Sunday, October 29, 2023

တရုတ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ရာထူးမှထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်၍ ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ရာထူးမှထုတ်ပယ်ခံရမှု၊ တရုတ်နိုင်ငံသမ္မတ Xi Jinping အနေဖြင့် နိုင်ငံ၏အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကို ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံသမ္မတ Xi Jinping အနေဖြင့် အကျင့်ပျက်ခြစားမှု အမြစ်ဖြတ် တိုက်ဖျက်ရေးနှင့် စစ်ဘက်ရာထူးအဆင့်အတန်းအားလုံးတွင် အထက်အောက်အုပ်ချုပ်မှု ယန္တရား ခိုင်မာစေရေးတို့ကို အလေးထားဆောင်ရွက်သည့်အနေဖြင့် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Li Shangfu အား ရာထူးမှဖယ်ရှားခဲ့ပြီး တရုတ်စစ်တပ်အတွင်း ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကို လုပ်ဆောင်ခဲ့ပါသည်။ Li Shangfu ကို ရာထူးမှ ဖယ်ရှားခွင့်အား သမ္မတ Xi Jinping မှ အတည်ပြုပေးလိုက်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းတရားဥပဒေပြုရေးအဖွဲ့ဖြစ်သည့် (National People’s Congress Standing Committee-NPCSC)ကလည်း Li Shangfu အား ရာထူးမှ ဖယ်ရှားခဲ့ပါသည်။ အဆိုပါ ထုတ်ပယ်မှုနှင့်ပတ်သက်၍ တရားဝင် အကြောင်းပြချက်တစ်စုံတစ်ရာထုတ်ပြန်ခဲ့ခြင်း မရှိပါ။ ယခင် ကာကွယ်ရေးဝန်ကြီးဟောင်းများဖြစ်သည့် Wei Fenghe နှင့် Chang Wanquan တို့သည် ၎င်းတို့တာဝန်များကို ၅ နှစ် သက်တမ်းပြည့် ထမ်းဆောင်ခဲ့ရသော်လည်း Li Shangfu သည် ၎င်း၏ရာထူးကို ၇ လမျှသာ ထမ်းဆောင် ခဲ့ရပါသည်။
Li Shangfu ရာထူးမှ ဖယ်ရှားခံရခြင်းသည် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးဆိုင်ရာ မလျော်ကန်မှုများဖြင့် ဆက်စပ်နေနိုင်ပြီး Central Military Commission (CMC)၏ စစ်အသုံးအဆောင်ပစ္စည်းနှင့် လက်နက်ခဲယမ်းဖွံ့ဖြိုးတိုးတက်ရေးဌာန (Equipment Development Department)အနေဖြင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက ပြုလုပ်ခဲ့သည့် စစ်လက်နက်ပစ္စည်းဆိုင်ရာ လေလံများ၊ စာချုပ်များနှင့်ပတ်သက်သည့် စည်းကမ်း ချိုးဖောက်မှု(Disciplinary Violation)ကို စုံစမ်းသွားမည်ဟု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကြေညာခဲ့ပါသည်။ Li သည် Equipment Development Department ကို ၂၀၁၇ ခုနှစ်၊စက်တင်ဘာလက စ၍ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လတွင်လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(People’s Liberation Army-PLA)၏ နျူကလီးယားနှင့် ဒုံးစစ်ဆင်ရေးများကို ကြီးကြပ်ကွပ်ကဲသည့် ဒုံးတပ်ဖွဲ့(Rocket Force)မှ ထိပ်တန်းအရာရှိနှစ်ဦးကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လ နှောင်းပိုင်းတွင် ဒေသတွင်းမီဒီယာများက အကျင့်ပျက်ခြစားမှုစုံစမ်းစစ်ဆေးခံနေရသူများတွင် အရာရှိကြီး ၃ ဦး ပါဝင်နေသည်ဟု ဖော်ပြခဲ့ကြပါသည်။ တရုတ်နိုင်ငံအစိုးရအနေဖြင့် ဒုံးတပ်ဖွဲ့၏ စစ်လက်နက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်းနှင့် ဝယ်ယူခြင်းများတွင် အသုံးပြုရန်အတွက် အသုံးစရိတ်အမြောက်အမြားချထားပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
စစ်လက်နက်ပစ္စည်းဆိုင်ရာ လေလံများ၊ စာချုပ်များနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့် ရှိသူများသည် အကျင့်ပျက်ခြစားမှုကျူးလွန်ရန် မကြာခဏ ဆွဲဆောင်စည်းရုံးခံနေရ သည်ဟု ဂျပန်နိုင်ငံအမျိုးသားလုံခြုံရေးအဖွဲ့အစည်းရှိ အရင်းအမြစ်တစ်ခုမှ ဖော်ပြခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသမ္မတသည် စစ်အခြေစိုက်စခန်းများသို့ ၅ ကြိမ်တိုင် လှည့်လည်စစ်ဆေးခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီကိုလည်း စစ်ဘက်အား ထိန်းချုပ်ရန် ညွှန်ကြားခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတအနေဖြင့် Chengdu လေတပ်စခန်းသို့ ဇူလိုင်လက သွားရောက်ခဲ့စဉ်တွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကြိုးပမ်းချက်များကို အင်တိုက် အားတိုက် ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ စစ်ဘက်အရာရှိကြီးများ အနေဖြင့် စီးပွားရေးနှင့် အခြားသော အသိုင်းအဝိုင်းများဖြင့် အပြန်အလှန်ဆက်ဆံရာတွင် ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ရမည်ဟု PLA Daily ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။ အန္တရာယ်နှင့် ဆွဲဆောင်စည်းရုံးမှုကို ရှောင်ကြဉ်ရန် အကောင်းဆုံး နည်းလမ်းမှာ မိမိကိုယ်ကို ထိန်းသိမ်းစောင့်စည်းတတ်ရန်ဖြစ်ပြီး တန်ဖိုးကြီး အသုံးအဆောင်များ၊ ပစ္စည်းများအပေါ် လိုချင်တပ်မက်မှုမရှိရန်နှင့် အရာရှိကြီးများ အနေဖြင့် ညစာစားပွဲဖိတ်ကြားခြင်းများသို့ မလိုအပ်ဘဲမတက်ရောက်ရန် အကြံပြု ထားပါသည်။
တရုတ်ကွန်မြူနစ်ပါတီအတွင်း Xi Jinping အာဏာရလာခဲ့သည့် ၂၀၁၂ ခုနှစ် ကတည်းက အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးစည်းရုံးမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဆောင်ရွက်ချက်ကြောင့် CMC ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် Xu Caihou သည် ရာထူးအလွဲသုံးစားပြုလာဘ်စားမှုကြောင့် ၂၀၁၄ ခုနှစ်တွင် ပါတီမှ ဖယ်ရှားခြင်းခံခဲ့ရပါသည်။ ထို့ပြင် CMC ၏ ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သည့် Guo Boxiong သည်လည်း ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရပြီး ၂၀၁၈ ခုနှစ်တွင်လည်း ဗိုလ်ချုပ်ကြီး နှစ်ဉီးဖြစ်သည့် Fang Fenghui နှင့် Zhang Yang ကိုလည်း အာဏာအလွဲ သုံးစားလုပ်၍ ကိုယ်ကျိုးရှာခြင်းစွပ်စွဲချက်များဖြင့် ပါတီအဖွဲ့ဝင်အဖြစ်မှ ရုပ်သိမ်းခဲ့ပါသည်။ Xi အနေဖြင့် တရုတ်စစ်ဘက်အတွင်း စည်းကမ်းတင်းကျပ်မှုများကို အလေးထားဆောင်ရွက်နေခြင်းမှာ CCP ၏ စစ်ဘက်အပေါ် ထိန်းချုပ်နိုင်မှုများသည် Xi ၏ အာဏာသက်ရောက်မှုများဖြင့် တိုက်ရိုက်ဆက်စပ်နေခြင်းကြောင့်ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ အဓိပတိများဖြစ်သည့် Mao Zedong နှင့် Deng Xiaoping တို့ လက်ထက် တွင်လည်း CMC ကိုကောင်းမွန်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံသမ္မတ Xi Jinping သည် နိုင်ငံ၏အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှုများတိုက်ဖျက်ရေးနှင့် တရုတ်စစ်တပ်အတွင်း CCP ၏ အာဏာသက်ရောက်မှု ခိုင်မာစေရေးအတွက် အလေးပေးဆောင်ရွက်နေပြီး အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်သည့် အရာရှိကြီးများအား ဖော်ထုတ်အရေးယူလျက်ရှိပါသည်။ ယခုအခါ ၎င်း၏ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်သည့် ကာကွယ်ရေး ဝန်ကြီး Li Shangfu ကို ထုတ်ပယ်ခဲ့မှုတွင်လည်း တရားဝင်ထုတ်ပြန်မှုများ ထွက်မလာ သော်လည်း ယခင်ထမ်းဆောင်ခဲ့သည့် ရာထူးတာဝန်များနှင့်ပတ်သက်သည့် လာဘ်ပေး လာဘ်ယူမှုများနှင့် ပတ်သက်နေသည်ဟု အခြားသောကမ္ဘာ့သတင်းစာမျက်နှာများ၌လည်း ဖော်ပြနေ ကြပါသည်။[2]
ထိုသို့ ထုတ်ပယ်လိုက်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် လာမည့် အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့နိုင်ငံများမှ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည့် Beijing Xiangshan Forum တွင် ကာကွယ်ရေးဝန်ကြီးနေရာ လစ်လပ်နေမည်ဖြစ်သောကြောင့် တရုတ်နိုင်ငံ၏ ကာကွယ်ရေး ဆိုင်ရာသံခင်းတမန်ခင်းကို ထိခိုက်နိုင်သည်ဟူသော ယူဆချက်များလည်း ထွက်ပေါ်လျက် ရှိပါသည်။ အဆိုပါ ဖိုရမ်တွင် “ Asia-Pacific Security Architecture: Present and Future” နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဟုလည်းတွေ့ရှိရပါသည်။[3] တစ်ဖက်တွင်လည်း အမေရိကန်နိုင်ငံအနေဖြင့် Li Shangfu ကို ရုရှားနိုင်ငံမှ လက်နက်များ တင်သွင်းမှုနှင့် ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းထားသဖြင့် ယခု ၎င်းထုတ်ပယ် ခံရမှုသည် တရုတ်-အမေရိကန် ကာကွယ်ရေးဆိုင်ရာဆက်ဆံရေး ပြန်လည်တည်ဆောက် နိုင်မည့် အခွင့်အလမ်းတစ်ခုအနေဖြင့်လည်း ရှုမြင်နေကြပါသည်။[4] မည်သို့ပင်ဆိုစေ အင်အားကြီး အိမ်နီးချင်းနိုင်ငံများ၏ အစိုးရတွင်း အချိန်းအပြောင်းများ ပါဝါထိန်းညှိခြင်းနှင့် မူဝါဒအပြောင်းအလဲများကို မျက်ခြေမပြတ်ရန်မှာ အိမ်နီးချင်းနိုင်ငံငယ်များအတွက် ရှောင်လွှဲမရသည့် လုပ်ငန်းစဉ်တစ်ရပ်ပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
139103023
[1]။ YUKIO TAJIMA,“China defense minister's ouster reflects Xi's push for discipline”. Nikkei Asia. 25 October 2023, [https://asia.nikkei.com/.../China-defense-minister-s... /]
[2]။ George Wright. “Li Shangfu:Chinese Defence Minister Sacked”. BBC, 25 Oct 2023, [https:// www. bbc.com/news/world-asia-china-67207353]
၃။ “The 10th Beijing Xiangshan Forum”. Beijing Xiangshan Forum, [https://www. Xiangshan forum.cn/ home.html?sessions=%E7%AC%AC%E5%8D%81%E5%B1%8A%E5%8C%97%E4%BA%AC%E9%A6%99%E5%B1%B1%E8%AE%BA%E5%9D%9B&code=1h4SC1Bg0CDfhhA0]

၄။ CK TAN. “China officially expels Li Shangfu as defense minister”. Nikkei Asia, Oct 24 2023 [https://asia.nikkei.com/.../China-officially-expels-Li...]

Thursday, October 26, 2023

ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ချစ်ကြည်ရေးခရီးနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် တရုတ်နိုင်ငံက ကြိုးကိုင်ချယ်လှယ်မှုများ ရှိနေသော်လည်း အဆိုပါကြိုးကိုင်မှုများအကြားမှ ၎င်း၏ အမျိုးသားအကျိုးစီးပွား အတွက် နိုင်ငံခြားရေးနှင့် သံတမန်ရေးကို စနစ်တကျပါးနပ်စွာ ဆောင်ရွက်နေသည့် ဗီယက်နမ်နိုင်ငံ၏ လုပ်ဆောင်ချက်များ၊ သမိုင်းကြောင်းဆိုင်ရာများနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်(Xi Jinping)၏ ဗီယက်နမ်နိုင်ငံခရီးစဉ်သည် အောက်တိုဘာလနှောင်းပိုင်း၊ သို့မဟုတ် နိုဝင်ဘာလ အစောပိုင်းကာလလများတွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပါသည်။ အဆိုပါခရီးစဉ်သည် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် (Joe Biden)ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးလာရောက်စဉ်အတွင်း အမေရိကန်-ဗီယက်နမ်တို့အကြား ပြီးပြည့်စုံသည့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးမြှင့်တင်ခြင်း (Comprehesive Strategic Partnership)ဖြစ်သည်ဟု ကြေညာခဲ့ပြီးနောက် ပေါ်ပေါက် လာသည့် ခရီးစဉ်တစ်ခုဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် ငုယင်ဖူတရောင်(Nguyen Phu Trong)အနေဖြင့် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် တရုတ်နိုင်ငံမှ ထိပ်တန်းခေါင်းဆောင်တစ်ဦး ပြန်လည်လာရောက်ခြင်းဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံ သမ္မတ၏ ဗီယက်နမ်နိုင်ငံခရီးစဉ်သည် ဗီယက်နမ်-တရုတ် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်ရန်ရည်ရွယ်ပြီး တရုတ်နိုင်ငံ၏ ဦးတည်ချက်တူအသိုက်အဝန်း(Community of Common Destiny)ထဲသို့ ဗီယက်နမ်နိုင်ငံအား သွတ်သွင်းရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖျင် လက်ထက်တွင် ဗီယက်နမ် နိုင်ငံအား မိတ်ဖက်ဆက်ဆံရေးများ၏ အမြင့်ဆုံးအဆင့်တစ်ခုတွင်ထားရှိရန် လိုလားလျက် ရှိသည်ကို တွေ့ရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြားတွင် ကြားနေပုံစံ အဖြစ်သာ ပုံဖော်နေပြီး ပြီးခဲ့သည့် သမ္မတ ရှီကျင့်ဖျင်၏ ၂၀၁၇ ခုနှစ် ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်းတွင် အမေရိကန်နိုင်ငံကို ဆန့်ကျင်သည်ဟု ယူဆရသည့် တရုတ်နိုင်ငံ၏ Community of Common Destiny ဟူသော သံတမန်ရေးတောင်းဆိုမှုကို ငြင်းဆို ခဲ့ပါသည်။ သို့သော် တစ်ဖက်တွင်လည်း တရုတ်နိုင်ငံအား ဆန့်ကျင်သည့် Anti-China Coalition တွင် ပါဝင်ရန် အမေရိကန်နိုင်ငံ၏ တောင်းဆိုမှုကိုလည်း ငြင်းဆန်ခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံသမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်သည် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံများအားလုံးနှင့် အဆင်ပြေစွာဆက်ဆံလိုသည့် နိုင်ငံခြားရေးမူဝါဒ (Omnidirectional Foreign Policy)၏ အောင်မြင်မှုကို ပြသနေခြင်းဖြစ်ပါသည်။ သို့သော်လည်း တရုတ်- ဗီယက်နမ် မိတ်ဖက်ဆက်ဆံရေးသည် အချိုးမညီသည့် ဆက်ဆံရေးဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဖော်ဆောင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေပါသည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ အကျိုးစီးပွားကို ထိခိုက် နိုင်သည်ဟု တွက်ဆပါက ဗီယက်နမ်နိုင်ငံအစိုးရအပေါ် စစ်ရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း အကျပ်ကိုင်လျက်ရှိပြီး အခြားပြည်ပနိုင်ငံများနှင့် မိတ်ဖက် ဆက်ဆံရေးပြုလုပ်နိုင်ခြင်း ရှိ/မရှိကို ဆုံးဖြတ်နိုင်သည့် အခြေအနေရှိရပါသည်။ ထို့ကြောင့် ဗီယက်နမ် နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးလုပ်ဆောင်ပြီးနောက် တရုတ် အစိုးရ၏ ငြိုငြင်မှုကို မခံရစေရန် ပြန်လည်ဖြေလျှော့သည့် အခြေအနေတစ်ခုကို ဖန်တီးပေးနေခြင်းဟု ဆိုနိုင်ပါသည်။
ဗီယက်နမ်-တရုတ် မိတ်ဖက်ဆက်ဆံရေးအပေါ်တွင် နှစ်နိုင်ငံမတူညီသည့် ရှုထောင့်များရှိနေပါသည်။ တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံအား ၎င်း၏ ဩဇာ သက်ရောက်နိုင်ရမည့် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု များကို လျှော့ချရန်ကြိုးပမ်းခြင်းသည် ၎င်းအား ဆန့်ကျင်ခြင်းဖြစ်သည်ဟု ယူဆထားပါသည်။ တစ်ဖက်တွင်လည်း ဗီယက်နမ်နိုင်ငံသည် နိုင်ငံ၏အမျိုးသားလုံခြုံရေးအတွက် တရုတ် နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများကို ဟန့်တားနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ သမိုင်းကြောင်းအရ တရုတ် နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ လုပ်ရပ်များကို ထိန်းချုပ်ရန်အတွက် ပြင်းထန်သည့်တုံ့ပြန်မှု (The Spiral Model)[2] ဖော်ဆောင်လေ့ရှိပါသည်။ ဗီယက်နမ်နိုင်ငံကလည်း တရုတ်နိုင်ငံ၏ လုပ်ရပ်များကို ဟန့်တားနိုင်ရန် တရုတ်နိုင်ငံအား လိုက်လျောခြင်းထက် ၎င်းကိုယ်တိုင် ခိုင်မာအားကောင်းသည့် နိုင်ငံတစ်ခုအဖြစ်ဖန်တီးရမည်ဟု ယူဆထားပါသည်။
ဗီယက်နမ်စစ်ပွဲပြီးနောက် ၁၉၇၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်များတွင် ဗီယက်နမ် နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပုံမှန်သံတမန်ရေးတည်ဆောက်ရန် ကြိုးပမ်းခဲ့ပြီး ၁၉၇၃ ခုနှစ် Paris Peace Accords အရ စစ်လျော်ကြေးပေးရန် အမေရိကန်နိုင်ငံအား တောင်းဆိုခဲ့ပါသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံအနေဖြင့် ၁၉၇၆ ခုနှစ်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(International Monetary Fund-IMF)တွင် ပါဝင်နိုင်ခဲ့သည့် ပထမဆုံးသော ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု(ယခု ရုရှားနိုင်ငံ)နှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးအကူအညီများ ရယူခဲ့ပါသည်။ သို့သော် ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့ ဆက်ဆံရေးမပြေလည်သည့် ကာလတွင် ဆိုဗီယက်တို့ဘက်မှ အဆိုပြုသည့် Council for Mutual Econimic Assistance (Comecon)သို့ ပါဝင်ရန် ရုရှားနိုင်ငံက ဖိအားပေးမှုများကို ငြင်းဆိုခဲ့ပြီး ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့အကြား ကြားနေဝါဒကိုသာ ကျင့်သုံးခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာ ဦးစားပေးရည်မှန်းချက် ထားရှိသော်လည်း ၁၉၇၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ခမာနီ(Khmer Rouge)တို့၏အနောက်မြောက်နယ်စပ်အား ကျူးကျော်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပြောင်းလဲ သွားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား ဗီယက်နမ်-ကမ္ဘောဒီးယား ပဋိပက္ခများတွင် ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း တရုတ်နိုင်ငံသည် ခမာနီအဖွဲ့၏ တိုက်ခိုက်မှုနှင့် နယ်စပ်ပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိသည့်အပြင် ခမာနီအဖွဲ့အား ကူညီထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံသည် ၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် တရုတ်နိုင်ငံနှင့် သံတမန်ရေးဖြတ်တောက် ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ လိုအင်အတိုင်း လိုက်လျောပေးခြင်းထက် မိမိနိုင်ငံ အင်အားခိုင်မာအောင် လုပ်ဆောင်သင့်သည်ကို သင်ခန်းစာရရှိခဲ့ပါသည်။
ထို့နောက် ဗီယက်နမ်နိုင်ငံသည် ခမာနီအဖွဲ့ခေါင်းဆောင် ပိုပေါ့(Pol Pot)ကို အောင်မြင်စွာ ဖယ်ရှား ခဲ့ပါသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုကို ဟန့်တားရန် ဆိုဗီယက်ပြည်ထောင်စု၏ အကူအညီကို တောင်းခံခဲ့ပါသည်။ ၁၉၇၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်များအတွင်း ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ရေးချိန်ခွင်ကို ချိန်ညှိလုပ်ဆောင်ခဲ့သော်လည်း ၁၉၇၈ ခုနှစ်တွင် ရုရှားနိုင်ငံက တောင်းဆိုခဲ့သည့် Comecon ကောင်စီတွင်ပါဝင်ခဲ့ပါသည်။ ထိုလုပ်ရပ်များကြောင့် တရုတ်နိုင်ငံကလည်း ဗီယက်နမ်နိုင်ငံဆိုင်ရာ စီးပွားရေးအကူအညီများအားလုံးကို ရပ်တန့်ခဲ့ပါသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်-ခမာနီ မိတ်ဖက်အဖွဲ့၏ ရန်လိုမှုကို ကာကွယ်ရန်အတွက် ထိုနှစ် နိုဝင်ဘာလတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် စစ်ဖက်မဟာမိတ် ဖွဲ့စည်းခဲ့ပါသည်။
၁၉၇၉ ခုနှစ်တွင် တရုတ်နိုင်ငံသည် ခမာနီအဖွဲ့အား တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဗီယက်နမ်နိုင်ငံအနောက်ပိုင်းအား ကျူးကျော်တိုက်ခိုက်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ တုံ့ပြန်မှုသည် အပြစ်ပေးတိုက်ခိုက်ခြင်းဖြစ်သော်လည်း ထိုလုပ်ရပ်က ဗီယက်နမ်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စု ဆက်ဆံရေးအား ပိုမိုနီးကပ်စေခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ပုံမှန်ဆက်ဆံရေး တစ်ခုကို တည်ဆောက်နိုင်ခဲ့သော်လည်း ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့အကြားပဋိပက္ခများကမူ အဆုံးသတ်နိုင်ခဲ့ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံအနေဖြင့် သမိုင်းကြောင်းက ဖြစ်စဉ်များအား သင်ခန်းစာ ယူ၍ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ရန်အတွက် တရုတ်နိုင်ငံ၏ ငြိုငြင်မှုကို မခံရစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းသည် ဗီယက်နမ်နိုင်ငံ၏ ရေကြောင်းလုံခြုံရေးကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်များအား ဟန့်တားနိုင်ရန်သာဖြစ်ပြီး တရုတ်- အမေရိကန်တို့အကြား အားပြိုင်မှုတွင် အမေရိကန်နိုင်ငံအား ကူညီပေးနေခြင်းမဟုတ်ဟုတ်ဆိုသည်။ အကယ်၍ တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံအား နှစ်နိုင်ငံအကြား ပဋိပက္ခများအတွက် ကြိုတင်ပြင်ဆင်နေသည်ဟု ယူဆခဲ့မည်ဆိုပါက အမေရိကန်-ဗီယက်နမ်တို့၏ လုံခြုံရေး ဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်လာမှုကို ဟန့်တားလာနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံအနေဖြင့် ထိုအခြေအနေမှ ရှောင်ရှားရန် ကြိုးပမ်းနေပြီး အင်အားကြီးမားသည့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေထိုင်လျက်ရှိပါသည်။ အကယ်၍ တရုတ်နိုင်ငံအား သိမ်းသွင်းစည်းရုံးနိုင်ခြင်း၊ သို့မဟုတ် ၎င်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် တရုတ်နိုင်ငံအား ရန်လိုခြင်းမဟုတ်၊ အနိုင်ကျင့်မခံလိုခြင်းသာဖြစ်သည်ဟူသော သဘောထားကို တရုတ်နိုင်ငံအနေဖြင့် လက်ခံနိုင်ခြင်းကြောင့်သာ ယခုကဲ့သို့သော တရုတ်နိုင်ငံသမ္မတ၏ ခရီးစဉ်ဖြစ်လာ နိုင်မည့် အခြေအနေတွင်ရှိနေခြင်းဖြစ်ပါသည်။ အပြန်အလှန်အားဖြင့် ထိုခရီးစဉ်တွင် တရုတ်နိုင်ငံမှလိုလားနေသည့် ဦးတည်ချက်တူအသိုက်အဝန်း(Community of Common Destiny)ဟူသော ဆက်ဆံရေးအဆင့်အတန်းကို မြှင့်တင်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အင်အားကြီးတရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဗီယက်နမ် နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမပျက်ယွင်းစေရန် ထိန်းသိမ်းထားနိုင် သကဲ့သို့ တရုတ်နိုင်ငံ၏ ရန်သူဖြစ်သည့် အမေရိကန်နိုင်ငံနှင့်လည်း ဆက်ဆံရေးတိုးမြှင့် ထားနိုင်သည့် နောက်ကွယ်မှ အတိတ်သမိုင်းသင်ခန်းစာများကို ဖော်ပြ၍ ဗီယက်နမ် နိုင်ငံ၏ နိုင်ငံခြားရေးနှင့် သံတမန်ဆက်ဆံရေး အောင်မြင်မှုအား သုံးသပ်ရေးသား ထားခြင်းဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံကျင့်သုံးသည့် သံတမန်ရေးနည်းလမ်းမှာ မိမိ၏ ရွေးချယ်မရသော အိမ်နီးချင်းတရုတ်နိုင်ငံ၏ အင်အားကြီးမားမှုနှင့် လွှမ်းမိုးမှုကို အရှိတရားအဖြစ် လက်ခံပြီး မိမိတို့နိုင်ငံအား လိုအပ်သည်ထက် ပိုမို၍မလွှမ်းမိုးရန်၊ ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ရန်အတွက်သာ လိုလားကြောင်း တရုတ်ခေါင်းဆောင်များထံ သတင်းစကားပါးနိုင်ခြင်း၊ သို့မဟုတ် လက်ခံလာအောင် စည်းရုံးဆွေးနွေးနိုင်ခဲ့ပါသည်။ ထို့ကြောင့်လည်း အမေရိကန်နိုင်ငံသမ္မတ လာရောက်လည်ပတ်ပြီး မကြာမီတွင် တရုတ်နိုင်ငံသမ္မတ လာရောက်လည်ပတ်ရသည်အထိ သံတမန်ရေး ထိန်းညှိမှုကို ဆောင်ရွက်ထားနိုင်ခြင်းဖြစ်ပါသည်။
လက်ရှိ ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေးပေါ်လစီနှင့်ပတ်သက်သော လုပ်ငန်းစဉ် ကြေညာချက်တွင် လေးနက်ခြင်း(Deepen)၊ တည်ငြိမ်အေးချမ်းခြင်း(Stabilize)၊ ပူးပေါင်း ဆောင်ရွက်ရေး(Cooperation)နှင့် ဖွံ့ဖြိုးတိုးတက်ရေး (Development)တို့အတွက် တစ်သမတ်တည်းရှိသော နိုင်ငံခြားရေးပေါ်လစီကို အကောင်အထည်ပေါ်ရန်၊ နိုင်ငံတကာ ဆက်ဆံရေးတွင် ပွင့်လင်းမြင်သာမှု၊ မတူကွဲပြားမှု၊ နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်စေမည့် နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ရန်၊ နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် ကဏ္ဍပေါင်းစုံတွင်လည်း တက်ကြွစွာပါဝင်သူဖြစ်စေရန် (A friend and reliable partner of all countries)ဟူ၍ ဖော်ပြထားပါသည်။[3]
ဗီယက်နမ်နိုင်ငံသည် ကွန်မြူနစ်တစ်ပါတီစနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဝင်ဆံ့လျက်ရှိပြီး ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ အပြန်အလှန်လာရောက်လည်ပတ်နေရသည့် နိုင်ငံတစ်ခုအဖြစ် အောင်မြင်စွာရပ်တည်လျက် ရှိပါသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံသည် တရုတ်၏ အိမ်နီးချင်းနိုင်ငံများ အတုယူဖွယ်ဖြစ်သည့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံငယ်တစ်ခုဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
138102723
[1]။ Khang Vu. “Chinese Leader’s Visit Reflects Vietnam’s ‘Omnidirectional’ Foreign Policy”. The Diplomat. October 19, 2023, [https://thediplomat.com/.../chinese-leaders-visit.../]

[2]။ Stephen Van Evera. “THE "SPIRAL MODEL" v. THE "DETERRENCE MODEL" September 10, 1997 [https://web.mit.edu/17.423/www/Archive98/handouts/spiral.html][3]။ Ministry of Foreign Affairs.[https://www.mofa.gov.vn/en/nr091019080134/]

Wednesday, October 25, 2023

အာရပ်နိုင်ငံများ၏ ပါလက်စတိုင်း-အစ္စရေးစစ်ပွဲနှင့် ပတ်သက်သည့် သဘောထားများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအပေါ် မတူကွဲပြားသည့်အမြင်များရှိနေသော အာရပ်နိုင်ငံများနှင့်ပတ်သက်သည့် သဘောထားများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အောက်တိုဘာလ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် ဂါဇာကမ်းမြောင်ဒေသရှိ al-Ahli ဆေးရုံပေါက်ကွဲမှုနှင့်ပတ်သက်သည့် ပုံရိပ်များသည် သတင်းဌာနများတွင် အသီးသီးပေါ်ထွက်လာခဲ့ပါသည်။ ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှ ပေါက်ကွဲမှုအတွင်း ရာပေါင်းများစွာသော ပြည်သူများသေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဆေးရုံ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံကို အပြစ်တင်ခဲ့ပါသည်။ သို့သော် အစ္စရေးနိုင်ငံဘက်မှ al-Ahli ဆေးရုံပေါက်ကွဲမှုသည် ဂါဇာဒေသရှိ အစ္စလာမ္မစ် ဂျီဟတ်စစ်သွေးကြွအဖွဲ့က ပစ်လွှတ်ခဲ့သည့် ဒုံးကျည်ကြောင့်ဟု ဆိုထားပါသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်သည့် တိကျသော အချက်အလက်များ ပျောက်ကွယ်နေသော်လည်း ဆေးရုံပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ဆန္ဒပြမှုများသည် West Bank ဒေသ၊ ဂျော်ဒန်နှင့် တူနီးရှားနိုင်ငံတို့အထိ ကူးစက်သွားခဲ့ပါသည်။ အဆိုပါပေါက်ကွဲမှုဖြစ်စဉ်သည် အမေရိကန်နိုင်ငံသမ္မတ Joe Biden အစ္စရေးနိုင်ငံသို့ လာရောက်မှုမတိုင်မီတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။
ကီလိုမီတာထောင်ပေါင်းများစွာနှင့် နိုင်ငံပေါင်း ၂ ဒါဇင်နီးပါးတွင် ပျံ့နှံ့နေသော လူသန်းပေါင်း ၄၅၀ ရှိသည့် အာရပ်ကမ္ဘာ(Arab World)၏ သဘောထားနှင့် ပတ်သက်၍ ခြုံငုံသုံးသပ်ရန် ခက်ခဲပါသည်။ သို့သော် အာရပ်အများစုသည် ပါလက်စတိုင်းအရေးနှင့် ပတ်သက်ပြီး ထောက်ထားစာနာသော သဘောထားရှိနေသည်ဆိုသည်မှာ အသေအချာပင် ဖြစ်ပါသည်။ ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်းဒေသအတွက်လည်း အဆိုးရွားဆုံး နိုင်ငံရေးပြဿနာဖြစ်ပြီး အခြားသောကိစ္စရပ်များထက် လူထုအုံကြွမှုကို ပိုမိုဖြစ်ပေါ်လာစေနိုင်ပါသည်။ TV အစီအစဉ်များနှင့် ဆိုရှယ်မီဒီယာများတွင်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ အတောမသတ်နိုင်အောင် ဆွေးနွေးနေခြင်းများကလည်း ပါလက်စတိုင်းများကို စာနာထောက်ထားမှုများ ပိုမိုတိုးပွားလာနေပါသည်။
ယခု ပဋိပက္ခသည် ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရက် ၅၀ စစ်ပွဲ (50-day war in Gaza)နှင့် ကွဲပြားခြားနားမှုရှိနေပါသည်။ ပထမကွဲပြားချက်မှာ ပထဝီဝင်နိုင်ငံရေး ဖြစ်ပြီး အာရပ်နိုင်ငံ ၄ နိုင်ငံဖြစ်သည့် ဘာရိန်း၊ မော်ရိုကို၊ ဆူဒန်နှင့် အာရပ် စော်ဘွားများပြည်ထောင်စု(UAE)တို့သည် ၂၀၂၀ ပြည့်နှစ်ကတည်းက အစ္စရေးနိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ခဲ့ပါသည် (ယခင်က အီဂျစ်နှင့် ဂျော်ဒန် နှစ်နိုင်ငံ တည်းသာ အစ္စရေးနိုင်ငံနှင့် ဆက်ဆံရေးရှိခဲ့)။ ဆော်ဒီအာရေဗျနိုင်ငံသည်လည်း အလားတူ မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ရန် ဆွေးနွေးလျက်ရှိပါသည်။ အဆိုပါအချက်ကြောင့် အာရပ်မီဒီယာများ၏ ပဋိပက္ခနှင့်ပတ်သက်သည့် တင်ဆက်မှုများကို ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပြီး ကာတာအသံလွှင့်ဌာနဖြစ်သည့် Al Jazeera သည် ဟားမတ်စ်အဖွဲ့ကို အလေးထားဖော်ပြလေ့ရှိပါသည်။ သို့သော် ဆော်ဒီအာရေဗျနှင့် UAE နိုင်ငံပိုင် မီဒီယာ များသည် ဂါဇာဒေသ၏ အကြီးအကျယ်ပျက်စီးမှုများကို ဖုံးကွယ်ထားပြီး ဟားမတ်စ်အဖွဲ့ အကြီးအကဲများနှင့် အင်တာဗျူးများ လုပ်ဆောင်ပေးခြင်းမရှိပါ။ ဘာသာစကား အသုံးပြုမှုနှင့်ပတ်သက်၍လည်း အငြင်းပွားမှုများရှိနေပြီး တစ်ချိန်က အစ္စရေးစစ်တပ်ကို “Jaish Al-ihtilal” “Occupation Army” ဟု သုံးနှုန်းခဲ့သော်လည်း ယခုအချိန်တွင် “Israeli Army” ဟု ရည်ညွှန်းလေ့ရှိပါသည်။
ဒုတိယကွဲပြားချက်မှာ အရင်အခြေအနေနှင့်မတူညီဘဲ ပိုမိုကျယ်ပြန့်သည့် ပဋိပက္ခဖြစ်ပေါ်လာမည်ကို စိုးရိမ် ရခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲသည် Holy Land ကိုသာ အခြေခံ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ယခုစစ်ပွဲက အစ္စရေးနှင့် နီးကပ်နေသည့် နိုင်ငံများ အားလုံးကိုပါ ရှုပ်ထွေးမှုများဖြစ်ပေါ်စေခဲ့ပြီး အမေရိကန်နှင့် အာရပ်နိုင်ငံအများစုသည် အရပ်သားများဘေးကင်းရာသို့ ပြောင်းရွှေ့ရန်အတွက် အစ္စရေးထိန်းချုပ်ထားခြင်း မရှိသော ဂါဇာနှင့် အဓိကဆက်စပ်နေသည့် Rafah နယ်စပ်ဂိတ်ကိုဖွင့်ပေးရန် တောင်းဆိုခဲ့ကြပါသည်။ သို့သော် အီဂျစ်လူ့အဖွဲ့အစည်းက လက်မခံလိုကြဘဲ အီဂျစ်ဂျာနယ်လစ်တစ်ဉီးက ထိုကိစ္စသည် အီဂျစ်နိုင်ငံအား စစ်ပွဲအတွင်းသို့ ဆွဲသွင်းခြင်းဖြစ်ပြီး အီဂျစ်နိုင်ငံသား သန်း ၁၀၀ ကို ထိခိုက်စေနိုင်သည်ဟု တိုက်ရိုက်သတင်းစကားပေးပို့ခဲ့ပါသည်။ စီးပွားရေး အကျပ်အတည်းများ ကြုံတွေ့နေရသည့် လက်ဘနွန်နိုင်ငံတွင်လည်း အလားတူဆွေးနွေး မှုများရှိနေပါသည်။ အင်အားကြီး Shia စစ်သွေးကြွနှင့် နိုင်ငံရေးပါတီဖြစ်သည့် Hizbullah က အစ္စရေးနိုင်ငံတွင် ဒုတိယစစ်မျက်နှာ ဖွင့်လာမည်ကို လက်ဘနွန်နိုင်ငံသားများက စိုးရိမ်လျက်ရှိကြပါသည်။ ထို့သို့ လုပ်ဆောင်ခြင်းက ၎င်းတို့နိုင်ငံကို လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က ကဲ့သို့ နောက်ထပ်စစ်ပွဲဆီသို့ ရောက်ရှိသွားစေနိုင်ပါသည်။
၎င်းနှင့်ဆက်စပ်၍ တတိယကွဲပြားချက်အနေဖြင့် လက်ရှိအချိန်တွင် အစ္စရေး-ပါလက်စတိုင်းဒေသ၌ အယူဝါဒကွဲပြားမှု အမျိုးမျိုးဖြစ်ပေါ်နေကြောင်း၊ အထူးသဖြင့် ဆီးရီးယားနိုင်ငံသားများသည် ဂါဇာဒေသတွင်ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ ထိတ်လန့်နေကြပါသည်။ ထို့ပြင် ၎င်းတို့သည် ဆီးရီးယားနိုင်ငံကို ပျက်စီးမှုများ ဖြစ်စေနိုင်သည့် အီရန်နိုင်ငံမှ ထောက်ပံ့နေသော ဟားမတ်စ်ကိုလည်း မထောက်ခံလိုကြဟုဆိုသည်။ Assad ကို ချီးကျူးပြီး အစ္စရေးနိုင်ငံ၏ လုပ်ရပ်များကို မနှစ်မြို့သည့် အာရပ်အသိုင်းအဝိုင်းကလည်း ရှုတ်ချ ကြပါသည်။ လက်ဘနွန်နိုင်ငံတွင် လူအများသည် အစ္စရေးနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏အမြင်များမည်သို့ပင်ရှိစေကာမူ အီရန်နိုင်ငံနှင့် Hizbullah တို့ အားနည်း လာစေလိုကြသည်ဟု ဆိုပါသည်။
လွန်ခဲ့သည့် ၁၂ ရက်အတွင်းက ဟားမတ်စ်၊ ဂါဇာအရေးနှင့် ပတ်သက်ပြီး အာရပ်တာဝန်ရှိသူတချို့၏ ထုတ်ဖော်ပြောဆိုခြင်းမရှိသည့် ဆွေးနွေးမှုများတွင် လက်ယာယိမ်း အစ္စရေးများ၏ သဘောထားများနှင့် တူညီနေမှုများရှိပါသည်။ ၎င်းတို့ အနေဖြင့် အီရန်ထောက်ပံ့ပေးနေသည့် အစ္စလာမ္မစ် စစ်သွေးကြွများနှင့် ပတ်သက်၍ညှာတာထောက်ထားမည်မဟုတ်ဟုဆိုသော်လည်း အဆိုပါအချက်ကို တရားဝင်ထုတ် ဖော်ပြောကြားခြင်းမရှိကြပါ။ သို့သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏ ဆော်ဒီအာရေဗျနိုင်ငံခရီးစဉ်တွင် နွေးထွေးစွာကြိုဆိုမခံရခြင်းအကြောင်းမှာ အစိုးရနှင့် ပြည်သူများအကြား ကွဲပြားမှုများရှိနေခြင်းကြောင့်ဖြစ်ပါသည်။ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားအနေဖြင့် Blinken နှင့် အပေါင်းအပါများကို ၎င်းနှင့်တွေ့ဆုံရန် နာရီပေါင်း များစွာ စောင့်ဆိုင်းစေခဲ့သလို အီဂျစ်နိုင်ငံသို့ Blinken အ‌ရောက်တွင် အီဂျစ်နိုင်ငံသမ္မတက လူထုအား ပါလက်စတိုင်းလူမျိုးများအတွက် စိုးရိမ်နေသည့် သဘောထားများကို ‌ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံသမ္မတသည်ပင်လျှင် နွေးထွေးသည့် ကြိုဆိုမှုများမရခဲ့သည့် အခြေအနေဖြစ်ခဲ့ပါသည်။ အစ္စရေးနိုင်ငံခရီးစဉ်ပြီးနောက် ဂျော်ဒန်နိုင်ငံသို့ သွားရောက်ပြီး ဂျော်ဒန်ဘုရင်၊ ပါလက်စတိုင်း သမ္မတနှင့် အီဂျစ်နိုင်ငံသမ္မတတို့ဖြင့် တွေ့ဆုံရန်စီစဉ်ထားသော်လည်း ဆေးရုံပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဂျော်ဒန်နိုင်ငံဘက်မှ ညီလာခံဖျက်သိမ်းသည်ဟု ကြေညာခဲ့ပါသည်။ Biden အနေဖြင့် အာရပ်အကြီးအကဲများကို ကြားဝင်စေ့စပ်မှုများ ပြုလုပ်ပေးရန် မျှော်လင့်နေ သော်လည်း အာရပ်အကြီးအကဲများက လိုက်နာလိုသည့် သဘောမရှိဟု ဆိုပါသည်။ ယခုအချိန်အထိ ပြည်သူများ၏ ရပ်တည်ချက်များနောက်တွင် နက်ရှိုင်းသည့် စိုးရိမ်ပူပန်မှုများရှိနေကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် ၁၉၇၃ ခုနှစ် Yom Kippur War တွင် အာရပ်နိုင်ငံများသည် အစ္စရေးနိုင်ငံအား ဘုံရန်သူအဖြစ် သတ်မှတ်၍ စစ်ပွဲဆင်နွှဲခဲ့ကြခြင်းဖြစ်သော်လည်း ဆယ်စုနှစ်ဝက် တစ်ခုအကြာတွင် အစ္စရေးနိုင်ငံသည် စစ်သွေးကြွအဖွဲ့များကြောင့် စစ်ပွဲအတွင်းရောက်ရှိ သွားခဲ့သည်ဟု ဆိုပါသည်။ လက်ရှိအချိန်တွင် အဆိုပါဒေသသည် အာရပ်နိုင်ငံတစ်ခုမဟုတ်သည့် အီရန်နိုင်ငံမှ ထောက်ပံ့ပေးထားသော အဖွဲ့အစည်းများကြောင့် ကျယ်ပြန့်သည့် ပဋိပက္ခ များကို ရင်ဆိုင်နေကြရပြီး အာရပ်နိုင်ငံများသည် လက်ရှိအဖြစ်အပျက်များကို မလိုလားကြဟုဆိုသည်။ ထို့ကြောင့် ယခု ပါလက်စတိုင်း-အစ္စရေး စစ်ပွဲ၏ အဆုံးအဖြတ်သည် အစ္စရေးနိုင်ငံထက် အာရပ်နိုင်ငံခေါင်းဆောင်များအပေါ်တွင် တည်ရှိနေကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့်ပတ်သက်၍ အာရပ်နိုင်ငံခေါင်းဆောင်များ အကြားတွင် မတူကွဲပြားသည့် သဘောထားများရှိနေသော်လည်း လူထုအကြားတွင်မူပါလက်စတိုင်းများအား စာနာထောက်ထားသည့်အမြင်များသာ လွှမ်းမိုးလျက်ရှိနေ ပါသည်။ ထို့ကြောင့် အာရပ်ခေါင်းဆောင်များအနေဖြင့် လူထု၏သဘောထားနှင့် ဆူပူ အုံကြွလာနိုင်သည့် အခြေအနေကိုကြည့်၍ အမေရိကန်နိုင်ငံခေါင်းဆောင်များ ရောက်ရှိ လာသည့်အချိန်၌ပင် နွေးထွေးစွာ ကြိုဆိုနိုင်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ ယခု ဆောင်းပါးသည် အနောက်အုပ်စု၏ ရပ်တည်ချက်သဘောထားဆန်သောကြောင့် အာရပ် ခေါင်းဆောင်များအကြားတွင်လည်း အီရန်နိုင်ငံမှ ထောက်ပံ့ပေးထားသည့် ဟားမတ်စ်နှင့် Hizbullah အဖွဲ့အား မထောက်ခံသည့် အယူအဆများရှိနေသည်ဟု ဖော်ပြထား သော်လည်း လက်တွေ့တွင် အာရပ်ခေါင်းဆောင်များ၏ သဘောထားအမှန်ကို မှန်းဆရန် ခက်ခဲပါသည်။ လက်ရှိမြေပြင်အခြေအနေနှင့် သမိုင်းကြောင်းဆိုင်ရာ အခြေအနေများ အရလည်း အာရပ်ခေါင်းဆောင်များအနေဖြင့် အီရန်နိုင်ငံက ထောက်ပံ့ပေးထားသည့် ဟားမတ်စ်အဖွဲ့အား အလိုမရှိသော်လည်း ပြည်သူများ၏ သဘောထားနှင့်ဆန့်ကျင်၍ အစ္စရေးနိုင်ငံဘက်မှရပ်တည်ရန် မည်သို့မျှမဖြစ်နိုင်ဟု သုံးသပ်ရပါသည်။
ထို့ကြောင့်လည်း အမေရိကန်နိုင်ငံသမ္မတ၏ ဂျော်ဒန်နိုင်ငံသမ္မတကို တွေ့ဆုံမည့် အစီအစဉ်များပါ ဖျက်သိမ်းခံခဲ့ရခြင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံက အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအပေါ် အေးစက်စွာဆက်ဆံပြခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ အာရပ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် ၎င်းတို့နိုင်ငံများသို့ စစ်မီးမကူးစက်လာစေရေးနှင့် ပဋိပက္ခ မကြီးထွားရန်အတွက် နိုင်ငံတကာ၏ ဝင်ရောက်စွက်ဖက်မှုများအား အလိုမရှိကြဘဲ ဒေသတွင်း၊ သို့မဟုတ် ပြည်တွင်းရေး ပဋိပက္ခတစ်ရပ်တွင် နိုင်ငံကြီးများ၏ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှု များပြားလာပါက ကိုယ်စားပြုစစ်ပွဲ (Proxy War)များ ဖြစ်ပေါ်လာပြီး အခန့်မသင့်ပါက ဒေသတွင်းစစ်ပွဲများ၊ ဘာသာရေး ဆိုင်ရာစစ်ပွဲများအထိ ကြီးမားကျယ်ပြန့်သွားနိုင်ပြီး ဤအခြေအနေကပင် အနောက်အုပ်စုအတွက် ထောင်ချောက် တစ်ခုဖြစ်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
137102623

[1]။ “The Arab world thinks differently about this war”.The Economist. 18 October 2023, [/https://www.economist.com/.../the-arab-world-thinks... /]

Tuesday, October 24, 2023

တရုတ်နိုင်ငံ၏ အဆင့်မြင့် Chip ထုတ်လုပ်မှုအား ထိန်းချုပ်လိုသည့်အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများတွင် အားနည်းချက်များရှိနေခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံသို့ Chip များ တင်ပို့မှုကို ကန့်သတ်ရန် စည်းမျဉ်းစည်းကမ်းများ တိုးမြှင့်ချမှတ်မှုများ၊ တရုတ်နိုင်ငံအနေဖြင့် ထိုကန့်သတ်ချက် များကို ရှောင်ရှားပြီး ပြည်ပမှ Chip ထုတ်လုပ်ရေးနည်းပညာများနှင့် ထုတ်လုပ်ရေး ကိရိယာများ၊ စက်ပစ္စည်းအစိတ်အပိုင်းများ တင်သွင်းရန် ကြိုးပမ်းမှုနည်းလမ်းများနှင့် ရေရှည်တွင် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ Chip တင်ပို့မှုကန့်သတ်ချက်များကို ကေျာ်လွှား၍ ကိုယ်ပိုင်တစ်ပိုင်းလျှပ်ကူးပစ္စည်း(Chip)များထုတ်လုပ်နိုင်ရန် Shell Company ဟု ခေါ်သော ကုမ္ပဏီအတုများမှတစ်ဆင့် Chip များ မှောင်ခိုတင်သွင်းခြင်း၊ စက်အဟောင်း များကို အဆင့်မြှင့်တင်ဖန်တီးကာ ပြန်လည်အသုံးပြုခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံ၏ ထိန်းချုပ်မှုများသည် တရုတ်ကုမ္ပဏီများ အတွက် အချိန်နှင့် ငွေကြေးကုန်ကျစရိတ်များ တိုးမြင့်စေသော်လည်း အတိုင်းအတာ တစ်ခုအထိသာ သက်ရောက်မှုရှိပြီး တရုတ်နိုင်ငံ၏ Huawei ကုမ္ပဏီသည် မကြာသေးမီကပင် 5G ကွန်ရက်စနစ်ကို ထုတ်ဖော်ပြသခဲ့ပါသည်။
၃။ Yuan Ze တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ Jason Kao ၏ ပြောကြားချက် အရ နိုင်ငံတစ်ခု၏ Chip များ၊ ၎င်း၏အစိတ်အပိုင်းများနှင့် စက်ကိရိယာများ ဝယ်ယူ တင်သွင်းနေမှုကို အပြည့်အဝတားဆီးရန်မှာ အလွန်ခက်ခဲသည်ဟု ဆိုပါသည်။ ဤသို့တားဆီးရန် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် နည်းပညာကျွမ်းကျင်သူဝန်ထမ်းများပါဝင်သည့် ကြီးမားကျယ်ပြန့်သည့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့တစ်ခု လိုအပ်ရုံသာမက မဟာမိတ် နိုင်ငံများမှ အကောက်ခွန်အဖွဲ့များ၏ အကူအညီလည်း လိုအပ်မည်ဖြစ်ပါသည်။ ယခင်နှစ်က ရုရှားကုန်သွယ်ရေးကုမ္ပဏီတစ်ခုသည် ဆွီဒင်နိုင်ငံရှိ Sandvik ကုမ္ပဏီမှ ထုတ်လုပ်သည့် သတ္တုပုံဖော်စက်များအား တင်သွင်းလိုခြင်းကြောင့် Jason Kao ၏ ပုဂ္ဂလိကအကောက်ခွန်နှင့်ပတ်သက်သော ဝန်ဆောင်မှုကုမ္ပဏီတွင် အလုပ်အပ်နှံခဲ့ပါသည်။ သို့ရာတွင် အဆိုပါစက်ပစ္စည်းများသည် စက်မှုလုပ်ငန်းအတွက်သာမက စစ်ဘက်ဆိုင်ရာသေနတ်ပြောင်းများပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်ခြင်းကြောင့် ပို့ကုန်ထိန်းချုပ်မှု ကန့်သတ်ချက်များအရ ငြင်းပယ်ခဲ့ပါသည်။ သို့သော်လည်း ၎င်းရုရှားကုမ္ပဏီသည် ထိုစက်ပစ္စည်းအား ဟောင်ကောင်ကုမ္ပဏီတစ်ခုမှ မှာယူခဲ့ပါသည်။ တရုတ်နိုင်ငံသည် ပို့ကုန်ထိန်းချုပ်မှု ကန့်သတ်ချက်များကို ရှောင်ရှားရန် ပြင်ပအဖွဲ့အစည်းများ၊ ပြည်ပ အခြေစိုက်ကုမ္ပဏီများနှင့် Shell ကုမ္ပဏီများကို အသုံးချလေ့ရှိပါသည်။
အမေရိကန်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှု ကန့်သတ်ချက်များကို ကျော်လွှား နိုင်ကြောင်း ပြသသည့်အနေဖြင့် ဩဂုတ်လနှောင်းပိုင်းတွင် တရုတ်နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော Huawei သည် ၎င်း၏ကိုယ်ပိုင် Chip ဖြင့် ပြုလုပ်ထားသည့် 5G စွမ်းရည်ရှိသော Mate 60 Pro စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့ပါသည်။ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာန အတွင်းရေးမှူး Gina Raimondo က Huawei ကုမ္ပဏီသည် တရုတ်စစ်တပ်နှင့် ဆက်နွှယ်မှုရှိနေခြင်းကြောင့် ဤသို့တိုးတက်လာမှုသည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု ဆိုပါသည်။ သို့သော်လည်း Huawei ကုမ္ပဏီကလည်း စစ်တပ်နှင့် ဆက်နွှယ်နေသည်ဟူသောအချက်မှာ မှန်ကန်မှု မရှိဟု အကြိမ်ကြိမ်ငြင်းဆိုခဲ့ပါသည်။
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ နောက်ဆုံးပေါ် Chip များ အသုံးပြုခွင့်ကို ကန့်သတ်ရန် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် ထိန်းချုပ်မှုများတွင် ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်းသစ်များကို ထပ်မံထည့်သွင်း၍ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဤထုတ်ပြန်ချက်တွင် ကန့်သတ်ချက်များ ပိုမိုပါဝင်ပြီး ဗီယက်နမ်နှင့် ဆော်ဒီအာရေဗျကဲ့သို့သော နိုင်ငံများသည် အမေရိကန်နိုင်ငံမှ သတ်မှတ် ထားသော ပို့ကုန်ကန့်သတ်မှုစည်းမျဉ်းများကို လိုက်နာရမည်ဟု ပါရှိပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ တရုတ်နည်းပညာကုမ္ပဏီ Huawei ကို ပို့ကုန် ကန့်သတ်ရန်ကြိုးပမ်းခဲ့သော်လည်း Huawei ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်တွင် ဝင်ငွေယွမ် ၆၄၂.၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၈၇.၉၃ ဘီလီယံ)ရရှိခဲ့ကာ ပြိုင်ဘက်အမေရိကန်ကုမ္ပဏီ Cisco ထက် အမေရိကန်ဒေါ်လာ ၅၆.၉၉ ဘီလီယံ ပိုခဲ့ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ နည်းပညာတိုးတက်မှုကို ကန့်သတ်ရန် အမေရိကန်နိုင်ငံသည် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဂျပန်နှင့် နယ်သာလန်နိုင်ငံတို့သည် အမေရိကန်နိုင်ငံကဲ့သို့ အဆင့်မြင့် Chip ထုတ်လုပ်ရေးကိရိယာများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များချမှတ်ခဲ့သော်လည်း တရုတ်နိုင်ငံသည် စက်ကိရိယာများတင်သွင်းမှုကို ယခင်ကတည်းက တိုးမြှင့်လုပ်ဆောင်ပြီးဖြစ်သောကြောင့် ထိရောက်မှုမရှိခဲ့ဟု ဆိုသည်။ ယခုချမှတ်ထားသည့် ပို့ကုန်ကန့်သတ်ချက်များသည်လည်း နိုဝင်ဘာလ ၁၇ ရက်နေ့ အထိ အသက်ဝင်မည်မဟုတ်သောကြောင့် တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ ယခင် အမှာစာများကို ကြိုတင်တိုးချဲ့နိုင်မည့် အခွင့်အရေးရှိနေပါသည်။ Chip ထုတ်လုပ်သည့် စက်များကို ကန့်သတ်ရခြင်းထက် အပိုပစ္စည်းများနှင့် အထူးအစိတ်အပိုင်းများအား ကန့်သတ်ရန် ပိုမိုခက်ခဲပါသည်။
အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံသို့ Chip ဖြန့်ဖြူးမှုဈေးကွက်ကို ပိတ်ဆို့ရန် တောင်ကိုရီးယား၊ ဂျာမနီနှင့် ဘယ်လ်ဂျီယံနိုင်ငံများအပြင် ဥရောပသမဂ္ဂတစ်ခုလုံးပါ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ဂျပန်အရာရှိတစ်ဦးက ဂျပန်နိုင်ငံသည် ကာကွယ်ရေးအတွက် ရည်ရွယ်ထားခြင်းမဟုတ်သော ထုတ်ကုန်များအား သီးခြားနိုင်ငံ တစ်ခုသို့တင်ပို့ခွင့်ကို ပိတ်ပင်ပိုင်ခွင့်မရှိကြောင်းနှင့် ပို့ကုန်ထိန်းချုပ်မှု စည်းမျဉ်းသစ် များသည် “စစ်ဆေးရမည့် စာရင်းများသာဖြစ်ပြီး တားမြစ်စာရင်းများ” (‌A Checklist, Not a Ban List)မဟုတ်ဟု ပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံမှ Tokyo Electron ၊ Nikon နှင့် Desco ကဲ့သို့ Chip ထုတ်လုပ်ရေးကုမ္ပဏီများသည် ၂၀၁၉ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်သွင်းမှု အဓိကရင်းမြစ်ဖြစ်သည့်အပြင် နယ်သာလန်နိုင်ငံမှ ASML နှင့် ASM ကုမ္ပဏီများ၏ Chip တင်သွင်းမှုသည် ၂၀၂၀ ပြည့်နှစ်မှ စ၍ မြင့်တက်လာခဲ့သည်ဟု တရုတ်နိုင်ငံ၏ အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရှိရပါသည်။
လေ့လာသူများက အမေရိကန်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်ရေးကြိုးပမ်းမှုတွင် ချွတ်ယွင်းချက်များရှိနေသည်ဟု ပြောကြားခဲ့ပြီး Semanalysis သတင်းအဖွဲ့မှ Dylan Patel ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံသည်ပင် ၎င်းကုမ္ပဏီများ၏ စက်ပစ္စည်းများ လိုင်စင်လျှောက်ထားရန် လိုအပ်သော်လည်း တင်ပို့ခွင့်ကို အလွယ်တကူခွင့်ပြုထားဆဲဖြစ်ပါသည်။ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ Chip ထုတ်လုပ်သည့် ကုမ္ပဏီများအတွက် အရေးပါသော ဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေ သေးပြီး ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၎င်းတို့၏ ဝင်ငွေ ၄၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှ ရရှိခြင်းဖြစ်ပါသည်။ KLA ကုမ္ပဏီသည် ဧပြီလမှ ဇွန်လ သုံးလပတ်တွင် တရုတ်နိုင်ငံမှ ၎င်းဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းခန့်ကို ရရှိခဲ့သည်ဟု Lam Research အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ၎င်းကုမ္ပဏီများသည် အရည်အသွေးမြင့် စက်ကိရိယာများကို တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့ရန် ခိုင်မာသောစီးပွားရေး မက်လုံးများရှိနေပါသည်။ သို့ရာတွင် တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ စက်ကိရိယာများအား စစ်ရေးနယ်ပယ် အတွက် အသုံးချခြင်းရှိ/မရှိကို မသိရှိနိုင်သောကြောင့် စိန်ခေါ်မှုများရှိနေပါသည်။ Chip ထုတ်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် ကျွမ်းကျင်သူအချို့က စက်ကိရိယာ ဟောင်းများသည်လည်း ပြုပြင်မွမ်းမံ၍ အဆင့်မြင့် Chip များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည်ဟု ဆိုပါသည်။
တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ ပို့ကုန်ကန့်သတ်ချက်များကို ကျော်လွှားရန် အားနည်းချက်များနှင့် နည်းပညာအပြောင်းအလဲများကို အသုံးချရုံသာမက Shell ကုမ္ပဏီသစ်များထူထောင်ခြင်း၊ ကုမ္ပဏီများကို နာမည်ပြောင်းလဲ၍ ကုန်သွယ်မှုများအား ဆက်လက်လုပ်ကိုင်ခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိပါသည်။ သတင်းရင်းမြစ်အချို့အရ အပိုပစ္စည်းများ တင်ပို့ရန် ခွင့်ပြုထားသည့် Chip များတွင် အခြားနည်းပညာမြင့် Chip များ တွဲဖက်တပ်ဆင်ကာ ပေးပို့ခြင်းကြောင့် အကောက်ခွန်အရာရှိများအနေဖြင့် မစစ်ဆေးနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ အခြားနည်းလမ်းတစ်ခုမှာ Chip အစိတ်အပိုင်းများအား တစ်စစီဖြုတ်၍ စွန့်ပစ်ပစ္စည်းများအဖြစ် အပိုင်းလိုက်ပေးပို့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ ရောက်ရှိသည့်အချိန်မှသာ ပြန်လည်တပ်ဆင်နေပါသည်။ ထို့ပြင် Chip များ ထုတ်လုပ်ရေးအတွက် အဓိကလိုအပ်ချက်မှာ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိသည့် လူသားအရင်းအမြစ်များ ရရှိရန်ဖြစ်ပြီး ထိုအချက်ကို တရုတ်နိုင်ငံမှ မည်မျှအသုံးချ နေနိုင်သည်ကို ရှင်းလင်းစွာမသိရသေးဟု ဆိုသည်။
စက်မှုလုပ်ငန်းအမှုဆောင်များနှင့် လေ့လာသူများက တရုတ်နိုင်ငံအား တင်သွင်းမည့် ပို့ကုန်ထိန်းချုပ်မှုသည် ထိရောက်သောနည်းလမ်းဖြစ်သော်လည်း အကျိုးသက်ရောက်မှု ရရှိရန် အချိန်ယူရမည်ဟု ပြောကြားခဲ့ပါသည်။ နယ်သာလန်နိုင်ငံအခြေစိုက် Datenna ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ Martijn Rasser က Huawei ကုမ္ပဏီ၏ တိုးတက်မှုသည် အမေရိကန်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှု မအောင်မြင်ခြင်းမဟုတ်ကြောင်း၊ Huawei ကုမ္ပဏီသည် ၎င်း၏အဆင့်မြင့်နည်းပညာအတွက် ပို့ကုန်ထိန်းချုပ်မှုများ မပြုလုပ်မီ ကြိုတင်မှာယူထားသည့်ပစ္စည်းများကို အသုံးပြုခဲ့သည့်အပြင် ထိန်းချုပ်မှုစာရင်းတွင် မပါဝင်ခဲ့သည့်ပစ္စည်းများကို အသုံးပြုခဲ့ခြင်းကြောင့်သာဖြစ်ခြင်းကြောင့် ရေရှည်တွင် တည်တံ့နိုင်မည်မဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့်လည်း ပို့ကုန်ထိန်းချုပ်မှုများကို အကြိမ်များစွာ ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရနိုင်သည်ဟု ပြောကြားခဲ့ပါသည်။ ထိုင်ဝမ် Chip ထုတ်လုပ်ရေး ကုမ္ပဏီ၏ Macronix ဥက္ကဋ္ဌဖြစ်သူ Miin Wu က Huawei ကုမ္ပဏီ၏ တိုးတက်မှုသည် အမေရိကန်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှုကို ကျော်လွှားနိုင်ကြောင်းပြသလျက်ရှိသော်လည်း နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဆယ်စုနှစ်များစွာ နှောင့်နှေး ကြန့်ကြာသွားနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အမေရိကန်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှု ကန့်သတ်ချက်များအကြားမှပင် တရုတ် နိုင်ငံသည် ပြည်ပမှအဆင့်မြင့် Chip များနှင့် ထုတ်လုပ်ရေးစက်ပစ္စည်းကိရိယာများကို တင်သွင်းရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းခြင်း၊ စက်ယန္တရားဟောင်းများအား အဆင့် မြှင့်တင်အသုံးချနိုင်ရေး ဆောင်ရွက်ပြီး ၎င်း၏ Chip များအား အဆင့်အတန်းမြှင့်တင်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ တရုတ်နိုင်ငံအဓိက အသုံးပြုသော နည်းလမ်းများမှာ အမေရိကန်နိုင်ငံ၏ ပိတ်ဆို့ရေးဥပဒေများ မသက်ရောက်ခင် လိုအပ်သော ပစ္စည်းများကြိုတင်မှာယူခြင်း၊ ၎င်း၏ပြည်တွင်းကုမ္ပဏီများအား မကြာခဏ အမည် ပြောင်းလဲခြင်း၊ အခြားသော ပြည်ပနိုင်ငံများတွင် ကုမ္ပဏီထောင်၍ ထိုမှတစ်ဆင့် တင်သွင်းခြင်း၊ စက်ပစ္စည်းတစ်ခုလုံးမဟုတ်ဘဲ ၎င်းတွင်ရှိသော စက်ပစ္စည်းများကို အဆင့်မြှင့်တင်နိုင်ရန်အတွက် အပိုပစ္စည်းများကိုသာ မှာယူခြင်း၊ ပိတ်ဆို့ထားသော နိုင်ငံများရှိ ကုမ္ပဏီများနှင့် ညှိနှိုင်း၍ မှောင်ခိုတင်သွင်းခြင်းစသည့် နည်းလမ်းမျိုးစုံကို အသုံးပြုနေကြောင်း တွေ့ရှိရပါသည်။
အမေရိကန်နိုင်ငံ ကြုံတွေ့ရသည့် အဓိကစိန်ခေါ်မှုမှာ ကန့်သတ်ချက်စည်းမျဉ်း များအား အခြားနိုင်ငံများအားလုံးမှ လိုက်ပါဆောင်ရွက်ရန် မဖြစ်နိုင်ခြင်းဖြစ်ပါသည်။ တချို့နိုင်ငံများသည်လည်း အမေရိကန်နိုင်ငံအား မလွန်ဆန်နိုင်ခြင်းကြောင့် ပိတ်ဆို့မှု များကို ဟန်ပြဆောင်ရွက်နေသော်လည်း လက်တွေ့တွင် ထိရောက်မှုမရှိ ဖြစ်နေပါသည်။ အမေရိကန်နိုင်ငံသည်ပင် ၎င်း၏ ပြည်တွင်းကုမ္ပဏီများအား ထိရောက်စွာ တားဆီးနိုင်ရန် ကန့်သတ်ချက်များရှိနေဆဲဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ၏တရုတ်နိုင်ငံအပေါ်ပိတ်ဆို့မှုများသည် ရေတိုတွင် အခက်အခဲတချို့ရှိနိုင်သော်လည်း တရုတ်နိုင်ငံ၏ ကိုယ်ပိုင်ရပ်တည်မှုတည်ဆောက်ခြင်းအား တွန်းအားဖြစ်စေခဲ့ပြီး အချိန် ကာလတစ်ခုအတွင်း အနောက်အုပ်စု၏ နောက်ဆုံးပေါ် Chip နည်းပညာများအား ယှဉ်ပြိုင်နိုင်မည့် အနေအထားဖြစ်လာနိုင်သည်ဟု သုံးသပ်နိုင်ပါသည်။ ပတ်ဝန်းကျင်နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ တိုးတက်လာသော နည်းပညာများနှင့်အတူ Supply Chain ကွန်ရက်တည်ဆောက်ပြီး အကျိုးတူဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ခြင်းသည်ပင် သက်ဆိုင်ရာ နိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
136102523

[1]။ Cheng Ting-Fang,“How China's Tech Ambitions Slip Through the U.S. Export Control Net”. Nikkei. 20 October 2023, [/https://asia.nikkei.com/.../How-China-s-tech-ambitions.../]

Monday, October 23, 2023

အစ္စရေး-ဟားမတ်စ် စစ်ပွဲမှ ရုရှားနှင့် တရုတ်နိုင်ငံတို့ နိုင်ငံရေးအရ အမြတ်ထုတ်နိုင်မှုများနှင့် ပတ်သက်၍ ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် အရှေ့အလယ်ပိုင်းဒေသတွင်းရှိ အမေရိကန် နိုင်ငံ၏ နိုင်ငံရေးဩဇာလွှမ်းမိုးမှုအား စိန်ခေါ်မှုဖြစ်ပေါ်စေခြင်းနှင့် ရုရှားနှင့် တရုတ်နိုင်ငံတို့ အနေဖြင့် ၎င်းပဋိပက္ခမှ နိုင်ငံရေးအမြတ်ထုတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည် အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟု အပါအဝင် အီဂျစ်၊ အီရန်၊ ဆီးရီးယားနိုင်ငံများနှင့် ပါလက်စတိုင်းအဖွဲ့တို့မှ အာဏာပိုင်များအား ဖုန်းခေါ်ဆို၍ ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ရုရှားနိုင်ငံသမ္မတ ပူတင်သည် အစ္စရေးနိုင်ငံသားများ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သော်လည်း ဟားမတ်စ်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ရှုတ်ချပြောဆိုခဲ့ခြင်းမရှိခဲ့ပါ။ သမ္မတပူတင်သည် အစ္စရေး-ပါလက်စတိုင်း နှစ်ဖက်အဖွဲ့ များအား အပစ်အခတ်ရပ်စဲရန်တောင်းဆိုခဲ့ပြီး ဤပဋိပက္ခနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံအား ပြစ်တင်ရှုတ်ချခဲ့ကြပါသည်။
အဆိုပါ ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် ခေါင်းဆောင်များ ဆွေးနွေးမှုတွင် အဓိက အချက် ၂ ချက်ကိုတွေ့ရှိရပြီး ပထမအချက်မှာ ရုရှားနှင့် အစ္စရေးနိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာလာသည့်အချက်ဖြစ်ကာ ဒုတိယအချက်မှာ ရုရှားနိုင်ငံသည် ၎င်းအပေါ် အနောက်အုပ်စုများ အာရုံစိုက်မှုလျော့ပါးစေရန် အစ္စရေး-ဟားမတ်စ် စစ်ပွဲအား အသုံးချခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ရုရှားနိုင်ငံ၏လုပ်ဆောင်မှုကို တရုတ်နိုင်ငံမှ ထောက်ခံနိုင်သည့်အလားအလာ ရှိပြီး ရုရှားနိုင်ငံသမ္မတ ပူတင်သည် ပိုးလမ်းမစီမံကိန်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အောက်တိုဘာလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ Beijing မြို့သို့ သွားရောက်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် ကလည်း အစ္စရေးနိုင်ငံ၏ စစ်ရေးတုံ့ပြန်မှုနှင့်ပတ်သက်၍ အကြံဉာဏ်ပေးရန်၊ ဂါဇာ ကမ်းမြောင်ဒေသအား အကူအညီပေးရန်၊ အီရန်နိုင်ငံနှင့် ၎င်း၏ဆက်စပ်အုပ်စုများ ပဋိပက္ခတွင် ဝင်ရောက်စွက်ဖက်မှုအား ဟန့်တားရန်အတွက် အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဤကဲ့သို့ ယူကရိန်းနိုင်ငံအရေး၊ အရှေ့အလယ်ပိုင်းဒေသအရေးများနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံကြီးများမှ ခေါင်းဆောင်များ အပြိုင်အဆိုင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေခြင်းသည် ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးတွင် ၎င်းတို့၏ သဘောထားကွဲလွဲမှုများကို ပြသနေခြင်းပင်ဖြစ်ပါသည်။
အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုသည် ယခင်က ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး မကြာသေးမီနှစ်များအတွင်းကလည်း ရုရှား နိုင်ငံသို့ အကြိမ်များစွာသွားရောက်လည်ပတ်ခဲ့ပါသည်။ ဤကဲ့သို့ ရင်းနှီးသည့် ဆက်ဆံရေး ရှိသော်လည်း ရုရှားနိုင်ငံသမ္မတ ပူတင်သည် ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချခြင်းမရှိခဲ့ပါ။ ဤတိုက်ခိုက်မှုတွင် ရုရှားနိုင်ငံသား ၁၆ ဦး သေဆုံးခဲ့ပြီး ၈ ဦးမှာ ပျောက်ဆုံးလျက်ရှိပါသည်။ ယခင်က အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုသည်၂၀၁၅ ခုနှစ် အိမ်နီးချင်းဆီးရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်ခဲ့သော ရုရှားနိုင်ငံ၏ အရေးပါသည့် အခန်းကဏ္ဍကို ထောက်ရှုကာ ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် ဆက်ဆံရေးတိုးမြှင့်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပါသည်။ ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ အစိုးရ Bashar al-Assad ကို ထောက်ခံမှုပြုလုပ်ခဲ့ပြီး Assad အစိုးရအား ဆန့်ကျင်သည့်သူပုန်အဖွဲ့များအား ချေမှုန်းရန် လေကြောင်းမှပစ်ကူပေးတိုက်ခိုက်ရာတွင် ကူညီပေး ခဲ့ပါသည်။ အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုသည် ဆီးရီးယားနိုင်ငံတွင် အီရန်နှင့် ရုရှားနိုင်ငံတို့၏ သြဇာလွှမ်းမိုးမှုကိုလျှော့ချရန်၊ Hezbollah အဖွဲ့အား ခေတ်မီလက်နက်များ ထောက်ပံ့မှုကို တားမြစ်ရန်၊ ဆီးရီးယားနိုင်ငံတွင် အစ္စရေးနိုင်ငံအား ဆန့်ကျင်သော အဖွဲ့များ၏ အခြေစိုက်စခန်းဖြစ်လာခြင်းမှ ကာကွယ်ရန်နှင့် ဆီးရီးယားနိုင်ငံရှိ Hezbollah အဖွဲ့၏ပစ်မှတ်များအား ရုရှားနိုင်ငံ၏ဝင်ရောက် စွက်ဖက်မှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှု လွတ်လပ်စွာပြုလုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ [2] လေ့လာသူအချို့က အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုသည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်ကဲ့သို့ နိုင်ငံရေးတွင် ဩဇာအာဏာကြီးမားသူများကို အရေးတယူဆက်ဆံလေ့ရှိသည်ဟု ဆိုပါသည်။ ထို့ကြောင့် ယူကရိန်းနိုင်ငံအား ရုရှားနိုင်ငံမှ ကျူးကျော်သည့် အခါတွင် ၎င်းအနေဖြင့် ပွင့်လင်းစွာဝေဖန်နိုင်ခြင်းမရှိဘဲ ယူကရိန်းအစိုးရမှ လက်နက်များ ထောက်ပံ့ပေးရန် တောင်းဆိုခဲ့သော်လည်း ထောက်ပံ့နိုင်ခဲ့မှုမရှိခြင်း ဖြစ်ပါသည်။
ရုရှားနှင့် အစ္စရေးနိုင်ငံတို့အကြား ဆက်ဆံရေးကောင်းမွန်စေသည့် အဓိက အချက်မှာ အစ္စရေးနိုင်ငံသား ၁၅ ရာခိုင်နှုန်းသည် ယခင်ဆိုဗီယက်ပြည်ထောင်စုမှ ကူးပြောင်းလာကြသူများဖြစ်ပြီး ရုရှားဘာသာစကားကို ပြောဆိုကြခြင်းကြောင့်ဖြစ်ပါသည်။ ရုရှားနိုင်ငံသမ္မတ ပူတင်သည် အစ္စရေးနိုင်ငံအား ဒေသတွင်းအင်အားကြီးနိုင်ငံတစ်ခု အဖြစ် လက်ခံထားပြီး အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုကလည်း ရုရှားနိုင်ငံ၏ ဒီမိုကရေစီစနစ်ထူထောင်နိုင်ခြင်းမရှိမှုကို လျစ်လျူရှုထားပါသည်။ ရုရှားနှင့် အစ္စရေးနိုင်ငံတို့ အနေဖြင့် အပြုသဘောဆောင်သည့်ဆက်ဆံရေးအား ဖော်ဆောင်လျက်ရှိသော်လည်း ရုရှားနိုင်ငံသည် ယခင်ကတည်းကပင် ပါလက်စတိုင်းအမျိုးသားရေးဝါဒကို ထောက်ခံ အားပေးခဲ့ပါသည်။ ၁၉၇၃ ခုနှစ် အစ္စရေးနိုင်ငံအား တိုက်ခိုက်မှုတွင် ရုရှားနိုင်ငံသည် ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများအား လေ့ကျင့်ပေးခြင်းနှင့် အာရပ်နိုင်ငံများအား လက်နက်တပ်ဆင်ပေးခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ရုရှားနိုင်ငံသည် သမိုင်းတစ်လျှောက်တွင် အစ္စရေးနိုင်ငံထက် ဆီးရီးယားနိုင်ငံနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိကြောင်း ဖော်ပြ ထားပါသည်။
သို့ရာတွင် အစ္စရေးနိုင်ငံတောင်ပိုင်းအား ဟားမတ်စ်အဖွဲ့မှ တိုက်ခိုက်မှုတွင် ရုရှားနိုင်ငံအနေဖြင့် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော်လည်း အီရန်နိုင်ငံ၏ ကျောထောက် နောက်ခံဖြစ်သည့် ဟားမတ်စ်အဖွဲ့ ဂါဇာကမ်းမြောင်ဒေသတွင် အာဏာရရှိခဲ့သည့် အချိန်မှစ၍ ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါသည်။ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov သည် ဟားမတ်စ်အဖွဲ့မှ ခေါင်းဆောင်တစ်ဦး ဖြစ်သူ Khaled Meshaal ကို ၂၀၀၇ ခုနှစ်တွင် မော်စကိုသို့ ခေါ်ယူတွေ့ဆုံခဲ့ပြီး ၂၀၁၄ ခုနှစ် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် ၇ ပတ်ကြာ စစ်ပွဲတွင်လည်း ဟားမတ်စ်အဖွဲ့အနေဖြင့် အစ္စရေးတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ရန် ရုရှားနိုင်ငံထုတ် တင့်ဖျက် ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
ရုရှားနှင့် အီရန်နိုင်ငံတို့၏ ရင်းနှီးသည့်ဆက်ဆံရေးသည် အစ္စရေးနိုင်ငံနှင့် တင်းမာမှု ဖြစ်ပေါ်စေခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ၏ အခြေခံအဆောက်အဦနှင့် စစ်ဗျူဟာအချက်အချာနေရာများအား တိုက်ခိုက်ရန်အတွက် အီရန်နိုင်ငံမှ ‘Shaded Kamikaze’ ဒရုန်း ရာပေါင်းများစွာကို မှာယူအသုံးပြုခဲ့ပြီး ယခုအခါတွင် အီရန်နိုင်ငံ၏ အကူအညီဖြင့် ၎င်းအမျိုးအစား ကိုယ်ပိုင်ဒရုန်းများ ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိပါသည်။ အပြန်အလှန်အနေဖြင့် ရုရှားနိုင်ငံသည် အီရန်နိုင်ငံအား တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် လေကြောင်းရန်ကာကွယ်ရေး စနစ်များ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ရုရှားနိုင်ငံအနေဖြင့် အစ္စရေးနှင့် ဟားမတ်စ်တို့ အကြား ပဋိပက္ခများတိုးမြင့်လာစေရန် ရည်ရွယ်ချက်ရှိမည်မဟုတ်ဟု ဆိုနိုင်သော်လည်း ဤပဋိပက္ခသည် အခြားအာရပ်နိုင်ငံများအထိ ကြီးထွားလာမည့်ကိစ္စကိုလည်း အလေးထား လိမ့်မည်မဟုတ်ဟု ဆိုပါသည်။ ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုသည် ယူကရိန်းစစ်ပွဲအား အနောက်အုပ်စု၏ အာရုံစိုက်မှုကို လျော့ကျစေပါသည်။ ယခုအခါ အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် ယူကရိန်းနိုင်ငံအား နောက်ထပ်အကူအညီပေးနိုင်ရန်သာမက အစ္စရေးနိုင်ငံ အရေးပေါ်အခြေအနေအား အကူအညီပေးနိုင်ရန်လည်း အမေရိကန်ကွန်ဂရက်လွှတ်တော်တွင် ဆွေးနွေးနေရပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသအား အကူအညီပေးရမည်ဆိုပါက ယူကရိန်းနိုင်ငံသို့ အကူအညီပေးမှု နည်းပါးသွားနိုင်ပြီး ရုရှားနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်သင်္ဘော နှစ်စီးနှင့် ထိပ်တန်းသံတမန် Antony Blinken ကို စေလွှတ်ကာ ပဋိပက္ခများ ထပ်မံကြီးထွားမှုမရှိစေရန် ကြိုးပမ်းခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ ရည်ရွယ်ချက်မှာ အစ္စရေးနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်ရန် ပြင်ဆင်နေသည့် ဒုံးကျည် ၁၅၀,၀၀၀ ပိုင်ဆိုင်သော Hezbollah အဖွဲ့ကို တားဆီးရန်ဖြစ်ပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ပိုမိုကြီးထွားလာပါက ရုရှားနှင့် အီရန်နိုင်ငံတို့အတွက် အကျိုးဖြစ်ထွန်းစေမည့်အချက် ၂ ချက်ရှိပါသည်။ ပထမအချက်မှာ အရှေ့အလယ်ပိုင်းဒေသရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ သိသာစွာမြင့်တက်လာမည်ဖြစ်ပြီး နှစ်နိုင်ငံစလုံး၏ စွမ်းအင်စီးပွားရေးအတွက် အကျိုးရှိမည်ဖြစ်ပါသည်။ ရုရှားနိုင်ငံသည် ဤအကျိုးအမြတ်မှ ယူကရိန်းစစ်ပွဲအတွက်ငွေကြေးအထောက်အပံ့ ပိုမိုရရှိမည်ဖြစ်ပါသည်။ ဒုတိယအချက်မှာ အရှေ့အလယ်ပိုင်း ဒေသရှိ အမေရိကန်နိုင်ငံ၏ အစီအမံများကို ထိခိုက်စေမည်ဖြစ်ပြီး ယခုအချိန်တွင်ပင် ဟားမတ်စ်အဖွဲ့ကြောင့် အမေရိကန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် ဟားမတ်စ်အဖွဲ့အား ရှုတ်ချမှုမပြုလုပ်ခြင်းသည် ရုရှား နိုင်ငံနှင့် သဘောထားတူညီနေသည့် အခြေအနေဖြစ်နိုင်ပါသည်။ တရုတ်နိုင်ငံသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတိုးမြင့်လာမှုအား စိုးရိမ်သည်ဟု ပြောကြားလျက် ရှိသော်လည်း မည်သည့်အထောက်အပံ့မျှ ပေးအပ်ခြင်းမရှိပါ။ တရုတ်သတင်း ဌာနများက အမေရိကန်နိုင်ငံသည် ဤပဋိပက္ခတွင် အစ္စရေးနိုင်ငံဘက်မှ ဦးဆောင် ပါဝင်နေသည်ဟု ပြောကြားခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်နိုင်ငံ၏ ဩဇာလွှမ်းမှုအား စိန်ခေါ်ခြင်းခံရမှုအပေါ် ရုရှားနိုင်ငံကဲ့သို့ပင် တရုတ်နိုင်ငံသည်လည်း ဝမ်းမြောက်နေနိုင်ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အမေရိကန်နိုင်ငံ ဦးဆောင်နေမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ်အစောပိုင်းတွင် အီရန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ ပြန်လည်ပေါင်းစည်းရေးကို ကြားဝင်ကူညီပေးရန် ကြိုးပမ်း ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ဟားမတ်စ်အဖွဲ့၏လုပ်ဆောင်ချက်များကို ကြိုတင်ခန့်မှန်း နိုင်ခြင်းမရှိသော်လည်း အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နိုင်ငံအတွက် ဖြစ်ပေါ် လာမည့် အနှောင့်အယှက်များကို တားဆီးလိမ့်မည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ဖော်ပြထားသော ရုရှားနိုင်ငံ၏ လတ်တလောသံတမန်ရေး ကြိုးပမ်းမှုများကို သုံးသပ်ခြင်းအားဖြင့် အရှေ့အလယ်ပိုင်းဒေသအတွင်း ၎င်း၏ သြဇာ လွှမ်းမိုးမှုကို ရရှိနိုင်ရန်၊ အစ္စရေး-ဟားမတ်စ် ပဋိပက္ခကိုအသုံးပြု၍ အနောက်အင်အားကြီး နိုင်ငံများ ယူကရိန်းအရေးကို အာရုံမစိုက်နိုင်ရန်နှင့် ဩဇာလွှမ်းမိုးမှုကျဆင်းစေရန်ပါးနပ်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့နိုင်ငံရေးတွင် ပြိုင်ဆိုင် နေသော အင်အားကြီးနိုင်ငံများအချင်းချင်း ထိုကဲ့သို့သော သံတမန်ရေးရွှေ့ကွက်များမှာ ထူးဆန်းသည်ဟု မဆိုနိုင်သော်လည်း အနောက်အုပ်စုအနေဖြင့် မချိတင်ကဲ အခြေအနေနှင့် ရင်ဆိုင်နေရကြောင်းကို ဤဆောင်းပါးတွင် ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။
လက်တွေ့တွင်လည်း အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် ထောက်ပံ့ကြေးငွေများနှင့် အခြားပြဿနာရပ်များကို အာရုံစိုက်နေရပြီ ဖြစ်ခြင်းကြောင့် ရုရှား-ယူကရိန်း ပဋိပက္ခမှာ ကမ္ဘာ့မီဒီယာများပေါ်တွင် မှေးမှိန်သွား သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ၏ ပဋိပက္ခသည် ယခုထက် ပိုမိုကြီးထွားလာမည်ဆိုပါက ရုရှားနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုဈေးကွက်နှင့် ပူးပေါင်း၍ ၎င်း၏စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ယခုထက်ပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။
တရုတ်နိုင်ငံသည်လည်း ဤပဋိပက္ခနှင့်ပတ်သက်၍ သံတမန်ရေးစကားလုံးများကို ပြောဆိုနေသော်လည်း ရုရှားနိုင်ငံနည်းတူ ပါလက်စတိုင်း၏ ဖြစ်တည်မှုကို အသိအမှတ် ပြုသည့် Two-state Solution ကိုသာ အဓိကထား ပြောကြားနေပြီး ပြဿနာရပ်များတွင်သံတမန်ရေးအသုံးအနှုန်းများကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေသည်ကို တွေ့ရှိ ရပါသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသသည် တရုတ်နိုင်ငံ၏ ရေနံလိုအပ်ချက် များစွာကို ဖြည့်ဆည်းပေးလျက်ရှိပြီး တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းအတွက်လည်း အရေးပါသောဒေသဖြစ်သောကြောင့် အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်မှုကိုသာ ဦးတည်ချက် ထား၍ ၎င်း၏ဩဇာလွှမ်းမိုးမှုကို ဖြန့်ကြက်လာမည်သာ ဖြစ်ပါသည်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပေါ်လာချိန်တွင် ကမ္ဘာ့နိုင်ငံများအကြား၌ နိုင်ငံရေး၊ သံတမန်ဆက်ဆံရေး လျင်မြန်စွာပြောင်းလဲဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် အမေရိကန်နိုင်ငံ၏ နှစ်ပေါင်းများစွာ အုပ်စိုးလာသော Unipolar ဖြစ်တည်မှု ကျဆင်းခဲ့ပြီး Multipolar ဖြစ်တည်မှု ပိုမိုလျင်မြန်စွာ ပြောင်းလဲလျက်ရှိနေခြင်းကြောင့် ထိုဖြစ်စဉ်များနှင့် လိုက်လျောညီထွေစွာပြောင်းလဲ၍ မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ဖော်ထုတ်နိုင်ရေးသည်သာ သက်ဆိုင်ရာနိုင်ငံများအတွက် ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
135102423
[1]။ “Vladimir Putin’s Plan to Profit from The Israel-Hamas War”. The Economist. 17 October2023, [/https:// www.economist.com/ briefing/ 2023/ 10/17/ putins-plan-to-profit-from-the-israel-hamas-war/]

[2]။ Amos Yadlin, Ari Heistein,“Ending the War in Syria: An Israeli Perspective”. Council of Councils. 21 Sep2017, [/https:// www.cfr.org/ councilofcouncils/global-memos/ending-war-syria-israeli-perspective/]