Tuesday, November 7, 2023

ယူကရိန်းနိုင်ငံ၏ ဒရုန်းစစ်ဆင်ရေးအခြေအနေများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ယူကရိန်းနှင့် ရုရှားနိုင်ငံတို့အကြား စစ်ပွဲများတွင် ဒရုန်းစစ်ဆင်ရေးနှင့် ဒရုန်း တည်ဆောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာခဲ့ပါသည်။ အစကနဦးတွင် ဒရုန်း စစ်ဆင်ရေး၌ ယူကရိန်းဘက်မှ အသာစီးရရှိခဲ့သော်လည်း ယခုအခါ ရုရှားနိုင်ငံဘက်မှ အသာစီးရနေသည်ကို တွေ့ရပြီး ဒရုန်းစစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
လက်ရှိဖြစ်ပွားနေသည့် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား ဒရုန်းစစ်ပွဲများတွင် ဒရုန်းမောင်းနှင်သူ(Drone Pilot)ကို တန်ပြန်ရှာဖွေတိုက်ခိုက်သည့် နည်းစနစ်ကို ကျင့်သုံး နေပြီး ထိုသို့ရှာဖွေတွေ့ရှိခဲ့ပြီဆိုပါက လုံခြုံခိုင်ခံ့သည့် အကာအကွယ်၌ အမြန်ဆုံးပုန်းရှောင် ရမည်ဟု ယူကရိန်းနိုင်ငံတောင်ပိုင်း Zaporizhia စီရင်စုတွင် ဒရုန်းစစ်ဆင်ရေး ဆောင်ရွက် နေသည့် အသက် ၂၅ နှစ်အရွယ် “Major” ဆိုသူက ပြောကြားခဲ့ပါသည်။ ၎င်းသည် တန်ပြန်ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမှ ၄ ကြိမ်လွတ်မြောက်ခဲ့သူဖြစ်ပါသည်။ ၎င်း၏ ပြောကြားချက်အရ ရန်သူ့ဒရုန်းမှ ရှာဖွေတွေ့ရှိပြီး ၎င်း၏ မြင်ကွင်းထဲရောက်ရှိသွားပါက လွတ်မြောက်ရန် မလွယ်ကူဘဲ တန်ပြန်ဒရုန်းများသည် မမျှော်လင့်သော အရပ်မျက်နှာများမှ ပေါ်ပေါက်လာနိုင်ပြီး မိမိ၏ ဒရုန်းကဲ့သို့လည်း အယောင်ဆောင်လာနိုင်ပါသည်။ ထိုတန်ပြန်ဒရုန်းများသည် ကင်မရာ၏ အရည်အသွေးမကောင်းသော်လည်း လျှို့ဝှက်ထောက်လှမ်းမှုများပြုလုပ်နိုင်ပြီး ၁၅၀-၁၆၀ kph အမြန်နှုန်းဖြင့် ပျံသန်းနိုင်သည့်အတွက် လွတ်မြောက်ရန် မလွယ်ကူခြင်းဖြစ်ပါသည်။
လေကြောင်းတိုက်ခိုက်ရေး ယန္တရားများ အများဆုံးအသုံးပြုနေသည့် စစ်ပွဲ များတွင် အမဲလိုက်သည့်မုဆိုး(Drone Pilot)သည်လည်း အလွယ်တကူပင် သားကောင် ဖြစ်သွားနိုင်ပါသည်။ ဒရုန်းများကို မောင်းနှင်သည့် ထိန်းချုပ်ရေးစက် (Controllers) များသည် ဒရုန်းများကို ထိန်းချုပ်ရာတွင် လျှပ်စစ်လှိုင်းများထုတ်လွှတ်ရပါသည်။ တန်ပြန်ဒရုန်းများက ထိုလျှပ်စစ်လှိုင်းများမှတစ်ဆင့် ခြေရာခံခြင်းဖြစ်ပြီး Drone Pilot အနေဖြင့် ထိုအရာကိုသတိမထားမိပါက ရန်သူ့တန်ပြန်ဒရုန်းများ၏ တိုက်ခိုက်မှုကို ခံရမည်ဖြစ်ပါသည်။ ယူကရိန်းနိုင်ငံ တပ်မဟာ ၄၇ ၏ တပ်မှူးဖြစ်သူ Hummer ၏ ပြောကြားချက်အရ ရုရှားနိုင်ငံအနေဖြင့် ပစ်မှတ်ကို တစ်ကြိမ်ခြေရာခံမိပြီဆိုသည့်နှင့် ပစ်ခတ်မှုများကို တရစပ်လုပ်ဆောင်လျက်ရှိပါသည်။ ရုရှားစစ်ဘက်အနေဖြင့် ၎င်းတို့ ကိုယ်ပိုင်တိုက်ခိုက်ရေးဒရုန်းများအား အသုံးပြုရုံသာမက ပစ်မှတ်ကို တိကျစွာ တိုက်ခိုက် နိုင်သည့် အမြောက်(High-Precision Artillery)၊ မိုင်းများ၊ ဂလိုက်ဗုံးများ(Glide Bombs) နှင့် အထူးတိုက်ခိုက်ရေးအဖွဲ့များ(Saboteur Groups)ကိုလည်း အသုံးပြုလေ့ရှိပါသည်။
ယခုစစ်ပွဲများတွင် အသုံးပြုနေသည့် First Person View (FPV) ဒရုန်းများကို ယူကရိန်းနိုင်ငံက စတင်အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ ထိုဒရုန်းသည် လျင်မြန်စွာ ပျံသန်းနိုင်ပြီး ဗီဒီယိုဂိမ်းကစားသကဲ့သို့ ပုံရိပ်ရောင်မျက်လုံးကာ(Goggle)တပ်ဆင်၍ မောင်းနှင်ရသဖြင့် မောင်းနှင်သူအနေဖြင့် ဒရုန်းနှင့်အတူ လိုက်ပါပျံသန်းသကဲ့သို့ မြင်ရပါသည်။ အဆိုပါ ဒရုန်းကို တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ရာဂဏန်းမျှသာ လိုအပ်သော်လည်း ၎င်းတို့ကိုအသုံးပြု၍ သန်းပေါင်းများစွာတန်ဖိုးရှိသည့် ရန်သူ့လက်နက်များနှင့် အဆောက်အဉီ များကို ဖျက်ဆီးပစ်နိုင်စွမ်းရှိပါသည်။ တစ်နေ့တည်းတွင် ဒရုန်းမောင်းနှင်သူတစ်ဦး အနေဖြင့် အရေးကြီးပစ်မှတ် ဒါဇင်ခန့်အပါအဝင် ရန်သူ့စစ်သည်များကိုပါ တိုက်ခိုက် နိုင်ပါသည်။ ထို့ကြောင့် စနိုက်ပါသမားတစ်ဦးထက် ဒရုန်းမောင်းနှင်သူတစ်ဦးအား ချေမှုန်း နိုင်ခြင်းက ပိုမိုထိရောက်သည်ဟု ရှေ့တန်းမှ တပ်မှူးတစ်ဦးက ပြောကြားခဲ့ပါသည်။ ဒရုန်းမောင်းနှင်ခြင်းသည် နောက်ကွယ်မှ ဆောင်ရွက်ရခြင်းဖြစ်သောကြောင့် လုံခြုံမှု ရှိသည်ဟုယူဆထားကြသော်လည်း လက်တွေ့တွင် စစ်မြေပြင်သုံး ဒရုန်းမောင်းနှင်သူသည် အလွန်အန္တရာယ်များသည်ဟု ၎င်းကဆိုပါသည်။
ပထမဆုံးသော FPV ဒရုန်းများကို ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတိုက်ပွဲများတွင် စတင်အသုံးပြုခဲ့သော်လည်း ရုရှားနိုင်ငံက ၎င်းတို့၏ နည်းပညာကို အမီလိုက်နိုင်ခဲ့ပါသည်။ ရုရှားနိုင်ငံတွင် FPV ဒရုန်းများကို ဇူလိုင်လတွင် စတင်အသုံးပြုခဲ့ပြီး လက်ရှိအချိန်၌ ရှေ့တန်းစစ်မျက်နှာရှိ ယူကရိန်းတပ်ဖွဲ့များကို တိုက်ခိုက်လျက်ရှိပါသည်။ ယူကရိန်း နိုင်ငံအနေဖြင့် လက်ရှိတွင် ဒရုန်းများကို ခက်ခက်ခဲခဲ တပ်ဆင်ထုတ်လုပ်နေရခြင်း၊ ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးငွေ ခက်ခဲခြင်းများဖြင့် ရင်ဆိုင်နေရပါသည်။ ထို့ပြင် ဒရုန်းထုတ်လုပ်သည့်နေရာများမှာလည်း ပြန့်ကျဲနေပြီး ခိုင်မာသည့် စုစည်းမှု မလုပ်နိုင်သေးပါ။ ထိုအချိန်တွင် ရုရှားနိုင်ငံအနေဖြင့် နည်းပညာမြင့် ထောက်လှမ်းရေး ဒရုန်းများကဲ့သို့ ဈေးနှုန်းမြင့်မားသည့် ဒရုန်းများကို အသုံးပြုလာနိုင်ခြင်းကြောင့် နည်းပညာပိုင်းဆိုင်ရာအရ သာလွန်လျက်ရှိပါသည်။
ရုရှားနိုင်ငံအနေဖြင့် ၎င်းတို့ကိုယ်တိုင်သာမက ယူကရိန်းနိုင်ငံ၏ စစ်ဆင်ရေး အမှားများ၊ အားနည်းချက်များမှ သင်ခန်းစာယူလျက်ရှိပါသည်။ ယခုနှစ်နွေရာသီ အစောပိုင်းမှစ၍ ရုရှားနိုင်ငံ၏ တင့်နှင့် အမြောက်များကဲ့သို့ တန်ဖိုးမြင့် ယာဉ်ယန္တရား များတွင် ဒရုန်းကာကွယ်ရေးပစ္စည်း(Jamming Boxes)များ တပ်ဆင်ခဲ့ပါသည်။ ထိုကဲ့သို့ Jamming Boxes များပါဝင်သည့် ယာဉ်ယန္တရားများကို တိုက်ခိုက်ရခြင်းသည် ခက်ခဲပါသည်။ ယူကရိန်းနိုင်ငံတွင် ထိုကဲ့သို့နည်းပညာမျိုး မရှိသေးပါ။ FPV ဒရုန်းများသည် ခြေလျင်သုံးသံချပ်ကာတိုက်ခိုက်ရေးယာဉ်များ၏ နည်းဗျူဟာများကို အပြီးတိုင်ပြောင်းလဲ ပေးခဲ့ပါသည်။ ယခင်က တပ်မဟာအဆင့်တွင် အီလက်ထရောနစ်စစ်ပွဲများအကြောင်း ကိုသာ ထည့်သွင်းစဉ်းစားခဲ့ကြသော်လည်း ယခုအခါ တပ်ခွဲအဆင့်ရှိ တပ်ဖွဲ့များသည် FPVဒရုန်းများကို ထောက်လှမ်းကာကွယ်နိုင်သည့် ကိရိယာများလိုအပ်လာပါသည်။ သို့သော်လည်း ယူကရိန်းနိုင်ငံ၏ အဓိကတိုက်ခိုက်ရေး စစ်ကြောင်းများတွင်ပင် Jamming Boxes ကဲ့သို့သော အီလက်ထရောနစ်အကာအကွယ်များမပါဘဲ စစ်ဆင်ရေးဆင်နွှဲ နေရပါသည်။ ရုရှားဒရုန်းများ၏ တိုက်ခိုက်ခံရမှုကြောင့် ယူကရိန်းနိုင်ငံ၏ ဆုံးရှုံးမှုများ သည်လည်း များပြားလာကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ယူကရိန်းနှင့် ရုရှားနိုင်ငံတို့အကြား စစ်ပွဲများတွင် ဒရုန်းများအား အသုံးပြု၍ စစ်ဆင်ခြင်းကို ယူကရိန်းနိုင်ငံက ဦးဆောင်ပြုလုပ်ခဲ့သော်လည်း ယခုအခါ ရုရှားနိုင်ငံ အနေဖြင့် ၎င်း၏ ဒရုန်းများနှင့် ကာကွယ်ရေးစနစ်များကို အဆင့်မြှင့်တင်လာနိုင်ခြင်းကြောင့် ယူကရိန်းနိုင်ငံအနေဖြင့် မယှဉ်ပြိုင်နိုင်သည့် အခြေအနေတွင် ရှိနေပါသည်။ လက်ရှိ ယူကရိန်းနိုင်ငံမှ အသုံးပြုနေသောဒရုန်းများ၏ ၉၀ ရာခိုင်နှုန်းသည် နိုင်ငံအတွင်းမှ ဒရုန်း ထုတ်လုပ်သည့် စေတနာ့ဝန်ထမ်းတပ်ဖွဲ့များက ထုတ်လုပ်ပေးနေခြင်းဖြစ်ပြီး ဒရုန်းများကို ဖန်းတီးရာတွင် 3 D နည်းပညာပရင်တာများဖြင့် အစိတ်အပိုင်းအချို့ကို ဖန်တီးနေပြီးဒရုန်းများအတွက် လိုအပ်သည့် သတ္တုအစိတ်အပိုင်းများနှင့် လျှပ်စစ်ပစ္စည်းများကို စွန့်ပစ်ပစ္စည်းများမှ ရနိုင်သမျှ ရယူအသုံးပြုလျက်ရှိပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် ယူကရိန်းနိုင်ငံအတွက် ရန်ပုံငွေများ ထောက်ပံ့ပေးလျက်ရှိပြီး ယမန်နှစ်က ယူကရိန်း စေတနာ့ဝန်ထမ်းတပ်ဖွဲ့ Come Back Alive အတွက် အမေရိကန်ဒေါ်လာ ၁၅၅ သန်း ထောက်ပံ့ပေးခဲ့ကြောင်းလည်း တွေ့ရှိရသည်။[2]
ယနေ့ခေတ်တွင် ဖြစ်ပွားလာသောစစ်ပွဲများ၊ ပဋိပက္ခများတွင် စစ်နည်းဗျူဟာ ပြောင်းလဲလာခြင်း၊ ဒရုန်းနှင့် တန်ပြန်ဒရုန်းနည်းပညာများ၊ အီလက်ထရောနစ်ပစ္စည်းများအား အဆင့်မြှင့်တင်လာခြင်းတို့ကြောင့် မြေပြင်တပ်ဖွဲ့များတွင် လက်တွေ့ကျကျ ထိရောက်စွာ တပ်ဆင်အသုံးပြုနေသည်ကို တွေ့ရှိရသည်။ ထိုအချိန်တွင် မိမိတို့ သက်ဆိုင်ရာနိုင်ငံတော်ကာကွယ်ရေးယန္တရားကို ခေတ်စနစ်နှင့်အညီ လိုက်ပါပြောင်းလဲနိုင်ရေး၊ ပြောင်းလွယ်ပြင်လွယ်စနစ်ကို လျင်မြန်စွာကျင့်သုံးနိုင်ခြင်းသည်ပင် သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
146110823
[1]။ “Trenches and tech on Ukraine’s southern front”. The Economist, October 29, 2023, [https://www. https://economist.com/.../trenches-and-tech-on-ukraines...]

[2]။ “Inside Ukraine's DIY drone revolution”.The Economist, [https://youtu.be/5vmuObO0vNk]

Monday, November 6, 2023

အစ္စရေးနိုင်ငံသည် ဟားမတ်စ်အဖွဲ့အား ထိုးစစ်ဆင်မှုကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခြင်း

 


နိဒါန်း
အစ္စရေးနိုင်ငံ၏ ဟားမတ်စ်အဖွဲ့အား တိုက်ခိုက်မှုကို ဒုတိယအဆင့်သို့ မြှင့်တင် လိုက်ပြီဖြစ်ပြီး ဤအဆင့်တွင် အစ္စရေးနိုင်ငံအနေဖြင့် ၎င်းတို့ဝိုင်းပတ်ပိတ်ဆို့ ထားသည့် ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ ဝင်ရောက်ကာ ဟားမတ်စ်အဖွဲ့အား အမြစ်ပြတ် ချေမှုန်းသုတ်သင်သွားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu ကပြောကြားခဲ့ပါသည်။[1]
ဖော်ပြချက်
အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသအား မြေပြင်ထိုးစစ်ဆင်မှုများ ပြုလုပ်ကာ ဟားမတ်စ်အဖွဲ့အား တိုက်ခိုက်သည့်စစ်ဆင်ရေး ဒုတိယအဆင့်ကို စတင်လိုက်ပြီ ဖြစ်သည်ဟု အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu က အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အစ္စရေးနိုင်ငံသည် ဟားမတ်စ်အဖွဲ့အား မြေေပါ် မြေေအာက်မကျန် ချေမှုန်းသုတ်သင်သွားမည်ဖြစ်ပြီး အစ္စရေးတပ်ဖွဲ့များသည် ဟားမတ်စ်အဖွဲ့ ထိန်းချုပ်ထားသည့် ပါလက်စတိုင်းနယ်မြေအတွင်းသို့ ဂျက်လေယာဉ်များ အသုံးပြုကာ ဗုံးကြဲခြင်းကြောင့် ဂါဇာကမ်းမြောင်ဒေသရှိပြည်သူများအနေဖြင့် ပြင်ပ ကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက်လျက်ရှိပါသည်။ ဟားမတ်စ်များအုပ်ချုပ်နေသည့်ပါလက်စတိုင်း နယ်မြေအတွင်း ကာလရှည်ကြာဆင်နွှဲမည့် မြေပြင်ထိုးစစ်(A Ling-Threatened Ground Offensive)အား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပြီ ဖြစ်သည်ဟု အစ္စရေးနိုင်ငံ၏ စစ်ဘက်ဆိုင်ရာအကြီးအကဲများက ပြောကြားခဲ့ပါသည်။
Tel Aviv မြို့၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် Netanyahu က ဤစစ်ပွဲသည် ရှည်လျားပြင်းထန်မည်(Long and Hard) ဖြစ်သောကြောင့် ပါလက်စတိုင်းပြည်သူများနေဖြင့် စစ်ပွဲမစတင်မီ အချိန်အတွင်း ဂါဇာကမ်းမြောင်မြောက်ပိုင်းဒေသမှ ရွှေ့ပြောင်းကြရန် ဆော်ဩထားပါသည်။ ဤစစ်ပွဲ၏ ရည်မှန်းချက်မှာ ဟားမတ်စ်အဖွဲ့၏ နယ်မြေစိုးမိုးထားရှိမှုနှင့် စစ်ရေးလှုပ်ရှားမှုများအား ချေမှုန်း၍ ဓားစာခံ ၂၀၀ ကို နေရပ်ပြန်ပို့နိုင်ရေးဖြစ်သည်ဟုဆိုသည်။ ဟားမတ်စ်အဖွဲ့၏ အောက်တိုဘာလ ၇ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၄၀၀ သေဆုံးခဲ့ချိန်မှစ၍ အစ္စရေးတပ်ဖွဲ့သည် ဂါဇာကမ်းမြောင် ဒေသအား ပိတ်ဆို့၍ သီတင်းပတ် ၃ ပတ်ဆက်တိုက် ဗုံးကြဲမှုများ ပြုလုပ်ခဲ့ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ကနဦးတွင် အနောက်နိုင်ငံများသည် အစ္စရေးနိုင်ငံဘက်မှရပ်တည် ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများပြားလာသဖြင့် နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ပါသည်။ ထို့ကြောင့် ဂါဇာကမ်းမြောင် ဒေသရှိ အရပ်သားများအား အကူအညီပေးနိုင်ရန် ဗုံးကြဲတိုက်ခိုက်မှုကို ခေတ္တရပ်နားပေးရေးအစ္စရေးနိုင်ငံအား တောင်းဆိုခဲ့ကြပါသည်။
ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူ ၂.၃ သန်းကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည့် ဟားမတ်စ်အဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက် အရ အစ္စရေးနိုင်ငံ၏ စစ်ဆင်မှုကြောင့် ပါလက်စတိုင်း အရပ်သား ၇,၆၅၀ ဦး သေဆုံး ခဲ့သည်ဟုဆိုသည်။ တိုက်ခိုက်မှုကြောင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး အစားအစာ၊ ရေ၊ လောင်စာနှင့် ဆေးဝါးများ ရှားပါးလျက်ရှိပါသည်။ အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းဗုံးကြဲခံရပြီးနောက်တွင် ဖုန်းနှင့်အင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြတ်တောက်ကာ အခြေအနေပိုမိုဆိုးရွားခဲ့ပါသည်။ ဂါဇာဒေသသို့ ရောက်ရှိနေသည့် သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ အစ္စရေးနှင့် ပါလက်စတိုင်းအဖွဲ့တို့၏ အပြန်အလှန်ပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက်မှုရှိပြီး ဆက်သွယ်ရေးနှင့် လောင်စာဆီ ပြတ်တောက်မှုများကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ခေါ်ယူရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။ အစ္စရေးတပ်ဖွဲ့သည် ဟားမတ်စ်အဖွဲ့ အသုံးပြု နေသည့် ဥမင်လိုဏ်ခေါင်းများနှင့် အခြားအခြေခံအဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိပါသည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က အစ္စရေးတပ်ဖွဲ့များ အနေဖြင့် ဟားမတ်စ်အဖွဲ့ကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်းတို့ အနေဖြင့် ဂါဇာမြောက်ပိုင်းရှိ အရပ်သားနေအိမ်အဆောက်အဦများတွင် ပုန်းခိုနေကြ သောကြောင့် ဒေသခံများအား တောင်ပိုင်းသို့ ရွှေ့ပြောင်းရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ သို့သော်လည်း တောင်ပိုင်းဒေသသည်လည်း လူနေထူထပ်ပြီး နေအိမ်များဗုံးကြဲခံနေရ သောကြောင့် လုံခြုံမှုမရှိဟု ပါလက်စတိုင်းဒေသခံတို့က ပြောကြားထားပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres သည် ဂါဇာဒေသအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရန် နိုင်ငံတကာသို့ တိုက်တွန်းပြောကြားခဲ့ပါသည်။
ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးရေးအေဂျင်စီများက ယခုအချိန်တွင် ဂါဇာ ဒေသသို့ရောက်ရှိနေသည့် ၎င်းတို့၏ဝန်ထမ်းအများစုနှင့် အဆက်အသွယ် ပြတ်တောက် လျက်ရှိပါသည်။ ဂါဇာဒေသရှိအပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့၏ ပြောကြားချက်အရ ၎င်းတို့စေတနာ့ဝန်ထမ်းများသည် အချိန်ပြည့် အလုပ်လုပ်နေရပြီး Starlink ဂြိုဟ်တုကွန်ရက်ပိုင်ရှင် Elon Musk ကလည်း ဂါဇာကမ်းမြောင်ဒေသရှိ နိုင်ငံတကာအသိအမှတ်ပြု အကူအညီပေးအဖွဲ့အစည်းများ ဆက်သွယ်မှုပြုလုပ်နိုင်ရန် ၎င်း၏ဂြိုဟ်တုကွန်ရက်အသုံးပြုခွင့်ပေးခဲ့ပါသည်။ ဟားမတ်စ် အဖွဲ့သည် ဂါဇာဒေသရှိ ဓားစာခံ ၂၀၀ ကျော်ကို ပြန်လွှတ်ပေးရေးနှင့် ပတ်သက်၍ အစ္စရေးနိုင်ငံနှင့် သဘောတူညီမှုပြုလုပ်ရန် နီးစပ်ပြီဖြစ်သော်လည်း အစ္စရေးနိုင်ငံသည် ဤသဘောတူညီချက်ကို နှောင့်နှေးအောင် ပြုလုပ်နေသည်ဟု အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ သို့သော်လည်း အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ဟားမတ်စ်အဖွဲ့သည် လူထုအမြင်ကို လှည့်ဖြားရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်ဟုပြောကြားပြီး အဆိုပါသတင်းများကို ပယ်ချခဲ့ပါသည်။ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် Netanyahu က ဂါဇာဒေသတွင် မြေပြင်ထိုးစစ်ဆင်မှုနှင့်အတူ ဓားစာခံများ လွတ်မြောက်ရေးကိုလည်း ဆောင်ရွက်သွားမည်ဟုဆိုပါသည်။
ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့အကြား တိုက်ပွဲများ အရှိန်လျော့သွားစေရန် ကာတာနိုင်ငံသည် ကြားဝင်ညှိနှိုင်းဆွေးနွေးမှုများကို အောက်တိုဘာလ ၂၈​ ရက်နေ့မှစ၍ လုပ်ဆောင်ပေးခဲ့သော်လည်း အရာမထင်ခဲ့ပါ။ အစ္စရေးအဖွဲ့သည် အောက်တိုဘာလ ၇ ရက်တိုက်ခိုက်မှုတွင် အဓိကကျသည့် ဟားမတ်စ်အဖွဲ့၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ Asem Abu Rakaba ကို လေကြောင်းမှတိုက်ခိုက်သတ်ဖြတ်ခဲ့ပါသည်။ ထို့ပြင် ဟားမတ်စ်အဖွဲ့ဝင်များအား ချေမှုန်းနိုင်ရန် ဥမင်လိုဏ်ခေါင်းများ၊ တိုက်ပွဲအတွက် အသုံးပြုသည့် မြေအောက်နေရာများနှင့် အခြားအခြေခံအဆောက်အဦများအပါအဝင် ဂါဇာမြောက်ပိုင်းဒေသရှိ ပစ်မှတ် ၁၅၀ ကို လေကြောင်းမှတိုက်ခိုက်ခဲ့ပါသည်။
ဟားမတ်စ်အဖွဲ့မှ Al-Qassam တပ်မဟာသည် ဂါဇာကမ်းမြောင်ဒေသ အရှေ့မြောက်ပိုင်းရှိ Beit Hanoun မြို့နှင့် Al-Bureij မြို့ အလယ်ပိုင်းတွင် အစ္စရေး တပ်များကို တိုက်ခိုက်လျက်ရှိပါသည်။ ၎င်းတပ်မဟာနှင့် ပါလက်စတိုင်း ခုခံရေးတပ်ဖွဲ့ များသည် အစ္စရေးတပ်ဖွဲ့များ၏ ကျုးကျော်မှုများကို အင်အားအပြည့်ဖြင့် ရင်ဆိုင် ဟန့်တားနိုင်ရန် ပြင်ဆင်ထားပါသည်။ ပါလက်စတိုင်းဒေသရှိ ပဋိပက္ခကျယ်ပြန့် လာမည်ကို စိုးရိမ်သောကြောင့် မြေပြင်ထိုးစစ်အား ရပ်တန့်ရန် အမေရိကန်နိုင်ငံနှင့် အခြားသောအနောက်နိုင်ငံများက အစ္စရေးနိုင်ငံကို တိုက်တွန်းထားပါသည်။ ဟားမတ်စ် အဖွဲ့သည် လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်နှင့် ယီမင်နိုင်ငံတို့ရှိ လက်နက်ကိုင်များအား ထောက်ပံ့ပေးနေသည့် အီရန်နိုင်ငံကို မှီခိုအားထားလျက်ရှိပြီး အီရတ်နှင့် ဆီးရီးယား နိုင်ငံတို့ရှိ အမေရိကန်တပ်ဖွဲ့ဝင်များသည်လည်း အီရန်နိုင်ငံ ကျောထောက်နောက်ခံ ပြုထားသည့်အဖွဲ့များ၏ တိုက်ခိုက်မှုကိုခံခဲ့ရပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံသို့ စစ်ဘက်ဆိုင်ရာအကူအညီများ ပိုမိုပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။
အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာဒေသမှကျော်လွန်၍ စစ်ဘောင်ချဲ့ရန် မလိုလား သော်လည်း ဘက်ပေါင်းစုံမှ ပြင်ဆင်ထားသည်ဟု အစ္စရေးနိုင်ငံကာကွယ်ရေးဝန်ကြီး Yoav Gallant မှ ပြောကြားခဲ့ပါသည်။ အစ္စရေးစစ်တပ်သည် အောက်တိုဘာလ ၂၈ ရက်နေ့တွင် လက်ဘနွန်နိုင်ငံနှင့် နယ်စပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲသည် ၂၀၀၆ ခုနှစ်၊ နှစ်နိုင်ငံနယ်စပ်တိုက်ပွဲပြီးနောက် ပြန်လည်ဖြစ်ပွားသည့် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပါသည်။ အောက်တိုဘာလ ၂၈ ရက်နေ့တွင်လည်း ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှဒေသတစ်ဝိုက်ရှိ မြို့ကြီးများတွင် ပါလက်စတိုင်း လိုလားသူများ ထောင်နှင့်ချီ၍ ဆန္ဒပြခဲ့ကြသည်။ လန်ဒန်မြို့ရှိ ဆန္ဒပြပွဲအား ဦးဆောင်သူ Camille Revuelta က ဤဆန္ဒပြမှုသည် ဟားမတ်စ်အဖွဲ့အား ထောက်ခံခြင်းမဟုတ်ဘဲ ပါလက်စတိုင်း ပြည်သူ များ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးရေးအတွက်သာဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။
တွေ့ရှိသုံးသပ်ချက်
အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahuသည် ဟားမတ်စ်အဖွဲ့အား ထိုးစစ်ဆင်မှုကို အဆင့်မြှင်တင်လိုက်ပြီဖြစ်ကြောင်းနှင့် ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ ဝင်ရောက်ကာ ဟားမတ်စ်အဖွဲ့အား မြေပြင်ထိုးစစ်ဆင်မှုများပြုလုပ်၍ မြေပေါ်မြေအောက်ပါ မကျန် အမြစ်ပြတ်ချေမှုန်း သုတ်သင်သွားမည်ဟု ကြေညာခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့ ဂါဇာဒေသအတွင်း အစ္စရေးတပ်များ ဝင်ရောက်၍ စစ်ဘောင်ချဲ့မည့်ကိစ္စသည်ပင် ဟားမတ်စ်များဘက်မှ လိုလားသည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး ၎င်းတို့ကျွမ်းကျင်သည့် နယ်မြေအတွင်းသို့ ဝင်ရောက်လာမည့် အစ္စရေးတပ်ဖွဲ့ဝင်များကို မြေအောက်ဥမင်များ၊ ပြောက်ကျားနည်းများအသုံးပြု၍ စစ်ဆင်နိုင်မည်ဖြစ်ပါသည်။ ဤစစ်နည်းဗျူဟာသည် ရေရှည်တွင် အစ္စရေးတပ်ဖွဲ့ဝင်များအား အထိနာစေပြီး ဆုံးရှုံးမှုများလာခြင်းကြောင့် ၂၀၀၃ ခုနှစ်တွင် ဂါဇာဒေသမှ အစ္စရေးတပ်များ ပြန်လည်ဆုတ်ခွာလာခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့်လည်း အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာဒေသအတွင်းသို့ နောက်တစ်ကြိမ် ထပ်မံဝင်ရောက်ရန် ဂရုတစိုက်ချိန်ဆနေဟန်ရှိပြီး လက်တွေ့ဝင်ရောက်တိုက်ခိုက်မှုများ ကိုလည်း အကန့်အသတ်ဖြင့်သာဆောင်ရွက်နေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကိုသာ အားထားနေဆဲဖြစ်သည်ဟု ယူဆနိုင်ပါသည်။
ထိုသို့ အစ္စရေးတပ်ဖွဲ့ဝင်များ ဂါဇာဒေသသို့ ဝင်ရောက်မည့် အချိန်သည် အာရပ်ဒေသအတွင်းရှိ အခြားသောအစ္စရေးမလိုလားသည့် Hezbollah ကဲ့သို့သော လက်နက်ကိုင်အဖွဲ့များစောင့်ဆိုင်းနေသည့် အချိန်လည်းဖြစ်ပြီး စစ်အင်အားလျော့ပါးသွားမည့် အစ္စရေးအတွင်းပိုင်းဒေသများကို အချိန်ကိုက်တိုက်ခိုက်မှုများ ဆောင်ရွက်လာနိုင်ပါသည်။ ထို့ကြောင့်လည်း မစ်ဇိုင်း ၁၅၀,၀၀၀ ကျော် ပိုင်ဆိုင်ထားသည့် Hezbollah အဖွဲ့များ စစ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာပြီဆိုပါက အစ္စရေးနိုင်ငံအား အဓိကအကူအညီပေးနေသည့် အမေရိကန်နိုင်ငံသည်ပင် အင်ဒို-ပစိဖိတ်ဒေသတွင်းရှိ တရုတ်နိုင်ငံ၏ ထိုင်ဝမ်အား ကျူးကျော်လာနိုင်မှုကို ကာကွယ်မည်လော၊ အစ္စရေးနိုင်ငံအား အလုံးစုံထောက်ပံ့ပေးမည်လောဟူသည့် မဟာဗျူဟာရွေးချယ်မှု ဆောင်ရွက်ရမည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်လျက်ရှိပါသည်။[2]
ဆယ်စုနှစ်များစွာဖြစ်ပွားခဲ့သည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် ယခု အချိန်တွင် ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့လျက်ရှိပြီး ဘာသာရေးဆိုင်ရာ စစ်ပွဲအဖြစ်သို့ မရောက်ရှိအောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြသော်လည်း ထိန်းချုပ်နိုင်မည့် အခြေအနေ နည်းပါးနေသည်ဟု ယူဆရပါသည်။ အမေရိကန်နိုင်ငံအနေဖြင့်လည်း အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် ပါလက်စတိုင်းအုပ်စုအား ထောက်ခံအားပေးသည့် အီရန်နိုင်ငံ ကျောထောက်နောက်ခံပြုအဖွဲ့များ၏ တိုက်ခိုက်မှုကိုခံခဲ့ရပြီး စစ်ပွဲအတွင်းသို့ မရောက် ရောက်အောင် တွန်းအားပေးခြင်းခံနေရပြီး ယခုဖြစ်ပွားနေသည့် စစ်ပွဲအား ဂါဇာဒေသအတွင်း မှာပင် အကန့်အသတ်ဖြင့်ဆောင်ရွက်ရန် ခက်ခဲလျက်ရှိပါသည်။ ထိုအခြေအနေသည်အစ္စရေးတပ်များ ဂါဇာဒေသအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာပါက ပိုမို ဆိုးရွားလာမည်ဖြစ်ကြောင်း အစ္စရေး-ဟားမတ်စ် စစ်ပွဲအခြေအနေအား သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
145110723
[1]။ “Israel Enters 'Second Stage' Of War with Gaza Ground Assault”. Nikkei Asia. 28 October 2023, [/https://asia.nikkei.com/.../Israel-enters-second-stage.../]

[2]။ Ken Moriyasu,“Hezbollah Entry Into War Would Mean Taiwan Trade-Off, U.S. Analysts Say”. Nikkei Asia. 31 October 2023, [/https://asia.nikkei.com/.../Hezbollah-entry-into-war.../]

Sunday, November 5, 2023

အတိုးနှုန်းမြင့်တက်မှုအား မထိန်းချုပ်နိုင်ပါက ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကြာရှည်မခံနိုင်ခြင်း

 


နိဒါန်း
ကမ္ဘာ့စီးပွားရေးအခြေအနေများသည် လက်ရှိအချိန်တွင် ကောင်းမွန်သည့် အနေအထားတွင် ရှိနေသည်ဟု ထင်ရသော်လည်း အတိုးနှုန်းမြင့်တက်ခြင်းနှင့် အခြားသော ကန့်သတ်ချက်များ ရှိနေခြင်းတို့ကြောင့် ထိုအခြေအနေကို ရေရှည်ထိန်းထားနိုင်မည် မဟုတ်ကြောင်းကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
စစ်ပွဲများနှင့် ပထဝီဝင်နိုင်ငံရေးပဋိပက္ခများ ဖြစ်ပွားနေသော်လည်း ကမ္ဘာ့ စီးပွားရေးမှာ ကောင်းမွန်နေသည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် လွန်ခဲ့သည့် တစ်နှစ်ခန့်က အတိုးနှုန်းမြင့်တက်ခြင်းက စီးပွားရေးကျဆင်းမှုကို ဖြစ်ပေါ်လာစေနိုင်သည်ဟု ခန့်မှန်း ခဲ့ခြင်းများကိုလည်း ဒွိဟဖြစ်စေခဲ့သည်။ ၂၀၂၃ ခုနှစ်၏ တတိယ ၃ လပတ်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေး ၄.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင်ငွေကြေးဖောင်းပွမှုနှုန်းများ ကျဆင်းခဲ့ပြီး အလုပ်လက်မဲ့နှုန်းသည်လည်း နည်းနေဆဲ ဖြစ်သည့်အပြင် ဗဟိုဘဏ်များသည်လည်း တင်းကျပ်ထားသည့် ဘဏ္ဍာရေးမူဝါဒများကို ဖြေလျှော့ပေးခဲ့ကြသည်။ သို့သော်လည်း ထိုသို့စီးပွားရေးတိုးတက်ကောင်းမွန်နေသည်ဟု ထင်ရမှုသည် အခြေခံအုတ်မြစ်များ ခိုင်မာမှုမရှိသည့်အတွက် ကြာရှည်ခံမည်မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးအတွက် ခြိမ်းခြောက်မှုများ ပိုမိုများပြားလာနိုင်ပါသည်။
လက်ရှိတွင် မြင့်တက်လာခဲ့သော အတိုးနှုန်း သိသိသာသာ ကျဆင်းသွား ခြင်းလည်းမရှိသေးပါ။ ထိုသို့ အတိုးနှုန်းမြင့်တက်နေမှုကို ပြန်လည်ကျဆင်းရန် မစွမ်းဆောင်နိုင်ပါက ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်လာစေနိုင်ပါသည်။ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်းက အတိုးနှုန်း ၁.၂ ရာခိုင်နှုန်းသာရှိခဲ့ သော်လည်း လက်ရှိတွင် အမေရိကန်နိုင်ငံအစိုးရအနေဖြင့် နှစ် ၃၀ ငွေချေးခြင်းများ အတွက် အတိုးနှုန်း ၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ပါသည်။ ယခင်က အတိုးနှုန်း နည်းပါးသည့် နိုင်ငံများတွင်ပင် လက်ရှိအချိန်၌အတိုးနှုန်း သိသိသာသာမြင့်တက် လာနေပြီး ဂျာမနီနိုင်ငံ၏ ချေးငွေကုန်ကျစရိတ်များတွင် အပြုသဘောမဆောင်သည့် လက္ခဏာများရှိလာခဲ့ပါသည်။ ဂျာမနီနိုင်ငံ၏ ၁၀ နှစ်သက်တမ်း ငွေချေးစာချုပ်အတွက် အတိုးနှုန်းမှာ ၃ ရာခိုင်နှုန်းနီးပါးမြင့်တက်လာခဲ့ပြီး ဂျပန်ဘဏ်များတွင်လည်း ၁၀ နှစ်သက်တမ်း ချေးငွေစာချုပ်အတွက် အတိုးနှုန်းများ ၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါသည်။
အမေရိကန်နိုင်ငံဘဏ္ဍာရေးဝန်ကြီး Janet Yellen အပါအဝင် အချို့သော ပညာရှင်များက အတိုးနှုန်းမြင့်တက်လာခြင်းသည် ကောင်းမွန်သည့်လက္ခဏာဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ဆောင်းပါးရှင်က အတိုးနှုန်းမြင့်တက်လာခြင်းသည် စီးပွားရေး ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေမည့် အဓိကအန္တရာယ်ဖြစ်သည်ဟု ထောက်ပြထားပါသည်။ လက်ရှိအမေရိကန်နိုင်ငံ၏ စီးပွားရေးကောင်းမွန်နေသည်ဟု ထင်နေရသည့် အကြောင်းအရင်းမှာ အမေရိကန်နိုင်ငံသားများသည် ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အသွားအလာကန့်သတ်ချက်များကြောင့် ငွေအများအပြား စုဆောင်းမိခဲ့ကြခြင်းကြောင့်ဖြစ်ပါသည်။ အဆိုပါ စုဆောင်းမိထားသည့် ငွေအပိုအလျှံများကို သုံးစွဲနေခြင်းက အချိန်အတိုင်းအတာ တစ်ခုအတွင်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ သို့သော်လည်း အိမ်ထောင်စုများ၌ အမေရိကန် ဒေါ်လာ ၁ ထရီလီယံ ကျန်ရှိနေဆဲဖြစ်ပြီး ထိုငွေပမာဏက ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် အများဆုံးပမာဏဖြစ်ပါသည်။ ပြည်သူများအနေဖြင့် အတိုးနှုန်းများ မြင့်နေခြင်းနှင့် စီးပွားရေးအရရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် မသေချာမရေရာခြင်းတို့ကြောင့် ၎င်းတို့ စုဆောင်းထားမိသည့်ငွေများကို သုံးစွဲရန် တွန့်ဆုတ်နေကြပါသည်။
အတိုးနှုန်းမြင့်တက်မှုများကြောင့် ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင် ဘဏ် ဒေဝါလီခံမှုများ မြင့်တက်လျက်ရှိပါသည်။ အတိုးနှုန်းနည်းနည်းဖြင့် ငွေချေးထားသည့် ကုမ္ပဏီများပင်လျှင် ၎င်းတို့၏ နှစ်ရှည်အကြွေးများကို အချိန်မီပေးဆပ်ရာ၌ ကုန်ကျစရိတ် မြင့်မားမှုများဖြင့် ကြုံတွေ့ရနိုင်သည်။ အိမ်ခြံမြေဈေးကွက်အတွက် ငွေထုတ် ချေးခြင်းများ မပြုလုပ်နိုင်သည့်အတွက် အိမ်ဈေးနှုန်းများ ကျဆင်းသွားပါသည်။ ရေရှည် ချေးငွေများအတွက် အပေါင်စာချုပ်များထိန်းသိမ်းထားရသည့် ဘဏ်များအနေဖြင့်လည်း၎င်းတို့၏ ငွေကြေးလိုအပ်ချက်ကို အစိုးရ၏အတိုးနှုန်းမြင့်သော ချေးငွေများပေါ်တွင် မှီခို၍ ဖြေရှင်းနေရခြင်းကြောင့် ရေရှည်တွင် အခြေအနေမကောင်းနိုင်ပါ။
IMF ၏ အဆိုအရ ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် ဂျပန်နိုင်ငံတို့တွင် ၂၀၂၃ ခုနှစ်၌ GDP ၏ ၅ ရာခိုင်နှုန်း ဒေသတွင်း လိုငွေပြနိုင်ဖွယ်ရှိပါသည်။ ယခုနှစ် စက်တင်ဘာလ အထိ ယခုဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်နိုင်ငံ၏ လိုငွေပြမှုများသည် ဒေါ်လာ ၂ ထရီလီယံ၊ သို့မဟုတ် GDP ၏ ၇.၅ ရာခိုင်နှုန်းရှိနေပါသည်။ အဆိုပါ လိုငွေပြမှုသည် ၂၀၂၂ ခုနှစ်၊ နှစ်လယ်က ခန့်မှန်းခဲ့သည်ထက် ၂ ဆခန့် များနေပြီး လက်ရှိ အချိန်တွင် ချမ်းသာသည့်နိုင်ငံကြီးများ၏ အစိုးရကြွေးမြီများသည် နပိုလီယံစစ်ပွဲအပြီး ကာလများမှစ၍ တစ်စထက်တစ်စ မြင့်တက်လျက်ရှိပါသည်။
မြင့်မားနေသည့် အတိုးနှုန်းကို ပြန်လည်ပေးဆပ်နေရခြင်းက အစိုးရ၏ ဘဏ္ဍာငွေပြုန်းတီးမှုကို ဖြစ်ပေါ်စေပါသည် (အစိုးရတင်ရှိနေသည့် အကြွေးများ ပြန်မဆပ်နိုင်သည်ကိုဆိုလိုသည်)။ ထို့ပြင် အတိုးနှုန်းမြင့်တက်မှုသည် ငွေကြေး ဖောင်းပွမှုကို ရေရှည်ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်ပါ (လက်ရှိတွင် ငွေကြေး ဖောင်းပွမှုကို ထိန်းသိမ်းနိုင်ရန် အတိုးနှုန်းမြှင့်တင်ထားခြင်းဖြစ်သည်)။ ထို့ကြောင့် ရင်းနှီး မြှုပ်နှံသူများက အစိုးရအနေဖြင့် ၎င်းတို့ကတိအတိုင်း ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းပေးနိုင်ခြင်းနှင့် အစိုးရအနေဖြင့် ၎င်းတို့ရရှိမည့် အကြွေးများ ပြန်လည်ပေးဆပ် နိုင်မည်လားဆိုသည့်အပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာပါသည် (ပြဿနာရပ်နှစ်ခုစလုံး တစ်ပြိုင်တည်း ဖြေရှင်းနိုင်မည်မဟုတ်ဟု ဆိုလိုသည်)။
အီတလီနိုင်ငံအစိုးရ၏ အကြွေးများကို ကူညီထောက်ပံ့ပေးနေသည့် European Central Bank သည်လည်း အတိုးနှုန်းမြင့်တက်လာမှုကြောင့် အခက်တွေ့လာပါသည်။အတိုးနှုန်းအလွန်နည်းပါးသည့် ဂျပန်နိုင်ငံတွင်ပင် ဘဏ္ဍာရေးအသုံးစရိတ်၏ ၈ ရာခိုင်နှုန်းကို အတိုးနှုန်းပေးခြင်းများအတွက်အသုံးပြုခဲ့ရသည်။ ထို့ကြောင့် ယခုရင်ဆိုင်နေရသော စီးပွားရေးကျဆင်းမှုများကို ရှောင်ရှားလိုခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းလျှော့ချလိုခြင်း၊ ကြွေးမြီများပြားခြင်းနှင့် အတိုးနှုန်း မြင့်တက်ခြင်းများကို တစ်ပြိုင်နက်တည်း ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရန် မလွယ်ကူလှပါ။ ထိုသို့သောအခြေအနေတွင် သက်ဆိုင်ရာ ဗဟိုဘဏ်များ၏ မူဝါဒ အမှားများကြောင့်လည်း စီးပွားရေးထိခိုက်မှုကို ပိုမိုဆိုးရွားလာစေနိုင်သည်။
ယခု ကမ္ဘာ့စီးပွားရေးကောင်းနေသည်ဟု ထင်မြင်ယူဆနေရခြင်း၏ အကြောင်း တစ်ချက်မှာ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI)များတွင် ရင်းနှီး မြှုပ်နှံမှု များပြားနေခြင်းကြောင့်လည်း ဖြစ်ပါသည်။ ထိုအချက်က အတိုးနှုန်းမြင့်တက်ခြင်းကို ခံနိုင်ရည်ရှိနေခြင်းဖြစ်ပါသည်။ သို့သော် အမေရိကန်နိုင်ငံသမ္မတဟောင်း ဒေါ်နယ်ထရမ့် အနေဖြင့် ၎င်းအာဏာပြန်လည်ရရှိလာပါက ပြင်းထန်သည့်စည်းကြပ်အခွန်စည်းကြပ်မူဝါဒများ ကျင့်သုံးသွားမည်ဟု ကတိပြုထားခြင်းကြောင့် ၎င်းအာဏာပြန်ရလာပါက ကမ္ဘာ့စီးပွားရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ယခုအခါ ကမ္ဘာကြီးတွင် သက်ကြီးရွယ်အို လူဦးရေ များပြား လာခြင်း၊ Green-Energy ကူးပြောင်းရာတွင် ကုန်ကျစရိတ်မြင့်တက်နေမှုနှင့် ကာကွယ်ရေး အသုံးစရိတ်များ အသုံးပြုမှုနေရမှု များပြားလာခြင်းကြောင့် အစိုးရ၏အသုံးစရိတ်များ မြင့်တက်လာနေပါသည်။ ထိုသို့သောအခြေအနေတွင် အတိုးနှုန်းများ ဆက်လက်မြင့်မား နေခြင်းက ကမ္ဘာ့စီးပွားရေးကို ရေရှည်တွင် အကောင်းဘက်သို့ ရောက်ရှိလာရန် ခက်ခဲကြောင်း သုံးသပ်ထားခြင်းဖြစ်ပါသည်။
တွေ့ရှိသုံးသပ်ချက်
စီးပွားရေးဆိုင်ရာ ပညာရပ်အသုံးအနှုန်းတစ်ခုဖြစ်သည့် အတိုးနှုန်းမြင့်တက်ခြင်း (Interest Rate Hike)ဆိုသည်မှာ အစိုးရများအနေဖြင့် ငွေကြေးဖောင်းပွမှုများကို တားဆီး နိုင်ရန် ထုတ်ချေးမည့်၊ သို့မဟုတ် ချေးယူမည့် ငွေကြေးအတွက် အတိုးနှုန်းများကို မြှင့်တင်သတ်မှတ်ခြင်းကို ဆိုလိုပါသည်။ ထိုသို့ မြှင့်တင်ခြင်းကြောင့် ပြည်သူ များ၏ လက်ဝယ်ရှိသော ငွေကြေးများ၊ သို့မဟုတ် ဈေးကွက်အတွင်းရှိသော ငွေကြေး များ သုံးစွဲလည်ပတ်နှုန်းနှေးကွေးသွားပြီး၊ အစိုးရ၊ သို့မဟုတ် ဘဏ်များ၏ အတိုးနှုန်း မြင့်သော ငွေချေးစာချုပ်များဝယ်ယူခြင်း၊ စုဆောင်းခြင်းများကြောင့် ငွေကြေးဖောင်းပွမှုကိုအတိုင်းအတာတစ်ခုအထိ တားဆီးပေးပါသည်။
သို့သော်လည်း အခြားဘေးထွက်ဆိုးကျိုးများအနေဖြင့် အစိုးရနှင့် ဘဏ်များ အနေဖြင့်လည်း ချေးယူထားသည့်အကြွေးများ၊ ဝယ်ယူထားသည့် ငွေချေးစာချုပ်များ အတွက်လည်း ပြန်ဆပ်ရမည့်(အတိုး) ငွေကြေးပမာဏမြင့်တက်လာခြင်းကြောင့်ကြွေးပိသထက်ပိလာခြင်းကို ဖြစ်စေပါသည်။ အစိုးရများအနေဖြင့် အကြွေးမဆပ် နိုင်ခြင်းကြောင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများပြန်လည်ရရှိမည့် ငွေကြေးများမရရှိခြင်း၊ အတိုးနှုန်း များနေခြင်းကြောင့် အစိုးရနှင့် ဘဏ်များမှ ငွေအမြောက်အမြား ချေးယူရန်လည်း မလွယ်ကူခြင်းကြောင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးလည်ပတ်မှုများ တုံ့ဆိုင်း သွားခြင်းစသည့် အဆိုးကျော့သံသရာ အခြေအနေကို ဝင်ရောက်လာခြင်းကို ဖြစ်စေပါသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ကိန်းဂဏန်းများအရ ကမ္ဘာ့စီးပွားရေးအခြေအနေမှာ အဆိုးကြီးမဟုတ်ဟု ဆိုနိုင်သော်လည်း ထိုအခြေအနေသည် ကြာရှည်ခံမည်မဟုတ်ဘဲ အစိုးရ၏အကြွေးများ မထိန်းနိုင်တော့ခြင်း၊ ဘဏ်များပြိုလဲခြင်း၊ ထိုမှတစ်ဆင့် စီးပွားရေးနှင့် ဘဏ္ဍာရေးအလုံးစုံပြိုလဲသွားခြင်းစသည့် မမျှော်မှန်းနိုင်သော အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟု သုံးသပ်နေကြခြင်းဖြစ်ပါသည်။ အစိုးရများအနေဖြင့်လည်း ရေတိုအခြေအနေကို ထိန်းသိမ်းရန်အတွက် အတိုးနှုန်းလျှော့ချခြင်းအား စွန့်စားမှုမယူလိုကြဘဲ တဖြည်းဖြည်းမထိန်းနိုင်သည့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာတော့မည့် အခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။
နိုင်ငံတစ်ခု၏ ငွေကြေးအတက်အကျသည် ကမ္ဘာ့စီးပွားရေး၊ သို့မဟုတ် ကမ္ဘာ့ဦးဆောင်ငွေကြေးပိုင်ရှင် နိုင်ငံများ၏ မူဝါဒပေါ်တွင်လိုက်၍ အတက်အကျရှိနိုင် ပါသည်။ သို့သော် နိုင်ငံတစ်ခု၏ စီးပွားရေးကို ထိန်းသိမ်းနိုင်မည့် အခြေခံအချက်မှာ မိမိ၏ဝင်ငွေထက် သုံးငွေပိုမများစေရန်၊ တစ်နည်းအားဖြင့် Trade Deficit ဟုခေါ်သော ကုန်သွယ်မှုလိုငွေမပြအောင် ထိန်းသိမ်းနိုင်ခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် မသေချာမရေရာလှသော ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး အခြေအနေများတွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် မလိုအပ်သော အသုံးစရိတ်များကို လျှော့နိုင်သမျှ လျှော့ချ၍ အရံရွှေနှင့် ငွေကြေးစုဆောင်းထားနိုင်ခြင်းသည်သာ သက်ဆိုင်ရာနိုင်ငံများအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
144110623

[1]။ “The world economy is defying gravity. That cannot last”. The Economist, November 2, 2023 [https:// www. https://economist.com/.../the-world-economy-is-defying...]

Thursday, November 2, 2023

အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုများသည် အာရှဒေသ၏ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 




နိဒါန်း
လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခများနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံအနေဖြင့် ဖြေရှင်းဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတို့ ၎င်းပဋိပက္ခတွင် ပါဝင်လာမည်ဆိုပါက အမေရိကန်နိုင်ငံအနေဖြင့် မနိုင်ဝန်ထမ်းရမည့် အခြေ အနေများ၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခများသည် အာရှဒေသအား တစ်နည်းမဟုတ်တစ်နည်း ရိုက်ခတ်လာနိုင်ခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ရုရှား-ယူကရိန်းစစ်ပွဲအပြင် လက်ရှိ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွား နေသည့် အစ္စရေးနှင့် ပါလက်စ္စတိုင်းဟားမက်စ်အဖွဲ့တို့အကြား ထိပ်တိုက်ထိတွေ့မှု များသည် ကမ္ဘာ့အခင်းအကျင်း (Global Order) ကို တုန်လှုပ်စေခဲ့ပါသည်။ ဟားမက်စ် အဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံအား အလစ်အငိုက် တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁,၀၀၀ ခန့်အား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ပါလက်စ္စတိုင်း အရေးကို ကာလရှည်ကြာမျက်ကွယ်ပြုခဲ့ခြင်းကြောင့် တုံ့ပြန်လာခြင်းဖြစ်သော်လည်း အဆိုပါအကြမ်းဖက်မှုများကို ခွင့်လွှတ်ပေးနိုင်မည်မဟုတ်ဟုဆိုသည်။ ဟားမက်စ်အဖွဲ့ သည် နိုင်ငံခြားသားများအပါအဝင် ပြည်သူ ၁၀၀ ကျော်အား ဓားစာခံအဖြစ် ဖမ်းဆီး၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အစ္စရေးနိုင်ငံအနေဖြင့် ၎င်းလုံခြုံရေး အတွက် ခုခံကာကွယ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါခုခံကာကွယ်မှုတွင် အစ္စရေးနိုင်ငံ၏ ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ မြေပြင်ထိုးစစ်ဆင်မှုများသည် အရှေ့အလယ်ပိုင်းဒေသအပေါ် သက်ရောက်လာနိုင်မှုနှင့် ပတ်သက်ပြီး မေးခွန်းများထွက်ပေါ်လျက်ရှိပါသည်။ ဥပမာအားဖြင့် ပြည်သူလူထု ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဂါဇာဒေသ အား ထိန်းချုပ်ထားနိုင်မည့်နည်းလမ်းများ၊ ထိန်းချုပ်ထားနိုင်မည်ဆိုပါက ဒေသတွင်း တည်ငြိမ်မှုများကို မည်ကဲ့သို့လုပ်ဆောင်ရမည့် နည်းလမ်းများနှင့်ပတ်သက်၍ မေးခွန်း များရှိနေပါသည်။ အနောက်နှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ လုံခြုံရေး ကျွမ်းကျင်သူများ အနေဖြင့်လည်း ဖြစ်လာနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ တိကျစွာခန့်မှန်း နိုင်ခြင်းမရှိဘဲ အဆိုးရွားဆုံး ခန့်မှန်းချက်များအရ ဂါဇာဒေသကို တိုက်ခိုက် ခြင်းသည် အခြေအနေပိုမိုဆိုးရွားလာနိုင်ပြီး ဒေသတွင်းပဋိပက္ခများ အရှိန်မြင့်တက် လာနိုင်ပါသည်။ ထို့ပြင် ယူကရိန်းအရေးနှင့် အရှေ့အလယ်ပိုင်းဒေသတွင်းရှိ ပဋိပက္ခများပိုမိုပြင်းထန်လာခြင်းသည် ထိုင်ဝမ်ရေလက်ကြားအရေးနှင့် ကိုရီးယားကျွန်းဆွယ် အရေးကိစ္စများကိုပါ သက်ရောက်စေနိုင်ပြီး အမေရိကန်တွင် ထိုဒေသ ၂ ခုလုံး၌ ဖြစ်ပွားနေသည့် ပဋိပက္ခများအားလုံးကို တစ်ပြိုင်နက်ဖြေရှင်းနိုင်သည့် စစ်ရေး အင်အားလုံလောက်မှုမရှိကြောင်း ဖော်ပြထားပါသည်။
၂၀၁၃ ခုနှစ်တွင် အမေရိကန်သမ္မတ Barack Obama က အမေရိကန်နိုင်ငံ အနေဖြင့် ကမ္ဘာ့အရေးကိစ္စများတွင် အမြဲတမ်းပါဝင်စွက်ဖက်သူ (World’s Policeman) အဖြစ် ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ကြောင်း စတင်ပြောဆိုခဲ့ပြီးနောက် အမေရိကန်နိုင်ငံအနေဖြင့် စစ်မျက်နှာနှစ်ခု တစ်ပြိုင်နက်ဖွင့်ရမည့်အခြေအနေ မဖြစ်ပွားစေရန်နှင့် ၎င်းစစ်မျက်နှာနှစ်ခုရင်ဆိုင်သည့် စစ်ရေးအယူအဆများကိုလည်း ရပ်တန့်နိုင်ရေး ပြင်ဆင်ခဲ့ပါသည်။ ဥရောပ၊ အရှေ့အလယ်နှင့် အာရှဒေသတို့တွင် စစ်ပွဲများ ဖြစ်ပွားခဲ့မည်ဆိုပါက အမေရိကန်စစ်ဘက်အနေဖြင့် နိုင်နင်းအောင်ဆောက်ရွက် နိုင်ခြင်း ရှိ/မရှိနှင့်ပတ်သက်၍ ပင်တဂွန် ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ဥက္ကဋ္ဌ Mark Milly က အမေရိကန်နိုင်ငံအနေဖြင့် စစ်မျက်နှာတစ်ခုအတွက် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေချိန်တွင် အခြားစစ်မျက်နှာအား ထိန်းချုပ်ဟန့်တားမှုများ (Deterrence) ဆောင်ရွက်ထားနိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု ဆိုသည်။ ပဋိပက္ခစတင်ဖြစ်ပွားသည့် နေရာတွင် စစ်ပွဲမဖြစ်ပွားအောင် ဟန့်တားနိုင်ရန်ကြိုးပမ်း၍ နောက်ဆက်တွဲစစ်ပွဲများ မဖြစ်ပွား စေရေး ထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကယ်၍ တရုတ်နိုင်ငံက ထိုင်ဝမ်အားကျူးကျော်ပြီး မြောက်ကိုရီးယားတပ်ဖွဲ့များ တောင်ကိုရီးယားဘက်သို့ ကျူးကျော်လာမည်ဆိုပါက အမေရိကန်အနေဖြင့် စိုးရိမ်ဖွယ်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိပါသည်။ အဆိုပါအခြေအနေကို ဟန့်တားနိုင်ရန်အတွက် အမေရိကန်နှင့် ၎င်းမိတ်ဖက်နိုင်ငံများ အနေဖြင့် တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတို့အား ဟန့်တားမှုများ တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့အပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဆိုင်ရာ အကြံပေးတစ်ဦးက ဥရောပဒေသတွင်းစစ်ပွဲများသည် မြေပြင်တပ်ဖွဲ့များအဓိကထား အသုံးပြုရခြင်းကြောင့် (ကုန်းမြေပေါ်တွင်ဗဟိုပြု၍ ဖြစ်ပွားသည့်စစ်ပွဲ) အာရှဒေသ၏လုံခြုံရေးအပေါ် ကြီးမားစွာ သက်ရောက်မှုမရှိနိုင်သော်လည်း အာရှဒေသရှိစစ်ပွဲများသည် ရေပြင်ကိုဗဟိုပြု၍ ဖြစ်ပွားမည်ဖြစ်ခြင်းကြောင့် သက်ရောက်မှုကြီးမားနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် အမေရိကန် နိုင်ငံအနေဖြင့် စစ်၏သဘောသဘာဝမတူညီသည့် ဒေသနှစ်ခုအတွင်း တစ်ပြိုင်နက် စစ်မျက်နှာဖွင့်နိုင်ရန်မှာ လွယ်ကူသည့်ကိစ္စရပ်တစ်ခုမဟုတ်ဘဲ လက်နက်ခဲယမ်းများ၊ ဒုံးကျည်များနှင့် လေယာဉ်များကို စစ်မျက်နှာ ၂ ခုလုံးတွင် အသုံးပြုရမည်ဖြစ်ပါသည်။ ထို့ကြောင့် ဂျပန်နိုင်ငံသည် လာမည့် ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၎င်း၏ စစ်ရေး အသုံးစရိတ်အား ၂ ဆအထိ တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့ပြီး အမေရိကန်နှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်လျက်ရှိပါသည်။ ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံ တို့မှ ခေါင်းဆောင်တို့သည် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးပွဲတစ်ခု ကျင်းပခဲ့ပါသည်။
သို့သော်လည်း ထိုင်ဝမ်အရေးကိစ္စတွင် အမေရိကန်နိုင်ငံအတွက် အရေးသာသည့် အခြေအနေမရှိပါ။ အာရှဒေသအတွင်းရှိ အမေရိကန်-တရုတ် အင်အား နှိုင်းယှဉ်ရာတွင် တရုတ်နိုင်ငံက သာလွန်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံဘက်မှ ခန့်မှန်းချက်များအရ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တိုက်ခိုက်ရေးဂျက်လေယာဉ်များ၊ ရေပြင်တိုက်ခိုက်ရေးသင်္ဘောများနှင့် ရေငုပ်သင်္ဘောများသည် အမေရိကန် အင်ဒို-ပစိဖိတ်ဌာနချုပ်ရှိ သင်္ဘောအရေအတွက် (ဂျပန်၏ စစ်အင်အားအပါအဝင်) ထက် ၅ ဆမှ ၅.၆ ဆခန့်အထိ သာလွန်များပြားလျက်ရှိပါသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်အထိ နှိုင်းယှဉ် မှုတွင် တရုတ်နိုင်ငံ၏ တိုက်ခိုက်ရေးဂျက်လေယာဉ်များသည် အနောက်အုပ်စုနှင့် ၎င်း၏ မဟာမိတ်များထက် ၃.၇ ဆ၊ ရေပြင်တိုက်ခိုက်ရေးသင်္ဘောများတွင် ၁.၅ ဆနှင့်ရေငုပ်သင်္ဘော ၂.၅ ဆ ခန့်အထိ သာလွန်နေပါသည်။
ဂျပန်နှင့် အမေရိကန်တပ်ဖွဲ့ များအနေဖြင့် အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားအတွင်း ဖြစ်လာနိုင်သည့် တိုက်ပွဲငယ်ပုံစံများနှင့် war game ပုံစံစစ်ကစားမှုလေ့ကျင့်ခန်းများ လုပ်ဆောင် နေသော်လည်း တရုတ်နိုင်ငံနှင့် လက်တွေ့ ထပ်တိုက်ရင်ဆိုင်ရန်မဖြစ်နိုင်သေးဟု ဆိုသည်။ ထို့ကြောင့် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ပွဲများ တစ်ပြိုင်နက်ဖြစ်ပွားခဲ့ပါက တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့အနေဖြင့် ၎င်းတို့အကျိုးအမြတ်အတွက် အခွင့်ကောင်းယူလာနိုင် ဖွယ်ရှိခြင်းကြောင့် ထိုသို့ ဖြစ်ပေါ်မလာစေရေးအတွက် အမေရိကန်နှင့် ၎င်း၏ မဟာမိတ် များအနေဖြင့် တရုတ်နှင့်မြောက်ကိုရီးယားနိုင်ငံအား ဟန့်တားမှုများ တိုးမြှင့်လုပ်ဆောင် ရမည်ဟု ဆိုပါသည်။
ထို့အပြင် အာရှဒေသ၏ နောက်ထပ်ရင်ဆိုင်ရမည့် အားနည်းချက်များအနက် တစ်ခုမှာ စွမ်းအင်ကဏ္ဍတွင် အရှေ့အလယ်ပိုင်းဒေသအား မှီခိုနေရခြင်း ဖြစ်ပါသည်။ ဂျပန်နိုင်ငံအနေဖြင့် အသုံးပြုနေသည့် ရေနံ ၉၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်း ဒေသမှ တင်သွင်းလျက်ရှိပြီး တောင်ကိုရီးယားနိုင်ငံက ၆၀ ရာခိုင်နှုန်း တင်သွင်းလျက်ရှိပါသည်။ ထို့အပြင် ၁၉၄၈ ခုနှစ်နှင့် ၁၉၇၃ ခုနှစ် တို့အကြား ဖြစ်ပွားခဲ့သည့် အာရပ်-အစ္စရေးစစ်ပွဲများတွင် ကမ္ဘာ့နိုင်ငံများ ဆက်လက်ရပ်တည် လည်ပတ်နိုင်ခြင်းသည် အမေရိကန်နိုင်ငံက ဒေသတွင်းတည်ငြိမ်ရေးအတွက် ဦးဆောင်နေခြင်းကြောင့် ဖြစ်ပါသည်။ သို့သော်လည်း လက်ရှိအချိန်တွင် အခြေအနေများက မတူညီတော့သည်ကို တွေ့ရှိရသည်။ အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ဖျန်ဖြေမှုများ ပြုလုပ်၍ အရှေ့အလယ်ပိုင်းဒေသတွင်း ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်ရေး ဆောင်ရွက်ရန်ကြိုးပမ်းခဲ့သော်လည်း ယခုအချိန်တွင် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါ။
အကယ်၍ အမေရိကန်၏ အစီအစဉ်အတိုင်း ဆော်ဒီအာရေဗျနှင့် အခြား ပင်လယ်ကွေ့နိုင်ငံများက အစ္စရေးနှင့် လက်တွဲ၍ အီရန်နိုင်ငံအား ရင်ဆိုင်ထားမည် ဆိုလျှင်သော်မှ ဒေသတွင်းတင်းမာမှုများကို လျှော့ချနိုင်မည်မဟုတ်ဘဲ တည်ငြိမ်မှုကို အတိုင်းအတာတစ်ခုအထိသာ ထိန်းထားနိုင်မည်ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်က ရင်ဆိုင်ခဲ့ရသည့် အခြေအနေများကို ဥပမာယူခြင်းအားဖြင့် ယခုဥရောပနှင့် အရှေ့ အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ပဋိပက္ခများသည် အာရှဒေသသို့ မတည်ငြိမ်မှုများ တစ်နည်းမဟုတ်တစ်နည်း ကူးစက်လာနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်နှင့် အာရှဒေသမှ ၎င်းမဟာမိတ်များအနေဖြင့် သမိုင်းကြောင်းမှ သင်ခန်းစာ ယူပြီးဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဤဆောင်းပါးသည် အနောက်အုပ်စု၏အာဘော်ဖြစ်ပြီး လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကို အခွင့်ကောင်းယူလာနိုင်ဖွယ်ရှိသည့် တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံအား ကြိုတင်ဟန့်တားမှုများ၊ ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ရန် အကြံပြုရေးသား ထားခြင်းဖြစ်ပါသည်။ ယခုလက်ရှိဖြစ်ပွားနေသည့် ရုရှား-ယူကရိန်းစစ်ပွဲနှင့် အစ္စရေး- ဟားမက်စ်စစ်ပွဲများတွင် အမေရိကန်နိုင်ငံအနေဖြင့် တိုက်ရိုက်ပါဝင်ဆင်နွှဲနေခြင်း မဟုတ်သော်လည်း ၎င်းအနေဖြင့် နောက်ကွယ်မှထောက်ပံ့ပေးထားသည့် အကြီးစား ကိုယ်စားပြုစစ်ပွဲ (Big Proxy-War) များပင်ဖြစ်ပါသည်။
၎င်းအပြင် အင်ဒို-ပစိဖိတ်ဒေတွင်းရှိ အမေရိကန်နိုင်ငံနှင့် ၎င်းမဟာမိတ်များ၏ စစ်အင်အားနှင့် တရုတ်နိုင်ငံ၏ စစ်အင်အားကိုနှိုင်းယှဉ်ပြထားပြီး အကယ်၍ အမေရိကန် အနေဖြင့် စစ်ပွဲများတွင် တိုက်ရိုက်ပါဝင်လာမည်ဆိုပါက ကမ္ဘာ့ဒေသများ အားလုံးတွင် စစ်မျက်နှာ ၂ ခုဖွင့်နိုင်မည်မဟုတ်ကြောင်း ကြိုတင်ထောက်ပြ အကြံပြုချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် အမေရိကန်သမ္မတ Barack Obama က အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့အရေးကိစ္စများတွင် အမြဲတမ်းဝင်ရောက်စွက်ဖက်သူ (World’s Policeman) အဖြစ် ဆက်လက်လုပ်ဆောင်မည် မဟုတ်ဟု ပြောကြားခဲ့ သော်လည်း အမေရိကန်အနေဖြင့် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒများကို ထိရောက်စွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခြင်းကြောင့် ယခုကဲ့သို့ ဘေးကျပ်နံကျပ် အနေအထားသို့ ရောက်ရှိလာခဲ့သည်ဟု သုံးသပ်နိုင်ပါသည်။
ထို့ကြောင့် အမေရိကန်နိုင်ငံအနေဖြင့် အလေးထားဆောင်ရွက်မည့် နည်းလမ်း မှာ ကြိုတင်ခြိမ်းခြောက် ဟန့်တားခြင်း (Deterrence) နည်းလမ်းသည် ပြိုင်ဘက်အား ရည်ရွယ်ချက်ပျက်ပြားစေရန်၊ အလုပ်များနေစေရန်၊ အားနည်းနေစေရန် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် ပြိုင်ဘက်ရန်သူများအတွက် ပဋိပက္ခအသေးစားများဖန်တီးခြင်း၊ စီးပွားရေးအရ ပိတ်ဆို့ခြင်းများဆောင်ရွက်၍ ဖိအားပေးထားခြင်း၊ ပြည်တွင်းရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်အောင် ဖန်တီးခြင်း စသည့်နည်းလမ်းများ ပါဝင်လျက်ရှိပါ သည်။ ထို့ကြောင့် အမေရိကန်၏ အဓိကစိုးရိမ်မှုဖြစ်နေသည့် တရုတ်နိုင်ငံအတွက် ပထဝီဝင်နိုင်ငံရေးအရ၊ တည်နေရာအရ အရေးပါနေသည့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံအားဝိုင်းပတ်ပိတ်ဆို့ခြင်း၊ ဖိအားပေးခြင်းမဟာဗျူဟာအတွက် အဓိကဗဟိုချက်တစ်ခု ဖြစ်မလာစေရေးသည် သက်ဆိုင်ရာ နိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
143110323

[1]။ HIROYUKI AKITA. “Tensions in Middle East threaten security in Asia”. Nikkei Asia. October 29, 2023, [https://asia.nikkei.com/.../Tensions-in-Middle-East...]

Wednesday, November 1, 2023

အမေရိကန်နိုင်ငံအနေဖြင့်တရုတ်နိုင်ငံနှင့် ပွင့်လင်းမြင်သာမှုရှိသော သံတမန်ဆက်ဆံရေး ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းနေမှုများ

 


နိဒါန်း
အမေရိကန်သမ္မတ Joe Biden သည် နိုဝင်ဘာလတွင် ဆန်ဖရန်စစ္စကို၌ ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ Xi Jinping နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ရန် အမေရိကန်နိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ [1]
ဖော်ပြချက်
အမေရိကန်သမ္မတ Joe Biden သည် အောက်တိုဘာလ ၂၇ ရက်နေ့၌ အိမ်ဖြူတော်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် တစ်နာရီကြာ တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံနှင့် ပွင့်လင်းမြင်သာသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ပြောကြားခဲ့ပါသည်။ Roosevelt Room တွင် ကျင်းပခဲ့သည့် ၎င်းအစည်းအဝေးသို့ အမေရိကန်နိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan တို့ တက်ရောက်ခဲ့သည်ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ပြောကြားခဲ့ပါသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်း သီးခြားတွေ့ဆုံဆွေးနွေးမှုတွင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့သည် နိုဝင်ဘာလတွင် ဆန်ဖရန်စစ္စကို၌ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး Asia-Pacific Economic Cooperation (APEC) Leaders Summit တွင် အမေရိကန်သမ္မတ Joe Biden နှင့် တရုတ် သမ္မတ Xi Jinping တွေ့ဆုံရန် သဘောတူညီခဲ့သည်ဟု အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။
အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ကာလရှည်ကြာ သံတမန်ဆက်ဆံရေးရှိခဲ့သည့် နိုင်ငံများဖြစ်ပြီး အမေရိကန်သမ္မတ Joe Biden အနေဖြင့်လည်း တရုတ်သမ္မတ Xi Jinping နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ရန် မျှော်လင့်လျက်ရှိသည်ဟု ဆိုသည်။ အမေရိကန်သမ္မတ Joe Biden က “အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံစလုံးသည် သံတမန်ဆက်ဆံရေးတွင် ပြိုင်ဆိုင်မှုများကို တာဝန်သိစွာစီမံခန့်ခွဲရန်နှင့် ပွင့်လင်းသော ဆက်သွယ်ရေးလမ်းကြောင်း များကို ထိန်းသိမ်းထားရန် လိုအပ်သည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့အနေဖြင့် နယ်ပယ်အသီးသီးရှိ နှစ်နိုင်ငံကြား ယှဉ်ပြိုင်မှုများ၌ မျှတမှုရှိစွာ ယှဉ်ပြိုင်ဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံသံတမန်ရေးတွင် ပွင့်လင်းမြင်သာမှုရှိစွာ ဆက်ဆံမှုပြုလုပ်နိုင်ရန်လိုအပ်ပါသည်။ နိုင်ငံတကာတွင် ဖြစ်ပေါ် နေသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာအခက်အခဲများကိုလည်း နှစ်နိုင်ငံအတူတကွ လက်တွဲ ရင်ဆိုင်ဖြေရှင်းမှုများ ပြုလုပ်ဆောင်ရွက်သွားရမည်ဖြစ်သည်ဟု အမေရိကန်သမ္မတ Joe Biden က အလေးအနက်ထားပြောကြားခဲ့ပါသည်။ အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည့် အစည်းအဝေးမှတ်တမ်းတွင် အမေရိကန်သမ္မတ Joe Biden က ဝန်ကြီးချုပ်ဟောင်း Li Keqiang ကွယ်လွန်မှုနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
The Diplomat ၏ ဖော်ပြချက်[2]တွင်လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က မီဒီယာများသို့ပြောကြားရာတွင် ပြေရာပြေကြောင်း ပြောဆိုသည့်သဘောထားကိုတွေ့ရပြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြားတွင် သဘောထား မတိုက်ဆိုင်မှုများနှင့် မတူညီမှုများရှိနေသည်ဟုဆိုသည်။ သို့သော်လည်း တရုတ်နှင့် အမေရိကန်နိုင်ငံ တို့တွင် အရေးကြီးသော ဘုံအကျိုးစီးပွားများလည်းရှနေပြီး အတူတကွပူးပေါင်း၍ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများလည်းရှိနေပါသည်။ ထို့ကြောင့် တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံ အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများလိုအပ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးမှုများ ပြန်လည် စတင်ရုံဖြင့် မလုံလောက်ဘဲ နက်ရှိုင်းပြီး ကျယ်ဝန်းသည့် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ရန်လိုကြောင်း၊ ထိုအရာကပင် တရုတ်နှင့် အမေရိကန်အကြား တည်ငြိမ်သည့် ဆက်ဆံရေးကို ပြန်လည်ဖော်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း Wang Yi က ပြောကြားခဲ့ပါသည်။ ထိုသို့ အမေရိကန်သမ္မတ Joe Biden အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi အား လက်ခံ တွေ့ဆုံမှုသည် ပြီးခဲ့သည့်ဇွန်လအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ Xi Jinping က ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခွင့် ပေးခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်းလည်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
မေလအတွင်းက တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao အနေဖြင့် APEC ၏ အစီအစဉ်တစ်ခုသို့ တက်ရောက်ခဲ့သည်မှလွဲ၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ၏ အမေရိကန်ခရီးစဉ်သည် ၂၀၁၈ ခုနှစ် မှစ၍ ၅ နှစ်ကျော်အကြာ တွင် ပထမဆုံး တရုတ်နိုင်ငံ၏ အဆင့်မြင့်အရာရှိကြီးတစ်ဦး ရောက်ရှိလာခြင်းဟု ဆိုရမည်ဖြစ်ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများအနေဖြင့် အီတလီ၊ ဆွစ်ဇာလန်၊ အင်ဒိုနီးရှားစသည့် နိုင်ငံများတွင်သာ ရံဖန်ရံခါ တွေ့ဆုံမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၊ ဇူလိုင်လ အစောပိုင်းတွင်ဘဏ္ဍာရေးဝန်ကြီး Janet Yellen၊ ဇူလိုင်လနှောင်းပိုင်းတွင် အမေရိကန်သမ္မတ၏ ရာသီဥတုဆိုင်ရာသံတမန် John Kerry နှင့် ဩဂုတ်လတွင် ကုန်သွယ်ရေးဝန်ကြီး Gina Raimondo တို့ တရုတ်နိုင်ငံသို့ ဆက်တိုက်လာရောက်ခဲ့ကြပါသည်။ ဤ သံတမန်ရေးရာ လုပ်ဆောင်မှုများကို ကြည့်ခြင်းဖြင့် အမေရိကန်နိုင်ငံအနေဖြင့် တရုတ် နိုင်ငံနှင့် စေ့စပ်ညှိုနှိုင်းရန်၊ တွေ့ဆုံဆွေးနွေးရန် သဘောထားကို စတင်ပြသနေခဲ့ခြင်းဟု ယူဆနိုင်ပါသည်။
ယခု တရုတ်နိုင်ငံခြားရေး Wang Yi ၏ အမေရိကန်ခရီးစဉ်တွင်လည်း လာမည့် အမေရိကန်သမ္မတ Joe Biden အနေဖြင့် နိုဝင်လာလတွင် အမေရိကန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (APEC) တွင် တရုတ်သမ္မတ Xi Jinping ကိုယ်တိုင်တက်ရောက်ရန် ဆန္ဒရှိနေသော်လည်း အမေရိကန်သမ္မတ Joe Biden နှင့် တရုတ်သမ္မတ Xi Jinping တို့၏ တွေ့ဆုံမှုအစီအစဉ်သည် လွယ်ကူချောမွေ့နိုင်မည့် အလားအလာ မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ၎င်း၏ သံတမန် ခရီးစဉ်အပြီးတွင် နိုင်ငံပိုင်သတင်းမီဒီယာတစ်ခုတွင် ပြောကြားခဲ့ပါသည်။[3] တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ၏ ပြောကြားချက်အရ နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်မှု မြှင့်တင်ရန် မျှော်လင့်ပြီး နိုင်ငံ့ခေါင်းဆောင်နှစ်ဦးအနေဖြင့် APEC ထိပ်သီးအစည်းအဝေးသို့ အတူတကွတက်ရောက်ရန် သဘောတူညီခဲ့သည်ဟု ဆိုသော်လည်း တရုတ်သမ္မတ Xi Jinping အနေဖြင့် ယခုအချိန်အထိ တက်ရောက်ရန် တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးသည်ကို တွေ့ရှိရပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန်ရှိသောကြောင့် တရုတ်နှင့် ဆက်ဆံရေးတိုးမြှင့်ရန်ထက် ပြည်တွင်း ပါတီနိုင်ငံရေး ပြိုင်ဆိုင်မှုများက အားကောင်းလျက်ရှိပါသည်။ ယခု Wang Yi ၏ ခရီးစဉ်တွင်လည်း လွှတ်တော်အတွင်းရှိ ရီပါဘလစ်ကန်အမတ်များက သမ္မတ Joe Biden အား နိုင်ငံရေးအရထိုးနှက်မှုများ ဆောင်ရွက်နေပြီး တရုတ်နိုင်ငံအပေါ်လည်း “the CCP has made clear that it is an unreliable partner” ဟူသည့် အပြုသဘော မဆောင်သည့် သဘောထားများကို ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။[4]
ထို့ကြောင့် တရုတ်နှင့် အမေရိကန်တို့အနေဖြင့် ထိပ်တိုက်တွေ့မှုများကို ရှောင်ရှားနိုင်ရန်အတွက်သာ ဟန်ပြသံတမန်ရေးရာများ ဆောင်ရွက်နေသော်လည်း လက်တွေ့ကျသည့် တွေ့ဆုံညှိနှိုင်းမှုများနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက် နိုင်မှုများ ဆောင်ရွက်နိုင်မှု မရှိကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံအား ဝိုင်းပတ်ပိတ်ဆို့ရန် ကြိုးပမ်းနေသည့် အမေရိကန်နိုင်ငံ တို့အကြား သံတမန်ရေးဆိုင်ရာ ကစားကွက်များနှင့် မူဝါဒများကို မျက်ခြည်မပြတ်သိရှိနေပြီး သံတမန်ရေးရာမူဝါဒများကို လိုအပ်သလို ထိန်းညှိမှုများ ဆောင်ရွက်နိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
142110223
[1]။ Ken Moriyasu,“Biden Meets China's Wang Yi, In Prep for Summit with Xi”. Nikkei Asia. 28 October 2023, [/https://asia.nikkei.com/.../Biden-meets-China-s-Wang-Yi.../]
[2]။ Shannon Tiezzi,“After 5 Year Absence, China’s Foreign Minister Visits Washington”. The Diplomat. 28 October 2023, [/https://thediplomat.com/.../after-5-year-absence-chinas.../]
[3]။ “China's foreign minister Wang Yi says path to Biden-Xi meeting not smoot”. The Economic Times. 29 October 2023, [/https://economictimes.indiatimes.com/ news/international/ world-news/chinas-foreign-minister-wang-yi-says-path-to-biden-xi-meeting-not-smooth/article show/ 104795728.cms/]

[4]။ Shannon Tiezzi,“After 5 Year Absence, China’s Foreign Minister Visits Washington”. The Diplomat. 28 October 2023, [/https://thediplomat.com/.../after-5-year-absence-chinas... - minister-visits-washington/]