Sunday, October 15, 2023

ဟားမက်စ်အဖွဲ့အနေဖြင့် အစ္စရေးနိုင်ငံအားလက်ဦးမှုရယူတိုက်ခိုက်ခံခဲ့ရခြင်း၏နောက်ကွယ်မှ နိုင်ငံရေးရလိုမှုများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ





နိဒါန်း
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ပါလက်စတိုင်းနိုင်ငံမှ ဟားမက်စ် သူပုန်အဖွဲ့သည် အစ္စရေးနိုင်ငံအတွင်းသို့ သောင်းဂဏန်းခန့်ရှိသည့် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အင်အားအလုံးအရင်းဖြင့် ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ဓားစာခံအများအပြားကိုလည်း ဖမ်းဆီးသွားခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ Foreign Affairs ၏ အမှုဆောင်အယ်ဒီတာ Justin Vogt က အမေရိကန်နိုင်ငံ ပြည်ပဆက်ဆံရေးကောင်စီ၏ အမေရိကန်-အရှေ့အလယ်ပိုင်းသံတမန်ရေးဆိုင်ရာ Lowy အဖွဲ့ ထိပ်တန်းအဖွဲ့ဝင်အရာရှိ Martin Indyk ၏ အမြင်နှင့် သဘောထားအား မေးမြန်းခဲ့ပါသည်။ Martin Indyk သည် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၁ ခုနှစ်ထိ နှစ်ကြိမ်တိုင် ခန့်အပ်ခြင်းခံခဲ့ရပြီး သမ္မတ ဘီလ်ကလင်တန် (Bill Clinton) ၏ အထူးလက်ထောက်အဖြစ်လည်းကောင်း၊ အရှေ့နှင့် တောင်အာရှ အရေးဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီ၏ စီနီယာဒါရိုက်တာအဖြစ်လည်းကောင်း၊ သမ္မတ Barack Obama လက်ထက်တွင် အစ္စရေး-ပါလက်စတိုင်းဆိုင်ရာ အထူးသံတမန် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ [1]
ဖော်ပြချက်
လက်ရှိတွင် လေ့လာသူများက ဟားမက်စ်အဖွဲ့၏ အလစ်အငိုက်တိုက်ခိုက်မှု များကို အမေရိကန်နိုင်ငံဖြစ်စဉ် 9/11 ဖြင့် နှိုင်းယှဉ်ပြောကြားလျက်ရှိခြင်းနှင့်ပတ်သက်၍ ပြန်လည်မေးမြန်းရာတွင် Martin Indyk က ယခုကဲ့သို့ အလစ်အငိုက်တိုက်ခိုက် ခံရမှုသည် အစ္စရေးနိုင်ငံ၏ ကြီးမားသော ပေါ့လျော့မှုနှင့် အားနည်းချက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။ အစ္စရေးတို့အနေဖြင့် ဂါဇာမြို့နှင့် အစ္စရေးနယ်နိမိတ်ဒေသများအကြားတွင် တံတိုင်းတစ်ခု တည်ဆောက်ခဲ့ပြီး ဟားမက်စ်အဖွဲ့အနေဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ရဲလိမ့်မည် မဟုတ်ဟု ယုံကြည်ထားကြကြောင်း၊ ထို့ပြင် အပစ်ရပ်ကာလ၌ ဂါဇာဒေသသည် စီးပွားရေးနှင့် အကောက်ခွန်လုပ်ငန်းများအတွက် အရေးပါလျက်ရှိကြောင်း၊ ဟားမက်စ် အဖွဲ့အနေဖြင့်လည်း ၎င်းတို့စီးပွားရေးအား ထိခိုက်မည့်တိုက်ခိုက်မှုများအား လုပ်ဆောင်မည် မဟုတ်ဘဲ ရေရှည်အပစ်ခတ်ရပ်စဲရေးကိုသာ လိုလားလျက်ရှိသည်ဟု ယုံကြည်ထားခဲ့ကြောင်း၊ ထို့ကြောင့် 9/11 ဖြစ်စဉ်ကဲ့သို့ပင် လက်ရှိအချိန်တွင် လူအများက အံ့အား သင့်လျက်ရှိပြီး အဆိုပါမေးခွန်းနှင့်ပတ်သက်၍ တိကျသေချာသည့် အဖြေမရှိသော်လည်း အစ္စရေးနိုင်ငံ၏ မိမိကိုယ်ကို မာနထောင်လွှားအထင်ကြီးမှုကြောင့် ထိုသို့တိုက်ခိုက်ခံ ခဲ့ရခြင်းဖြစ်ကြောင်း ဖြေကြားထားပါသည်။
ထို့နောက် ယခုလုပ်ရပ်နှင့်ပတ်သက်၍ ဟားမက်စ်သူပုန်အဖွဲ့၏ မဟာဗျူဟာ တွက်ချက်မှုများနှင့်ပတ်သက်ပြီး ပြန်လည်မေးမြန်းရာတွင် Martin Indyk က ယခု အချိန်တွင် ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အာရပ်ကမ္ဘာသည် အစ္စရေးနိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံကလည်း အစ္စရေးနိုင်ငံအား ပါလက်စတိုင်းအစိုးရနှင့် ဆက်ဆံရေးကောင်းမွန်အောင် ပံ့ပိုးလျက်ရှိကြောင်း၊ ထိုအချိန်တွင် ဟားမက်စ်အဖွဲ့အနေဖြင့် အီရန်နိုင်ငံနှင့် ပူးပေါင်း၍ အမေရိကန်၊ ထို့ကြောင့် ယခုတိုက်ခိုက်မှုသည့် အစ္စရေးနှင့် အာရပ် နိုင်ငံများ တည်ဆောက်နေသည့် ဆက်ဆံရေးကို ဖျက်ဆီးနှောင့်ယှက်လိုက်ခြင်းပင် ဖြစ်နိုင်ကြောင်း၊ ၎င်းတို့သည် အစ္စရေးနိုင်ငံနှင့် ငြိမ်းချမ်းရေး တည်ထောင်နေသည့် အာရပ်နိုင်ငံများကို အရှက်ရစေရန်နှင့် ဟားမက်စ်နှင့် အီရန်နိုင်ငံတို့အနေဖြင့် အစ္စရေး နိုင်ငံအား စစ်ရေးအရအကျိုးအမြတ်ထွက်အောင် တိုက်ခိုက်နိုင်သည်ကို ပြသလိုခြင်း ဖြစ်နိုင်ကြောင်း၊ အစ္စရေးနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ငြိမ်းချမ်းရေးသဘော တူညီချက်များသည် ဟားမက်စ်နှင် အီရန်နိုင်ငံတို့အား ခြိမ်းခြောက်လျက်ရှိရာ ထိုငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ဖျက်ဆီးလိုက်ခြင်းသည် အကောင်းဆုံးနည်းလမ်းအဖြစ် သတ်မှတ် ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ပါလက်စတိုင်းအရေးသည် ကမ္ဘာ့အလယ်တွင် အာရုံစိုက်ခြင်း ခံရပြီး အမေရိကန်နိုင်ငံထုတ်လက်နက်များဖြင့် ပါလက်စတိုင်းပြည်သူများကို သတ်ဖြတ် နေသည့် အစ္စရေးနိုင်ငံ၏လုပ်ရပ်များအား ပါလက်စတိုင်းလူထုက လက်ခံမည်မဟုတ် သောကြောင့် အစ္စရေးနိုင်ငံနှင့် ဆက်ဆံရေးတည်ဆောက်နေသည့် ဆော်ဒီအာရေဗျ နိုင်ငံကဲ့သို့သော နိုင်ငံများအနေဖြင့် နိုင်ငံရေးနှင့် သံတမန်ရေးအရ အခက်တွေ့လိမ့်မည် ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ၎င်းတို့အနေဖြင့် ပါလက်စတိုင်းပြည်သူများ သေဆုံးနေမှုကို မျက်ကွယ်ပြု၍ အစ္စရေးနိုင်ငံနှင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ကောင်းမွန်သောဆက်ဆံရေးဆက်လက်ဖော်ဆောင်ရန် မဖြစ်နိုင်တော့ကြောင်း ဖြေကြားခဲ့ပါသည်။
ယခုတိုက်ခိုက်ခံရမှုကို အစ္စရေးအစိုးရအနေဖြင့် တုံ့ပြန်လာနိုင်သည့် နည်းလမ်း များနှင့် ပတ်သက်ပြီး ဖြေကြားရာတွင် ယခင်ကလည်း ယခုကဲ့သို့ အကြမ်းဖက်မှုများ (၅)ကြိမ်တိုင် ကြုံတွေ့ခဲ့ဖူးကြောင်း၊ အစ္စရေးအစိုးရအနေဖြင့် စစ်တပ်များရွှေ့ပြောင်း တပ်ဖြန့်ချထားခြင်း၊ လေကြောင်းဖြင့် ဂါဇာဒေသအားတိုက်ခိုက်ခြင်း၊ ဟားမက်စ်ခေါင်းဆောင်အား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း၊ အကယ်၍ ထိုသို့လုပ်ဆောင်ခြင်းက ဟားမက်စ်ဘက်မှ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ဓားစာခံလွှတ်ပေးရေးအတွက် ဆွေးနွေးမှုများဖြစ်မလာပါက အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာ ဒေသသို့ ကျူးကျော်သိမ်းပိုက်မှုများ(Full-scale Israeli Invasion of Gaza) လုပ်ဆောင် လာနိုင်ဖွယ်ရှိကြောင်း၊ အဆိုပါကျူးကျော်မှုတွင် အစ္စရေးနိုင်ငံအနေဖြင့် ပါလက်စတိုင်း နိုင်ငံရှိ လူနေထူထပ်သည့်နေရာများကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါက ပြည်သူအများအပြားသေဆုံးမည့်ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာမှ ကန့်ကွက်လာမည် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့်လည်း အဆင့်မြင့်လက်နက်များ ထောက်ပံ့ခြင်းကြောင့် အမေရိကန်နှင့် အစ္စရေး နှစ်နိုင်ငံစလုံးအပေါ် ပြစ်တင်မှုများရှိလာပြီး အစ္စရေးနိုင်ငံအား စစ်ပွဲရပ်တန့်ရန် ဖိအားပေးမှုများ ရှိလာနိုင်ကြောင်း၊ အရေးကြီးသည့်အချက်မှာ အကယ်၍ အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာဒေသအား သိမ်းပိုက်နိုင်ခဲ့မည်ဆိုလျှင်လည်း အစ္စရေးတပ်များ ဂါဇာဒေသမှ မည်သို့ပြန်လည်ဆုတ်ခွာမည်၊ မည်သည့်အချိန်တွင် ဆုတ်ခွာမည်၊ မည်သည့် အကျိုးအမြတ်များဖြင့် ဆုတ်ခွာမည်ဆိုသည့်အချက်များကို ဖြေရှင်းနိုင်ရမည်ဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်တွင်လည်း ဂါဇာဒေသမှ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ဂါဇာဒေသသို့ ပြန်လည်သွားရောက်လိုခြင်း မရှိကြောင်း ဖြေကြားထားပါသည်။
အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟု(Netanyahu) လုပ်ဆောင်လာနိုင်သည့် အဆုံးအဖြတ်များနှင့်ပတ်သက်၍ ဖြေကြားရာတွင် နေတန်ယာဟုအနေဖြင့် အလုံးစုံစစ်ပွဲ မဖြစ်ပွားစေရန် သတိထားလုပ်ဆောင်သူဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ဟားမက်စ် အဖွဲ့အား ပြစ်ဒဏ်ပေးသည့်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများသာ လုပ်ဆောင် လာနိုင်ပြီး ထို့နောက် အပစ်ခတ်ရပ်စဲရေးနှင့် ဓားစာခံလွတ်မြောက်ရေးအတွက် ဆွေးနွေးမှုများ စီစဉ်လုပ်ဆောင်နိုင်ကြောင်း၊ ထို့နောက် အမေရိကန်၊ အီဂျစ်နှင့် ကာတာ နိုင်ငံတို့၏ အကူအညီဖြင့် ဟားမက်စ်အဖွဲ့ကို ရပ်တန့်၍ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင်(The Status Quo Ante) လုပ်ဆောင်လာနိုင်ကြောင်း၊ သို့သော် ထိုသို့ဖြစ်လာရန် သံသယရှိနေကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဟားမက်စ် အဖွဲ့၏ လက်ရှိရည်ရွယ်ချက်မှာ အစ္စရေးနိုင်ငံဘက်မှ ပြင်းပြင်းထန်ထန် လက်တုံ့ပြန် လာပြီး West Bank ဒေသတွင်းထကြွမှုများ၊ Hezbollah တို့၏ တိုက်ခိုက်မှုများနှင့် ဂျေရုစလင်တွင် ပုန်ကန်ထကြွမှုများ ဖြစ်ပွားလာပြီး ပဋိပက္ခပိုမိုပြင်းထန် လာစေရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း (တစ်နည်းအားဖြင့် နေရာပေါင်းစုံမှ ပါလက်စတိုင်းတို့၏ထကြွပုန်ကန်မှုများဖြစ်ပွားလာပြီး ပြဿနာပိုမိုကြီးထွားလာစေရန် ရည်ရွယ်နေခြင်း ဖြစ်ကြောင်း) ဖြေကြားထားပါသည်။
ဟားမက်စ်အဖွဲ့အနေဖြင့် အစ္စရေးနိုင်ငံမှ ရွေးချယ်လာနိုင်သည့် ယခင် အခြေအနေသို့ ပြန်လည်ရောက်ရှိရန် လက်ခံနိုင်ဖွယ်ရှိ/မရှိနှင့် ပတ်သက်၍ ဖြေကြား ရာတွင် ပဋိပက္ခများ အရှိန်မြှင့် ဖြစ်ပေါ်လာချိန်တွင် တစ်ဖက်၌ Hezbollah အဖွဲ့ကို အနီးကပ်စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ ပါလက်စတိုင်းပြည်သူများ သေဆုံးမှု များပြား လာပါက Hezbollah အဖွဲ့အနေဖြင့် စစ်ပွဲတွင် ထဲထဲဝင်ဝင် ပါဝင်လာနိုင်ကြောင်း၊ Hezbollah အဖွဲ့တွင် ဒုံးကျည် ၁၅၀,၀၀၀ စင်းခန့်ရှိပြီး အစ္စရေးနိုင်ငံ၏ အဓိက မြို့ကြီးများပေါ်သို့ တစ်ပြိုင်တည်းပစ်ခတ်လာနိုင်ကြောင်း၊ ဤအခြေအနေသို့ ရောက်လာ ပါက ဂါဇာဒေသသာမက လက်ဘနွန်နိုင်ငံပါ စစ်ပွဲအတွင်းသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အစ္စရေးနိုင်ငံနှင့် Abraham Accords လက်မှတ် ရေးထိုးထားသော ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဂျော်ဒန်နှင့် အခြားနိုင်ငံများအနေဖြင့်လည်း ၎င်းတို့အကျိုးအတွက် ပဋိပက္ခအရှိန်လျှော့ချရန်နှင့် အပစ်အခတ်ရပ်စဲရန်ကိုသာ တောင်းဆို လာနိုင်ကြောင်း ဖြေကြားထားပါသည်။
အစ္စရေးနိုင်ငံအတွင်း လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုသည် စစ်ပွဲဆုံးဖြတ်မှုများ အပေါ် သက်ရောက်လာနိုင်မှု ရှိ/မရှိနှင့်ပတ်သက်၍ မေးမြန်းရာတွင် Martin Indyk က လက်ရှိနိုင်ငံရေးအရေးအခင်းအား အတိမ်အနက်ကိုမသိရသေးကြောင်း၊ ဝန်ကြီးချုပ် အနေဖြင့် ပြည်သူများအား ကာကွယ်ရန်နှင့် အဆိုပါပြဿနာမှ ပြစ်တင်ခြင်းမခံရ စေရန် ကြိုးပမ်းနေကြောင်း၊ ဝန်ကြီးချုပ်သည် လက်ရှိအခြေနေများကို လက်ယာ အစွန်းရောက်နိုင်ငံရေးအဖွဲ့ဝင်များအား ဖြေရှင်းခွင့်ပြုမည်မဟုတ်ကြောင်း၊ ၎င်းတို့ အခွင့်အာဏာရပါက အခြေအနေများပိုဆိုးလာမည်ဖြစ်ကြောင်း၊ ယခုအခါ အတိုက်အခံ ခေါင်းဆောင် Yair Lapid က ၎င်း၏ပါတီ၊ နေတန်ယာဟု၏ပါတီနှင့် အခြား အတိုက်အခံ ပါတီတစ်ခုပါဝင်သည့် အရေးပေါ်အစိုးရ (Emergency Government) တည်ထောင်ရန် အဆိုပြုနေကြောင်း၊ ထို့ကြောင့် ဝန်ကြီးချုပ်နေတန်ယာဟုအနေဖြင့် လက်ယာစွန်း နိုင်ငံရေးသမားများအား ထိန်းချုပ်ခြင်း၊ ရှင်းလင်းခြင်းများ လုပ်ဆောင်လာနိုင်ကြောင်းဖြေကြားထားပါသည်။
လွန်ခဲ့သည့် နှစ် ၅၀ ခန့်တွင် အစ္စရေးနိုင်ငံသည် အီဂျစ်နှင့် ဆီးရီးယားနိုင်ငံ တို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အောင်မြင်စွာပြန်လည်ခုခံနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် အစ္စရေးနိုင်ငံအနေဖြင့် အဆိုပါ အောင်မြင်မှုကို အခြေခံ၍ ဟားမက်စ်အဖွဲ့အား ဟန့်တားထိန်းချုပ်ထားလိုကြောင်း၊ သို့သော်လည်း ဟားမက်စ်အဖွဲ့သည် ယခင်အစ္စရေးတို့ အနိုင်ယူခဲ့သည့် အီဂျစ်နှင့် ဆီးရီးယားနိုင်ငံတို့နှင့် မတူညီကြောင်း၊ ဟားမက်စ်သည် အစ္စရေးနိုင်ငံ ပျက်သုဉ်းရေး ကိုသာ ရည်ရွယ်၍ ငြိမ်းချမ်းရေးယူရန် ဆန္ဒမရှိကြောင်း၊ ထို့ကြောင့် လွန်ခဲ့သည့် အစ္စရေးနိုင်ငံအနေဖြင့် နှစ် ၅၀ က အောင်မြင်မှုကို အခြေခံသည့် မိမိကိုယ်ကို အထင်ကြီး မာနထောင်လွှားမှုသည် အလုပ်မဖြစ်တော့ကြောင်းနှင့် ထိုသို့ မိမိကိုယ်ကိုအထင်ကြီးခြင်း ကြောင့်ပင် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဖြေကြားထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် ပထမကမ္ဘာစစ်ကတည်းက ဖြစ်ပွားလျက် ရှိသည့် နယ်မြေအငြင်းပွားမှု၊ လူမျိုးရေးအငြင်းပွားမှု ပြဿနာတစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ ဖြေရှင်းနိုင်ခြင်းမရှိသည့် ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ ထို့ထက်ပို၍ ရှေးကျသည့် ဘာသာရေးဆိုင်ရာ အငြင်းပွားမှုများနှင့်လည်း ဆက်စပ်လျက်ရှိနေပါသည်။ ယခု အစ္စရေးနိုင်ငံနှင့် ထိပ်တိုက်စစ်ပွဲများ ဖြစ်ပေါ်နေသည့် ဟားမက်စ်အဖွဲ့သည် အီဂျစ်နိုင်ငံ မွတ်စလင်ညီနောင်အဖွဲ့နှင့် ကြီးကြီးမားမားဆက်စပ်နေသည့် အဖွဲ့ဖြစ်ပြီး ၁၉၈၇ ခုနှစ် ပါလက်စတိုင်းအုံကြွမှုမှ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။ အစ္စရေးနိုင်ငံအနေဖြင့် ၎င်းတို့၏ အတိတ်က အောင်မြင်မှုများကို အခြေခံ၍ ဟားမက်စ်အဖွဲ့ကို လျှော့တွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ မကြုံဖူးသည့် ကြီးမားသော အလစ်အငိုက်တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ပါသည်။ ထိုတိုက်ခိုက်မှု၏ နောက်ကွယ်တွင် အီရန်နိုင်ငံရှိနေပြီး သီတင်းပတ်ပေါင်းများစွာ လေ့ကျင့်ပေးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်လျက်ရှိပါသည်။[2]
ယခုကဲ့သို့ တိုက်ခိုက်ခံရမှုသည် မည်သည့်နည်းဖြင့် ဖြစ်ပေါ်လာခဲ့သည် ဖြစ်စေ ယခုတစ်ကြိမ်တွင် အစ္စရေးနိုင်ငံအနေဖြင့် အတော်အထိနာခဲ့ပြီး ဘေးကျပ်နံကျပ် အခြေအနေနှင့် ရင်ဆိုင်နေရပါသည်။ အစ္စရေးနိုင်ငံအနေဖြင့် ထိုက်သင့်သည့် လက်တုံ့ပြန်မှု ပြုလုပ်ပြီး မူလအခြေအနေကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းလာနိုင်သော်လည်း ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းများလည်းရှိနေပါသည်။ ဟားမက်စ်အဖွဲ့နှင့် အလွယ်တကူငြိမ်းချမ်းရေးဆောင်ရွက်မှု၊ လိုက်လျောမှုများဆောင်ရွက်ပါကလည်း ပြည်တွင်းရှိ ပြည်သူများနှင့် ခေါင်းမာဂိုဏ်းသားများ၏ ဆန့်ကျင်မှုကို ခံရမည်ဖြစ်ပြီး စစ်ပွဲကို အရှိန်မြှင့်ပြီးတိုက်ခိုက်ပါကလည်း ပါလက်စတိုင်းအရပ်သားပြည်သူများ များစွာသေဆုံးရမည်ဖြစ်ပြီး အစ္စရေးအပေါ်အမုန်းတရားများနှင့် ကမ္ဘာတစ်ဝှမ်းရှိ ပါလက်စတိုင်းတို့၏ ထကြွမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ဤသည်ပင် ဟားမက်စ်တို့၏ လိုလားချက်ဖြစ်ပါသည်။
ယခုတိုက်ခိုက် ခံရမှုသည် အစ္စရေးနိုင်ငံကိုသာမက ၎င်းနှင့် ဆက်ဆံရေးပြေလည်စေရန် ကြိုးပမ်းနေသည့် ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အခြားသော အရှေ့အလယ်ပိုင်းနိုင်ငံများကိုလည်း နိုင်ငံရေးနှင့် သံတမန်ရေးအရ အခက်တွေ့စေပြီး ပါလက်စတိုင်းတို့ဘက်မှသာ ဝင်ရောက် ရပ်တည်ရမည့် အခြေအနေကို လမ်းကြောင်းပေးနေပါသည်။ လက်ရှိအချိန်တွင် အစ္စရေး နိုင်ငံအား အဓိကကူညီမည့် အမေရိကန်နိုင်ငံကိုယ်တိုင် ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းများရင်ဆိုင်နေရသောကြောင့် အပစ်အခတ်ရပ်စဲရေးဖြစ်မလာနိုင်ဟု တွက်ဆလာကြပါက ဖျက်အားပြင်းလက်နက်များ အသုံးပြုသည့် ဒေသတွင်းစစ်ပွဲကြီး တစ်ခုအသွင်သို့ ရောက်ရှိ လာနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
129101623
[1]။ “Why Hamas Attacked—and Why Israel Was Taken by Surprise”. Foreign Affair. October 7, 2023, [https://www.foreignaffairs.com/.../martin-indyk-why-hamas...]
[2] ။ “Iran Helped Plot Attack on Israel Over Several Weeks”. The Wall Street Journal. October 8, 2023, [https:// https://www.wsj.com/.../iran-israel-hamas-strike-planning...]

Thursday, October 12, 2023

ရုရှားနှင့် တရုတ်နိုင်ငံတို့၏ မီဒီယာအခန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီးဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အနောက်နိုင်ငံများသည် ကမ္ဘာ့လူထုအမြင်ကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေ ကြသည့်နည်းတူ အခြားနိုင်ငံများကလည်း နိုင်ငံတကာကို ၎င်းတို့၏ အသံများလွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေကြသည်သာဖြစ်ပါသည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့ကဲ့သို့ နိုင်ငံများ၏ မီဒီယာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းမှုများနှင့် အနောက်နိုင်ငံများ၏ မီဒီယာလွှမ်းမိုးမှုကို စိန်ခေါ်နေသည့် သမားရိုးကျမဟုတ်သည့် မီဒီယာထုတ်လွှင့်မှု နည်းလမ်းများနှင့် ပတ်သက်၍ RT (Russia Today) သတင်းဌာနမှ သတင်းအယ်ဒီတာချုပ် Margarita Simonyan အား မေးမြန်းထားသည့် အင်တာဗျူးဆောင်းပါးကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
Global Times သတင်းဌာနမှ သတင်းထောက် Wang Wenwen နှင့် Xia Wenxin တို့က RT (Russia Today) သတင်းဌာနမှ သတင်းအယ်ဒီတာချုပ် Margarita Simonyan အား ရုရှားနိုင်ငံ၏ အမာခံဝါဒဖြန့်ချိရေးသမားအဖြစ် ဖော်ပြခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး မေးမြန်းရာတွင် Simonyan က အမေရိကန်နိုင်ငံ မီဒီယာနှင့် လူမှုနိုင်ငံရေးတည်ဆောက်ရေးလုပ်ငန်းများသည် RT သတင်းဌာနနှင့် ၎င်း၏ အခန်းကဏ္ဍများနှင့်ပတ်သက်၍ စိတ်ဝင်စားလျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံ၏ ၂၀၁၇ ခုနှစ် ရုရှားနိုင်ငံ၏ လွှမ်းမိုးမှုနှင့်ပတ်သက်သည့် အမျိုးသားထောက်လှမ်းရေး အစီရင်ခံစာတွင် ၎င်းအား (၂၇)ကြိမ်ထက်မနည်း ဖော်ပြခြင်းခံခဲ့ရကြောင်း၊ ၎င်းအနေဖြင့် ရုရှားမီဒီယာတွင် အလုပ်ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်းနှင့် ယခုကဲ့သို့ နိုင်ငံတကာ လူထုအကြားတွင် စိတ်ဝင်တစားရှိကြမှုကိုလည်း ဝမ်းသာကြောင်း ပြန်လည်ဖြေကြားထားပါသည်။
သတင်းထောက်များသည် Simonyan ၏ Whirlpool ဝတ္ထုတိုပေါင်းချုပ် စာအုပ်ထွက်ရှိထားမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် မီဒီယာများတွင် မြင်တွေ့ရခဲသည့် ရုရှားလူမျိုးများ၏ အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် ရုရှားပြည်သူ များ၏ဘဝကို ရေးသားဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ဖတ်ရှုသူများအနေဖြင့် ရုရှားနိုင်ငံ၏ လူနေမှုဘဝများကို နားလည်လာနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဖြေကြားခဲ့ပါသည်။ Simonyan အား လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားခံရမှုနှင့်ပတ်သက်ပြီး ဖြေကြားရာတွင် ၎င်းသည် သတင်းထောက်တစ်ဦးဖြစ်ပြီး တာဝန်နှင့် ဝတ္တရားအရ သတင်းအမှန်ကို မီဒီယာအပေါ် ချပြရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတစ်ဦးအနေဖြင့်လည်း ၎င်း၏ မိခင် နိုင်ငံတော်အတွက် အမှန်တရားဘက်မှ ရပ်တည်၍ အသက်အသေခံနိုင်ကြောင်း၊ အဆိုပါစွန့်လွှတ်မှုသည် ရောဂါဖြင့် သေဆုံးခြင်း၊ သို့မဟုတ် နိုင်ငံတော်သစ္စာဖောက်နှင့် တစ်ဘဝလုံးအရှက်မဲ့စွာနေခြင်းတို့ထက် ပို၍မွန်မြတ်သည်ဟု ဖြေကြားထားပါသည်။
ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများ၏ မီဒီယာများအကြားတွင် မတူညီသည့် ရှုထောင့်နှင့်အမြင်များရှိနေပါသည်။ အဆိုပါ မတူကွဲပြားမှုတွင် RT သတင်းဌာနကို အနောက်နိုင်ငံလူထုမှ ယုံကြည်လာအောင် လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့်ပတ်သက်၍ ဖြေကြားရာတွင် Simonyan က နောက်ဆုံးတွင် အမှန်တရားသာ အနိုင်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် အမှန်တရားအတွက် တိုက်ခိုက်နေရကြောင်း၊ တကယ့်မြေပြင်လက်တွေ့တွင်ဖြစ်ပေါ်နေသည့် အမှန်တရားများကို ပြည်သူများမြင်နိုင်ရန်အတွက် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်များကတည်းက ပြည်သူလူထုသည် အနောက်မီဒီယာ များ၏ လုပ်ကြံပုံပြင်များကို ယုံကြည်မှုနည်းပါးလာခဲ့ကြောင်း၊ ထို့နောက် RT မီဒီယာကို လက်ခံခဲ့ကြခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပြီးမကြာမီအချိန်တွင် အမေရိကန်နိုင်ငံနှင့် EU တို့သည် ရုရှားနိုင်ငံပိုင် RT နှင့် Sputnik သတင်းဌာနများတို့ကို မီဒီယာအား ကြိုးကိုင် ခြယ်လှယ်ခြင်း၊ မမှန်ကန်သည့်သတင်းများ ထုတ်လွှတ်ခြင်းဟူသော စွပ်စွဲချက်များဖြင့် တားမြစ်ပိတ်ပင်ခဲ့ခြင်းများနှင့် ပတ်သက်ပြီးမေးမြန်းရာတွင် Simonyan အနောက် အုပ်စုနိုင်ငံများသည် လွန်ခဲ့သည့်ဆယ်စုနှစ်ကာလကတည်းက ယူကရိန်းနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် အခြေအနေများအား မမှန်မကန်ထုတ်လွှင့်လျက်ရှိကြောင်း၊ RT မီဒီယာအား နှုတ်ပိတ်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်းနှင့် ပြည်သူလူထုအား ယူကရိန်း-ရုရှားအရေးနှင့် ပတ်သက်၍ အမှန်တရားနှင့် ယုံကြည်မှုကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့် မပေးကြောင်း၊ ထို့ကြောင့် တရားမဝင်နည်းလမ်းပေါင်းစုံကိုသုံး၍ RT မီဒီယာအား ကန့်သတ်နေပြီး ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်နေခြင်းဖြစ်ကြောင်း၊ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင် သတင်းမီဒီယာလွတ်လပ်ခွင့် ဆုံးရှုံးနေသည်ကို တွေ့ရကြောင်း၊ RT အပေါ် စွပ်စွဲချက်များတွင် သက်သေ အထောက်အထားများမရှိသော်လည်း အနောက်အုပ်စုနိုင်ငံများသည် ၎င်းတို့ကြွေးကြော် နေသည့် လွတ်လပ်သောမီဒီယာဟူသည့် ဝါဒနှင့်သွေဖည်နေကြောင်း ဖြေကြားထားပါသည်။
တရုတ်နှင့် ရုရှား မီဒီယာတို့အနေဖြင့် နိုင်ငံတကာကို မီဒီယာကဏ္ဍတွင် ထိုးဖောက်ရန်ကြိုးပမ်းနေမှုတွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် Simonyan က နိုင်ငံတကာသတင်းနယ်ပယ်တွင် ရုရှားနှင့် တရုတ် မီဒီယာတို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် အလွန်အရေးကြီးကြောင်း၊ ၎င်းတို့အနေဖြင့် အနောက်အုပ်စုနိုင်ငံများ၏ မီဒီယာလွှမ်းမိုးမှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး အဆိုပါ တစ်ဖက်သတ် လွှမ်းမိုးမှုများသည် ကမ္ဘာကြီးအတွက် အန္တရာယ်များကြောင်း၊ ထို့နောက် တရုတ်နိုင်ငံ၏ ဆိုရှယ်မီဒီယာများအကြားတွင် RT သတင်းဌာန ပူးပေါင်းနိုင်မှုကို ဂုဏ်ယူကြောင်းနှင့် RT အနေဖြင့် တရုတ်နိုင်ငံဆိုရှယ်မီဒီယာများတွင် AFP ၊ Financial Times ၊ Associated Press နှင့် BBC သတင်းဌာနတို့ထက် ရှေ့ကဦးဆောင်လျက် ရှိကြောင်း ဖြေကြားထားပါသည်။
အမေရိကန်နိုင်ငံအစိုးရ၏ လက်ရှိ တရုတ်ကြောက်ရောဂါ (Sinophobia)နှင့် ရုရှားကြောက်ရောဂါ(Russophobia)များနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် Simonyan က အမေရိကန်နိုင်ငံသည် သမိုင်းကြောင်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသည့် Salem Witch Hunts ဖြစ်စဉ်၊ မူလအမေရိကန်နိုင်ငံသားများနှင့် အမေရိကန်လူမဲများ သတ်ဖြတ်ခံရမှုနှင့် ကွန်မြူနစ်ဝါဒအား ကြောက်ရွံ့မှုများမှစ၍ အကြောက်တရားများ ဝင်ခဲ့ရကြောင်း၊ အမေရိကန်လူ့အဖွဲ့အစည်း၏ ထိုအကြောက်တရားများကို လမ်းလွှဲရန် အခြားဆန့်ကျင့်ဘက်အရာတစ်ခုကို တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက်ပြီး ဖန်တီး နေရကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ လက်ရှိ တရုတ်ကြောက်ရောဂါနှင့် ရုရှားကြောက်ရောဂါတို့သည်လည်း လူမျိုးရေးအစွန်းရောက်မှုလက်သစ်ဝါဒ (Classic Racism)နှင့် ဖက်ဆစ်ဝါဒ(Fascism)တို့ ကွဲပြားခြားနားမှု သိပ်မရှိလှကြောင်း ဖြေကြား ထားပါသည်။
ထို့နောက် အမေရိကန်မီဒီယာအများစုသည် အစိုးရပိုင်များ မဟုတ်သော်လည်း နိုင်ငံတကာအရေးကိစ္စရပ်များတွင် မီဒီယာများအနေဖြင့် တစ်သံတည်းထွက်ကြခြင်း၊ အမေရိကန်နိုင်ငံရေးသမားများအနေဖြင့် မီဒီယာအား မည်ကဲ့သို့ လွှမ်းမိုးလျက်ရှိသည်ကို မေးမြန်းခဲ့ရာတွင် Simonyan က အမေရိကန်သတင်းမီဒီယာ၊ ပုဂ္ဂလိက သတင်းဌာန များသည် အမေရိကန်နိုင်ငံခြားရေးမူဝါဒနှင့်အညီသာ ရေးသားဖော်ပြရကြောင်း၊ Hollywood ရုပ်ရှင်နှင့် TV ထုတ်လွှင့်ရေးတို့သည်လည်း အမေရိကန်စစ်တပ်ကောင်းကြောင်းကို ထုတ်လွှင့်ရန်အတွက် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်သာဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်မီဒီယာများအနေဖြင့် ကွဲပြားခြားနားသည်ဆိုခြင်းမှာ အပေါ်ယံမျှသာဖြစ်ပြီး အမေရိကန်နိုင်ငံ၏ နိုင်ငံရေးနှင့် မီဒီယာကဏ္ဍတို့သည် လက်တွေ့တွင် မူဝါဒတစ်ခု တည်းဖြင့် ပူးပေါင်းလုပ်ဆောင်နေကြသည်သာဖြစ်ကြောင်း ဖြေကြားထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အမေရိကန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းတွင် ကမ္ဘာ့ဦးဆောင်မှု အခန်းကဏ္ဍကိုရယူလာပြီး စစ်အေးကာလတစ်လျှောက် ဆိုဗီယက်ပြည်ထောင်စုနှင့် ယှဉ်ပြိုင်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားသည့်အခါတွင် ပြိုင်ဘက်မရှိ ဦးဆောင်သူ အဖြစ် ရယူနိုင်ခဲ့ပါသည်။ ထိုကဲ့သို့အောင်မြင်လာခဲ့မှုသည် ၎င်း၏ စစ်ရေးအခန်းကဏ္ဍကို မြင့်မားအောင်ဆောင်ရွက်နိုင်ခဲ့ခြင်း တစ်ခုတည်းကြောင့်မဟုတ်ဘဲ Soft Power များ ဖြစ်သည့် နည်းပညာတိုးတက်မှု၊ စီးပွားရေးအောင်မြင်မှု၊ ပညာရေးမြင့်မားမှု၊ သဘောတရားရေးရာနှင့် ဝါဒဖြန့်ချိရေးကဏ္ဍများတွင် အားကောင်းအောင် တည်ဆောက်နိုင်ခဲ့မှု များကြောင့် ထိုသို့ အောင်မြင်လာခဲ့ရခြင်းဖြစ်ပါသည်။ ယခုအချိန်တွင်လည်း ကမ္ဘာ့ မီဒီယာလွှမ်းမိုးချုပ်ကိုင်မှုကို အမေရိကန်နိုင်ငံ ဦးဆောင်သည့် အနောက်အုပ်စုမှ အသာစီးရယူထားနိုင်ဆဲဖြစ်ပြီး ရုရှားနှင့် တရုတ်နိုင်ငံတို့အနေဖြင့်လည်း အနောက်အုပ်စု မီဒီယာများကို တန်ပြန်နိုင်ရန် ပူးပေါင်းဆောင်ရွက်လာကြပါသည်။
ဆောင်းပါးတွင် RT သတင်းအယ်ဒီတာချုပ် Simonyan ၏ ဖြေကြားချက်များတွင်လည်း အမေရိကန်နိုင်ငံသည် အများအမြင်တွင် ကွဲပြားခြားနားသော မီဒီယာလွတ်လပ်ခွင့်ကို ပေးထားသည်ဟု ပုံဖော်ထားသော်လည်း နိုင်ငံခြားရေးမူဝါဒ၊ အထူးသဖြင့် အမေရိကန် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့်ပတ်သက်၍ တစ်သံတည်းထွက်ကြသည်ကို ထောက်ပြထားပါသည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ၏ Hollywood အပါအဝင် အခြားမည်သည့် မီဒီယာတွင်မဆို အမေရိကန်စစ်တပ်နှင့် လုံခြုံရေးအဖွဲ့အစည်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဂုဏ်တင်၍ ရိုက်ကူးထားသည့် ရုပ်ရှင်/ဗီဒီယိုများစွာကို တွေ့ရမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ ပြိုင်ဘက်နိုင်ငံများအား ဂုဏ်တင်ထုတ်လွှင့်ခြင်းမှာ မရှိသလောက်ရှားပါးလှပါသည်။ ထို့ကြောင့် အနောက်နိုင်ငံများ၏ မီဒီယာ လွတ်လပ်ခွင့်ဆိုသည်မှာ ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်ပြီး တစ်သံတည်းထွက်ကြရသည်သာဖြစ်ပြီး နိုင်ငံ၏ ဥပဒေဘောင်အတွင်းမှသာ လွတ်လပ်ခွင့်ပေးခြင်းမျိုး ဖြစ်ပါသည်။
ယခုအခါ ရုရှားနှင့် တရုတ်နိုင်ငံတို့ အနေဖြင့် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု၏ မီဒီယာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရန်သတင်းမီဒီယာကဏ္ဍများတွင်သာမက ဆိုရှယ်မီဒီယာအသုံးချမှုများတွင်ပါ ပူးပေါင်း ဆောင်ရွက်လာကြသည်ကို တွေ့ရှိရပါသည်။ သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာအနေဖြင့် နိုင်ငံငယ်များအပေါ် လွှမ်းမိုးထားသော အနောက်အုပ်စု မီဒီယာများကို လွှမ်းမိုးနိုင်ရန်မှာ ထင်သလောက်မလွယ်ကူဘဲ ယခုထက်ပို၍ ပြီးပြည့်စုံသော မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုများနှင့် ငွေကြေးသုံးစွဲနိုင်မှုများ လိုအပ်နေဆဲဖြစ်ပါသည်။ မီဒီယာကဏ္ဍလွှမ်းမိုးနိုင်ရန် အဓိကလိုအပ်ချက်တစ်ခုမှာ အင်္ဂလိပ်ဘာသာ အပါအဝင် ဘာသာစကားပေါင်းစုံကို လွှမ်းခြုံနိုင်သည့် ငွေကြေးအင်အားသုံးစွဲနိုင်မှု၊ Think-Tank အမည်များဖြင့် ဖွဲ့စည်းထားရှိသော သုတေသနကွန်ရက်များဖြန့်ကျက်ထားနိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပြင် ယခုခေတ်ကာလ၌ ဆိုရှယ်မီဒီယာနှင့် နည်းပညာကဏ္ဍများက အရေးပါလျက်ရှိပါသည်။ ထို့ကြောင့် ကမ္ဘာ့မီဒီယာနှင့် ဝါဒဖြန့်ချိရေးယှဉ်ပြိုင်မှုတွင် နိုင်ငံငယ်များအနေဖြင့် အခြားဝါဒဖြန့်ချိရေးယန္တရားများမှ ကာကွယ်ထားနိုင်ခြင်းနှင့် အမှန်တရားကို ထိရောက်စွာ ဖော်ထုတ်ချပြတတ်ရန်၊ နည်းစနစ်များကို သိရှိရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
128101323
[1]။ Wang Wenwen and Xia Wenxin. “Russian, Chinese media working together a matter of survival of Russian and Chinese voices on a global stage: RT editor-in-chief”. Global Times. October 5, 2023, [https:// www.globaltimes.cn/page/202310/1299249.shtml]

Wednesday, October 11, 2023

တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် ဆောင်ရွက်နေသည့် BRI စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကိုငြင်းဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံသည် ၎င်း၏ ကာလရှည်အကျိုးစီးပွားအတွက် အာမခံချက် နည်းပါးလာသည့် ပါကစ္စတန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လျှော့ချရန် ကြိုးပမ်းနေခြင်းနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
တရုတ်-ပါကစ္စတန် နှစ်နိုင်ငံအကြား အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုတွင် တရုတ် နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် ဆောင်ရွက်နေသည့်ပိုးလမ်းမစီမံကိန်း(Belt and Road Projects) များတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရန် တောင်းဆိုမှုများကို ငြင်းပယ်ခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံအတွင်း နိုင်ငံရေးပြဿနာများနှင့် လုံခြုံရေးမတည်ငြိမ်မှုများကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များက သုံးသပ်နေကြပါသည်။ ပါကစ္စတန်နိုင်ငံသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(China-Pakistan Economic Corridor-CPEC) အောက်ရှိ စွမ်းအင်ကဏ္ဍ၊ ရာသီဥတုပြုပြင်ပြောင်းလဲရေးကဏ္ဍ၊ လျှပ်စစ်ထုတ်လုပ်မှုကဏ္ဍနှင့် ခရီးသွား လုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံပြုလုပ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ပိုးလမ်းမစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် CPEC တွင် အမေရိကန် ဒေါ်လာ ၅၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ တောင်ဘက်ဆိပ်ကမ်းမြို့ Gwadar မှ Karachi မြို့သို့ ချိတ်ဆက်မည့် ဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်စနစ်နှင့် ၅၀၀ ကီလိုဗို့အား ထုတ်လွှင့်မှုစနစ်တည်ဆောက်မည့် စီမံကိန်းကိုလည်း ငြင်းဆိုထားသကဲ့သို့ ၎င်းကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ပြည်ပမှ တင်ပို့လာသည့် ကျောက်မီးသွေးများထက် ပြည်တွင်းထုတ်ကျောက်မီးသွေးများကိုသာ အသုံးပြုနိုင်သည့် နေရာသို့ ပြောင်းရွှေ့ရန်အချက်ကိုလည်း ငြင်းဆိုထားပါသည်။ ထို့နောက် CPEC အတွက် အရေးပါသည့် (၁၁)ကြိမ်မြောက် Joint Cooperation Committee (JCC)ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပပြုလုပ်ခဲ့သော်လည်း နောက်ဆုံးအစည်းအဝေးမှတ်တမ်း အစီရင်ခံစာကိုမူ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံအရေးကိစ္စတွင် ထဲထဲဝင်ဝင် ပါဝင်ခြင်းမရှိတော့ဟု ဆိုသည်။ သို့သော် ပါကစ္စတန်စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနကမူ နှစ်နိုင်ငံအကြား CPEC ကဏ္ဍများ၌ တိုးချဲ့လုပ်ဆောင် သွားရန်ကတိပြုခဲ့သည်ဟု ဆိုထားပါသည်။
ပိုးလမ်းမစီမံကိန်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်တွင် တရုတ်နိုင်ငံသည် အခြေခံ အဆောက်အဦတည်ဆောက်ရေးနှင့် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို အာရှမှ ဥရောပ၊ ဥရောပမှ အာဖရိကဒေသများအထိ ချဲ့ထွင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ပြောကြားထား သော်လည်း ၎င်းကိုယ်တိုင် စီးပွားရေးကျဆင်းနေသောကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု များကို အထူးသတိပြုရွေးချယ်ဆောင်ရွက်နေဟန်တူပါသည်။ တရုတ်နိုင်ငံအနေဖြင့် BRI ရင်းနှီးမြှုပ်နှံမှုများကို အတွေ့အကြုံဟောင်းများအပေါ်တွင်သာမက တရုတ်နိုင်ငံ၏ မဟာဗျူဟာရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် မည်သို့ပိုမိုထိရောက်အောင် ဆောင်ရွက်မည်ဟူသည့် အချက်ပေါ်တွင် ချိန်ညှိနိုင်ရန် ဆောင်ရွက်မည်ဟု ပြောကြားထားပါသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ရေရှည်တည်ငြိမ်မှုကိုရှေးရှုကာ ပါးနပ်လိမ္မာစွာဖြင့် မျှော်မှန်း လုပ်ဆောင်သွားမည်ဟု ဆိုထားပါသည်။ ထို့ကြောင့် ပါကစ္စတန်နိုင်ငံကဲ့သို့ လုံခြုံရေးအာမခံချက် မရှိသည့် အထူးသဖြင့် တရုတ်နိုင်ငံသားများအပေါ် လုံခြုံမှုမပေးနိုင်သည့် မိတ်ဖက် နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရန် စိုးရိမ်လျက်ရှိနေပါသည်။ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း စိန်ခေါ်မှုများ ဖြစ်ပေါ်နေစဉ်အတွင်း မိတ်ဖက်နိုင်ငံများ၌ တရုတ်နိုင်ငံ၏ မဟာဗျူဟာအကျိုးစီးပွားနှင့် ရေရှည်အောင်မြင်မှုကို ရည်မှန်း၍ ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ခြင်းကို ထိန်းညှိနိုင်ရန်မှာ မရှိမဖြစ်အရေးကြီးသည်ဟု တရုတ်နိုင်ငံနှင့် ကမ္ဘာလုံးဆိုင်ရာ သုတေသနစင်တာမှ တရုတ်နိုင်ငံဆိုင်ရာပညာရှင် Andy Mok က ပြောကြားထားပါသည်။
၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Imran Khan နှင့် ၎င်းအစိုးရ အဖွဲ့ဖြုတ်ချခံခဲ့ရပြီးနောက် ပါကစ္စတန်နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ် ခဲ့ပြီး ဆန္ဒပြမှုများလည်း ဖြစ်ပေါ်လာခဲ့ပါသည်။ ထို့ပြင် ပါကစ္စတန်သူပုန်များသည် ပါကစ္စတန်နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ပစ်မှတ်ထားတိုက်ခိုက် ခဲ့ကြပြီး CPEC စီမံကိန်းတွင်ပါဝင်သည့် တရုတ်အင်ဂျင်နီယာလုပ်သားများအား ချောင်းမြောင်း တိုက်ခိုက်ခြင်းများ၊ အသေခံဗုံးခွဲ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြပါသည်။ သို့ဖြစ်၍ ပါကစ္စတန်နိုင်ငံအတွင်း တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများအား ငြင်းပယ်မှုများတွင် အခြား ပြဿနာရပ်များ ရှိနိုင်သော်လည်း နိုင်ငံအတွင်း လုံခြုံရေးမတည်ငြိမ်မှုများသည် အဓိက ကိစ္စရပ်တစ်ခုဖြစ်နိုင်ပါသည်။ ပထဝီနိုင်ငံရေးအရ အရေးပါသည့်ဒေသဖြစ်သော်လည်း ဒုစရိုက်နယ်မြေတစ်ခု ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံမှုများ ထပ်တိုးလုပ်ဆောင်ရန် ဝန်လေးနေကြောင်းနှင့် ၎င်း၏ လူအင်အားနှင့် စက်ရုံပစ္စည်းပိုင်ဆိုင်မှုများကို ပါကစ္စတန် နိုင်ငံအတွင်းထားရှိခြင်းသည် အန္တရာယ်များသည့်လုပ်ရပ်အဖြစ် သတ်မှတ်ထားသည်ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားပါသည်။
ပါကစ္စတန်နိုင်ငံကလည်း CPEC စီမံကိန်းတွင် ပါဝင်သည့် တရုတ်နိုင်ငံသား များနှင့်ပတ်သက်၍ လုံခြုံရေးကဏ္ဍကို တိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ပြီး တရုတ်လုပ်သားများအတွက် ကျည်ကာယာဉ်များကို အသုံးပြုခြင်းများ ဆောင်ရွက်နေ သော်လည်း တရုတ်နိုင်ငံအနေဖြင့် အလိုမကျသည့် အခြားအကြောင်းအရာများ ရှိနေ နိုင်ပါသည်။ မဟာဗျူဟာနှင့် နိုင်ငံရေးဆိုင်ရာ သုတေသနပညာရှင် Qamar Cheema ၏ သုံးသပ်ချက်အရ ပါကစ္စတန်နိုင်ငံရေးသမားများသည် CPEC စီမံကိန်းများကို တရုတ်- ပါကစ္စတန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ထက် ၎င်းတို့၏ ရွေးကောက်ပွဲ အနိုင်ရရှိရေးအကျိုးအမြတ်အဖြစ် အသုံးချလျက်ရှိပါသည်။ ကြန့်ကြာမှုများရှိနေခဲ့ သော်လည်း လာမည့်ဇန်နဝါရီလတွင် ပါကစ္စတန်နိုင်ငံအတွင်း ရွေးကောက်ပွဲ ကျင်းပ လာနိုင်ဖွယ်ရှိသည်ဟု ဆိုပါသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် CPEC စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်ခြင်းသည် တရုတ်နိုင်ငံအတွက် အကျိုးစီးပွား ဖြစ်/မဖြစ်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာရှိလာပါသည်။ ကာလတိုကိုသာကြည့်၍ ပါကစ္စတန် နိုင်ငံမှ အကျိုးအမြတ်ရရှိရန်ကြိုးပမ်းခြင်းသည် အန္တရာယ်များသောလုပ်ရပ်တစ်ခုဖြစ်ကြောင်းနှင့် လက်ရှိတွင် ပါကစ္စတန်နိုင်ငံသည် တရုတ်စွမ်းအင်ကုမ္ပဏီကြီးများအပေါ်တွင် အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံခန့် အကြွေးတင်နေပြီး နိုင်ငံအတွင်း ငွေကြေးပြတ်လပ်မှု များကြောင့် အကြွေးဆပ်နိုင်ခြင်းမရှိသေးပါ။ ထို့ကြောင့် တရုတ်နိုင်ငံသည် အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်သော်လည်း အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် ပြဿနာများစွာ ကြုံတွေ့ ရနိုင်သည်ဟု Virginia တက္ကသိုလ်မှ ကမ္ဘာလုံးဆိုင်ရာလေလာရေး လက်ထောက် ကထိက Muhammad Tayyab Safdar က ပြောကြားခဲ့ပါသည်။ ထို့နောက် သုတေသန ပညာရှင် Garlick က တရုတ်အစိုးရအနေဖြင့် CPEC အား ၎င်းနိုင်ငံနှင့် ဒေသအတွက် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများထပ်မံရရှိမည့် စီမံကိန်းအဖြစ်ယုံကြည်ခြင်းမရှိတော့ဟု ပြောကြားထားပါသည်။
ပါကစ္စတန်နိုင်ငံမှ သုတေသနပညာရှင် Cheema ကမူ ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံ၏ တောင်အာရှဈေးကွက်အတွက် အရေးပါသည့်နိုင်ငံဖြစ်ပြီး တရုတ် ရင်းနှီးမြှုပ်နှံသူများအတွက် အရေးပါလျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲပြီးနောက်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်လုပ်ဆောင်လာနိုင်သည်ဟု ပြောကြားထားပါသည်။ တစ်ဖက်တွင်လည်း သုတေသနပညာရှင် Garlick က တရုတ်နိုင်ငံအနေဖြင့် ကာလ ရှည်ကြာရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပြီးနောက် ပါကစ္စတန်နိုင်ငံအား မွေးရာပါ နိုင်ငံရေးမတည်ငြိမ်သည့်နိုင်ငံအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်းနှင့် တည်ငြိမ်သည့်စီးပွားရေးတိုးတက်မှုများ ရရှိနိုင်မည်ဟု မယုံကြည်တော့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ၁၉၅၁ ခုနှစ်တွင် သံတမန်ဆက်ဆံရေးကို တည်ထောင်ခဲ့ကြပြီး ၎င်းကာလများအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများလည်း လုပ်ဆောင်ခဲ့ကြပါသည်။ ထို့နောက် ၁၉၇၀ ပြည့်နှစ်များတွင် နှစ်နိုင်ငံအကြား ခိုင်မာ အားကောင်းသည့် စီးပွားရေးမိတ်ဖက်လုပ်ငန်းများကို စတင်နိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် များတွင် မဟာဗျူဟာမြောက်သည့် စီးပွားဖက်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ထိုအချိန်တွင် တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ အခြေခံအဆောက်အဦ၊ ဆက်သွယ်ရေး၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာ ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ပိုးလမ်းမစီမံကိန်းအောက်မှ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ(China-Pakistan Economic Corridor -CPEC)ကို စတင်အကောင်အထည် ဖော်ခဲ့ပြီး တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်လာကာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အများအပြား လုပ်ဆောင်ခဲ့ကြပါသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Imran Khan နှင့် ၎င်းအစိုးရအဖွဲ့ ဖြုတ်ချခံခဲ့ရပြီးနောက် ပါကစ္စတန်နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ ထိုသို့ ဖြုတ်ချမှု၏ နောက်ကွယ်တွင် အမေရိကန်နိုင်ငံရှိနေသည် ဟူသော သုံးသပ်ချက်များလည်းထွက်ပေါ်ခဲ့ပြီး[2] ပါကစ္စတန်နိုင်ငံအတွင်း တရုတ်စီးပွားရေး လုပ်ငန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ တရုတ်နိုင်ငံသားများအတွက် လုံခြုံရေး အာမခံချက် မရှိမှု၊ အကြမ်းဖက်ဗုံးခွဲမှုများ မြင့်တက်နေပြီး နိုင်ငံရေး တည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုဆိုင်ရာ အာမခံချက်မရှိခြင်း၊ အကြွေးမဆပ်နိုင်ခြင်းနှင့် အကျင့်ပျက် ခြစားမှုစသည့် ပြဿနာရပ်များကြောင့် ပါကစ္စတန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ခေတ္တရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်နိုင်ပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုက်သည့် ငွေများအား နိုင်ငံရေးသမားများနှင့် အစိုးရတာဝန်ရှိသူများကလာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့အောင်နိုင်ရေးအတွက် အသုံးချသွားမည်ကို စိုးရိမ် နေခြင်း ဖြစ်ပါသည်။
သို့သော်လည်း ဆောင်းပါးတွင် ဖော်ပြထားသကဲ့သို့ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံအား လုံးဝပစ်ပယ်ထားလိုက်သည့်နီးနီး အယူအဆမှာ အစွန်းရောက်နေပြီးပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံကဲ့သို့ပင် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်သည့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံအား ပိတ်ဆို့ထိန်းညှိရန်နှင့် ဒေသအတွင်း စီးပွားရေးအကျိုးအမြတ်ဖြန့်ကြက်နိုင်ရန် အရေး ပါသည့် နေရာတွင်ရှိနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ တရုတ်နိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အခြားချမ်းသာသောဒေသတွင်း နိုင်ငံများနှင့် စီးပွားဆက်ဆံရေးတည်ဆောက်လာခြင်း၊ ပါကစ္စတန်နိုင်ငံ၏ နိုင်ငံရေး ရေချိန်ကို စောင့်ကြည့်နေခြင်းတို့ကြောင့် လက်ရှိဦးစားပေးနေရာမှ လျော့ကျနေသည်ဟုသာ သုံးသပ်ရပါသည်။
ယခုအခါ တရုတ်နိုင်ငံသည် ၎င်းကိုယ်တိုင်စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရ သောကြောင့် ၎င်း၏ BRI စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ယခင်ကထက် ၎င်း၏ ရေရှည်အကျိုးစီးပွားအား အလေးထားလာကာ ပိုမိုတင်းကျပ်စိစစ်သည့်မူဝါဒကို ကျင့်သုံးလာပြီး ဆုံးရှုံးမှုဖြစ်လာနိုင်သည့်အခြေအနေတွင် စွန့်စားမှုယူရန် ခဲယဉ်းလာပါသည်။ ထိုမူဝါဒမှာ သမ္မတ ရှီကျင့်ဖျင်၏ ပြည်တွင်းညီညွတ်ရေးနှင့် တည်ငြိမ်ရေးကို ပိုမိုအာရုံစိုက်လာသည့် နိုင်ငံခြားရေးမူဝါဒသာမက နိုင်ငံတွင်း စီးပွားရေးတုံ့ဆိုင်းနေမှုများနှင့်လည်း ဆက်စပ်နေနိုင်ကြောင်း သုံးသပ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ မိမိနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နေသည့် မည်သည့်နိုင်ငံမဆို ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ မဆုံးရှုံးစေရန်နှင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရန်သာ မျှော်တွေးမည်ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ဖော်ဆောင်ထိန်းညှိနိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
127101223
[1]။ ADNAN AAMIR. “China spurned Pakistan's proposals for new Belt and Road projects”. Nikkei Asia. October 2, 2023, [https://asia.nikkei.com/.../China-spurned-Pakistan-s... ]-accessed on 5 October 2023.

[2]။ Ryan Grim, Murtaza Hussain. “PAKISTAN CONFIRMS SECRET DIPLOMATIC CABLE SHOWING U.S. PRESSURE TO REMOVE IMRAN KHAN”. The Intercept. August 16 2023 [https://theintercept.com/.../imran-khan-cable.../]-accessed on 5 October 2023

Tuesday, October 10, 2023

ဉာဏ်ရည်တုနည်းပညာ (AI) ကဏ္ဍတွင် အမေရိကန်နိုင်ငံ၏ ကမ္ဘာ့ဦးဆောင်မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ



နိဒါန်း

အမေရိကန်နိုင်ငံသည် ကမ္ဘာ့ဦးဆောင်မှုအခန်းကဏ္ဍကိုထိန်းသိမ်းရန် ကြိုးပမ်းရာတွင် ကုန်သွယ်ရေးကိစ္စရပ်တစ်ခုတည်းအပေါ်တွင်သာ အမှီသဟဲ ပြုနေရုံမျှဖြင့် မိတ်ဖက်နိုင်ငံများကို စည်းရုံးနိုင်မည်မဟုတ်ဘဲ အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် AI နှင့် ပတ်သက်သည့် မူဝါဒများကို ဦးစားပေးရန် လိုအပ်လာသည်ဟူသော အကြံပြုချက်များနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။[1]

ဖော်ပြချက်

ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နိုင်ငံ၏ အောင်မြင်လာမှုကြောင့် အမေရိကန် ဈေးကွက်အတွင်းသို့ ဝင်ရောက်လိုသည့်နိုင်ငံများကို အမေရိကန်နိုင်ငံ၏ လုံခြုံရေး အကျိုးစီးပွားအား လိုက်နာစေသည်အထိ စွမ်းဆောင်နိုင်ခဲ့ပါသည်။ Rules-Based Order အရ နိုင်ငံငယ်များ၏ အချုပ်အခြာအာဏာကို ကာကွယ်ပေးခြင်းနှင့် အပြန်အလှန် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် Liberal International Order သည် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်၏ အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါသည်။ အဆိုပါအချက်ကြောင့် ရာနှင့်ချီသောနိုင်ငံများသည် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ခဲ့ပြီး အင်အားကြီးနိုင်ငံများအကြား စစ်မက်ဖြစ်ပွားမှုလည်း လျော့နည်းလာခဲ့ပါသည်။ စစ်အေး ကာလတွင် ဆိုဗီယက်ပြည်ထောင်စုအနေဖြင့် အနောက်အုပ်စုဝင်နိုင်ငံများ၏ တိုးတက်လာမှု များကို မယှဉ်ပြိုင်နိုင်သည့်အတွက် အဆိုပါကာလတွင် အမေရိကန်နိုင်ငံက အနိုင်ရရှိခဲ့ပြီး စစ်အေးကာလအဆုံးသတ်ခဲ့ပါသည်။

၃။ ထိုကာလအတွင်း အမေရိကန်နိုင်ငံနှင့် စီးပွားရေးအကျိုးအမြတ်အတွက် ပူးပေါင်းဆောင်ရွက်လိုသည့် နိုင်ငံများသည် အပြန်အလှန်အားဖြင့် အမေရိကန်နိုင်ငံ၏ လုံခြုံရေးအကျိုးအမြတ်ကိုလည်း ချိန်ညှိဆောင်ရွက်ခဲ့ရပါသည်။ အဓိကဆိုလိုရင်းမှာ နိုင်ငံများအနေဖြင့် အမေရိကန်နိုင်ငံနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မည် ဆိုပါက ကွန်မြူနစ်ဆန့်ကျင်ရေး သဘောထားများနှင့် ဆိုဗီယက်ပြည်ထောင်စုကို မဟာဗျူဟာမြောက် ယှဉ်ပြိုင်လိုသော သဘောထားများပါဝင်သည့် နိုင်ငံခြားရေး မူဝါဒအား ထောက်ခံခဲ့ရပါသည်။ ဗီယက်နမ်စစ်ပွဲအစတွင် အမေရိကန်နိုင်ငံ၏ တစ်ကမ္ဘာလုံး ဆိုင်ရာ GDP သည် ၃၈ ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ခဲ့သည့် နိုင်ငံများသည်လည်း ကြွယ်ဝချမ်းသာခဲ့ကြပါသည်။ ထိုအချိန်တွင် ကွန်မြူနစ်နိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် ဆိုဗီယက်ပြည်ထောင်စုနှင့် ဆက်ဆံရေးမှ ခွဲထွက် ခဲ့ပြီး စီးပွားရေးအင်အားကောင်းမွန်သည့် အမေရိကန်နိုင်ငံနှင့် လိုက်လျောညီထွေ ဆောင်ရွက်ခဲ့သည့်အတွက် ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။

ယနေ့ခေတ်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးအင်အားသည် စစ်အေးခေတ် ကာလကဲ့သို့ အားကောင်းခြင်းမရှိတော့ပါ။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်နေဆဲဖြစ်သော်လည်း စစ်အေးခေတ်ကဲ့သို့ မဟာဗျူဟာမြောက် မိတ်ဖက်များကို ထိန်းသိမ်းနိုင်သည့်အခြေအနေမျိုးမရှိတော့သည်ကို တွေ့ရသည်။ အဆိုပါအချက် အတွက် အကြောင်းပြချက် ၂ ချက်ရှိပါသည်။ ပထမအချက်အနေဖြင့် တရုတ်နိုင်ငံ၏ GDP သည် အကြမ်းဖျင်းအားဖြင့် အမေရိကန်နိုင်ငံ GDP ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိနေပြီး စစ်အေးကာလအတွင်းက ဆိုဗီယက်ပြည်ထောင်စု၏ စီးပွားရေးနှင့်နှိုင်းယှဉ်လျှင်တရုတ်နိုင်ငံ၏စီးပွားရေးမှာ အင်အားကောင်းမွန်လျက်ရှိပါသည်။ ဒုတိယအချက် အနေဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်သည် အောင်မြင်နေသော်လည်း အဆိုပါ ဖြစ်စဉ်ကြောင့်ပင် လွတ်လပ်စွာကုန်သွယ်မှုမှာ အဆုံးသတ်သွားခဲ့ရပါသည်။ အမေရိကန် နိုင်ငံ၏ နိုင်ငံရေးပါတီနှစ်ရပ်စလုံးသည် ကုန်သွယ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆောင်ရွက်ချက်ဖြစ်သည့် CPTPP ကို စိတ်ပါဝင်စားမှုမရှိကြပါ။ ၎င်းအစား အမေရိကန် နိုင်ငံသည် ဉာဏ်ရည်တု(Artifical Intelligence) နည်းပညာနယ်ပယ်အသစ်ကို တည်ထောင်သင့်ကြောင်းနှင့် နည်းပညာများကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေနိုင်မည်ဟု ဆိုပါသည်။ အမေရိကန်နိုင်ငံသည် AI နည်းပညာနှင့်ပတ်သက်သည့် လုပ်ငန်းများတွင် ငွေကြေးအမြောက်အမြား ရင်းနှီး မြှုပ်နှံထားပြီး အမေရိကန်ကုမ္ပဏီများသည် ကမ္ဘာ့တစ်ဝန်းရှိ တစ်ပိုင်းလျှပ်ကူး ပစ္စည်းထုတ်လုပ်မှု၏ ၅ ပုံ ၂ ပုံကို ထုတ်လုပ်လျက်ရှိသည်ဟု ဆိုပါသည်။

အမေရိကန်နိုင်ငံ၏ သံတမန်ရေးရာ ဆောင်ရွက်ချက်များသည် ကုန်သွယ်ရေး ကဏ္ဍအား ဦးစားပေးထားရာမှတစ်ဆင့် AI နည်းပညာသို့ ကူးပြောင်းသင့်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းက အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားကို မြှင့်တင်ခြင်းအတွက် များစွာအရေးပါကြောင်းနှင့် လတ်တလောဆောင်ရွက်သင့်သည့် အချက် ၅ ချက် ရှိပါသည်။ ပထမအချက်မှာ အမေရိကန်နိုင်ငံသည် AI ကဏ္ဍနှင့်ပတ်သက်၍ အခြား မဟာမိတ်များအပါအဝင် EU နှင့် မဟာဗျူဟာမြောက် လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက်သင့်ပါသည်။ အမေရိကန်လွှတ်တော်၌ AI နှင့်ပတ်သက်သည့် ဥပဒေ ချမှတ်ခြင်းတွင် EU ၏ AI ဥပဒေများနှင့် လိုက်လျောညီထွေဖြစ်စေရန် အလေးထား ဆောင်ရွက်သင့်ပြီး AI ကဏ္ဍနှင့်ပတ်သက်၍ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း လုပ်ဆောင်၍ မရနိုင်ကြောင်း ဖော်ပြထားပါသည်။

ဒုတိယအချက်အနေဖြင့် အမေရိကန်နိုင်ငံ၏ အချို့မိတ်ဖက်နိုင်ငံများသည် AI ကဏ္ဍ၊ သတင်းအချက်အလက်ကဏ္ဍနှင့်ပတ်သက်၍ ပြည်တွင်းသတင်းအချက်အလက် လုံခြုံရေးကို ဦးစားပေးခြင်းကြောင့် AI ကဏ္ဍနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန် ခက်ခဲနိုင်ပါသည်။ ဥပမာအားဖြင့် အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် သတင်းအချက်အလက်နှင့်နည်းပညာများကို ၎င်းတို့နိုင်ငံအတွင်း၌ပင် တည်ဆောက် ထားရှိရန် ဥပဒေများရှိနေပါသည်။ ထို့ကြောင့် အမေရိကန် AI ကုမ္ပဏီများအနေဖြင့် ထိုကဲ့သို့သော နိုင်ငံများကို AI ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးနိုင်ကြောင်း ပြသရမည်ဖြစ်ပြီး ၎င်းနိုင်ငံများ၏ သတင်းအချက်အလက်လုံခြုံရေး၊ အမျိုးသားလုံခြုံရေးနှင့် ဒေသတွင်း ယှဉ်ပြိုင်မှုကိုလည်း အာမခံပေးရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။

တတိယအချက်အနေဖြင့် အမေရိကန်နိုင်ငံအနေဖြင့် AI ကဏ္ဍနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် Bilateral နှင့် Multilateral စနစ်ကို ကျင့်သုံးပြီး Track 1.5 နှင့် Track 2 ဆွေးနွေးမှုများအား ကျင့်သုံးသင့်သည်ဟု ဆိုသည်။ ထိုနည်းလမ်းများက သမားရိုးကျအစိုးရချင်း ဆက်ဆံရေးတည်ဆောက်ခြင်းထက် ပိုမို ထိရောက်ပြီး ထိုဆွေးနွေးမှုများမှတစ်ဆင့် အမေရိကန်နိုင်ငံ၏ AI နှင့်ပတ်သက်သော သဘောထားများ၊ မူဝါဒများနှင့် စွမ်းဆောင်ရည်များကို ချပြနိုင်ပြီး စိတ်တူကိုယ်တူ နိုင်ငံများကို စုစည်းနိုင်မည်ဖြစ်ပါသည်။ ဆိုရှယ်မီဒီယာနှင့် E-Commerce လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံခြင်းထက် AI နှင့်ပတ်သက်သော စုပေါင်းဆိုက်ဘာလုံခြုံရေး၊ သုတေသနလုပ်ငန်းမြှင့်တင်ခြင်းများ၊ သတင်းအချက်အလက် ဖလှယ်ခြင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။

စတုတ္ထအချက်အနေဖြင့် AI နှင့်ပတ်သက်သော ထုတ်ကုန်များ ကန့်သတ် ရာတွင် API ဆော့ဖ်ဝဲလ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုပါ ကန့်သတ်သင့်သည်ဟု ဆိုပါသည်။AI နှင့်ပတ်သက်သော ပစ္စည်းကိရိယာများ၊ ဆော့ဖ်ဝဲလ်များနှင့် နည်းပညာများသည် အရပ်ဘက်ကဏ္ဍအတွက်သာမက စစ်ဘက်ကဏ္ဍတွင်ပါ ဖျက်အားပြင်းလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ခြင်းကြောင့် AI နှင့် ဆက်စပ်နေသော Hardware နှင့် Software ဝန်ဆောင်မှုလုပ်ငန်းများကိုပါ ထည့်သွင်းရခြင်းဖြစ်ကြောင်း ဖော်ပြထား ပါသည်။

ပဉ္စမအချက်မှာ အမေရိကန်နိုင်ငံအနေဖြင့် AI ၏ ဆိုးကျိုးများနှင့်ပတ်သက်ပြီး လေ့လာသည့် ကဏ္ဍများ၊ ပူးပေါင်းဆောင်ရွက်သည့် ကဏ္ဍများတွင် ရန်သူ/မိတ်ဆွေ ကန့်သတ်မထားသင့်ဟု ဆိုပါသည်။ ထိုကိစ္စရပ်တွင် နိုင်ငံများအားလုံးပူးပေါင်းဆောင်ရွက်မှသာ တွေ့ကြုံလာနိုင်သည့် AI နှင့်ပတ်သက်သော ပျက်စီးဆုံးရှုံးမှုများနှင့် စွန့်စားမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ ထိုသို့ AI ၏ ဆိုးကျိုးများနှင့် စွန့်စားလုပ်ဆောင်ရမှု များအား လေ့လာသည့် သုတေသနလုပ်ငန်းများနှင့် သုတေသနပညာရှင်များကို အားပေးသင့်ပြီး သတင်းအချက်အလက်များ မျှဝေသင့်ကြောင်း အကြံပြုရေးသား ထားပါသည်။

ယခုခေတ်ကာလတွင် စီးပွားရေးအကျိုးအမြတ်နှင့် လုံခြုံရေးအကျိုးအမြတ် တစ်ပြိုင်နက်တည်းရရှိနိုင်ရန်မှာ ၁၉၄၀ ပြည့်နှစ်ကျော်ကာလများကဲ့သို့ပင် အမေရိကန် နိုင်ငံအတွက် အရေးကြီးလျက်ရှိပါသည်။ အမေရိကန်နိုင်ငံဦးဆောင်ခဲ့သည့် ကာလတစ်လျောက် စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများနှင့် လူနေမှုအဆင့်အတန်းမြင့်မားမှုကို ဆောင်ကြဉ်း ပေးနိုင်ခဲ့သော်လည်း သတိပြုရမည့်အချက်မှာ ထိုအောင်မြင်မှုများမှာ အမေရိကန်နိုင်ငံ၏ အင်အားပေါ်တွင်သာ အခြေခံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ယခု AI ကဏ္ဍမှတစ်ဆင့် ကမ္ဘာကြီးအား ဦးဆောင်မှုရရှိရေး ဆောင်ရွက်ရာတွင်လည်း ထိုအချက်ကို အထူးသတိပြုရမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။

တွေ့ရှိသုံးသပ်ချက်

ဆောင်းပါးသည် အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့ဦးဆောင်မှုနေရာကို ထိန်းသိမ်းရန် ကုန်သွယ်မှုကဏ္ဍအား ဦးစားပေးနေခြင်းမှာ အလုပ်မဖြစ်နိုင်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာ AI ဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်မှုယူသင့်ကြောင်း အကြံပြုရေးသားထားခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့နံပါတ်တစ် နေရာကို ရယူလိုနေသည့် တရုတ်နိုင်ငံကဲ့သို့ ပြိုင်ဘက်ပေါ်လာသောကြောင့် စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍကို အမှီပြု၍ ယှဉ်ပြိုင်နေခြင်းမှာ အလုပ်မဖြစ်နိုင်တော့ဘဲ အမေရိကန် နိုင်ငံ၏ ပင်ကိုယ်အားသာချက်ဖြစ်သော နည်းပညာ၊ သုတေသနနှင့် သတင်းအချက်အလက် ကဏ္ဍများတွင် AI ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံအောရင်းနှီးမြှုပ်နှံကာ ကမ္ဘာ့နံပါတ်တစ် နေရာကို ထိန်းသိမ်းသင့်ကြောင့် မဟာဗျူဟာသဘောအရ အကြံပြုရေးသားထားခြင်းဖြစ်ပါသည်။

ထိုကဲ့သို့သော အကြံပြုချက်သည် ယခုအခါမှ လူသိရှင်ကြားထွက်ပေါ်လာခြင်း ဖြစ်သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ဥပမာအားဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အနေဖြင့် AI သုသေတနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ပါသည်။[2] တရုတ်နိုင်ငံအနေဖြင့်လည်း ထိုကာလများကတည်းက AI နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၇ ခုနှစ်တွင် တရုတ်နိုင်ငံ၏ AI ကဏ္ဍရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၃၈.၁ ဘီလီယယံသို့ရောက်ရှိမည်ဟု ခန့်မှန်းနေကြပါသည်။ ထိုပမာဏမှာ ကမ္ဘာ့ AI ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၉ ရာခိုင်နှုန်းသာရှိမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ AI ရင်းနှီး မြှုပ်နှံမှုမှာ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံရှိမည်ဟု ခန့်မှန်း နေကြပါသည်။[3] အမေရိကန်နိုင်ငံအပါအဝင် အခြားနိုင်ငံများ၏ AI ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုများ အလွန်များပြားနေခြင်းကြောင့် ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့် AI ကဏ္ဍတွင် ဦးဆောင်မှုရရှိရန် တိတ်တဆိတ်ပြိုင်ဆိုင်လျက်ရှိကြပါသည်။

ကမ္ဘာ့နိုင်ငံများအတွင်း ယှဉ်ပြိုင်လျက်ရှိသော အနာဂတ်လုံခြုံရေးနှင့် စီးပွားရေး နယ်ပယ်များအတွက် နည်းပညာကဏ္ဍရှိ AI ကြောင့် World Order ပြောင်းလဲမှု ဖြစ်ပေါ် နိုင်သည်အထိ အရေးပါနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ AI ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် ကဏ္ဍရပ်တစ်ခုအနေဖြင့် ပါဝင်နိုင်ရေးနှင့် လိုက်ပါစီးမျောနိုင်ရေးသည်ပင် ထိုနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။

Myanmar Aspect

126101123

[1]။ Michael Frank.“ US Leadership in Artificial Intelligence Can Shape the 21st Century Global Order”. The Diplomat, 22 September 2023, [https://thediplomat.com/.../us-leadership-in-artificial...//]

[2]။ “China Is Starting To Edge Out The US In AI Investment”.CBINSIGHTS , February 12, 2019, [https:// www. cbinsights.com/research/china-artificial-intelligence-investment-startups-tech/?campaignid= 15758797084& adgroupid= 135389753487&adid= 572656651898&utm_term=&utm_campaign=PAID_2023_GOOGLE_DYNAMIC_RESEARCH&utm_ source=google&utm_medium=cpc&utm_content=adwords-dsa-research&hsa_ tgt=dsa- 393993048853&hsa_ grp= 135389753487&hsa_src=g&hsa_net=adwords&hsa_mt=&hsa_ver=3&hsa_ad=572656651898&hsa_acc=5728918340&has_kw= &hsa_cam= 15758797084&gclid= Cj0KCQjwmvSoBhDOARIsAK6aV7gL2ZYJ9V_76 MfdNwt1 GSfofloGzvsI M62ffqJ_ aN6mimgQF-xWkRYaAhIREALw_wcB]

[3]။ “AI investment forecast to approach $200 billion globally by 2025”.Gold man Sachs, 01 AUG 2023 , [https:// www.goldmansachs.com/ intelligence/ pages/ ai-investment-forecast-to-approach-200-billionglobally-by-2025. html]

Monday, October 9, 2023

အစ္စရေးနိုင်ငံတွင် ကြုံတွေ့နေရသည့် အကြမ်းဖက်တိုက်ခိုက်မှုကို ကမ္ဘာ့နိုင်ငံများက တုံ့ပြန်မှုများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အစ္စရေးနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဟားမက်စ်စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုအပေါ် အာရှဒေသတွင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ တုံ့ပြန်မှုများနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အာရှဒေသနိုင်ငံများ၏ အစိုးရများသည် အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးနိုင်ငံ၌ဖြစ်ပွားခဲ့သည့် ဟားမက်စ်စစ်သွေးကြွများ၏ အလစ်အငိုက်အကြမ်းဖက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ အမျိုးမျိုးသောဝေဖန်မှုများ ပြုလုပ်ခဲ့ကြသော်လည်း အဆိုပါ တိုက်ခိုက်မှုကို တစ်ညီတစ်ညွတ်တည်းနီးပါးရှုတ်ချခဲ့ပြီး အကြမ်းဖက် ဖြစ်စဉ်ကြောင့် လူအသေအပျောက်နှုန်း မြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိပါသည်။ ဂါဇာကမ်းမြောင် ဒေသမှ စစ်သွေးကြွများသည် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် အစ္စရေး နိုင်ငံတောင်ပိုင်းနယ်မြေအတွင်းသို့လည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါသည်။ အစ္စရေး စစ်ဘက်၏ ပြောကြားချက်များအရ အစ္စရေးနိုင်ငံအတွင်းရှိ မြို့ပေါင်း ၂၂ မြို့တွင် စစ်သွေးကြွများရောက်ရှိနေပြီး ပြည်သူ ၃၀၀ ဦးထက်မနည်း အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ ထို့ပြင် အချို့သောအရပ်သားများနှင့် အစ္စရေးတပ်ဖွဲ့ဝင်များမှာ ပြန်ပေးဆွဲခံခဲ့ရကြောင်းနှင့် မြို့များကိုလည်း ထောင်ပေါင်းများစွာသော ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသည်။ ဟားမက်စ်စစ်သွေးကြွများ၏ အလစ်အငိုက်တိုက်ခိုက်မှုသည် အစ္စရေးထောက်လှမ်းရေး၏ အားနည်းချက်ကြောင့်ဖြစ်သည်ဟု ဝေဖန်မှုများလည်းရှိနေပါသည်။
အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu က စစ်သွေးကြွများ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် အစ္စရေးနိုင်ငံ စစ်ဖြစ်နေပြီဟု ကြေညာခဲ့ပါသည်။ အစ္စရေးစစ်ဘက်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် လူ ၂၃၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အစ္စရေးနိုင်ငံ အလစ်အငိုက် အကြမ်းဖက်တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ အာရှဒေသတွင်း နိုင်ငံ များက ပြစ်တင်ဝေဖန်သည့် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Nerendra Modi က ၎င်း၏ X (Twitter) လူမှုကွန်ရက် စာမျက်နှာတွင် အစ္စရေးနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အလွန်အမင်း တုန်လှုပ်မိပါကြောင်း၊ အစ္စရေးနိုင်ငံအခက်အခဲများဖြင့် ရင်ဆိုင်နေရချိန်တွင် အိန္ဒိယနိုင်ငံ အနေဖြင့် အစ္စရေးနိုင်ငံနှင့်အတူတကွ ရပ်တည်သွားမည်ဖြစ်ကြောင်း ဆိုပါသည်။ ယူကရိန်းနိုင်ငံ အရေးနှင့်ပတ်သက်ပြီး ကြားနေနိုင်ငံခြားရေးမူဝါဒ(Fence-Sitting Foreign Policy) ကျင့်သုံးခဲ့သည့် အိန္ဒိယနိုင်ငံအတွက် ယခုထုတ်ပြန်ချက်တွင် ခိုင်မာသည့် သဘောထားများ ပါဝင်နေကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးနိုင်ငံတွင် အကြမ်းဖက်တိုက် ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိပြီး နှစ်ဖက်စလုံးမှ ရန်လိုမှုများကို အလျင်အမြန်ရပ်တန့်ရန်၊ အရပ်သားများနှင့် နောက်ထပ်ပျက်စီးယိုယွင်း လာနိုင်သည့် အခြေအနေများကို ကာကွယ်ထိန်းသိမ်းရန်နှင့် နှစ်ဖက်အဖွဲ့များအနေဖြင့် အခြေအနေအရပ်ရပ်ကို တည်ငြိမ်စွာဖြေရှင်းရန် လိုအပ်သည်ဟု တောင်းဆိုမှုများ ပြုလုပ် ခဲ့ပါသည်။ အစ္စရေးနှင့် ပါလက်စတိုင်းတို့သည် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလတွင် အော်စလိုသဘောတူညီချက်(Oslo Accords)ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးရရှိရန် ထိန်းသိမ်းဆောင်ရွက်နေသည်မှာ နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ သို့သော် Netanyahu ဦးဆောင်သော ကွန်ဆာဗေးတစ်အစ္စရေးညွန့်ပေါင်း အစိုးရနှင့် ဂါဇာဒေသကို ထိန်းချုပ်ထားသည့် ဟားမက်စ်စစ်သွေးကြွများအကြား လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံကို တည်ထောင်ပေးမည့် Two-State Solution သည် အကောင်အထည်ဖော်ရန် အလားအလာနည်းပါးလျက်ရှိပါသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့နိုင်ငံအနေဖြင့် ဟားမက်စ်တို့၏ ဒုံးကျည်နှင့် ပစ်ခတ်အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများ ထိခိုက် သေဆုံးခဲ့မှုအပေါ် ပြင်းထန်စွာရှုတ်ချခဲ့ကြပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများကို အလျင်အမြန်အဆုံးသတ်ရန်နှင့် ပဋိပက္ခတွင် ပါဝင်နေသူများအနေဖြင့် ပြည်သူများ၏ လုံခြုံရေးကို အတတ်နိုင်ဆုံးကာကွယ်ပေးရန် လိုအပ်သည်ဟု တောင်းဆိုမှုများ ပြုလုပ် ခဲ့ပြီး ထိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Jakkapong Sangmanee ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဟားမက်စ်များ ကျူးလွန်ခဲ့သည့် မဆင်မခြင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အသက်ပေါင်းများစွာဆုံးရှုံးခဲ့မှုကို ရှုတ်ချပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံရှိ ထိုင်းနိုင်ငံသားများကို အကာအကွယ်ပေးရေးအတွက်တတ်စွမ်းသမျှ လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြောင်း၊ Bangkok Post သတင်း ဌာန၏ ဖော်ပြချက်အရ အစ္စရေးနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံသား ၂၅,၀၀၀ ခန့်ရှိကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသား တစ်ဦးသည် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း (ယခုအခါ ၁၂ ဦး သေဆုံးသည်ဟု သိရှိရ[2])၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း ထိုင်းနိုင်ငံသားနှစ်ဦး အဖမ်းခံ ခဲ့ရဖူးသည့် သမိုင်းကြောင်းလည်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နီပေါနိုင်ငံအနေဖြင့် အစ္စရေးနှင့် အတူတကွရပ်တည်သွားမည်ဖြစ်ကြောင်း၊ နီပေါနိုင်ငံသား ၁၄ ဦး အလုပ် လုပ်ကိုင်လျက်ရှိသည့်နေရာတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ၉ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်းနှင့် နှစ်ဦးမှာစိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဟားမက်စ်နှင့် အခြားသော ပါလက်စတိုင်းစစ်သွေးကြွများ၏ အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် အစ္စရေးနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း၊ ထိခိုက်သေဆုံးမှုများအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် တိုက်ခိုက်မှုများကို အစွမ်းကုန်ထိန်းသိမ်းဆောင်ရွက်ကြရန် တောင်းဆိုထားပါသည်။ အမေရိကန်နိုင်ငံသမ္မတ Joe Biden ကလည်း ဟားမက်စ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုသည် စိတ်ပျက်ဖွယ် ကောင်းကြောင်း၊ ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံကို သင့်လျော်သည့်အထောက်အပံ့များပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် တိုက်ခိုက်မှုသည် မသင့်လျော်သည့်နည်းလမ်းဖြစ်သည်ဟု ဖော်ပြထားပြီး အစ္စရေးနိုင်ငံ အနေဖြင့် နိုင်ငံနှင့် ပြည်သူကို ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုများကြောင့် ပါလက်စတိုင်းအပေါ်တွင် ယခင်က စာနာထောက်ထားခဲ့ကြသည့်နိုင်ငံများ၏ အမြင်များ ပြောင်းလဲလာခဲ့သည်ဟု ဆိုသည်။ အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေးမရှိသော မွတ်ဆလင်လူမျိုးအများဆုံးနေထိုင်သည့် ပါကစ္စတန်နိုင်ငံ၏ အိမ်စောင့်အစိုးရဝန်ကြီးချုပ် Anwaar ul Haq Kakar ကလည်း ကြားနေသဘောထားတစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှု ပြင်းထန်စွာဖြစ်ပွားခဲ့သည့်အတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ အဆိုပါတိုက်ခိုက်မှုက ပါလက်စတိုင်းအရေးကို အလျင်အမြန်ဖြေရှင်းရန် လိုအပ်နေ သည်ဟု မီးမောင်းထိုးပြနေကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်နှင့် အရပ်သားများကို ကာကွယ်ရန် တိုက်တွန်းပါကြောင်း၊ Two-State Solution သည် ပါလက်စတိုင်း-အစ္စရေးအရေးအတွက် အဓိကငြိမ်းချမ်းရေး ဖော်ဆောင်ပေးမည့် နည်းလမ်းဖြစ်ကြောင်း၊ အဆိုပါအချက်သည် Israel pre-1967 border (Green Line) ပေါ်တွင် အခြေခံသင့်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်တွင် အစ္စရေးနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်တည်ထောင်ခဲ့ပြီး Abraham Accords မိတ်ဖက်နိုင်ငံဟောင်းဖြစ်သည့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)သည် အကြမ်းဖက်တိုက်ခိုက်မှု ပြင်းထန် လာခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း၊ ပဋိပက္ခကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှု များအတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ UAE နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အပစ်အခတ်ရပ်စဲမှုများကို အလျင်အမြန်ပြုလုပ်ရန်နှင့် နှစ်ဖက်အဖွဲ့များကို တရားမျှတပြီး အပြုသဘောဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ကြိုးပမ်းသင့်သည်ဟု တိုက်တွန်း ထားပါသည်။ အစ္စရေးနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖော်ဆောင်ထားပြီး ပါလက်စတိုင်း အရေးနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေလေ့ရှိသည့် တူကီယဲနိုင်ငံက အလွန်အမင်း စိတ်မကောင်းဖြစ်မိပါကြောင်းနှင့် ထပ်မံဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်မှုများကို ရှောင်ရှားနိုင်ရန် အကူအညီများပေးလိုသည်ဟု ဖော်ပြထားပါသည်။
ယခုပဋိပက္ခနှင့် အစ္စရေးနိုင်ငံဘက်မှ ပြုလုပ်လာနိုင်သော ပြင်းထန်သည့် လက်တုံ့ပြန်မှုများက အရှေ့အလယ်ပိုင်း အင်အားကြီးနိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျ နိုင်ငံဆီသို့ ကူးစက်လာနိုင်သည်ဟု ဆိုသည်။ ဆော်ဒီအာရေဗျနိုင်ငံကဲ့သို့ မွတ်ဆလင်လူမျိုးများ အများဆုံးနေထိုင်သည့်နိုင်ငံများသည် ဂျူးလူမျိုးအများဆုံးနေထိုင်သည့် အစ္စရေးနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ဖော်ဆောင်ထားခြင်းမရှိပါ။ သို့သော် ဆော်ဒီအာရေဗျနှင့် အစ္စရေးနိုင်ငံအကြားတွင် အမေရိကန်နိုင်ငံက ကမကထပြု ဖော်ဆောင်ပေးထားသည့် ဆက်ဆံရေးတစ်ရပ်ရှိနေပါသည်။ အိန္ဒိယနိုင်ငံတွင် ပြုလုပ်ခဲ့သည့် G-20 တွင် ကြေညာ ခဲ့သည့် India-Middle East – Europe Economic Corridor (IMEC) စီမံကိန်းဖြင့် အဆိုပါ နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်ထားကြောင်း၊ ဝန်ကြီးချုပ် Neranyahu ၏ အမျိုးသားလုံခြုံရေးအကြံပေး Tzachi Hanegbi က IMEC သည် ဆော်ဒီအာရေဗျနှင့် အစ္စရေးနိုင်ငံတို့အကြားတွင် ပုံမှန်သံတမန်ဆက်ဆံရေး ရှိနေသည် ဆိုသည့်အချက်ကို ပြသနေသည်ဟု ပြောကြားခဲ့ပါသည်။ သို့သော် ယခုဖြစ်ပွားနေသည့် ပဋိပက္ခက အဆိုပါ ပုံမှန်သံတမန်ဆက်ဆံရေးအတွက် မေးခွန်းထုတ်စရာဖြစ်လာကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အခြားသောကမ္ဘာ့နိုင်ငံများနည်းတူ အရပ်သားများကို ကာကွယ်ရန် တောင်းဆိုထားကြောင်း၊ သို့သော်လည်း တောင်းဆိုချက်သည် အစ္စရေးနိုင်ငံအပေါ်တွင် ပြစ်တင်ဝေဖန်မှုပြုလုပ်သည့် သဘောသက်ရောက်လျက်ရှိပါသည်။ ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံက အစ္စရေးနိုင်ငံ၏ နယ်မြေသိမ်းပိုက်မှုများ၊ ပါလက်စတိုင်းလူမျိုးများ၏ တရားဝင်အခွင့်အရေး ဆုံးရှုံးမှုများနှင့် ထိလွယ်ရှလွယ်သည့် အခြေအနေများကို မီးလောင်ရာလေပင့် ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့်ပတ်သက်ပြီး သတိပေးပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ဖော်ပြထားသည့် အာရှဒေသတွင်းနိုင်ငံများအပြင် အခြားသော နိုင်ငံများ၏ သဘောထားထုတ်ပြန်ချက်များတွင် အစ္စရေးနိုင်ငံ၏ အကြမ်းဖက် တိုက်ခိုက် ခံရမှုအပေါ် တုံ့ပြန်မှုများနှင့်ပတ်သက်၍ ကွဲလွဲမှုအချို့ရှိနေသည်ကို တွေ့ရှိရပါသည်။ အစ္စရေး-ပါလက်စတိုင်း နယ်မြေပိုင်ဆိုင်မှု ပြဿနာရပ်များသည် ၁၉၄၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ဂျူးလူမျိုးများ အစ္စရေးနိုင်ငံ စတင်ထူထောင်သည့်အချိန်ကတည်းက စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်အထိ နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုများ ဖြစ်ပေါ် လျက်ရှိပါသည်။ ယခုတစ်ကြိမ် ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်မှုတွင် အစ္စရေးနိုင်ငံဘက်မှ ထိခိုက်ဆုံးရှုံးမှုများပြားခဲ့ပြီး ရာထူးကြီးခေါင်းဆောင်များ အပါအဝင် စစ်ဘက်တပ်ဖွဲ့ဝင်များ ဓားစာခံအဖြစ် အမြောက်အမြား ဖမ်းဆီးခေါ်ဆောင်သွားခံရခြင်းက အနာဂတ်သုံ့ပန်း လဲလှယ်ရေးကိစ္စရပ်များတွင် ဟာမက်စ်တို့ဘက်မှ အရေးသာနိုင်သည်ဟု ယူဆရပါသည်။
သို့သော်လည်း ပြင်းထန်စွာလက်တုံ့ပြန်တတ်သည့် အစ္စရေးနိုင်ငံ၏မူအရ ပါလက်စတိုင်းတို့ ဘက်မှလည်း ထိခိုက်ကျဆုံးမှုများ အလွန်များပြားနေကြောင်းလည်း တွေ့ရှိရပါသည်။ နိုင်ငံတကာသတင်းများတွင် နှစ်ဖက်သေဆုံးမှု လူ ၁,၀၀၀ ကျော်ခန့်နှင့် ဒဏ်ရာရရှိသူ ၅,၀၀၀ ခန့်ရှိပြီဟု ဆိုနေကြသော်လည်း[3] ပစ်ခတ်သည့်လက်နက်ကြီး အရေအတွက်နှင့် အပျက်အစီးများကို ကြည့်ခြင်းအားဖြင့် မြေပြင်တွင် သေဆုံး၊ ဒဏ်ရာရအရေအတွက်မှာသတင်းများတွင် ဖော်ပြခြင်းထက် ပို၍များပြားနိုင်သည်ဟု ယူဆရပါသည်။
လက်ရှိ ပဋိပက္ခတွင် အစ္စရေးနိုင်ငံဝန်ကြီးချုပ်က “Citizens of Israel, we are at war – not in an operation, not in rounds – at war”[4] ဟု တပ်လှန့်နေသည်ကို ကြည့်ခြင်းဖြင့် ယခုပဋိပက္ခအား အလုံးစုံစစ်ပွဲကြီးတစ်ခုအနေဖြင့် သတ်မှတ်လိုက်ပြီ ဖြစ်၍ ရုရှား-ယူကရိန်း ပဋိပက္ခကဲ့သို့ပင် အနိုင်/အရှုံးကွဲပြားသည်အထိ တိုက်ခိုက်ရန် ရှိပြီး ပြည်ပနိုင်ငံများ၏ နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေးအရ ထောက်ခံမှုများ ပါဝင် လာတော့မည်ဖြစ်ပါသည်။ ယခုစစ်ပွဲနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏ သဘောထားကို လေ့လာရာတွင် သမ္မတ ပူတင်က နှစ်ဖက်စလုံးမှ ချက်ချင်းအပစ်အခတ်ရပ်စဲကြရန် ပြောကြားခဲ့သော်လည်း ၁၉၆၇ ခုနှစ်က သတ်မှတ်ထားသည့် နယ်နိမိတ်အပေါ်တွင်သာ မူတည်၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တည်ဆောက်မှုအား ထောက်ခံကြောင်း ပြောကြားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ရုရှားနိုင်ငံ၏ ရပ်တည်ချက်မှာ ပါလက်စတိုင်းဘက်မှရှိနေကြောင်း တွေ့ရှိရပါသည်။[5] ယခုဆောင်းပါးတွင် ဖော်ပြထားသော တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာလည်း တုံ့ပြန်မှုနှင့်ပတ်သက်၍ ဖော်ပြချက်မှာ သံတမန်ရေးစကားလုံးများ ကိုသာ ဖော်ပြထားသော်လည်း တရုတ်နိုင်ငံသည် ရုရှားနိုင်ငံကဲ့သို့ပင် ပါလက်စတိုင်းနိုင်ငံဖြစ်တည်မှုအတွက် ရပ်တည်ကြောင်း ဖော်ပြချက်များကိုလည်း တွေ့ရှိရပါသည်။[6]
ထို့ကြောင့် CNN ကဲ့သို့သော အနောက်အုပ်စုမီဒီယာများတွင် ယခုဟားမက်စ် စစ်သွေးကြွ များ၏ တိုက်ခိုက်မှုနောက်ကွယ်တွင် ရုရှား၊ တရုတ်နှင့် အီရန်နိုင်ငံတို့ ရှိနေကြောင်း ပြောကြားချက်များလည်း ထွက်ပေါ်လာပြီး[7] ပါလက်စတိုင်းကို ထောက်ခံနေသည့် အရှေ့အလယ်ပိုင်း မွတ်စလင်နိုင်ငံအတော်များများသည်လည်း တရားဝင်ထုတ်ဖော်မပြောကြ သော်လည်းပါလက်စတိုင်းအား ထောက်ခံနေကြခြင်းကြောင့် ရုရှား-ယူကရိန်း ပဋိပက္ခ ကဲ့သို့ပင် ဒုတိယ Proxy War အကြီးစားတစ်ခု ထပ်မံဖြစ်ပွားလာပြီဟု ဆိုနိုင်ပါသည်။
အစ္စရေးနှင့် ဟားမက်စ် စစ်ပွဲသည် ယခုချက်ချင်းဖြစ်ပေါ်လာသော ပဋိပက္ခ မဟုတ်ဘဲ အစ္စရေးနိုင်ငံပေါ်ပေါက်လာခြင်းနှင့်အတူ ဂျူးလူမျိုးများနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သော အာရပ်လူမျိုးများ၏ ဘာသာရေးနှင့် လူမျိုးရေးဆန်ပြီး နှစ်ဦးနှစ်ဖက် အပြစ်မဲ့ပြည်သူလူထုပါမကျန် အမြစ်ဖြတ်ချေမှုန်းသုတ်သင်သော အာဃာတရှိသည့် ရက်စက်ကြမ်းကြုတ်သော စစ်ရေးပဋိပက္ခတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှလည်း နှစ်ဖက် စလုံးအား ထောက်ခံ/ရှုတ်ချသော သဘောထားများကို သံတမန်ရေးအသုံးအနှုံးများဖြင့် ထုတ်ဖော်ပြောဆိုလာသော်လည်း ပါလက်စတိုင်းတို့၏ ဖြစ်တည်မှုကို ထောက်ခံသောနိုင်ငံများနှင့် အစ္စရေးကို ထောက်ခံသောနိုင်ငံများဟူ၍ ကွဲပြားနေကြပါသည်။
ယနေ့ကမ္ဘာ့နိုင်ငံရေးနှင့် စစ်ရေးမီးတောက်များသည် အလွယ်တကူနှင့် ပြီးဆုံးကြမည်မဟုတ်ဘဲ လူအမြောက်အများသေကြေပျက်စီးရသည့် ကိုယ်စားစစ်ပွဲကြီးများနှင့် စူပါပါဝါနိုင်ငံများချင်း တိုက်ရိုက်ဖြစ်ပွားသည့် စစ်ပွဲများပါ ဖြစ်ပေါ်လာနိုင်ချေရှိခြင်းကြောင့် တတိယနိုင်ငံများအနေဖြင့် ကြားမညပ်စေရေး၊ စစ်ပွဲများ၏ ဦးတည်ရာဖြစ်မလာစေရေးသည်သာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
125101023
[1]။ JAMES HAND-CUKIERMAN,“ Israel crisis sparks worry in Asia, from India to Thailand”. Nikkei Asia. 8 Oct 2023, [/https://asia.nikkei.com/.../Israel-crisis-sparks-worry-in... on 9 Oct 2023.
[2]။ KOSUKE INOUE. “Thailand readies Israel evacuation as 12 nationals killed”.Nikkei Asia, 9 Oct 2023, [https://asia.nikkei.com/.../Thailand-readies-Israel... on – 9 Oct 2023
[3]။ “Hamas may still be entering Israel, IDF says, as fighting rages on” The Washington Post, 9 Oct 2023, [https://www.washingtonpost.com/.../israel-hamas-war-gaza.../] accessed on- 9 October 2023
[4]။ Hadas Gold, Richard Allen Greene, Amir Tal, Ibrahim Dahman, Abeer Salman, Kareem Khaddar and Nadeen Ebrahim. “Hamas has launched an unprecedented attack against Israel. Here’s what to know”.CNN, 8 Oct 2023, [https://edition.cnn.com/.../israel-hamas.../index.html...: text=Hamas%20has%20over%20the%20years,archenemy%20Iran%20of%20backing%20Hamas.] accessed on 9 October 2023
[5]။ “Putin Renews Support For 'Independent Palestine'; Russia For Ceasefire Amid Israel-Hamas War.”Hindustan Times,8 Oct 2023, [https://www.youtube.com/watch?v=UP5h1m8KMUc] accessed on – 9 October 2023
[6]။ Sam Kim. “China Calls For Ceasefire After Hamas Attack on Israel”. Bloomberg, 8 Oct 2023, [https://www.bloomberg.com/.../china-reiterates-two-state...] accessed on 9 October 2023

[7]။ “Israel Vs Palestine | Israel | Iran-China-Russia's Nexus In Palestine's Attack On Israel”.CNN -News 18 , 8 Oct 2023, [https://www.youtube.com/watch?v=r_EbN5uNAIw] – accessed on 9 October 2023