Wednesday, September 6, 2023

AI နည်းပညာသုံးစွဲမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် ဝိရောဓိများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
လာမည့် ၂၀၃၅ ခုနှစ်များတွင် နိုင်ငံများအကြား ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence -AI)များကို တွင်ကျယ်စွာ အသုံးပြုလာနိုင်ဖွယ်ရှိပါသည်။ AI နည်းပညာသည် နိုင်ငံများအကြား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးကဏ္ဍများကို လှုပ်ခတ် စေနိုင်သည့် နည်းပညာတစ်ခုအပြင် အကောင်း၊ အဆိုး ဒွန်တွဲနေသည့် နည်းပညာ တစ်ခုလည်းဖြစ်ပါသည်။ အစိုးရများအနေဖြင့် တစ်ဟုန်ထိုး တိုးတက်လျက်ရှိသည့် AI နည်းပညာကို ထိန်းချုပ်ရန် လိုအပ်နေပြီး၊ နည်းပညာဆိုင်ရာဥပဒေများ၊ စည်းမျဉ်း များကို အချိန်မီချမှတ်ရန်လိုအပ်နေသည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
၂၀၂၂ ခုနှစ်တွင် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ကူးယဉ်ဆန်သည့် ဖြစ်ရပ်တစ်ခုအဖြစ်သာ ခန့်မှန်းထားကြသော်လည်း လက်ရှိတွင် AI နည်းပညာသည် နိုင်ငံများအကြား တွင်ကျယ်လာခဲ့ပါသည်။ သို့သော် AI နည်းပညာသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ကို လှုပ်ခတ်နိုင်သည့်အတွက် ပိုမိုသတိထား ဆောင်ရွက်ရန် လိုအပ်သည့် နည်းပညာတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများသို့ AI နည်းပညာ လွှမ်းမိုးမှုသည် ကျယ်ပြန့်လျက်ရှိပြီး ပထဝီနိုင်ငံရေးတွင် အခြေခံကျသော နိုင်ငံများအပေါ် ခြိမ်းခြောက် လျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံအစိုးရများအနေဖြင့် AI နည်းပညာ ထိန်းထိန်းသိမ်းသိမ်း အသုံးပြုရန် လိုအပ်နေပြီး အမေရိကန်နိုင်ငံအပါအဝင် G-7 ၊ EU နှင့် UN ကဲ့သို့ အဖွဲ့အစည်း များက AI နည်းပညာ ထိန်းချုပ်ရေးနည်းလမ်းများ၊ ထိန်းညှိစောင့်ကြည့်ရေးအဖွဲ့များ၊ AI နည်းပညာလုံခြုံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိသော်လည်း လိုအပ်ချက်များ ရှိနေပါသေးသည်။ လက်ရှိတွင် AI နည်းပညာ ထိန်းချုပ်ရေးလုပ်ငန်းသည် အမျိုးသားရေး အကျိုးစီးပွားကိုချဲ့ထွင်နိုင်ပြီး နိုင်ငံ့စွမ်းရည်မြှင့်တင်ခြင်းနှင့် သတိထားအသုံးပြုရန်လိုအပ်ခြင်း ဟူသည့် ယူဆချက် ၂ ခုအကြားတွင် အခက်တွေ့နေရကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် ယခင် နိုင်ငံ၊ အဖွဲ့အစည်းများ အသုံးပြုခဲ့သည့် နည်းလမ်းများဖြင့် AI နည်းပညာကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများသည် အချည်းအနှီးသာဖြစ်နေပါသည်။ နိုင်ငံများ အနေဖြင့် AI နည်းပညာနှင့် သင့်တော်သည့် အုပ်ချုပ်ရေးမူဘောင်တစ်ခုချမှတ်ရန် လိုအပ်နေပြီဖြစ်ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများသည် AI နည်းပညာထိန်းချုပ်မှု လုပ်ငန်းများတွင် နည်းပညာကုမ္ပဏီများကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ ပထမဦးဆုံးအနေဖြင့် ကမ္ဘာ့နိုင်ငံများသည် AI နည်းပညာကို ထိန်းချုပ်မည့် အခြေခံ သဘောတရားများကို သိရှိထားရန်လိုအပ်ပါသည်။ AI နည်းပညာအန္တရာယ်ကို သတိပေး ဆောင်ရွက်ရန်၊ AI နည်းပညာထိန်းချုပ်မှုအပေါ် အားပြိုင်လာမှုများကို ကာကွယ်ရန်နှင့် ကမ္ဘာပေါ်တွင် မလိုလားအပ်သည့်နည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုများမဖြစ်ပေါ်လာရန် အစရှိသည့် အခြေခံသဘောတရားများကို လိုက်နာရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
AI နည်းပညာသည် နိုင်ငံရေး စိန်ခေါ်မှုများကို ဖြစ်ပေါ်စေနိုင်သည့်အပြင် ၎င်းစိန်ခေါ်မှုများကိုလည်း ဖြေရှင်းပေးနိုင်သည့် ထူးကဲသည့် ဝိရောဓိတစ်ခုလည်းဖြစ်ပါသည်။ Moore ၏ ဥပဒေအရ နည်းပညာနှင့် ပတ်သက်၍ ကွန်ပျူတာ တွက်ချက်မှုစွမ်းအား (Computing Power)များကို နှစ်စဉ် ၂ ဆနှုန်းဖြင့် မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားရှိသော်လည်း လက်ရှိတွင် နည်းပညာတိုးတက်မှုသည် ခန့်မှန်းသည်ထက် လျင်မြန်နေပါသည်။ ယနေ့ခေတ်တွင် ထိုသို့ ထူးကဲသည့် AI နည်းပညာသုံး ပစ္စည်းများ ကိုလည်း သုံးရလွယ်ကူပြီး ဈေးကွက်အတွင်း သင့်တင့်သည့် ဈေးနှုန်းဖြင့် ဝယ်ယူ နိုင်သည့်အပြင် အချို့ AI သုံးနည်းပညာများကို Smart Phone များတွင်ပါ အသုံးပြု နိုင်နေပြီဖြစ်ပါသည်။ ထို့ပြင် AI နည်းပညာကို စစ်ဘက်နှင့် အရပ်ဘက်လုပ်ငန်း ၂ ခုလုံးတွင် အသုံးပြုနိုင်သလို၊ ပြည်သူများအားလုံးအတွက် ရောဂါရှာဖွေကုသပေးနိုင်သကဲ့သို့ လူသားများအတွက် အန္တရာယ်များသည့် လက်နက်အသစ်အဆန်းများကိုလည်း ထုတ်ပေးနိုင်သည့် နည်းပညာ ဖြစ်နေပါသည်။ ထို့ပြင် AI နည်းပညာသည် သတင်းမှားများ ထုတ်လွှင့်ခြင်း၊ ယုံကြည်မှု ပျက်ပြားစေခြင်း၊ စောင့်ကြည့်ထောက်လှမ်းခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ ပြည်သူလူထု လွတ်လပ်မှုကို ဆုံးရှုံးစေခြင်း၊ လူသားဖြစ်တည်မှုကို ခြိမ်းခြောက်နိုင်သည့် လက်နက်များ ထုတ်လုပ်ခြင်းအစရှိသည့် မကောင်းသည့် နည်းလမ်းများတွင်လည်း အသုံးပြုနိုင်နေပါသည်။ AI နည်းပညာ တိုးတက်ကျယ်ပြန့်မှုများကြောင့် အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် မညီမျှမှုများ ပေါ်ပေါက်လာစေနိုင်ပါသည်။ သို့သော် AI နည်းပညာဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိနိုင်သည့် အချက်တစ်ခုတည်းဖြင့် နိုင်ငံတကာအလယ်တွင် ဆက်လက်တည်ရှိနိုင်ဖွယ်ရှိကြောင်း ဖော်ပြထား ပါသည်။
AI နည်းပညာသည် နိုင်ငံရေးပြဿနာများကို လှုပ်ခတ်စေနိုင်သည့်အပြင် နိုင်ငံ၏ အာဏာသက်ရောက်မှုရှိခြင်းကို တစ်ဖက်လှည့်ဖြင့် ပြသနေပါသည်။ AI နည်းပညာသည် ရှိပြီးသား အချုပ်အခြာအာဏာကို ဆုံးရှုံးနိုင်သကဲ့သို့ ထိန်းသိမ်း နိုင်ရန် လုပ်ဆောင်နိုင်သည့် ကာကွယ်ရေးလက်နက်တစ်ခုလည်းဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံအများအပြား ကလည်း AI နည်းပညာကို သူ့နည်းသူ့ဟန်ဖြင့် အသုံးပြုနိုင်ရန် ကြိုးပမ်းနေကြပါသည်။ နိုင်ငံအစိုးရများသည် ပြည်တွင်းတွင် AI နည်းပညာကို စီးပွားရေးနှင့် လူထုအပေါ် လွှမ်းမိုးထိန်းချုပ်မှုများတွင် အသုံးပြုလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများအကြား ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှု များတွင် အသုံးပြုလျက်ရှိပါသည်။ AI နည်းပညာအပေါ် ငွေကြေးရင်းနှီးမြှုပ်နှံမှု များလည်း များစွာရှိနေသောကြောင့် ဆင်းရဲမွဲတေသည့် နိုင်ငံများအနေဖြင့် အနာဂတ်တွင် ငွေကြေးအရလည်းကောင်း၊ နည်းပညာအရ လည်းကောင်း AI နည်းပညာကို တွင်ကျယ်စွာအသုံးပြုနိုင်ရန် နိုင်ငံကြီးများအပေါ် မှီခိုလာရမည်ဖြစ်ပါသည်။ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုများအပြင် AI နည်းပညာလွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်မှုများလည်း ပိုမိုပြင်းထန် လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
အထူးသဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား နိုင်ငံရေးအရ ယှဉ်ပြိုင်မှုများတွင် AI နည်းပညာ လွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်မှုသည် ဒေသအတွင်းနှင့် လူမှုအဖွဲ့အစည်းများ အကြား ကြီးမားသည့် စိုးရိမ်ပူပန်မှုတစ်ခုဖြစ်လာပါသည်။ တရုတ်နှင့် အမေရိကန်နိုင်ငံ တို့သည် အပြန်အလှန်ထိန်းချုပ်ကန့်သတ်မှုများ အပြန်အလှန်လုပ်ဆောင်ရန်အတွက် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတွင် အလေးထားလုပ်ဆောင်လျက်ရှိပြီး အဆိုပါ လုပ်ဆောင်မှုများသည် တစ်ဦးနိုင်၊ တစ်ဦးရှုံးပြိုင်ပွဲကိုဖြစ်စေပြီး အပြန်အလှန်ယုံကြည်မှု များလည်း ဆုံးရှုံးနိုင်ပါသည်။ ထို့ပြင် နိုင်ငံများအကြား AI နည်းပညာကို ထိန်းချုပ် ရာတွင် နိုင်ငံဗဟိုပြုချဉ်းကပ်သည့် နည်းလမ်းသည် လျင်မြန်စွာတိုးတက်နေသည့် နည်းပညာ အခင်းအကျင်းအတွက် လုံလောက်မှုမရှိဟုဆိုပါသည်။ အစိုးရတို့သည် AI နည်းပညာကို ထိန်းချုပ်ရာတွင် နောက်ကျကျန်ခဲ့ပြီး EU ၏ AI အက်ဥပဒေနှင့် UK ၏ မူဘောင်များ ကဲ့သို့ ထိန်းညှိရန် အားထုတ်မှုများသည် AI ၏ လျင်မြန်သော တိုးတက်မှုနှင့်အတူ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းလျက်ရှိသော်လည်း လစ်ဟင်းမှုများလည်း ရှိနေပါသည်။ နိုင်ငံအများအပြားက AI နည်းပညာကို နျူကလီးယားလက်နက် ထိန်းချုပ်ရေး ပုံစံဖြင့် လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြသော်လည်း AI နည်းပညာသည် နျူကလီးယား ပြဿနာရပ်နှင့် မတူကွဲပြားလျက်ရှိပြီး ပုဂ္ဂလိကထိန်းချုပ်မှုပုံစံမျိုးကိုလည်း ကျင့်သုံးနိုင်ပြီး အလွယ်တကူ ပြန့်ပွားစေနိုင်ပါသည်။ AI နည်းပညာသည် အချို့နိုင်ငံ များ၏ နိုင်ငံရေးဒီမိုကရေစီလှုပ်ရှားမှုများကို အကန့်အသတ်ဖြစ်စေပြီး ထိန်းညှိရန်လည်း ခက်ခဲကြောင်းလည်း ဖော်ပြထားပါသည်။
AI နည်းပညာ ထိန်းချုပ်မှုတွင် နည်းပညာကုမ္ပဏီများနှင့် အစိုးရများအကြား မျှတသောနည်းလမ်းတစ်ခုရှိသင့်ပါသည်။ ထို့နောက်နိုင်ငံအသီးသီးမှ အစိုးရများက AI နည်းပညာကုမ္ပဏီများ၏ လွှမ်းမှိုးမှုကို တားဆီးနိုင်ရန် နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဘက်နှင့် စစ်ဘက်အားလုံး ပါဝင်သည့် အဖွဲ့တစ်ခုရှိရန် လိုအပ်မည်ဖြစ်ပါသည်။ AI နည်းပညာ လုပ်ငန်းများအပေါ် မူတည်၍ မတူညီသည့် ထိန်းချုပ်မှုနည်းလမ်းများ ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး နည်းပညာကို ကောင်းမွန်စွာ သိရှိနားလည်ပြီး ၎င်းတို့၏ စွမ်းဆောင်နိုင်မှုများ၊ ဖြစ်လာနိုင်သည့် အကျိုးဆက်များကို လက်ခံနိုင်အောင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါသည်။ ထို့ကြောင့် AI နည်းပညာကို ထိန်းချုပ်ရန်အတွက် အချက် ၃ ချက်ကို အခြေခံ၍ လုပ်ဆောင်ရန်လိုအပ်ကြောင်း အကြံပြုထားပါသည်။ ၎င်းတို့မှာ ပထမ ဦးဆုံးအနေဖြင့် AI နည်းပညာကို သေချာနားလည်သဘောပေါက်ခြင်း၊ နိုင်ငံများအကြားအထူးသဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြားတွင် နည်းပညာယှဉ်ပြိုင်မှုများ ဟန့်တားခြင်းနှင့် AI နည်းပညာထိန်းချုပ်မှုကို နိုင်ငံအားလုံးနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း တို့ပင်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
AI နည်းပညာသည် နိုင်ငံရေးနှင့် ပထဝီနိုင်ငံရေးအပေါ် ရိုက်ခတ်နေပြီး နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် နည်းပညာဆိုင်ရာထိန်းချုပ်မှု၊ ထိန်းညှိမှုများကို ထိရောက်စွာ မဆောင်ရွက်ပါက နောက်ပိုင်းတွင် ထိန်းချုပ်ရခက်ခဲသည့် အခြေအနေတစ်ခုနှင့် ရင်ဆိုင်လာရမည်ဖြစ်ပါသည်။ ယခုအခါ AI သည် နည်းပညာဆိုင်ရာ ကိစ္စရပ်တစ်ခုအဖြစ်သာမက ကမ္ဘာ့နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လူသားများဖြစ်တည်မှုကိုပါ ခြိမ်းခြောက်လာနိုင်သည့် ကိစ္စရပ်တစ်ခုဖြစ်လာနေပါသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း နည်းပညာကြောင့် Smart Phone များ ပေါ်ပေါက် လာခြင်းသည် လူသားတို့နေထိုင်မှုပတ်ဝန်းကျင်နှင့် နိုင်ငံများ၏ အုပ်ချုပ်မှုအခင်းအကျင်းများ လျင်မြန်စွာဖြစ်ပေါ်ပြောင်းလဲနေချိန်တွင် ယခုပေါ်ပေါက်လာသော AI နည်းပညာသည် လူသားများအပေါ် များစွာသက်ရောက်နိုင်ပြီး နယ်ပယ်အားလုံးတွင် အကောင်း၊ အဆိုး ဒွန်တွဲနေရုံသာမက ကမ္ဘာ့နိုင်ငံများ၏ အခင်းအကျင်းလည်း ထပ်မံပြောင်းလဲလာနိုင် ပါသည်။ ထို့ကြောင့် နိုင်ငံကြီးခြင်း ငယ်ခြင်းနှင့် မသက်ဆိုင်ဘဲ အနာဂတ်ကို ကြိုတင်မျှော်တွေးနိုင်သည့် လူ့အဖွဲ့အစည်းတိုင်းအတွက် AI ကို ထိန်းချုပ်၊ ထိန်းညှိနိုင်သည့် မူဘောင်များ၊ နည်းလမ်းများ၊ စည်းမျဉ်း ဥပဒေများ ကြိုတင်ပြင်ဆင်ထားနိုင်ရန်မှာ တာဝန်သိမှုပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
102-090723

[1]။ Ian Bremmer and Mustafa Suleyman,“ The AI Power Paradox”. Foreign Affairs. August 16, 2023 [https://www.foreignaffairs.com/.../artificial... on August 31, 2023.

Tuesday, September 5, 2023

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် ကြားဝင်ဖျန်ဖြေမှု ပြုလုပ်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံအရေး ကိုင်တွယ်ဖြေရှင်းရန် ဆောင်ရွက်ရာတွင် အဖွဲ့ဝင်ဖြစ်သည့် အိမ်နီးချင်းထိုင်းနိုင်ငံက ကြားဝင်လုပ်ဆောင်ရန် တိုက်တွန်းရေးသားထားသည့် အချက်များအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်သင့်ကြောင်း ဆောင်းပါးရှင်က အချက် ၃ ချက်ဖြင့် တင်ပြထားပါသည်။ ပထမအချက်အနေဖြင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့်ပထဝီအနေအထားနှင့် သမိုင်းကြောင်းအရနီးစပ်ခြင်းကြောင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် အရေးပါသောအခန်းကဏ္ဍတွင် ရှိနေသည့်အပြင် တပ်မတော်၊ NUG ၊ မြန်မာပြည်သူများနှင့်အခြားသော အတိုက်အခံအဖွဲ့အစည်းများအကြား အရေး ပါသော ကြားဝင်ဆောင်ရွက်မှုမျိုးလုပ်ဆောင်နိုင်သည်ဟု ဆိုသည်။ ထို့ပြင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင် ယခင်နှင့်ယခုလက်ရှိတာဝန်ထမ်းဆောင်ခဲ့ကြ/ထမ်းဆောင်နေကြသော တပ်မတော် ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေးရင်းနှီးဆက်ဆံမှုများ ရှိနေသည့်အပြင် ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံအာဏာသိမ်းမှုကိုလည်း မြန်မာ့တပ်မတော်က ထောက်ခံအားပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်မှာ ထိုင်းနှင့်မြန်မာနိုင်ငံတို့အကြားတွင် စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံမှု ပမာဏများစွာရှိနေပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ နယ်နိမိတ် အရှည်ဆုံးထိစပ်နေသည့် အိမ်နီးချင်းဖြစ်သကဲ့သို့ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်ခြင်းကြောင့်ဟု ဆိုပါသည်။ ထိုင်း-မြန်မာစီးပွားဆက်ဆံရေးတွင် အကျိုးအမြတ်ရှိနေသည့် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းများအတွက်လည်း မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးက အရေးပါနေကြောင်း ဖော်ပြထားပါသည်။
တတိယအချက်အနေဖြင့် ထိုင်းနိုင်ငံသည် အာဆီယံက ချမှတ်ထားသော သံခင်းတမန်ခင်းဆိုင်ရာနှင့် မဟာဗျူဟာများကို ပုံဖော်ကျင့်သုံးရာတွင် ကြားနေနိုင်ငံ အဖြစ် ဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းရှိပါသည်။ ထိုင်းနိုင်ငံသည် အာဆီယံအတွင်း ခေါင်းဆောင်မှုအခန်းကဏ္ဍကို ပြန်လည်ရယူမည်ဆိုပါက မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး ပိုမိုတက်ကြွသည့်အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေး နိုင်စွမ်းမှာ အရေးပါသည်မှန်သော်လည်း ထိုင်းတစ်နိုင်ငံတည်း Unilateral လုပ်ဆောင် နေခြင်းမှာမူ အလုပ်ဖြစ်မည်မဟုတ်ဟုဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ပြီးခဲ့သည့် ဇူလိုင် လဆန်းပိုင်းတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုသည် မြန်မာ့တပ်မတော်အတွက် အကျိုးကျေးဇူးဖြစ်ထွန်းခဲ့သော်လည်း အခြားသောအတိုက်အခံအဖွဲ့များအတွက် အကျိုးဖြစ်ထွန်းမှု အားနည်းခဲ့သည်ဟုဆိုသည်။ မြန်မာ နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်ထိတွေ့ဆက်ဆံနေမှုကို အကြောင်းပြုပြီး ကျန်အာဆီယံ အဖွဲ့ဝင် ၈ နိုင်ငံ၏ ဖိအားပေးမှုလျော့ကျစေရန် ထိုင်းနိုင်ငံအား အသုံးချလာနိုင်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံအရေးကို ဖြေရှင်းရာတွင် အာဆီယံစတင်ထူထောင်စဉ်က ချမှတ်ထားသည့် အခြေခံမူကြီးများအပေါ် ရပ်တည်လုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ လက်ရှိအင်ဒိုနီးရှား နိုင်ငံက ကျင့်သုံးလျက်ရှိသည့် ပါဝင်ပတ်သက်သူများအကြား ထိတွေ့ဆက်ဆံဆွေးနွေးနေသည့် ကြားခံသံခင်းတမန်ခင်း(Shuttle Diplomacy)နှင့် ထိုင်းနိုင်ငံက ကျင့်သုံး နေသည့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးဆိုင်ရာ အားသာချက်များအပေါ် အခြေခံထိတွေ့ ဆက်ဆံသည့် သံခင်းတမန်ခင်းနှစ်ခုမှာ အပြန်အလှန်အမှီသဟဲ ဖြစ်နေသင့်ကြောင်း ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံက ကျင့်သုံးလျက်ရှိသည့် လက်ဦးမှုရယူဆောင်ရွက်တတ်သော သံခင်း တမန်ခင်းနှင့် ငြိမ်းချမ်းရေးရရှိစေရေးကို ရှေးရှုဆောင်ရွက်သော သံခင်းတမန်ခင်း (Proactive and Pro-Peace Diplomacy) တို့ အရ မကြာမီတာဝန်ယူတော့မည့် ထိုင်းအစိုးရသစ်အနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ဒေသရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရန် ဒုက္ခသည်စခန်းများ တည်ဆောက်ပေးကာ တရုတ်နှင့် အမေရိကန်နိုင်ငံတို့မှ အကူအညီနှင့် အာဆီယံအဖွဲ့၏ အထောက်အပံ့များ ရယူ သင့်သည်ဟု ဆိုသည်။ ထိုင်း-မြန်မာ ဆက်ဆံရေးအား ရေရှည်တည်တံ့အောင် ဆက်လက် ဆောင်ရွက်ပြီး အခြားအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းပါဝင်လာနိုင်ရေးကိုလည်း ကြိုးပမ်း သင့်ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှု၊ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာ-ထိုင်းနယ်စပ်လုံခြုံရေးတို့ကို ရှေးရှု၍ NUG အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များအား ပစ်ခတ်မှုရပ်စဲရေးကို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားသင့်ပါသည်။ မြန်မာနိုင်ငံတွင် ဖမ်းဆီးခံနေရသည့် နိုင်ငံရေးအကျဉ်းသား များ၏ လွတ်လပ်မှုအခွင့်အရေးများအတွက် စည်းရုံးပြောဆို၍ အာမခံချက်ပေးသင့်ပြီး အာဆီယံအနေဖြင့် မြန်မာနိုင်ငံအား အစိုးရသစ်တစ်ရပ်ပြန်လည်ထူထောင်နိုင်ရေးကို ဆုပေးဒဏ်ပေးစနစ်ကျင့်သုံး၍ လုပ်ဆောင်သွားသင့်သည်ဟု ဆိုပါသည်။ ဤစနစ်သည် မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်မှီခိုမှုကို ဖြစ်ပေါ်စေမည့် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
မြန်မာနိုင်ငံအစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ပြီး ထိတွေ့ဆက်ဆံမှုရှိနေသော ထိုင်းနိုင်ငံအနေဖြင့် လုံလောက်သည့် အကြောင်းပြချက်များရှိသော်လည်း အဆိုပါလုပ်ဆောင်ချက်များသည် NUG အဖွဲ့အား အကျိုးဖြစ်ထွန်းမှု အားနည်းသောကြောင့် ထိုင်းတစ်နိုင်ငံတည်းသဘောဖြင့် မြန်မာနိုင်ငံအား ဆက်ဆံခြင်းမပြုရန် ဆောင်းပါးတွင် တိုက်တွန်းထားခြင်းဖြစ်ပါသည်။ လက်တွေ့တွင်မူ နိုင်ငံတိုင်းသည်အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြစ်သည့်အတွက် ၎င်းတို့၏ နိုင်ငံခြားဆက်ဆံရေး ဆိုင်ရာ မူဝါဒကို လွတ်လပ်စွာ ချမှတ်ဆောင်ရွက်ခွင့်ရှိပြီး အခြားသောနိုင်ငံများကို Bilateral သဘောဖြင့် လွတ်လပ်စွာ ချဉ်းကပ်ဆက်ဆံပိုင်ခွင့်ရှိနေပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်နေသော မြန်မာနိုင်ငံအရေးကိစ္စတွင် ၎င်းတို့မျှော်မှန်းထားသည့် ရလာဒ်များမှ သွေဖည်လာသည့် ဘက်မှသဘောထားများကို ထင်ဟပ်ထားသည့် ဆောင်းပါးဟုလည်း ဆိုနိုင်ပါသည်။
သို့သော်လည်း သမိုင်းကြောင်းကို ပြန်ကြည့်ပါက ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဆက်ဆံရေးအဆင်မပြေသည့် ကာလများလည်း ရှိသကဲ့သို့ သမိုင်းကြောင်းအစဉ်အဆက်အရ အစိုးရအား ဆန့်ကျင်နေသော ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် များ၏ လွတ်မြောက်နယ်မြေတစ်ခုဖြစ်ခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့်လည်း ၎င်းတို့အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်မည်သာဖြစ်ပြီး လိုအပ်လျှင် မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဆက်ဆံမည်သာဖြစ်ပါသည်။ နိုင်ငံတကာဆက်ဆံရေးသဘောတရားများတွင် အကျိုးစီးပွားများ တူညီသည့်ရာခိုင်နှုန်းများပါက ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများပြီး အကျိုးစီးပွားများ ထိပ်တိုက်တွေ့ပါက ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းနည်းမည်သာဖြစ်ပါသည်။ ထိုအချက်အား သတိမူနိုင်လျှင် မည်သည့်နိုင်ငံနှင့် ဆက်ဆံရေးတွင်မဆို အကောင်းဆုံး ချဉ်းကပ်ဆောင်ရွက်နိုင်မည့် သံတမန်ရေးသဘောတရားများကို ဖော်ထုတ်ရရှိနိုင်မည်သာ ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
101090623

[1]။ Brian Wong, Tidarat Yingcharoen,“Why Thailand Should Mediate the Crisis in Myanmar”. The Diplomat. 30 August 2023 [https://thediplomat.com/.../why-thailand.../]-accessed on 31 August 2023.

Monday, September 4, 2023

အမေရိကန်နိုင်ငံ၏ နည်းပညာဆိုင်ရာ ပိတ်ဆို့မှုသည် တရုတ်နိုင်ငံ၏ စစ်ရေးရည်မှန်းချက်များကို ဟန့်တားနိုင်မည်လော

 


နိဒါန်း
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံအား တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှုနှင့် ပတ်သက်၍ ကန့်သတ်ချက်များ ပြုလုပ်ခဲ့သော်လည်း တရုတ်အင်ဂျင်နီယာများမှ အဆင့်မြင့်နည်းပညာသုံးချပ်စ်ပြားများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိခြင်းကြောင့် စစ်ဘက်ဆိုင်ရာသုတေသနလုပ်ငန်းများအား အဟန့်အတားဖြစ်စေမည့် အခြေအနေတွင်မရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အမေရိကန်-တရုတ် နည်းပညာပိုင်းဆိုင်ရာ အားပြိုင်မှုတွင် တစ်ပိုင်းလျှပ်ကူး ပစ္စည်း တင်ပို့မှုအခန်းကဏ္ဍသည်လည်း အရေးပါလျက်ရှိပါသည်။ အမေရိကန်နိုင်ငံ သမ္မတ Joe Biden သည် ပို့ကုန်ထိန်းချုပ်မှုအများစုကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ထွန်းသစ်စနည်းပညာဖွံ့ဖြိုး တိုးတက်မှုတွင် အဟန့်အတားဖြစ်စေသည့်အချက် ၂ ချက်ရှိပါသည်။ ပထမအချက်မှာ ဉာဏ်ရည်တုနည်းပညာ(AI)မော်ဒယ်များ၊ စူပါကွန်ပျူတာများ၊ ဟိုက်ပါဆိုးနစ်ဒုံးကျည်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဆင့်မြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများအား တရုတ် နိုင်ငံမှ မှာယူမှုအား ကန့်သတ်ခံရခြင်းဖြစ်ပြီး ဒုတိယအချက်မှာ အဆင့်မြင့် တစ်ပိုင်း လျှပ်ကူးကိရိယာများ ထုတ်လုပ်ရန် လိုအပ်သည့် EDA ဆော့ဖ်ဝဲလ်နှင့် အမေရိကန် နိုင်ငံမှ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးကိရိယာများကို တရုတ်နိုင်ငံမှ ဝယ်ယူ အသုံးပြုမှုအား ကန့်သတ်ခံခြင်းတို့ကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းနည်းပညာတက္ကသိုလ် Tsinghua မှ အင်ဂျင်နီယာ များသည် အမေရိကန်နိုင်ငံ၏ EDA ဆော့ဖ်ဝဲလ်ကန့်သတ်ချက်များ ဖြေရှင်းနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး အမေရိကန်နိုင်ငံထုတ် အဆင့်မြင့် Node ချစ်ပ်ပြားများ၏ အားနည်းချက်များကို ရှာဖွေလျက်ရှိပါသည်။ EDA ဆော့ဖ်ဝဲအစား Cadence နှင့် Synopsys ဆော့ဖ်ဝဲလ်ကို အသုံးပြုကြပြီး ယခုအခါတွင် အမေရိကန်နိုင်ငံမှကန့်သတ်ထားသည့် EDA ဆော့ဖ်ဝဲလ်ဖြင့် ဒီဇိုင်းဆွဲထားသော အဆင့်မြင့်ချစ်ပ်များ ထုတ်လုပ်နိုင်ရန် ၎င်းတို့ တီထွင်ထားသည့် ဒီဇိုင်းအား ထိုင်ဝမ် Semiconductor Manufacturing ကုမ္ပဏီထံ ပေးပို့ထားကြောင်း ဖော်ပြထားပါသည်။
တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ကိုယ်ပိုင် EDA ဆော့ဖ်ဝဲလ်ကို ထုတ်လုပ် ခဲ့သော်လည်း အများစုမှာ အမေရိကန်နည်းပညာကို အားကိုးနေရပါသေးသည်။ အမေရိကန် နိုင်ငံထုတ် EDA ဆော့ဖ်ဝဲလ်သည် တရုတ်နိုင်ငံ၏ စစ်ဘက်-အရပ်ဘက် ပေါင်းစပ် ဆောင်ရွက်မှုကိစ္စရပ်များ သုတေသနပြုလုပ်ရာတွင် အသုံးပြုနေပြီး Australian Strategic Policy Institute က တရုတ် Tsinghua တက္ကသိုလ်အား စစ်ဘက်ကာကွယ်ရေးဆိုင်ရာ သုတေသနများကို လျှို့ဝှက်လုပ်ဆောင်နေသည့် တက္ကသိုလ်အဖြစ် သတ်မှတ်ထားပါသည်။ Tsinghua တက္ကသိုလ်၏ ကာကွယ်ရေးသုတေသနလုပ်ငန်းများတွင် အဆင့်မြင့်တစ်ပိုင်းလျှပ်ကူးကိရိယာများအပေါ် မှီခိုနေရသည့် လမ်းကြောင်းပြစနစ်၊ ဉာဏ်ရည်တု(AI)နည်းပညာနှင့် ဝေဟင်ပစ်ဒုံးနည်းပညာအားလုံး ပါဝင်နေပါသည်။ အမေရိကန် နိုင်ငံသည် တရုတ်နိုင်ငံအား နောက်ဆုံးပေါ်တစ်ပိုင်းလျှပ်ကူးကိရိယာများကို ကန့်သတ် နိုင်ရုံမျှဖြင့် မလုံလောက်တော့ဘဲ စစ်ဘက်ဆိုင်ရာနည်းပညာသုံး 'Mature Node' ချစ်ပ်ပြားများကိုလည်း ကန့်သတ်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံ၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် ချစ်ပ်ပြား ရောင်းချရေး ပိတ်ဆို့မှုသည် တရုတ်တပ်မတော် PLA အတွက် ထိခိုက်မှုမရှိဟုဆိုသည်။ PLA သည် သုတေသနအတွက် နိုင်ငံခြားမှထုတ်သော ချစ်ပ်ပြားများကို အဓိကမှီခိုနေခြင်း မဟုတ်ဘဲ တရုတ်နိုင်ငံထုတ် ဒုံးပျံများ၊ အာကာသနှင့် ဂျက်လေယာဉ်များတွင် “28nm Half-Node” ချစ်ပ်ပြားများကို အသုံးပြုနိုင်ရန် အလေးထား လုပ်ဆောင်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် RAND အစီရင်ခံစာတစ်ခုတွင် တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အများစုသည် အဆင့်မြင့်ချစ်ပ်ပြားများအပေါ်တွင် မှီခိုနေရသည်ဟုဆိုပါသည်။ သို့သော်လည်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ၏ အဆိုအရ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ 16nm နှင့်အထက် အဆင့်မြင့်ချစ်ပ်ပြား ထုတ်လုပ်မှုကို ကန့်သတ်မှုမရှိခြင်းမှာ ထိုအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာမည့် ငွေကြေးဖောင်းပွမှုသည် တရုတ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးကိရိယာများ အပေါ် မှီခိုနေရသည့် နိုင်ငံခြားကုမ္ပဏီများအခက်အခဲ ဖြစ်ပေါ်နိုင်သောကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းချစ်ပ်ထုတ်လုပ်သည့် Semiconductor Manufacturing International Corporation သည် လာမည့် ၂ နှစ်အတွင်း ရှန်ဟိုင်း၊ ရှန်ကျန်း၊ ပေကျင်းနှင့် တီယန်ကျင်းမြို့တို့တွင် “28nm node” ချပ်စ်ပြားထုတ်လုပ်ရေးစက်ရုံသစ် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်။ တရုတ် Mature Node ချစ်ပ်ပြားများသည် ဈေးကွက်တွင် လွှမ်းမိုးလာနိုင်ပြီးနောက်ပိုင်းတွင် အမေရိကန်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှု ကန့်သတ်ချက်မှာ သက်ရောက်မှုမရှိနိုင်သည့် အနေအထားသို့ ရောက်ရှိလာနိုင်ပါသည်။ တရုတ်နိုင်ငံသည် 28nm ချစ်ပ်ပြားများထုတ်လုပ်မှုကို အဓိကထား လုပ်ဆောင်လျက် ရှိသော်လည်း အောင်မြင်နိုင်ခြင်း ရှိ၊ မရှိ သေချာခြင်းမရှိသေးပါ။ ယခုအခါတွင် တရုတ်တပ်မတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့မှုတို့သည် စောင့်ကြည့် ရမည့်အခြေအနေတွင်ရှိနေပါသည်။ အမေရိကန်နိုင်ငံသည် EDA ဆော့ဖ်ဝဲလ် ကန့်သတ်ချက်များ ပြုလုပ်နိုင်သော်လည်း Mature Node ချစ်ပ်ပြားထိန်းချုပ်မှုနှင့် ငွေကြေးဖောင်းပွမှု အန္တရာယ်ကို ချင့်ချိန်ဆောင်ရွက်သင့်သည်ဟု ဆိုပါသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းများသည် နည်းပညာ လုပ်ငန်းတွင် အရေးပါလျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု ကွန်ရက်ကို ထိန်းချုပ်နိုင်သည့် ပထဝီဝင်နိုင်ငံရေးပါဝါကို ရရှိထားပါသည်။ ဒေသ အတွင်း၌ တရုတ်တပ်မတော်၏ ရန်စကျူးကျော်မှုနှင့် မျှတမှုမရှိသည့် စျေးကွက် ချုပ်ကိုင်မှုများကြောင့် ဤပါဝါရရှိထားခြင်းသည် အင်ဒို-ပစိဖိတ်၊ သို့မဟုတ် ကမ္ဘာအတွက် ကောင်းမွန်သည့် အလားအလာရှိမည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံသို့ အရေးပါသော ချပ်စ်ပြားများ တင်ပို့မှုအား ကန့်သတ်ပိတ်ပင်၍ စစ်ဘက်ဆိုင်ရာသုတေသနလုပ်ငန်းများတွင် ဆက်လက်လုပ်ဆောင်မှု မပြုနိုင်စေရန် လုပ်ဆောင်ခဲ့ပါသည်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံများဖြစ်ကြသည့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်ရေးကဏ္ဍတွင် အချိန်ကြာမြင့်စွာ ပဋိပက္ခဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး နှစ်နိုင်ငံအပြန်အလှန် အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်နေကြပါသည်။ သို့ရာတွင် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား ပိတ်ဆို့မှုများပြုလုပ်နေသော်လည်း ၎င်းနိုင်ငံမှ ကုမ္ပဏီကြီး အများစုမှာ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါသည်။ ထို့ပြင် မကြာမီ ရက်ပိုင်းအတွင်းက အမေရိကန်နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီးနှင့် အမေရိကန်-တရုတ် စီးပွားပူးပေါင်းမှုကောင်စီဥက္ကဋ္ဌများ တရုတ်နိုင်ငံသို့စေလွှတ်ခဲ့ခြင်းဖြင့် တရုတ်နိုင်ငံနှင့် စီးပွားဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး စစ်ရေးနှင့် သက်ဆိုင်သော နည်းပညာဆိုင်ရာနယ်ပယ်များကိုသာ ဆက်လက်ပိတ်ဆို့လိမ့်မည်ဟု ယူဆရပါသည်။
တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ နည်းပညာသုတေသနနယ်ပယ်တွင် အရပ်ဘက်၊ စစ်ဘက်တက္ကသိုလ်များအားလုံး ပါဝင်လုပ်ဆောင်နေပြီး ၎င်း၏မူဝါဒဖြစ်သော Civil-Military Cooperation ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုများမှ နည်းပညာ အရ ပိတ်ဆို့မှုကိုခံနေရသော်လည်း အရပ်ဘက်နှင့် စစ်ဘက် အရင်းအမြစ် စွမ်းအားနှစ်ရပ်စလုံးကို တူညီသည့် ရည်မှန်းချက်ချမှတ်ပေးထားနိုင်သည့်အတွက် တရုတ်နိုင်ငံ၏ ကာကွယ်ရေး စွမ်းအားများ အချိန်တိုအတွင်း မြင့်တက်လာခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ကျင့်သုံးသည့် စနစ်တိုင်းတွင် အားနည်းချက်များရှိသည်မှာ မှန်သော်လည်း ဗဟိုချုပ်ကိုင်မှုအားကောင်းသည့် နိုင်ငံများ၏ အားသာချက်မှာ မိမိနိုင်ငံအတွင်းရှိ အရင်းအမြစ်များအားလုံးကို တူညီသော ရည်မှန်းချက်တစ်ခုကို တစ်ချိန်တည်း တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်စေနိုင်ခြင်းဖြစ်ပြီး မှန်ကန်သော မူဝါဒများကိုသာ ချမှတ်အကောင်အထည်ဖော်နိုင်မည်ဆိုပါက လူအဖွဲ့အစည်း၏ တိုးတက်မှုနှုန်းမှာ တမဟုတ်ခြင်း ပြောင်းလဲသွားနိုင်သည်ကိုတွေ့ရှိရကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
100090523

[1]။ hristina Knight, Stanford,“US Chip Sanctions May Not Be Enough to Deter China’s Military Ambitions”. East Asia Forum. 30 August 2023 [https://www.eastasiaforum.org/2023/08/30/2099944/]-accessed on 30 August 2023.

Sunday, September 3, 2023

BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးမှ အဆိုပြုချက်များအား တရုတ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်နေသည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း

BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးတွင် အဆိုပြုခဲ့သည့် အချက်များနှင့်ပတ်သက်၍တရုတ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် နှစ်ဖက်အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]

ဖော်ပြချက်

ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ဖြင့် စုဖွဲ့ ထားသည့် BRICS အဖွဲ့သည် ယခုအခါတွင် အဖွဲ့ဝင်သစ်များ တိုးပွားလာပြီ ဖြစ်သော်လည်း ကမ္ဘာ့အစီအစဉ်သစ်များ ရေးဆွဲနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းလုပ်ဆောင်ရလျက် ရှိပါသည်။ အဖွဲ့ဝင်နိုင်ငံများသည် ပထဝီနိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ကမ္ဘာလုံး ဆိုင်ရာ အရေးပါသည့် စည်းလုံးညီညွတ်မှုကို ရရှိလိုသည်မှလွဲ၍ အခြားကဏ္ဍများတွင် စည်းလုံးညီညွတ်မှုမရှိဟုဆိုသည်။ အဖွဲ့ဝင်ဖြစ်သည့် တရုတ်နှင့် ရုရှားနိုင်ငံတို့သည်အနောက်အုပ်စုများနှင့် တင်းမာမှုများ၊ အားပြိုင်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် အဖွဲ့၏လုပ်ဆောင်ချက်များအပေါ်တွင် သက်ရောက်မှုရှိစေပါသည်။ တရုတ်နိုင်ငံသမ္မတ ဟူကျင်တောင် လက်ထက်တွင် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုနှင့် ဒေသတွင်းအဓိကပြိုင်ဘက်ဖြစ်သော အိန္ဒိယနိုင်ငံကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်၍ BRICS အဖွဲ့အား တည်ထောင်ခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။

၃။ Xi Jinping ခေါင်းဆောင်သည့် တရုတ်အစိုးရအဖွဲ့သည် BRICS အဖွဲ့အား ကမ္ဘာ့ခေါင်းဆောင်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၊ ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း(BRI)နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို တရုတ်နိုင်ငံက တိုက်ရိုက် ရန်ပုံငွေပေးအပ်မှုတို့ လုပ်ဆောင်ရာတွင် အသုံးချခဲ့ကြပါသည်။အမေရိကန်နိုင်ငံနှင့် ပထဝီနိုင်ငံရေးအရ တင်းမာမှုများရှိနေသည့်အချိန်တွင် BRICS အဖွဲ့သည် အိန္ဒိယ နိုင်ငံအား အနီးကပ်စောင့်ကြည့်ပေးခြင်း၊ တရုတ်နိုင်ငံအား ဘရာဇီးလ်၊ ရုရှားနိုင်ငံတို့နှင့် လွယ်ကူစွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန် အကူအညီပေးနိုင်ခြင်း၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂအရေးနှင့်ပတ်သက်၍ ဘရာဇီးလ်နိုင်ငံအား အကူအညီပေးခဲ့ခြင်းတို့ကြောင့် အမေရိကန်နိုင်ငံက ဘရာဇီးနိုင်ငံအပေါ် အဆိုးမြင်သည့် အနေအထားသို့ ရောက်ရှိ ခဲ့ပါသည်။ ရုရှားနိုင်ငံသည်လည်း အနောက်နိုင်ငံများ၏ စီပွားရေးအရ အရေးယူပိတ်ဆို့မှု များကြောင့် တရုတ်နိုင်ငံအား မှီခိုနေရနေရခြင်းကြောင့် BRICS အဖွဲ့သည် ရုရှားနိုင်ငံအား အနောက်အုပ်စုမှ ပိတ်ဆို့ထားရှိသည့်အတွက် ပြောရေးဆိုခွင့်ရသည့်နေရာဖြစ်နေပါသည်။ တရုတ် နိုင်ငံအတွက်မူ ၎င်းတို့အား နှစ်ဖက်အပေးအယူပြုလုပ်သည့်နေရာဖြစ်နေပါသည်။ရုရှား နိုင်ငံသည် အနောက်အုပ်စုနှင့်ရင်ဆိုင်၍ ဝေဖန်တိုက်ခိုက်မှုများ ခံနေရချိန်တွင် တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအပေါ် အနောက်အုပ်စုအသုံးပြုသည့် မဟာဗျူဟာ များအား ရှုမြင်နိုင်သည့် အခြေအနေတွင်ရှိနေပါသည်။ ယခုအချိန်တွင် BRICS အဖွဲ့၌ တရုတ်၊ ရုရှား၊ အီရန်နိုင်ငံတို့နှင့် အလွန်ဆက်စပ်လျက်ရှိသော်လည်း ယခင်က ၎င်းအားအုပ်စုတစ်စုအနေဖြင့်ပင် သက်ဆိုင်ခြင်းမရှိဟု ယူဆခဲ့ကြကြောင်း ဖော်ပြ ထားပါသည်။

BRICS အဖွဲ့သို့ အဖွဲ့ဝင်သစ်များ ဝင်ရောက်လာမှုသည် ပထဝီနိုင်ငံရေးအရ တရုတ်နိုင်ငံအတွက် အကျိုးကျေးဇူးများစေခဲ့ပါသည်။ အီရန်နိုင်ငံအနေဖြင့် BRICS အဖွဲ့နှင့် ပူးပေါင်းခြင်းသည် ၎င်း၏နိုင်ငံတကာဆက်ဆံရေးကို မြှင့်တင်နိုင်မည့်ကောင်းမွန်သည့် အလားအလာရှိပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် အနောက်နိုင်ငံများ၏ ဖိအားပေးမှုကိုခံနေရသော ဆော်ဒီအာရေဗျနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိခြင်းကြောင့် BRICS တွင် ပါဝင်ခြင်းသည် ဆော်ဒီအာရေဗျနိုင်ငံအတွက် အဆင်ပြေစေပါသည်။ BRICS အဖွဲ့တွင် အာဂျင်တီးနားနိုင်ငံ ပါဝင်မှုသည် ၎င်း၏လတ်တလောစီးပွားရေးဆိုင်ရာ အကျပ်အတည်းများအား ဖုံးကွယ်မှု ပြုလုပ်ရန် အကောင်းဆုံးအခြေအနေ ဖြစ်ပါသည်။ သို့ရာတွင် အာဂျင်တီးနားနိုင်ငံ၏ အောက်တိုဘာလ၌ကျင်းပမည့် ရွေးကောက်ပွဲတွင် ဤအကြောင်းအရာသည် အငြင်း ပွားဖွယ်ရာဖြစ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

BRICS အဖွဲ့၏ နောက်ဆုံးကျင်းပသည့် အစည်းအဝေး၌ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ အသုံးပြုမှုအပေါ်မှီခိုမှုအား ရပ်တန့်၍ တရုတ်ယွမ်အား အသုံးပြုနိုင်ရေးကို အဆိုပြုတင်သွင်းခဲ့ပါသည်။ ယွမ်ငွေကို အခြေခံ ငွေကြေးအဖြစ် လုပ်ဆောင်၍ အပြိုင်ငွေကြေးစနစ်တစ်ခု ဖန်တီးခြင်းသည် တရုတ် တို့၏ အကြံဉာဏ်တစ်ခုသာဖြစ်ပြီး လက်တွေ့တွင် ဖြစ်နိုင်ရန် အလားအလာမရှိဟု ဆိုသည်။ BRICS အဖွဲ့လှုပ်ရှားမှုများတွင် အိန္ဒိယနိုင်ငံသည် အများအားဖြင့် ပါဝင်မှုမရှိသော်လည်း ဆန့်ကျင်ကန့်ကွက်ခြင်းလည်း မပြုလုပ်ပါ။ ယခုအခါတွင် BRICS အဖွဲ့သည် တရုတ် နိုင်ငံ၏ ဦးဆောင်မှုအရ ဒေါ်လာကို ယွမ်ဖြင့် အစားထိုးပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၊ ကမ္ဘာ့ဘဏ်တို့နှင့်အပြိုင် ငွေချေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ဒေါ်လာအစားထိုး ယွမ်ငွေကြေးသုံးစွဲမှု “Yuanization” ကို စတင် လုပ်ဆောင်လျက်ရှိပြီး ရုရှား၊ အီရန်၊ အာဂျင်တီးနားနိုင်ငံတို့နှင့် ရောင်းဝယ်မှု ပြုလုပ်လျက်ရှိပါသည်။ ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်းနှင့် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြုပ်နှံမှုဘဏ်မှတဆင့် ငွေချေးလုပ်ငန်းများကို ကျယ်ပြန့်စွာ လုပ်ဆောင်လျက် ရှိပါသည်။ တရုတ်နိုင်ငံသာမရှိပါက BRICS အဖွဲ့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် မူဝါဒကို ပြန်လည်သုံးသပ်ရာတွင် ဦးဆောင်မည်မဟုတ်သကဲ့သို့ ကမ္ဘာ့ အခင်းအကျင်း ပြောင်းလဲမှုတွင်လည်း အထောက်အပံ့ပေးနိုင်မည်မဟုတ်ပါ။ ယခုအခါ တရုတ်နိုင်ငံအနေဖြင့် BRICS အဖွဲ့အတွင်း ခေါင်းဆောင်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင် လျက်ရှိချိန်တွင် အိန္ဒိယနိုင်ငံသည် အဖွဲ့ဝင်အသစ်နှင့် အဟောင်းများအကြားတွင် အမှီအခိုကင်းစွာ ရပ်တည်လျက်ရှိပြီး အခြားနိုင်ငံများသည် တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုပြုနေကြောင်း ဖော်ပြထားပါသည်။

တွေ့ရှိသုံးသပ်ချက်

ဆောင်းပါးသည် BRICS အဖွဲ့အတွင်းအခြေအနေများ၊ အဖွဲ့ဝင်အသစ်များဝင်ရောက်လာခြင်းကိစ္စရပ်များနှင့် တရုတ်နိုင်ငံ၏ BRICS အဖွဲ့အားအသုံးချနေမှုများကို အနောက်အုပ်စု၏ ရှုထောင့်မှ သုံးသပ်ဖော်ပြထားခြင်းဖြစ်ပါသည်။ BRICS တွင် အဖွဲ့ဝင်အသစ်များ တိုးပွားလာသော်လည်း အဖွဲ့အနေဖြင့် စည်းလုံးညီညွတ်မှုလည်း လိုအပ်နေသေးပြီး တရုတ်နှင့် ရုရှားနိုင်ငံတို့အနေဖြင့် အနောက်အုပ်စုများနှင့် တင်းမာမှုဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် အဖွဲ့၏ လုပ်ဆောင်ချက်များအား ထိခိုက်စေကြောင်း ဝေဖန်ရေးသားထားခြင်းဖြစ်ပါသည်။ BRICS နိုင်ငံများတွင် တရုတ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်နေခြင်းကြောင့် အစည်းအဝေးတွင် သဘောတူညီချက်များကို အိန္ဒိယနိုင်ငံမှ ကန့်ကွက်လိမ့်မည်ဟု အနောက်အုပ်စုက ယူဆခဲ့သော်လည်း ၎င်းတို့၏ ယူဆချက်အတိုင်းဖြစ်မလာသောကြောင့် BRICS အဖွဲ့အား ဝေဖန်သောသဘောထားမှတ်ချက်နှင့် ထုတ်ဖော်ပြောဆိုချက်များ ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။

BRICS အဖွဲ့အနေဖြင့် အမေရိကန်ဒေါ်လာအစားထိုး ကိုယ်ပိုင်ငွေကြေးတီထွင်ခြင်းအစား တရုတ်ယွမ် အသုံးပြုမှု (Yuanization) သို့ယိမ်းလာသည်ကို တွေ့ရှိရပြီး အနောက်အုပ်စု၏ G-7 အဖွဲ့နှင့် ထိပ်တိုက်တွေ့လာမည်သာဖြစ်ပါသည်။ သို့ရာတွင် BRICS အဖွဲ့အနေဖြင့် ယွမ် ငွေကြေးသာမက သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ငွေကြေးအချင်းချင်း တိုက်ရိုက်ရောင်းဝယ် ဖလှယ်မှုကိုသာ ဆက်လက်လုပ်ကိုင်ရန် ဆောင်ရွက်နေသောကြောင့် De-dollarization ကို သက်ရောက်မှုရှိနိုင်သော်လည်း Dollar ငွေကြေးအနေဖြင့် ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်စိုးမိုးမှုရှိနေဦးမည်သာဖြစ်ပါသည်။

BRICS နိုင်ငံများ၏ တိုးချဲ့မှုကို ကြည့်ခြင်းအားဖြင့် ပထဝီနိုင်ငံရေး အချက်အချာကျသော ဖွံ့ဖြိုးဆဲ Global South နိုင်ငံများနှင့် ပထဝီစီးပွားရေးအရ အချက်အချာ ကျသော ကမ္ဘာ့အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်နေခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားကို အမှန်တကယ်ကိုယ်စားပြုနိုင်မည်ဆိုပါက ကမ္ဘာ့ကုန်သွယ်ရေးလောကတွင် လမ်းကြောင်းတစ်ခု ဖောက်လုပ်နိုင်မည့် အနေအထားတွင် ရှိနေသည်ဟု သုံးသပ်ရပါသည်။ BRICS ၏ Yuanization နှင့် De-Dollarization အစီအစဉ်များ အောင်မြင်မှုရှိမရှိမှာ ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ၏ ဖိအားပေးခြင်းခံနေရသော နိုင်ငံများအဖို့ မှီခိုအားထားရာ ထွက်ပေါက်တစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။

Myanmar Aspect

99090423

[1]။ Thiago de Aragao,“BRICS: A China-Led Group Looking for Relevance”. The Diplomat. 28 August 2023 [https:// thediplomat.com/ 2023/ 08/ brics-a-china-led-group-looking-for-relevance/]-accessed on 29 August 2023.

Thursday, August 31, 2023

BRICS အဖွဲ့၏ အဖွဲ့ဝင်အသစ်များ လက်ခံခဲ့ခြင်းနှင့်ပတ်သက်၍ ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
BRICS အဖွဲ့အနေဖြင့် အဖွဲ့ဝင်အသစ် ၆ နိုင်ငံအား ဝင်ရောက်ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ အနောက်နိုင်ငံများ၏သဘောထားအမြင်နှင့် BRICS အဖွဲ့တွင် နိုင်ငံအသစ်များ တိုးချဲ့ပါဝင်လာမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အလားအလာကောင်းများအား Global Times သတင်းစာမှ အယ်ဒီတာ့အာဘော်အခန်းကဏ္ဍကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa က ဩဂုတ်လ ၂၄ ရက်နေ့၌ ကျင်းပသည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးတွင် အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့ကို အဖွဲ့ဝင်အသစ် အဖြစ် ဖိတ်ခေါ်သွားမည်ဖြစ်သောကြောင့် ယခင်အဖွဲ့ဝင် ၅ နိုင်ငံမှ ၁၁ နိုင်ငံသို့ တိုးလာတော့မည်ဖြစ်ပါသည်။ ထိုကိစ္စသည် BRICS အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အတွက် အဓိကကျသောခြေလှမ်းဖြစ်သည်ဟု ဆိုပါသည်။
နိုင်ငံအများအပြားသည် BRICS အဖွဲ့ဝင်အဖြစ် ပါဝင်ရန် လိုလားခဲ့ကြပြီး နိုင်ငံပေါင်း ၂၃ နိုင်ငံမှ တရားဝင်အဆိုပြုခဲ့ကြပါသည်။ အဖွဲ့ဝင်အသစ်အဖြစ် ပါဝင် လာမည့် ၆ နိုင်ငံသည် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့မှဖြစ်ပါသည်။ အဆိုပါ နိုင်ငံများသည် စိတ်ချယုံကြည်ရသည့် အဆင့်အတန်းနှင့် အရေးပါသောလွှမ်းမိုးမှုရှိသည့် ဒေသတွင်းနိုင်ငံများဖြစ်ကြပြီး အဖွဲ့ဝင်အသစ်များ ပူးပေါင်းပါဝင်လာမှုကြောင့် BRICS အဖွဲ့ ပူးပေါင်းဆောင်ရွက်မှုယန္တရား၏ ကိုယ်စားပြုမှုနှင့် ဩဇာလွှမ်းမိုးမှုတို့ ပို၍ တိုးမြင့်လာတော့မည်ဖြစ်ပါသည်။ ထွန်းသစ်စဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကြီးမားဆုံး ကိုယ်စားလှယ်အဖွဲ့များထဲမှတစ်ခု ဖြစ်လာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုတရားမျှတသော ဦးတည်ချက်ဖြင့် မြှင့်တင်ရန် အလားအလာကောင်းများရှိကြောင်း ဖော်ပြထားပါသည်။
အဖွဲ့ဝင်အသစ်တိုးချဲ့ရာတွင် လက်ရှိအဖွဲ့ဝင် ၅ နိုင်ငံမှ ခေါင်းဆောင်များသည် စည်းလုံးညီညွတ်စွာ သဘောတူညီခဲ့ကြခြင်းဖြစ်ပါသည်။ အဖွဲ့ဝင်အသစ်များ လက်ခံခြင်းဆိုင်ရာ အဖွဲ့အတွင်း သဘောထားများနှင့်ပတ်သက်ပြီး အနောက်တိုင်းမီဒီယာများ၏ ဖော်ပြချက်သည် လုံးဝမှန်ကန်ခြင်းမရှိဘဲ ၎င်းတို့၏ ဘက်လိုက်သောထင်ကြေးများနှင့် ရန်စခြင်းများသာ ဖြစ်ပါသည်။ အနောက်နိုင်ငံရေးသမားများနှင့် မီဒီယာများ၏ ဖော်ပြချက်များကို ကြည့်ခြင်းအားဖြင့် အခြားဒေသမှနိုင်ငံများအပေါ်တွင် အကောင်းမြင်မှု နည်းပါးကာ အထင်အမြင်သေးလျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ တရုတ်နိုင်ငံသမ္မတ Xi Jinping သည် ယခုအကြိမ် ကျင်းပသည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေး၌ ၎င်း၏မိန့်ခွန်းများတွင် "စည်းလုံးညီညွတ်မှု" ဟူသည့် စကားလုံးကို အဓိကထား ပြောကြားခဲ့ပြီး ထွန်းသစ်စ ဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် BRICS အဖွဲ့ဝင်များအား အတူတကွပူးပေါင်းလုပ်ဆောင်ရန်၎င်းက တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားပါသည်။
BRICS အဖွဲ့ပူးပေါင်းဆောင်ရွက်မှုယန္တရားအတွင်း တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့သည် စည်းလုံးညီညွတ်မှုတည်ဆောက်ရန်အတွက် နှစ်နိုင်ငံကွဲပြားမှုများ၊ ကွာဟချက် များနှင့် အငြင်းပွားမှုများကို ကျော်လွှားနိုင်ခဲ့ကြပါသည်။ ၁၇ နှစ်တာကာလအတွင်း BRICS အဖွဲ့သည် မပြိုကွဲဘဲ ဆက်လက်ကြီးထွား အားကောင်းလာခဲ့ပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် အနောက်နိုင်ငံများမှ ပြင်ဆင်ထားသည့် လှည့်ကွက်အတွင်းသို့ ကျရောက်ခဲ့ခြင်းမရှိဘဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရှိသော ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ခြင်းနိုင်ခဲ့ကြကြောင်း ဖော်ပြ ထားပါသည်။
တောင်အာဖရိက BRICS ထိပ်သီးအစည်းအဝေးအတွင်း အိန္ဒိယနိုင်ငံ၏ "Chandrayaan-3" အာကာသယာဉ်သည် လ၏ တောင်ဝင်ရိုးစွန်းပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့မှု၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် စိုက်ပျိုးရေး၊ ဂေဟစနစ်နှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးကဲ့သို့သော နယ်ပယ်များတွင် အဆင့်မြင့်နည်းပညာ များကို အသုံးပြုကာ " BRICS ကမ္ဘာလုံးဆိုင်ရာ အဝေးထိန်းစနစ်သုံး အာရုံခံဂြိုဟ်တု ဒေတာနှင့် အပလီကေးရှင်း ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်း"ကို တည်ထောင်ရန် စူးစမ်းရှာဖွေလျက်ရှိမှုများကိုဖော်ပြကာ BRICS အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သမျှ တိုးတက်မှု အခွင့်အလမ်းများကို နေရာတိုင်းတွင် တွေ့ရှိနိုင်မည်ဖြစ်သည်ဟု ဆိုပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည်BRICS အဖွဲ့တွင် ပိုမိုပါဝင်လာသည်နှင့်အမျှ ပိုမိုအားကောင်းသော စုပေါင်းအင်အား တစ်ရပ်ဖွဲ့စည်းကာ ကမ္ဘာကြီးအား ကောင်းမွန်သော အုပ်ချုပ်ရေးဆီသို့ ဦးတည်မောင်းနှင် ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သုံးသပ်ချက်
ပူးပေါင်း
တရုတ်နိုင်ငံအစိုးရ၏ သဘောထားကိုထင်ဟပ်သည့် Global Times သတင်းစာ အယ်ဒီတာအာဘော်တွင် BRICS အဖွဲ့ဝင်တိုးချဲ့ခြင်းနှင့်ပတ်သက်သည့် အနောက်နိုင်ငံ များ၏ ဖျက်လိုဖျက်ဆီးလုပ်မှု၊ အဖွဲ့အတွင်းရှိ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား ရှိနေသည့် နယ်စပ်ပြဿနာကဲ့သို့ ကိစ္စရပ်များကို ပုံကြီးချဲ့ပြီး အဖွဲ့အတွင်း စည်းလုံး ညီညွတ်မှု ပျက်ပြားစေရန် နှပ်ကြောင်းပေးရေးသားဝေဖန်မှုများနှင့် အနောက်နိုင်ငံ အစိုးရများ၏ အဖွဲ့အပေါ် အထင်အမြင်သေးပြောကြားမှတ်ချက်ပြုမှုများကို ကျော်လွှားပြီး အဖွဲ့ဝင်အသစ်များ လက်ခံရေးကို ညီညီညွတ်ညွတ် ဆုံးဖြတ်ချက်ချနိုင်ခဲ့သည့် BRICS အဖွဲ့၏ အောင်မြင်မှုတစ်ခုအဖြစ် ပုံဖော်ရေးသားထားသည်ကို တွေ့ရှိရပါသည်။ BRICS အဖွဲ့သို့ ဝင်ရောက်ရန် နိုင်ငံအများအပြားက အဆိုပြုခဲ့သော်လည်း စီးပွားရေးတိုးတက် အားကောင်းနိုင်သောနိုင်ငံများကို အဓိကထားဖိတ်ခေါ်ခဲ့ခြင်းနှင့် BRICS အဖွဲ့အတွင်း ငွေကြေးဆိုင်ရာပြုပြင်မှုများကို ဦးစားပေးဆောင်ရွက်နေခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားရေးကို ပြောင်းလဲပုံဖော်လာနိုင်သည့် အဖွဲ့အစည်းဖြစ်လာနိုင်သည့် အလားအလာရှိသည်ဟု ဆိုရပါမည်။
ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးနေသော အနောက်အုပ်စု၏ G-7 အဖွဲ့နှင့် ယှဉ်ပြိုင်ရန် စီစဉ်လာမည်သာဖြစ်ပြီး ယခုအကြိမ်တွင်လည်း အနောက်အုပ်စုနိုင်ငံအချို့အပါအဝင် ၎င်းတို့ထောက်ပံ့ခံ နိုင်ငံအချို့၏လျှောက်ထားမှုအား ချန်လှပ်ထားခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ယနေ့ ကမ္ဘာကြီးတွင် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနောက်ပိုင်း အမေရိကန်နိုင်ငံ ဦးဆောင်သည့် အနောက်နိုင်ငံများအုပ်စုနှင့် BRICS အဖွဲ့ဝင်နိုင်ငံတို့ ဦးဆောင်သည့် တောင်ကမ္ဘာခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများအကြား အကွဲအပြဲများ သိသိသာသာကြီးထွားလာခဲ့ပါသည်။ အနောက် အုပ်စုက လွှမ်းမိုးခြယ်လှယ်အသာစီးရယူထားသည့် လက်ရှိကမ္ဘာ့အခင်းအကျင်းကို ပြုပြင်ပြောင်းလဲရန် ကြိုးစားနေသည့် BRICS နှင့် SCO တို့ကဲ့သို့သော အဖွဲ့များသည်မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပိုမိုသဟဇာတဖြစ်ကာ ပိုမိုတန်းတူဆက်ဆံ နိုင်သည့် အခွင့်အလမ်းကို ဖန်တီးပေးနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားများအလိုက် BRICS နှင့် SCO ကဲ့သို့သောအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်မှာ သက်ဆိုင်ရာ နိုင်ငံများ၏ အမျှော်အမြင်နှင့် ရေရှည်တွက်ချက်မှုပေါ်တွင် မူတည်မည်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
98090123

[1]။ “West Underestimates BRICS’ Resolve for Solidarity, Cooperation: Global Times editorial”. Global Times. 24 August 2023 [https://www.globaltimes.cn/.../1296939.shtml/]-accessed on 26 August 2023.

Wednesday, August 30, 2023

ဂျပန်နိုင်ငံ၊ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေဆိုး စွန့်ပစ်မှုကိစ္စနှင့်ပတ်သက်၍ ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ဆောင်းပါးတွင် ဂျပန်နိုင်ငံအနေဖြင့် ဖူကူရှီးမားဒိုင်အိချိနျူကလီးယား ဓာတ်အားပေး စက်ရုံမှ ရေဆိုး ၃၁,၂၀၀ ကုဗမီတာအား သန့်စင်မှုပြုလုပ်ပြီး ၂၀၂၄ ခုနှစ် မတ်လ အကုန်တွင် စွန့်ပစ်မှုပြုလုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အချက် ၅ ချက်အား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တိုကျိုလျှပ်စစ်စွမ်းအင်(TEPCO)ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်၊ မတ်လတွင် ဖြစ်ပွား ခဲ့သည့် ငလျင်နှင့် ဆူနာမီကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည့် ဖူကူရှီးမား ဒိုင်အိချိနျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဆိုးများကို သန့်စင်မှုပြုလုပ်ပြီး ပစိဖိတ် သမုဒ္ဒရာထဲသို့ ဩဂုတ်လ ၂၄ ရက်နေ့တွင် စတင်စွန့်ထုတ်ခဲ့ပါသည်။အစိုးရနှင့် ကုမ္ပဏီတို့က သန့်စင်ပြီးရေဆိုးများ ပင်လယ်အတွင်းသို့ စွန့်ထုတ်မှုအား နှစ်ပေါင်း ၃၀ ခန့် ဆက်လက်ဆောင်ရွက်သွားမည်ဟု မျှော်မှန်းထားပါသည်။ ရေဆိုးများ စွန့်ပစ်မှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သောအချက် ၅ ချက်ရှိကြောင်း ဖော်ပြထားပါသည်။
ပထမအချက်အနေဖြင့် သန့်စင်ပြီးရေဆိုးများအား မည်ကဲ့သို့စွန့်ထုတ်မည် ဆိုသည့်အချက်ဖြစ်ကြောင်း၊ TEPCO ကုမ္ပဏီအနေဖြင့် သန့်စင်ပြီးရေဆိုးများစွန့်ပစ်မှုကို ပမာဏအနည်းငယ်ဖြင့် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး လုပ်ငန်းအဆင့် ၂ ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဟုဆိုသည်။ ပထမအဆင့်အနေဖြင့် ရေဆိုး ၁ ကုဗမီတာအား ပင်လယ်ရေဖြင့်ရောနှော၍ ဓာတ်ပြယ်အောင်ပြုလုပ်မည်ဖြစ်ပြီး ရေထဲတွင်ပါဝင်သော ရေဒီယိုသတ္တိကြွဓာတ် Tritium ပမာဏကို တိုင်းတာမည်ဖြစ်ပါသည်။ ဒုတိယအဆင့်တွင်ရေထဲ၌ သတ်မှတ်ထားသည့် Tritium ပမာဏအောက်သို့ ရောက်ရှိပါကသန့်စင်ပြီးရေဆိုးများအား ပစိဖိတ်သမုဒ္ဒရာတွင်းသို့ စနစ်တကျ စွန့်ထုတ်သွားမည် ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ ဘဏ္ဍာရေးနှစ်အကုန်တွင် ဖူကူရှီးမားစက်ရုံရှိ သိုလှောင်ကန် ၁,၀၀၀ ကျော်တွင် သိုလှောင်ထားသော ရေဆိုးအကြမ်းဖျင်း ၁.၃၄ သန်းကုဗမီတာမှ ၂.၃ ရာခိုင်နှုန်း(ရေဆိုး ၃၁၂၀၀ ကုဗမီတာ)ကို စွန့်ထုတ်ရန် စီစဉ် လျက်ရှိပြီး နေ့စဉ်ထုတ်လုပ်ဆဲဖြစ်သည့် ရေဆိုးပမာဏအရ ယခုနှစ်ကုန်တွင် ရေဆိုး သိုလှောင်ကန် ၁၀ ကန်အောက်သာကျန်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ကုမ္ပဏီသည် လာမည့်ဘဏ္ဍာရေးနှစ်အတွင်း ရေဆိုးစွန့်ထုတ်မည့် အစီအစဉ်ကို မတ်လတွင် ကြေညာ သွားမည်ဖြစ်ပါသည်။
ဒုတိယအချက်အနေဖြင့် စွန့်ထုတ်လိုက်သည့်ရေဆိုးများသည် မည်မျှဘေးကင်းမှု ရှိသည်ဟူသောအချက်ဖြစ်ပြီး အဆိုပါရေများအား ငလျင်နှင့် ဆူနာမီကြောင့် အရည်ပျော်ပျက်စီးသွားသည့်စက်ရုံ၏ နျူကလီးယားဓာတ်ပေါင်းဖိုများအတွင်း ပိတ်မိ နေသော ရေဒီယိုသတ္တိကြွမြင့်မားသည့်အပျက်အစီးများကို အအေးခံရန်အတွက် အသုံးပြုထားခြင်းဖြစ်ပါသည်။ ရေဆိုးများတွင် ပါဝင်သည့် Tritium ဓာတ်မှလွဲ၍ ရေဒီယိုသတ္တိကြွပစ္စည်းများကို အစိုးရမှသတ်မှတ်ပေးထားသော အဆင့်အောက်သို့ ရောက်ရှိအောင် ဖယ်ရှားသန့်စင်ပေးထားပြီး ၂၀၂၁ ခုနှစ်တွင် ဂျပန်အစိုးရအဖွဲ့ အနေဖြင့် သမုဒ္ဒရာထဲသို့ ရေဆိုးများစွန့်ထုတ်ရန် ဆုံးဖြတ်ချက်ချပြီးနောက် အစိုးရကနိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)အား ၎င်းအစီအစဉ်၏ ဘေးကင်းမှုကို အကဲဖြတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ဇူလိုင်လတွင် IAEA က ရေဆိုးစွန့်ထုတ်မှုသည်လူသားနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်ခြင်းမရှိဟု ကောက်ချက်ချပြီး ခွင့်ပြုပေးခဲ့သည်ဟု ဆိုပါသည်။
တတိယအချက်အနေဖြင့် ဂျပန်နိုင်ငံသည် မည်သည့်အတွက်ကြောင့် ဤကဲ့သို့ လုပ်ဆောင်ရသည်ဟူသော အချက်ဖြစ်ပါသည်။ ယခုအခါတွင် ရေဆိုးသိုလှောင်ရန် အသုံးပြုသည့် ရေလှောင်ကန်များ၏ ၉၈ ရာခိုင်နှုန်းအား အသုံးပြုထားပြီးဖြစ်သောကြောင့် ဖေဖော်ဝါရီလ အစောပိုင်းတွင် ကန့်သတ်ချက်သို့ ရောက်ရှိတော့မည်ဖြစ်ပါသည်။ ရေလှောင်ကန်များသည် နေရာအလွန်အကျွံယူနေသဖြင့် အခြားစက်ရုံများ တည်ဆောက်ရန်၊ဖျက်သိမ်းရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်ရန်အတွက် လိုအပ်သော စက်ကိရိယာများတပ်ဆင်ရန် နေရာလွတ်မရှိဖြစ်လာနေပါသည်။ အစိုးရသည် ယခုနှစ်နွေဦးရာသီတွင် ရေဆိုးများစွန့်ထုတ်နိုင်မည်ဟု ကနဦးမျှော်လင့်ထားသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုရရှိရန် လုပ်ဆောင်နေရသဖြင့် ကြန့်ကြာ နေရခြင်းဖြစ်ပြီးငါးဖမ်းလုပ်ငန်းရှင်များကလည်း ကမ်းလွန်ပင်လယ်ပြင်အောက် ဆွဲပိုက်ချငါးဖမ်းသည့် စက်တင်ဘာလ ကမ်းလွန်ငါးဖမ်းရာသီ စတင်ချိန်နှင့် တိုက်ဆိုင်မှု မရှိစေရန် တောင်းဆိုခဲ့ကြကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်အနေဖြင့် ပင်လယ်ပြင်မှ ရေထွက်ကုန်လုပ်ငန်းများနှင့် အိမ်နီးချင်း နိုင်ငံများအနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ ယုံကြည်လက်ခံခြင်းရှိ/မရှိဟူသည့်အချက်ဖြစ်ပါသည်။ပြည်တွင်းငါးဖမ်းလုပ်ငန်းများသည် ၎င်းတို့၏ဂုဏ်သတင်းအား ထိခိုက် ပျက်စီးစေနိုင်သည်ဟူသည့်အချက်ဖြင့် ဤအစီအစဉ်ကို ဆက်လက်ဆန့်ကျင်လျက် ရှိကြပါသည်။ အစိုးရနှင့် TEPCOကုမ္ပဏီတို့၏ ၂၀၁၅ ခုနှစ် ထုတ်ပြန်ချက်တွင် “ပါဝင် ပတ်သက်သည့်အဖွဲ့အားလုံးနှင့် နားလည်မှုမရရှိဘဲ မည်သည့်ကိစ္စမျှဆောင်ရွက်မည် မဟုတ်”ဟု ကတိပေးခဲ့သော်လည်း ဤသို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ဝန်ကြီးချုပ် Fumio Kishida ၏ ဩဂုတ်လ ၂၂ ရက်နေ့ပြောကြားချက်အရ သက်ဆိုင်ရာ ငါးလုပ်ငန်းအဖွဲ့အစည်းများအား ဤအစီအစဉ်နှင့်ပတ်သက်၍ အဆင့်တစ်ခုအထိ နားလည်မှုရရှိအောင် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကာ သတင်းအချက်အလက်များအား မျက်ခြည်မပြတ်စေရန် အစိုးရနှင့်ဆက်သွယ်မှုများ ဆက်လက်ပြုလုပ်နေရန် တိုက်တွန်း ထားပါသည်။ အိမ်နီးချင်းနိုင်ငံများ၏ တုံ့ပြန်မှုများသည် ရှုပ်ထွေးလျက်ရှိပြီး၊ ဤအစီအစဉ်နှင့်ပတ်သက်၍ သိပ္ပံနည်းကျပြဿနာမရှိဟု တောင်ကိုရီးယားနိုင်ငံ အစိုးရက အင်္ဂါနေ့တွင် ပြောကြားသော်လည်း ထောက်ခံမှုမရှိခဲ့ပါ။တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က တရုတ်နိုင်ငံ အနေဖြင့် ဤကိစ္စကို အလွန်အမင်းစိုးရိမ်ပြီး အပြင်းအထန်ကန့်ကွက်ကြောင်းနှင့် ဂျပန်နိုင်ငံကို နိုင်ငံရေးအရပြင်းထန်သည့်အရေးယူမှု(သံတမန်ရေးအရ ကန့်ကွက်မှုများ) ပြုလုပ်ခဲ့ပါသည်။ ပစိဖိတ် ၁၈ နိုင်ငံ၏ ညွန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌဖြစ်သည့် Cook Islands ဝန်ကြီးချုပ် Mark Brown က ဒေသတွင်းတွင် သဘောထားကွဲလွဲမှုနှင့်တုံ့ပြန်မှုများ ကျန်ရှိနေပါသေးကြောင်း၊ ဂျပန်နိုင်ငံအစိုးရ၊ IAEAတို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုပါသည်။ Solomon Islands ၏ ဝန်ကြီးချုပ်ရုံးမှလည်း ၎င်းတို့နိုင်ငံအနေဖြင့် “ဆန့်ကျင်ဆဲဖြစ်သည်”ဟု ဖော်ပြထားပါသည်။
ပဉ္စမအချက်အနေဖြင့် စီးပွားရေးလုပ်ငန်းများ မည်သည့်အခြေအနေအထိထိခိုက်နိုင်ပြီး မည်ကဲ့သို့လျော်ကြေးပေးမှုများ ဆောင်ရွက်သွားမည်ဟူသည့် အချက် ဖြစ်ပါသည်။ ပင်လယ်ရေထုတ်ကုန်လုပ်ငန်းများအား ဂျပန်နိုင်ငံအစိုးရနှင့် IAEA တို့ကအာမခံထားသော်လည်း ဂုဏ်သတင်းပိုင်း ထိခိုက်မှုများရှိနေပြီဖြစ်ပြီး ဖူကူရှီးမား မြောက်ဘက်ရှိ မီယာဂီစီရင်စုတွင် ပင်လယ်ရေထုတ်ကုန်အချို့ စျေးနှုန်းကျဆင်းလျက်ရှိပါသည်။ တင်သွင်းခွင့်ပိတ်ပင်ရန် တရုတ်နိုင်ငံနှင့် ဟောင်ကောင်တို့က အရှိန်မြှင့်လုပ်ဆောင် လာခြင်းကြောင့် ပြည်ပကုန်သွယ်မှုဆုံးရှုံးလျက်ရှိပါသည်။ ဂျပန်နိုင်ငံအစိုးရသည် ငါးဖမ်းလုပ်ငန်းတွင် ထိခိုက်နစ်နာသူများအတွက် ယန်း ၈၀ ဘီလီယံ (ဒေါ်လာသန်း ၅၅၀) တန်ဖိုးရှိ လျော်ကြေးငွေပေးဆောင်ထားပြီး TEPCO ကုမ္ပဏီသည်လည်း ဒုက္ခရောက် နေသူများအတွက် လျော်ကြေးပေးရန် ကမ်းလှမ်းထားကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဂျပန်နိုင်ငံ၊ ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဆိုးများကို ပစိဖိတ်သမုဒ္ဒရာထဲသို့စွန့်ထုတ်မှုသည် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့ အကြား လူထုဆန္ဒပြမှုနှင့် ပဋိပက္ခများပိုမိုဖြစ်ပွားလာနိုင်သည့် အနေအထားဖြစ်ပေါ် လျက်ရှိပါသည်။ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ပင်လယ်ရေထုတ်ကုန် ဒေါ်လာ ၁.၁ ဘီလီယံကျော်ဖိုး တင်သွင်းလျက်ရှိပြီး ယင်းပမာဏသည် ဂျပန်နိုင်ငံ ပင်လယ်စာ တင်ပို့မှု၏ တစ်ဝက်နီးပါးရှိနေပါသည်။[2] ဂျပန်နိုင်ငံမှ ထွက်ရှိသော ပင်လယ်စာများအားအများဆုံးဝယ်ယူမှု ပြုလုပ်သည့် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှတင်သွင်းသည့် ပင်လယ်စာများအား ပိတ်ပင်ခဲ့ခြင်းသည် ဂျပန်နိုင်ငံအား စီးပွားရေးအရ ရိုက်ခတ်မှု ရှိစေရန် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး အနောက်အုပ်စုနှင့်ပေါင်း၍ ၎င်းအပေါ် ဖိအားပေးနေမှုများကို တန်ပြန်ခြင်းလည်းဖြစ်ပါသည်။
ယခုအခါတွင် ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေး ရှိပြီး ထိုင်ဝမ်ကိုထောက်ခံကြောင်း ပြသခဲ့ခြင်းကြောင့် ဂျပန်နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးသည် ယိုယွင်းလာလျက်ရှိပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ၏ ရေဆိုးစွန့်ထုတ်မှုကိစ္စတွင် အခြားနိုင်ငံများပါဝင်စေရန် ပြင်းထန်သည့် ကန့်ကွက်ချက်များအား နိုင်ငံရေးနည်းလမ်း(Political Means)ဖြင့် လုပ်ဆောင်နေခြင်းလည်း ဖြစ်ပါသည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ အိမ်နီးချင်း တောင်ကိုရီးယား၊ မြောက်ကိုရီးယားနိုင်ငံနှင့် အခြားသော ပစိဖိတ်ကျွန်းနိုင်ငံငယ်များကလည်း ကန့်ကွက် နေကြပါသည်။ ဂျပန်နိုင်ငံ၏ ရေဆိုးများစွန့်ထုတ်မှုကြောင့် ဆက်စပ်ပင်လယ်ပြင်များတွင် ငါးဖမ်းလုပ်ငန်းနှင့် ရေထွက်ကုန်ထုတ်လုပ်တင်ပို့ခြင်း လုပ်ကိုင်နေသော နိုင်ငံများ၏ ထုတ်ကုန်များအပေါ် ကမ္ဘာ့ဈေးကွက်တွင် ယုံကြည်မှု ကျဆင်းလာခြင်းကြောင့် ဝယ်လိုအားလည်းကျဆင်းလျက်ရှိပြီး အခြားရေထွက်ပစ္စည်းထွက်ရှိသော နိုင်ငံများ၏ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရန် အချိန်ကိုက်ဆောင်ရွက်နိုင်မှုမှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
97083123
[1]။ Sayumi Take, Chihiro Ishikawa,“Japan Begins Release of Fukushima Water: 5 Things to Know”. Nikkei Asia. 24 August 2023 [https://asia.nikkei.com/.../Japan-begins.../]-accessed on 25 August 2023.

[2]။ Tessa Wong,“ Fukushima: China retaliates as Japan releases treated nuclear water”. BBC News. 24 August 2023 [https://www.bbc.com/news/world-asia-66577769/]-accessed on 25 August 2023.

Tuesday, August 29, 2023

ထိုင်းနိုင်ငံအနေဖြင့် ကိုရီးယားနိုင်ငံ၏ Soft Power ကျင့်သုံးမှုများအား အတုယူဆောင်ရွက်လာသည့် အချက်များနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
နိုင်ငံတစ်နိုင်ငံတွင်း ယဉ်ကျေးမှုသည် နိုင်ငံ့အကျိုးစီးပွားအတွက် များစွာ အထောက်အကူပေးလျက်ရှိပြီး တောင်ကိုရီးယားနိုင်ငံ၏ အနုပညာနှင့် အစားအသောက်များကိုအသုံးပြု၍ နိုင်ငံ၏ သံတမန်ရေးကို ချဲ့ထွင်နေသည့် နည်းလမ်းများ၊ ထိုင်းနိုင်ငံဘက်မှလည်း တောင်ကိုရီယားနိုင်ငံ၏ နည်းလမ်းများအတိုင်း လုပ်ဆောင် လာမှုများနှင့်ပတ်သက်၍ အချက်များအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အရှေ့တောင်အာရှဒေသအတွင်း ပထဝီနိုင်ငံရေးအားပြိုင်မှုများ၊ အထူးသဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ယှဉ်ပြိုင်မှုအရှိန်မြင့်တက်နေစဉ်အတွင်း ထိုင်း နိုင်ငံသည် ၎င်း၏ကြားနေဝါဒကို ဆက်လက်ကျင့်သုံးနိုင်ရန်အတွက် နိုင်ငံရေးအလှည့်အပြောင်း တစ်ခုလုပ်ဆောင်ရန် ကြိုးပမ်းလာခဲ့ပါသည်။ နိုင်ငံတကာဆက်ဆံရေးတွင် Soft Power ကိုတွင်ကျယ်စွာအသုံးပြုနိုင်ခြင်းသည် နိုင်ငံတကာသံတမန်ရေးအတွက် အရေးပါလျက် ရှိပါသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ Soft Power ကျင့်သုံးမှုအညွှန်းကိန်းများ အရ ထိုင်းနိုင်ငံသည် ဒေသတွင်းနိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံ၏ နောက်တွင် ရောက်နေပြီး ကမ္ဘာ့ထိပ်ဆုံးနိုင်ငံ ၃၀ တွင်ပါဝင်ခြင်းမရှိပါ။ ထို့နောက် ထိုင်းနိုင်ငံသည် ၎င်း၏ Soft Power ကျင့်သုံးမှုကို မြှင့်တင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံ၏ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် အပြုသဘောဆောင်သည့် နည်းလမ်းများ ကျင့်သုံးလာနိုင်ရန် ကြိုးပမ်းလာခဲ့ကြောင်း ဖော်ပြထားပါသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်ကာလများတွင် တောင်ကိုရီးယားနိုင်ငံတွင် ကျော်ကြား လာသည့် ပေါ့ဂီတယဉ်ကျေးမှုသည် ၎င်းနိုင်ငံ၏ Soft Power အတွက် အကျိုး ကျေးဇူးများ ဖြစ်ပေါ်လာခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ပေါ့ဂီတ အဆိုတော်အဖွဲ့ BTS နှင့် နာမည်ကြီးရုပ်ရှင် Parasite သည် နိုင်ငံတကာတွင် နာမည်ကျော်ကြားလျက် ရှိပြီး ကိုရီးယားယဉ်ကျေးမှုကို လွှမ်းမိုးနိုင်သည့်အပြင် ၎င်းတို့၏ Soft Power ကို အကျိုးဖြစ်စေသည်အထိ လုပ်ဆောင်ပေးနိုင်ခဲ့ပါသည်။ ထိုကဲ့သို့ လွှမ်းမိုးနိုင်ခြင်းသည် ကံကောင်းထောက်မစွာဖြင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ နိုင်ငံရေးအမြော်အမြင်ဖြင့် အသေးစိတ်ကျကျ စီစဉ်ထားခဲ့ခြင်းဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် ကိုရီးယားTV ရှိုးများ၊ ရုပ်ရှင်များ၊ ဂီတအနုပညာများသည် တရုတ်နှင့် ဂျပန်နိုင်ငံတို့ကဲ့သို့ အခြားအာရှနိုင်ငံများ အကြားတွင် ထင်ပေါ်လာခဲ့ပြီး Korean Wave (Hallyu)ဟူ၍ပင် တင်စားခေါ်ဝေါ် လာခဲ့ကြပါသည်။ ထို့ပြင် ၂၀၀၈ ခုနှစ်နောက်ပိုင်းကာလများတွင် ကိုရီးယား Samsung အီလက်ထရောနစ်ကုမ္ပဏီ၏ ထုတ်ကုန်ပစ္စည်းများ နိုင်ငံအနှံ့တိုးချဲ့ရောင်းချနိုင်ခြင်း၊ ကမ္ဘာအနှံ့ အင်တာနက် တွင်ကျယ်စွာ အသုံးပြုလာနိုင်ခြင်း၊YouTube Website တွင်ကျယ် လာခြင်းတို့သည် ကိုရီးယား K-pop နှင့် ကမ္ဘာ့လူထုပရိသတ်များအကြား ပေါင်းကူး တစ်ခုဖြစ်လာခဲ့ကြောင်း ဖော်ပြထားပါသည်။
တောင်ကိုရီးယားနိုင်ငံသမ္မတဟောင်း Kim Young-sam လက်ထက် ၁၉၉၃-၁၉၉၈ခုနှစ်မှစ၍ လက်ရှိသမ္မတ Yoon Seok-yeol အထိ ကိုရီးယားနိုင်ငံအစိုးရများ အားလုံးသည် ကိုရီးယားယဉ်ကျေးမှုချဲ့ထွင်ခြင်းကို နိုင်ငံရေးမဟာဗျူဟာအဖြစ် အသုံးပြု ခဲ့ပြီး ယဉ်ကျေးမှုမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြိုင်တည်းအောင်မြင်အောင် လုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြပါသည်။ ကနဦးတွင် အဆိုပါမဟာဗျူဟာကို ကိုရီးယားယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီးဆောင်ရွက်လျက်ရှိခဲ့သော်လည်း နောက်ပိုင်း ကာလများတွင် အခြားဝန်ကြီးဌာနများနှင့်အတူ ပေါင်းစည်းဆောင်ရွက်လာခဲ့ပြီး နယ်စပ် ဖြတ်ကျော်ယဉ်ကျေးမှုဖလှယ်ရေးမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းတွင် ကိုရီးယားယဉ်ကျေးမှုကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းလာခဲ့ပါသည်။ ကိုရီးယားနိုင်ငံအစိုးရ၏ ကြိုးပမ်းမှုများသည် ကိုရီးယားနိုင်ငံပုံရိပ်နှင့် လွှမ်းမိုးမှုကိုသာ သက်ရောက်နိုင်ခြင်းမဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းတွင်ကောင်းမွန်သည့် ကိုရီးယားအမျိုးသားရေးပြရုပ်ကို ထင်ဟပ်စေနိုင်မည်ဖြစ်သည်ဟု ဆိုသည်။ ကိုရီးယားပေါ့ဂီတယဉ်ကျေးမှုနှင့် ရိုးရာယဉ်ကျေးမှုအနုအပညာများ တိုးချဲ့ခြင်းအပြင် Kimchi Diplomacy ဟု အမည်တွင်သည့် ကိုရီးယားအစားအစာများ၊ ချက်ပြုတ်မှု ပုံစံများ လွှမ်းမိုးနိုင်ရန် ကြိုးပမ်းမှုနှင့် ကိုရီးယားဘာသာစကားများကိုပါ ချဲ့ထွင်နိုင်ရန် ကြိုးပမ်းလာခဲ့ကြပါသည်။ ကိုရီးယားနိုင်ငံသည် နိုင်ငံတကာရှုထောင့်နှင့် သံတမန်ရေး ချဉ်းကပ်မှုများအတွက် နိုင်ငံကို ပုံစံသွင်းဖော်ပြနေခြင်းဖြစ်ပြီး ကိုရီးယားယဉ်ကျေးမှု လွှမ်းမိုးနိုင်ခြင်းသည် Soft Power အယူအဆအတွက် စံနမူကောင်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် ထိုင်းနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ၏ အောင်မြင်နေသည့် သံတမန်ရေးနည်းလမ်းများအတိုင်း ကျင့်သုံးနိုင်ရန် ကြိုးပမ်းလာခဲ့ပါသည်။ ထိုင်းနိုင်ငံသည် မသေချာမရေရာသည့် သံတမန်ဆက်ဆံရေးများအကြားတွင် ၎င်း၏ ယဉ်ကျေးမှု မူဝါဒများမှတစ်ဆင့် Soft Power ကို တိုးချဲ့အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိပါသည်။ ထိုင်းနိုင်ငံသည် ကိုရီးယားနိုင်ငံ၏ Kimchi Diplomacy ကဲ့သို့ နိုင်ငံ့အစားအစာကို မြှင့်တင်ခြင်းဖြင့် နိုင်ငံတကာသို့ထိုးဖောက်သော သံခင်းတမန်ခင်း(Gastro-diplomacy)ကို ၂၀၂၂ ခုနှစ် မှစတင်၍ အသုံးပြုလာခဲ့ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် ထိုင်းစားသောက်ဆိုင်များ ဖွင့်လှစ်၍ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းမှတစ်ဆင့် စီးပွားရေး အခွင့် အလမ်းများ တိုးချဲ့လုပ်ဆောင်ခဲ့ပြီး LGBTQ အခွင့်အရေးကို ဦးစားပေးလာကာ လိင်တူကြိုက်နှစ်သက်မှု ရုပ်ရှင်ဇာတ်ကား(BL)များကို နိုင်ငံတကာသို့ ပြသခြင်းဖြင့် Soft Power ကို တိုးချဲ့လာခဲ့ပါသည်။ အဆိုပါ BL ဇာတ်ကားများသည် အရှေ့တောင်အာရှဒေသများအပြင် နိုင်ငံတကာတွင် ထင်ပေါ်လာခဲ့ပြီး ထိုင်းနိုင်ငံနှင့် အာရှနိုင်ငံများအကြား ရိုးရာယဉ်ကျေးမှုစံနှုန်း ဆိုင်ရာ အငြင်းပွားမှုများဖြစ်ပွားလျက်ရှိကြပါသည်။ ထိုင်းနိုင်ငံအစိုးရသည် BL ရုပ်ရှင်များကိုအသုံးချ၍ နိုင်ငံအတွင်း ခရီးသွားလုပ်ငန်းများ တိုးချဲ့လျက်ရှိပြီး အနောက်နိုင်ငံအဖွဲ့အစည်းများအကြားတွင် LGBTQ အခွင့်အရေးနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးနေကြချိန်တွင် ထိုင်းနိုင်ငံအနေဖြင့် ၎င်းအခွင့်အရေးများအား တရားဝင်လက်ခံခဲ့ကြောင် ဖော်ပြထားပါသည်။
ထို့နောက် ထိုင်းနိုင်ငံသည် မွေထိုင်း(ထိုင်းလက်ဝှေ့)ကို နိုင်ငံတကာသို့ ချပြ ခဲ့ပြီး ခရီးသွားလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများဖြင့် ပေါင်းစပ်၍ နိုင်ငံ၏ပုံရိပ်ကို ဖော်ပြလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံအစိုးရ၊ ကုမ္ပဏီများ၊ ပြည်သူလူထုများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် တောင်ကိုရီးယားနိုင်ငံကဲ့သို့ ထိုင်းနိုင်ငံယဉ်ကျေးမှုကို ကမ္ဘာတစ်ဝှမ်းလွှမ်းမိုးရန် အလားအလာကောင်းများရှိနေပါသည်။ ထိုင်းအစားအစာများနှင့် BL ရုပ်ရှင်ကားများသည် ထိုင်းယဉ်ကျေးမှုချဲ့ထွင်ရေးအတွက် အပြုသဘောဆောင်နေပြီး အဆိုပါ အခွင့်အလမ်းများအတွက် ထိုင်းအစိုးရက ရင်းနှီး မြှုပ်နှံသွားနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အသုံးချတက်ပါက အနုပညာလုပ်ငန်းများသည်လည်း နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအတွက် အရေးပါသည့် Soft Power ဖြစ်လာနိုင်ပြီး အစိုးရများအနေဖြင့် အမြော်အမြင်ရှိရှိ မဟာဗျူဟာချမှတ်၍ ဆောင်ရွက်ပါက ပိုမို ထိရောက်မှုရှိပါသည်။ နိုင်ငံရေး အယူအဆများတွင် Soft Power သည် လူတစ်ယောက်၏ စိတ်၊ အတွေးအခေါ်နှင့် အမြင်ကို အပျော့ဆွဲနည်းလမ်းဖြင့်သာ ဖမ်းယူပုံဖော်ရန် ကြိုးပမ်းခြင်းပင်ဖြစ်ပြီး မိမိ အလိုရှိသည်ကို အင်အားသုံးအတင်းအကျပ်လုပ်ဆောင်ရန် မလိုအပ်ဘဲ လိုလိုလားလား လိုက်ပါလုပ်ဆောင်စေခြင်းဖြစ်ပါသည်။ ယခုအခါ Soft Power နည်းလမ်းအား ကမ္ဘာ့နိုင်ငံကြီးများက ထိရောက်စွာအသုံးချနေသကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံများကလည်း တွင်ကျယ်စွာ အသုံးချနိုင်ရန် ဆောင်ရွက်လာကြပါသည်။ တောင်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ အောင်မြင် လာသည့် တီဗီရှိုး၊ ရုပ်ရှင်၊ ဂီတ၊ အစားအစာနှင့် ဖက်ရှင်ပိုင်းဆိုင်ရာ အနုပညာများကို အသုံးချ၍ ၎င်း၏ ခေတ်ပေါ်ယဉ်ကျေးမှု၊ ရိုးရာယဉ်ကျေးမှုများအား ချဲ့ထွင်အသုံးပြု လာခဲ့ကြပါသည်။
ထိုအချိန်တွင် ထိုင်းနိုင်ငံသည်လည်း တောင်ကိုရီးယားနိုင်ငံကဲ့သို့ ၎င်း၏ ယဉ်ကျေးမှုများနှင့်ပေါင်းစပ်၍ ထိုးဖောက်ရန်ကြိုးစားလာပြီး ၎င်းနိုင်ငံ၏ မျက်နှာဖုံးအက၊ ထိုင်းရိုးရာအနှိပ်ပညာ၊ နိုရာပြဇာတ်အကတို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)မှ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း သွင်းခဲ့ကြပါသည်။ ထို့နောက် မွေထိုင်း၊ ဖိတခွန်နှင့် သရက်ကောက်ညှင်းအစားအစာများ၊ ဖိတခွန်အကများကို အမွေအနှစ်အဖြစ် စာရင်းတင်သွင်းနိုင်ရန် စီစဉ်လျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင်လည်း ဆုန်ခရန်သင်္ကြန်ကို ထိုင်းနိုင်ငံ၏ ၄ ခုမြောက် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ရန် ပဏာမစာရင်းသွင်းခံခဲ့ရ ပါသည်။[2] အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍လည်း သင်္ကြန်ပွဲယဉ်ကျေးမှုရှိကြသည့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံများက ကန့်ကွက်မှုများလည်း ရှိနေပါသည်။ ထိုင်းနိုင်ငံကျင့်သုံးနေသည့် LGBTQ ကိစ္စနှင့်ပတ်သက်ပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာအရ အငြင်းပွားမှုများလည်းရှိနေပြီး နည်းလမ်းရွေးချယ်မှု၏ အကောင်း/အဆိုးကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းမှ ရေရှည်ခံစားရမည်ဖြစ်ပါသည်။
အခြားတစ်ဖက်မှ ဆိုရပါသော် မိမိတို့ သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ ကိုယ်ပိုင်စရိုက်လက္ခဏာများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခြင်းဆိုသည်မှာ အခြားလူ့အဖွဲ့အစည်းများမှ အပြုသဘောမှ လက်ခံလာအောင် စည်းရုံးနေရခြင်းကိုဆိုလိုပါသည်။ ထိန်းသိမ်းသည်ဟု ဆိုခြင်းသည် သေတ္တာထဲသော့ခတ်သိမ်းထားခြင်းနှင့် မိမိလူ့အဖွဲ့အစည်းအတွင်းတွင်ပင် ထိန်းသိမ်းပြနေခြင်းကို မဆိုလိုပါ။ ထို့ကြောင့် မိမိတို့၏ ကိုယ်ပိုင်စရိုက်လက္ခဏာများအား Soft Power အဖြစ်ပြောင်းလဲကာ ဘက်ပေါင်းစုံနဲ့ အသုံးပြုတတ်ခြင်းသည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများနှင့် ဦးဆောင်သူများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
96083023
[1]။ Tim Hildebrandt,“What the ‘Korean Wave’ Can Teach Thailand About Soft Power”. The Diplomat. August 23, 2023 [https://thediplomat.com/.../what-the-korean.../]-accessed on August 24, 2023.

[2]။ MONGKOL BANGPRAPA,“ Unesco to consider Songkran's status”. Bangkok Post. January 29, 2023 [https://www.bangkokpost.com/.../unesco-to-consider... on August 24, 2023.