Wednesday, November 1, 2023

အမေရိကန်နိုင်ငံအနေဖြင့်တရုတ်နိုင်ငံနှင့် ပွင့်လင်းမြင်သာမှုရှိသော သံတမန်ဆက်ဆံရေး ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းနေမှုများ

 


နိဒါန်း
အမေရိကန်သမ္မတ Joe Biden သည် နိုဝင်ဘာလတွင် ဆန်ဖရန်စစ္စကို၌ ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ Xi Jinping နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ရန် အမေရိကန်နိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ [1]
ဖော်ပြချက်
အမေရိကန်သမ္မတ Joe Biden သည် အောက်တိုဘာလ ၂၇ ရက်နေ့၌ အိမ်ဖြူတော်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် တစ်နာရီကြာ တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံနှင့် ပွင့်လင်းမြင်သာသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ပြောကြားခဲ့ပါသည်။ Roosevelt Room တွင် ကျင်းပခဲ့သည့် ၎င်းအစည်းအဝေးသို့ အမေရိကန်နိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan တို့ တက်ရောက်ခဲ့သည်ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ပြောကြားခဲ့ပါသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်း သီးခြားတွေ့ဆုံဆွေးနွေးမှုတွင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့သည် နိုဝင်ဘာလတွင် ဆန်ဖရန်စစ္စကို၌ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး Asia-Pacific Economic Cooperation (APEC) Leaders Summit တွင် အမေရိကန်သမ္မတ Joe Biden နှင့် တရုတ် သမ္မတ Xi Jinping တွေ့ဆုံရန် သဘောတူညီခဲ့သည်ဟု အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။
အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ကာလရှည်ကြာ သံတမန်ဆက်ဆံရေးရှိခဲ့သည့် နိုင်ငံများဖြစ်ပြီး အမေရိကန်သမ္မတ Joe Biden အနေဖြင့်လည်း တရုတ်သမ္မတ Xi Jinping နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ရန် မျှော်လင့်လျက်ရှိသည်ဟု ဆိုသည်။ အမေရိကန်သမ္မတ Joe Biden က “အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံစလုံးသည် သံတမန်ဆက်ဆံရေးတွင် ပြိုင်ဆိုင်မှုများကို တာဝန်သိစွာစီမံခန့်ခွဲရန်နှင့် ပွင့်လင်းသော ဆက်သွယ်ရေးလမ်းကြောင်း များကို ထိန်းသိမ်းထားရန် လိုအပ်သည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့အနေဖြင့် နယ်ပယ်အသီးသီးရှိ နှစ်နိုင်ငံကြား ယှဉ်ပြိုင်မှုများ၌ မျှတမှုရှိစွာ ယှဉ်ပြိုင်ဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံသံတမန်ရေးတွင် ပွင့်လင်းမြင်သာမှုရှိစွာ ဆက်ဆံမှုပြုလုပ်နိုင်ရန်လိုအပ်ပါသည်။ နိုင်ငံတကာတွင် ဖြစ်ပေါ် နေသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာအခက်အခဲများကိုလည်း နှစ်နိုင်ငံအတူတကွ လက်တွဲ ရင်ဆိုင်ဖြေရှင်းမှုများ ပြုလုပ်ဆောင်ရွက်သွားရမည်ဖြစ်သည်ဟု အမေရိကန်သမ္မတ Joe Biden က အလေးအနက်ထားပြောကြားခဲ့ပါသည်။ အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည့် အစည်းအဝေးမှတ်တမ်းတွင် အမေရိကန်သမ္မတ Joe Biden က ဝန်ကြီးချုပ်ဟောင်း Li Keqiang ကွယ်လွန်မှုနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
The Diplomat ၏ ဖော်ပြချက်[2]တွင်လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က မီဒီယာများသို့ပြောကြားရာတွင် ပြေရာပြေကြောင်း ပြောဆိုသည့်သဘောထားကိုတွေ့ရပြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြားတွင် သဘောထား မတိုက်ဆိုင်မှုများနှင့် မတူညီမှုများရှိနေသည်ဟုဆိုသည်။ သို့သော်လည်း တရုတ်နှင့် အမေရိကန်နိုင်ငံ တို့တွင် အရေးကြီးသော ဘုံအကျိုးစီးပွားများလည်းရှနေပြီး အတူတကွပူးပေါင်း၍ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများလည်းရှိနေပါသည်။ ထို့ကြောင့် တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံ အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများလိုအပ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးမှုများ ပြန်လည် စတင်ရုံဖြင့် မလုံလောက်ဘဲ နက်ရှိုင်းပြီး ကျယ်ဝန်းသည့် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ရန်လိုကြောင်း၊ ထိုအရာကပင် တရုတ်နှင့် အမေရိကန်အကြား တည်ငြိမ်သည့် ဆက်ဆံရေးကို ပြန်လည်ဖော်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း Wang Yi က ပြောကြားခဲ့ပါသည်။ ထိုသို့ အမေရိကန်သမ္မတ Joe Biden အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi အား လက်ခံ တွေ့ဆုံမှုသည် ပြီးခဲ့သည့်ဇွန်လအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ Xi Jinping က ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခွင့် ပေးခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်းလည်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
မေလအတွင်းက တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao အနေဖြင့် APEC ၏ အစီအစဉ်တစ်ခုသို့ တက်ရောက်ခဲ့သည်မှလွဲ၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ၏ အမေရိကန်ခရီးစဉ်သည် ၂၀၁၈ ခုနှစ် မှစ၍ ၅ နှစ်ကျော်အကြာ တွင် ပထမဆုံး တရုတ်နိုင်ငံ၏ အဆင့်မြင့်အရာရှိကြီးတစ်ဦး ရောက်ရှိလာခြင်းဟု ဆိုရမည်ဖြစ်ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများအနေဖြင့် အီတလီ၊ ဆွစ်ဇာလန်၊ အင်ဒိုနီးရှားစသည့် နိုင်ငံများတွင်သာ ရံဖန်ရံခါ တွေ့ဆုံမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၊ ဇူလိုင်လ အစောပိုင်းတွင်ဘဏ္ဍာရေးဝန်ကြီး Janet Yellen၊ ဇူလိုင်လနှောင်းပိုင်းတွင် အမေရိကန်သမ္မတ၏ ရာသီဥတုဆိုင်ရာသံတမန် John Kerry နှင့် ဩဂုတ်လတွင် ကုန်သွယ်ရေးဝန်ကြီး Gina Raimondo တို့ တရုတ်နိုင်ငံသို့ ဆက်တိုက်လာရောက်ခဲ့ကြပါသည်။ ဤ သံတမန်ရေးရာ လုပ်ဆောင်မှုများကို ကြည့်ခြင်းဖြင့် အမေရိကန်နိုင်ငံအနေဖြင့် တရုတ် နိုင်ငံနှင့် စေ့စပ်ညှိုနှိုင်းရန်၊ တွေ့ဆုံဆွေးနွေးရန် သဘောထားကို စတင်ပြသနေခဲ့ခြင်းဟု ယူဆနိုင်ပါသည်။
ယခု တရုတ်နိုင်ငံခြားရေး Wang Yi ၏ အမေရိကန်ခရီးစဉ်တွင်လည်း လာမည့် အမေရိကန်သမ္မတ Joe Biden အနေဖြင့် နိုဝင်လာလတွင် အမေရိကန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (APEC) တွင် တရုတ်သမ္မတ Xi Jinping ကိုယ်တိုင်တက်ရောက်ရန် ဆန္ဒရှိနေသော်လည်း အမေရိကန်သမ္မတ Joe Biden နှင့် တရုတ်သမ္မတ Xi Jinping တို့၏ တွေ့ဆုံမှုအစီအစဉ်သည် လွယ်ကူချောမွေ့နိုင်မည့် အလားအလာ မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ၎င်း၏ သံတမန် ခရီးစဉ်အပြီးတွင် နိုင်ငံပိုင်သတင်းမီဒီယာတစ်ခုတွင် ပြောကြားခဲ့ပါသည်။[3] တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ၏ ပြောကြားချက်အရ နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်မှု မြှင့်တင်ရန် မျှော်လင့်ပြီး နိုင်ငံ့ခေါင်းဆောင်နှစ်ဦးအနေဖြင့် APEC ထိပ်သီးအစည်းအဝေးသို့ အတူတကွတက်ရောက်ရန် သဘောတူညီခဲ့သည်ဟု ဆိုသော်လည်း တရုတ်သမ္မတ Xi Jinping အနေဖြင့် ယခုအချိန်အထိ တက်ရောက်ရန် တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးသည်ကို တွေ့ရှိရပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန်ရှိသောကြောင့် တရုတ်နှင့် ဆက်ဆံရေးတိုးမြှင့်ရန်ထက် ပြည်တွင်း ပါတီနိုင်ငံရေး ပြိုင်ဆိုင်မှုများက အားကောင်းလျက်ရှိပါသည်။ ယခု Wang Yi ၏ ခရီးစဉ်တွင်လည်း လွှတ်တော်အတွင်းရှိ ရီပါဘလစ်ကန်အမတ်များက သမ္မတ Joe Biden အား နိုင်ငံရေးအရထိုးနှက်မှုများ ဆောင်ရွက်နေပြီး တရုတ်နိုင်ငံအပေါ်လည်း “the CCP has made clear that it is an unreliable partner” ဟူသည့် အပြုသဘော မဆောင်သည့် သဘောထားများကို ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။[4]
ထို့ကြောင့် တရုတ်နှင့် အမေရိကန်တို့အနေဖြင့် ထိပ်တိုက်တွေ့မှုများကို ရှောင်ရှားနိုင်ရန်အတွက်သာ ဟန်ပြသံတမန်ရေးရာများ ဆောင်ရွက်နေသော်လည်း လက်တွေ့ကျသည့် တွေ့ဆုံညှိနှိုင်းမှုများနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက် နိုင်မှုများ ဆောင်ရွက်နိုင်မှု မရှိကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံအား ဝိုင်းပတ်ပိတ်ဆို့ရန် ကြိုးပမ်းနေသည့် အမေရိကန်နိုင်ငံ တို့အကြား သံတမန်ရေးဆိုင်ရာ ကစားကွက်များနှင့် မူဝါဒများကို မျက်ခြည်မပြတ်သိရှိနေပြီး သံတမန်ရေးရာမူဝါဒများကို လိုအပ်သလို ထိန်းညှိမှုများ ဆောင်ရွက်နိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
142110223
[1]။ Ken Moriyasu,“Biden Meets China's Wang Yi, In Prep for Summit with Xi”. Nikkei Asia. 28 October 2023, [/https://asia.nikkei.com/.../Biden-meets-China-s-Wang-Yi.../]
[2]။ Shannon Tiezzi,“After 5 Year Absence, China’s Foreign Minister Visits Washington”. The Diplomat. 28 October 2023, [/https://thediplomat.com/.../after-5-year-absence-chinas.../]
[3]။ “China's foreign minister Wang Yi says path to Biden-Xi meeting not smoot”. The Economic Times. 29 October 2023, [/https://economictimes.indiatimes.com/ news/international/ world-news/chinas-foreign-minister-wang-yi-says-path-to-biden-xi-meeting-not-smooth/article show/ 104795728.cms/]

[4]။ Shannon Tiezzi,“After 5 Year Absence, China’s Foreign Minister Visits Washington”. The Diplomat. 28 October 2023, [/https://thediplomat.com/.../after-5-year-absence-chinas... - minister-visits-washington/]

Tuesday, October 31, 2023

အစ္စရေးနိုင်ငံ သင်ခန်းစာယူသင့်သော အမေရိကန်နိုင်ငံ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး စစ်ဆင်ရေးများမှ အားနည်းချက်များ

 

နိဒါန်း
အစ္စရေးနိုင်ငံအနေဖြင့် ဟားမတ်စ်အဖွဲ့၏ အကြမ်းဖက်မှုအား တန်ပြန် တိုက်ခိုက်မှုပြုလုပ်ရာတွင် အမေရိကန်နိုင်ငံ၏ အီရတ်နိုင်ငံ Mosul မြို့နှင့် ဆီးရီးယား နိုင်ငံ Raqqa မြို့တိုကို့ ဆင်နွှဲခဲ့သည့် အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးစစ်ပွဲများမှ အားနည်းချက်များနှင့် ကျရှုံးမှုများကို နမူနာယူသင့်သည့် အချက်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ဟားမတ်စ်အဖွဲ့ဦးဆောင်သည့် ပါလက်စတိုင်းတိုက်ခိုက်ရေးသမားများသည် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံအား တိုက်ခိုက်ခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ အစိုးရများသည် အစ္စရေးနိုင်ငံအား စစ်ရေးအထောက်အပံ့များပေးနိုင်ရန် ကြိုးပမ်းခဲ့ကြပါသည်။ အမေရိကန် နိုင်ငံက အစ္စရေးနိုင်ငံအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ပြောကြား ခဲ့ပြီး စစ်ရေးအကူအညီများပေးအပ်ခဲ့သည်။ ယခုအချိန်တွင် အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့များအား တိုက်ခိုက်နိုင်ရန် တိုက်ပွဲဝင်အသင့် အနေအထားဖြစ်အောင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အစ္စရေးကာကွယ်ရေး တပ်ဖွဲ့များသည် လေကြောင်းတိုက်ခိုက်မှုများ ထောင်နှင့်ချီ ပြုလုပ်ခဲ့ပြီး နယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ဖြန့်ကြက်ထားရှိကာ ဂါဇာဒေသမြောက်ပိုင်းမှ ပါလက်စတိုင်းပြည်သူများအား နေရပ်မှရွှေ့ပြောင်းရန် သတိပေးချက် ထုတ်ပြန် ခဲ့ပါသည်။ သို့သော်လည်း လူဦးရေ ၂.၂ သန်းရှိသည့် ဂါဇာကမ်းမြောင်ဒေသသည် သေးငယ်ပြီး လူနေထူထပ်သောကြောင့် ပြည်သူများအနေဖြင့် ရွှေ့ပြောင်းရန် နေရာ အကန့်အသတ်ရှိပါသည်။
ဟားမတ်စ်အဖွဲ့မှ ကျူးလွန်သည့် ရာဇဝတ်မှုများကို တုံ့ပြန်ရာတွင် အစ္စရေး နိုင်ငံသည် နိုင်ငံတကာဥပဒေများကိုသာမက ကျင့်ဝတ်နှင့် မဟာဗျူဟာဆိုင်ရာစစ်ဥပဒေများကို လိုက်နာဆောက်ရွက်ရမည်ဖြစ်ပါသည်။ ဟားမတ်စ်အဖွဲ့အနေဖြင့် အစ္စရေးနိုင်ငံအား တိုက်ခိုက်ရာတွင် လူစုလူဝေးကို ပစ်ခတ်ခြင်း၊ နေအိမ်များရှိလူများကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများနှင့် ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း စသည့် ဥပဒေနှင့်မညီညွတ်သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပါသည်။ အစ္စရေးတပ်ဖွဲ့များ သည်လည်း ကနဦးတွင် ဟားမတ်စ်အဖွဲ့များ၏ တိုက်ခိုက်မှုများကို တုံ့ပြန်ရန် အလားတူ ဥပဒေမဲ့လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံက စစ်ပွဲတွင် ပြည်သူများအား ထိခိုက်သည့်အခါ တရားဝင်ဝေဖန်မှု ပြုလုပ်ခြင်း၊ တိုက်ပွဲတွင် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရန် အမေရိကန်နိုင်ငံထုတ် လက်နက်များကို အသုံးပြုသည့် အခါတွင် အစ္စရေးနိုင်ငံအား စစ်ရေးထောက်ပံ့မှုများ ပိတ်ဆို့ခြင်း လုပ်ဆောင်သင့်ပါသည်။
အစ္စရေးနိုင်ငံသည် ဂျီနီဗာသဘောတူညီချက်တွင် ပါဝင်သော နိုင်ငံတကာ ဥပဒေသတ်မှတ်ချက်များကို ချိုးဖောက်ခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဂါဇာ ကမ်းမြောင်ဒေသသို့ ရေ၊ လျှပ်စစ်မီး၊ လောင်စာဆီ၊ အင်တာနက်နှင့် အစားအစာ ကဲ့သို့ ပစ္စည်းများ ထောက်ပံ့ပေးမှုကို ဖြတ်တောက်ခဲ့ပါသည်။ အစ္စရေးအာဏာပိုင် များက ဂါဇာတောင်ပိုင်းဒေသအချို့တွင် ရေပြန်လည်ရရှိအောင် ဆောင်ရွက်ပေးခဲ့ သော်လည်း နေရာအများစုတွင် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်ရလျက်ရှိပြီး ဆေးရုံများ သည်လည်း လျှပ်စစ်မီးမရှိသည့်အတွက် လူနာများမှာ အခက်အခဲများနှင့် ရင်ဆိုင် နေရသည်ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့က အောက်တိုဘာလ ၁၂ ရက်တွင် အသိပေးပြောကြားခဲ့သည်။ ထို့ပြင် အစ္စရေးနိုင်ငံသည် ဂါဇာနှင့် လက်ဘနွန် စစ်ဆင်ရေးများတွင် အဖြူရောင်ဖော့စဖရပ်ကို အသုံးပြုခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။ အဖြူရောင်ဖော့စဖရပ်စ်သည် ပြင်းထန်သော မီးလောင်ဒဏ်ရာများနှင့် ရေရှည်ဝေဒနာများကိုဖြစ်စေနိုင်သောကြောင့် လူနေထူထပ်သော ဒေသများတွင် အသုံးပြုခြင်းသည် အစ္စရေးနိုင်ငံအနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းမှ ချမှတ် ထားသည့် သဘောတူညီချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။
အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ဥပဒေချိုးဖောက်မှုများကို ဝေဖန်ရှုတ်ချမှုပြုလုပ်ခဲ့ခြင်းမရှိပါ။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ John Kirby က အမေရိကန်နိုင်ငံ အနေဖြင့် ဤပဋိပက္ခတွင်တိုက်ရိုက်ပါဝင်ခြင်းမရှိသောကြောင့် အစ္စရေးစစ်နည်းဗျူဟာ များကို ဝေဖန်ခြင်း၊ အကြံပေးခြင်းများပြုလုပ်မည်မဟုတ်ဟု ပြောကြားခဲ့ပါသည်။ သမားရိုးကျအားဖြင့် အမေရိကန်အာဏာပိုင်များသည် နိုင်ငံတကာဥပဒေကိုချိုးဖောက်သည့် အစိုးရများအား မကြာခဏ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လေ့ရှိပါသည်။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး Linda Thomas-Greenfield သည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံ၏ Mariupol မြို့မှ ပြည်သူ များအား ရက်သတ္တပတ်များစွာ အစာ၊ ရေ၊ လျှပ်စစ်မီးနှင့် ဓာတ်ငွေ့များ ဖြတ်တောက် ထားမှုနှင့်ပတ်သက်၍ ရှုတ်ချခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံ၏ပြစ်မှုများနှင့်ပတ်သက်၍ ရှုတ်ချခဲ့ခြင်းမရှိသည်မှာ ဟားမတ်စ်အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များသည် အစ္စရေးနိုင်ငံ၏တုံ့ပြန်မှုနှင့် ထိုက်တန်သည်ဟု ယူဆခြင်းကြောင့် ဖြစ်နိုင်ပါသည်။ သို့သော်လည်း စစ်ပွဲအတွက် ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရန်မှာ တစ်ဖက်အဖွဲ့၏ တရားမျှတမှု ရှိ/မရှိနှင့် စည်းမျဉ်းများအပေါ် လိုက်နာခြင်း ရှိ/မရှိတို့ အပေါ်တွင် မူတည်ခြင်းမရှိပါ။ အကယ်၍ အမေရိကန်နိုင်ငံကိုယ်တိုင်ကပင် ဤစည်းကမ်းများကို လိုက်နာခြင်းမရှိပါက အခြားမည့်သည့်နိုင်ငံကမှ ဤစည်းကမ်း များကို လိုက်နာတော့မည်မဟုတ်ဟု ဆိုပါသည်။
အမေရိကန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ကာကွယ်ရေး ဝန်ကြီး Lloyd Austin တို့က အစ္စရေးနိုင်ငံ၏ စစ်ဆင်ရေးများတွင် ပြည်သူများအား ကာကွယ်ရေးအတွက် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သော်လည်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခြင်းမရှိပါ။ အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေချိုးဖောက်သူများကို လျစ်လျူရှုထားပါက နောက်ပိုင်းတွင် နိုင်ငံတကာစည်းကမ်းထိန်းသိမ်းနိုင်မှုအပေါ် အားနည်းသွားနိုင်ပါသည်။ ယခုအချိန်တွင် အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံရေးပဋိပက္ခကို ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါသည်။ အမေရိကန်-အစ္စရေး လုံခြုံရေးဆိုင်ရာဆက်ဆံရေးသည် ဒုတိယကမ္ဘာစစ်အပြီးမှ စတင်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ အစ္စရေးနိုင်ငံသည် အမေရိကန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၅၈ ဘီလီယံတန်ဖိုးရှိ စစ်ရေးအထောက်အပံ့အကူအညီများ ရရှိခဲ့သည်ဟု Stimson Center Think Tank အဖွဲ့မှ ပြောကြားခဲ့ပါသည်။ မဟာမိတ်နိုင်ငံများအနေဖြင့် နိုင်ငံတကာ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းရှိ/မရှိ စောင့်ကြည့်ရန် အမေရိကန်နိုင်ငံတွင် တာဝန်ရှိပါသည်။ အမေရိကန်နိုင်ငံသမ္မတဟောင်း Barack Obama သည် ၂၀၁၆ ခုနှစ်တွင် အုပ်ချုပ်ရေးအမိန့်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ၎င်းအမိန့်တွင် အမေရိကန်နိုင်ငံသည် စစ်ပွဲ၌အရပ်သားများထိခိုက်မှုကို လျှော့ချရန်အတွက် အကောင်းဆုံး နည်းလမ်းများအားရှာဖွေရန် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုပါသည်။ ကာကွယ်ရေးဝန်ကြီး Lloyd Austin တင်သွင်းခဲ့သည့် ၂၀၂၂ ခုနှစ် အရပ်သား ထိခိုက်မှု လျော့ပါးစေရေးအစီအမံတွင် အမေရိကန်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်မည့် မဟာမိတ်များသည် အမေရိကန်တပ်ဖွဲ့များကဲ့သို့ ဥပဒေဆိုင်ရာ တာဝန်များရှိပါသည်။ ၂၀၂၃ ခုနှစ် သမားရိုးကျလက်နက်လွှဲပြောင်းရေးမူဝါဒအသစ်တွင် အမေရိကန်လက်နက် များကို အသုံးချ၍ အရပ်သားများအား အန္တရာယ်ဖြစ်စေသောနိုင်ငံများသို့ လက်နက်များ ထောက်ပံ့ပေးခြင်းကို တားဆီးရန် အမေရိကန်နိုင်ငံခြားရေးဌာနအား အခွင့်အာဏာ ပေးထားပါသည်။
အမေရိကန်နိုင်ငံသည် ဤမူဝါဒများအား ယခင်အတိတ်က အမှားများကို ပြင်ဆင်နိုင်ရန် ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ အာဖဂန်နစ္စတန်၊ အီရတ်နှင့် ဆီးရီးယားနိုင်ငံ များ၌ ဖြစ်ပွားခဲ့သောစစ်ပွဲများတွင် အမေရိကန်နိုင်ငံနှင့် မဟာမိတ်များသည် အရပ်သား များအား ထိခိုက်နစ်နာမှုများ ဖြစ်ပွားစေခဲ့ပြီး ဆန့်ကျင်ဘက်လက်နက်ကိုင်အဖွဲ့များ၏ လူသစ်စုဆောင်းရေး ကြိုးပမ်းမှုများကို အထောက်အကူဖြစ်စေခဲ့ပါသည်။ ပြင်းထန်သော စစ်ဆင်ရေးများကြောင့် အရပ်သားသောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒေသတွင်းမတည်ငြိမ်မှုများကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ ထို့ကြောင့် အမေရိကန် အာဏာပိုင်များအနေဖြင့် ယခုအကျပ်အတည်းအတွင်း အစ္စရေးနိုင်ငံအား ထိုကဲ့သို့ ကိစ္စရပ်များကို ရှောင်ရှားရန် တိုက်တွန်းသင့်ပါသည်။
အမေရိကန်စစ်တပ်သည် လူဦးရေ ၂.၅ သန်းရှိသည့် အီရတ်နိုင်ငံ Mosul မြို့တွင် ISIS အဖွဲ့ကို ချေမှုန်းရန် ၂၀၁၆ ခုနှစ်တွင် စစ်ဆင်ရေးတစ်ရပ်လုပ်ဆောင်ခဲ့ပါသည်။ အမေရိကန်တပ်ဖွဲ့များသည် တိုက်ပွဲမစတင်မီ သီတင်းနှစ်ပတ်အလိုထိ အရပ်သားလူထုအတွက် ကာကွယ်ရေး အစီအစဉ်မရှိခဲ့ကြောင်း၊ တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ အရပ်သား ၉၀၀,၀၀၀ နီးပါးသည် Mosul မြို့မှ ထွက်ပြေးကြရပြီး အချို့မှာ ထွက်ပြေးရန် ကြိုးပမ်းခြင်းကြောင့် ISIS အဖွဲ့၏ ပစ်ခတ်ခြင်းခံခဲ့ရပါသည်။ အမေရိကန်စစ်တပ်သည် ရေသန့်စက်ရုံအပါအဝင် အခြေခံအဆောက်အဦများနှင့် မြို့ဟောင်းရှိ နေအိမ် ၅,၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ကြီးမားသောဗုံးများ၊ အမြောက်များ၊ ဒုံးကျည်များနှင့် စိန်ပြောင်းများကို အသုံးပြုခြင်းကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရပါသည်။
အမေရိကန်စစ်တပ်သည် “သမိုင်းတွင် အတိကျဆုံး လေကြောင်းစစ်ပွဲ” (Precise Air War in History)ဆင်နွှဲမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့တွင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါ။ Mosul မြို့တိုက်ပွဲပြီးနောက် အမေရိကန်နိုင်ငံသည် ဆီးရီးယားနိုင်ငံ Raqqa မြို့တွင် အလားတူ စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပါသည်။ RAND ကော်ပိုရေးရှင်းမှ အစီရင်ခံစာတစ်ခုတွင် အမေရိကန်နိုင်ငံ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် ISIS များကို ဗုံးကြဲပြီးနောက် Raqqa မြို့ရှိ အဆောက်အဦများ၏ ၈၀ ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ပါသည်။ လပေါင်းများစွာဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲ များကြောင့် အသက်ရှင်ကျန်ရစ်သည့် အရပ်သားများသည် အခက်အခဲများနှင့် ရင်ဆိုင် ခဲ့ရပြီး Mosul နှင့် Raqqa မြို့များကို ပြန်လည်တည်ဆောက်ရန် ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည်ဖြစ်ပါသည်။ အီရတ်နှင့် ဆီးရီးယားပြည်သူများသည် ISIS အုပ်ချုပ်မှုမှ လွတ်မြောက်၍ စိတ်သက်သာရာရခဲ့သော်လည်း စစ်ဆင်ရေးများကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ပိုင်ဆိုင်မှုဆုံးရှုံးမှုနှင့် မိသားစုဝင်သေဆုံးမှုများ ခံစားခဲ့ရပါသည်။ ထိုသို့အရပ်သားများကို သတ်ဖြတ်ခြင်း၊ သေဆုံးစေခြင်းသည် သောင်းကျန်းသူများ ပိုမိုတိုးပွားလာနိုင်သည်ဟု အာဖဂန်နစ္စတန်၌ နိုင်ငံတကာတပ်များကို ကွပ်ကဲခဲ့သည့် ဗိုလ်ချုပ်ကြီး စတန်လေမက်ခရစ်စတယ်က ၂၀၀၉ ခုနှစ်တွင် သတိပေးပြောကြား ခဲ့ပါသည်။
ဂါဇာဒေသသည် အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့နှင့် ကွဲပြားသော်လည်း အစ္စရေး နိုင်ငံအနေဖြင့် ထိုနိုင်ငံများရှိ အမေရိကန်နိုင်ငံ၏ အတွေ့အကြုံမှသင်ယူနိုင်ပါသည်။ အဆိုပါ ပဋိပက္ခများတွင် အရပ်သားများကို အကာအကွယ်ပေးခြင်းအား အမေရိကန် နိုင်ငံအနေဖြင့် ဦးစားပေးမလုပ်ဆောင်ခဲ့ခြင်းမှာ မှားယွင်းမှုတစ်ခုသာဖြစ်ခဲ့ပါသည်။ လူသားဒိုင်းများကို အသုံးပြုသည့် ISIS ကဲ့သို့သော အဖွဲ့များနှင့် ရင်ဆိုင်ရသည့်အခါ အရပ်သားများကို အကာအကွယ်ပေးခြင်းသည် အမေရိကန်နိုင်ငံအတွက် ထိပ်တန်း ဦးစားပေးမဟာဗျူဟာဖြစ်သင့်ပါသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် နိုင်ငံတကာအနေဖြင့် ဂျီနီဗာသဘောတူစာချုပ်ပါ စည်းမျဉ်းများကို ပြင်ဆင်မွမ်းမံကျင့်သုံးသကဲ့သို့ပင် အမေရိကန်စစ်တပ်သည် Mosul နှင့် Raqqa မြို့များတွင် ၎င်းတို့၏ ကျရှုံးမှုများကို သုံးသပ်၍ အရပ်သားများအား ကာကွယ်ရန် မူဝါဒများကိုဖန်တီးခဲ့ပါသည်။ ဤမူဝါဒ များသည် ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်သောကြောင့် အမေရိကန် နိုင်ငံသည် ဤဥပဒေများကို လိုက်နာရန် အစ္စရေးနိုင်ငံအား တွန်းအားပေးသင့်ပါသည်။ စစ်ဥပဒေများကို ချိုးဖောက်ခြင်းသည် တိုက်ပွဲပြီးဆုံးပြီးနောက် ကျင့်ဝတ်၊ တရားဥပဒေနှင့် အခြားအကျိုးဆက်များ ဖြစ်ပေါ်စေကြောင်း အစ္စရေးနိုင်ငံကို ၎င်းတို့၏ အမှားများအား ထောက်ပြပြီး သတိပေးရန်လိုအပ်ပါသည်။ ဂါဇာတွင် ယခုဖြစ်ပျက်နေမှုများသည် ကမ္ဘာ့ ဇာတ်ခုံပေါ်တွင် အစ္စရေးနိုင်ငံ၏ ပုံရိပ်အား ထိခိုက်စေမည်ဖြစ်ပြီး ယခုအချိန်တွင် အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးတပ်ဖွဲ့များ၏ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှု များကြောင့် အစ္စရေးနိုင်ငံသည် အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး စစ်ဆင်ရေးများ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိပါသည်။ ဤသို့ပြုလုပ်ရာတွင် အမေရိကန်နိုင်ငံသည် အစ္စရေး တပ်ဖွဲ့များအား စစ်ရေးဆိုင်ရာအထောက်အပံ့များအား ပေးအပ်လျက်ရှိပြီး အစ္စရေးနိုင်ငံ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်မှုများတွင် နိုင်ငံတကာမှ သတ်မှတ်ထားသည့် ဂျီနီဗာ ကွန်ဗင်းရှင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်မှုကို ထောက်ပြတားဆီးခြင်း မရှိဘဲ နိုင်ငံရေးနှင့်စစ်ရေးအရ အစ္စရေးနိုင်ငံဘက်တွင်ရှိကြောင်းသာ ပြသလျက်ရှိပါသည်။
သို့ရာတွင် အစ္စရေးနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကို လျစ်လျူရှုခြင်းသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကို လေသံပစ်နေသည့် အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စုများအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေါ် စေခဲ့ပါသည်။ လက်တွေ့တွင်လည်း ထိုသို့အရပ်သားများ သေဆုံးမှုက ပါလက်စတိုင်းနှင့် ဟားမတ်စ်များအတွက် အစ္စရေးအမုန်းတရားများ ကြီးထွားရန်၊ လူသစ်စုဆောင်းရန် အားသာချက်ဖြစ်စေပြီး ၎င်းတို့လိုချင်သည့် နိုင်ငံရေးနှင့် စစ်ရေးရည်မှန်းချက်လည်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ အမေရိကန်နိုင်ငံနှင့် အစ္စရေးအုပ်စုအနေဖြင့် မြေပြင်စစ်ပွဲ(Battle)များတွင်အနိုင်ရနိုင်သော်လည်း ရေရှည်စစ်ပွဲ(War)တွင် ရှုံးနိမ့်မှုကို ဦးတည်ချက်ထားနေခြင်း ဖြစ်ပါသည်။ ထိုဦးတည်ချက်က အမေရိကန်နိုင်ငံနှင့် အနောက်အုပ်စု၏ လိုတစ်မျိုး၊ မလိုတစ်မျိုး သဘောထား(Double Standard)အပြင် အမေရိကန်နှင့် အစ္စရေးနိုင်ငံ တို့ကြောင့်် ဖြစ်ပွားခဲ့သည့် အရပ်သားသေဆုံးမှု၊ သတ်ဖြတ်ခံရမှု ဖြစ်စဉ်များတွင် မည်သည့် အဖွဲ့အစည်းကမျှ အရေးယူဆောင်ရွက်ခြင်း၊ ဖိအားပေးခြင်း မပြုလုပ်နိုင်သည်ကိုလည်းပိုမိုပေါ်လွင်စေမည်ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ သတိပေးချက်များ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
141111023

[1]။ Sarah Yager,“What Israel Can Learn from America’s Counterterrorism Missteps”. Foreign Affairs. 18 October2023, [/https:// www.foreignaffairs.com/ israel/ what-israel-can-learn-americas-counterterrori sm-missteps/]

Monday, October 30, 2023

ဖိလစ်ပိုင်နိုင်ငံ၏ ဆိုက်ဘာထိန်းချုပ်ကွပ်ကဲရေးဌာနချုပ်ဖွဲ့စည်းမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏အစိုးရအဖွဲ့များအား ဆိုက်ဘာတိုက်ခိုက်ခံရမှုမှ ထိန်းချုပ်ကာကွယ်နိုင်ရေး ဆိုက်ဘာထိန်းချုပ်ကွပ်ကဲရေးဌာနချုပ်တစ်ခုကို တည်ထောင် နိုင်ရန် အစီအစဉ်နှင့် နည်းပညာဆိုင်ရာတပ်ဖွဲ့ဝင်သစ်များ ခေါ်ယူစုဆောင်းနိုင်ရန် ကြိုးပမ်းမှု၊ ပြည်ပနိုင်ငံအချို့၏ ဆိုက်ဘာတိုက်ခိုက်မှုများအကြောင်းကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ဖိလစ်ပိုင်နိုင်ငံ၏ မကြာသေးမီက ကြုံတွေ့ခဲ့ရသည့် စီးပွားရေးကုမ္ပဏီများနှင့် အစိုးရလုပ်ငန်းများ ဆိုက်ဘာတိုက်ခိုက်ခံရမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန် ဖိလစ်ပိုင် စစ်တပ် Armed Forces of the Philippines (AFP)သည် ဆိုက်ဘာထိန်းချုပ်ကွပ်ကဲရေး ဌာနတစ်ခုကိုတည်ထောင်ရန် ကြိုးပမ်းမည်ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံခြားသတင်းထောက်များ အသင်းမှ စီစဉ်ကျင်းပသည့် မီဒီယာဖိုရမ်တစ်ခုတွင် ဖိလစ်ပိုင်တပ်မတော်၏ အကြီးအကဲ ဖြစ်သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Romeo Brawner က AFP သည် ဆိုက်ဘာ ကာကွယ်ရေး ကျွမ်းကျင်သူများကို လူသစ်စုဆောင်းနိုင်ရန် ၎င်း၏ စည်းမျဉ်းစည်းကမ်း များအား ပြင်ဆင်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး Romeo Brawner က ၎င်းတို့အနေဖြင့် ခြေလျင်တပ်ရင်းများအတွက် စစ်သားစုဆောင်းသည့် ပုံစံနှင့်မတူညီဘဲ ကျွမ်းကျင်သူများပါဝင်သည့် ဆိုက်ဘာစစ်သည်များကို စုဆောင်းသွားမည် ဖြစ်ပြီး ၎င်းတို့သည် ကိုယ်ခန္ဓာကြံ့ခိုင်မှုထက် ဉာဏ်ပညာပိုင်းဆိုင်ရာ ပြည့်ဝခိုင်မာ စေရန်သာ အရေးကြီးပါသည်။
ယခုအချိန်တွင် ဖိလစ်ပိုင်စစ်တပ်၌ ဆိုက်ဘာလုံခြုံရေးအဖွဲ့တစ်ခုရှိပြီး ဆိုက်ဘာ ခြိမ်းခြောက်မှုများအား စောင့်ကြည့်ကာကွယ်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဤအဖွဲ့အား လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်များတိုးချဲ့ကာ ဆိုက်ဘာ ထိန်းချုပ်ကွပ်ကဲရေးဌာနချုပ်(Full-Fledged “Cyber Security Command or Cyber Command)အဖြစ် အဆင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ကာကွယ်ရေးအခန်းကဏ္ဍသည် ခေတ်သစ်စစ်ပွဲများတွင် ပို၍အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လာသည်ဟု ဗိုလ်ချုပ်ကြီး Brawner က အလေးပေး ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၎င်း၏တပ်မတော်အတွင်း ဆိုက်ဘာထိန်းချုပ်ကွပ်ကဲရေးဌာနချုပ်တစ်ခုအား ဖွဲ့စည်းမည်ဖြစ်ပြီး ထိုအဖွဲ့အတွက် လူသစ်စုဆောင်းရာတွင် ပုံမှန်လူသစ်စုဆောင်းမှုလုပ်ငန်းစဉ်များမှ ကွဲထွက်ပြီး ဆိုက်ဘာ လုံခြုံရေးနယ်ပယ်တွင် ထူးခြားသည့်ကျွမ်းကျင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးရှိသူများကို ရွေးချယ်စုဆောင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဆိုက်ဘာထိန်းချုပ်ကွပ်ကဲရေးဌာနချုပ် ဖွဲ့စည်းရခြင်းသည် ဖိလစ်ပိုင်နိုင်ငံအစိုးရနှင့် အဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် ပြည်တွင်း၊ ပြည်ပ ဆိုက်ဘာတိုက်ခိုက်မှုများ များပြားလာခြင်းကြောင့် ဖြစ်ပါသည်။ ယခုသီတင်းပတ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ဝက်ဘ်ဆိုက်များသည် အမည်မသိဆိုက်ဘာတိုက်ခိုက်သူများ၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီး ခေတ္တလိုင်းပြုတ်ကျ သွားခဲ့ပါသည်။ Philippine Star သတင်းဌာန၏ ပြောကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးအာမခံကော်ပိုရေးရှင်း၊ သိပ္ပံနှင့်နည်းပညာဌာန၊ ဖိလစ်ပိုင်နိုင်ငံစာရင်းအင်း အာဏာပိုင်အဖွဲ့တို့သည်လည်း မကြာသေးမီက တိုက်ခိုက်ခံခဲ့ရပြီး သတင်းအချက်အလက် ပေါက်ကြားမှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဖိလစ်ပိုင်နိုင်ငံသမ္မတ Ferdinand Marcos Jr. က ဆိုက်ဘာတိုက်ခိုက်ခြင်းများကို ခုခံကာကွယ်နိုင်မှု မြှင့်တင်ရန်အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဌာနအား တာဝန်ပေးခဲ့ပါသည်။ Cyfirma ကုမ္ပဏီ၏ မကြာသေးမီက ပြုလုပ် ခဲ့သော ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုဆိုင်ရာ အကဲဖြတ်ချက်တွင် ဖိလစ်ပိုင်နိုင်ငံသည် ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း နေရပြီး ဖိလစ်ပိုင်နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးကို အားနည်းချက် ဖြစ်ပေါ်စေသည့် အကြောင်းအရင်းမှာ တစ်နိုင်ငံလုံး အင်တာနက်ကို ကျယ်ပြန့်စွာအသုံးပြုနေမှု၊ ဆိုက်ဘာ လုံခြုံရေးအကြောင်း အသိပညာနည်းပါးမှုနှင့် မဖွံ့ဖြိုးသေးသော ဆိုက်ဘာလုံခြုံရေး အခြေခံစနစ်များကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ဖိလစ်ပိုင်နိုင်ငံအမျိုးသားရဲတပ်ဖွဲ့၊ အမျိုးသားစုံစမ်း စစ်ဆေးရေးဗျူရို၊ ပြည်တွင်းအခွန်များဆိုင်ရာဗျူရိုနှင့် အထူးလှုပ်ရှားမှုတပ်ဖွဲ့ကဲ့သို့သော အရေးကြီးသော အဖွဲ့အစည်းများမှ မှတ်တမ်းများအပါအဝင် ဖိလစ်ပိုင်နိုင်ငံသား သန်းပေါင်းများစွာ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားမှု ဖြစ်ပွား ခဲ့ပါသည်။ နောက်ပိုင်းတွင် ဤခိုးယူခံရသော အချက်အလက်မှတ်တမ်းများကို ရုရှားနိုင်ငံ မှောင်ခိုဈေးကွက်တွင် ထွက်ပေါ်လာခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံအတွင်း အချက်အလက် ခိုးယူသည့် Ransomware တိုက်ခိုက်မှုများ မြင့်တက်လာသည်ကိုလည်း တွေ့ရှိရပြီး ဘဏ္ဍာရေး၊ အစိုးရ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် ရောင်းဝယ်ရေးကဏ္ဍ များကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ပါသည်။
ဖိလစ်ပိုင်အစိုးရအဖွဲ့အစည်းများအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများသည် နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်ဟု ဗိုလ်ချုပ်ကြီး Brawner က ပြောကြားခဲ့ပြီး ဆိုက်ဘာ တိုက်ခိုက်မှုများအားလုံး အောင်မြင်ခြင်းမရှိသော်လည်း အချို့တိုက်ခိုက်မှုများသည် ပြည်ပမှဖြစ်သည်ဟု ယုံကြည်ကြပါသည်။ ဗိုလ်ချုပ်ကြီး Brawner က အဆိုပါ တိုက်ခိုက်မှုများသည် မည်သည့်နေရာမှလာသည်ဟု အတိအကျထုတ်ဖော်ပြောကြား ခဲ့ခြင်းမရှိသော်လည်း ၂၀၂၂ ခုနှစ်အတွင်း တောင်တရုတ်ပင်လယ်၏ အငြင်းပွား နေသည့်နေရာများတွင် ဖိလစ်ပိုင်နှင့် တရုတ်သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများ တိုးလာခြင်းကို ရည်ညွှန်းပြောဆိုခဲ့ပါသည်။ Cyfirma ကုမ္ပဏီ၏ အစီရင်ခံစာအရ ဖိလစ်ပိုင်နိုင်ငံ၏ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ ပြည်ပရေးရာနှင့် သက်ဆိုင်သည့် အစိုးရ အဖွဲ့အစည်းများသည် မကြာသေးမီက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဆိုက်ဘာတိုက်ခိုက်မှုများ ခံနေရကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံအစိုးရအဖွဲ့များသည် မကြာသေးမီက ရုရှားဘာသာစကား ပြောနိုင်သည့် တောင်ကိုရီးယားနိုင်ငံမှ ဟက်ကာများ၏ Ransomware တိုက်ခိုက်မှုများ ကိုလည်းခံခဲ့ရပါသည်။ ထိုဆိုက်ဘာတိုက်ခိုက်မှုများသည် ကြီးမားကျယ်ပြန့်သော ပထဝီနိုင်ငံရေးနည်းဗျူဟာနှင့် သက်ဆိုင်နေမှုအား စိစစ်ရန် ခက်ခဲနေသေးသော်လည်း ဖိလစ်ပိုင်နိုင်ငံ၏ စစ်တပ်အနေဖြင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အားနည်းချက်များကိုပြုပြင်၍ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏အရေးကြီးသော အစိုးရဌာနဆိုင်ရာလုပ်ငန်းများအား ဆိုက်ဘာတိုက်ခိုက်မှုများတိုးလာခြင်းကြောင့် ဆိုက်ဘာလုံခြုံရေးကို ဆောင်ရွက်နိုင်ရန် အတွက် လက်ရှိဖွဲ့စည်းထားသည့် ဆိုက်ဘာလုံခြုံရေးအဖွဲ့ကို ဆိုက်ဘာထိန်းချုပ်ကွပ်ကဲရေး ဌာနချုပ်အဖြစ် အဆင့်မြှင့်တင်မှုပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်မည့် အခြေအနေ များကို ဖိလစ်ပိုင်စစ်တပ်၏ အကြီးအကဲဖြစ်သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Romeo Brawner က တရားဝင်ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ဖိလစ်ပိုင် နိုင်ငံ၏ ဤအဆင့်မြှင့်တင်မှုသည် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးအခန်းကဏ္ဍတွင် ဆိုက်ဘာကဏ္ဍ၏ အရေးပါလာမှုကို မီးမောင်းထိုးပြသနေပြီး လုံခြုံရေးနှင့်ဆိုင်သော ဌာနများကိုသာ ကာကွယ်နိုင်ရုံနှင့် မလုံလောက်ဘဲ နိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသော အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများအပါအဝင်၊ ပြည်သူများ၏ သတင်း အချက်အလက်မှန်သမျှကို ကာကွယ်နိုင်ရန် နိုင်ငံတစ်ခု၏ တရားဝင်ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့အစည်းများတွင် တာဝန်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။
ယခုခေတ်ကာလတွင် ရင်ဆိုင်ကြုံတွေ့ နေရသည့် အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ လောင်းကစားများနှင့် ငွေကြေးခဝါချမှုများ၏ အရင်းအမြစ်သည် အင်တာနက်၊ ဆိုက်ဘာနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် အားနည်းချက်များ ရှိနေခြင်းကိုမီးမောင်းထိုးပြနေပြီး အင်တာနက်နှင့် ဆိုရှယ်မီဒီယာကဏ္ဍကိုအသုံးချ၍ အမုန်းတရားနှင့် အစွန်းရောက်ဝါဒ ပြန့်ပွားစေရန်၊ လူ့အဖွဲ့အစည်းတစ်ခု၏ နိုင်ငံရေးအသိအမြင်နှင့် စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်ရန်ဆောင်ရွက်ခံရခြင်းများသည်လည်း နိုင်ငံတစ်ခု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကို သိမ်မွေ့စွာ တိုက်ခိုက်ခံရခြင်းပင်ဖြစ်ပါသည်။
ထို့ကြောင့် General Brawner ၏ ပြောကြားချက်ဖြစ်သည့် “Cyber domain is one of the more important domains in warfare, especially in the future” ဟူသောစကားရပ်သည် လက်ရှိနှင့် အနာဂတ်စစ်ပွဲ၏ ပြောင်းလဲနေသော သဘောသဘာဝကို မီးမောင်းထိုးပြနေသည့်အတွက် ထိုပြောင်းလဲလာသည့် စစ်ပွဲအလေ့အထများ၊ လိုအပ်ချက်များနှင့်အညီ လိုက်ပါပြောင်းလဲတိုးတက်နိုင်ရေးသည်ပင် သက်ဆိုင်ရာ နိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
140103123

[1]။ Sebastian Strangio,“Philippine Military to Create ‘Cyber Command’ to Combat Online Attacks”. The Diplomat. 20 October 2023, [/https://thediplomat.com/.../philippine-military-to.../]

Sunday, October 29, 2023

တရုတ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ရာထူးမှထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်၍ ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ရာထူးမှထုတ်ပယ်ခံရမှု၊ တရုတ်နိုင်ငံသမ္မတ Xi Jinping အနေဖြင့် နိုင်ငံ၏အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကို ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံသမ္မတ Xi Jinping အနေဖြင့် အကျင့်ပျက်ခြစားမှု အမြစ်ဖြတ် တိုက်ဖျက်ရေးနှင့် စစ်ဘက်ရာထူးအဆင့်အတန်းအားလုံးတွင် အထက်အောက်အုပ်ချုပ်မှု ယန္တရား ခိုင်မာစေရေးတို့ကို အလေးထားဆောင်ရွက်သည့်အနေဖြင့် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Li Shangfu အား ရာထူးမှဖယ်ရှားခဲ့ပြီး တရုတ်စစ်တပ်အတွင်း ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကို လုပ်ဆောင်ခဲ့ပါသည်။ Li Shangfu ကို ရာထူးမှ ဖယ်ရှားခွင့်အား သမ္မတ Xi Jinping မှ အတည်ပြုပေးလိုက်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းတရားဥပဒေပြုရေးအဖွဲ့ဖြစ်သည့် (National People’s Congress Standing Committee-NPCSC)ကလည်း Li Shangfu အား ရာထူးမှ ဖယ်ရှားခဲ့ပါသည်။ အဆိုပါ ထုတ်ပယ်မှုနှင့်ပတ်သက်၍ တရားဝင် အကြောင်းပြချက်တစ်စုံတစ်ရာထုတ်ပြန်ခဲ့ခြင်း မရှိပါ။ ယခင် ကာကွယ်ရေးဝန်ကြီးဟောင်းများဖြစ်သည့် Wei Fenghe နှင့် Chang Wanquan တို့သည် ၎င်းတို့တာဝန်များကို ၅ နှစ် သက်တမ်းပြည့် ထမ်းဆောင်ခဲ့ရသော်လည်း Li Shangfu သည် ၎င်း၏ရာထူးကို ၇ လမျှသာ ထမ်းဆောင် ခဲ့ရပါသည်။
Li Shangfu ရာထူးမှ ဖယ်ရှားခံရခြင်းသည် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးဆိုင်ရာ မလျော်ကန်မှုများဖြင့် ဆက်စပ်နေနိုင်ပြီး Central Military Commission (CMC)၏ စစ်အသုံးအဆောင်ပစ္စည်းနှင့် လက်နက်ခဲယမ်းဖွံ့ဖြိုးတိုးတက်ရေးဌာန (Equipment Development Department)အနေဖြင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက ပြုလုပ်ခဲ့သည့် စစ်လက်နက်ပစ္စည်းဆိုင်ရာ လေလံများ၊ စာချုပ်များနှင့်ပတ်သက်သည့် စည်းကမ်း ချိုးဖောက်မှု(Disciplinary Violation)ကို စုံစမ်းသွားမည်ဟု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကြေညာခဲ့ပါသည်။ Li သည် Equipment Development Department ကို ၂၀၁၇ ခုနှစ်၊စက်တင်ဘာလက စ၍ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လတွင်လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(People’s Liberation Army-PLA)၏ နျူကလီးယားနှင့် ဒုံးစစ်ဆင်ရေးများကို ကြီးကြပ်ကွပ်ကဲသည့် ဒုံးတပ်ဖွဲ့(Rocket Force)မှ ထိပ်တန်းအရာရှိနှစ်ဦးကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လ နှောင်းပိုင်းတွင် ဒေသတွင်းမီဒီယာများက အကျင့်ပျက်ခြစားမှုစုံစမ်းစစ်ဆေးခံနေရသူများတွင် အရာရှိကြီး ၃ ဦး ပါဝင်နေသည်ဟု ဖော်ပြခဲ့ကြပါသည်။ တရုတ်နိုင်ငံအစိုးရအနေဖြင့် ဒုံးတပ်ဖွဲ့၏ စစ်လက်နက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်းနှင့် ဝယ်ယူခြင်းများတွင် အသုံးပြုရန်အတွက် အသုံးစရိတ်အမြောက်အမြားချထားပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
စစ်လက်နက်ပစ္စည်းဆိုင်ရာ လေလံများ၊ စာချုပ်များနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့် ရှိသူများသည် အကျင့်ပျက်ခြစားမှုကျူးလွန်ရန် မကြာခဏ ဆွဲဆောင်စည်းရုံးခံနေရ သည်ဟု ဂျပန်နိုင်ငံအမျိုးသားလုံခြုံရေးအဖွဲ့အစည်းရှိ အရင်းအမြစ်တစ်ခုမှ ဖော်ပြခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသမ္မတသည် စစ်အခြေစိုက်စခန်းများသို့ ၅ ကြိမ်တိုင် လှည့်လည်စစ်ဆေးခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီကိုလည်း စစ်ဘက်အား ထိန်းချုပ်ရန် ညွှန်ကြားခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတအနေဖြင့် Chengdu လေတပ်စခန်းသို့ ဇူလိုင်လက သွားရောက်ခဲ့စဉ်တွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကြိုးပမ်းချက်များကို အင်တိုက် အားတိုက် ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ စစ်ဘက်အရာရှိကြီးများ အနေဖြင့် စီးပွားရေးနှင့် အခြားသော အသိုင်းအဝိုင်းများဖြင့် အပြန်အလှန်ဆက်ဆံရာတွင် ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ရမည်ဟု PLA Daily ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။ အန္တရာယ်နှင့် ဆွဲဆောင်စည်းရုံးမှုကို ရှောင်ကြဉ်ရန် အကောင်းဆုံး နည်းလမ်းမှာ မိမိကိုယ်ကို ထိန်းသိမ်းစောင့်စည်းတတ်ရန်ဖြစ်ပြီး တန်ဖိုးကြီး အသုံးအဆောင်များ၊ ပစ္စည်းများအပေါ် လိုချင်တပ်မက်မှုမရှိရန်နှင့် အရာရှိကြီးများ အနေဖြင့် ညစာစားပွဲဖိတ်ကြားခြင်းများသို့ မလိုအပ်ဘဲမတက်ရောက်ရန် အကြံပြု ထားပါသည်။
တရုတ်ကွန်မြူနစ်ပါတီအတွင်း Xi Jinping အာဏာရလာခဲ့သည့် ၂၀၁၂ ခုနှစ် ကတည်းက အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးစည်းရုံးမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဆောင်ရွက်ချက်ကြောင့် CMC ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် Xu Caihou သည် ရာထူးအလွဲသုံးစားပြုလာဘ်စားမှုကြောင့် ၂၀၁၄ ခုနှစ်တွင် ပါတီမှ ဖယ်ရှားခြင်းခံခဲ့ရပါသည်။ ထို့ပြင် CMC ၏ ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သည့် Guo Boxiong သည်လည်း ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရပြီး ၂၀၁၈ ခုနှစ်တွင်လည်း ဗိုလ်ချုပ်ကြီး နှစ်ဉီးဖြစ်သည့် Fang Fenghui နှင့် Zhang Yang ကိုလည်း အာဏာအလွဲ သုံးစားလုပ်၍ ကိုယ်ကျိုးရှာခြင်းစွပ်စွဲချက်များဖြင့် ပါတီအဖွဲ့ဝင်အဖြစ်မှ ရုပ်သိမ်းခဲ့ပါသည်။ Xi အနေဖြင့် တရုတ်စစ်ဘက်အတွင်း စည်းကမ်းတင်းကျပ်မှုများကို အလေးထားဆောင်ရွက်နေခြင်းမှာ CCP ၏ စစ်ဘက်အပေါ် ထိန်းချုပ်နိုင်မှုများသည် Xi ၏ အာဏာသက်ရောက်မှုများဖြင့် တိုက်ရိုက်ဆက်စပ်နေခြင်းကြောင့်ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ အဓိပတိများဖြစ်သည့် Mao Zedong နှင့် Deng Xiaoping တို့ လက်ထက် တွင်လည်း CMC ကိုကောင်းမွန်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံသမ္မတ Xi Jinping သည် နိုင်ငံ၏အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှုများတိုက်ဖျက်ရေးနှင့် တရုတ်စစ်တပ်အတွင်း CCP ၏ အာဏာသက်ရောက်မှု ခိုင်မာစေရေးအတွက် အလေးပေးဆောင်ရွက်နေပြီး အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်သည့် အရာရှိကြီးများအား ဖော်ထုတ်အရေးယူလျက်ရှိပါသည်။ ယခုအခါ ၎င်း၏ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်သည့် ကာကွယ်ရေး ဝန်ကြီး Li Shangfu ကို ထုတ်ပယ်ခဲ့မှုတွင်လည်း တရားဝင်ထုတ်ပြန်မှုများ ထွက်မလာ သော်လည်း ယခင်ထမ်းဆောင်ခဲ့သည့် ရာထူးတာဝန်များနှင့်ပတ်သက်သည့် လာဘ်ပေး လာဘ်ယူမှုများနှင့် ပတ်သက်နေသည်ဟု အခြားသောကမ္ဘာ့သတင်းစာမျက်နှာများ၌လည်း ဖော်ပြနေ ကြပါသည်။[2]
ထိုသို့ ထုတ်ပယ်လိုက်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် လာမည့် အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့နိုင်ငံများမှ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည့် Beijing Xiangshan Forum တွင် ကာကွယ်ရေးဝန်ကြီးနေရာ လစ်လပ်နေမည်ဖြစ်သောကြောင့် တရုတ်နိုင်ငံ၏ ကာကွယ်ရေး ဆိုင်ရာသံခင်းတမန်ခင်းကို ထိခိုက်နိုင်သည်ဟူသော ယူဆချက်များလည်း ထွက်ပေါ်လျက် ရှိပါသည်။ အဆိုပါ ဖိုရမ်တွင် “ Asia-Pacific Security Architecture: Present and Future” နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဟုလည်းတွေ့ရှိရပါသည်။[3] တစ်ဖက်တွင်လည်း အမေရိကန်နိုင်ငံအနေဖြင့် Li Shangfu ကို ရုရှားနိုင်ငံမှ လက်နက်များ တင်သွင်းမှုနှင့် ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းထားသဖြင့် ယခု ၎င်းထုတ်ပယ် ခံရမှုသည် တရုတ်-အမေရိကန် ကာကွယ်ရေးဆိုင်ရာဆက်ဆံရေး ပြန်လည်တည်ဆောက် နိုင်မည့် အခွင့်အလမ်းတစ်ခုအနေဖြင့်လည်း ရှုမြင်နေကြပါသည်။[4] မည်သို့ပင်ဆိုစေ အင်အားကြီး အိမ်နီးချင်းနိုင်ငံများ၏ အစိုးရတွင်း အချိန်းအပြောင်းများ ပါဝါထိန်းညှိခြင်းနှင့် မူဝါဒအပြောင်းအလဲများကို မျက်ခြေမပြတ်ရန်မှာ အိမ်နီးချင်းနိုင်ငံငယ်များအတွက် ရှောင်လွှဲမရသည့် လုပ်ငန်းစဉ်တစ်ရပ်ပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
139103023
[1]။ YUKIO TAJIMA,“China defense minister's ouster reflects Xi's push for discipline”. Nikkei Asia. 25 October 2023, [https://asia.nikkei.com/.../China-defense-minister-s... /]
[2]။ George Wright. “Li Shangfu:Chinese Defence Minister Sacked”. BBC, 25 Oct 2023, [https:// www. bbc.com/news/world-asia-china-67207353]
၃။ “The 10th Beijing Xiangshan Forum”. Beijing Xiangshan Forum, [https://www. Xiangshan forum.cn/ home.html?sessions=%E7%AC%AC%E5%8D%81%E5%B1%8A%E5%8C%97%E4%BA%AC%E9%A6%99%E5%B1%B1%E8%AE%BA%E5%9D%9B&code=1h4SC1Bg0CDfhhA0]

၄။ CK TAN. “China officially expels Li Shangfu as defense minister”. Nikkei Asia, Oct 24 2023 [https://asia.nikkei.com/.../China-officially-expels-Li...]

Thursday, October 26, 2023

ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ချစ်ကြည်ရေးခရီးနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် တရုတ်နိုင်ငံက ကြိုးကိုင်ချယ်လှယ်မှုများ ရှိနေသော်လည်း အဆိုပါကြိုးကိုင်မှုများအကြားမှ ၎င်း၏ အမျိုးသားအကျိုးစီးပွား အတွက် နိုင်ငံခြားရေးနှင့် သံတမန်ရေးကို စနစ်တကျပါးနပ်စွာ ဆောင်ရွက်နေသည့် ဗီယက်နမ်နိုင်ငံ၏ လုပ်ဆောင်ချက်များ၊ သမိုင်းကြောင်းဆိုင်ရာများနှင့် ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်(Xi Jinping)၏ ဗီယက်နမ်နိုင်ငံခရီးစဉ်သည် အောက်တိုဘာလနှောင်းပိုင်း၊ သို့မဟုတ် နိုဝင်ဘာလ အစောပိုင်းကာလလများတွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပါသည်။ အဆိုပါခရီးစဉ်သည် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင် (Joe Biden)ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးလာရောက်စဉ်အတွင်း အမေရိကန်-ဗီယက်နမ်တို့အကြား ပြီးပြည့်စုံသည့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးမြှင့်တင်ခြင်း (Comprehesive Strategic Partnership)ဖြစ်သည်ဟု ကြေညာခဲ့ပြီးနောက် ပေါ်ပေါက် လာသည့် ခရီးစဉ်တစ်ခုဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် ငုယင်ဖူတရောင်(Nguyen Phu Trong)အနေဖြင့် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် တရုတ်နိုင်ငံမှ ထိပ်တန်းခေါင်းဆောင်တစ်ဦး ပြန်လည်လာရောက်ခြင်းဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံ သမ္မတ၏ ဗီယက်နမ်နိုင်ငံခရီးစဉ်သည် ဗီယက်နမ်-တရုတ် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်ရန်ရည်ရွယ်ပြီး တရုတ်နိုင်ငံ၏ ဦးတည်ချက်တူအသိုက်အဝန်း(Community of Common Destiny)ထဲသို့ ဗီယက်နမ်နိုင်ငံအား သွတ်သွင်းရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖျင် လက်ထက်တွင် ဗီယက်နမ် နိုင်ငံအား မိတ်ဖက်ဆက်ဆံရေးများ၏ အမြင့်ဆုံးအဆင့်တစ်ခုတွင်ထားရှိရန် လိုလားလျက် ရှိသည်ကို တွေ့ရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြားတွင် ကြားနေပုံစံ အဖြစ်သာ ပုံဖော်နေပြီး ပြီးခဲ့သည့် သမ္မတ ရှီကျင့်ဖျင်၏ ၂၀၁၇ ခုနှစ် ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်းတွင် အမေရိကန်နိုင်ငံကို ဆန့်ကျင်သည်ဟု ယူဆရသည့် တရုတ်နိုင်ငံ၏ Community of Common Destiny ဟူသော သံတမန်ရေးတောင်းဆိုမှုကို ငြင်းဆို ခဲ့ပါသည်။ သို့သော် တစ်ဖက်တွင်လည်း တရုတ်နိုင်ငံအား ဆန့်ကျင်သည့် Anti-China Coalition တွင် ပါဝင်ရန် အမေရိကန်နိုင်ငံ၏ တောင်းဆိုမှုကိုလည်း ငြင်းဆန်ခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံသမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်သည် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံများအားလုံးနှင့် အဆင်ပြေစွာဆက်ဆံလိုသည့် နိုင်ငံခြားရေးမူဝါဒ (Omnidirectional Foreign Policy)၏ အောင်မြင်မှုကို ပြသနေခြင်းဖြစ်ပါသည်။ သို့သော်လည်း တရုတ်- ဗီယက်နမ် မိတ်ဖက်ဆက်ဆံရေးသည် အချိုးမညီသည့် ဆက်ဆံရေးဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဖော်ဆောင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေပါသည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ အကျိုးစီးပွားကို ထိခိုက် နိုင်သည်ဟု တွက်ဆပါက ဗီယက်နမ်နိုင်ငံအစိုးရအပေါ် စစ်ရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း အကျပ်ကိုင်လျက်ရှိပြီး အခြားပြည်ပနိုင်ငံများနှင့် မိတ်ဖက် ဆက်ဆံရေးပြုလုပ်နိုင်ခြင်း ရှိ/မရှိကို ဆုံးဖြတ်နိုင်သည့် အခြေအနေရှိရပါသည်။ ထို့ကြောင့် ဗီယက်နမ် နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးလုပ်ဆောင်ပြီးနောက် တရုတ် အစိုးရ၏ ငြိုငြင်မှုကို မခံရစေရန် ပြန်လည်ဖြေလျှော့သည့် အခြေအနေတစ်ခုကို ဖန်တီးပေးနေခြင်းဟု ဆိုနိုင်ပါသည်။
ဗီယက်နမ်-တရုတ် မိတ်ဖက်ဆက်ဆံရေးအပေါ်တွင် နှစ်နိုင်ငံမတူညီသည့် ရှုထောင့်များရှိနေပါသည်။ တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံအား ၎င်း၏ ဩဇာ သက်ရောက်နိုင်ရမည့် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု များကို လျှော့ချရန်ကြိုးပမ်းခြင်းသည် ၎င်းအား ဆန့်ကျင်ခြင်းဖြစ်သည်ဟု ယူဆထားပါသည်။ တစ်ဖက်တွင်လည်း ဗီယက်နမ်နိုင်ငံသည် နိုင်ငံ၏အမျိုးသားလုံခြုံရေးအတွက် တရုတ် နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများကို ဟန့်တားနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ သမိုင်းကြောင်းအရ တရုတ် နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ လုပ်ရပ်များကို ထိန်းချုပ်ရန်အတွက် ပြင်းထန်သည့်တုံ့ပြန်မှု (The Spiral Model)[2] ဖော်ဆောင်လေ့ရှိပါသည်။ ဗီယက်နမ်နိုင်ငံကလည်း တရုတ်နိုင်ငံ၏ လုပ်ရပ်များကို ဟန့်တားနိုင်ရန် တရုတ်နိုင်ငံအား လိုက်လျောခြင်းထက် ၎င်းကိုယ်တိုင် ခိုင်မာအားကောင်းသည့် နိုင်ငံတစ်ခုအဖြစ်ဖန်တီးရမည်ဟု ယူဆထားပါသည်။
ဗီယက်နမ်စစ်ပွဲပြီးနောက် ၁၉၇၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်များတွင် ဗီယက်နမ် နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပုံမှန်သံတမန်ရေးတည်ဆောက်ရန် ကြိုးပမ်းခဲ့ပြီး ၁၉၇၃ ခုနှစ် Paris Peace Accords အရ စစ်လျော်ကြေးပေးရန် အမေရိကန်နိုင်ငံအား တောင်းဆိုခဲ့ပါသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံအနေဖြင့် ၁၉၇၆ ခုနှစ်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(International Monetary Fund-IMF)တွင် ပါဝင်နိုင်ခဲ့သည့် ပထမဆုံးသော ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု(ယခု ရုရှားနိုင်ငံ)နှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးအကူအညီများ ရယူခဲ့ပါသည်။ သို့သော် ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့ ဆက်ဆံရေးမပြေလည်သည့် ကာလတွင် ဆိုဗီယက်တို့ဘက်မှ အဆိုပြုသည့် Council for Mutual Econimic Assistance (Comecon)သို့ ပါဝင်ရန် ရုရှားနိုင်ငံက ဖိအားပေးမှုများကို ငြင်းဆိုခဲ့ပြီး ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့အကြား ကြားနေဝါဒကိုသာ ကျင့်သုံးခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာ ဦးစားပေးရည်မှန်းချက် ထားရှိသော်လည်း ၁၉၇၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ခမာနီ(Khmer Rouge)တို့၏အနောက်မြောက်နယ်စပ်အား ကျူးကျော်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပြောင်းလဲ သွားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား ဗီယက်နမ်-ကမ္ဘောဒီးယား ပဋိပက္ခများတွင် ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း တရုတ်နိုင်ငံသည် ခမာနီအဖွဲ့၏ တိုက်ခိုက်မှုနှင့် နယ်စပ်ပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိသည့်အပြင် ခမာနီအဖွဲ့အား ကူညီထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံသည် ၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် တရုတ်နိုင်ငံနှင့် သံတမန်ရေးဖြတ်တောက် ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ လိုအင်အတိုင်း လိုက်လျောပေးခြင်းထက် မိမိနိုင်ငံ အင်အားခိုင်မာအောင် လုပ်ဆောင်သင့်သည်ကို သင်ခန်းစာရရှိခဲ့ပါသည်။
ထို့နောက် ဗီယက်နမ်နိုင်ငံသည် ခမာနီအဖွဲ့ခေါင်းဆောင် ပိုပေါ့(Pol Pot)ကို အောင်မြင်စွာ ဖယ်ရှား ခဲ့ပါသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုကို ဟန့်တားရန် ဆိုဗီယက်ပြည်ထောင်စု၏ အကူအညီကို တောင်းခံခဲ့ပါသည်။ ၁၉၇၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်များအတွင်း ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ရေးချိန်ခွင်ကို ချိန်ညှိလုပ်ဆောင်ခဲ့သော်လည်း ၁၉၇၈ ခုနှစ်တွင် ရုရှားနိုင်ငံက တောင်းဆိုခဲ့သည့် Comecon ကောင်စီတွင်ပါဝင်ခဲ့ပါသည်။ ထိုလုပ်ရပ်များကြောင့် တရုတ်နိုင်ငံကလည်း ဗီယက်နမ်နိုင်ငံဆိုင်ရာ စီးပွားရေးအကူအညီများအားလုံးကို ရပ်တန့်ခဲ့ပါသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်-ခမာနီ မိတ်ဖက်အဖွဲ့၏ ရန်လိုမှုကို ကာကွယ်ရန်အတွက် ထိုနှစ် နိုဝင်ဘာလတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် စစ်ဖက်မဟာမိတ် ဖွဲ့စည်းခဲ့ပါသည်။
၁၉၇၉ ခုနှစ်တွင် တရုတ်နိုင်ငံသည် ခမာနီအဖွဲ့အား တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဗီယက်နမ်နိုင်ငံအနောက်ပိုင်းအား ကျူးကျော်တိုက်ခိုက်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ တုံ့ပြန်မှုသည် အပြစ်ပေးတိုက်ခိုက်ခြင်းဖြစ်သော်လည်း ထိုလုပ်ရပ်က ဗီယက်နမ်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စု ဆက်ဆံရေးအား ပိုမိုနီးကပ်စေခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ပုံမှန်ဆက်ဆံရေး တစ်ခုကို တည်ဆောက်နိုင်ခဲ့သော်လည်း ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့အကြားပဋိပက္ခများကမူ အဆုံးသတ်နိုင်ခဲ့ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံအနေဖြင့် သမိုင်းကြောင်းက ဖြစ်စဉ်များအား သင်ခန်းစာ ယူ၍ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ရန်အတွက် တရုတ်နိုင်ငံ၏ ငြိုငြင်မှုကို မခံရစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းသည် ဗီယက်နမ်နိုင်ငံ၏ ရေကြောင်းလုံခြုံရေးကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်များအား ဟန့်တားနိုင်ရန်သာဖြစ်ပြီး တရုတ်- အမေရိကန်တို့အကြား အားပြိုင်မှုတွင် အမေရိကန်နိုင်ငံအား ကူညီပေးနေခြင်းမဟုတ်ဟုတ်ဆိုသည်။ အကယ်၍ တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံအား နှစ်နိုင်ငံအကြား ပဋိပက္ခများအတွက် ကြိုတင်ပြင်ဆင်နေသည်ဟု ယူဆခဲ့မည်ဆိုပါက အမေရိကန်-ဗီယက်နမ်တို့၏ လုံခြုံရေး ဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်လာမှုကို ဟန့်တားလာနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံအနေဖြင့် ထိုအခြေအနေမှ ရှောင်ရှားရန် ကြိုးပမ်းနေပြီး အင်အားကြီးမားသည့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေထိုင်လျက်ရှိပါသည်။ အကယ်၍ တရုတ်နိုင်ငံအား သိမ်းသွင်းစည်းရုံးနိုင်ခြင်း၊ သို့မဟုတ် ၎င်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် တရုတ်နိုင်ငံအား ရန်လိုခြင်းမဟုတ်၊ အနိုင်ကျင့်မခံလိုခြင်းသာဖြစ်သည်ဟူသော သဘောထားကို တရုတ်နိုင်ငံအနေဖြင့် လက်ခံနိုင်ခြင်းကြောင့်သာ ယခုကဲ့သို့သော တရုတ်နိုင်ငံသမ္မတ၏ ခရီးစဉ်ဖြစ်လာ နိုင်မည့် အခြေအနေတွင်ရှိနေခြင်းဖြစ်ပါသည်။ အပြန်အလှန်အားဖြင့် ထိုခရီးစဉ်တွင် တရုတ်နိုင်ငံမှလိုလားနေသည့် ဦးတည်ချက်တူအသိုက်အဝန်း(Community of Common Destiny)ဟူသော ဆက်ဆံရေးအဆင့်အတန်းကို မြှင့်တင်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အင်အားကြီးတရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဗီယက်နမ် နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမပျက်ယွင်းစေရန် ထိန်းသိမ်းထားနိုင် သကဲ့သို့ တရုတ်နိုင်ငံ၏ ရန်သူဖြစ်သည့် အမေရိကန်နိုင်ငံနှင့်လည်း ဆက်ဆံရေးတိုးမြှင့် ထားနိုင်သည့် နောက်ကွယ်မှ အတိတ်သမိုင်းသင်ခန်းစာများကို ဖော်ပြ၍ ဗီယက်နမ် နိုင်ငံ၏ နိုင်ငံခြားရေးနှင့် သံတမန်ဆက်ဆံရေး အောင်မြင်မှုအား သုံးသပ်ရေးသား ထားခြင်းဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံကျင့်သုံးသည့် သံတမန်ရေးနည်းလမ်းမှာ မိမိ၏ ရွေးချယ်မရသော အိမ်နီးချင်းတရုတ်နိုင်ငံ၏ အင်အားကြီးမားမှုနှင့် လွှမ်းမိုးမှုကို အရှိတရားအဖြစ် လက်ခံပြီး မိမိတို့နိုင်ငံအား လိုအပ်သည်ထက် ပိုမို၍မလွှမ်းမိုးရန်၊ ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ရန်အတွက်သာ လိုလားကြောင်း တရုတ်ခေါင်းဆောင်များထံ သတင်းစကားပါးနိုင်ခြင်း၊ သို့မဟုတ် လက်ခံလာအောင် စည်းရုံးဆွေးနွေးနိုင်ခဲ့ပါသည်။ ထို့ကြောင့်လည်း အမေရိကန်နိုင်ငံသမ္မတ လာရောက်လည်ပတ်ပြီး မကြာမီတွင် တရုတ်နိုင်ငံသမ္မတ လာရောက်လည်ပတ်ရသည်အထိ သံတမန်ရေး ထိန်းညှိမှုကို ဆောင်ရွက်ထားနိုင်ခြင်းဖြစ်ပါသည်။
လက်ရှိ ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေးပေါ်လစီနှင့်ပတ်သက်သော လုပ်ငန်းစဉ် ကြေညာချက်တွင် လေးနက်ခြင်း(Deepen)၊ တည်ငြိမ်အေးချမ်းခြင်း(Stabilize)၊ ပူးပေါင်း ဆောင်ရွက်ရေး(Cooperation)နှင့် ဖွံ့ဖြိုးတိုးတက်ရေး (Development)တို့အတွက် တစ်သမတ်တည်းရှိသော နိုင်ငံခြားရေးပေါ်လစီကို အကောင်အထည်ပေါ်ရန်၊ နိုင်ငံတကာ ဆက်ဆံရေးတွင် ပွင့်လင်းမြင်သာမှု၊ မတူကွဲပြားမှု၊ နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်စေမည့် နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ရန်၊ နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် ကဏ္ဍပေါင်းစုံတွင်လည်း တက်ကြွစွာပါဝင်သူဖြစ်စေရန် (A friend and reliable partner of all countries)ဟူ၍ ဖော်ပြထားပါသည်။[3]
ဗီယက်နမ်နိုင်ငံသည် ကွန်မြူနစ်တစ်ပါတီစနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဝင်ဆံ့လျက်ရှိပြီး ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ အပြန်အလှန်လာရောက်လည်ပတ်နေရသည့် နိုင်ငံတစ်ခုအဖြစ် အောင်မြင်စွာရပ်တည်လျက် ရှိပါသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံသည် တရုတ်၏ အိမ်နီးချင်းနိုင်ငံများ အတုယူဖွယ်ဖြစ်သည့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံငယ်တစ်ခုဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
138102723
[1]။ Khang Vu. “Chinese Leader’s Visit Reflects Vietnam’s ‘Omnidirectional’ Foreign Policy”. The Diplomat. October 19, 2023, [https://thediplomat.com/.../chinese-leaders-visit.../]

[2]။ Stephen Van Evera. “THE "SPIRAL MODEL" v. THE "DETERRENCE MODEL" September 10, 1997 [https://web.mit.edu/17.423/www/Archive98/handouts/spiral.html][3]။ Ministry of Foreign Affairs.[https://www.mofa.gov.vn/en/nr091019080134/]