Tuesday, October 3, 2023

တရုတ်နိုင်ငံ၏ စိန်ခေါ်မှုကို တုံ့ပြန်ရာတွင် အမေရိကန်လွှတ်တော်၏ အခန်းကဏ္ဍ၊ လက်ရှိလွှတ်တော်တွင်း အကွဲအပြဲများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အမေရိကန်လွှတ်တော်၏ အခန်းကဏ္ဍနှင့် ပါတီများအကြား ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သော်လည်း အမေရိကန် နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် အစိုးရအပေါ် ရီပတ်ဘလီကန် ကြီးစိုးသည့် လွှတ်တော်မှ ဝေဖန်နေမှုများက တရုတ်နိုင်ငံဆိုင်ရာမူဝါဒများအပေါ် သက်ရောက်လာနိုင်မှု ရှိ/မရှိနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
တွေ့ရှိချက်
အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် လွန်ခဲ့သော ၆ နှစ်မှစ၍ ဆက်ဆံရေး တင်းမာနေခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ အရေးကြီးသည့် အားနည်းချက်များကို ထုတ်ဖော်ဖြေရှင်းခဲ့သည်မှာ ၂ နှစ်ကျော်သာရှိပါသေးသည်။ အမေရိကန်နိုင်ငံသမ္မတဟောင်း ဒေါ်နယ်လ်ထရန့်သည် တရုတ်နိုင်ငံအရေးနှင့် ပတ်သက်၍ ခန့်မှန်းရန် ခက်ခဲသည့် ဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင်လည်း တရုတ် နိုင်ငံ၏ ခြိမ်းခြောက်မှုကို ပေါ့ပေါ့ဆဆကိုင်တွယ်လျက်ရှိပါသည်။ ထို့ကြောင့် လူထုအမြင်၊ မီဒီယာ၊ ပြည်နယ်နှင့် ဒေသဆိုင်ရာအစိုးရများသည်လည်း တရုတ်နိုင်ငံ၏ အန္တရာယ် ကြီးမားမှုကို နားလည်သဘောပေါက်မှုနည်းခဲ့ပါသည်။ သို့သော်လည်း အမေရိကန် လွှတ်တော်ရှိ ဒီမိုကရက်များနှင့် ရီပတ်ဘလီကန် ပါတီ ၂ ခုစလုံးမှ အမတ်အများစုအနေဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံအား အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အကြီးမားဆုံး အန္တရာယ်အဖြစ် ပထမဆုံးအကြိမ် ဖော်ထုတ်ခဲ့သည့် ထရန့်အစိုးရ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ထောက်ခံခဲ့ကြပါသည်။ ဥပဒေပြုအမတ်များသည် ထရန့်အစိုးရလက်ထက်တွင်သာမက ယခုဘိုင်ဒင်အစိုးရလက်ထက်တွင်လည်း တရုတ်နိုင်ငံမှ စိန်ခေါ်မှုများကို ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ အမေရိကန်နိုင်ငံအပေါ် ခြိမ်းခြောက်လျက်ရှိသည့် အဓိက ကဏ္ဍကြီး ၃ ရပ်မှာ လုံခြုံရေး၊ စီးပွားရေးနှင့် ပြည်တွင်း/ပြည်ပအုပ်ချုပ်ရေးကဏ္ဍတို့ ဖြစ်ပါသည်။ ပထမအချက်မှာ တရုတ်နိုင်ငံသည် အာရှဒေသအတွင်း အမေရိကန် နိုင်ငံ၏ ပါဝါနှင့် ဩဇာလွှမ်းမိုးမှု ကျဆင်းစေရန်နှင့် ၎င်းကိုယ်တိုင် လွှမ်းမိုးမှုပြုလုပ် နိုင်ရန် ကြိုးပမ်းနေသည့်အချက်ဖြစ်ပြီး ဒုတိယအချက်မှာ တရုတ်နိုင်ငံသည် နိုင်ငံတော် လုံခြုံရေးအတွက်အရေးပါသည့် ခေတ်မီနည်းပညာနှင့် စီးပွားရေးလုပ်ငန်းများအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။ ထိုသို့တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို ကာကွယ်နိုင်ရန် အမေရိကန်လွှတ်တော်အတွင်းရှိ ပါတီ ၂ ခုစလုံးသာမကဘဲ အစိုးရ အဖွဲ့အစည်းများ စည်းလုံးညီညွတ်ရန်လိုအပ်ပါသည်။ ထိုသို့ ပြည်တွင်း၌ စည်းလုံး ညီညွတ်မှုသည် အမေရိကန်နိုင်ငံ၏ မဟာမိတ်များဖြစ်သော ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပအင်အားကြီးနိုင်ငံများ၊ NATO အဖွဲ့၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် နိုင်ငံနှင့် တောင်ပစိဖိတ်ဒေသတို့အတွက်လည်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုအား ပူးပေါင်းတုံ့ပြန်ရန် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် တွန်းအား ဖြစ်စေကြောင်း ဖော်ပြထားပါသည်။
အမေရိကန်လွှတ်တော်ရှိ ပါတီနှစ်ခုမှ ပါတီဝင်အများစုသည် ပါတီနိုင်ငံရေး၊ လူထုနှင့် မီဒီယာစိတ်ဝင်စားမှု၊ အကျိုးအမြတ်များမပါဝင်ဘဲ တရုတ်နိုင်ငံအား ဆန့်ကျင်ရန် ပြတ်သားစွာဆုံးဖြတ်ချက်ချနိုင်ခဲ့ကြပါသည်။ ယခင်ကလွှတ်တော်အတွင်း တက်ကြွသူများ အနေဖြင့် ပါတီနိုင်ငံရေး၊ လူထုထောက်ခံမှု၊ အကျိုးအမြတ်နှင့် အစိုးရမူဝါဒကို ဝေဖန်ရန် အတွက်သာ လုပ်ဆောင်ခဲ့ခြင်းများရှိသော်လည်း တရုတ်နိုင်ငံနှင့်ပတ်သက်၍မူ အဖွဲ့လိုက် သော်လည်းကောင်း၊ တစ်ဦးချင်းစီလိုက်သော်လည်းကောင်း​ ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။ သမိုင်းကြောင်းအရ လွှတ်တော်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်သည် ပြောင်းလွယ်ပြင်လွယ်ရန်ခက်ခဲခြင်းကြောင့် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် မူဝါဒများသည်လည်း ဆက်လက်တည်မြဲနေမည်ဖြစ်ပါသည်။ ၂ဝ၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ် အမျိုးသားကာကွယ်ရေးဥပဒေ(National Defense Authorization Act -NDAA)ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် အတည်ပြု၍ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၎င်းသည် ထိုနှစ်၏ အရေးကြီးဆုံးနိုင်ငံခြားရေးမူဝါဒဖြစ်ကာ နှစ်ပေါင်း ၂၀ အတွင်း တရုတ်နိုင်ငံမူဝါဒနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ၏ အရေးကြီးဆုံးသော ဥပဒေလည်းဖြစ်ပြီးတရုတ်နိုင်ငံအား ပစ်မှတ်ထားသည့် အမေရိကန်အစိုးရ၏ ကျယ်ပြန့်သည့် မဟာဗျူဟာ တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထိုအချိန်က အမေရိကန်နိုင်ငံသမ္မတဟောင်း ထရန့်သည် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို နားလည်သော်လည်း တစ်ဖက်တွင် ကုန်သွယ်ရေးအကျိုးစီးပွားများ ကိုလည်း ရယူလိုနေခဲ့ပါသည်။ ယခုသမ္မတ ဂျိုးဘိုင်ဒင် အပါအဝင် ဒီမိုကရက်ပါတီမှ သမ္မတလောင်းများ၊ မဲဆွယ်စည်းရုံးရေးအကြံပေး Jake Sullivan တို့သည် တရုတ်နိုင်ငံ၏ အန္တရာယ်ကို လျှော့ပေါ့၍ ဖော်ပြနေကြပါသည်။ ထို့ကြောင့် အမေရိကန်လွှတ်တော် အနေဖြင့် တရုတ်နိုင်ငံ၏ ကြီးထွားလာသောခြိမ်းခြောက်မှုများကို ဖြေရှင်းရန်အတွက် တင်းကျပ်သည့် ဥပဒေများပြဋ္ဌာန်းခြင်းနှင့် ပါတီနှစ်ခုပူးပေါင်း၍ ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ဆိုးရွားလာခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလတွင် အမေရိကန်သမ္မတဟောင်း ထရန့်၏ တရုတ်နိုင်ငံဆန့်ကျင်ရေး သဘောတရားများ ပြင်းထန်လာခဲ့ပါသည်။ ဂျိုးဘိုင်ဒင်သည် တရုတ်နိုင်ငံအပေါ် တင်းမာစွာဆန့်ကျင်တုံ့ပြန် လာခဲ့သလို အမေရိကန်လွှတ်တော်အနေဖြင့် ဥပဒေ ၄၀၀ နီးပါးရေးဆွဲ၍ တရုတ်နိုင်ငံ၏ အန္တရာယ်နှင့် စိန်ခေါ်မှုကို မီဒီယာနှင့် လူထုသဘောထားများတွင် ထင်ဟပ်စေရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်နှင့် ၎င်း၏အစိုးရအဖွဲ့သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ အမေရိကန်လွှတ်တော်၏ သဘောထားနှင့် ပိုမို ကိုက်ညီမှုရှိစေရန် ၎င်းတို့၏အမြင်များကို ပြောင်းလဲခဲ့ပါသည်။ ဘိုင်ဒင်အနေဖြင့် နှစ်ပါတီပူးတွဲဆောင်ရွက်မည့် အခြေခံအဆောက်အအုံဆိုင်ရာ ဥပဒေအတွက် ဒေါ်လာ ၁.၂ ထရီလီယံ ထောက်ပံ့ပေးခဲ့ပြီး စတုတ္ထမြောက်စက်မှုတော်လှန်ရေးကို လွှမ်းမိုးရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကို အနိုင်ပေးမည်မဟုတ်ဟု ပြောကြား ခဲ့ပါသည်။ အခြေခံအဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းနှင့် တရုတ်နိုင်ငံ၊ Xinjiang မြို့မှ အမေရိကန်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်သွင်းမှုကို တားမြစ်သည့် ဥပဒေကြမ်းတို့ တင်သွင်းရာတွင် လွှတ်တော်အတွင်း ပါတီနှစ်ခုစလုံး၏ ထောက်ခံမှုကို ရရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံမှ ကျူးကျော်ဝင်ရောက်မှုအား အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ဝေဖန်ခြင်း၊ ရှုတ်ချခြင်းများက တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ တင်းမာမှုကို ခိုင်မာစေ ခဲ့ပါသည်။ ထို့ကြောင့် ဥရောပနှင့် အာရှမဟာမိတ်များအား တရုတ်နှင့် ရုရှားနိုင်ငံ တို့၏ အန္တရာယ်များကို ဆန့်ကျင်ရန် အမေရိကန်နိုင်ငံအစိုးရနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်စေခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုဆီသည် ထိုင်ဝမ်သို့ သွားရောက်ခြင်းတွင်လည်း လွှတ်တော်အနေဖြင့် တရုတ်နိုင်ငံအား ဆန့်ကျင်သည့်မူဝါဒအပေါ် ပြတ်သားစွာရပ်တည်ခဲ့ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်လွှတ်တော်နှင့် အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများသည် သိသိသာသာ တိုးမြင့်လာခဲ့ပြီး အဆင့်မြင့်နည်းပညာနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်ရန် အမေရိကန်ဒေါ်လာထရီလီယံတစ်ဝက်ကျော် သုံးစွဲခဲ့ပြီး Chips and Science Act နှင့် The Inflation Reduction Act of 2022 ကို ရေးဆွဲနိုင် ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ အဆင့်မြင့်ကွန်ပျူတာ Chip နည်းပညာများ တင်ပို့မှုအား ပိတ်ပင်ခဲ့ပြီး ဩဂုတ်လတွင် လွှတ်တော်၏ သဘောထားနှင့်ကိုက်ညီသည့် တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ ကဏ္ဍတွင် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်ရန် အဆိုပြုခဲ့ကြပါသည်။ အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင်နှင့် ၎င်း၏အစိုးရအဖွဲ့သည် လွှတ်တော်၏ထောက်ခံမှုဖြင့် ရုရှားနှင့် တရုတ်နိုင်ငံတို့ကို ဆန့်ကျင်ရန်အတွက် NATO အဖွဲ့အား အင်အားတောင့်တင်းမှု ရှိစေရန် ထောက်ပံ့ပေးလျက်ရှိပါသည်။ ၎င်းတို့သည် NATO အဖွဲ့အား ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံများသာမက အခြားအာရှ-ပစိဖိတ် အင်အားကြီးနိုင်ငံများ နှင့်လည်း ချိတ်ဆက်ပေးထားပါသည်။ တောင်တရုတ်ပင်လယ်ဆိုင်ရာအငြင်းပွားမှုနှင့် ထိုင်ဝမ်ကျွန်းအရေးတို့သာမက အာရှဒေသလုံခြုံရေး၊ အဆင့်မြင့်နည်းပညာနှင့် Supply Chain အကျိုးစီးပွားများအပေါ် တရုတ်နိုင်ငံ၏ သက်ရောက်လာမှုကို ဥရောပအင်အားကြီး နိုင်ငံများအနေဖြင့် စိုးရိမ်နေကြပြီး G-7 အဖွဲ့တွင် အိန္ဒိယနိုင်ငံ ပါဝင်လာခြင်းသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များကို ပျက်ပြားစေကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင် လက်ထက်တွင် တရုတ်နိုင်ငံ၏ မူဝါဒနှင့် ပတ်သက်၍ ဥရောပ-အာရှ-ပစိဖိတ် ဒေသအတွင်း ညှိနှိုင်းမှုများကြီးထွားလာပြီး ဖိလစ်ပိုင်၊တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အနေဖြင့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန်ကြိုးပမ်းလာကြပါသည်။ ထိုဒေသနှင့် သမားရိုးကျ ကုန်သွယ်မှု သဘောတူညီချက်များမရှိခဲ့ခြင်းက တရုတ်နိုင်ငံအား အမေရိကန်နိုင်ငံစျေးကွက်များသို့ ပိုမိုဝင်ရောက်ခွင့်ပေးသကဲ့သို့ ဖြစ်စေခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှလွဲ၍ အာရှ၏ အရေးကြီးဆုံးသော စီးပွားရေးနိုင်ငံများပါဝင်သော အင်ဒို-ပစိဖိတ် စီးပွားရေး မူဝါဒမူဘောင်အောက်တွင် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော အဆင့်မြင့်နည်းပညာ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသုံးစရိတ်များနှင့် အခြားအစီအမံများကို ရေးဆွဲ၍ မဟာမိတ်များနှင့် မိတ်ဖက်များကို နေရာချပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
အထက်လွှတ်တော်ခေါင်းဆောင် Charles Schumer ၏ ကြေညာချက်တွင် တရုတ်နိုင်ငံမှ မိုးပျံပူပေါင်းများဖြင့် အမေရိကန်နိုင်ငံအခြေစိုက်စခန်းများကို လျှို့ဝှက် စောင့်ကြည့်ခြင်း၊ TikTok မှတစ်ဆင့် အမေရိကန်နိုင်ငံသားတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူခြင်း၊ Microsoft ၏ ကာကွယ်ထားသော စနစ်များနှင့် US Cabinet အဖွဲ့ဝင်များ၏ အီးမေးလ်များကို တရုတ်ဟက်ကာများက ထိုးဖောက် ဝင်ရောက်ခြင်းနှင့် Meta ကုမ္ပဏီ၏ အကြီးမားဆုံးသြဇာလွှမ်းမိုးမှုလုပ်ငန်း၏ လျှို့ဝှက်ချက် များအား ထုတ်ဖော်ခြင်းတို့ကို တရုတ်နိုင်ငံက လုပ်ဆောင်လျက်ရှိသည်ဟု ဆိုပါသည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်မှစ၍ အမေရိကန်လွှတ်တော်သည် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး အထက်ပါကိစ္စရပ်များအပေါ် အထူးအာရုံစိုက်လျက်ရှိကြောင်း ဖော်ပြ ထားပါသည်။
သို့သော်လည်း ရီပတ်ဘလီကန်များ ထိန်းချုပ်ထားသော အောက်လွှတ်တော် အနေဖြင့် ဒီမိုကရက်တစ်ပါတီဝင် အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင်၏ မူဝါဒများကို ဝေဖန်ရာတွင် ပါတီစွဲဖြင့်ဆောင်ရွက်လာနိုင်သောကြောင့် လွှတ်တော်အတွင်း ယခင်ကကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုရရှိရန်မှာ မသေချာတော့ဟု ဆိုသည်။ ဘိုင်ဒင်အစိုးရ၏ တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများ၊ တရုတ်နိုင်ငံခေါင်းဆောင်များနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ရှိနေခြင်းများကို လွှတ်တော်ရှိ ရီပတ်ဘလီကန်အချို့နှင့် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် သမ္မတလောင်းများက ဝေဖန်ခဲ့ကြပါသည်။ တရုတ်-အမေရိကန် ဆက်ဆံရေးတွင် တင်းမာမှု ကြီးထွားလာသော်လည်း ၎င်းတို့သည် တင်းမာမှုများ လျှော့ချရန်အတွက် နှစ်ဖက်ဆွေးနွေးရန် စိတ်ဝင်စားခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးမှုများက ကြီးမားသော စစ်ရေးပဋိပက္ခများကို ရှောင်ရှားနိုင်လျှင်သော်မှ နှစ်နိုင်ငံအကြားပြိုင်ဆိုင်မှုများ ဆက်လက် ဖြစ်ပွားနေမည်သာဖြစ်ပါသည်။ ထို့ကြောင့် ဤအခြေအနေသည် အမေရိကန်နိုင်ငံနှင့် ဆိုဗီယက်တို့အကြားဖြစ်ပွားခဲ့သည့် စစ်အေးကာလပုံစံနှင့် အလားသဏ္ဌာန်တူကြောင်း ရေးသားဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးသည် အမေရိကန်နိုင်ငံလွှတ်တော်၏ တရုတ်နိုင်ငံဆန့်ကျင်ရေး ဆောင်ရွက်ချက်များအား ဂုဏ်တင်၍ ရေးသားထားခြင်းဖြစ်ပြီး ယခုအခါ ရွေးကောက်ပွဲ နီးကပ်လာခြင်း၊ ရီပတ်ဘလီကန်အမတ်များနှင့် သမ္မတလောင်းများက ဂျိုးဘိုင်ဒန် အစိုးရ၏ တရုတ်နိုင်ငံမူဝါဒများနှင့်ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်လာခြင်းကြောင့်ယခင်ကရှိခဲ့သော ပူးပေါင်းဆောင်ရွက်မှုများ၊ စည်းလုံးညီညွတ်မှုများကို ပြန်လည် ဖော်ထုတ်၍ ရေးသားထားခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် ဖွဲ့စည်းပုံအရ အစိုးရ၏ အခွင့်အာဏာနှင့် လွှတ်တော်၏ အခွင့် အာဏာတို့ကို စနစ်တကျသတ်မှတ်ထားပြီး မဏ္ဍိုင်တစ်ခုနှင့်တစ်ခု Check and Balance လုပ်ထားနိုင်မှု ထိရောက်ကြောင်းကို တွေ့ရှိရပါသည်။ အမေရိကန်လွှတ်တော်အနေဖြင့် အမျိုးသားလုံခြုံရေးနှင့်ပတ်သက်လာပါက ရီပတ်ဘလီကန်၊ ဒီမိုကရက် မခွဲခြားဘဲ ပူးပေါင်း၍ အလုပ် လုပ်နိုင်ခဲ့ပြီး အစိုးရ၏ လွဲချော်နေသော မူဝါဒများကို တည့်မတ်ပေးခြင်း၊ မှန်ကန်သောမူဝါဒများကို အားဖြည့်ပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် Bipartisan Politics ဟူသော အသုံးအနှုန်းသည် မြန်မာနိုင်ငံတွင် သုံးနှုန်းသည့် အမျိုးသားနိုင်ငံရေး(National Politics)ဟူသော အသုံးအနှုန်းနှင့် အနှစ်သာရ၊ အဓိပ္ပာယ်ဆင်တူနေသည်ကို တွေ့ရှိရပါသည်။
ဆိုလိုရင်းမှာ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ဘက်မခွဲသောနိုင်ငံရေး(Bipartisan Politics)ပေါ်တွင် ရပ်တည်၍ လွှတ်တော်အတွင်းပါတီများသာမက အစိုးရများနှင့်ပါ ပူးပေါင်းအလုပ် လုပ်နိုင်ခဲ့သော်လည်း ယခုအခါ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့်ရွေးကောက်ပွဲ ပြန်လည်နီးကပ်လာသဖြင့် ပါတီနိုင်ငံရေးအားပြိုင်မှုများ၊ အစိုးရအပေါ်ဝေဖန်မှုများ ပြန်လည်မြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ဆောင်းပါးထွက်ပေါ်လာရခြင်း ဖြစ်ပါသည်။
ယခုအချိန်တွင်လည်း လွှတ်တော်အတွင်းသဘောထားကွဲလွဲမှုများကြောင့် အစိုးရဘတ်ဂျက်အတည်မပြုနိုင်သေးဘဲ အစိုးရဌာနများ ရပ်ဆိုင်းရမည့်အခြေအနေနှင့်ကြုံတွေ့နေရပြီး ရီပါဘလစ်ကန်အမတ် Kevin McCarthy အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ မဲပေးထုတ်ပယ်ခဲ့ကြပါသည်။ ထိုထုတ်ပယ်မှုကို အစွန်းရောက်ရှေးရိုးစွဲ Matt Gaetz အုပ်စုမှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အစိုးရဘတ်ဂျက်ကိုအတည်ပြုနိုင်ရန် ဒီမိုကရက်များနှင့် ညှိနှိုင်းခဲ့ခြင်းကြောင့်ဟု ဆိုပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ ရီပါဘလစ်ကန်နှင့် ဒီမိုကရက်တို့၏ အကွဲအပြဲမှသည် ရီပါဘလစ်ကန်များအကြား အကွဲအပြဲအထိရောက်လာပြီး ဖြစ်လာနိုင်ချေများကို ခန့်မှန်းမရသည့်အနေအထားတွင်ရှိနေပါသည်။
လတ်တလော အမေရိကန်နိုင်ငံတွင် ချို့ယွင်းချက်များ ရှိနေသည့်တိုင် တရုတ်နိုင်ငံအား ဝိုင်းပတ်ပိတ်ဆို့သည့် မူဝါဒတွင် အဖွဲ့အစည်းအားလုံးမှ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုကြောင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရှိခဲ့သည်ဟု ဆိုရပါမည်။ မည်သို့ပင်ဆိုစေကာမူ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ အားပြိုင်မှုသည် ဒုတိယစစ်အေးကာလသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ကြားခံစစ်ပွဲများ၊အုပ်စုဖွဲ့မှုများ၊ စစ်လက်နက်၊ စီးပွားရေး၊ နည်းပညာအားပြိုင်မှုများ ကဏ္ဍပေါင်းစုံ၌ မြင့်တက်လာမည်သာဖြစ်ခြင်းကြောင့် နိုင်ငံငယ်များအနေဖြင့် ၎င်းတို့အကြား ဓားစာခံမဖြစ်ရေးသည်ပင် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
121041023

[1]။ Robert Sutter,“US Congress’ Role in Countering the China Challenge”. The Diplomat. 23 September 2023, [ /https:// thediplomat.com/ 2023/09/ us-congress-role-in-countering-the-china-challenge/]

Monday, October 2, 2023

မဏိပူရနယ်စပ်အရေးအား အကြောင်းပြ၍ အိန္ဒိယသောင်းကျန်းသူများ၏ ပုန်ကန်ထကြွရန် ကြိုးပမ်းနေမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ



နိဒါန်း
အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)က မြန်မာနိုင်ငံ အခြေစိုက် အိန္ဒိယသောင်းကျန်းသူအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ပုန်ကန်ထကြွရန် နိုင်ငံဖြတ်ကျော် ပူးပေါင်းကြံစည်မှုအား ထုတ်ဖော်ခဲ့ပြီး ၎င်းနှင့်စပ်လျဉ်း၍ စစ်သွေးကြွ တော်လှန်ရေးလှုပ်ရှားသူဟောင်း Moirangthem Anand Singh နှင့် အပေါင်းအပါ ၄ ဦးကို ဖမ်းဆီးခဲ့သည့်အကြောင်းအရာနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
မဏိပူရပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော လူမျိုးရေးမငြိမ်သက်မှုများအား အသုံးချကာ အိန္ဒိယနိုင်ငံကို ပုန်ကန်ထကြွရန် မြန်မာနိုင်ငံအခြေစိုက် အိန္ဒိယသောင်းကျန်းသူ အဖွဲ့ဦးဆောင်သည့် နိုင်ငံဖြတ်ကျော်ပူးပေါင်းကြံစည်မှုပြုလုပ်နေသည်ဟု အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (National Investigation Agency -NIA) က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ NIA ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များသည် အသက် ၄၅ နှစ်အရွယ်ရှိ လေ့ကျင့်သင်ကြားထားသော စစ်သွေးကြွတော်လှန်ရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် Moirangthem Anand Singh အား စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပါသည်။ NIA တရားရုံးက ၎င်းနှင့် အခြား ၄ ဦးကို မဏိပူရ ရဲတပ်ဖွဲ့၏ ရဲယူနီဖောင်းကို အလွဲသုံးစားမှု၊ အယောင်ဆောင်မှုနှင့် လက်နက်များ လက်ဝယ် ထားရှိမှုတို့ဖြင့် တရားစွဲဆိုပြီးနောက် မကြာမီတွင် အာမခံဖြင့် ပြန်လည်လွှတ်ပေး ခဲ့ကြောင်း ဖော်ပြထားပါသည်။
 Singh နှင့်အတူ အခြား ၄ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် Imphal ချိုင့်ဝှမ်းတွင် ဆန္ဒပြမှုများ ကျယ်ပြန့်စွာဖြစ်ပွားခဲ့ပါသည်။ ၎င်းတို့သည် ကျေးရွာကာကွယ်ရေး စေတနာ့ဝန်ထမ်းများသာဖြစ်သည်ဟု အခိုင်အမာပြောဆိုကာ ဆန္ဒပြသူများသည် Imphal ချိုင့်ဝှမ်းအား ပိတ်ဆို့၍ ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၄၈ နာရီကြာ သပိတ်မှောက်ခဲ့ကြပါသည်။ ဩဂုတ်လ ၂၁ ရက်နေ့တွင် ဆန္ဒပြသည့် လူအုပ်ကြီးသည် Singh နှင့်အတူ အခြား ၄ ဦးကို ခြွင်းချက်မရှိ လွှတ်ပေးရန်တောင်းဆိုခဲ့ပြီး ရဲစခန်းနှင့် တရားရုံးသို့ အတင်းအကျပ် ဝင်ရောက်ရန်ပင် ကြိုးစားခဲ့ကြပါသည်။ Singh သည် ပိတ်ပင်ခံထားရသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ တော်လှန်ရေး လှုပ်ရှားသူဟောင်းတစ်ဦးဖြစ်ပြီး (၆)ကြိမ်တိုင် (၁၉၉၇ ခုနှစ်၊ ၂၀၀၁ ခုနှစ်၊ ၂၀၀၂ ခုနှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၉ နှစ်များတွင်) ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသည်။ နောက်ပိုင်းတွင် Singh သည် Kangleipak ​​ကွန်မြူနစ်ပါတီ(Noyon) အဖွဲ့တွင် ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် အစိုးရရုံးတစ်ခုမှ ငွေညှစ်သည်ဟု စွပ်စွဲကာ ထပ်မံဖမ်းဆီးခံခဲ့ရပြီး National Security ဥပဒေဖြင့် ထိန်းသိမ်းခံခဲ့ရကြောင်း ဖော်ပြ ထားပါသည်။
NIA ၏ ဩဂုတ်လ ၁၆ ရက်နေ့ ပြောကြားချက်အရ Singh ကို အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် လူမျိုးရေးမငြိမ်သက်မှုများကို အသုံးချပြီး အိန္ဒိယအစိုးရအား ပုန်ကန်ထကြွရန် မြန်မာနိုင်ငံကို အခြေပြုသည့် နိုင်ငံဖြတ်ကျော် ပူးပေါင်းကြံစည်မှုနှင့်ပတ်သက်ပြီး ဩဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ရခြင်းဖြစ်ပါသည်။ အဆိုပါအမှုကို ဇူလိုင် ၁၉ ရက်နေ့က နယူးဒေလီမြို့တွင် NIA မှ ၎င်း၏ ကိုယ်ပိုင် အဆိုပြုချက်ဖြင့် မှတ်ပုံတင်ခဲ့ခြင်းဖြစ်ပါသည်။ Singh ကို စနေနေ့တွင် နယူးဒေလီရှိ တရားရုံးရှေ့မှောက်တွင် ရုံးထုတ်ခဲ့ပြီး ငါးရက်ကြာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း၍ ရမန်ယူခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသားလူမျိုးစုများကို ဆန့်ကျင် တိုက်ခိုက်ရာတွင် အင်အားတိုးမြင့်လာစေရန် မြန်မာနိုင်ငံအခြေစိုက် သောင်းကျန်းသူ အဖွဲ့၏ ခေါင်းဆောင်များသည် မြေပြင်ထောက်ပံ့ရေးအလုပ်သမားများ၊ တော်လှန်ရေး လှုပ်ရှားသူများနှင့် ထောက်ခံသူများအား ခေါ်ယူစုဆောင်းနေသည်ကို စုံစမ်းစစ်ဆေး သိရှိရသည်ဟု အေဂျင်စီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါ သောင်းကျန်းသူ ခေါင်းဆောင်များသည် အစိုးရအဆောက်အအုံများနှင့် အရင်းအမြစ်များမှ ခိုးယူခြင်း၊ လုယက်ခြင်းအပါအဝင် ဥပဒေမဲ့နည်းလမ်းများဖြင့် လက်နက်များ၊ ခဲယမ်းမီးကျောက် များနှင့် ဖောက်ခွဲရေးပစ္စည်းများ စုဆောင်းနေကြောင်း ဖော်ပြထားပါသည်။
 အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန၏ အရှေ့မြောက်ဒေသရှိ သောင်းကျန်းသူများ စာရင်းတွင် မဏိပူရပြည်နယ်မှ အဓိကသောင်းကျန်းသူအဖွဲ့အစည်း ၈ ခုကို စာရင်း ပြုစုထားပါသည်။ ၎င်းတို့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် ၎င်း၏ နိုင်ငံရေးဝါဒီတော်လှန်ရေးပြည်သူ့တပ်ဦး(RPF)၊ ညီညွတ်သောအမျိုးသားလွတ်မြောက်ရေး တပ်ဦး(UNLF)နှင့် ၎င်း၏ လက်နက်ကိုင်မဏိပူရပြည်သူ့တပ်မတော်(MPA)၊ Kangleipak ပြည်သူ့တော်လှန်ရေးပါတီ(PREPAK)နှင့် ၎င်း၏ လက်နက်ကိုင်အဖွဲ့ Red Army ၊ Kangleipak ကွန်မြူနစ်ပါတီ(KCP)နှင့် ၎င်း၏ လက်နက်ကိုင်အဖွဲ့ Red Army ၊ Kanglei Yaol Kanba Lup (KYKL)အဖွဲ့၊ ညှိနှိုင်းရေးကော်မတီ(Cor-Com)အဖွဲ့၊ ဆိုရှယ်လစ်စည်းလုံး ညီညွတ်ရေးမဟာမိတ်အဖွဲ့ Kangleipak(ASUK)နှင့် မဏိပူရပြည်သူ့လွတ်မြောက်ရေး တပ်ဦး(MPLF)တို့ ပါဝင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် Moirangthem Anand Singh ဦးဆောင်သည့် မြန်မာနိုင်ငံ အခြေစိုက် အိန္ဒိယသောင်းကျန်းသူအဖွဲ့သည် မဏိပူရပြည်နယ်တွင် လက်ရှိဖြစ်ပွား နေသော လူမျိုးရေးမငြိမ်သက်မှုများအား အသုံးချကာ အိန္ဒိယနိုင်ငံကို ပုန်ကန်ထကြွရန် ကြိုးပမ်းမှုကြောင့် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီက ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းအိန္ဒိယနိုင်ငံသည် သမိုင်းအစဉ်အလာအရ နယ်စပ်ရေးရာ ပြဿနာများရှိခဲ့သော်လည်း လက်ရှိမြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အခွင့်ကောင်းယူ၍ နယ်စပ်ဖြတ်ကျော်မှုများ၊ လူမျိုးရေးဆန္ဒပြမှုများနှင့် ပုန်ကန်ထကြွမှုများ တိုးမြှင့်လုပ်ဆောင် လာခြင်းဖြစ်ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မဏိပူရပြည်နယ်ဝန်ကြီးချုပ် N. Biren Singh သည် အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးအား ကီလိုမီတာ ၇၀ တိုးချဲ့ရန်အစီအစဉ်ကို နယ်စပ် လမ်းများအဖွဲ့ Border Roads Organisation (BRO)နှင့် ပြည်နယ်၏ အခြားအကြီးတန်း အရာရှိများတို့ တွေ့ဆုံစဉ် ဆွေးနွေးမှုပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။[2] ပြည်နယ် ဝန်ကြီးချုပ်သည် အပြည်ပြည်ဆိုင်ရာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ခြင်းကို နယ်စပ် ဖြတ်ကျော် တရားမဝင်လူဝင်မှုကြီးကြပ်ရေးနှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုအား စစ်ဆေးရန် အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ Act Eastမူဝါဒတစ်စိတ်တစ်ပိုင်း ဖြစ်သည့် လွတ်လပ်သောလှုပ်ရှားမှုအစီအမံ Free Movement Regime (FMR) အရ ဗီဇာမပါဘဲ နှစ်နိုင်ငံစလုံးမှ ပြည်သူများသည် နယ်စပ်ဒေသ ၁၆ ကီလိုမီတာအတွင်း ဝင်ရောက်သွားလာနိုင်ရန် ခွင့်ပြုပေးထားခြင်းအားပိတ်ပင်ရန် ဆွေးနွေးခဲ့ကြပါသည်။
အိန္ဒိယနိုင်ငံသည်၎င်း၏ Act East မူဝါဒအရ ဒေသအတွင်း စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးတို့အား တိုးမြင့်စေရန် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေး လမ်းမကြီးစီမံကိန်းများ ဆောင်ရွက်ခြင်း၊ ကုလားတန်မြစ်စီမံကိန်းအပါအဝင် အခြား စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံနှင့်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ခြင်းအား ပြုလုပ်ခဲ့ပါသည်။ နယ်စပ်ဒေသအရေးတွင် လွတ်လပ်သော လှုပ်ရှားမှုအစီအမံ(FMR)ကို ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်းယခုအခါတွင် နယ်စပ်ဒေသ၌ ပြဿနာများမြင့်တက်လာသဖြင့် ထိုစီမံကိန်းများနှင့် ဖွံ့ဖြိုး တိုးတက်မှုများအတွက် အနုတ်လက္ခဏာဆောင်သည့် သဘောထားများ ဖြစ်ပေါ်လျက် ရှိသည်ဟု ယူဆရပါသည်။
အိန္ဒိယနိုင်ငံဗဟိုအစိုးရအပေါ် ပြည်နယ်အစိုးရများမှ နှစ်နိုင်ငံနယ်စပ်ခွထိုင်နေသော လူမျိုးစုလက်နက်ကိုင်များလှုပ်ရှားမှုနှင့် ဘာသာရေးပဋိပက္ခ အဆက်မပြတ်ဖြစ်ပေါ်လာမှု များကြောင့် မကျေနပ်ချက်များဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။ ယခုအိန္ဒိယနိုင်ငံက ဆောင်ရွက်နေသည့် ခြံစည်းရိုးကာရံခြင်း၊ လွတ်လပ်သောလှုပ်ရှားမှုအစီအမံ(FMR)အား ပိတ်ပင်လိုက်ခြင်းများသည် မြန်မာနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိဆိုသည့်အချက်မှာ မရှင်းလင်းသော်လည်းမြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးအား အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိလာနိုင်သည်ဟု ယူဆပါသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးထိန်းသိမ်းရန်၊ နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းရေးကိုရှေးရှုရန်နှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လိုသည့် (သို့မဟုတ်) ပူးပေါင်းဆောင်ရွက်နေသည့် သံတမန်ရေးအခင်းအကျင်းကို ပုံဖော်ရန်မှာ ထိုနိုင်ငံများ၏ မွေးရာပါတာဝန်နှင့် ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
120031023
[1]။ Prabin Kalita,“Myanmar-Based Rebels Trying to Exploit Manipur Unrest to Wage War, Says NIA”. The Times of India. 24 September 2023, [/https://timesofindia.indiatimes.com/city/Guwahati / myanmar-based-indian-rebels-trying-to-exploit-unrest-to-wage-war-nia/articleshow/ 103900632.cms /]
[2]။ Snehashish Roy,“Manipur CM discusses fencing across India-Myanmar border; ‘urgent necessity’”. Hindustan Times. 24 September 2023, [/https://www.hindustantimes.com/.../manipur-cm-meets-top.../]

Sunday, October 1, 2023

တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းများ အရှေ့တောင်အာရှဒေသသို့ ပျံ့နှံ့ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံမှ တရားမဝင်ငွေကြေးနှင့် လောင်းကစားရာဇဝတ်ဂိုဏ်းများအနေဖြင့် အရှေ့တောင်အာရှဒေသအတွင်းသို့ ဝင်ရောက်ကာ တရားမဝင်လုပ်ငန်းများလုပ်ကိုင်လာမှု၊မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပတ်သက်ဆက်နွှယ်နေမှုနှင့် ဖမ်းဆီး အရေးယူဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းများသည် အာရှ-ပစိဖိတ်ဒေသအတွင်းရှိ မလေးရှား၊ ဩစတြေးလျနှင့် စင်ကာပူနိုင်ငံတို့တွင် တရားမဝင်ငွေကြေးခဝါချမှုများ ပြုလုပ်ရန် အတွက် အဖွဲ့များခွဲ၍ လှုပ်ရှားလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဩစတြေးလျရဲတပ်ဖွဲ့သည် ဆစ်ဒနီမြို့ရှိ ရာဇဝတ်ဂိုဏ်းအား ဝင်ရောက်စီးနင်းမှုများ ပြုလုပ်၍ တရုတ်နိုင်ငံသား ၉ ဦးကို ဖမ်းဆီးခဲ့ပါသည်။ ဩစတြေးလျနိုင်ငံရှိ ရာဇဝတ် ဂိုဏ်းသည် အခြားရာဇဝတ်ဂိုဏ်းများအတွက် ငွေကြေးဆိုင်ရာ လွှဲပြောင်းအပ်နှံမှုများကို တရားမဝင်ပြုလုပ်ပေးသည့် ဘဏ်လုပ်ငန်းတစ်ခုအား လုပ်ကိုင်ခဲ့ပြီး ဖမ်းဆီးခံရသည့် သူများထဲတွင် ဩစတြေးလျနိုင်ငံမှ မကာအိုနိုင်ငံသား လောင်းကစားရာဇာ Alvin Chau ၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက် Steven Xin ပါဝင်ပါသည်။
အမေရိကန်နိုင်ငံငြိမ်းချမ်းရေးအင်စတီကျု(United States Institute of Peace -USIP)မှ မြန်မာနိုင်ငံဆိုင်ရာအမှုဆောင် ဒါရိုက်တာ Mr Jason Tower က အဆိုပါ ရာဇဝတ်ဂိုဏ်းများသည် ငွေကြေးအရင်းအနှီး ဒေါ်လာဘီလီယံနှင့်ချီ၍ ရင်းနှီးလုပ်ကိုင် နေသည်ဟု ဆိုသည်။ ၎င်းတို့သည် မြန်မာ့တပ်မတော် လက်အောက်ရှိ နယ်ခြားစောင့်တပ်များ၊ ဒေသအတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များထိန်းချုပ်ထားသည့် နယ်မြေများတွင် တရားမဝင် လောင်းကစားလုပ်ငန်းများလုပ်ကိုင်နေပြီး အတော်ခရီးရောက်နေသည့် အခြေအနေတွင်ရှိနေသည်။ ထို့ပြင် ၎င်းတို့သည် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင် တရားမဝင်လောင်းကစားလုပ်ငန်းများ ပြုလုပ်လျက်ရှိပြီး လန်ဒန်၊ ဒူဘိုင်းနှင့် စင်ကာပူနိုင်ငံတို့အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ဘဏ္ဍာရေးဆိုင်ရာ အချက်အချာကျသည့် မြို့များတွင်လည်း လုပ်ဆောင်နိုင်ရန် ပစ်မှတ် ထားလျက်ရှိကြသည်။ အဆိုပါ တရုတ်ရာဇဝတ်ဂိုဏ်းများသည် အရှေ့တောင်အာရှဒေသတွင် သာမက ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံးတွင် လှုပ်ရှားလျက်ရှိပြီး ဒေသတွင်းရှိနိုင်ငံပေါင်း ၅၀ တွင် တရားမဝင်လူကုန်ကူးမှုများကို လုပ်ဆောင်လျက်ရှိသည်ဟု ဆိုပါသည်။
ကုလသမဂ္ဂ၏ ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ အဆိုပါ ရာဇဝတ်ဂိုဏ်းများသည် လူထောင်ပေါင်းများစွာကို လူကုန်ကူး၍ အရှေ့တောင်အာရှ ဒေသအတွင်းဖြစ်ပွားနေသည့် ငွေကြေးလိမ်လည်ရေးလုပ်ငန်းများနှင့် အခြားတရားမဝင် အွန်လိုင်းငွေကြေးဆိုင်ရာလုပ်ငန်းများတွင် အတင်းအကျပ်စေခိုင်းမှုများ ပြုလုပ်လျက် ရှိပါသည်။ ဤရာဇဝတ်ဂိုဏ်းများသည် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ၂၀၁၉ ခုနှစ် အထိ အဓိကထားလုပ်ကိုင်ခဲ့ကြသော်လည်း Covid-19 ကပ်ရောဂါအပြီး ပေါ်ပေါက် လာသည့် ကန့်သတ်ချုပ်ချယ်မှုများကြောင့် ၎င်းတို့သည် အကြီးစားငွေကြေးလိမ်လည်မှု လုပ်ငန်းများဆီသို့ ကူးပြောင်းသွားခဲ့ကြသည်။ တရုတ်နိုင်ငံတွင် အွန်လိုင်းလောင်းကစားသည် တရားမဝင်သတ်မှတ်ကာ နှိမ်နင်းလိုက်သောကြောင့် အဆိုပါ ရာဇဝတ်ဂိုဏ်းများသည် ၂၀၁၀ ပြည့်နှစ်အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းရွှေ့၍ အွန်လိုင်းလောင်းကစား များနှင့် ကာစီနိုများကိုတည်ထောင်ခဲ့ကြသည်။ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က တရားမဝင် အွန်လိုင်းကာစီနိုများကို ၂၀၁၆ ခုနှစ်တွင် စတင်ဖြိုခွဲခဲ့ခြင်းကြောင့် ရာဇဝတ်ဂိုဏ်းများသည် ကမ္ဘောဒီးယားနိုင်ငံရှိ Sihanoukville မြို့သို့ ပြောင်းရွှေ့ကာလုပ်ကိုင်ခဲ့ကြသည်။ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကမ္ဘောဒီးယားနိုင်ငံသည် Sihanoukville မြို့ရှိ လောင်းကစားဝိုင်း များကို ထိန်းချုပ်ခြင်းမရှိဘဲ လုပ်ငန်းလိုင်စင်ပင်ထုတ်ပေးခဲ့သော်လည်း တရုတ်ဂိုဏ်းများသည် ဆိုးရွားသည့်ပြစ်မှုများ ကျူးလွန်လာကာ ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊ အာဏာပိုင်များကို ခြိမ်းခြောက်မှုများ ပြုလုပ်လာခဲ့သည့်အတွက် မြို့တွင်း မတည်ငြိမ်မှုများကို ဖြစ်ပွားခဲ့ပါသည်။
ထို့ကြောင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က အွန်လိုင်းလောင်းကစားခြင်းကို တားမြစ်သည့်အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် အောက်တိုဘာလတွင် လောင်းကစားဂိုဏ်းများသည် မြန်မာနိုင်ငံသို့ ထွက်ခွာသွားခဲ့ပါသည်။ Mr Jason Tower ၏ အစီရင်ခံစာအရ မြဝတီမြို့ရှိ အထူးစီးပွားရေးဇုန်(Special Economic Zone-SEZ)စီမံကိန်းများဖြစ်သည့် Saixigang စက်မှုဇုန်စီမံကိန်း၊ Huanya နှင့် Yatai မြို့တော် စီမံကိန်းများတွင် တန်ဖိုးကြီးအိမ်ရာများ၊ ကာစီနိုများနှင့် လေဆိပ်များ တည်ဆောက်ကာ တရားမဝင်လောင်းကစားလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။ Saixigang စက်မှုဇုန် စီမံကိန်းကို ငွေကြေးခဝါချမှု၊ ရာဇဝတ်ဂိုဏ်းများဖွဲ့စည်းမှုနှင့် လူသတ်ရန်ကြိုးပမ်းမှုတို့ဖြင့် ၁၉၉၉ ခုနှစ်တွင် မကာအိုမြို့၌ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရသည့် “သွားကျိုး” ခေါ် Wan Kuok-Koi မှ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ Wan သည် ၂၀၁၂ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာပြီးနောက် World Hongmen History and Culture Association ကို တည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် Saixigang စက်မှုဇုန်စီမံကိန်း၏ အဓိကရင်းနှီးမြှုပ်နှံသူ ဖြစ်သည့် Dongmei Group ကို တည်ထောင်ခဲ့သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးနှင့်အခွန်ဌာန US Treasury မှ တောင်အာရှတွင် ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုများ အတွက် Hongmen Association ကို အသုံးချနေသည်ဟု စွပ်စွဲကာ Wan ကို ဒဏ်ခတ် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ Huanya လောင်းကစားမြို့စီမံကိန်းကို တရုတ်-ထိုင်း ကပြားလူမျိုး Yu Jianjun က ပိုင်ဆိုင်ပြီး ၂၀၂၂ ခုနှစ်တွင် အစိုးရခွင့်ပြုချက်မရရှိသည့် အတွက် စီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆိုထားသော်လည်း စီမံကိန်းကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
တရုတ်တရားဥပဒေစိုးမိုးရေးအေဂျင်စီများသည် ငွေကြေးခဝါချမှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မကြာသေးမီက အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါသည်။ အမေရိကန် National War College မှ ပရော်ဖက်ဆာ Zachary Abuza က တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့် ချဉ်းကပ်မှုသည် မြန်မာနိုင်ငံ SEZ များရှိ လူကုန်ကူးခံရသူ ၁၂၀,၀၀၀ နှင့် ကမ္ဘောဒီးယားနိုင်ငံ လိမ်လည်မှု စင်တာများတွင် အတင်းအကျပ်ခိုင်းစေခံနေရသည့် လူ ၁ သိန်းတွင် တရုတ်နိုင်ငံသားများ ပါဝင်နေခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဆိုသည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ထိုင်းအာဏာပိုင်များသည် Yatai လောင်းကစားမြို့စီမံကိန်းပိုင်ရှင် အသက် ၄၁ နှစ် အရွယ်ရှိ ကမ္ဘောဒီးယားလူမျိုး၊ တရုတ်နိုင်ငံသား She Zhijiang ကို ဖမ်းဆီး၍ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် ဆောင်ရွက်နေသည်။ ၎င်းသည် တရုတ်နိုင်ငံ၊ ဟူနန်မြို့တွင် အသေးစား စီးပွားရေးသမားအဖြစ် စတင်လုပ်ဆောင်သည့်အချိန်မှစ၍ ဘီလီယံနှင့်ချီသော တရားမဝင် ငွေကြေးများကိုခဝါချရန် ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီအများအပြားနှင့် ချိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ Mr Tower ၏ ပြောကြားချက်အရ တရုတ်နိုင်ငံမှပေးသည့် အချက်အလက်များသည် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ လောင်းကစားဂိုဏ်းများကို ဖမ်းဆီးမှုပြုလုပ်ရာတွင် အထောက်အကူဖြစ်စေသော်လည်း ဒေသအတွင်း တရုတ်လောင်းကစားဂိုဏ်း မည်မျှ ရှိသည်ကို ခန့်မှန်း၍မရနိုင်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါဒေသများတွင် ရာဇဝတ်ဂိုဏ်းကြီးများသာမက ရာဇဝတ်ဂိုဏ်းငယ်များ သည်လည်း ၎င်းတို့၏ တရားမဝင်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လာရောက်ပူးပေါင်းမှုများလည်းရှိပါသည်။ စက်တင်ဘာလ အစောပိုင်းတွင် တရုတ်တရားဥပဒေစိုးမိုးရေး အဖွဲ့သည် ‘ဝ’တပ်ဖွဲ့နှင့် ပူးပေါင်း၍ ယွမ်သန်း ၁၂၀ (စင်ကာပူ ဒေါ်လာ ၂၂.၅ သန်း) လိမ်လည်ခဲ့သည်ဟု စွပ်စွဲခံထားရသော လိမ်လည်ရေးစင်တာ ၁၁ ခုကို ဝင်ရောက် စီးနင်းခဲ့ပြီး ၂၆၉ ဦးအား ဖမ်းဆီးခဲ့ပါသည်။ ၎င်းတို့အထဲမှ တရုတ်နိုင်ငံသား ၁၈၆ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီး ခေါင်းဆောင် ၂၁ ဦး ပါဝင်ပါသည်။ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် တရားခံပြေး ၄၁ ဦးအပါအဝင် သံသယရှိသူ ၁,၂၀၇ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းများအနေဖြင့် ဖမ်းဆီးအရေးယူမှုများကြောင့် အရှေ့တောင်အာရှဒေသအတွင်း ရွှေ့ပြောင်းကာ တရားမဝင်ငွေကြေးခဝါချမှုလုပ်ငန်းများ၊ ငွေကြေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် လူကုန်ကူးမှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ဒေသတွင်းတည်ငြိမ်မှုအား ပျက်ပြားစေသည့် အကြမ်းဖက်မှု များကိုပါ ပူးတွဲလုပ်ဆောင်လာခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ပူးပေါင်းကာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း ယနေ့ခေတ်တွင် တရားမဝင်ငွေကြးခဝါချမှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများသည် ကျယ်ပြန့်လာလျက် ရှိပြီး အင်တာနက်ရနိုင်သည့် မည်သည့်နေရာတွင်မဆို ကွန်ပျူတာတစ်လုံးရှိရုံမျှဖြင့် ငွေကြေး လိမ်လည်မှုများနှင့် ငွေကြေးခဝါချမှုများ ကျူးလွန်နိုင်သည်ဖြစ်ခြင်းကြောင့် ထိရောက်သော နှိမ်နင်းမှုများ ဆောင်ရွက်နိုင်ရန်အချိန်နှင့် ထိရောက်သော နည်းပညာလိုအပ်လာပါသည်။
နိုင်ငံတကာအနေဖြင့်လည်း အဆိုပါတရားမဝင် လောင်းကစားလုပ်ငန်းများအား စည်းမျဉ်းစည်းကမ်းများချမှတ်ကာ ထိရောက်စွာအရေးယူမှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် ရာဇဝတ်ဂိုဏ်းများအနေဖြင့် တရားဉပဒေစိုးမိုးမှုအားနည်းသည့် နယ်စပ်ဒေသများတွင် ၎င်းတို့၏ တရားမဝင်လုပ်ငန်းများကို ပစ်မှတ်ထားလုပ်ဆောင်လာကြခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ ဂိုဏ်းသားများနှင့် လုပ်ငန်းများကို နယ်စပ်များတွင် အခြေပြုထားသော်လည်း ပြည်တွင်းတွင် အဆက်အသွယ်နှင့် ဂိုဏ်သားများမွေးမြူ၍ အွန်လိုင်းလိမ်လည်မှုများနှင့် ငွေကြေးခဝါချမှုများကို ကျူးလွန်နေကြသည်ဟု ယူဆနိုင်သည်။ ယခုအခါ ထိုတရုတ် ရာဇဝတ်ဂိုဏ်းကွန်ရက်များသည် ၎င်းအခြေချရာ ပြည်တွင်းမှ တရုတ်လူမျိုးများနှင့် ချိတ်ဆက်ကာ တရားမဝင်အွန်လိုင်းရောင်းဝယ်မှုများကိုပါတွဲဖက်၍ ဆောင်ရွက်လာကြပြီး ပစ္စည်းလိမ်လည်ရောင်းချခံရမှုများနှင့် ငွေကြေးလိမ်လည်ခံရမှုများ အများအပြားရှိနေ သည်ကို တွေ့ရှိနေရပါသည်။
ထိုအွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် အွန်လိုင်းရှော့ပင်းများ အဓိက ကြော်ငြာသည့်နေရာသည် Facebook ဆိုရှယ်မီဒီယာဖြစ်ပြီး လူငယ်အကြိုက် ဗီဒီယိုများ၊ ဂိမ်းများအပါအဝင် လူသိများသော မြန်မာရုပ်ရှင်သရုပ်ဆောင်များ၏ ရုပ်ရှင်နှင့် ဗီဒီယိုများ ကိုပါ ဖြတ်ညှပ်ကပ်လုပ်ကာ ကြော်ငြာအား တိုးချဲ့နေသည်ကိုလည်း တွေ့ရှိနေရ ပါသည်။ သို့သော်လည်း ၎င်းတို့၏အဓိကဟာကွက်မှာ မြန်မာနိုင်ငံမှ တရားဝင်ခွင့်ပြု ထားသည့် Wave Money ၊ KBZ Pay အစရှိသည့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ ကိုသာ အသုံးပြုနေခြင်းဖြစ်ပြီး ၎င်းတို့၏ ကြော်ငြာများတွင်လည်း ဖုန်းနံပါတ်များကို ထည့်သွင်းထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ထိုဖုန်းနံပါတ်များမှတစ်ဆင့် ခြေရာခံမည်ဆိုပါက မြန်မာနိုင်ငံအတွင်း ဝင်ရောက်စိမ့်ဝင်နေသည့် တရားမဝင် အွန်လိုင်းဂိမ်းများ၊ အွန်လိုင်းရောင်းဝယ်မှုများနှင့် ငွေကြေးလိမ်လည်မှုများကို အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်ပါလိမ့်မည်။ တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်းများကျယ်ပြန့်လာခြင်းသည် သက်ဆိုင်ရာနိုင်ငံများ၏ ပြည်သူများအကျင့်စာရိတ္တအလွယ်တကူပျက်ပြားသကဲ့သို့ တိုင်းပြည်၏ ဂုဏ်သိက္ခာအား ထိခိုက်စေသော တရားမဝင်အွန်လိုင်းဂိမ်းများနှင့် ငွေကြေးခဝါချမှုများကို နယ်စပ်များတွင် သာမက ပြည်တွင်းကွန်ရက်များကိုလည်း ထိရောက်စွာနှိမ်နင်းနိုင်ရန် လိုအပ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
119021023

[1]။ Christine Tan,“Criminal groups from China spreading out to South-east Asia, including Singapore: Experts”. The Straits Times. 25 September 2023, [/https://www.straitstimes.com/ singapore/courts-crime/criminal-groups-from-china-spreading-out-to-south-east-asia-including-s-pore-experts/]

Thursday, September 28, 2023

Huawei ကုမ္ပဏီမှ ထုတ်လုပ်လာသည့် Chip များက အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှု မထိရောက်ခြင်းကို ပြသနေခြင်းနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံပိုင် Huawei ကုမ္ပဏီ၏ Chip ထုတ်လုပ်မှုသည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်တစ်ပိုင်းလျှပ်ပစ္စည်းထုတ်လုပ်မှုအခန်းကဏ္ဍတွင် အရေးပါသည့်နေရာမှ ပါဝင်လျက်ရှိပါသည်။ ယခုအခါ Huawei ကုမ္ပဏီမှ စတင်မိတ်ဆက်လာသည့် Mate 60 Pro စမတ်ဖုန်းတွင် အသုံးပြုလာသော Chip များတွင် 7nm Chip များကို အသုံးပြုလာခြင်းက အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများ၏ ထိရောက်မှုကို မေးခွန်းထုတ်ဖွယ်ရာဖြစ်ပြီး စိုးရိမ်မှုများ မြင့်တက်နေသည့် ကိစ္စများနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံ၏ အကြီးမားဆုံး နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Huawei ကုမ္ပဏီသည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အန္တရာယ် ရှိသည်ဟူသော စွပ်စွဲချက်များကြောင့် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို ခံခဲ့ရပါသည်။ Huawei ကုမ္ပဏီသည် ၂၀၁၉ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံနှင့် ၎င်းမဟာမိတ် များ၏ နည်းပညာဆိုင်ရာ အရေးယူပိတ်ဆို့မှုများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး Huawei နှင့် China's Semiconductor Manufacturing International Corporation (SMIC) ကုမ္ပဏီ တို့ကို အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုကန့်သတ်သည့်စာရင်း United States's Entity List တွင် ထည့်သွင်းခဲ့ပါသည်။
သို့သော်လည်း Huawei ကုမ္ပဏီသည် 5G Chip ပါဝင်သည့် Huawei Mate 60 Pro စမတ်ဖုန်းအသစ်ကို ဈေးကွက်တွင် ပြသခဲ့ပါသည်။ အဆိုပါ ဖုန်းရှိ Kirin 9000S ပရိုဆက်ဆာတွင် တရုတ်နိုင်ငံပြည်တွင်း SMIC ကုမ္ပဏီထုတ် 7 nm(N+2) Chip ကို အသုံးပြုထားပါသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ Chip နည်းပညာကို ကန့်သတ်ရန် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ပို့ကုန်ထိန်းချုပ်မှု အစီအမံများကို ထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ ဤကဲ့သို့ ထုတ်ဖော်ပြသမှုသည် အမေရိကန်နိုင်ငံအား စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ Huawei ကုမ္ပဏီ၏ 7nm (N+2) Chip များသည် ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီများ ဖြစ်ကြသည့် Taiwan Semiconductor Manufacturing Company (TSMC) နှင့် Samsung တို့မှ ထုတ်လုပ်သောအဆင့်မြင့် Chip များနောက်သို့ အမီလိုက်လျက်ရှိပါသည်။ သို့သော်လည်း အနောက်နိုင်ငံများ၏ အကူအညီမပါဘဲ Chipများ အမြောက်အမြား ထုတ်လုပ်နိုင်သည့် Huawei ကုမ္ပဏီ၏ စွမ်းဆောင်ရည်သည် Apple ကုမ္ပဏီ၏ နည်းပညာနှင့် ရင်ပေါင်တန်း နိုင်သည့်အခြေအနေရှိ/မရှိမှာ မေးခွန်းထုတ်ဖွယ်ရာအဆင့်တွင်ပင် ရှိနေပါသေးသည်။
တရုတ်နိုင်ငံ၏ ထုတ်လုပ်ရေးမဟာဗျူဟာသည် မပြည့်စုံသေးသည့် နည်းပညာ Lagging-edge Technology မှ ထိပ်တန်းနည်းပညာ Leading-edge Technology သို့ အဆင့်ဆင့်ချီတက်သည့် မဟာဗျူဟာဖြစ်ပါသည်။ Huawei ကုမ္ပဏီသည် Chip အသစ်ကို ဖန်တီးရန် မပြည့်စုံသေးသည့်နည်းပညာနှင့် ကိရိယာများကို အသုံးပြုခဲ့ပါသည်။ တရုတ် နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ Douglas Fuller ၏ ပြောကြားချက်အရ တရုတ်နိုင်ငံသည် Chip ထုတ်လုပ်ရာတွင် အကောင်းဆုံးနည်းပညာ မရှိသောကြောင့် ပိုမိုခက်ခဲစွာလုပ်ဆောင်နေရပြီး 7 nm Chip များ ထုတ်လုပ်ရာတွင် အဆင့်သုံးဆင့်မှ လေးဆင့်အထိ လုပ်ဆောင်နေရသည်ဟု ဆိုသည်။ ထို့ကြောင့် Huawei ကုမ္ပဏီသည် ဤ Chip များကို အများအပြား ထုတ်လုပ်နိုင်ခြင်း ရှိ/ မရှိကို မသိရှိရ သေးပါ။ အကယ်၍ ထုတ်လုပ်နိုင်ခြင်းမရှိပါက ယခု Chip မိတ်ဆက်မှုမှာ တရုတ်နိုင်ငံ ခေါင်းဆောင်များ ကျေနပ်စေရန်နှင့် ပြည်သူလူထုအား ဆွဲဆောင်ရန် သက်သက်သာ ဖြစ်နိုင်သည်ဟု ဆိုပါသည်။
မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံသည် အနောက်နိုင်ငံများ၏ နည်းပညာကန့်သတ်ပိတ်ဆို့မှုများကြောင့် အဆင့်မြင့်နည်းပညာကဏ္ဍတွင် တိုးတက်မှုနှေးကွေးလျက်ရှိနေစဉ် Huawei ကုမ္ပဏီ၏ အောင်မြင်မှုသည် ပြည်တွင်း Chip ထုတ်လုပ်ရေး ကြိုးပမ်းမှုများ အားတက်မှုဖြစ်ပေါ်စေပါသည်။ Huawei ကုမ္ပဏီသည် အမေရိကန်နိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်စဉ်ကာလတွင် ဤစမတ်ဖုန်းသစ်ကို ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ဤကြေညာချက်သည် တရုတ်စတော့ရှယ်ယာဈေးများကို တိုးတက်စေခဲ့ပြီး တရုတ်နိုင်ငံနည်းပညာဆိုင်ရာ အမျိုးသားရေးဂုဏ်ကို မြှင့်တင် ပေးခဲ့ပါသည်။ ယခင်က တရုတ်နိုင်ငံသည် ကိုယ်ပိုင်တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းအား အဆင့်မြှင့်တင်ရန် Big Fund စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ရင်းနှီး မြှုပ်နှံခဲ့သော်လည်း ပြဿနာများ၊ အကျင့်ပျက်ခြစားမှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ သို့ရာတွင် Huawei ကုမ္ပဏီက 7 nm Chip ကို ဖန်တီးရာတွင် အောင်မြင်မှုရှိသည်ကို ပြသခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းသည် အနောက် နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် အားကောင်းလျက် ရှိသည်ကို ပြသနေခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ 7 nm Chip နည်းပညာအောင်မြင်မှုနှင့် ကိုယ်တိုင်ထုတ်လုပ်နိုင်မှုသည် Big Fund စီမံကိန်းတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် ၎င်း၏ ခေါင်းဆောင်များကို ဆွဲဆောင်လျက်ရှိပါသည်။ တရုတ်နိုင်ငံ၏ ကိုယ်ပိုင် Chip ထုတ်လုပ်မှုသည် ရေရှည်တွင် မည်မျှတောင့်ခံနိုင်မည်၊ အောင်မြင်လာမည်ကို မခန့်မှန်း နိုင်သေးသော်လည်း ၎င်းတို့၏ အရည်အသွေးမြင့် Chip ထုတ်လုပ်မှုနည်းပညာကို လျှော့တွက်၍ မရနိုင်ကြောင်း ဖော်ပြထားပါသည်။
ယခုအခါ တရုတ်နိုင်ငံ၏ Shanghai Micro Electronics Equipment (SMEE) ကုမ္ပဏီသည် လှိုင်းအလျား 248 nm ရှိသည့် Krypton Fluoride (Krf) လေဆာကို အသုံးပြု နိုင်သည့် Lithography စက်များကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ လက်ရှိ အသုံးပြုလျက်ရှိသည့် DUV Lithography စက်များသည် 193 nm လှိုင်းအလျား ရှိသော Krf လေဆာကို အသုံးပြုပါသည်။ ဤစက်များသည် လက်ရှိတွင် 28 nm Chip များကို ထုတ်လုပ်နိုင်သောကြောင့် တရုတ်နိုင်ငံသည် ကိုယ်ပိုင်ခေတ်မီ Lithography စက်များကို ကိုယ်တိုင် တီထွင်ထုတ်လုပ်နိုင်သည့် အနေအထားတွင်ရှိနေပါသည်။ တရုတ်နိုင်ငံသည် ပိုမိုအဆင့်မြင့်သော Lithographyစက်များကို တီထွင်ထုတ်လုပ်နိုင်ရန်အတွက် ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ပြည်ပနည်းပညာ များကို လျှို့ဝှက်ရယူဆောင်ရွက်တတ်ခြင်း၊ နောက်ဆုံးပေါ် နည်းပညာများ ထုတ်လုပ်သည့် ပြည်တွင်းနည်းပညာကုမ္ပဏီများကို လူထုမှထောက်ခံပံ့ပိုးမှုရရှိအောင် စွမ်းဆောင် နိုင်ခြင်း၊ ပြည်တွင်းတွင် ကျယ်ပြန့်သော ဈေးကွက်ရှိခြင်းနှင့် တရုတ်နိုင်ငံအစိုးရနှင့် နည်းပညာကုမ္ပဏီများ၏ ဆက်နွှယ်မှုနှင့် ပံ့ပိုးပေးမှုများက နောက်ဆုံးပေါ်နည်းပညာများရရှိနိုင်ရန် အားသာချက်များဖြစ်နေကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံထုတ် Chip များသည် TSMC ၊ Qualcomm နှင့် Samsung ကုမ္ပဏီထုတ် Chip များကဲ့သို့ အဆင့်မြင့်ခြင်းမရှိသေးသော်လည်း ယခုထုတ်လုပ် နိုင်မှုသည် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ထိရောက်မှုနည်းသည်ကို ပြသလျက်ရှိပြီး အမေရိကန်နိုင်ငံအနေဖြင့် အရေးယူပိတ်ဆို့မှုနှင့် ပို့ကုန်ထိန်းချုပ်မှုကို ပိုမိုလုပ်ဆောင်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းနေကြပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၏ မူဝါဒကို လိုက်ပါနေရသည့် တောင်ကိုရီးယား၊ ဂျာမနီ၊ နယ်သာလန် နိုင်ငံတို့နှင့် ထိုင်ဝမ်အနေဖြင့် ယခုလက်ရှိတွင် တရုတ်နိုင်ငံဈေးကွက်မှ ရရှိနိုင်မည့် အကျိုးအမြတ်များ အရှုံးပေါ်လျက်ရှိပြီး ပိတ်ဆို့မှုထပ်မံမြှင့်တင်ပါက အမေရိကန်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် ပိုမိုခက်ခဲလာနိုင်ပါသည်။ တရုတ်နိုင်ငံ၏ တိုးတက်မှုသည် အခြားနိုင်ငံ၏ နည်းပညာများကို လုံးဝမှီခိုမှုမှ ကင်းလွတ်ခြင်း ရှိ/မရှိမှာ ခန့်မှန်းရန် ခက်ခဲသေးသော်လည်း နည်းပညာဆိုင်ရာ ပိတ်ဆို့အရေးယူမှုများနှင့် ပို့ကုန်ထိန်းချုပ်မှုများ ပိုမိုရှုပ်ထွေးလာစေနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများမှ ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်နေသော်လည်း မကြာသေးမီက ဈေးကွက်တင်နိုင်ခဲ့သည့် Hauwei Mate 60 Pro တွင် နည်းပညာမြင့် 7nm Chip များ အသုံးပြုလာနိုင်ခြင်းက အနောက်အုပ်စု အတွက် စိုးရိမ်ဖွယ်ရာဖြစ်လာနေပါသည်။ ယခုအခါ တရုတ်နိုင်ငံအနေဖြင့် Apple နှင့် Samsung ဖုန်းများတွင် အသုံးပြုနေသည့် နောက်ဆုံးပေါ်နည်းပညာကို တရုတ်ပြည်တွင်းတွင်ပင် ထုတ်လုပ်နိုင်ရန်ကြိုးစားနေပါသည်။ ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် အရေးကြီးသည့် Lithography စက်များကို တရုတ်နိုင်ငံတွင် ထုတ်လုပ်နိုင်ရန် ကြိုးစားနေပါသည်။ ထိုင်ဝမ်တွင်လည်း ထိုကဲ့သို့ပင် Research ‌and Development များကို အဆင့်ဆင့် ဆောင်ရွက်၍ နည်းပညာမြင့် Chip များ၊ စက်ပစ္စည်းများ ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုမှာ အောင်မြင်လာနိုင်သည်ဟု သုံးသပ်ရပါသည်။
သို့သော်လည်း အနောက်အုပ်စုအနေဖြင့် ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်သည့် မဟာဗျူဟာကိုသာ ဆက်လက်အသုံးပြုမည်ဆိုပါက လက်ရှိအမေရိကန်နိုင်ငံ၏ မူဝါဒနောက် လိုက်နေရသော တောင်ကိုရီးယား၊ နယ်သာလန်၊ ဂျာမနီနိုင်ငံနှင့် ထိုင်ဝမ်တို့အနေဖြင့် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိမှာ မသေချာ မရေရာသည့် အခြေအနေတွင်ရှိနေပါသည်။ ယခုလက်ရှိတွင်ပင် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံ ဈေးကွက်အား လက်လွတ်ထားရသည့်အတွက် ငွေကြေးနစ်နာမှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် မည်သို့ပင် ပိတ်ဆို့အရေးယူမှုများရှိနေစေကာမူ တရုတ်နိုင်ငံ အနေဖြင့် အဆင်မြင့်နည်းပညာနှင့် ထုတ်လုပ်သည့်စက်များကို ပြည်တွင်းတွင်ပင် ထုတ်လုပ်လာနိုင်သည့်အခြေအနေကို အချိန်ကာလတစ်ခုအတွင်း ရရှိလာနိုင်ခြင်းသည် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကပင် တရုတ်နိုင်ငံအားကိုယ့်အားကိုယ်ကိုးရန် တွန်းအားပေးသကဲ့သို့ ဖြစ်စေခဲ့ခြင်းပါသည်။
နိုင်ငံတော်လုံခြုံရေးအတွက် နည်းပညာကဏ္ဍသည် များစွာအရေးပါလျက်ရှိပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးများသည် ၎င်းတို့၏ ဆန့်ကျင်ဘက် နိုင်ငံငယ်များအပေါ် ပိတ်ဆို့ကန့်သတ်ရာတွင် နည်းပညာနယ်ပယ်ဖွံ့ဖြိုးမှုမရှိစေရန် ဆောင်ရွက်လေ့ရှိပါသည်။ ထို့ကြောင့် နိုင်ငံငယ်များအနေဖြင့် ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံကြီးများနှင့် ပူးပေါင်း၍ မိမိတို့နိုင်ငံ၏ နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်နိုင်ခြင်းသည်ပင် သက်ဆိုင်ရာလူ့အဖွဲ့အစည်းများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
118092923
[1]။ Megha Shrivastava,“What Does Huawei’s Homemade Chip Really Mean for China’s Semiconductor Industry?”. The Diplomat. 23September 2023, [/https://thediplomat. com/2023/ 09/what-does-huaweis-homemade-chip-really-mean-for-chinas-semiconductor-industry/]

Wednesday, September 27, 2023

အမေရိကန်-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ယခုလက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေတွင် အမေရိကန်-ဗီယက်နမ်တို့၏ တိုးမြင့်လာသည့် မိတ်ဖက်ဆက်ဆံရေးတိုးတက်လာပြီး နှစ်နိုင်ငံမဟာဗျူဟာမြောက် ကုန်သွယ်ရေးကို ချဲ့ထွင်နိုင်ရန် စီစဉ်လျက်ရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် နှင့် ဗီယက်နမ်နိုင်ငံမှ ခေါင်းဆောင်များသည် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဟနွိုင်းမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဤတွေ့ဆုံမှုသည် နိုင်ငံ တကာ၏ အာရုံစိုက်မှုကို သိသာစွာမရရှိခဲ့သော်လည်း ၎င်းသည် လေးနက်သည့်ကိစ္စ တစ်ခုဖြစ်ခဲ့ပါသည်။ အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးသည်ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ယခုကဲ့သို့မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ခြင်းသည် အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့အတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာတစ်ခုလုံးအတွက် အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ပါသည်။ ဗီယက်နမ်-အမေရိကန် ခိုင်မာသော ဆက်ဆံရေးသည် ဗီယက်နမ်နိုင်ငံအတွက် စီးပွားရေးကဏ္ဍကို အားကောင်းစေသည့် အပြင် တရုတ်နိုင်ငံ၏ ဒေသတွင်း လွှမ်းမိုးမှုကို ရင်ဆိုင်ရန် ကာကွယ်ရေးကို မြှင့်တင် နိုင်ပါသည်။ ထိုဆက်ဆံရေးသည် အမေရိကန်နိုင်ငံအတွက် မိုက်ခရိုချစ်ပ်များ ထုတ်လုပ်ခြင်းကဲ့သို့ မဟာဗျူဟာမြောက် ကုန်သွယ်ရေးနည်းလမ်းများကို ချဲ့ထွင်နိုင်ပြီး လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်းအလယ်အလတ်ပါဝါအဖြစ် ခိုင်မာစေရေး အခွင့်အလမ်းများ တိုးတက်စေနိုင်ပါသည်။ အမေရိကန်-ဗီယက်နမ် ဆက်ဆံရေး ခိုင်မာလာခြင်းသည် စည်းမျဉ်းအခြေပြု အင်ဒို-ပစိဖိတ်(Rules-based Indo-Pacific Order) တည်ဆောက်မှုကိုမြှင့်တင်နိုင်မည်ဖြစ်ပါသည်။
ပထမအချက်အနေဖြင့် အမေရိကန်-ဗီယက်နမ် ဆက်ဆံရေးခိုင်မာလာခြင်းသည် ဗီယက်နမ်နိုင်ငံအား ချမ်းသာတိုးတက်သည့်နိုင်ငံအဖြစ်သို့ ပြောင်းလဲပေးနိုင်မည်ဟု ဆိုသည်။ ၁၉၉၀ ပြည့်နှစ်များက ဗီယက်နမ်နိုင်ငံသည် အာရှအဆင်းရဲဆုံးနိုင်ငံများတွင် ပါဝင် ခဲ့သော်လည်း ဆယ်စုနှစ်သုံးခုအတွင်း စီးပွားရေးလျင်မြန်စွာဖွံ့ဖြိုးတိုးတက်ခဲ့ပြီး စီးပွားရေး တိုးတက်မှုအမြန်ဆုံး နိုင်ငံများထဲတွင် ပါဝင်လျက်ရှိပါသည်။ သို့သော်လည်း ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ဆင်းရဲမွဲတေမှု၊ ဝင်ငွေမညီမျှမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ အခြေခံအဆောက်အအုံဆိုင်ရာ ကန့်သတ်ချက်များ၊ အကျင့်ပျက်ခြစားမှု၊ ပွင့်လင်း မြင်သာမှုမရှိခြင်း၊ စီမံခန့်ခွဲရေးလွဲမှားမှုစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ဗီယက်နမ်နိုင်ငံသည် အလယ်အလတ်အဆင့်ရှိသော နိုင်ငံအဖြစ်မှ ပိုမိုတိုးတက်လာစေရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်ခြင်းနှင့် ပြည်တွင်းပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်လိုအပ်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ထိုပြုပြင်ပြောင်းလဲမှုများကို အထောက်အကူပြုနိုင်ပါသည်။ ထို့ပြင် ကုန်ပစ္စည်းများ ထုတ်လုပ် တင်ပို့မှုတွင်လည်း အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံဈေးကွက်များအထိ ချဲ့ထွင်လာ နိုင်မည်ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံ၏ အဆောက်အအုံ၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာအပေါ် မှီခိုမှုကို တဖြည်းဖြည်း လျှော့ချလျက်ရှိသော်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုသည် အကျိုးအမြတ်များရရှိလျက်ရှိသောကြောင့် အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိပါသည်။
တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံအား အမေရိကန်နိုင်ငံဈေးကွက်သို့ ထိုးဖောက်ရန် လမ်းကြောင်းတစ်ခုအဖြစ် အသုံးချခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံအစိုးရနှင့် စီးပွားရေးခေါင်းဆောင်များသည် တရုတ် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကွင်းဆက်များ၊ နည်းပညာများနှင့် ဘဏ္ဍာရေးအပေါ် အလွန်အကျွံ မှီခိုအားထားမှုကိုလျှော့ချရန် ဆောင်ရွက်ခဲ့ကြပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မည့် နည်းပညာများ၊ မိုက်ခရိုချစ်ပ်ထုတ်လုပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းအခြေပြု အဆင့်မြင့်ပညာရေးစနစ်တို့တွင် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့် လုံခြုံရေးတို့တွင် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံ၏ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအဆောက်အအုံများ လျင်မြန်စွာတိုးတက်ရန် ၎င်း၏စက်မှုစွမ်းရည်ကို အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိပါသည်။ ၎င်း၏ စက်မှုလုပ်သားများကို ကျွမ်းကျင်မှုမြှင့်တင်ပေးရန်လည်း ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေပြီး ဤကဏ္ဍများတွင် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် အကူအညီ ပေးမှုများသည် ဗီယက်နမ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သကဲ့သို့ တရုတ် နိုင်ငံအပေါ် မှီခိုအားထားရမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။
ဒုတိယအချက်အနေဖြင့် ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းခြင်း အားဖြင့် ဒေသတွင်း အမှီအခိုကင်းစွာ ရပ်တည်လာနိုင်မည်ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံသည် သမိုင်းအဆက်ဆက် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုအား ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အပြင် တရုတ်၊ ပြင်သစ်၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ကဲ့သို့ ပြည်ပနိုင်ငံများ၏ ခြိမ်းခြောက်မှု များကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ဗီယက်နမ်နိုင်ငံသည် သမိုင်းအစဉ်အလာအရ တရုတ်နိုင်ငံနှင့် ဆက်စပ်လျက်ရှိသောကြောင့် နိုင်ငံခြားရေးမူဝါဒတွင် တရုတ်နိုင်ငံနှင့်ထိပ်တိုက်တွေ့ဆုံမှုမဖြစ်စေရန် ဂရုတစိုက်လုပ်ဆောင်လျက်ရှိပါသည်။ ဗီယက်နမ် နိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး Comprehensive Strategic Partnerships (CSPs)၌ တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ရုရှားနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သော်လည်း ဒေသတွင်းတရုတ်နိုင်ငံ၏ အင်အားသုံး ဩဇာလွှမ်းမိုးမှု များကြောင့် ဗီယက်နမ်နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများက သတိထားဆက်ဆံလျက် ရှိပါသည်။ ဥပမာအနေဖြင့် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံ၏ Nine-Dashed Line (ယခု Ten-Dashed Line) နယ်မြေချဲ့ထွင်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံအစိုးရ၏ အခြေအမြစ်မရှိသော ဖော်ပြချက်ကို ကန့်ကွက်ခဲ့ပြီး ဤချဲ့ထွင်မှုအား မတရားကြိုးပမ်း လာမည်ကိုလည်း စိုးရိမ်လျက်ရှိပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏သီးသန့်စီးပွားရေးဇုန်ကို ပုံမှန်ချိုးဖောက်မှု၊ မဲခေါင်မြစ်အထက်ပိုင်းတွင် ရေကာတာ တည်ဆောက်ရန်ကြိုးပမ်းမှု၊ ဗီယက်နမ်နိုင်ငံ၏ Cloud-Based စီးပွားရေးကို ပစ်မှတ် ထားသည့် ဆိုက်ဘာလှုပ်ရှားမှုများကို လုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် အရေးပါသော အခြေခံအဆောက်အအုံအတွက် တရုတ်နိုင်ငံ၏နည်းပညာကို မှီခိုအားထားရန် မဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံသည် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားလုံခြုံရေးရည်မှန်းချက်ကို မြှင့်တင်ရန်ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ ကမ်းရိုးတန်းအနီးတွင် ရေနံတူးစင်တစ်ခု လာရောက်ဆောက်လုပ်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံတင်းမာမှုများ မြင့်တက် လာခဲ့ပါသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံသည် အခြားနိုင်ငံများနှင့် ၎င်း၏ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ၂၀၁၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ တို့နှင့် CSPs တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ဗြိတိန်နိုင်ငံ၊ ၂၀၁၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံတို့နှင့် သဘောတူညီမှုများလုပ်ဆောင်ခဲ့ကြပါသည်။ ဩဂုတ်လတွင်လည်း ဩစတြေးလျ၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံတို့နှင့် CSPs တွင် လက်မှတ်ရေးထိုးရန် ကတိပြုခဲ့ပါသည်။ ဗီယက်နမ်-ဂျပန် ကျယ်ပြန့်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန် ဂျပန်နိုင်ငံနှင့် ယခုသီတင်းပတ်တွင် ဆွေးနွေးခဲ့ပြီး ယခု ဗီယက်နမ်-အမေရိကန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ဗီယက်နမ်နိုင်ငံအတွက် အရေးပါသော နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။
တတိယအချက်အနေဖြင့် အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား မိတ်ဖက် ဆက်ဆံရေးသည် စီးပွားရေးနှင့် လုံခြုံရေးနယ်ပယ်နှစ်ခုစလုံးတွင် သိသာထင်ရှားသောအကျိုးကျေးဇူးများရှိပါသည်။ ဗီယက်နမ်နိုင်ငံ စီးပွားရေး၏ ပြည်တွင်းထုတ်လုပ်မှု စွမ်းရည်၊ ထိရောက်သော ရေရှည်ရင်းနှီးမြှုပ်နှံမှုများကို အဆင့်မြှင့်တင်နိုင်ရန် အမေရိကန် နိုင်ငံ၏ အကူအညီလိုအပ်မည်ဖြစ်ပါသည်။ ထို့ပြင် ၎င်း၏ပိုင်နက်နယ်မြေ ပိုင်ဆိုင်မှုကို ကာကွယ်ရန် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးနှင့် ထောက်လှမ်းရေး အကူအညီများလည်း လိုအပ်ပါသည်။ သို့သော်လည်း အမေရိကန်-ဗီယက်နမ် မိတ်ဖက်ဆက်ဆံရေးတွင် တင်းမာမှုအချို့ရှိနေသေးပြီး အမေရိကန်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် ဗီယက်နမ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကတိကဝတ် များကို လိုက်နာရန် တွန်းအားပေးလျက်ရှိပါသည်။ တစ်ဖက်တွင်လည်း ဗီယက်နမ် နိုင်ငံက အမေရိကန်နိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ပြောဆိုမှုများကို ရှောင်ကြဉ်ကာ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ၎င်းအပေါ် ထိခိုက်ခဲ့မှုများကို ပြုပြင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကိုသာ ပိုမိုလုပ်ဆောင်ရန် ပြောကြားခဲ့ပါသည်။ အမေရိကန်-ဗီယက်နမ် စစ်ပွဲအပြီး ၄၈ နှစ်အကြာ တည်ဆောက်ခဲ့သည့် အမေရိကန်-ဗီယက်နမ် မိတ်ဖက် ဆက်ဆံရေးသည် နှစ်နိုင်ငံအကြား သာယာဝပြောရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့ အတွက် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးသည် အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆက်ဆံရေးတိုးတက် လာမှုကို အကောင်းမြင်ရှုထောင့်မှ ရေးသားထားသည့် ဆောင်းပါးဖြစ်ပြီး ဗီယက်နမ်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံအား မျှခြေထိန်းညှိရန်၊ နိုင်ငံအတွင်း စီးပွားရေးနှင့် ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်၊ ကာကွယ်ရေးနှင့် လုံခြုံရေးစွမ်းအား မြှင့်တင် နိုင်ရန်အတွက် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ထောက်ပြ ရေးသားထားခြင်းဖြစ်ပါသည်။ သမိုင်းအစဉ်အလာအရ ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ရန်ဘက် ဖြစ်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ ဒေသတွင်း ဩဇာလွှမ်းမိုးမှု၊ အကျပ်ကိုင်မှုများ မြှင့်တက် လာခြင်းကြောင့် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံအင်အားစုများနှင့် ခိုင်မာသည့် ဆက်ဆံရေးတစ်ရပ် ပြန်လည်တည်ဆောက်၍ ထိန်းညှိနိုင်ရန် ပြင်ဆင်လာခြင်းကို ထင်ရှားစွာတွေ့ရှိရပါသည်။
တရုတ်နိုင်ငံသည် ၎င်း၏ “Peaceful Development” မူဝါဒကို လျစ်လျူရှုကာ ဒေသတွင်းနိုင်ငံများအပေါ် အင်အားသုံး၍ ဩဇာလွှမ်းမှုပြုလုပ်လာချိန် အမေရိကန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် အဆင်မပြေသည့် နိုင်ငံငယ်များအား ၎င်း၏ဩဇာလွှမ်းမိုးမှု အောက်သို့ စည်းရုံးသိမ်းသွင်းနိုင်သည့် အခြေအနေပေးသကဲ့သို့ ဖြစ်နေပါသည်။ ဗီယက်နမ်နိုင်ငံသည် ခေတ်သစ်သမိုင်းတွင် အမေရိကန်နိုင်ငံနှင့် စစ်ပွဲဆင်နွှဲကာ တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်နေသည့်နိုင်ငံဖြစ်သကဲ့သို့ အမေရိကန်နိုင်ငံနှင့် စစ်ဖြစ်ပွားခဲ့သည့်ဒဏ်ကို ခံခဲ့ရပြီး နိုင်ငံကို ပြန်လည်တည်ဆောက်ခဲ့ရသည့် သက်ကြီးပိုင်းမျိုးဆက်များ အကြားတွင် အမေရိကန်နိုင်ငံ မုန်းတီးရေးစိတ်ဓာတ်များ အမြစ်တွယ်လျက်ကျန်ရှိနေပါသေးသည်။ သို့သော်လည်း နောက်ပိုင်း ပညာတတ်လူငယ်မျိုးဆက်များအကြားတွင်မူ အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု လိုလားသည့်အမြင်များ ရှိနေသည်ကို တွေ့ရှိရပါသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ ဒေသတွင်း ဩဇာအာဏာကို အင်အားသုံး၍ တည်ဆောက်လာသည့်အခါတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ၎င်း၏ အမျိုးသား အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံကြီးများနှင့် သံတမန်ရေးပူးပေါင်း လုပ်ဆောင်မှုကို မဟာဗျူဟာမြောက် လုပ်ဆောင်လာခြင်းဖြစ်ပါသည်။ အမေရိကန် နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ ဆက်ဆံရေး အောင်မြင်မှုရှိ/မရှိကို ဆက်လက်စောင့်ကြည့် ရဦးမည်ဖြစ်သော်လည်း လက်ရှိအမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆက်ဆံရေး အပြောင်းအလဲမှာ “အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေမရှိ၊ အမြဲတမ်းအကျိုးစီးပွားသာ ရှိသည်” ဟူသော နိုင်ငံတကာဆက်ဆံရေး သဘောတရားတစ်ခုကို ထင်ဟပ်ပြသနေပါသည်။ သို့သော်လည်း အင်အားငယ်နိုင်ငံများ၏ ကျစ်လျစ်ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုသည်သာ အင်အားကြီးနိုင်ငံများအား ပိုမိုအန္တရာယ်ကင်းစွာ ထိန်းညှိနိုင်မည့်နည်းလမ်းတစ်ခုဖြစ်ခြင်းကြောင့် Global South နိုင်ငံများအကြား နိုင်ငံကြီးများ၏ အမှီအခိုကင်းစွာ ပေါင်းစည်းနိုင်ရေးသည်သာ ပဓာနဖြစ်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
117092823

[1]။ Jonathan D. London,“A New Era Is Dawning in U.S.Vietnam Relations”. The Diplomat. 9 September 2023 [/https://thediplomat.com/.../a-new-era-is-dawning-in-u-s...//]