင့် ၎င်းတို့အာဏာ ပြန်ရပါက လက်ရှိအာဏာရပါတီကို ပြန်လည်ဖိနှိပ်မည်သာဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် ယုံကြည်မှုမရှိကြပါ။ ထို့ကြောင့် နှစ်ဦးနှစ်ဖက်ယုံကြည်မှုဖြင့် ကြားနေအိမ်စောင့် အစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင်မှုမှာလည်း ရာခိုင်နှုန်းနည်းပါးကြောင်း ဖော်ပြထားပါသည်။
နောက်ဆုံးအချက်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခင်ရွေးကောက်ပွဲများ ကဲ့သို့ပင် မတရားမှုများ၊ ဖိနှိပ်မှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ် လာနိုင်သော်လည်း နောက်ဆုံးတွင် ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေသို့သာ ပြန်ရောက်မည် ဖြစ်သည်ဟု ဆိုပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးဝန်းကျင်နှင့် ရွေးကောက်ပွဲသည် ပြည်သူ များ၏ အားပေးထောက်ခံမှုနှင့် ချစ်ခင်နှစ်သက်မှုကိုရရှိရန် ပြိုင်ဆိုင်နေကြခြင်းမဟုတ်ဘဲ နိုင်ငံရေးယဉ်ကျေးမှုနိမ့်ကျနေသေးသည့် အောက်လုံးယှဉ်ပြိုင်မှုများသာ ဖြစ်နေသေးသည်ဟုဆိုသည်။ သို့သော်လည်း ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲအနိုင်ရပါတီသည် ပို၍စွမ်းဆောင် နိုင်သော၊ လူထုထောက်ခံသောပါတီဖြစ်သည်ဟုသာ ယေဘုယျသတ်မှတ်ကြမည် ဖြစ်ခြင်းကြောင့် နောက်ဆုံးတွင် လက်ရှိအာဏာရပါတီကသာ အနိုင်ရသွားနိုင်ခြေ များကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဖြစ်လာနိုင်သည့် အခြေအနေ များနှင့် ရွေးကောက်ပွဲနောက်ဆက်တွဲခန့်မှန်းချက်များကို အချက်အလက်များဖြင့် အသေးစိတ် သုံးသပ်ရေးသားထားပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးရေချိန်နိမ့်နေသေးမှု၊ အတိုက်အခံများ၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကိုလည်း အနည်းအကျဉ်း လှစ်ပြထားပြီး နောက်ဆုံးတွင် လက်ရှိဒုံရင်း အခြေအနေဖြင့်သာ ဆက်ရှိနေပြီး လက်ရှိအာဏာရပါတီသာ အနိုင်ရသွားနိုင်ခြေများကြောင်း သုံးသပ်ထားခြင်း ဖြစ်ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏ ဖွဲ့စည်းပုံအခြေခံအရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး နိုင်ငံ၏ အကြီးအကဲသည် ဝန်ကြီးချုပ်ဖြစ်ပါသည်။ ဝန်ကြီးချုပ်ကို နှစ်စဉ် ၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲပြုလုပ်၍ ရွေးချယ်တင်မြောက်လေ့ရှိပြီး Awami League ပါတီနှင့် The Bangladesh Nationalist Party (BNP) ပါတီ ၂ ပါတီ ကြီးစိုးသည့် စနစ်ဖြင့်သာ လည်ပတ်နေခြင်းဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအား BNP ပါတီ တောင်းဆိုသည့်အတိုင်း ဆောင်ရွက်ရန် အမေရိကန်နိုင်ငံလွှတ်တော်အမတ် ၂၀ ဦးမှ တောင်းဆိုခဲ့ပြီး မကြာမီ ရက်ပိုင်းအတွင်းက အမေရိကန်နိုင်ငံကွန်ဂရက်လွှတ်တော်အမတ် ၂ ဦးဖြစ်သော မက်ကော်မစ်နှင့် အက်ဒ်ကေ့စ်တို့သည် ၄ ရက်ကြာ ခရီးလည်ပတ်၍ အာဏာရနှင့် အတိုက်အခံပါတီများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ပြည်ပဝင်ရောက် စွက်ဖက်မှုအချို့ တွေ့ရှိရပါသည်။
အတိုက်အခံ BNP ပါတီသည် ရွေးကောက်ပွဲမတိုင်မီ လက်ရှိအစိုးရ ဆင်းပေး၍ အိမ်စောင့်အစိုးရနှင့် ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုလျက်ရှိပါသည်။ သို့သော်လည်း လက်ရှိဝန်ကြီးချုပ်ဖြစ်သူ Sheikh Hasina ၏ ပြည်တွင်း၌ အဓိကကျသည့် စစ်တပ်နှင့် ဝန်ထမ်းအပါအဝင် အခြားသော နိုင်ငံရေးအင်အားစုများကို စုစည်းထားမှု၊ နိုင်ငံကြီးများအကြား ထိန်းညှိထားနိုင်မှုများကို နိုင်ငံရေးသမားများ အသိအမှတ်ပြုရမည့် အနေအထားဖြစ်ပြီး “နိုင်ငံရေးချည်းသာလော...တိုင်းပြည်တည်ဆောက်ရေးလော” ဟူသည်ကား ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
90082223
[1]။ Arild Engelsen Ruud,“ As Elections Near, Three Scenarios for Bangladesh”. The Diplomat. August 14, 2023 [https://thediplomat.com/.../as-elections-near-three.../]- accessed on August 17, 2023.

Sunday, August 20, 2023

မွန်ဂိုလီးယားနိုင်ငံ၏ မြေရှားဒြပ်သတ္တုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပထဝီနိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
မွန်ဂိုလီးယားနိုင်ငံသည် တရုတ်နှင့် ရုရှားနိုင်ငံတို့အကြားတွင် တည်ရှိပြီး ခေတ်သစ်နည်းပညာများအတွက် အလွန်အရေးပါသည့် မြေရှားဒြပ်သတ္တုပေါများသော နိုင်ငံဖြစ်ပါသည်။ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး မြေရှားဒြပ်သတ္တုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် သဘောတူညီခဲ့သည်အခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် အလားအလာများနှင့်ပတ်သက်ပြီး သိသင့်သည့်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ကြေးနီနှင့် မြေရှားကဲ့သို့ သတ္တုတွင်းထွက်ပေါများသည့် မွန်ဂိုလီးယားနိုင်ငံသည် ပထဝီအနေအထားအရ တရုတ်နှင့် ရုရှားနိုင်ငံတို့အကြားတည်ရှိသည့် ကုန်းတွင်းပိတ် နိုင်ငံဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံဘက်သို့ ယိမ်းလိုနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Oyun-Erdene Luvsannamsrai သည် ၎င်းသက်တမ်း ၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်သည် အမေရိကန်-မွန်ဂိုလီးယားတို့အကြား အလွန်အရေးပါသည့် သတ္တုနှင့် မြေရှားဒြပ်စင်တူးဖော်ရေး ပူးပေါင်းလုပ်ဆောင်မှုများကို တိုးမြှင့်နိုင်ရန် ရည်ရွယ်ပါသည်။ ထို့ပြင် မွန်ဂိုလီးယားနှင့် အမေရိကန်နိုင်ငံတို့သည် တိုက်ရိုက်ကုန်သွယ်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် Open Skies လေကြောင်းသဘောတူညီချက် တစ်ခုကိုလည်း လုပ်ဆောင်ခဲ့ကြောင်းနှင့် တရုတ်-အမေရိကန်နိုင်ငံတို့အကြား မဟာ ဗျူဟာမြောက်ယှဉ်ပြိုင်မှုများ မြင့်တက်နေစဉ်အတွင်း မွန်ဂိုလီးယားနိုင်ငံ၏ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ခြင်းရှိ/မရှိကို စောင့်ကြည့်ရမည်ဖြစ်ပါသည်။
တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ မိတ်ဖက်ဆက်ဆံရေးသည် စစ်အေးကာလ အပြီးကတည်းက အရေးပါသည့် ဆက်ဆံရေးဖြစ်ခဲ့ပါသည်။ သို့သော်လည်း မကြာသေးမီ ကာလက ကုန်သွယ်ရေးနှင့် နည်းပညာကဏ္ဍများတွင် နှစ်နိုင်ငံယှဉ်ပြိုင်မှုများ မြင့်တက် လာပြီး မြေရှားသတ္တုထုတ်လုပ်စီးဆင်းမှုကွင်းဆက်ကို ထိန်းချုပ်နိုင်ရန်လည်း ယှဉ်ပြိုင်လျက် ရှိပါသည်။ အဆိုပါယှဉ်ပြိုင်မှုများတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် Chokepoint မဟာဗျူဟာ[2]ကို အသုံးချလျက်ရှိကြပါသည်။ ပထမဆုံးအနေဖြင့် အမေရိကန်နိုင်ငံသည် ၎င်းအားသာချက်ရှိသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်စီးဆင်းမှုကွင်းဆက်ကို အကျိုးရှိရှိအသုံးချ၍ နည်းပညာကဏ္ဍနှင့် ပထဝီနိုင်ငံရေးအရ လွှမ်းမိုးနိုင်ရေး တိုးချဲ့ လုပ်ဆောင်ခဲ့ပါသည်။ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ၏ ချပ်စ်ပြားတိုးချဲ့ထုတ်လုပ်မှုကို နှောင့်ယှက်လျက်ရှိရာ တရုတ်နိုင်ငံကလည်း အမေရိကန်နိုင်ငံကို တန်ပြန်သည့်အနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းအတွက် အရေးပါသည့်ပစ္စည်းများတင်ပို့ရောင်းချခြင်းကို ကန့်သတ် ခဲ့ပါသည်။ ထို့နောက် တရုတ်နိုင်ငံသည် မြေရှားသတ္တုသန့်စင်ခွဲထုတ်ခြင်း(Seperation)နှင့် ပြန်လည်ချက်လုပ်ခြင်း(Refinement)လုပ်ငန်းများတွင် ထိန်းချုပ်နိုင်ရန် လုပ်ဆောင်လာ ခဲ့ကြောင်း၊ ယခုအခါ တရုတ်နိုင်ငံသည် လျှပ်စစ်ကား EV များ၏ လျှပ်စစ်မော်တာများအတွက် လိုအပ်သည့် စွမ်းရည်မြင့်သံလိုက်များကို ထုတ်လုပ်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ဖော်ပြထားပါသည်။
မြေရှားသတ္တုဒြပ်စင်များသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်သည့် နည်းပညာများတွင် အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်နေပါသည်။ ၎င်းတို့ကို လျှပ်စစ် မော်တော်ယာဉ်များ၊ ဆိုလာစွမ်းအင်များနှင့် ဆက်စပ်နည်းပညာလုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် ဝယ်လိုလား ၃၇ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပါသည်။ တရုတ်နိုင်ငံသည် မြေရှားသတ္တုဒြပ်စင် ၁၇ မျိုးအတွက် လုံလောက်သည့် အရန်ပမာဏရှိနေပြီး သတ္တုသန့်စင်ခွဲထုတ်ခြင်းနှင့် ပြန်လည် ချက်လုပ်ခြင်းများလုပ်ငန်းများကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် မြေရှားသတ္တုတူးဖော်ခြင်း၊ နိုင်ငံပိုင်ကုမ္ပဏီများ တည်ရှိခြင်းနှင့် အရေးပါသည့် သုတေသနစင်တာများဖြင့် တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့မြေရှားသတ္တုကုန်သွယ်မှုလုပ်ငန်းတွင် ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ကာလများတွင်လည်း မြေရှားသတ္တုရိုင်းနှင့် သတ္တုတန် ၉၀,၉၂၀ ကို တင်သွင်းခဲ့ပြီး ပြန်လည်သန့်စင်ချက်လုပ်ခြင်း ဆောင်ရွက်ကာ မြေရှား သတ္တုနှင့် သံလိုက်စွမ်းအင်သုံးပစ္စည်းများ စုစုပေါင်းတန်ချိန် ၂၆,၂၃၆ တန်ကို တင်ပို့ နိုင်ခဲ့ပြီး ယခုအခါ ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တု တင်သွင်း၊ တင်ပို့သည့်နိုင်ငံ အဖြစ် ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
 မြေရှားသတ္တုတူးဖော်ခြင်းနှင့် သတ္တုသန့်စင်ခြင်း လုပ်ငန်းများကြောင့် ပထဝီ နိုင်ငံရေးနှင့် သဘာဝဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသော်လည်း ယှဉ်ပြိုင်မှု လုံခြုံရေးက ဦးစားပေးဖြစ်နေပါသည်။ ထို့ပြင် အနောက်အုပ်စုနိုင်ငံများသည် တရုတ် နိုင်ငံနှင့် တန်းညှိနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး တရုတ်နိုင်ငံကို မှီခိုမှုမရှိသည့် သတ္တု တူးဖော်ခြင်းနှင့် စက်ရုံများဖြန့်ကြက်တည်ဆောက်နိုင်ရန် ကြိုးပမ်းနေပါသည်။ ထိုသို့ တရုတ်နိုင်ငံ၏ မြေရှားသတ္တုထုတ်လုပ်စီးဆင်းမှုကွင်းဆက်လွှမ်းမိုးမှုကို လျှော့ချရန် အတွက် ပထဝီနိုင်ငံရေးယှဉ်ပြိုင်မှုများ၌ မွန်ဂိုလီးယားနိုင်ငံအပါအဝင် အခြားနိုင်ငံ အများအပြားသည် ဒီမိုကရေစီနိုင်ငံများအုပ်စုဘက်သို့ ပိုမိုယိမ်းလာသည်ဟု ဆိုပါသည်။
အဆိုပါလုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် စစ်လက်နက် ပစ္စည်းများအပါအဝင် မဟာဗျူဟာမြောက်အရေးပါသည့် ပစ္စည်းများအတွက် လိုအပ်သည့် သတ္တုနှစ်မျိုးဖြစ်သော Gallium နှင့် Germanium သတ္တု တင်ပို့ရောင်းချမှုကို လျှော့ချခဲ့ပါသည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးဥပဒေသစ်ကိုလည်း ပြဋ္ဌာန်းခဲ့ပြီး ဒရုန်းတင်ပို့မှု ထိန်းချုပ်ရေးမူဝါဒများ ပြန်လည်ချမှတ်ခဲ့ပါသည်။ ထို့ပြင် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့မှ ကုမ္ပဏီကြီးများသည် တရုတ်နိုင်ငံ၏ တန်ပြန်ရေးအစီအမံများကို ရှောင်ရှားနိုင်ရန်အတွက် Gallium နှင့် Germaniumသတ္တုရိုင်းများ ပြန်လည် အသုံးပြုခြင်းနှင့် ပြန်လည်သန့်စင်ခြင်းလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရန် ပြင်ဆင် ခဲ့ကြပါသည်။ ထို့ကြောင့် မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ်၏ အမေရိကန်နိုင်ငံခရီးစဉ်နှင့်မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများက အမေရိကန် နိုင်ငံ၏ တရုတ်နိုင်ငံထိန်းချုပ်ရေးမူဝါဒကို အရှိန်မြှင့်တင်သည့်ကိစ္စရပ်တစ်ခုအဖြစ် ယူဆနိုင်ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နှင့် မွန်ဂိုလီယားနိုင်ငံတို့အကြား မြေရှားသတ္တုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများသည် အပြန်အလှန်အကျိုးရှိသည့် လုပ်ရပ်တစ်ခုဖြစ်ပါသည်။ ထိုသို့ ပူးပေါင်းခြင်းက အမေရိကန်နိုင်ငံအတွက် မြေရှင်းသတ္တုအရင်းအမြစ်ကို ရရှိမည် ဖြစ်ပြီး မွန်းဂိုလီးယားနိုင်ငံအနေဖြင့်လည်း အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ၎င်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထောက်ကူပေးနိုင်မည်ဖြစ်ပါသည်။ သို့သော်လည်း အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် ဆိုးကျိုးများလည်း ရှိနေပါသည်။ ပထမအချက်အနေဖြင့် စီးပွားရေးအရ မြေရှားဒြပ်သတ္တုထုတ်လုပ်ခြင်းတွင် ဒြပ်စင်ရောယှက်မှုပေါင်း ၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းရှိသည့်အတွက် ထုတ်လုပ်ရရှိနိုင်မှုနှင့် သန့်စင်နိုင်မှုပမာဏမှာ ရေရာမှု မရှိဘဲ မွန်ဂိုလီးယားနိုင်ငံဘက်မှ လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏကို ထည့်ဝင်နိုင်ရန်လည်း အာမခံနိုင်မည့် အခြေအနေတွင်မရှိပါ။ ဒုတိယအချက်အနေဖြင့် ဒြပ်သတ္တု တူးဖော်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်လာနိုင်ပြီး စွန့်ပစ်ပစ္စည်းများ၊ လေထုနှင့် ရေထုညစ်ညမ်းမှုများရှိနေပြီး ရေအရင်းအမြစ်နှင့် စွမ်းအင်အရင်းအမြစ် များစွာသုံးစွဲရပါသည်။ ထိုသို့ပတ်ဝန်းကျင်ထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရန် နှစ်ပေါင်း ၅၀ မှ ၁၀၀ ခန့်အထိ အချိန်ယူရပြီး ပြန်လည်ကုစားရန် ကုန်ကျစရိတ်လည်း အလွန်များပြားပါသည်။ ထို့ကြောင့် မွန်ဂိုလီးယားပြည်သူများ၏ ဆန့်ကျင်မှု များနှင့် ကြုံတွေ့လာရနိုင်သည်ဟု ဆိုပါသည်။
တတိယအချက်အနေဖြင့် မွန်ဂိုလီးယားနိုင်ငံတွင် ဒြပ်သတ္တုများ သယ်ယူ ပို့ဆောင်ရန် ကောင်းမွန်ပြည့်စုံသည့် သယ်ယူပို့ဆောင်ရေးမရှိသကဲ့သို့ လုံလောက်သည့် လျှပ်စစ်ဓာတ်အားမရှိသေးဘဲ ထိုကဏ္ဍများ၌ တရုတ်နိုင်ငံကို မှီခိုနေရပါသည်။ ယခင်က မွန်ဂိုလီးယားနှင့် တရုတ်နိုင်ငံတို့သည် အခြေခံအဆောက်အဦများအပါအဝင် နယ်စပ်ဖြတ်ကျော်တံတားများ၊ ကုန်သွယ်ရေးဆိပ်ကမ်းများနှင့် လမ်း၊ မီးရထားလမ်းများ တည်ဆောက်ရန် သဘောတူညီခဲ့ပါသည်။ နောက်ဆုံးအချက်အနေဖြင့် မွန်ဂိုလီးယား နိုင်ငံသည် ကုန်တွင်းပိတ်နိုင်ငံဖြစ်သည့်အတွက် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ချိတ်ဆက် နိုင်ရန် တရုတ်ဆိပ်ကမ်းများကို အသုံးပြုနေရပါသည်။ ယခု အမေရိကန်နိုင်ငံနှင့် သဘောတူညီထားသည့် Open Skies လေကြောင်းသဘောတူညီမှုဖြင့် လေကြောင်းမှ တစ်ဆင့် ဒြပ်သတ္တုသယ်ဆောင်ခြင်းသည်လည်း ကုန်ကျစရိတ်များခြင်းကြောင့် စီးပွားရေး အရ တွက်ခြေမကိုက်လှပါ။ ထို့ပြင် လေကြောင်းလိုင်းများ ဖြတ်သန်းရန်အတွက် ပတ်ဝန်းကျင် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ လေပိုင်နက်များကို ဖြတ်သန်းသွားရမည် ဖြစ်ပြီး ၎င်းတို့၏သဘောတူညီချက်လိုအပ်ပါသည်။ မွန်ဂိုလီးယားနိုင်ငံသည် စီးပွားရေး လက်တွေ့အကျိုးမျှော်ဝါဒကို ကျင့်သုံးရန် ကြိုးပမ်းလျက်ရှိသော်လည်း ၎င်းလုပ်ရပ် များသည် တရုတ်-မွန်ဂိုလီးယား ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် မွန်းဂိုလီးယားနိုင်ငံ၏ ကြေးနီနှင့် ကျောက်မီးသွေးအပါအဝင် သတ္တု တင်ပို့ရောင်းချခြင်းလုပ်ငန်းတွင် အရေးပါလျက်ရှိရာ နောက်ပိုင်းကာလများ၌ မွန်ဂိုလီးယား နိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှုလုပ်ငန်းများတွင် အကျပ်အတည်းဖြင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် မွန်ဂိုလီးယားနိုင်ငံသည် တရုတ်နှင့် ရုရှားနိုင်ငံတို့အား ထိန်းညှိမှု ဆောင်ရွက်နိုင်ရန်အတွက် မြေရှားသတ္တုပိုင်ဆိုင်သည့် အားသာချက်ကို အသုံးပြု၍ အမေရိကန်နိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသော်လည်း လက်တွေ့တွင် အလုပ်ဖြစ်ရန်ခဲယဉ်းကြောင်း ထောက်ပြရေးသားထားခြင်းဖြစ်ပါသည်။ ၁၁ ရာစုအစောပိုင်းက မွန်ဂိုလီးယားအင်ပါယာကို ဂျင်ဂျစ်ခန်က စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး အင်ပါယာကြီးအဖြစ် သမိုင်းတင်နိုင်ခဲ့ပါသည်။ ၎င်း၏သား ကူဘလိုင်ခန်လက်ထပ်တွင် တရုတ်နိုင်ငံတစ်ဝက်လောက်ကို သိမ်းပိုက်နိုင်ခဲ့ပြီး Yuan မင်းဆက်ကို တည်ထောင်ခဲ့ပါသည်။ ထိုမင်းဆက်ပြိုကျပြီးနောက် ၁၆ ရာစုနှင့် ၁၇ ရာစုများတွင် မန်ချူး Qing မင်းဆက်၏အုပ်ချုပ်မှုအောက်တွင်ရှိခဲ့ပါသည်။ ၁၉၁၁ ခုနှစ်တွင် တရုတ်တော်လှန်ရေးပေါ်ပေါက်ခဲ့ရာမှ မန်ချူးတို့၏ အာဏာစက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်ရေးကြေညာနိုင်ခဲ့ပါသည်။
ပထဝီအနေအထားအရ အမေရိကန် နိုင်ငံ၏ ပြိုင်ဘက်နိုင်ငံများဖြစ်သည့် ရုရှားနှင့် တရုတ်နိုင်ငံတို့အကြားတွင် ကုန်းတွင်းပိတ် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိနေပါသည်။ ထို့ကြောင့် ရုရှားနှင့် တရုတ်နိုင်ငံတို့၏ လွှမ်းမိုးမှုအား ပြန်လည်ထိန်းကြောင်းနိုင်ရန်အတွက် ကြိုးပမ်းချက်မှာ သီအိုရီသဘောအရနားလည်နိုင် သော်လည်း လက်တွေ့အလုပ်ဖြစ်/မဖြစ်ဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီး ထိုသို့ထိန်းညှိနိုင်ရန်အတွက် မွန်ဂိုလီးယားနိုင်ငံအနေဖြင့် လက်ရှိအခြေအနေထက် ပိုမို ကောင်းမွန်သည့် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံခြားရေးနှင့် သံတမန်ရေးရာ စွမ်းပကားများ လိုအပ်နေလိမ့်မည်ဟု ယူဆမိပါသည်။
မိမိတို့ မြန်မာနိုင်ငံသည်လည်း မြေရှားသတ္တုပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တူးဖော်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသများတွင် မြေရှားသတ္တုကို အများဆုံးတွေ့ရှိရပါသည်။ ယခုအခါ မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုများကို တရုတ်နိုင်ငံက အများဆုံးဝယ်ယူပြီး အမေရိကန် ဘူမိလေ့လာရေးအသင်း USGS ၏ အဆိုအရ ၂၀၁၈ ခုနှစ် တစ်နှစ်တည်းတွင် မြန်မာ နိုင်ငံမှ မြေရှားသတ္တုတန်ချိန် ၅,၀၀၀ ခန့်ကို တရုတ်နိုင်ငံသို တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။[3] ထို့ပြင် မြန်မာနိုင်ငံတွင်ရှိသော တရုတ်မြေရှားသတ္တုလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ကျင့်ဝတ်လိုက်နာမှုအပိုင်းတွင် မကြာခဏဆိုသလို နာမည်ဆိုးဖြင့် ကျော်ကြားကြောင်းလည်း တွေ့ရှိနေရပါသည်။[4]
၁၁။ ဆောင်းပါးတွင် ဖော်ပြထားချက်များအရ မြေရှားသတ္တု၏ အရေးပါမှုသည် သာမန်မဟုတ်ဘဲ အင်အားကြီးနိုင်ငံများ၏ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုကို အဆုံးအဖြတ်ပေးနိုင်သည့် အခြေအနေတွင်ရှိနေသောကြောင့် မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ မြေရှားသတ္တုများပိုင်ဆိုင်ထားသည့် အရေးပါမှုစွမ်းအား(Power of Natural Resources)ကို စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ ယခုထက်မြှင့်တင်၍ အသုံးချနိုင်ရန်နှင့် ထုတ်လုပ်ခြင်းကြောင့် ဖြစ်ပေါ် လာမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အကျိုးဆက်များအတွက်လည်း စနစ်တကျ ထည့်သွင်းတွက်ချက်ရန်မှာလည်း ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
89082123
[1]။ Marina Yue Zhang,“ Mongolia’s Rare Earths Diplomacy and Its Geopolitical Implications”. The Diplomat. August 12, 2023 [https://thediplomat.com/.../mongolias-rare.../]-accessed on August 15, 2023.
[2]။ Chokepoint မဟာဗျူဟာဆိုသည်မှာ မိမိ၏ယှဉ်ပြိုင်ဘက်များမှ ထိန်းချုပ်ရန်ကြိးပမ်းနေသော မြေရှားသတ္ထုထုတ်လုပ်စီးဆင်းမှုကွင်းဆက် (Supply Chain) ထဲမှ အရေးပါပြီး အစားထိုးမရသည့် နေရာ/ဒေသ/နိုင်ငံတစ်ခုကို ဆိုလိုပါသည်။ တစ်နည်းအားဖြင့် လက်ဝါးကြီးအုပ်ထားရမည့် နေရာဒေသတစ်ခုကို ရည်ညွှန်းပါသည်။
[3]။ “မြေရှားသတ္ထုဆိုတာ ဘာလဲ”. Myanmar House. January 19, 2023 [https:// www. Myanmar house. com.mm/blog/392/myeyahathttausaota-baale]-accessed on August 15, 2023.

[4]။ “Myanmar’s Poisoned Mountains,” Global Witness, August 9, 2022 [https:///en/campaigns/natural-resource-governance/myanmars-poisoned-mountains/]accessed August 15, 2023.

Thursday, August 17, 2023

မလေးရှားနိုင်ငံ၏ ပြည်နယ်ရွေးကောက်ပွဲများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
မလေးရှားနိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သိထားသင့်သော အရေး ပါသည့်အချက်များ၊ နိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများ၏ လုပ်ဆောင်ချက်များနှင့် ဖြစ်လာနိုင်ချေများအပေါ်သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
မလေးရှားနိုင်ငံတွင် ဩဂုတ်လ ၁၂ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်သူ ၁၀ သန်းနီးပါး ဆန္ဒမဲထည့်ဝင်ခဲ့ကြပါသည်။ မြောက်မြားစွာသော လွှတ်တော် အမတ်များက အစိုးရသစ်ဖွဲ့စည်းရန်အတွက် နိုင်ငံရေးပါတီများမှ နုတ်ထွက်ခဲ့ကြသည့် ၂၀၂၀ ပြည့်နှစ်ကတည်းက မလေးရှားနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများဖြင့် ကြုံတွေ့ ခဲ့ရပါသည်။ အဆိုပါဖြစ်ရပ်များက ယခင်ကချမှတ်ခဲ့သည့် မလေးရှားနိုင်ငံ၏ ဖွဲ့စည်းပုံ စနစ်များကို ဖရိုဖရဲဖြစ်စေခဲ့ပြီး ဝန်ကြီးချုပ် ၃ ဆက် အပြောင်းအလဲကို ဖြစ်ခဲ့ကာ၂၀၂၂ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် ညီညွတ်ရေးအစိုးရ ပေါ်ပေါက် လာခဲ့ပြီး နိုင်ငံရေးအခင်းအကျင်း တည်ငြိမ်လာခဲ့ကြောင်း ဖော်ပြထားပါသည်။
လက်ရှိ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ၏ သက်တမ်းသည် ၈ လတာ ကာလအတွင်းသို့ ရောက်ရှိလာပြီဖြစ်ပြီး အဆိုပါကာလအတွင်း၌ နိုင်ငံ၏ စီးပွားရေး သည်လည်း တိုးတက်ခိုင်မာလာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းများလည်း လျော့နည်းသွား ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၏ ပထမနှစ်ဝက်တွင် မလေးရှားငွေကြေး (ရင်းဂစ်)နှင့် နိုင်ငံ၏ ငွေစာရင်း(Bourse)သည် အခြားသောနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အားနည်းခဲ့သော်လည်း ပြီးခဲ့သည့် ဇူလိုင်လတွင် နိုင်ငံ၏ စတော့ဈေးကွက်မှာ ပြန်လည်အားကောင်း လာခဲ့ပါသည်။ Anwar သည် ဩဂုတ်လ ၁ ရက်တွင် “Madani Economy” စီးပွားရေး မျှော်မှန်းချက်ကို ကြေညာခဲ့ပြီး မလေးရှားနိုင်ငံကို လာမည့် ၁၀ နှစ်အတွင်း ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၃၀ တွင် ပါဝင်လာစေရန် ဆောင်ရွက်မည်ဟုဆိုကာ စီးပွားရေးပြုပြင်ပြောင်းလဲရေးအစီအစဉ်များပါဝင်ပါသည်။ ယခုပြုလုပ်ခဲ့သည့် ၆ ပြည်နယ် ရွေးကောက်ပွဲသည် Anwar ၏ ညီညွတ်ရေးအစိုးရနှင့် အဓိကညွန့်ပေါင်းအဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် Pakatan Harapan (PH) နှင့် Barisan Nasional (BN) တို့၏ ပူးပေါင်း ဆောင်ရွက်မှုအတွက် ပထမဆုံးရွေးကောက်ပွဲဆိုင်ရာ စမ်းသပ်ချက်တစ်ခုဖြစ်ကြောင်းဖော်ပြထားပါသည်။
မလေးရှားနိုင်ငံ၏ မဲပေးခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သည့် အချက် ၅ ချက်မှာ ပထမအချက်အနေဖြင့် ရွေးကောက်ပွဲသည် PH နှင့် BN ပါတီနှစ်ရပ်၏ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်ပြီး အဆိုပါ ပါတီနှစ်ရပ်သည် ယခင်ကပဋိပက္ခ ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းများရှိခဲ့သော်လည်း ယခုအခါတွင် ညီညွတ်ရေးအစိုးရကို ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ရွေးကောက်ပွဲရလဒ်များက ပြည်နယ်အစိုးရအား ဦးဆောင်မည့်သူကို ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်ပြီး အတိုက်အခံညွန့်ပေါင်းပါတီဖြစ်သည့် PerikatanNasional (PN) သည် အရှေ့ဘက်ကမ်းရိုးတန်းရှိ Kedah ၊ Kelantan နှင့် Terengganu ပြည်နယ်များတွင် အလွယ်တကူအနိုင်ရရန် မျှော်မှန်းနေကြပါသည်။ ထိုကိစ္စက PH ပါတီ၏ အမာခံနယ်မြေ (Penang နှင့် Selangor ပြည်နယ်) များအတွက် စိန်ခေါ်မှုကိုဖြစ်စေပါသည်။ ယခုရွေးကောက်ပွဲသည် ဝန်ကြီးချုပ်ရာထူးကို တိုက်ရိုက်ထိခိုက်စေခြင်း မရှိသော်လည်း ညီညွတ်ရေးအစိုးရ ညွန့်ပေါင်းအဖွဲ့၏ လုပ်ဆောင်မှု ညံ့ဖျင်းပါက ပါတီ ၁၉ ခုဖြင့် ဖွဲ့စည်းထားသည့် အတိုက်အခံအင်အားစုများအတွင်း ပိုမိုပူးပေါင်းမှုများဖြစ်လာစေနိုင်သည်ဟု ဆိုပါသည်။
ဒုတိယအချက်အနေဖြင့် ယခုရွေးကောက်ပွဲတွင် လူနေမှုစရိတ်စကများ မြင့်တက် နေခြင်းက မဲဆန္ဒရှင်များ ဦးစားပေးစဉ်းစားသည့် အချက်ဖြစ်ပြီး မလေးရှားနိုင်ငံ၏ Think Tank အဖွဲ့ဖြစ်သည့် Ilham Centre ၏ စစ်တမ်းကောက်ယူချက်များအရ ၆၂ ရာခိုင်နှုန်းသော ဖြေဆိုမှုများတွင် အစိုးရအား လူနေမှုစရိတ်လျှော့ချရေးကိုသာ အာရုံစိုက်စေလိုပြီး ၁၈ ရာခိုင်နှုန်းသောဖြေဆိုမှုများတွင် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှုတွင် အာရုံစိုက်စေလိုသည်ဟု ဖော်ပြထားပါသည်။ ဒေသတွင်း အရေးကိစ္စများနှင့်ပတ်သက်၍ အကျယ်တဝင့်လေ့လာရာ၌ မဲဆွယ်စည်းရုံးမှုများ၏ အဓိကခေါင်းစဉ်များတွင် အစ္စလာမ္မစ်နိုင်ငံရေးပါတီ Islamist party PAS (Parti IslamSe-Malaysia) အုပ်ချုပ်နေသည့်ပြည်နယ်များတွင်(Kedah, Kelantan, and Terengganu) ဖွံ့ဖြိုးမှုနောက်ကျနေခြင်း၊ Penang တောင်ပိုင်းရှိ ကျွန်းစီမံကိန်းများနှင့် ပတ်သက်၍ မြေပိုင်ဆိုင်ခွင့် တောင်းဆိုမှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ များ၏ ဝေဖန်မှုများရှိနေခြင်းစသည့် ကိစ္စရပ်များပါဝင်ကြောင်း ဖော်ပြထားပါသည်။
တတိယအချက်အနေဖြင့် ရွေးကောက်ပွဲများတွင် လက်ရှိညီညွတ်ရေးအစိုးရ ညွန့်ပေါင်းအဖွဲ့ဖြစ်သည့် PH-BN နှင့် အတိုက်အခံ PN ပါတီတို့၏ ထိပ်တိုက် ယှဉ်ပြိုင်မှုများ အဓိကတွေ့ရမည်ဖြစ်ပြီး၊ ပြည်နယ်လွှတ်တော်အမတ်နေရာ ၂၄၅ နေရာ အတွက် ကိုယ်စားလှယ်လောင်း ၅၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် PN ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂၄၅ ဦးရှိပြီး ဝင်ရောက်ယှဉ်ပြိုင်သူ အများဆုံးဖြစ်ပါသည်။ PH မှ ၁၃၈ ဦး၊ BN မှ ၁၀၈ ဦး၊ Malaysian United Democratic Alliance (MUDA)မှ ၁၉ ဦး၊ Malaysia People's Party (PRM)မှ ၁၃ ဦးနှင့် Socialist Party of Malaysia(PSM)မှ ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်အနေဖြင့် “Green Wave” အရေးကိစ္စဖြစ်ပြီး “Green Wave” ဆိုသည်မှာ Islamist Party PAS ၏ အလံအရောင်ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ Islamist Party-PAS သည် အရှေ့ဘက်ကမ်းရိုးတန်းပြည်နယ်များတွင်သာ ရေပန်းစားသည်ဟု ဆိုသော်ငြားလည်း ၂၀၂၂ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် နိုင်ငံတစ်ဝှမ်း၌ ဘာသာရေးနှင့် မလေးလူမျိုးရေးဝါဒ ကြီးထွားလာမှုများကြောင့် ၎င်းပါတီကို လူကြိုက် များမှုသည် မလေးကျွန်းဆွယ်မြောက်ပိုင်းအထိ ပျံ့နှံ့လာခဲ့ပါသည်။ PAS အတွက် ထောက်ခံမဲများသည် အကျင့်ပျက်ခြစားမှုဖြင့် ကျော်ကြားနေသည့်(ယခင်နာဂျစ်အစိုးရ) United Malays National Organization (UMNO)ကို ယခင်က ထောက်ခံခဲ့သည့် မဲဆန္ဒရှင်များဆီမှ ပြောင်းလဲလာခြင်းဖြစ်ပါသည်။ PAS သည် လက်ရှိအချိန်တွင် အမတ်နေရာ ၄၄ နေရာကို ရရှိထားပြီး ဖက်ဒရယ်ပါလီမန်၏ အကြီးဆုံးနိုင်ငံရေးပါတီဖြစ်ကာ နောက်ထပ် အကြီးဆုံးပါတီဖြစ်သည့် UMNO သည် အမတ်နေရာ ၂၆ နေရာကို ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားပါသည်။
နောက်ဆုံးအချက်အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ချေရှိသည့် ပါတီ ကိစ္စနှင့်ပတ်သက်၍ လက်ရှိရွေးကောက်ပွဲသည် PH-BN မဟာမိတ်အဖွဲ့နှင့် PN တို့၏ အားပြိုင်မှုဖြစ်ပြီး ဝန်ကြီးချုပ် Anwar ကိုဆန့်ကျင်သည့် ဝါဒဖြန့်မှုများနှင့် လူမျိုးရေး-ဘာသာရေးကိစ္စရပ်များ ပေါ်ပေါက်လာမှုကြောင့် အထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် မဲဆန္ဒရှင်များ၏ သဘောထားကွဲလွဲမှုများ ကြီးထွားလာခဲ့ပါသည်။ အတိုက်အခံများက ဝန်ကြီးချုပ်ကို “မလေး မစစ်-Less Malay” “မွတ်ဆလင် မစစ်-Less Muslim”ဟု တိုက်ခိုက်နေကြပြီး နိုင်ငံအတွက်‌ခေါင်းဆောင်ကောင်းမဖြစ်နိုင်ဟု မှတ်ချက်ပြုနေကြပါသည်။ သို့သော်လည်း လက်ရှိညီညွတ်ရေးအစိုးရသည် လွှတ်တော်၏ သုံးပုံနှစ်ပုံကျော်၊ သို့မဟုတ် လွှတ်တော် အဖွဲ့ဝင် ၂၂၂ ဦးအနက်မှ ၁၄၈ ဦး၏ ထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖွယ် ရှိနေပါသည်။ အချုပ်အားဖြင့် PN သည် PH ပါတီ၏ အမာခံနယ်မြေများ (Penang ၊ Selangor ၊ Negeri Sembilan)ကို အနိုင်ရရှိရန် ကြိုးပမ်းလာနိုင်ဖွယ်ရှိနေသော်လည်း ပညာရှင် များက Penang ၊ Selangor ၊ Negeri Sembilan ပြည်နယ်များတွင် Anwar ကို ထောက်ခံသူ များပြားသည့်အတွက် PH-BN သာလျှင် အဆိုပါနေရာများကို ဆက်လက်ထိန်းသိမ်းထား နိုင်ဖွယ်ရှိသည်ဟု မှတ်ချက်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ရေးသားထားချက်များအရ မလေးရှားနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် Anwar Ibrahim လက်ထက်တွင် နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုရှိခဲ့ပြီး စည်းလုံး ညီညွတ်ရေးအစိုးရတွင် အမတ်နေရာအခိုင်အမာရရှိထားသော်လည်း အတိုက်အခံ ပါတီဖြစ်သည့် PN အနေဖြင့်လည်း ဘာသာရေး၊ လူမျိုးရေး တိုက်ခိုက်မှုများမှတစ်ဆင့် ရွေးကောက်ပွဲအနိုင်ရရေးကို ကြိုးပမ်းနေကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် PN ၏ မဟာမိတ်ပါတီဖြစ်သည့် PAS ပါတီသည် မွတ်ဆလင်များပြားသည့် မလေးရှားနိုင်ငံ၏ တောင်ပိုင်းသာမက မြောက်ပိုင်းတွင်ပါ လွှမ်းမိုးလာနိုင်သည့်အတွက် ရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှုများတွင် ယခင်ကထက် ပိုမိုပြင်းထန်လာကြောင်း တွေ့ရှိရပါသည်။
လက်ရှိတွင် မလေးရှားပြည်သူများ၏ ရွေးကောက်ပွဲဆိုင်ရာ မျှော်လင့်ချက်မှာ လူနေမှုစရိတ်မြင့်တက်နေခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး ဖြစ်နေ သည်ကို တွေ့ရှိရသည့်အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ချပြထားပြီး အချိန်တို အတွင်း နိုင်ငံစီးပွားရေးနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းပြနိုင်ခဲ့သည့် လက်ရှိ Anwar အစိုးရအတွက် အားသာချက်ရှိနေပါသည်။ နိုင်ငံတစ်နိုင်ငံမှ ပြည်သူများ၏ အခြေခံလိုအပ်ချက်မှာ စားသောက်နေထိုင်စရိတ်လျော့နည်းရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများပြားလိုခြင်း၊ တစ်နည်းအားဖြင့် အနှောင့်အယှက်ကင်းကင်းနှင့် စီးပွားရှာလိုကြခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ဆောင်းပါးတွင်ဖော်ပြချက်များအရ လက်ရှိ Anwar အစိုးရသည် ၎င်း၏အတိုက်အခံပါတီများထက် ဘာသာရေးနှင့် လူမျိုးရေးအစွန်းရောက်မှု နည်းကြောင်း တွေ့ရှိရပါသည်။
လက်ရှိ မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar က ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန်မားကို့စ်နှင့် တွေ့ဆုံမှုတွင် အာဆီယံနိုင်ငံများ အနေဖြင့် မြန်မာ့ပဋိပက္ခများဖြေရှင်းနိုင်ရန် အစိုးရနှင့် Informal တွေ့ဆုံမှုများ ဆောင်ရွက် သင့်ကြောင်း၊ ထိုက်သင့်သည့် ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုရှိရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်ကိုတွေ့ရှိရပြီး မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မူဝါဒပိုင်း ဆိုင်ရာတွင် ပြောင်းလဲမှုတချို့ရှိနေသည်ဟု ယူဆရပါသည်။[2] နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးနှင့် မူဝါဒအပြောင်းအလဲများနှင့် အချိန်ကိုက် သံတမန်ရေးဆိုင်ရာအကဲစမ်းမှုများ ဆောင်ရွက်နိုင်ရန်မှာ သက်ဆိုင်ရာ နိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
88081823
[1]။ NORMAN GOH,“ Malaysia holds key state elections: 5 things to know”. The Diplomat. August 11, 2023 [https://asia.nikkei.com/.../Malaysia-holds-key-state... /]- accessed on August 14, 2023.

[2]။ “ASEAN states should engage bilaterally with Myanmar to resolve crisis, Malaysian leader says”.Associated Press News, July 26 2023 [https://apnews.com/.../malaysia-philippines-myanmar... Aug 14 2023

Wednesday, August 16, 2023

တရုတ်-ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှုများမှ တရုတ်နိုင်ငံရရှိနေသည့် အကျိုးကျေးဇူးများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
၂၀၂၃ ခုနှစ်၊ ဇူလိုင်လက ကျင်းပပြုလုပ်ခဲ့သည့် တရုတ်-ရုရှား စစ်ရေးလေ့ကျင့်မှု များသည် ထိုင်ဝမ်ကိုကျူးကျော်ရန်ကြိုးစားနေသည့် တရုတ်နိုင်ငံ၏ ကြိုတင်ပြင်ဆင်မှု တစ်ခုဖြစ်ပါသည်။ အမေရိကန်နိုင်ငံက နောက်ခံပေးထားသည့် ယူကရိန်းနိုင်ငံနှင့် ထိုင်ဝမ် တို့၏ ကာကွယ်ရေးနည်းဗျူဟာများသည် တူညီလျက်ရှိသောကြောင့် အဆိုပါနည်းဗျူဟာ များကို တန်ပြန်နိုင်ရန် တရုတ်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခမှရရှိသော ရုရှားနိုင်ငံ၏ စစ်ရေးအတွေ့အကြုံများကို လေ့လာလျက်ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လအကုန်ပိုင်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ဂျပန် ပင်လယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခများမှ အမေရိကန်စစ်သုံးလေယာဉ်များအား တုံ့ပြန်ခဲ့သည့် ရုရှားနိုင်ငံ၏ နည်းလမ်းများနှင့် အတွေ့အကြုံများကို ထိုလေ့ကျင့်ခန်းမှတစ်ဆင့် လေ့လာ လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လနှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလတို့တွင် ထိုင်ဝမ်အနီး၌ ကြီးမားသည့် စစ်ရေးလေ့ကျင့်မှု ၂ ကြိမ်တိုင်ပြုလုပ် ခဲ့ပါသည်။ အဆိုပါလေ့ကျင့်ခန်းများတွင် အမေရိကန်နိုင်ငံ၏ P-8A ရေငုပ်သင်္ဘော တိုက်ဖျက်ရေးလေယာဉ်များ၊ E-3 အချက်ပေးလေယာဉ်နှင့် EC-135 အီလက်ထရောနစ် စောင့်ကြည့်ရေးလေယာဉ်အစရှိသည့် စစ်သုံးလေယာဉ်များ၏ အနီးကပ်ထောက်လှမ်းမှုများ ခံခဲ့ရပါသည်။ အလားတူ ရုရှား-ယူကရိန်းပဋိပက္ခတွင်လည်း ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် နေတိုးတပ်ဖွဲ့တို့၏ အီလက်ထရောနစ်ထောက်လှမ်းရေး၊ အီလက်ထရောနစ် စစ်သုံးလေယာဉ်များနှင့် ဒရုန်းများဖြင့် စောင့်ကြည့်ခံခဲ့ရပါသည်။ အဆိုပါစောင့်ကြည့်ရေး လေယာဉ်များသည် ရုရှားနိုင်ငံဆိုင်ရာ ဒစ်ဂျစ်တယ် သတင်းအချက်အလက်များကို ယူကရိန်းတပ်ဖွဲ့များသို့ ဆက်တိုက်ပေးပို့လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ယူကရိန်းနိုင်ငံသည် ပဋိပက္ခကာလတစ်လျှောက်တွင်သာ အမေရိကန်နိုင်ငံမှ စစ်ရေးအထောက်အကူများ ဆက်တိုက်ရရှိသော်လည်း ထိုင်ဝမ်ကမူ အမေရိကန်နိုင်ငံနှင့်ကာလရှည်ကြာ လက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် ယခုအချိန်တွင် ထိုင်ဝမ်ရေလက်ကြားအတွင်း စစ်ပွဲဖြစ်ပွားခဲ့ပါက ထိုင်ဝမ်စစ်ဘက်နှင့် အမေရိကန်နိုင်ငံတို့အကြား ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများကို တွေ့ရှိရမည်ဖြစ်ပါသည်။ ပြီးခဲ့သည့် တရုတ် နိုင်ငံ၏ ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်-အမေရိကန် သတင်းအချက်အလက်နှင့် ထောက်လှမ်းရေးသတင်း ဖလှယ်မှုများအတွက် အခွင့်အလမ်းများစွာ ရရှိခဲ့ပါသည်။ အနာဂတ်ကာလများတွင် အမေရိကန်နိုင်ငံသည် ထိုင်ဝမ်ရေလက်ကြားအရေးတွင် လေယာဉ်တင်သင်္ဘာများနှင့် စစ်သင်္ဘောများ စေလွှတ်၍ ပဋိပက္ခများတွင် တိုက်ရိုက် ပါဝင်ခြင်းထက် ရေကြောင်း၊ လေကြောင်းဆိုင်ရာအီလက်ထရောနစ်စစ်သုံးလေယာဉ် များနှင့် အီလက်ထရောနစ်ထောက်လှမ်းရေးပစ္စည်းကိရိယာများ၊ နည်းစနစ်များ ထောက်ပံ့ခြင်းဖြင့် ထိုင်ဝမ်စစ်ဘက်ကို ထောက်ကူပေးနိုင်ရန် ပြင်ဆင်လျက်ရှိပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခကာလများအတွင်း အမေရိကန် နိုင်ငံ၏ စွမ်းဆောင်ရည်များကို ထိန်းချုပ်ခဲ့သည့် ရုရှားစစ်ဘက်၏ နည်းလမ်းများကို လေ့လာနေခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ရုရှား-ယူကရိန်း ပဋိပက္ခသည် ယူကရိန်းနိုင်ငံကုန်းတွင်းပိုင်းတွင် ဖြစ်ပွားလျက်ရှိသော်လည်း ပင်လယ်နက်ကို ထိန်းချုပ်နိုင်ရန်လည်း ယှဉ်ပြိုင်နေကြပါသည်။ အဆိုပါပဋိပက္ခများတွင် ယူကရိန်းနိုင်ငံ၏ အားသာချက်မှာ ရုရှားရေတပ်စစ်သင်္ဘောများကို ကုန်းမြေပေါ်ရှိ လက်နက် များဖြင့် ဖျက်ဆီးတိုက်ခိုက်နိုင်ခြင်းဖြစ်ပါသည်။ ယူကရိန်းနိုင်ငံသည် စစ်သင်္ဘောချင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းထက် ကုန်းစပ်ရှိ လက်နက်များ၊ ဒရုန်းများ၊ အမေရိကန်နိုင်ငံက ထောက်ပံ့ထားသည့် အီလက်ထရောနစ်ထောက်လှမ်းရေးသတင်းများကို အသုံးပြု၍ ထိရောက်သည့် တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထိုင်ဝမ် စစ်ဘက်သည် တရုတ်နိုင်ငံ၏ ကျူးကျော်တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန်အတွက် ဖြူကောင်မဟာဗျူဟာအရ (Porcupine Strategy) ကမ်းစပ်အခြေစိုက် ဒုံးလက်နက်များ၊ မောင်းသူမဲ့ယာဉ်များကို တိုးချဲ့လုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိ ပင်လယ်နက်အတွင်း ရုရှားနိုင်ငံရင်ဆိုင်နေရသကဲ့သို့ ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် ရုရှား-ယူကရိန်း ပဋိပက္ခများတွင် ရုရှားနိုင်ငံရရှိခဲ့သည့် တိုက်ခိုက်ရေးဆိုင်ရာ အတွေ့အကြုံများသည် တရုတ်နိုင်ငံအတွက် အရေးပါသည့် ကိစ္စရပ်တစ်ခု ဖြစ်နေပါသည်။ ဂျပန်ပင်လယ်အတွင်း ရုရှား-တရုတ် လေ့ကျင့်ခန်းအတွင်း ဖြစ်စဉ် အကြောင်းအရာဖွင့်များသည်လည်း လက်ရှိအခြေအနေများကို အခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံအတွက် အရေးပါသည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ပြီး အနောက်အုပ်စုနိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ရင်ဆိုင် နေရချိန်တွင် ရုရှားနိုင်ငံသည် နှစ်နိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ် အောက်တွင် တရုတ်နိုင်ငံမှ လက်နက်ပိုပစ္စည်းများ ဝယ်ယူအသုံးပြုလျက်ရှိပါသည်။ ထို့ပြင် မောင်းသူမဲ့ဒရုန်းများသည် ခေတ်သစ်စစ်ပွဲများတွင် အရေးပါသည့် လက်နက်တစ်ခု ဖြစ်လာခဲ့ရာ တရုတ်နိုင်ငံထုတ် အရပ်ဘက်သုံးဒရုန်းများသည် ရုရှားနိုင်ငံအတွက် အသုံးဝင်လျက်ရှိပါသည်။ အပြန်အလှန်အနေဖြင့် တရုတ်နိုင်ငံသည် အမေရိကန် နိုင်ငံနှင့် ယှဉ်ပြိုင်ရာတွင် စစ်အေးခေတ်ကတည်းက ကာလရှည်ကြာအသုံးပြုလာသည့် ရုရှားနိုင်ငံ၏ နည်းလမ်းများကို လေ့လာရန် အခွင့်အလမ်းများပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အာကာသလုံခြုံရေးနှင့် ဒုံးဖျက်မစ်ဇိုင်းဆိုင်ရာ လေ့ကျင့်ခန်းများနှင့်ပတ်သက်ပြီး တရုတ်နှင့် ရုရုားနိုင်ငံတို့အကြား ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်လာစေပြီး သက်ဆိုင်ရာလက်နက်စနစ်များကိုလည်း ပိုမိုနားလည်သဘောပေါက်နိုင်မည်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြထားရှိပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ပြီးခဲ့သည့် ဇူလိုင်လအကုန်ပိုင်းတွင် ဂျပန် ပင်လယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ရာ အဆိုပါပြုလုပ်မှုနှင့် ပတ်သက်၍ အနောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်လျက်ရှိကြပါသည်။ ရုရှားနှင် တရုတ် နိုင်ငံတို့သည် အဆိုပါစစ်ရေးလေ့ကျင့်မှုမတိုင်မီ မတ်လ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်တို့ ၂ ရက်ကြာ ဆွေးနွေးပွဲတစ်ခုကျင်းပပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မည့်စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ရုရှားနိုင်ငံ သမ္မတကမူ ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် စစ်ရေးမဟာမိတ်ဖွဲ့ခြင်း မဟုတ်ကြောင်းနှင့် ပွင့်လင်းမြင်သာသည့် ပူးပေါင်းဆောင်ရွက်မှုသာ ပြုလုပ်ခြင်း ဖြစ်သည်ဟု ပြောကြားထားပါသည်။[2]၎င်းတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် စစ်ဘက်ဆိုင်ရာဆက်ဆံရေးသည် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုအတွက် အထောက်အကူ ဖြစ်စေမည်ဟု တရုတ်နှင့် ရုရှားနိုင်ငံတို့က ပြောကြားထားသော်လည်း ၎င်းတို့ ပူးပေါင်းမှုကြောင့် တိုးတက်ကောင်းမွန်လာမည့် စစ်ရေး၊ နည်းပညာနှင့် အခြား လက်နက်စွမ်းဆောင်ရည်များကို အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများက စိုးရိမ်နေခြင်းဖြစ်ပါသည်။
ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အနောက်နိုင်ငံများ၏ အဘက်ဘက်မှ အရေးယူ ပိတ်ဆို့မှုကို ခံနေရပြီး အမေရိကန်နိုင်ငံ၏ ဖိနှိမ်ခြင်းခံရသည့်နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်နေပြီး စစ်ရေးအတွေ့အကြုံနှင့် နည်းပညာဖလှယ်သည့်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် အနာဂတ်ကြားခံစစ်ပွဲများတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမျိုးထက် နောက်ကွယ်မှ အီလက်ထရောနစ်၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် ထောက်လှမ်းရေးအချက်များပံ့ပိုးပေးမည့်ဘက်သို့ ပိုမိုအာရုံစိုက်လာနေကြောင်း တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မိမိတို့ အာရုံစိုက်ပြင်ဆင်ထားသင့်သည့် စစ်ဆင်ရေးအခန်းကဏ္ဍများကို ကြိုတင်ပြင်ဆင်ထားခြင်းသည် သက်ဆိုင်ရာနိုင်ငံများအတွက် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
87081723
[1]။ Ying Yu Lin,“ What Is Russia Teaching China in Military Drills?”. The Diplomat. August 9, 2023 [https://thediplomat.com/.../what-is-russia.../]-accessed on August 13, 2023.

[2]။ Alexander Marrow,“ Russia, China are not creating military alliance, Putin says”. Reuters. March 26, 2023 [https://www.reuters.com/.../putin-russia-china.../]-accessed on August 13, 2023.

Tuesday, August 15, 2023

တရုတ်နိုင်ငံ၏ လက်ရှိအသုံးပြုနေသော စစ်ရေးမဟာဗျူဟာ/နည်းဗျူဟာများ၊ နူကလီးယားလက်နက်ပိုင်ဆိုင်မှုကို စစ်ရေးခြိမ်းခြောက်မှုများတွင် အသုံးပြုလာနိုင်ချေနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် တန်းတူနေရာရရှိရန်၊ သို့မဟုတ် သာလွန်ရန် ကြိုးပမ်းလျက်ရှိပြီး ၎င်း၏ရည်မှန်းချက်များ အောင်မြင်စွာအကောင်အထည်ဖော်ရန် အတွက် စစ်ရေးနည်းပရိယာယ်များကိုလည်း ပြောင်းလဲ အသုံးပြုလျက်ရှိပါသည်။ ၎င်းအနေဖြင့် နျူကလီးယား လက်နက်အား ပထမဆုံးစတင်အသုံးပြုမည်မဟုတ်(No-First Use)ဟူသောမူကို ကိုင်စွဲထားသော်လည်း နျူကလီးယား ပိုင်ဆိုင်မှုအား အသုံးပြု၍ ခြိမ်းခြောက်အကျပ်ကိုင်မှုနည်းလမ်းများသာမက အမေရိကန်နိုင်ငံနှင့် နျူကလီးယားလက်နက် အင်အားတွင် တန်းတူဖြစ်ရေးကြိုးပမ်းလျက်ရသည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြပေးပါမည်။[1]
ဖော်ပြချက်
အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား စစ်ပွဲဖြစ်ပွားခြင်းသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော အရေးကြီးကိစ္စဖြစ်နေပါသည်။ အမေရိကန်နိုင်ငံသည် အင်ဒို-ပစိဖိတ် ဆိုင်ရာ ၎င်း၏မူဝါဒများတွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးမူဝါဒများကို ဟန့်တား နိုင်ရန်ကြိုးပမ်းလျက်ရှိပါသည်။ လက်ရှိအချိန်အထိ တရုတ်နှင့်အမေရိကန်အကြားတွင် စစ်ပွဲများ တိုက်ရိုက်ဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာရန် ကြိုးပမ်းလျက်ရှိသည့်အပြင် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံရေးအကျပ်ကိုင်မှုများ၊ Hybrid Warfare ကို အသုံးချနေမှုများ၊ ပြီးပြည့်စုံသည့်နိုင်ငံ့အင်အား (Comprehensive National Power)ကို ဖော်ဆောင်နေမှုများ၊ တရုတ်တပ်မတော်၏ နည်းဗျူဟာ ၃ သွယ် (PLA’s Three Warfare Framework)နှင့် မီးခိုးရောင်ဇုန်စစ်ရေးနည်းဗျူဟာ(Gray Zone Tactics)စသည့် နိုင်ငံရေးနှင့် စစ်ရေးပရိယာယ်များကို ပေါင်းစပ်အသုံးပြုလျက်ရှိကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဝါဒ (Revisionism) သည် မပြင်းထန်သော်လည်း နိုင်ငံတကာဥပဒေဘောင်အတွင်းမှ တရားမဝင်မှုများဆောင်ရွက်ခြင်း၊ စံချိန်စံနှုန်း ချိုးဖောက်ခြင်းများ ဆောင်ရွက်နေပြီး လစ်ဘရယ်ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို နှောင့်ယှက်လျက်ရှိသည်ဟု ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကာလနှင့် စစ်ပွဲ ကာလဟူ၍ ခွဲခြားထားခြင်းမရှိဘဲ ၎င်း၏ အကျိုးစီးပွားတိုးတက်ရေးကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင် လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် မည်သည့်အချိန်တွင်မဆို နျူကလီးယားလက်နက်ကို စတင်အသုံးမပြုဟူသည့်(No First Use)မူဝါဒများအရ ၎င်း၏ နိုင်ငံရေးပရိယာယ်တွင် နျူကလီးယားလက်နက်ပိုင်ဆိုင်မှုအား အသုံးချခြင်းကို ရှောင်ကြဉ်ခဲ့သော်လည်း ၂၀၀၈ ခုနှစ် မဟာဗျူဟာမြောက် ရည်မှန်းချက်များအရ ၎င်း၏ နိုင်ငံရေးအကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှုနှင့် နိုင်ငံတကာရည်မှန်းချက်များ အကောင် အထည်ဖော်မှုများတွင် နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို အားတစ်ရပ်အနေဖြင့် ထည့်သွင်းအသုံးပြုခဲ့ကြောင်းဖော်ပြထားပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန်အတွက် ထိပ်တိုက်ပဋိပက္ခများ မဖြစ်ရုံတစ်မယ် စွန့်စားမှုယူ၍ ပါးနပ်စွာ လုပ်ဆောင်လျက်ရှိပါသည်။ ဥပမာအားဖြင့် တောင်တရုတ် ပင်လယ်တွင် အရပ်သားသင်္ဘောအသွင်ယူထားသည့် တရုတ်ငါးဖမ်းသင်္ဘောအုပ်စုကို လက်နက်ကြီးများတပ်ဆင်ထားသည့် ကမ်းရိုးတန်းစောင့်သင်္ဘောများ ခြံရံ၍ တပ်ဖြန့် စေလွှတ်နေပါသည်။ အဆိုပါလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် အရပ်ဘက် သင်္ဘောများကို အသုံးပြုလျက် ကုလသမဂ္ဂ၏ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေများကို လက်တစ်လုံးခြား ချိုးဖောက်နေခြင်းဖြစ်သည်ဟုဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံအား တုံ့ပြန်လာသည့် နိုင်ငံများ၏ စစ်သင်္ဘောငယ်များကို ပစ်ခတ်နှစ်မြှုပ်ပစ်ခြင်း၊ အုပ်ချုပ်ထောက်ပံ့ရေး မဆောင်ရွက်နိုင်အောင် တားဆီးခြင်းများကို ဆောင်ရွက်ပြီး သမားရိုးကျလွှမ်းမိုးမှုပြုလုပ် နိုင်ရန် ဆောင်ရွက်နေခြင်းသည်လည်း ၎င်း၏ Gray Zone Tactics ပင်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
ထို့နောက် တရုတ်နိုင်ငံသည် Nine-Desh Line မူဝါဒကို ဖန်တီးကာ ဝါဒ ဖြန့်ချိရေးယန္တယားကို ထိရောက်စွာအသုံးချပြီး နယ်မြေပိုင်ဆိုင်မှုခိုင်မာအောင် လုပ်ဆောင်လျက်ရှိပါသည်။ Sansha City နှင့် Woody Island ကဲ့သို့သော အုပ်ချုပ်ရေးမြို့တော်အသစ်များ တည်ဆောက်၍ နယ်မြေဖြန့်ကြက်ရန် ဆောင်ရွက်နေသည့်အပြင် Fishing Laws ကဲ့သို့သော ဥပဒေများပြဋ္ဌာန်း၍ တရားဝင်မှုတည်ဆောက်ကာ နယ်မြေချဲ့ထွင်မှုကို အထောက်အပံ့ ပြုပေးနေပါသည်။ တရုတ်နိုင်ငံသည် လက်ရှိ ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေကို နိုင်ငံရေး အကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှုများမှတစ်ဆင့် ပြောင်းလဲလိုနေပါသည်။ ဥပမာအားဖြင့် လစ်သူယေးနီးယားနိုင်ငံအား Taipei သံရုံးကို ထိုင်ဝမ်ဟုသုံးနှုန်းသဖြင့် ကုန်သွယ်ရေးဖြတ်တောက် ခဲ့ပြီး ဩစတြေးလျနိုင်ငံကိုလည်း ကိုဗစ်-၁၉ ရောဂါ၏ ဇစ်မြစ်ကို ဆန်းစစ်မည်ဟု ဆို၍ တရုတ်နိုင်ငံအား အပြစ်ဖို့ခဲ့သောကြောင့် ဩစတြေးလျနိုင်ငံထုတ် ကုန်ပစ္စည်း များကို အခွန်တိုးမြှင့်ခဲ့ပါသည်။ ထိုကဲ့သို့ပင် ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံကဲ့သို့သော ဒေသတွင်း နိုင်ငံများအပေါ် အကျပ်ကိုင်မှုများ လုပ်ဆောင်လျက်ရှိပြီး ထိုသို့လုပ်ဆောင်မှု များသည် ပဋိပက္ခဖြစ်မည်ကို ဂရုမစိုက်ဘဲ ရဲတင်းစွာဆောင်ရွက်သည့် နည်းလမ်းကို အသုံးပြုနေခြင်းကြောင့် အောင်မြင်နေသည်ဟု ဆိုရပါသည်။ ထိုသို့ အပျော့/အမာနည်းလမ်းများကို ပေါင်းစပ်အသုံးပြုနေသည့် အခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ကို အသုံးပြု၍ ခြိမ်းခြောက်မှုများကို ပေါင်းစပ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် မဖြစ်မနေ အသုံးပြု/မပြုနှင့် ပတ်သက်၍ အငြင်းပွားမှုများရှိနေသော်လည်း ၎င်းအနေဖြင့် အမေရိကန်နိုင်ငံနှင့် တန်းတူ နျူကလီးယားပိုင်ဆိုင်မှုရှိလာစေရန် ကြိုးပမ်းလျက်ရှိပါသည်။ ထိုသို့ တရုတ်နိုင်ငံ၏ နျူကလီးယားပါဝါတန်းတူဖြစ်မှု (Nuclear Parity) အကောင်အထည်ပေါ်လာပါက အမေရိကန်နိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် နေရာတိုင်း၌ အားသာချက်တစ်ခုအဖြစ် အသုံးပြုနေသည့် နျူကလီးယားအရေးသာမှုကို မဟာဗျူဟာမြောက် အထောက်အပံ့အဖြစ် အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ တရုတ်နိုင်ငံသည် နိုင်ငံရေး အရေးသာမှုအတွက် စွန့်စားမှုယူပြီး အန္တရာယ်များသည့် လှုပ်ရှားမှုများကို ရဲရဲတင်းတင်း လုပ်ဆောင်နေချိန်တွင် အမေရိကန်နိုင်ငံအနေဖြင့် ပဋိပက္ခကို ရှောင်ရှားရန်သာ ကြိုးပမ်း နေရပါသည်။ ဥပမာအားဖြင့် အမေရိကန်စစ်သင်္ဘော USS Chung-Hoon နှင့် တရုတ် စစ်ရေယာဉ်တို့ ထိုင်ဝမ်ရေလက်ကြားတွင် တိုက်မိမည့် အနေအထားထိ ဖြစ်ခဲ့ပြီး တရုတ်ဂျက်လေယာဉ်များအနေဖြင့်လည်း အမေရိကန်ဂျက်လေယာဉ်များရှေ့တွင် အန္တရာယ် ရှိသည့် အနေအထားအထိ ပျံသန်းခဲ့ကြပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသည် မှားယွင်းသည့် တွက်ချက်မှုများ မဖြစ်လာစေရန် တရုတ်နိုင်ငံနှင့် ဆက်သွယ်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း တရုတ်နိုင်ငံဘက်မှ ငြင်းဆိုထားပြီး အန္တရာယ်များသည့် လှုပ်ရှားမှုများကိုသာ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် မတိုးသာမဆုတ်သာအခြေအနေတွင် ရှိနေသည့် ထိုင်ဝမ်အရေးကိစ္စများတွင် တိကျသည့် အဖြေတစ်ခုထွက်လာစေရန် အန္တရာယ်များသည့် စွန့်စားမှုများ လုပ်ဆောင်ရန် ဆန္ဒရှိနေပါသည်။ တရုတ်နိုင်ငံသည် ထိုင်ဝမ်အစိုးရကို ဖြုတ်ချရန်အတွက် ကနဦးတွင် ဝိုင်းပတ်ပိတ်ဆို့ထားခြင်းကဲ့သို့ မပြင်းထန်သည့် နည်းလမ်းများ အသုံးပြုခဲ့သော်လည်း နောက်ပိုင်းကာလ၌ အထက်တွင် ဖော်ပြသကဲ့သို့ ရဲတင်းပြီး ပြင်းထန်သည့်နည်းလမ်းများသို့ ပြောင်းလဲလာခဲ့ပါသည်။ ထိုသို့ပြောင်းလဲလာခြင်းက ၎င်းအသုံးချနေသည့် ဝိုင်းပတ်ပိတ်ဆို့ခြင်း နည်းလမ်းကို အထောက်အပံ့ဖြစ်စေပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကျွန်းအား သိမ်းပိုက် လာမည့် တရုတ်စစ်တပ်ကို ကာကွယ်ပေးနိုင်သော်လည်း ဝိုင်းပတ်ပိတ်ဆို့ထားမှုကို ရေရှည်ကာကွယ်ပေးနိုင်မည်မဟုတ်ပါ။ နောက်ထပ်အရေးကြီးသည့်အချက်မှာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကွာဟနေသည့် နိုင်ငံရေးဆန္ဒ(Political Will) ဖြစ်ပါသည်။ ထိုင်ဝမ်သည် တရုတ်ကွန်မြူနစ်ပါတီရပ်တည်ရေးအတွက် သေရေးရှင်ရေး ဖြစ်သော်လည်း အမေရိကန်နိုင်ငံအတွက်မူ ထိုင်ဝမ်သည် သေရေးရှင်ရေးမဟုတ်ပါ။ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကိစ္စအတွက် နျူကလီးယားလက်နက် အသုံးပြုရန်ဆုံးဖြတ်လာနိုင်သကဲ့သို့ ရဲတင်းကြမ်းတမ်းသည့် စွန့်စားမှုများကိုလည်း ဆောင်ရွက်လိမ့်မည်ဖြစပြီး ထိုင်ဝမ်အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်၍ စစ်ပွဲဖြစ်လာနိုင်သည့် အခြေအနေများ ဖြစ်လာအောင် လုပ်ဆောင်လျက် ရှိကြောင်း ဖော်ပြထားပါသည်။
ဤသို့သော အခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် နျူကလီးယားပါဝါ၌ အမေရိကန်နိုင်ငံနှင့် တန်းတူအခြေအနေရောက်လာမည်ဆိုပါက အမေရိကန်နိုင်ငံ၏ လက်ရှိဆောင်ရွက်နေမှုများသည် အရေးပါတော့မည်မဟုတ်ပါ။ ဝါရှင်တန်အနေဖြင့် ထိုအခြေအနေကွာဟမှုများကို အင်ဒို-ပစိဖိတ်ဒေသအတွင်း အနာဂတ်ပဋိပက္ခများ အတွက် ထည့်သွင်းတွက်ချက်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် တရုတ်နိုင်ငံအသုံးပြုနေသည့် နိုင်ငံရေးနှင့် စစ်ရေးနည်းလမ်း များကို အသေးစိတ်ဖော်ထုတ်ရေးသားထားပြီး ၎င်းအနေဖြင့် နျူကလီးယားပိုင်ဆိုင်မှုတွင် အမေရိကန်နိုင်ငံနှင့် တန်းတူဖြစ်လာမည်ဆိုပါက အမေရိကန်နိုင်ငံ၏ ဝိုင်းပတ်ပိတ်ဆို့ ဟန့်တားရေးမဟာဗျူဟာသည် အလုပ်ဖြစ်တော့မည်မဟုတ်ဟု ထောက်ပြရေးသား ထားခြင်းဖြစ်ပါသည်။ လက်ရှိကမ္ဘာပေါ်၌ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုအများဆုံးသည်ရုရှားနိုင်ငံ ၅,၉၇၇ ခု ၊ ဒုတိယသည် အမေရိကန်နိုင်ငံ ၅,၄၂၈ ခု ဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် ၃၅၀ ခုဖြင့် တတိယနေရာမှရပ်တည်နေသော်လည်း အရေအတွက်အားဖြင့် အဆပေါင်းများစွာ ကွာဟလျက်ရှိသေးသည်ကို တွေ့ရှိရပါသည်။[2]နိုင်ငံတကာသုတေသီ များ၏ ခန့်မှန်းချက်များအရ ၂၀၃၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုသည် အမေရိကန်နိုင်ငံထက် များပြားလာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ထား သည်ကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ အမေရိကန်နိုင်ငံကို သတိပေးရေးသားသည့် သုတေသနဆောင်းပါးများ ထွက်ပေါ်လာရခြင်းဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍပေါင်းစုံတွင် ကမ္ဘာ့နံပါတ် ၁ ဖြစ်လာစေရန် ရည်ရွယ်ချက်ထားကြိုးပမ်းနေသော တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရအရေးပါသော မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ပဋိပက္ခများ၊ ကဏ္ဍပေါင်းစုံတွင် တွန်းတိုက်မှုများကို တိုက်ရိုက်မခံရစေရန် ရှောင်ရှား နိုင်မည်ဆိုလျှင်ပင် ထိုအားပြိုင်မှုများ၏ ရိုက်ခတ်မှုများကို မလွဲမသွေရင်ဆိုင်ရမည်သာ ဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ၎င်းချမှတ်ထားသော စစ်ရေးမဟာဗျူဟာ၊ နည်းဗျူဟာများမှ သင့်လျော်သောနည်းလမ်းများအသုံးပြုပြီး မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေး ရေချိန်နှင့် နိုင်ငံတကာဆက်ဆံရေးအပေါ်သုံးသပ်၍ ၎င်းတို့ အကျိုးရှိနိုင်သော နယ်ပယ်များတွင်သာ ဆက်ဆံရေးကောင်းမွန်ရန် ဆောင်ရွက်မည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံကြီးများနှင့်ဆက်ဆံရေးတွင် မိမိတို့အကျိုးစီးပွားမယုတ်လျော့ရန်၊ သူလည်းအကျိုးရှိ ကိုယ်လည်းအကျိုးရှိ အခြေအနေအတွင်း သာတူညီမျှဆက်ဆံရေးကို တည်ဆောက်နိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
86081623
[1]။ Michael Tkacik,“ Will China Embrace Nuclear Brinkmanship as It Reaches Nuclear Parity?”. The Diplomat. August 5, 2023 [https://thediplomat.com/.../will-china-embrace.../]accessed on August 8, 2023.

[2] “Countries With Nuclear Weapons 2023,” Wisevoter, accessed August 16, 2023, https://wisevoter.com/cou.../countries-with-nuclear-weapons/.