Wednesday, October 11, 2023

တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် ဆောင်ရွက်နေသည့် BRI စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကိုငြင်းဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံသည် ၎င်း၏ ကာလရှည်အကျိုးစီးပွားအတွက် အာမခံချက် နည်းပါးလာသည့် ပါကစ္စတန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လျှော့ချရန် ကြိုးပမ်းနေခြင်းနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
တရုတ်-ပါကစ္စတန် နှစ်နိုင်ငံအကြား အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုတွင် တရုတ် နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် ဆောင်ရွက်နေသည့်ပိုးလမ်းမစီမံကိန်း(Belt and Road Projects) များတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရန် တောင်းဆိုမှုများကို ငြင်းပယ်ခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံအတွင်း နိုင်ငံရေးပြဿနာများနှင့် လုံခြုံရေးမတည်ငြိမ်မှုများကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များက သုံးသပ်နေကြပါသည်။ ပါကစ္စတန်နိုင်ငံသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(China-Pakistan Economic Corridor-CPEC) အောက်ရှိ စွမ်းအင်ကဏ္ဍ၊ ရာသီဥတုပြုပြင်ပြောင်းလဲရေးကဏ္ဍ၊ လျှပ်စစ်ထုတ်လုပ်မှုကဏ္ဍနှင့် ခရီးသွား လုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံပြုလုပ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ပိုးလမ်းမစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် CPEC တွင် အမေရိကန် ဒေါ်လာ ၅၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ တောင်ဘက်ဆိပ်ကမ်းမြို့ Gwadar မှ Karachi မြို့သို့ ချိတ်ဆက်မည့် ဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်စနစ်နှင့် ၅၀၀ ကီလိုဗို့အား ထုတ်လွှင့်မှုစနစ်တည်ဆောက်မည့် စီမံကိန်းကိုလည်း ငြင်းဆိုထားသကဲ့သို့ ၎င်းကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ပြည်ပမှ တင်ပို့လာသည့် ကျောက်မီးသွေးများထက် ပြည်တွင်းထုတ်ကျောက်မီးသွေးများကိုသာ အသုံးပြုနိုင်သည့် နေရာသို့ ပြောင်းရွှေ့ရန်အချက်ကိုလည်း ငြင်းဆိုထားပါသည်။ ထို့နောက် CPEC အတွက် အရေးပါသည့် (၁၁)ကြိမ်မြောက် Joint Cooperation Committee (JCC)ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပပြုလုပ်ခဲ့သော်လည်း နောက်ဆုံးအစည်းအဝေးမှတ်တမ်း အစီရင်ခံစာကိုမူ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံအရေးကိစ္စတွင် ထဲထဲဝင်ဝင် ပါဝင်ခြင်းမရှိတော့ဟု ဆိုသည်။ သို့သော် ပါကစ္စတန်စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနကမူ နှစ်နိုင်ငံအကြား CPEC ကဏ္ဍများ၌ တိုးချဲ့လုပ်ဆောင် သွားရန်ကတိပြုခဲ့သည်ဟု ဆိုထားပါသည်။
ပိုးလမ်းမစီမံကိန်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်တွင် တရုတ်နိုင်ငံသည် အခြေခံ အဆောက်အဦတည်ဆောက်ရေးနှင့် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို အာရှမှ ဥရောပ၊ ဥရောပမှ အာဖရိကဒေသများအထိ ချဲ့ထွင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ပြောကြားထား သော်လည်း ၎င်းကိုယ်တိုင် စီးပွားရေးကျဆင်းနေသောကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု များကို အထူးသတိပြုရွေးချယ်ဆောင်ရွက်နေဟန်တူပါသည်။ တရုတ်နိုင်ငံအနေဖြင့် BRI ရင်းနှီးမြှုပ်နှံမှုများကို အတွေ့အကြုံဟောင်းများအပေါ်တွင်သာမက တရုတ်နိုင်ငံ၏ မဟာဗျူဟာရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် မည်သို့ပိုမိုထိရောက်အောင် ဆောင်ရွက်မည်ဟူသည့် အချက်ပေါ်တွင် ချိန်ညှိနိုင်ရန် ဆောင်ရွက်မည်ဟု ပြောကြားထားပါသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ရေရှည်တည်ငြိမ်မှုကိုရှေးရှုကာ ပါးနပ်လိမ္မာစွာဖြင့် မျှော်မှန်း လုပ်ဆောင်သွားမည်ဟု ဆိုထားပါသည်။ ထို့ကြောင့် ပါကစ္စတန်နိုင်ငံကဲ့သို့ လုံခြုံရေးအာမခံချက် မရှိသည့် အထူးသဖြင့် တရုတ်နိုင်ငံသားများအပေါ် လုံခြုံမှုမပေးနိုင်သည့် မိတ်ဖက် နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရန် စိုးရိမ်လျက်ရှိနေပါသည်။ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း စိန်ခေါ်မှုများ ဖြစ်ပေါ်နေစဉ်အတွင်း မိတ်ဖက်နိုင်ငံများ၌ တရုတ်နိုင်ငံ၏ မဟာဗျူဟာအကျိုးစီးပွားနှင့် ရေရှည်အောင်မြင်မှုကို ရည်မှန်း၍ ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ခြင်းကို ထိန်းညှိနိုင်ရန်မှာ မရှိမဖြစ်အရေးကြီးသည်ဟု တရုတ်နိုင်ငံနှင့် ကမ္ဘာလုံးဆိုင်ရာ သုတေသနစင်တာမှ တရုတ်နိုင်ငံဆိုင်ရာပညာရှင် Andy Mok က ပြောကြားထားပါသည်။
၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Imran Khan နှင့် ၎င်းအစိုးရ အဖွဲ့ဖြုတ်ချခံခဲ့ရပြီးနောက် ပါကစ္စတန်နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ် ခဲ့ပြီး ဆန္ဒပြမှုများလည်း ဖြစ်ပေါ်လာခဲ့ပါသည်။ ထို့ပြင် ပါကစ္စတန်သူပုန်များသည် ပါကစ္စတန်နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ပစ်မှတ်ထားတိုက်ခိုက် ခဲ့ကြပြီး CPEC စီမံကိန်းတွင်ပါဝင်သည့် တရုတ်အင်ဂျင်နီယာလုပ်သားများအား ချောင်းမြောင်း တိုက်ခိုက်ခြင်းများ၊ အသေခံဗုံးခွဲ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြပါသည်။ သို့ဖြစ်၍ ပါကစ္စတန်နိုင်ငံအတွင်း တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများအား ငြင်းပယ်မှုများတွင် အခြား ပြဿနာရပ်များ ရှိနိုင်သော်လည်း နိုင်ငံအတွင်း လုံခြုံရေးမတည်ငြိမ်မှုများသည် အဓိက ကိစ္စရပ်တစ်ခုဖြစ်နိုင်ပါသည်။ ပထဝီနိုင်ငံရေးအရ အရေးပါသည့်ဒေသဖြစ်သော်လည်း ဒုစရိုက်နယ်မြေတစ်ခု ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံမှုများ ထပ်တိုးလုပ်ဆောင်ရန် ဝန်လေးနေကြောင်းနှင့် ၎င်း၏ လူအင်အားနှင့် စက်ရုံပစ္စည်းပိုင်ဆိုင်မှုများကို ပါကစ္စတန် နိုင်ငံအတွင်းထားရှိခြင်းသည် အန္တရာယ်များသည့်လုပ်ရပ်အဖြစ် သတ်မှတ်ထားသည်ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားပါသည်။
ပါကစ္စတန်နိုင်ငံကလည်း CPEC စီမံကိန်းတွင် ပါဝင်သည့် တရုတ်နိုင်ငံသား များနှင့်ပတ်သက်၍ လုံခြုံရေးကဏ္ဍကို တိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ပြီး တရုတ်လုပ်သားများအတွက် ကျည်ကာယာဉ်များကို အသုံးပြုခြင်းများ ဆောင်ရွက်နေ သော်လည်း တရုတ်နိုင်ငံအနေဖြင့် အလိုမကျသည့် အခြားအကြောင်းအရာများ ရှိနေ နိုင်ပါသည်။ မဟာဗျူဟာနှင့် နိုင်ငံရေးဆိုင်ရာ သုတေသနပညာရှင် Qamar Cheema ၏ သုံးသပ်ချက်အရ ပါကစ္စတန်နိုင်ငံရေးသမားများသည် CPEC စီမံကိန်းများကို တရုတ်- ပါကစ္စတန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ထက် ၎င်းတို့၏ ရွေးကောက်ပွဲ အနိုင်ရရှိရေးအကျိုးအမြတ်အဖြစ် အသုံးချလျက်ရှိပါသည်။ ကြန့်ကြာမှုများရှိနေခဲ့ သော်လည်း လာမည့်ဇန်နဝါရီလတွင် ပါကစ္စတန်နိုင်ငံအတွင်း ရွေးကောက်ပွဲ ကျင်းပ လာနိုင်ဖွယ်ရှိသည်ဟု ဆိုပါသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် CPEC စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်ခြင်းသည် တရုတ်နိုင်ငံအတွက် အကျိုးစီးပွား ဖြစ်/မဖြစ်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာရှိလာပါသည်။ ကာလတိုကိုသာကြည့်၍ ပါကစ္စတန် နိုင်ငံမှ အကျိုးအမြတ်ရရှိရန်ကြိုးပမ်းခြင်းသည် အန္တရာယ်များသောလုပ်ရပ်တစ်ခုဖြစ်ကြောင်းနှင့် လက်ရှိတွင် ပါကစ္စတန်နိုင်ငံသည် တရုတ်စွမ်းအင်ကုမ္ပဏီကြီးများအပေါ်တွင် အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံခန့် အကြွေးတင်နေပြီး နိုင်ငံအတွင်း ငွေကြေးပြတ်လပ်မှု များကြောင့် အကြွေးဆပ်နိုင်ခြင်းမရှိသေးပါ။ ထို့ကြောင့် တရုတ်နိုင်ငံသည် အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်သော်လည်း အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် ပြဿနာများစွာ ကြုံတွေ့ ရနိုင်သည်ဟု Virginia တက္ကသိုလ်မှ ကမ္ဘာလုံးဆိုင်ရာလေလာရေး လက်ထောက် ကထိက Muhammad Tayyab Safdar က ပြောကြားခဲ့ပါသည်။ ထို့နောက် သုတေသန ပညာရှင် Garlick က တရုတ်အစိုးရအနေဖြင့် CPEC အား ၎င်းနိုင်ငံနှင့် ဒေသအတွက် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများထပ်မံရရှိမည့် စီမံကိန်းအဖြစ်ယုံကြည်ခြင်းမရှိတော့ဟု ပြောကြားထားပါသည်။
ပါကစ္စတန်နိုင်ငံမှ သုတေသနပညာရှင် Cheema ကမူ ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံ၏ တောင်အာရှဈေးကွက်အတွက် အရေးပါသည့်နိုင်ငံဖြစ်ပြီး တရုတ် ရင်းနှီးမြှုပ်နှံသူများအတွက် အရေးပါလျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲပြီးနောက်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်လုပ်ဆောင်လာနိုင်သည်ဟု ပြောကြားထားပါသည်။ တစ်ဖက်တွင်လည်း သုတေသနပညာရှင် Garlick က တရုတ်နိုင်ငံအနေဖြင့် ကာလ ရှည်ကြာရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပြီးနောက် ပါကစ္စတန်နိုင်ငံအား မွေးရာပါ နိုင်ငံရေးမတည်ငြိမ်သည့်နိုင်ငံအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်းနှင့် တည်ငြိမ်သည့်စီးပွားရေးတိုးတက်မှုများ ရရှိနိုင်မည်ဟု မယုံကြည်တော့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ၁၉၅၁ ခုနှစ်တွင် သံတမန်ဆက်ဆံရေးကို တည်ထောင်ခဲ့ကြပြီး ၎င်းကာလများအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများလည်း လုပ်ဆောင်ခဲ့ကြပါသည်။ ထို့နောက် ၁၉၇၀ ပြည့်နှစ်များတွင် နှစ်နိုင်ငံအကြား ခိုင်မာ အားကောင်းသည့် စီးပွားရေးမိတ်ဖက်လုပ်ငန်းများကို စတင်နိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် များတွင် မဟာဗျူဟာမြောက်သည့် စီးပွားဖက်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ထိုအချိန်တွင် တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ အခြေခံအဆောက်အဦ၊ ဆက်သွယ်ရေး၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာ ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ပိုးလမ်းမစီမံကိန်းအောက်မှ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ(China-Pakistan Economic Corridor -CPEC)ကို စတင်အကောင်အထည် ဖော်ခဲ့ပြီး တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်လာကာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အများအပြား လုပ်ဆောင်ခဲ့ကြပါသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Imran Khan နှင့် ၎င်းအစိုးရအဖွဲ့ ဖြုတ်ချခံခဲ့ရပြီးနောက် ပါကစ္စတန်နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ ထိုသို့ ဖြုတ်ချမှု၏ နောက်ကွယ်တွင် အမေရိကန်နိုင်ငံရှိနေသည် ဟူသော သုံးသပ်ချက်များလည်းထွက်ပေါ်ခဲ့ပြီး[2] ပါကစ္စတန်နိုင်ငံအတွင်း တရုတ်စီးပွားရေး လုပ်ငန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ တရုတ်နိုင်ငံသားများအတွက် လုံခြုံရေး အာမခံချက် မရှိမှု၊ အကြမ်းဖက်ဗုံးခွဲမှုများ မြင့်တက်နေပြီး နိုင်ငံရေး တည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုဆိုင်ရာ အာမခံချက်မရှိခြင်း၊ အကြွေးမဆပ်နိုင်ခြင်းနှင့် အကျင့်ပျက် ခြစားမှုစသည့် ပြဿနာရပ်များကြောင့် ပါကစ္စတန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ခေတ္တရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်နိုင်ပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုက်သည့် ငွေများအား နိုင်ငံရေးသမားများနှင့် အစိုးရတာဝန်ရှိသူများကလာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့အောင်နိုင်ရေးအတွက် အသုံးချသွားမည်ကို စိုးရိမ် နေခြင်း ဖြစ်ပါသည်။
သို့သော်လည်း ဆောင်းပါးတွင် ဖော်ပြထားသကဲ့သို့ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံအား လုံးဝပစ်ပယ်ထားလိုက်သည့်နီးနီး အယူအဆမှာ အစွန်းရောက်နေပြီးပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံကဲ့သို့ပင် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်သည့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံအား ပိတ်ဆို့ထိန်းညှိရန်နှင့် ဒေသအတွင်း စီးပွားရေးအကျိုးအမြတ်ဖြန့်ကြက်နိုင်ရန် အရေး ပါသည့် နေရာတွင်ရှိနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ တရုတ်နိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အခြားချမ်းသာသောဒေသတွင်း နိုင်ငံများနှင့် စီးပွားဆက်ဆံရေးတည်ဆောက်လာခြင်း၊ ပါကစ္စတန်နိုင်ငံ၏ နိုင်ငံရေး ရေချိန်ကို စောင့်ကြည့်နေခြင်းတို့ကြောင့် လက်ရှိဦးစားပေးနေရာမှ လျော့ကျနေသည်ဟုသာ သုံးသပ်ရပါသည်။
ယခုအခါ တရုတ်နိုင်ငံသည် ၎င်းကိုယ်တိုင်စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရ သောကြောင့် ၎င်း၏ BRI စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ယခင်ကထက် ၎င်း၏ ရေရှည်အကျိုးစီးပွားအား အလေးထားလာကာ ပိုမိုတင်းကျပ်စိစစ်သည့်မူဝါဒကို ကျင့်သုံးလာပြီး ဆုံးရှုံးမှုဖြစ်လာနိုင်သည့်အခြေအနေတွင် စွန့်စားမှုယူရန် ခဲယဉ်းလာပါသည်။ ထိုမူဝါဒမှာ သမ္မတ ရှီကျင့်ဖျင်၏ ပြည်တွင်းညီညွတ်ရေးနှင့် တည်ငြိမ်ရေးကို ပိုမိုအာရုံစိုက်လာသည့် နိုင်ငံခြားရေးမူဝါဒသာမက နိုင်ငံတွင်း စီးပွားရေးတုံ့ဆိုင်းနေမှုများနှင့်လည်း ဆက်စပ်နေနိုင်ကြောင်း သုံးသပ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ မိမိနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နေသည့် မည်သည့်နိုင်ငံမဆို ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ မဆုံးရှုံးစေရန်နှင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရန်သာ မျှော်တွေးမည်ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ဖော်ဆောင်ထိန်းညှိနိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
127101223
[1]။ ADNAN AAMIR. “China spurned Pakistan's proposals for new Belt and Road projects”. Nikkei Asia. October 2, 2023, [https://asia.nikkei.com/.../China-spurned-Pakistan-s... ]-accessed on 5 October 2023.

[2]။ Ryan Grim, Murtaza Hussain. “PAKISTAN CONFIRMS SECRET DIPLOMATIC CABLE SHOWING U.S. PRESSURE TO REMOVE IMRAN KHAN”. The Intercept. August 16 2023 [https://theintercept.com/.../imran-khan-cable.../]-accessed on 5 October 2023

Tuesday, October 10, 2023

ဉာဏ်ရည်တုနည်းပညာ (AI) ကဏ္ဍတွင် အမေရိကန်နိုင်ငံ၏ ကမ္ဘာ့ဦးဆောင်မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ



နိဒါန်း

အမေရိကန်နိုင်ငံသည် ကမ္ဘာ့ဦးဆောင်မှုအခန်းကဏ္ဍကိုထိန်းသိမ်းရန် ကြိုးပမ်းရာတွင် ကုန်သွယ်ရေးကိစ္စရပ်တစ်ခုတည်းအပေါ်တွင်သာ အမှီသဟဲ ပြုနေရုံမျှဖြင့် မိတ်ဖက်နိုင်ငံများကို စည်းရုံးနိုင်မည်မဟုတ်ဘဲ အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် AI နှင့် ပတ်သက်သည့် မူဝါဒများကို ဦးစားပေးရန် လိုအပ်လာသည်ဟူသော အကြံပြုချက်များနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။[1]

ဖော်ပြချက်

ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နိုင်ငံ၏ အောင်မြင်လာမှုကြောင့် အမေရိကန် ဈေးကွက်အတွင်းသို့ ဝင်ရောက်လိုသည့်နိုင်ငံများကို အမေရိကန်နိုင်ငံ၏ လုံခြုံရေး အကျိုးစီးပွားအား လိုက်နာစေသည်အထိ စွမ်းဆောင်နိုင်ခဲ့ပါသည်။ Rules-Based Order အရ နိုင်ငံငယ်များ၏ အချုပ်အခြာအာဏာကို ကာကွယ်ပေးခြင်းနှင့် အပြန်အလှန် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် Liberal International Order သည် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်၏ အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါသည်။ အဆိုပါအချက်ကြောင့် ရာနှင့်ချီသောနိုင်ငံများသည် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ခဲ့ပြီး အင်အားကြီးနိုင်ငံများအကြား စစ်မက်ဖြစ်ပွားမှုလည်း လျော့နည်းလာခဲ့ပါသည်။ စစ်အေး ကာလတွင် ဆိုဗီယက်ပြည်ထောင်စုအနေဖြင့် အနောက်အုပ်စုဝင်နိုင်ငံများ၏ တိုးတက်လာမှု များကို မယှဉ်ပြိုင်နိုင်သည့်အတွက် အဆိုပါကာလတွင် အမေရိကန်နိုင်ငံက အနိုင်ရရှိခဲ့ပြီး စစ်အေးကာလအဆုံးသတ်ခဲ့ပါသည်။

၃။ ထိုကာလအတွင်း အမေရိကန်နိုင်ငံနှင့် စီးပွားရေးအကျိုးအမြတ်အတွက် ပူးပေါင်းဆောင်ရွက်လိုသည့် နိုင်ငံများသည် အပြန်အလှန်အားဖြင့် အမေရိကန်နိုင်ငံ၏ လုံခြုံရေးအကျိုးအမြတ်ကိုလည်း ချိန်ညှိဆောင်ရွက်ခဲ့ရပါသည်။ အဓိကဆိုလိုရင်းမှာ နိုင်ငံများအနေဖြင့် အမေရိကန်နိုင်ငံနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မည် ဆိုပါက ကွန်မြူနစ်ဆန့်ကျင်ရေး သဘောထားများနှင့် ဆိုဗီယက်ပြည်ထောင်စုကို မဟာဗျူဟာမြောက် ယှဉ်ပြိုင်လိုသော သဘောထားများပါဝင်သည့် နိုင်ငံခြားရေး မူဝါဒအား ထောက်ခံခဲ့ရပါသည်။ ဗီယက်နမ်စစ်ပွဲအစတွင် အမေရိကန်နိုင်ငံ၏ တစ်ကမ္ဘာလုံး ဆိုင်ရာ GDP သည် ၃၈ ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ခဲ့သည့် နိုင်ငံများသည်လည်း ကြွယ်ဝချမ်းသာခဲ့ကြပါသည်။ ထိုအချိန်တွင် ကွန်မြူနစ်နိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် ဆိုဗီယက်ပြည်ထောင်စုနှင့် ဆက်ဆံရေးမှ ခွဲထွက် ခဲ့ပြီး စီးပွားရေးအင်အားကောင်းမွန်သည့် အမေရိကန်နိုင်ငံနှင့် လိုက်လျောညီထွေ ဆောင်ရွက်ခဲ့သည့်အတွက် ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။

ယနေ့ခေတ်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးအင်အားသည် စစ်အေးခေတ် ကာလကဲ့သို့ အားကောင်းခြင်းမရှိတော့ပါ။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်နေဆဲဖြစ်သော်လည်း စစ်အေးခေတ်ကဲ့သို့ မဟာဗျူဟာမြောက် မိတ်ဖက်များကို ထိန်းသိမ်းနိုင်သည့်အခြေအနေမျိုးမရှိတော့သည်ကို တွေ့ရသည်။ အဆိုပါအချက် အတွက် အကြောင်းပြချက် ၂ ချက်ရှိပါသည်။ ပထမအချက်အနေဖြင့် တရုတ်နိုင်ငံ၏ GDP သည် အကြမ်းဖျင်းအားဖြင့် အမေရိကန်နိုင်ငံ GDP ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိနေပြီး စစ်အေးကာလအတွင်းက ဆိုဗီယက်ပြည်ထောင်စု၏ စီးပွားရေးနှင့်နှိုင်းယှဉ်လျှင်တရုတ်နိုင်ငံ၏စီးပွားရေးမှာ အင်အားကောင်းမွန်လျက်ရှိပါသည်။ ဒုတိယအချက် အနေဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်သည် အောင်မြင်နေသော်လည်း အဆိုပါ ဖြစ်စဉ်ကြောင့်ပင် လွတ်လပ်စွာကုန်သွယ်မှုမှာ အဆုံးသတ်သွားခဲ့ရပါသည်။ အမေရိကန် နိုင်ငံ၏ နိုင်ငံရေးပါတီနှစ်ရပ်စလုံးသည် ကုန်သွယ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆောင်ရွက်ချက်ဖြစ်သည့် CPTPP ကို စိတ်ပါဝင်စားမှုမရှိကြပါ။ ၎င်းအစား အမေရိကန် နိုင်ငံသည် ဉာဏ်ရည်တု(Artifical Intelligence) နည်းပညာနယ်ပယ်အသစ်ကို တည်ထောင်သင့်ကြောင်းနှင့် နည်းပညာများကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေနိုင်မည်ဟု ဆိုပါသည်။ အမေရိကန်နိုင်ငံသည် AI နည်းပညာနှင့်ပတ်သက်သည့် လုပ်ငန်းများတွင် ငွေကြေးအမြောက်အမြား ရင်းနှီး မြှုပ်နှံထားပြီး အမေရိကန်ကုမ္ပဏီများသည် ကမ္ဘာ့တစ်ဝန်းရှိ တစ်ပိုင်းလျှပ်ကူး ပစ္စည်းထုတ်လုပ်မှု၏ ၅ ပုံ ၂ ပုံကို ထုတ်လုပ်လျက်ရှိသည်ဟု ဆိုပါသည်။

အမေရိကန်နိုင်ငံ၏ သံတမန်ရေးရာ ဆောင်ရွက်ချက်များသည် ကုန်သွယ်ရေး ကဏ္ဍအား ဦးစားပေးထားရာမှတစ်ဆင့် AI နည်းပညာသို့ ကူးပြောင်းသင့်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းက အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားကို မြှင့်တင်ခြင်းအတွက် များစွာအရေးပါကြောင်းနှင့် လတ်တလောဆောင်ရွက်သင့်သည့် အချက် ၅ ချက် ရှိပါသည်။ ပထမအချက်မှာ အမေရိကန်နိုင်ငံသည် AI ကဏ္ဍနှင့်ပတ်သက်၍ အခြား မဟာမိတ်များအပါအဝင် EU နှင့် မဟာဗျူဟာမြောက် လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက်သင့်ပါသည်။ အမေရိကန်လွှတ်တော်၌ AI နှင့်ပတ်သက်သည့် ဥပဒေ ချမှတ်ခြင်းတွင် EU ၏ AI ဥပဒေများနှင့် လိုက်လျောညီထွေဖြစ်စေရန် အလေးထား ဆောင်ရွက်သင့်ပြီး AI ကဏ္ဍနှင့်ပတ်သက်၍ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း လုပ်ဆောင်၍ မရနိုင်ကြောင်း ဖော်ပြထားပါသည်။

ဒုတိယအချက်အနေဖြင့် အမေရိကန်နိုင်ငံ၏ အချို့မိတ်ဖက်နိုင်ငံများသည် AI ကဏ္ဍ၊ သတင်းအချက်အလက်ကဏ္ဍနှင့်ပတ်သက်၍ ပြည်တွင်းသတင်းအချက်အလက် လုံခြုံရေးကို ဦးစားပေးခြင်းကြောင့် AI ကဏ္ဍနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန် ခက်ခဲနိုင်ပါသည်။ ဥပမာအားဖြင့် အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် သတင်းအချက်အလက်နှင့်နည်းပညာများကို ၎င်းတို့နိုင်ငံအတွင်း၌ပင် တည်ဆောက် ထားရှိရန် ဥပဒေများရှိနေပါသည်။ ထို့ကြောင့် အမေရိကန် AI ကုမ္ပဏီများအနေဖြင့် ထိုကဲ့သို့သော နိုင်ငံများကို AI ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးနိုင်ကြောင်း ပြသရမည်ဖြစ်ပြီး ၎င်းနိုင်ငံများ၏ သတင်းအချက်အလက်လုံခြုံရေး၊ အမျိုးသားလုံခြုံရေးနှင့် ဒေသတွင်း ယှဉ်ပြိုင်မှုကိုလည်း အာမခံပေးရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။

တတိယအချက်အနေဖြင့် အမေရိကန်နိုင်ငံအနေဖြင့် AI ကဏ္ဍနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် Bilateral နှင့် Multilateral စနစ်ကို ကျင့်သုံးပြီး Track 1.5 နှင့် Track 2 ဆွေးနွေးမှုများအား ကျင့်သုံးသင့်သည်ဟု ဆိုသည်။ ထိုနည်းလမ်းများက သမားရိုးကျအစိုးရချင်း ဆက်ဆံရေးတည်ဆောက်ခြင်းထက် ပိုမို ထိရောက်ပြီး ထိုဆွေးနွေးမှုများမှတစ်ဆင့် အမေရိကန်နိုင်ငံ၏ AI နှင့်ပတ်သက်သော သဘောထားများ၊ မူဝါဒများနှင့် စွမ်းဆောင်ရည်များကို ချပြနိုင်ပြီး စိတ်တူကိုယ်တူ နိုင်ငံများကို စုစည်းနိုင်မည်ဖြစ်ပါသည်။ ဆိုရှယ်မီဒီယာနှင့် E-Commerce လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံခြင်းထက် AI နှင့်ပတ်သက်သော စုပေါင်းဆိုက်ဘာလုံခြုံရေး၊ သုတေသနလုပ်ငန်းမြှင့်တင်ခြင်းများ၊ သတင်းအချက်အလက် ဖလှယ်ခြင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။

စတုတ္ထအချက်အနေဖြင့် AI နှင့်ပတ်သက်သော ထုတ်ကုန်များ ကန့်သတ် ရာတွင် API ဆော့ဖ်ဝဲလ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုပါ ကန့်သတ်သင့်သည်ဟု ဆိုပါသည်။AI နှင့်ပတ်သက်သော ပစ္စည်းကိရိယာများ၊ ဆော့ဖ်ဝဲလ်များနှင့် နည်းပညာများသည် အရပ်ဘက်ကဏ္ဍအတွက်သာမက စစ်ဘက်ကဏ္ဍတွင်ပါ ဖျက်အားပြင်းလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ခြင်းကြောင့် AI နှင့် ဆက်စပ်နေသော Hardware နှင့် Software ဝန်ဆောင်မှုလုပ်ငန်းများကိုပါ ထည့်သွင်းရခြင်းဖြစ်ကြောင်း ဖော်ပြထား ပါသည်။

ပဉ္စမအချက်မှာ အမေရိကန်နိုင်ငံအနေဖြင့် AI ၏ ဆိုးကျိုးများနှင့်ပတ်သက်ပြီး လေ့လာသည့် ကဏ္ဍများ၊ ပူးပေါင်းဆောင်ရွက်သည့် ကဏ္ဍများတွင် ရန်သူ/မိတ်ဆွေ ကန့်သတ်မထားသင့်ဟု ဆိုပါသည်။ ထိုကိစ္စရပ်တွင် နိုင်ငံများအားလုံးပူးပေါင်းဆောင်ရွက်မှသာ တွေ့ကြုံလာနိုင်သည့် AI နှင့်ပတ်သက်သော ပျက်စီးဆုံးရှုံးမှုများနှင့် စွန့်စားမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ ထိုသို့ AI ၏ ဆိုးကျိုးများနှင့် စွန့်စားလုပ်ဆောင်ရမှု များအား လေ့လာသည့် သုတေသနလုပ်ငန်းများနှင့် သုတေသနပညာရှင်များကို အားပေးသင့်ပြီး သတင်းအချက်အလက်များ မျှဝေသင့်ကြောင်း အကြံပြုရေးသား ထားပါသည်။

ယခုခေတ်ကာလတွင် စီးပွားရေးအကျိုးအမြတ်နှင့် လုံခြုံရေးအကျိုးအမြတ် တစ်ပြိုင်နက်တည်းရရှိနိုင်ရန်မှာ ၁၉၄၀ ပြည့်နှစ်ကျော်ကာလများကဲ့သို့ပင် အမေရိကန် နိုင်ငံအတွက် အရေးကြီးလျက်ရှိပါသည်။ အမေရိကန်နိုင်ငံဦးဆောင်ခဲ့သည့် ကာလတစ်လျောက် စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများနှင့် လူနေမှုအဆင့်အတန်းမြင့်မားမှုကို ဆောင်ကြဉ်း ပေးနိုင်ခဲ့သော်လည်း သတိပြုရမည့်အချက်မှာ ထိုအောင်မြင်မှုများမှာ အမေရိကန်နိုင်ငံ၏ အင်အားပေါ်တွင်သာ အခြေခံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ယခု AI ကဏ္ဍမှတစ်ဆင့် ကမ္ဘာကြီးအား ဦးဆောင်မှုရရှိရေး ဆောင်ရွက်ရာတွင်လည်း ထိုအချက်ကို အထူးသတိပြုရမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။

တွေ့ရှိသုံးသပ်ချက်

ဆောင်းပါးသည် အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့ဦးဆောင်မှုနေရာကို ထိန်းသိမ်းရန် ကုန်သွယ်မှုကဏ္ဍအား ဦးစားပေးနေခြင်းမှာ အလုပ်မဖြစ်နိုင်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာ AI ဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်မှုယူသင့်ကြောင်း အကြံပြုရေးသားထားခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့နံပါတ်တစ် နေရာကို ရယူလိုနေသည့် တရုတ်နိုင်ငံကဲ့သို့ ပြိုင်ဘက်ပေါ်လာသောကြောင့် စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍကို အမှီပြု၍ ယှဉ်ပြိုင်နေခြင်းမှာ အလုပ်မဖြစ်နိုင်တော့ဘဲ အမေရိကန် နိုင်ငံ၏ ပင်ကိုယ်အားသာချက်ဖြစ်သော နည်းပညာ၊ သုတေသနနှင့် သတင်းအချက်အလက် ကဏ္ဍများတွင် AI ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံအောရင်းနှီးမြှုပ်နှံကာ ကမ္ဘာ့နံပါတ်တစ် နေရာကို ထိန်းသိမ်းသင့်ကြောင့် မဟာဗျူဟာသဘောအရ အကြံပြုရေးသားထားခြင်းဖြစ်ပါသည်။

ထိုကဲ့သို့သော အကြံပြုချက်သည် ယခုအခါမှ လူသိရှင်ကြားထွက်ပေါ်လာခြင်း ဖြစ်သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ဥပမာအားဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အနေဖြင့် AI သုသေတနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ပါသည်။[2] တရုတ်နိုင်ငံအနေဖြင့်လည်း ထိုကာလများကတည်းက AI နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၇ ခုနှစ်တွင် တရုတ်နိုင်ငံ၏ AI ကဏ္ဍရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၃၈.၁ ဘီလီယယံသို့ရောက်ရှိမည်ဟု ခန့်မှန်းနေကြပါသည်။ ထိုပမာဏမှာ ကမ္ဘာ့ AI ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၉ ရာခိုင်နှုန်းသာရှိမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ AI ရင်းနှီး မြှုပ်နှံမှုမှာ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံရှိမည်ဟု ခန့်မှန်း နေကြပါသည်။[3] အမေရိကန်နိုင်ငံအပါအဝင် အခြားနိုင်ငံများ၏ AI ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုများ အလွန်များပြားနေခြင်းကြောင့် ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့် AI ကဏ္ဍတွင် ဦးဆောင်မှုရရှိရန် တိတ်တဆိတ်ပြိုင်ဆိုင်လျက်ရှိကြပါသည်။

ကမ္ဘာ့နိုင်ငံများအတွင်း ယှဉ်ပြိုင်လျက်ရှိသော အနာဂတ်လုံခြုံရေးနှင့် စီးပွားရေး နယ်ပယ်များအတွက် နည်းပညာကဏ္ဍရှိ AI ကြောင့် World Order ပြောင်းလဲမှု ဖြစ်ပေါ် နိုင်သည်အထိ အရေးပါနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ AI ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် ကဏ္ဍရပ်တစ်ခုအနေဖြင့် ပါဝင်နိုင်ရေးနှင့် လိုက်ပါစီးမျောနိုင်ရေးသည်ပင် ထိုနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။

Myanmar Aspect

126101123

[1]။ Michael Frank.“ US Leadership in Artificial Intelligence Can Shape the 21st Century Global Order”. The Diplomat, 22 September 2023, [https://thediplomat.com/.../us-leadership-in-artificial...//]

[2]။ “China Is Starting To Edge Out The US In AI Investment”.CBINSIGHTS , February 12, 2019, [https:// www. cbinsights.com/research/china-artificial-intelligence-investment-startups-tech/?campaignid= 15758797084& adgroupid= 135389753487&adid= 572656651898&utm_term=&utm_campaign=PAID_2023_GOOGLE_DYNAMIC_RESEARCH&utm_ source=google&utm_medium=cpc&utm_content=adwords-dsa-research&hsa_ tgt=dsa- 393993048853&hsa_ grp= 135389753487&hsa_src=g&hsa_net=adwords&hsa_mt=&hsa_ver=3&hsa_ad=572656651898&hsa_acc=5728918340&has_kw= &hsa_cam= 15758797084&gclid= Cj0KCQjwmvSoBhDOARIsAK6aV7gL2ZYJ9V_76 MfdNwt1 GSfofloGzvsI M62ffqJ_ aN6mimgQF-xWkRYaAhIREALw_wcB]

[3]။ “AI investment forecast to approach $200 billion globally by 2025”.Gold man Sachs, 01 AUG 2023 , [https:// www.goldmansachs.com/ intelligence/ pages/ ai-investment-forecast-to-approach-200-billionglobally-by-2025. html]

Monday, October 9, 2023

အစ္စရေးနိုင်ငံတွင် ကြုံတွေ့နေရသည့် အကြမ်းဖက်တိုက်ခိုက်မှုကို ကမ္ဘာ့နိုင်ငံများက တုံ့ပြန်မှုများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အစ္စရေးနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဟားမက်စ်စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုအပေါ် အာရှဒေသတွင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ တုံ့ပြန်မှုများနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အာရှဒေသနိုင်ငံများ၏ အစိုးရများသည် အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးနိုင်ငံ၌ဖြစ်ပွားခဲ့သည့် ဟားမက်စ်စစ်သွေးကြွများ၏ အလစ်အငိုက်အကြမ်းဖက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ အမျိုးမျိုးသောဝေဖန်မှုများ ပြုလုပ်ခဲ့ကြသော်လည်း အဆိုပါ တိုက်ခိုက်မှုကို တစ်ညီတစ်ညွတ်တည်းနီးပါးရှုတ်ချခဲ့ပြီး အကြမ်းဖက် ဖြစ်စဉ်ကြောင့် လူအသေအပျောက်နှုန်း မြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိပါသည်။ ဂါဇာကမ်းမြောင် ဒေသမှ စစ်သွေးကြွများသည် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် အစ္စရေး နိုင်ငံတောင်ပိုင်းနယ်မြေအတွင်းသို့လည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါသည်။ အစ္စရေး စစ်ဘက်၏ ပြောကြားချက်များအရ အစ္စရေးနိုင်ငံအတွင်းရှိ မြို့ပေါင်း ၂၂ မြို့တွင် စစ်သွေးကြွများရောက်ရှိနေပြီး ပြည်သူ ၃၀၀ ဦးထက်မနည်း အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ ထို့ပြင် အချို့သောအရပ်သားများနှင့် အစ္စရေးတပ်ဖွဲ့ဝင်များမှာ ပြန်ပေးဆွဲခံခဲ့ရကြောင်းနှင့် မြို့များကိုလည်း ထောင်ပေါင်းများစွာသော ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသည်။ ဟားမက်စ်စစ်သွေးကြွများ၏ အလစ်အငိုက်တိုက်ခိုက်မှုသည် အစ္စရေးထောက်လှမ်းရေး၏ အားနည်းချက်ကြောင့်ဖြစ်သည်ဟု ဝေဖန်မှုများလည်းရှိနေပါသည်။
အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu က စစ်သွေးကြွများ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် အစ္စရေးနိုင်ငံ စစ်ဖြစ်နေပြီဟု ကြေညာခဲ့ပါသည်။ အစ္စရေးစစ်ဘက်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် လူ ၂၃၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အစ္စရေးနိုင်ငံ အလစ်အငိုက် အကြမ်းဖက်တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ အာရှဒေသတွင်း နိုင်ငံ များက ပြစ်တင်ဝေဖန်သည့် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Nerendra Modi က ၎င်း၏ X (Twitter) လူမှုကွန်ရက် စာမျက်နှာတွင် အစ္စရေးနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အလွန်အမင်း တုန်လှုပ်မိပါကြောင်း၊ အစ္စရေးနိုင်ငံအခက်အခဲများဖြင့် ရင်ဆိုင်နေရချိန်တွင် အိန္ဒိယနိုင်ငံ အနေဖြင့် အစ္စရေးနိုင်ငံနှင့်အတူတကွ ရပ်တည်သွားမည်ဖြစ်ကြောင်း ဆိုပါသည်။ ယူကရိန်းနိုင်ငံ အရေးနှင့်ပတ်သက်ပြီး ကြားနေနိုင်ငံခြားရေးမူဝါဒ(Fence-Sitting Foreign Policy) ကျင့်သုံးခဲ့သည့် အိန္ဒိယနိုင်ငံအတွက် ယခုထုတ်ပြန်ချက်တွင် ခိုင်မာသည့် သဘောထားများ ပါဝင်နေကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးနိုင်ငံတွင် အကြမ်းဖက်တိုက် ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိပြီး နှစ်ဖက်စလုံးမှ ရန်လိုမှုများကို အလျင်အမြန်ရပ်တန့်ရန်၊ အရပ်သားများနှင့် နောက်ထပ်ပျက်စီးယိုယွင်း လာနိုင်သည့် အခြေအနေများကို ကာကွယ်ထိန်းသိမ်းရန်နှင့် နှစ်ဖက်အဖွဲ့များအနေဖြင့် အခြေအနေအရပ်ရပ်ကို တည်ငြိမ်စွာဖြေရှင်းရန် လိုအပ်သည်ဟု တောင်းဆိုမှုများ ပြုလုပ် ခဲ့ပါသည်။ အစ္စရေးနှင့် ပါလက်စတိုင်းတို့သည် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလတွင် အော်စလိုသဘောတူညီချက်(Oslo Accords)ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးရရှိရန် ထိန်းသိမ်းဆောင်ရွက်နေသည်မှာ နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ သို့သော် Netanyahu ဦးဆောင်သော ကွန်ဆာဗေးတစ်အစ္စရေးညွန့်ပေါင်း အစိုးရနှင့် ဂါဇာဒေသကို ထိန်းချုပ်ထားသည့် ဟားမက်စ်စစ်သွေးကြွများအကြား လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံကို တည်ထောင်ပေးမည့် Two-State Solution သည် အကောင်အထည်ဖော်ရန် အလားအလာနည်းပါးလျက်ရှိပါသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့နိုင်ငံအနေဖြင့် ဟားမက်စ်တို့၏ ဒုံးကျည်နှင့် ပစ်ခတ်အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများ ထိခိုက် သေဆုံးခဲ့မှုအပေါ် ပြင်းထန်စွာရှုတ်ချခဲ့ကြပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများကို အလျင်အမြန်အဆုံးသတ်ရန်နှင့် ပဋိပက္ခတွင် ပါဝင်နေသူများအနေဖြင့် ပြည်သူများ၏ လုံခြုံရေးကို အတတ်နိုင်ဆုံးကာကွယ်ပေးရန် လိုအပ်သည်ဟု တောင်းဆိုမှုများ ပြုလုပ် ခဲ့ပြီး ထိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Jakkapong Sangmanee ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဟားမက်စ်များ ကျူးလွန်ခဲ့သည့် မဆင်မခြင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အသက်ပေါင်းများစွာဆုံးရှုံးခဲ့မှုကို ရှုတ်ချပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံရှိ ထိုင်းနိုင်ငံသားများကို အကာအကွယ်ပေးရေးအတွက်တတ်စွမ်းသမျှ လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြောင်း၊ Bangkok Post သတင်း ဌာန၏ ဖော်ပြချက်အရ အစ္စရေးနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံသား ၂၅,၀၀၀ ခန့်ရှိကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသား တစ်ဦးသည် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း (ယခုအခါ ၁၂ ဦး သေဆုံးသည်ဟု သိရှိရ[2])၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း ထိုင်းနိုင်ငံသားနှစ်ဦး အဖမ်းခံ ခဲ့ရဖူးသည့် သမိုင်းကြောင်းလည်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နီပေါနိုင်ငံအနေဖြင့် အစ္စရေးနှင့် အတူတကွရပ်တည်သွားမည်ဖြစ်ကြောင်း၊ နီပေါနိုင်ငံသား ၁၄ ဦး အလုပ် လုပ်ကိုင်လျက်ရှိသည့်နေရာတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ၉ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်းနှင့် နှစ်ဦးမှာစိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဟားမက်စ်နှင့် အခြားသော ပါလက်စတိုင်းစစ်သွေးကြွများ၏ အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် အစ္စရေးနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း၊ ထိခိုက်သေဆုံးမှုများအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် တိုက်ခိုက်မှုများကို အစွမ်းကုန်ထိန်းသိမ်းဆောင်ရွက်ကြရန် တောင်းဆိုထားပါသည်။ အမေရိကန်နိုင်ငံသမ္မတ Joe Biden ကလည်း ဟားမက်စ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုသည် စိတ်ပျက်ဖွယ် ကောင်းကြောင်း၊ ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံကို သင့်လျော်သည့်အထောက်အပံ့များပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် တိုက်ခိုက်မှုသည် မသင့်လျော်သည့်နည်းလမ်းဖြစ်သည်ဟု ဖော်ပြထားပြီး အစ္စရေးနိုင်ငံ အနေဖြင့် နိုင်ငံနှင့် ပြည်သူကို ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုများကြောင့် ပါလက်စတိုင်းအပေါ်တွင် ယခင်က စာနာထောက်ထားခဲ့ကြသည့်နိုင်ငံများ၏ အမြင်များ ပြောင်းလဲလာခဲ့သည်ဟု ဆိုသည်။ အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေးမရှိသော မွတ်ဆလင်လူမျိုးအများဆုံးနေထိုင်သည့် ပါကစ္စတန်နိုင်ငံ၏ အိမ်စောင့်အစိုးရဝန်ကြီးချုပ် Anwaar ul Haq Kakar ကလည်း ကြားနေသဘောထားတစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှု ပြင်းထန်စွာဖြစ်ပွားခဲ့သည့်အတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ အဆိုပါတိုက်ခိုက်မှုက ပါလက်စတိုင်းအရေးကို အလျင်အမြန်ဖြေရှင်းရန် လိုအပ်နေ သည်ဟု မီးမောင်းထိုးပြနေကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်နှင့် အရပ်သားများကို ကာကွယ်ရန် တိုက်တွန်းပါကြောင်း၊ Two-State Solution သည် ပါလက်စတိုင်း-အစ္စရေးအရေးအတွက် အဓိကငြိမ်းချမ်းရေး ဖော်ဆောင်ပေးမည့် နည်းလမ်းဖြစ်ကြောင်း၊ အဆိုပါအချက်သည် Israel pre-1967 border (Green Line) ပေါ်တွင် အခြေခံသင့်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်တွင် အစ္စရေးနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်တည်ထောင်ခဲ့ပြီး Abraham Accords မိတ်ဖက်နိုင်ငံဟောင်းဖြစ်သည့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)သည် အကြမ်းဖက်တိုက်ခိုက်မှု ပြင်းထန် လာခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း၊ ပဋိပက္ခကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှု များအတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ UAE နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အပစ်အခတ်ရပ်စဲမှုများကို အလျင်အမြန်ပြုလုပ်ရန်နှင့် နှစ်ဖက်အဖွဲ့များကို တရားမျှတပြီး အပြုသဘောဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ကြိုးပမ်းသင့်သည်ဟု တိုက်တွန်း ထားပါသည်။ အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖော်ဆောင်ထားပြီး ပါလက်စတိုင်း အရေးနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေလေ့ရှိသည့် တူကီယဲနိုင်ငံက အလွန်အမင်း စိတ်မကောင်းဖြစ်မိပါကြောင်းနှင့် ထပ်မံဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်မှုများကို ရှောင်ရှားနိုင်ရန် အကူအညီများပေးလိုသည်ဟု ဖော်ပြထားပါသည်။
ယခုပဋိပက္ခနှင့် အစ္စရေးနိုင်ငံဘက်မှ ပြုလုပ်လာနိုင်သော ပြင်းထန်သည့် လက်တုံ့ပြန်မှုများက အရှေ့အလယ်ပိုင်း အင်အားကြီးနိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျ နိုင်ငံဆီသို့ ကူးစက်လာနိုင်သည်ဟု ဆိုသည်။ ဆော်ဒီအာရေဗျနိုင်ငံကဲ့သို့ မွတ်ဆလင်လူမျိုးများ အများဆုံးနေထိုင်သည့်နိုင်ငံများသည် ဂျူးလူမျိုးအများဆုံးနေထိုင်သည့် အစ္စရေးနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ဖော်ဆောင်ထားခြင်းမရှိပါ။ သို့သော် ဆော်ဒီအာရေဗျနှင့် အစ္စရေးနိုင်ငံအကြားတွင် အမေရိကန်နိုင်ငံက ကမကထပြု ဖော်ဆောင်ပေးထားသည့် ဆက်ဆံရေးတစ်ရပ်ရှိနေပါသည်။ အိန္ဒိယနိုင်ငံတွင် ပြုလုပ်ခဲ့သည့် G-20 တွင် ကြေညာ ခဲ့သည့် India-Middle East – Europe Economic Corridor (IMEC) စီမံကိန်းဖြင့် အဆိုပါ နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်ထားကြောင်း၊ ဝန်ကြီးချုပ် Neranyahu ၏ အမျိုးသားလုံခြုံရေးအကြံပေး Tzachi Hanegbi က IMEC သည် ဆော်ဒီအာရေဗျနှင့် အစ္စရေးနိုင်ငံတို့အကြားတွင် ပုံမှန်သံတမန်ဆက်ဆံရေး ရှိနေသည် ဆိုသည့်အချက်ကို ပြသနေသည်ဟု ပြောကြားခဲ့ပါသည်။ သို့သော် ယခုဖြစ်ပွားနေသည့် ပဋိပက္ခက အဆိုပါ ပုံမှန်သံတမန်ဆက်ဆံရေးအတွက် မေးခွန်းထုတ်စရာဖြစ်လာကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အခြားသောကမ္ဘာ့နိုင်ငံများနည်းတူ အရပ်သားများကို ကာကွယ်ရန် တောင်းဆိုထားကြောင်း၊ သို့သော်လည်း တောင်းဆိုချက်သည် အစ္စရေးနိုင်ငံအပေါ်တွင် ပြစ်တင်ဝေဖန်မှုပြုလုပ်သည့် သဘောသက်ရောက်လျက်ရှိပါသည်။ ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံက အစ္စရေးနိုင်ငံ၏ နယ်မြေသိမ်းပိုက်မှုများ၊ ပါလက်စတိုင်းလူမျိုးများ၏ တရားဝင်အခွင့်အရေး ဆုံးရှုံးမှုများနှင့် ထိလွယ်ရှလွယ်သည့် အခြေအနေများကို မီးလောင်ရာလေပင့် ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့်ပတ်သက်ပြီး သတိပေးပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ဖော်ပြထားသည့် အာရှဒေသတွင်းနိုင်ငံများအပြင် အခြားသော နိုင်ငံများ၏ သဘောထားထုတ်ပြန်ချက်များတွင် အစ္စရေးနိုင်ငံ၏ အကြမ်းဖက် တိုက်ခိုက် ခံရမှုအပေါ် တုံ့ပြန်မှုများနှင့်ပတ်သက်၍ ကွဲလွဲမှုအချို့ရှိနေသည်ကို တွေ့ရှိရပါသည်။ အစ္စရေး-ပါလက်စတိုင်း နယ်မြေပိုင်ဆိုင်မှု ပြဿနာရပ်များသည် ၁၉၄၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ဂျူးလူမျိုးများ အစ္စရေးနိုင်ငံ စတင်ထူထောင်သည့်အချိန်ကတည်းက စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်အထိ နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုများ ဖြစ်ပေါ် လျက်ရှိပါသည်။ ယခုတစ်ကြိမ် ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်မှုတွင် အစ္စရေးနိုင်ငံဘက်မှ ထိခိုက်ဆုံးရှုံးမှုများပြားခဲ့ပြီး ရာထူးကြီးခေါင်းဆောင်များ အပါအဝင် စစ်ဘက်တပ်ဖွဲ့ဝင်များ ဓားစာခံအဖြစ် အမြောက်အမြား ဖမ်းဆီးခေါ်ဆောင်သွားခံရခြင်းက အနာဂတ်သုံ့ပန်း လဲလှယ်ရေးကိစ္စရပ်များတွင် ဟာမက်စ်တို့ဘက်မှ အရေးသာနိုင်သည်ဟု ယူဆရပါသည်။
သို့သော်လည်း ပြင်းထန်စွာလက်တုံ့ပြန်တတ်သည့် အစ္စရေးနိုင်ငံ၏မူအရ ပါလက်စတိုင်းတို့ ဘက်မှလည်း ထိခိုက်ကျဆုံးမှုများ အလွန်များပြားနေကြောင်းလည်း တွေ့ရှိရပါသည်။ နိုင်ငံတကာသတင်းများတွင် နှစ်ဖက်သေဆုံးမှု လူ ၁,၀၀၀ ကျော်ခန့်နှင့် ဒဏ်ရာရရှိသူ ၅,၀၀၀ ခန့်ရှိပြီဟု ဆိုနေကြသော်လည်း[3] ပစ်ခတ်သည့်လက်နက်ကြီး အရေအတွက်နှင့် အပျက်အစီးများကို ကြည့်ခြင်းအားဖြင့် မြေပြင်တွင် သေဆုံး၊ ဒဏ်ရာရအရေအတွက်မှာသတင်းများတွင် ဖော်ပြခြင်းထက် ပို၍များပြားနိုင်သည်ဟု ယူဆရပါသည်။
လက်ရှိ ပဋိပက္ခတွင် အစ္စရေးနိုင်ငံဝန်ကြီးချုပ်က “Citizens of Israel, we are at war – not in an operation, not in rounds – at war”[4] ဟု တပ်လှန့်နေသည်ကို ကြည့်ခြင်းဖြင့် ယခုပဋိပက္ခအား အလုံးစုံစစ်ပွဲကြီးတစ်ခုအနေဖြင့် သတ်မှတ်လိုက်ပြီ ဖြစ်၍ ရုရှား-ယူကရိန်း ပဋိပက္ခကဲ့သို့ပင် အနိုင်/အရှုံးကွဲပြားသည်အထိ တိုက်ခိုက်ရန် ရှိပြီး ပြည်ပနိုင်ငံများ၏ နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေးအရ ထောက်ခံမှုများ ပါဝင် လာတော့မည်ဖြစ်ပါသည်။ ယခုစစ်ပွဲနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏ သဘောထားကို လေ့လာရာတွင် သမ္မတ ပူတင်က နှစ်ဖက်စလုံးမှ ချက်ချင်းအပစ်အခတ်ရပ်စဲကြရန် ပြောကြားခဲ့သော်လည်း ၁၉၆၇ ခုနှစ်က သတ်မှတ်ထားသည့် နယ်နိမိတ်အပေါ်တွင်သာ မူတည်၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တည်ဆောက်မှုအား ထောက်ခံကြောင်း ပြောကြားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ရုရှားနိုင်ငံ၏ ရပ်တည်ချက်မှာ ပါလက်စတိုင်းဘက်မှရှိနေကြောင်း တွေ့ရှိရပါသည်။[5] ယခုဆောင်းပါးတွင် ဖော်ပြထားသော တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာလည်း တုံ့ပြန်မှုနှင့်ပတ်သက်၍ ဖော်ပြချက်မှာ သံတမန်ရေးစကားလုံးများ ကိုသာ ဖော်ပြထားသော်လည်း တရုတ်နိုင်ငံသည် ရုရှားနိုင်ငံကဲ့သို့ပင် ပါလက်စတိုင်းနိုင်ငံဖြစ်တည်မှုအတွက် ရပ်တည်ကြောင်း ဖော်ပြချက်များကိုလည်း တွေ့ရှိရပါသည်။[6]
ထို့ကြောင့် CNN ကဲ့သို့သော အနောက်အုပ်စုမီဒီယာများတွင် ယခုဟားမက်စ် စစ်သွေးကြွ များ၏ တိုက်ခိုက်မှုနောက်ကွယ်တွင် ရုရှား၊ တရုတ်နှင့် အီရန်နိုင်ငံတို့ ရှိနေကြောင်း ပြောကြားချက်များလည်း ထွက်ပေါ်လာပြီး[7] ပါလက်စတိုင်းကို ထောက်ခံနေသည့် အရှေ့အလယ်ပိုင်း မွတ်စလင်နိုင်ငံအတော်များများသည်လည်း တရားဝင်ထုတ်ဖော်မပြောကြ သော်လည်းပါလက်စတိုင်းအား ထောက်ခံနေကြခြင်းကြောင့် ရုရှား-ယူကရိန်း ပဋိပက္ခ ကဲ့သို့ပင် ဒုတိယ Proxy War အကြီးစားတစ်ခု ထပ်မံဖြစ်ပွားလာပြီဟု ဆိုနိုင်ပါသည်။
အစ္စရေးနှင့် ဟားမက်စ် စစ်ပွဲသည် ယခုချက်ချင်းဖြစ်ပေါ်လာသော ပဋိပက္ခ မဟုတ်ဘဲ အစ္စရေးနိုင်ငံပေါ်ပေါက်လာခြင်းနှင့်အတူ ဂျူးလူမျိုးများနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သော အာရပ်လူမျိုးများ၏ ဘာသာရေးနှင့် လူမျိုးရေးဆန်ပြီး နှစ်ဦးနှစ်ဖက် အပြစ်မဲ့ပြည်သူလူထုပါမကျန် အမြစ်ဖြတ်ချေမှုန်းသုတ်သင်သော အာဃာတရှိသည့် ရက်စက်ကြမ်းကြုတ်သော စစ်ရေးပဋိပက္ခတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှလည်း နှစ်ဖက် စလုံးအား ထောက်ခံ/ရှုတ်ချသော သဘောထားများကို သံတမန်ရေးအသုံးအနှုံးများဖြင့် ထုတ်ဖော်ပြောဆိုလာသော်လည်း ပါလက်စတိုင်းတို့၏ ဖြစ်တည်မှုကို ထောက်ခံသောနိုင်ငံများနှင့် အစ္စရေးကို ထောက်ခံသောနိုင်ငံများဟူ၍ ကွဲပြားနေကြပါသည်။
ယနေ့ကမ္ဘာ့နိုင်ငံရေးနှင့် စစ်ရေးမီးတောက်များသည် အလွယ်တကူနှင့် ပြီးဆုံးကြမည်မဟုတ်ဘဲ လူအမြောက်အများသေကြေပျက်စီးရသည့် ကိုယ်စားစစ်ပွဲကြီးများနှင့် စူပါပါဝါနိုင်ငံများချင်း တိုက်ရိုက်ဖြစ်ပွားသည့် စစ်ပွဲများပါ ဖြစ်ပေါ်လာနိုင်ချေရှိခြင်းကြောင့် တတိယနိုင်ငံများအနေဖြင့် ကြားမညပ်စေရေး၊ စစ်ပွဲများ၏ ဦးတည်ရာဖြစ်မလာစေရေးသည်သာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
125101023
[1]။ JAMES HAND-CUKIERMAN,“ Israel crisis sparks worry in Asia, from India to Thailand”. Nikkei Asia. 8 Oct 2023, [/https://asia.nikkei.com/.../Israel-crisis-sparks-worry-in... on 9 Oct 2023.
[2]။ KOSUKE INOUE. “Thailand readies Israel evacuation as 12 nationals killed”.Nikkei Asia, 9 Oct 2023, [https://asia.nikkei.com/.../Thailand-readies-Israel... on – 9 Oct 2023
[3]။ “Hamas may still be entering Israel, IDF says, as fighting rages on” The Washington Post, 9 Oct 2023, [https://www.washingtonpost.com/.../israel-hamas-war-gaza.../] accessed on- 9 October 2023
[4]။ Hadas Gold, Richard Allen Greene, Amir Tal, Ibrahim Dahman, Abeer Salman, Kareem Khaddar and Nadeen Ebrahim. “Hamas has launched an unprecedented attack against Israel. Here’s what to know”.CNN, 8 Oct 2023, [https://edition.cnn.com/.../israel-hamas.../index.html...: text=Hamas%20has%20over%20the%20years,archenemy%20Iran%20of%20backing%20Hamas.] accessed on 9 October 2023
[5]။ “Putin Renews Support For 'Independent Palestine'; Russia For Ceasefire Amid Israel-Hamas War.”Hindustan Times,8 Oct 2023, [https://www.youtube.com/watch?v=UP5h1m8KMUc] accessed on – 9 October 2023
[6]။ Sam Kim. “China Calls For Ceasefire After Hamas Attack on Israel”. Bloomberg, 8 Oct 2023, [https://www.bloomberg.com/.../china-reiterates-two-state...] accessed on 9 October 2023

[7]။ “Israel Vs Palestine | Israel | Iran-China-Russia's Nexus In Palestine's Attack On Israel”.CNN -News 18 , 8 Oct 2023, [https://www.youtube.com/watch?v=r_EbN5uNAIw] – accessed on 9 October 2023

Sunday, October 8, 2023

Sikh ခွဲထွက်ရေးသမားများအရေးနှင့်ပတ်သက်၍ အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့ ဆက်ဆံရေးတင်းမာလာမှုနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ကနေဒါနိုင်ငံသား အိန္ဒိယနွယ်ဖွား Hardeep Singh Nijjar အသတ်ခံရမှုနှင့် ပတ်သက်၍ အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့ ဆက်ဆံရေး တင်းမာလာမှု၊ Sikh လူမျိုးများ အရေးနှင့်ပတ်သက်၍ အိန္ဒိယ-ကနေဒါ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးတို့အပေါ် သက်ရောက်မှုများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ကနေဒါနိုင်ငံသား Hardeep Singh Nijjar အသတ်ခံရမှုတွင် အိန္ဒိယနိုင်ငံ အစိုးရ အေးဂျင့်များ ပါဝင်ပတ်သက်ခြင်း ရှိ/ မရှိကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau က ပြောကြားခဲ့ပြီးနောက် အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့အကြား ဆက်ဆံရေးသည် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပါသည်။ Khalistanနိုင်ငံအဖြစ် အိန္ဒိယနိုင်ငံမှ ခွဲထွက်ရန် တောင်းဆိုခဲ့သော Sikh ခွဲထွက်ရေး တက်ကြွလှုပ်ရှားသူ Nijjar သည် ဇွန်လတွင် ကနေဒါနိုင်ငံ အနောက်ဘက် British Columbia ပြည်နယ်ရှိ ဘုရားကျောင်းအပြင်ဘက်တွင် အမည်မသိတိုက်ခိုက်သူများ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါသည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi က ကနေဒါနိုင်ငံ၏ စွပ်စွဲချက် များသည် အဓိပ္ပာယ်မဲ့ပြီး လှုံ့ဆော်မှုတစ်ရပ်သာဖြစ်သည်ဟု လျင်မြန်စွာတုံ့ပြန်ခဲ့ပြီး တစ်ဆက်တည်း၌ပင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တုံ့ပြန်သည့်အနေဖြင့် နှစ်နိုင်ငံ သံတမန်များကို နှင်ထုတ်ခဲ့ကြပါသည်။ ယခုအခါတွင် အဆိုပါ ဒီမိုကရေစီနှစ်နိုင်ငံသည်ရှေ့မတိုး၊ နောက်မဆုတ်သည့် အခြေအနေသို့ ရောက်နေပြီး ၎င်းတို့၏မိတ်ဖက် နိုင်ငံများသည်လည်း နှစ်နိုင်ငံအကြား ညီမျှစွာဆက်ဆံရေးတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရပါသည်။ အိန္ဒိယနိုင်ငံသည် စက်တင်ဘာလ G-20 ထိပ်သီးအစည်းအဝေးတွင် Modi နှင့် Trudeau (ကနေဒါနိုင်ငံဝန်ကြီးချုပ်) တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ပါသည်။ ဒီမိုကရေစီနိုင်ငံများဖြစ်ကြသည့် အိန္ဒိယနှင့် ကနေဒါနိုင်ငံ တို့၏ ဆက်ဆံရေးသည် အဘယ်ကြောင့် တင်းမာလာရသည်ဟူသော အချက်နှင့် ပတ်သက်၍ သိရှိထားသင့်သည့် အချက် ၅ ချက်ရှိကြောင်း ဖော်ပြထားပါသည်။
ပထမအချက်မှာ Khalistan လှုပ်ရှားမှုအရေးဖြစ်ပါသည်။ သန့်ရှင်းသောမြေဟု အဓိပ္ပာယ်ရသည့် Khalistan သည် အိန္ဒိယနိုင်ငံမြောက်ပိုင်း (ပါကစ္စတန်နိုင်ငံနှင့် ဆက်စပ် နေသော) ပန်ဂျပ်ပြည်နယ်ရှိ Sikh လူမျိုးရေး၊ ဘာသာရေးအုပ်စုများအတွက် ဇာတိမြေ ဖြစ်သည်ဟု Sikh ခွဲထွက်ရေးသမားများက ယုံကြည်လျက်ရှိပါသည်။Sikh လူမျိုး များသည် ၎င်းပန်ဂျပ်ဒေသအတွင်း လူဦးရေသန်း ၃၀ ကျော်တွင် ၆၀ ရာခိုင်နှုန်းနီးပါး ရှိသော်လည်း ဟိန္ဒူအများစုနေထိုင်သည့် အိန္ဒိယနိုင်ငံ၏ လူဦးရေ ၁.၄ ဘီလီယံတွင် လူနည်းစုသာဖြစ်ပါသည်။ Sikh ဘာသာရေးအယူအဆသည် ၁၅ ရာစုနှောင်းပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဗြိတိသျှအုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရရှိရန် အိန္ဒိယနိုင်ငံမှကြိုးပမ်းနေသည့်ကာလတွင် Sikh ခွဲထွက်ရေးလှုပ်ရှားမှု စတင်ခဲ့ခြင်း ဖြစ်ပါသည်။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံသစ်နှစ်ခုအတွက် ဆွေးနွေးမှုပြုလုပ်နေစဉ် ၎င်းနှစ်နိုင်ငံအကြားရှိ Sikh မွေးရပ်မြေအယူအဆ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ Sikh သူပုန်ထမှုနှင့် Sikh သောင်းကျန်းသူနှိမ်နင်းရေးစစ်ဆင်ရေးများကြောင့် ဟိန္ဒူနှင့် Sikh ဘာသာဝင် ထောင်ပေါင်းများစွာသေဆုံးစေခဲ့ပြီး ၁၉၈၀ ပြည့်နှစ်များတွင် အပြင်းထန်ဆုံး ဖြစ်ခဲ့ပါသည်။ ၁၉၈၄ ခုနှစ်၊ ဇွန်လတွင် ထိုအချိန်က ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီ၏ အမိန့်အရ အိန္ဒိယစစ်တပ်သည် ပန်ဂျပ်ပြည်နယ် Amritsar မြို့ရှိ အမြင့်မြတ်ဆုံး Sikh ဘုရားကျောင်းဖြစ်သည့် Golden Tample ဘုရားကျောင်းကို ဝင်ရောက်စီးနင်းကာ Khalistan လှုပ်ရှားမှုတွင် Jarnail Singh Bhindranwale ဦးဆောင်သည့် စစ်သွေးကြွများကို နှိမ်နင်းခဲ့ပါသည်။ "Blue Star" ဟု လူသိများသော အဆိုပါစစ်ဆင်ရေးတွင် Bhindranwale အပါအဝင် သေဆုံးသူ ၄၀၀ ခန့်ရှိပါသည်။ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလတွင် အင်ဒီရာဂန္ဒီသည် နယူးဒေလီ၌ Sikh ကိုယ်ရံတော်နှစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရခြင်းကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းမြို့တော်နှင့် မြောက်ပိုင်းဒေသများတွင် Sikh ဆန့်ကျင်ရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃,၀၀၀ နီးပါး သေဆုံး ခဲ့ရပါသည်။
ဒုတိယအချက်မှာ ကနေဒါနိုင်ငံသည် Khalistan လှုပ်ရှားမှုနှင့် ဆက်စပ် နေသောအချက်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံပြည်ပရှိ ကနေဒါနိုင်ငံတွင် Sikh လူဦးရေ ၈၀၀,၀၀၀ နီးပါးရှိကာ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့တွင် Sikh လူမျိုး ၅၀၀,၀၀၀ ခန့် ရှိပြီး ဩစတြေးလျနိုင်ငံတွင် ၂၀၀,၀၀၀ ကျော် နေထိုင်လျက်ရှိပါသည်။ Khalistan လှုပ်ရှားမှု အထွဋ်အထိပ်ကာလတွင် ကနေဒါနိုင်ငံ၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ ရှိခဲ့ပါသည်။ ကနေဒါနိုင်ငံအခြေစိုက် ခွဲထွက်ရေးသမားများသည် တိုရွန်တို-မွန်ထရီရယ်- လန်ဒန်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ထွက်ခွာမည့် အိန္ဒိယလေကြောင်းလိုင်းမှ လေယာဉ် အမှတ်(၁၈၂)ကို ဗုံးခွဲခဲ့ခြင်းကြောင့် လေယာဉ်ပေါ်ပါ လူ ၃၂၉ ဦး သေဆုံးခဲ့ပြီး ကနေဒါနိုင်ငံသမိုင်းတွင် အသေအပျောက်အများဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာ ခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံမှ Sikh ခွဲထွက်ရေး လှုပ်ရှားသူများနှင့် ပတ်သက်၍ စိုးရိမ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ကနေဒါနိုင်ငံအနေဖြင့် အဆိုပါကိစ္စရပ်များကို ဖြေရှင်းနိုင်ခြင်းမရှိသေးပါ။ ကနေဒါနိုင်ငံတွင် Sikh လူမျိုးများ၏ အင်ဒီရာဂန္ဒီလုပ်ကြံခံရမှုကိုဂုဏ်ပြုသည့်အနေဖြင့် ချီတက်လှည့်လည်ပွဲ ပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ ယခုနှစ်အစောပိုင်းတွင် အိန္ဒိယနိုင်ငံသည် ဝေဖန်မှု ပြုလုပ် ခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar က ကနေဒါနိုင်ငံအနေဖြင့် Sikh ခွဲထွက်ရေးသမားများ၊ အစွန်းရောက်များနှင့် အကြမ်းဖက်မှုကို အားပေးကူညီ နေသူများကို ပံ့ပိုးပေးမှုသည် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ထိခိုက်စေသည်ဟု ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင် ကနေဒါနိုင်ငံက အကြမ်းဖက်မှုကို ဆန့်ကျင်သော်လည်း Sikh နိုင်ငံသားများ၏ အခွင့်အရေးကို ထောက်ခံသည်ဟု ပြောကြားခဲ့ပါသည်။ ကနေဒါနိုင်ငံသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်နှင့် ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို ကာကွယ်သည်ဟု ကနေဒါနိုင်ငံဝန်ကြီးချုပ် Trudeau က G-20 ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြားတင်းမာမှုများ တိုးလာခြင်းကြောင့် အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံမှ ၎င်း၏နိုင်ငံသားများကို အတတ်နိုင်ဆုံး သတိထားရန် စက်တင်ဘာလ ၁၃ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့ပါသည်။
တတိယအချက်မှာ လုပ်ကြံခံရသူ Hardeep Singh Nijjar ၏ နောက်ကြောင်း ရာဇဝင်ဖြစ်ပါသည်။ နယူးဒေလီအခြေစိုက် လွတ်လပ်သော ပဋိပက္ခစီမံခန့်ခွဲမှုဆိုင်ရာ အင်စတီကျု၏ ပရောဂျက်တစ်ခုဖြစ်သည့် Khalistan အစွန်းရောက်ဝါဒ စောင့်ကြည့်ရေး (Khalistan Extremism Monitor)အဖွဲ့၏ လေ့လာချက်အရ Nijjar ကို ၁၉၇၇ ခုနှစ်၊ အောက်တိုဘာလတွင် ပန်ဂျပ်ပြည်နယ် Jalandhar ခရိုင်၌ မွေးဖွားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့ကာ ရေပိုက်ပြင်သမားအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ Nijjar သည် British Columbia ပြည်နယ် Surrey မြို့ရှိ Guru Nanak Sikh ဘုရားကျောင်းတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် Sikh ခွဲထွက်ရေးဝါဒကို ထောက်ခံ အားပေးသည့် Khalistan Tiger Force ၏ ခေါင်းဆောင်ဖြစ်လာခဲ့ပါသည်။ Nijjar သည် Khalistan Tiger Force အဖွဲ့ဝင်များအား လေ့ကျင့်သင်ကြားရာတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၎င်းတို့အား အိန္ဒိယနိုင်ငံတွင် စစ်ဆင်ရေးများ ဆောင်ရွက်ရန် စေလွှတ် ခဲ့သည်ဟု Khalistan အစွန်းရောက်ဝါဒ စောင့်ကြည့်ရေးအဖွဲ့မှ ပြောကြားခဲ့ပါသည်။ ပန်ဂျပ်ရဲတပ်ဖွဲ့သည် ၎င်းအား ၂၀၁၀ ပြည့်နှစ် အိန္ဒိယနိုင်ငံပြည်နယ်တစ်ခုရှိ ဟိန္ဒူ ဘုရားကျောင်းတစ်ခုအနီး ဖြစ်ပွားသည့် ပေါက်ကွဲမှုကြောင့် တရားစွဲဆိုခဲ့ပါသည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင် ဘာသာရေးခေါင်းဆောင်များအား လုပ်ကြံရန် ကနေဒါနိုင်ငံတွင် လေ့ကျင့်ရေးစခန်းတစ်ခုပြုလုပ်ထားသည်ဟု စွပ်စွဲခံခဲ့ရပါသည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ကနေဒါနိုင်ငံအာဏာပိုင်များက ၎င်းကို ခေတ္တထိန်းသိမ်း ခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် Modi အစိုးရသည် Nijjar အား အကြမ်းဖက်သမားအဖြစ် ကြေညာခဲ့ပါသည်။
စတုတ္ထအချက်မှာ ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau အနေဖြင့် ယခင်က အိန္ဒိယနိုင်ငံတွင် ပြဿနာများ ဖြစ်ပွားခဲ့ဖူးသည့် အချက်ဖြစ်ပါသည်။ ကနေဒါနိုင်ငံဝန်ကြီးချုပ်သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အိန္ဒိယနိုင်ငံ ပထမဆုံး တရားဝင်ခရီးစဉ်၌ ပန်ဂျပ်ပြည်နယ်ရှိ Golden Temple ဘုရားကျောင်းသို့ သွားရောက် လည်ပတ်စဉ် ၎င်းတို့မိသားစုဝတ်ဆင်ခဲ့သည့် အိန္ဒိယဝတ်စုံနှင့်ပတ်သက်၍ ဝေဖန်မှုများ ခံခဲ့ရပါသည်။ ထိုထက်ပို၍ ကြီးမားသည့်ပြဿနာမှာ အိန္ဒိယနိုင်ငံရှိ ကနေဒါနိုင်ငံ တာဝန်ခံအဖွဲ့သည် အင်ဒို-ကနေဒါ စီးပွားရေးလုပ်ငန်းရှင် Jaspal Atwal ကို ဝန်ကြီးချုပ် Trudeau ၏ နိုင်ငံတော်ညစာစားပွဲသို့ ဖိတ်ကြားခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ Atwal သည် ၁၉၈၆ ခုနှစ်တွင် British Columbia ပြည်နယ် Vancouver ကျွန်း၌ အိန္ဒိယနိုင်ငံဝန်ကြီးတစ်ဦးကို သတ်ရန်ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်နှစ် ၂၀ ပြစ်ဒဏ် ချမှတ်ခံခဲ့ရသော်လည်း ၅ နှစ်ကြာ ပြစ်ဒဏ်ခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက် လာခဲ့ပါသည်။ ထို့ပြင် Atwal သည် ကနေဒါ၊ အိန္ဒိယ၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံ တို့မှ ပိတ်ပင်ထားသော အစွန်းရောက်အဖွဲ့ဖြစ်သည့် International Sikh Youth Federation အဖွဲ့၏ အဖွဲ့ဝင်ဟောင်းလည်းဖြစ်ပါသည်။ ညစာစားပွဲမတိုင်မီ Trudeau ၏ အဖွဲ့သည် ဖိတ်ကြားချက်ကို ပြန်လည်ပယ်ဖျက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ပန်ဂျပ်မှ Sikh လူမျိုးများအပါအဝင် ထောင်ပေါင်းများစွာသော အိန္ဒိယလယ်သမား များသည် Modi ၏စိုက်ပျိုးရေးဥပဒေကို ကန့်ကွက်ဆန္ဒပြကြသောအခါ Trudeau က ဤအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်သည်ဟု ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် Trudeau ၏ ပြောကြားချက်အား အခြေအမြစ်မရှိသော၊ ခိုင်လုံမှုမရှိသော အကြောင်းအရာ ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
ပဉ္စမအချက်အနေဖြင့် အိန္ဒိယနှင့် ကနေဒါ နှစ်နိုင်ငံအကြား တင်းမာမှုသည် အင်ဒို-ပစိဖိတ်ဆက်ဆံရေးတွင် မည်ကဲ့သို့ အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟူသော အချက်ဖြစ်ပါသည်။ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့ အပါအဝင် မဟာမိတ်များသည် ကနေဒါနိုင်ငံ၏ အိန္ဒိယနိုင်ငံအား စွပ်စွဲချက်အပေါ် စိုးရိမ်လျက် ရှိပါသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က ကနေဒါနိုင်ငံ၏ ပြင်းထန်သော စွပ်စွဲချက်များနှင့် ပတ်သက်၍ ဆွေးနွေးလျက်ရှိပြီး တာဝန်ရှိသူများကို ဖမ်းမိရန် မှန်ကန်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စေလိုသည်ဟု ပြောကြားခဲ့ပါသည်။ သို့သော် အိန္ဒိယနိုင်ငံသည် ဩဇာကြီးမားလာလျက်ရှိပြီး အမေရိကန်၊ ဂျပန်နှင့် ဩစတြေးလျ နိုင်ငံတို့နှင့်အတူ Quad လုံခြုံရေးအဖွဲ့ဝင်အဖြစ် ပါဝင်နေခြင်း၊ တရုတ်နိုင်ငံ၏ ဩဇာ လွှမ်းမိုးမှုကို ဟန်ချက်ညီစေရန် ထိန်းကျောင်းပေးနေခြင်းတို့ကြောင့် အမေရိကန် နိုင်ငံအပါအဝင် အခြားနိုင်ငံများသည် အိန္ဒိယနိုင်ငံအပေါ် စွပ်စွဲချက်နှင့်ပတ်သက်၍ ဆုံးဖြတ်ရန် ခက်ခဲလျက်ရှိပါသည်။ ကနေဒါနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသအတွက် ကိုယ်ပိုင်အစီအစဉ်ရှိပြီး အိန္ဒိယနိုင်ငံ၏တိုးတက်လာနေသော မဟာဗျူဟာ၊ စီးပွားရေးနှင့် လူဦးရေဆိုင်ရာ အရေးပါမှုသည် ကနေဒါနိုင်ငံ၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်ရာတွင် အရေးပါသော မိတ်ဖက်ဖြစ်လာစေနိုင်သည်ဟု ထုတ်ဖော်ပြောကြား ထားပါသည်။
သို့ရာတွင် Trudeau ၏ အိန္ဒိယနိုင်ငံအား စုံစမ်းစစ်ဆေးမှုပြုလုပ်နေသည့် ကြေညာချက် မထုတ်ပြန် မီကပင် အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့သည် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်အတွက် ဆွေးနွေးပွဲများကို ခေတ္တရပ်ဆိုင်းနေခဲ့ပါသည်။ King's College London မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခဖြစ်ပြီး Observer Research Foundation မှ လေ့လာရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဒုတိယဥက္ကဌ Harsh V. Pant က ကနေဒါအစိုးရသည် အိန္ဒိယနိုင်ငံနှင့် ကာလကြာရှည်စွာ ပေါ်ပေါက် နေသော ပြဿနာတစ်ခုအား အဖြေရှာရန် ကြိုးပမ်းမှုထက် ၎င်း၏ပြည်တွင်း နိုင်ငံရေး လုပ်ငန်းစဉ်ကို ပို၍အလေးထားလုပ်ဆောင်နေပုံရသည်ဟု ပြောကြားခဲ့ပါသည်။ ကနေဒါနိုင်ငံအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသ အရေးတွင် ထဲထဲဝင်ဝင် ပါဝင်ခြင်းမရှိသော်လည်း အိန္ဒိယနိုင်ငံသည် ကာကွယ်ရေး၊ မဟာဗျူဟာနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များတွင် ကနေဒါနိုင်ငံထက် ပိုမိုအရေးပါသည့် မိတ်ဖက်နိုင်ငံဖြစ်လာပါသည်။ ထို့ကြောင့်လည်း စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးရုံး၏ တောင်အာရှမူဝါဒရေးရာ ဒါရိုက်တာ Siddharth Iyer သည် အမေရိကန် သုတေသနနှင့် လေ့လာရေးအဖွဲ့ Hudson Institute အား ထုတ်ပြန်ချက်တစ်ရပ် ပြုလုပ်ခဲ့ပြီး ၎င်းထုတ်ပြန်ချက်တွင် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးသည် ဌာနအတွက် ထိပ်တန်းဦးစားပေးများထဲမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ကာ အိန္ဒိယနိုင်ငံနှင့် ခိုင်မာသောဆက်ဆံရေးရှိခြင်းသည် အရေးကြီး ရုံသာမက အင်ဒို-ပစိဖိတ်ဒေသရှိ ၎င်းတို့၏မဟာဗျူဟာအတွက် မရှိမဖြစ် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
Khalistan လှုပ်ရှားမှုတွင် ပါဝင်သည့် ကနေဒါနိုင်ငံသား Sikh ခွဲထွက်ရေး ခေါင်းဆောင် Hardeep Singh Nijjar သေဆုံးမှု အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးကို သိသိသာသာ တင်းမာစေခဲ့သော်လည်း သမိုင်းကြောင်းအရလည်း ဆက်ဆံရေးအဆင်မပြေသည်ကို တွေ့ရှိရပါသည်။ Hardeep Singh Nijjar သည် ကနေဒါရှိ Sikh အသိုင်းအဝိုင်းတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး Sikh များ အတွက် လွတ်လပ်သော Khalistan နိုင်ငံ တည်ထောင်ရန် အဆိုပြုထားသူတစ်ဦး ဖြစ်သောကြောင့် ၎င်းသေဆုံးမှုတွင် အန္ဒိယနိုင်ငံပါဝင်ပတ်သက်နေသည်ဟူ၍ ကနေဒါ နိုင်ငံက စွပ်စွဲမှုဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် လူသတ်မှုတွင် ပါဝင် သည်ဟု ကနေဒါနိုင်ငံ၏ စွပ်စွဲချက်အား ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပြီး နှစ်နိုင်ငံရှိ သံတမန်များအား နှင်ထုတ်ခဲ့ကြသည့်အဆင့်အထိ ဆက်ဆံရေး တင်းမာခဲ့ပါသည်။ လွန်ခဲ့သည့်လအနည်းငယ်က နှစ်နိုင်ငံစလုံးသည် လွတ်လပ်သောကုန်သွယ်မှု သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးရန် အရှိန်မြှင့်လုပ်ဆောင်နေခဲ့သော်လည်း အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက်တွင် ဆွေးနွေးပွဲများကို ခေတ္တရပ်ထားခဲ့ပြီး အိန္ဒိယနိုင်ငံသို့ မကြာမီ ရောက်ရှိတော့မည့် ကနေဒါကုန်သွယ်ရေးမစ်ရှင်ကို ရွှေ့ဆိုင်းလိုက်သည်ကိုလည်း တွေ့ရပါသည်။[2]
ကနေဒါနိုင်ငံအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ကိစ္စများတွင် တက်ကြွစွာ ပါဝင်ခြင်းမရှိဘဲ ဝန်ကြီးချုပ် Trudeau အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ရန်ထက် ကနေဒါနိုင်ငံတွင် နေထိုင်သော Sikh လူမျိုး ၈၀၀,၀၀၀ ခန့်၏ ထောက်ခံမှုနှင့် ဆန္ဒမဲရှိရန်သာ ဦးစားပေးစဉ်းစားနေသည်ဟု ယူဆနိုင်ပါသည်။ ထိုအချက်မှာ ၎င်း၏ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလခရီးစဉ်အတွင်း၌ ပန်ဂျပ်ပြည်ရှိ အထင်ကရဘုရားကျောင်းသို့ သွားရောက်ခဲ့မှု၊ ပန်ဂျပ်ခွဲထွက်ရေးတွင် ပါဝင်နေသည့် စီးပွားရေးသမားတစ်ဦးအား နိုင်ငံတော်ညစာစားပွဲသို့ အဆင်အခြင်မဲ့ဖိတ်ကြားခဲ့မှုများတွင် ထင်ရှားစွာ တွေ့မြင် နေရပါသည်။ ထို့ကြောင့် ယခု ကနေဒါနိုင်ငံအတွင်း အိန္ဒိယနိုင်ငံမှ အကြမ်းဖက်သမား အဖြစ် ကြေညာထားသည့် ခွဲထွက်ရေးသမားတစ်ဦး အသတ်ခံရခြင်းအတွက် အိန္ဒိယ နိုင်ငံအား နိုင်ငံရေးနှင့် သံတမန်ရေးအရ စွပ်စွဲပြစ်တင်ခြင်းမှာ ၎င်းအတွက် လုပ်ရိုး လုပ်စဉ်တစ်ခုအဖြစ်သာဖြစ်သော်လည်း နှစ်နိုင်ငံဆက်ဆံရေးမှာ မထင်မှတ်ထားသည့် အတိုင်းအတာအထိ တင်းမာသွားခဲ့ခြင်းဖြစ်ပါသည်။
ထူးခြားချက်မှာ ထိုသို့ နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုတွင် အမေရိကန်နိုင်ငံအနေဖြင့် အိမ်နီးချင်း ကနေဒါနိုင်ငံဘက်မှ ရပ်တည်ခဲ့ခြင်းမရှိဘဲ ၎င်း၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ အကျိုးအစီးပွားအတွက် အရေးကြီးသည့် အိန္ဒိယနိုင်ငံဘက်မှရပ်တည်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးရုံး၏ တောင်အာရှမူဝါဒရေးရာ ဒါရိုက်တာ Siddharth Iyer က အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးသည် ဌာနအတွက် ထိပ်တန်းဦးစားပေးများထဲမှ တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် ခိုင်မာသောဆက်ဆံရေးရှိခြင်းသည် အရေးကြီး ရုံသာမက အင်ဒို-ပစိဖိတ်ဒေသရှိ ၎င်းတို့၏မဟာဗျူဟာအတွက် မရှိမဖြစ် လိုအပ်သည်ဟူသည့် ထုတ်ပြန်ချက်တွင် သိသာထင်ရှားစေပါသည်။ ထို့ကြောင့် အမေရိကန်နှင့် အနောက်အုပ်စုတို့၏ အာရှဒေသတွင်းနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်းရှိ ဒီမိုကရေစီခံတပ်မှာ အိန္ဒိယနိုင်ငံဖြစ်နေသည်ဟူသည့်အချက်မှာ ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံများအနေဖြင့် သံတမန်ရေးတည်ဆောက်မှုများတွင် ထည့်သွင်းတွက်ချက်ထားသင့်သည့် အရေးကြီးကိစ္စရပ်တစ်ခုဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
124091023
[1]။ Kiran Sharma, James Hand-Cukierman,“How India-Canada Ties Soured Over Sikh Separatism: 5 Things to Know”. Nikkei Asia. 20 September 2023, [/https://asia.nikkei.com/.../How-India-Canada-ties-soured.../]
[2]။ Sharanya Hrishikesh & Vikas Pandey,“Canada: How Ties With India Soured Over Hardeep Singh Nijjar Killing”. BBC. 19 September 2023, [/https://www.bbc.com/news/world-asia-india-66851144/]