Wednesday, November 15, 2023

Srettha Thavisin ဦးဆောင်သည့်ထိုင်းအစိုးရနှင့် ပြည်တွင်းလုံခြုံရေး ကွပ်ကဲမှုအဖွဲ့အခြေအနေ

 


နိဒါန်း
ထိုင်းနိုင်ငံမှ စစ်တပ်မလိုလားသည့်နိုင်ငံရေးပါတီများသည် ထိုင်းတပ်မတော်၏ ပြည်တွင်းလုံခြုံရေးကွပ်ကဲမှုအဖွဲ့(ISOC)အား ဖျက်သိမ်းပေးရန် တောင်းဆိုမှုများ၊ လိုလားချက်များရှိခဲ့သော်လည်း ယခုထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Thavisin ဦးဆောင်သည့် အစိုးရလက်ထက်တွင် ထိုသို့ဖျက်သိမ်းရန်မဖြစ်နိုင်သေးသည့် ကိစ္စရပ်အား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Thavisin သည် ဘန်ကောက်မြို့ Ruedi နန်းတော်ရှိ ပြည်တွင်းလုံခြုံရေးကွပ်ကဲမှုအဖွဲ့ (Internal Security Operations Command -ISOC)သို့ နိုဝင်ဘာလပထမပတ်တွင် ပထမဆုံးအကြိမ်သွားရောက်ခဲ့ပါသည်။ Srettha သည် ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည့်အပြင် ISOC အဖွဲ့၏ ဒါရိုက်တာ အဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ၁၉၆၀ ပြည့်နှစ်များကတည်းက စတင်ဖွဲ့စည်း ခဲ့သော ISOC အဖွဲ့ကို ကွန်မြူနစ်ခြိမ်းခြောက်နိုင်မှုအလားအလာများကို စောင့်ကြည့်ရန်နှင့် ထိုင်းနိုင်ငံရှိ ကဏ္ဍအသီးသီးတွင် ထိုင်းစစ်တပ်၏ သြဇာလွှမ်းမိုးမှုအား တိုးမြှင့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုင်း လွှတ်တော်ရှိ Pheu Thai ပါတီ၏ အကြီးအကဲ Adisorn Piengkes က ထိုင်းပြည်သူများအား အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ပိုမိုပေးအပ်နိုင်ရန်အတွက် ISOC အဖွဲ့ကို ဖျက်သိမ်းရန် ၎င်း၏ X ဆိုရှယ် အကောင့်တွင် ရေးသားခဲ့ဖူးပါသည်။
၃။ ဝန်ကြီးချုပ် Srettha Thavisin ဦးဆောင်သော အစိုးရအဖွဲ့သည် ISOC အဖွဲ့ကို ဖျက်သိမ်းရန် လတ်တလောတွင် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သော်လည်း အချို့က Adisorn Piengkes ၏ အမြင်သည် မှန်ကန်သည်ဟု ယူဆကြပြီး အတိုက်အခံ Move Forward Party (MFP)ကလည်း ထောက်ခံခဲ့ပါသည်။ ဇူလိုင်လအတွင်းက ထိုင်းလွှတ်တော်၌ ISOC အဖွဲ့၏ အနာဂတ်ကို အပြောင်းအလဲ ဖြစ်ပေါ်စေမည့် ဥပဒေ ပြုရေးဆိုင်ရာ အဆိုတစ်ခုကိုတင်သွင်းခဲ့ပြီး စစ်တပ်ကို ပြုပြင်ပြောင်းလဲရန်နှင့် စီးပွားရေးဈေးကွက်လက်ဝါးကြီးအုပ်မှုများကို ဟန့်တားရန် ရည်ရွယ်သည့် ဥပဒေကြမ်း ခုနှစ်ခုအနက်မှတစ်ခုတွင် ISOC အဖွဲ့နှင့် အဓိကပတ်သက်နေပါသည်။ MFP ပါတီသည် ၂၀၀၈ ခုနှစ် ပြည်တွင်းလုံခြုံရေးဥပဒေ(2008 Internal Security Act)ကို ပြင်ဆင်ရန်နှင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထိုင်းနိုင်ငံကို အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်များ၏ အမျိုးသားတည်ငြိမ်အေးချမ်းရေးကောင်စီ(National Council for Peace and Order)မှ ထုတ်ပြန်ခဲ့သော အမိန့်များအားလုံးကို ဖျက်သိမ်းရန်အဆိုတစ်ရပ်အား တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
Adisorn Piengkes နှင့် MFP ပါတီတို့၏သဘောထားမှာ ISOC အဖွဲ့အနေဖြင့် ထိုင်းလူမျိုးများ ဆယ်စုနှစ်များစွာကြာခံစားခဲ့ရသည့် ထိုင်းစစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှု၊ နိုင်ငံတော်အကြမ်းဖက်မှုနှင့် သွေးမြေကျမှုကဲ့သို့သော သမိုင်းကြောင်းများနှင့် တိုက်ရိုက် ပတ်သက်နေပါသည်။ ၁၉၆၀ ပြည့်နှစ်အလယ်ပိုင်းကာလများတွင် အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ကွန်မြူနစ်များ၏ခြိမ်းခြောက်မှုကို တိုက်ဖျက်ရန် ISOC အဖွဲ့နှင့် လက်တွဲလုပ်ဆောင်ခဲ့ပါသည်။ ကွန်မြူနစ်လှုပ်ရှားမှု အလားအလာများနှင့် ပတ်သက်၍ ISOC အဖွဲ့သည် ထိုင်းနိုင်ငံအရှေ့မြောက်ဒေသရှိ တက္ကသိုလ်ကျောင်းသားများ၊ လယ်သမားများနှင့် အလုပ်သမားများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်မှုပြုလုပ်ခဲ့ပါသည်။ ၁၉၇၀ ပြည့်နှစ်များအတွင်း ISOC အဖွဲ့သည် Red Gaurs နှင့် Nawapon တို့ကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘုရင်စနစ် လိုလားသောအဖွဲ့အစည်းများကို ငွေကြေး ထောက်ပံ့ခဲ့ပါသည်။ ၎င်းအဖွဲ့များသည် ကျောင်းသားများ၏ အကြမ်းဖက်မှုကို နှိမ်နင်းရေးနှင့် ဥပဒေပြုရေးတို့တွင် အဓိကကျသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ၁၉၇၆ ခုနှစ် အောက်တိုဘာလတွင် Thammasat တက္ကသိုလ်၌ ကျောင်းသားများအား အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှု ပြုလုပ်ခဲ့သည်ဟုဆိုသည်။ ၂၀၂၀ ပြည့်နှစ်တွင် ISOC အဖွဲ့သည် ထိုင်းနိုင်ငံ၏ Deep South ပဋိပက္ခအတွင်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသည့် တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် နိုင်ငံရေးသမားများအား တိုက်ခိုက်သည့် ဆိုက်ဘာစစ်ပွဲတွင် ပါဝင် ဆင်နွှဲခဲ့သည်ဟု စွပ်စွဲခံခဲ့ရမှုအား ငြင်းဆိုခဲ့ပြီး သတင်းအတု/သတင်းအမှားများ ပျံ့နှံ့မှုကို တန်ပြန်ရန် သတင်းအချက်အလက်စစ်ဆင်ရေးကိုသာ ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်ဟောင်းဖြစ်သည့် ပရာယွတ်ချန်အိုချာ၏ တိုက်ရိုက်ကြီးကြပ်မှု အောက်တွင် ISOC အဖွဲ့သည် တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် နိုင်ငံရေး သမားများကို ဝေဖန်သည့် သတင်းများလွှင့်တင်နေသော အွန်လိုင်းဘလော့ဂ်တစ်ခုအား ပြုလုပ်ခဲ့သည်ဟု အတိုက်အခံအဖွဲ့များမှ ပြောကြားခဲ့သော်လည်း ISOC အဖွဲ့က ၎င်းဘလော့ဂ် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ “သတင်းအတု/ သတင်းအမှားများ”ကို တိုက်ဖျက်ရန် ဖြစ်ပြီး ၎င်း၏လုပ်ဆောင်ချက်များသည် တရားမျှတမှုရှိသည်ဟု ပြောကြားခဲ့ပါသည်။
ထိုင်းလွှတ်တော်တွင် ISOC အဖွဲ့အား ဟန့်တားရန် ပထမဆုံး တရားဝင် ကြိုးပမ်းမှုကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့ပါသည်။ ထိုအချိန်က Future Forward ပါတီ(ယခု MFP ပါတီ)သည် ISOC အဖွဲ့အား အစိုးရကို လိမ်လည် နေသည်ဟု လူသိရှင်ကြားစွပ်စွဲ၍ ၎င်း၏ရန်ပုံငွေအား ဖြတ်တောက်ရန် ကြိုးပမ်းခဲ့ပါသည်။ Future Forward ပါတီနှင့် ထိုင်းသတင်းအချို့က ISOC အဖွဲ့သည် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များအကြား အမုန်းပွားစေရန် ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အကြီးအကဲဖြစ်သူ Angkhana Neelapaijit နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း လူငယ် များသည် ထိုင်းစစ်တပ်ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့ကြပြီး MFP ပါတီခေါင်းဆောင် Pita Limjaroenrat က တိုင်းပြည်ကို စစ်အုပ်ချုပ်မှုမှ လွတ်ကင်းအောင် ပြုလုပ်မည်ဟု ကတိပြုခဲ့ပါသည်။
သို့သော်လည်း ထိုင်းနိုင်ငံ၏ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံ ထားသည့် ချို့ယွင်းချက်ရှိသော ရွေးကောက်ပွဲစနစ်၊ စစ်တပ်ကို လိုလားသည့် နိုင်ငံရေး ပါတီများ၏ ထောက်ခံမှုဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့ကာ အာဏာရလာသော Pheu Thai ပါတီမှ Srettha သည် ၎င်းညွန့်ပေါင်းအစိုးရ တည်မြဲရေးအတွက် စစ်တပ်ကို လိုလားသည့် အဖွဲ့များနှင့် အပေးအယူ ပြုလုပ်မည်သာဖြစ်သည်ဟု Thai Enquirer သတင်းဌာနမှ ဝေဖန်ခဲ့ပါသည်။ ထိုဝေဖန်ချက်နှင့်ပတ်သက်၍ Srettha က ၎င်း၏ အစိုးရသည် ထိုင်းနိုင်ငံတွင် ဆယ်စုနှစ် နှစ်ခုကြာ နိုင်ငံရေးအယူဝါဒဆိုင်ရာ ပဋိပက္ခ များဖြင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ၎င်းအနေဖြင့် အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်မှုကိုသာ လိုလားသည်ဟု ပြောကြားခဲ့သည် (တော်လှန်ရေးဆန်ဆန် ပြုပြင်ပြောင်းလဲခြင်းကိုမလိုလားဟုဆိုလို)။ ၎င်း၏အစိုးရအနေဖြင့် ထိုင်းစစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ လုပ်ဆောင်မည်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်အမြင်များ သဟဇာတဖြစ်အောင် ဆောင်ရွက်ကာ ပြည်သူအကျိုးအတွက်ရှေးရှု၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲများမှတစ်ဆင့် ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းရန်သာ လိုလားကြောင်း ပြောကြားခဲ့ပါသည်။
အတိုက်အခံ MFP ပါတီမှ တင်သွင်းသည့် ပြုပြင်ပြောင်းလဲရေး အကြံပြုချက်များ သည်လည်း Pheu Thai အစိုးရသစ်အပေါ်တွင် သြဇာညောင်းခြင်းမရှိသည်ကို တွေ့ရသည်။ Pheu Thai အစိုးရသစ်အနေဖြင့် တည်ငြိမ်သော ညွန့်ပေါင်းအစိုးရကို ထိန်းထားနိုင်စေရန် အတွက် ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ပဋိပက္ခများကို ရှောင်ရှားရမည် ဖြစ်ပါသည်။ United Thai Nation ပါတီ၏ လက်ထောက်ခေါင်းဆောင်နှင့် ယခင်ဝန်ကြီးချုပ်ဟောင်း ပရာယွတ်၏ရုံးမှ တွဲဖက်ဝန်ကြီးဟောင်း Thanakorn သည် ISOC အဖွဲ့ ဖျက်သိမ်းရေး အယူအဆကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပြီး ISOC အဖွဲ့သည် ပြည်တွင်းလုံခြုံရေးကို ကာကွယ်ရန်နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးရေးတွင် အဓိကကျသော အခန်း ကဏ္ဍမှ ပါဝင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ကွန်ဆာဗေးတစ်အဖွဲ့ဝင် Thanakorn သည် ဇူလိုင်လတွင် Pita အား ဝန်ကြီးချုပ်မဖြစ်စေရန် ပံ့ပိုးကူညီခဲ့သူ တစ်ဦးဖြစ်ပါသည်။
ထို့ကြောင့် ISOC အဖွဲ့ကိုဖျက်သိမ်းရန် ရည်ရွယ်သောမည်သည့်ကြိုးပမ်းမှုမဆိုလွှတ်တော်တွင် အောင်မြင်လာနိုင်ဖွယ်မရှိဘဲ MFP ပါတီအမတ် Romadon Panjor က ISOC အဖွဲ့အား ပစ်မှတ်ထားသည့် ဥပဒေမူကြမ်းကို အဆိုပြုသောအခါတွင် လွှတ်တော်အမတ်အများစုထံမှ ထောက်ခံမှုမရခဲ့ခြင်းကို တွေ့ရပါသည်။ ဆိုရှယ်မီဒီယာ X တွင် Srettha က ၎င်းသည် စစ်တပ်ကို ကျေနပ်စေရန် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ပြည်သူများ၏ အကျိုးစီးပွားကိုသာ ရှေးရှုဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ISOC အဖွဲ့ အနေဖြင့်လည်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုသာမက ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အာရုံစိုက်လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့ပါသည်။ ထို့ကြောင့် လက်ရှိအုပ်ချုပ်နေသော ညွန့်ပေါင်းအဖွဲ့ ဦးဆောင်နေသည့်ကာလပတ်လုံး ISOC အဖွဲ့အား ဖျက်သိမ်းနိုင်မည် မဟုတ်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
၁၉၆၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ထိုင်းနိုင်ငံ၏ Internal Security Operations Command (ISOC)အဖွဲ့သည် ထိုင်းဘုရင့်တပ်မတော်၏ နိုင်ငံရေးလက်ရုံးအဖွဲ့ဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်မှ ၁၉၈၀ ပြည့်နှစ်များအတွင်း ထိုင်းအစိုးရအား ဆန့်ကျင်သည့် နိုင်ငံရေး လှုပ်ရှားမှုများအား အဓိကနှိမ်နင်းသည့် တပ်ဖွဲ့တစ်ခုအဖြစ် လူသိများခဲ့ပါသည်။ ၎င်းအဖွဲ့ကို ကွန်မြူနစ်နှိမ်နင်းရေးစစ်ဆင်ရေးကွပ်ကဲမှု(Communist Suppression Operations Command-CSOC)အဖြစ် အမေရိကန်ပြည်ထောင်စု၏ အကူအညီဖြင့် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးကွန်မြူနစ်ဆန့်ကျင်ရေးစစ်ဆင်ရေးများကို ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလတွင် ထိုင်းစစ်တပ် အာဏာ သိမ်းပြီးနောက် ISOC အဖွဲ့ကို ပြည်တွင်းလုံခြုံရေးတာဝန်ယူသည့် အဖွဲ့အစည်းအဖြစ် ပြန်လည်အသက်သွင်းခဲ့ပြီး နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုများ၊ ဘုရင်စနစ်ကို ကာကွယ်ရန်၊ စည်းလုံးညီညွတ်မှုမြှင့်တင်ရန်နှင့် အများပြည်သူကို ထိခိုက်မှုမှ ကာကွယ်ရန် ရည်ရွယ်ပြီး ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။[2]
ယခုအခါ Pheu Thai ပါတီမှ အမတ်တချို့နှင့် ထိုင်းနိုင်ငံ အတိုက်အခံနိုင်ငံရေး ပါတီများအနေဖြင့် ISOC အဖွဲ့ကို ဖျက်သိမ်းနိုင်ရန် ကြိုးပမ်းမှုများ ဆောင်ရွက်လာကြ သော်လည်း ဝန်ကြီးချုပ် Srettha အနေဖြင့် စစ်တပ်နှင့် ထိပ်တိုက်တွေ့မည့် ကိစ္စရပ် များကို အတတ်နိုင်ဆုံးရှောင်ရှားပြီး ပြည်သူများ၏ အကျိုးစီးပွားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုသာ အထူးရှေးရှုဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့်လည်း အတိုက်အခံပါတီများဘက်မှ ၎င်းအားမကျေနပ်သည့် သဘောထားများကို ဖော်ပြ လာကြပြီး ယခုကဲ့သို့သော ဆောင်းပါးထွက်ပေါ်လာရခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင်လည်း ထိုင်းတပ်မတော်၏ နိုင်ငံရေးတွင် တိုက်ရိုက်ဝင်ရောက်ခဲ့ရမှုများ၊ အာဏာသိမ်းမှုများ အကြိမ်ပေါင်း ၂၂ ကြိမ် ဖြစ်ပွားခဲ့ရာတွင် ၁၃ ကြိမ်အောင်မြင်ခဲ့ပြီး ၉ ကြိမ်မှာ မအောင်မြင်ခဲ့သည့် အာဏာ သိမ်းမှုများဖြစ်ခဲ့ပါသည်။[3]ထိုသို့ ထိုင်းတပ်မတော်၏ နိုင်ငံရေးတွင် နက်ရှိုင်းစွာ ပတ်သက်ဆက်နွှယ်မှုများရှိနေသကဲ့သို့ ထိုအခြေအနေကို မလိုလားသည့် နိုင်ငံရေး ပါတီများနှင့် လူငယ်မျိုးဆက်သစ်များ၏ အတိုက်အခံပြုမှုများနှင့်လည်း ရင်ဆိုင်ရလျက် ရှိပါသည်။ သို့သော်လည်း ထိုင်းနိုင်ငံအနေဖြင့် ထိုင်းတပ်မတော်အပေါ် သဘောထား ပြင်းထန်လွန်းသည့် Move Forward Party မှ Pita ဝန်ကြီးချုပ် ဖြစ်မလာစေရန် တားဆီးနိုင်ခဲ့ပြီး နိုင်ငံရေးပဋိပက္ခများဖြစ်ပွားမည့်အရေးမှ အကောင်းဆုံး ရှောင်ရှား နိုင်ခဲ့သည်ကို တွေ့ရှိရသည်။
ယခုဝန်ကြီးချုပ် Srettha အနေဖြင့်လည်း ပြည်တွင်းစည်းလုံး ညီညွတ်ရေး ပျက်ပြားစေပြီး ထိုင်းစစ်တပ်အား မလိုအပ်ဘဲ အတိုက်အခံလုပ်ထိပ်တိုက်ရင်ဆိုင်ခြင်း၊ ညွန့်ပေါင်းအစိုးရအတွင်း တည်ငြိမ်မှုပျက်ပြားစေနိုင်ခြင်းတို့ကြောင့် ISOC ဖျက်သိမ်းရေးအား အတတ်နိုင်ဆုံးရှောင်ရှားနေသည်ကို တွေ့ရှိရပါသည်။ ပဋိပက္ခဟူသည် လူသားများ၏ မွေးရာပါ သဘောတရားတစ်ခုဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံရေးဟူသည်မှာ ဖြစ်ချင်သည်ထက်၊ လက်တွေ့တွင်ဖြစ်နိုင်သည့် ဖြစ်သင့် ဖြစ်ထိုက်သည့် တိုင်းပြည်နှင့် ပြည်သူမနာစေသောလမ်းကြောင်းကိုသာ ရွေးချယ်ရခြင်းဖြစ်ပါသည်။ ထိုသို့ သဘောထားကြီးပြီး ပညာရှိသည့် နိုင်ငံရေးယဉ်ကျေးမှုကို မတည်ဆောက်နိုင်သည့် လူ့အဖွဲ့အစည်းများတွင် ပဋိပက္ခများကြာရှည်မည်ဖြစ်ပြီး အဆိုးကျော့သံသရာထဲမှ ရုံးထွက်နိုင်ရန် ခက်ခဲမည်သာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
152111623
[1]။ Mark S. Cogan,“ISOC Once Again Puts Thailand’s Government Between the People and the Military”. The Diplomat. 9 November 2023, [/https://thediplomat.com/.../isoc-once-again.../]-accessed
[2]။ “Internal Security Operations Command - ISOC”. Global Security. [/https://www. globalsecurity. org/ intell//world/thailand/isoc.htm/]
[3]။ Kornelius Purba,“Thailand: A country of military coups, but stable and prosperous”. The Jakarta Post. 25 March 2023, [/https://www.thejakartapost.com/.../thailand-a.../]

Tuesday, November 14, 2023

မြန်မာနိုင်ငံရှိ တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှု ချိန်ခွင်လျှာအပြောင်းအလဲနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
မြန်မာနိုင်ငံတွင်းရှိ တရုတ်နှင့် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ချိန်ခွင်လျှာအပြောင်းအလဲများ၊ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တရုတ်နိုင်ငံ သာမက ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများပါ လျော့နည်းသွားနိုင်သည့် အခြေအနေနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းတွင် တရုတ်ကုမ္ပဏီများသည် မြန်မာစစ်အစိုးရ၏ သံတမန်ရေးနှင့် စီးပွားရေးအရ အထီးကျန်နေမှုကို အခွင့်ကောင်းယူပြီး ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI)၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(China-Myanmar Economic Corridor-CMEC)အောက်ရှိ အခြေခံ အဆောက်အဦစီမံကိန်းများကို အကောင်အထည်ဖော်ရန် တွန်အားပေးလာခဲ့ပါသည်။ သို့သော် နိုင်ငံရေးအပြောင်းအလဲများ စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် ၃ နှစ်ခန့်နီးပါး အတွင်း စီမံကိန်းအကောင်အထည်ဖော်နိုင်မှုများ နှေးကွေးခဲ့ပြီး CEMC စီမံကိန်းများ၏ အကောင်အထည်ဖော်နိုင်မှု အတိုင်းအတာကို ခိုင်ခိုင်မာမာ သက်သေမပြနိုင်ခဲ့သည်ကို တွေ့ရသည်။
အဆိုပါကာလအတွင်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခုတည်းကိုသာ ခိုင်ခိုင်မာမာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် အကျိုးတူပူးပေါင်းထားသည့် တရုတ် ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုဖြစ်သည့် CITIC Construction နှင့် CCCC FHDI တို့သည် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းစဉ်များအတွက် မြေအနေအထား ကွင်းဆင်းစစ်ဆေးခြင်း (Geotechnical Investigation)နှင့် စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ရန် တင်ဒါ(Tender)အောင်မြင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Myanmar Survey Research-MSR သည်လည်း ရေနက်ဆိပ်ကမ်း အစိတ်အပိုင်းတည်ဆောက်ခြင်း၊မဒဲကျွန်းနှင့် ရမ်းဗြဲကျွန်းကို ဆက်သွယ်ထားသည့် ၁၅ ကီလိုမီတာအရှည်ရှိလမ်း တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး အရ ထိခိုက်နိုင်မှုများကို အကဲဖြတ်ခြင်း (Environmental and Social ImpactAssessment-ESIA)များ ဆောင်ရွက်ရန်အတွက် တင်ဒါကိုရရှိခဲ့ပါသည်။
အစောပိုင်းတွင် MSR အနေဖြင့် ESIA လုပ်ငန်းများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပြီး မြေအနေအထား စစ်တမ်း ကောက်ယူခြင်းနှင့် ESIA လုပ်ငန်းများအပြီးတွင် စီမံကိန်းတည်ဆောက်ခြင်းကို အကောင်အထည်ဖော်နိုင်ရန် မျှော်မှန်းထားခဲ့ပါသည်။ သို့သော်လည်း MSR ၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစ၍ ESIA နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်နောက်ဆုံးအခြေအနေများကို ဖော်ပြခဲ့ခြင်းမရှိတော့ပါ။ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် CITIC Group (မြန်မာ)က စီမံကိန်းအတွက် မြေအနေအထား စစ်တမ်းကောက်ယူမှုများမှာ ပြီးဆုံးသွားပြီဖြစ်ပြီး ESIA လုပ်ငန်းများကို ပုံမှန်လုပ်ဆောင် နေသည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း စီမံကိန်းတည်ဆောက်မည့် အစီအစဉ် များကို ထုတ်ဖော်ထားခြင်းမရှိသေးသည်ကို တွေ့ရပါသည်။
မြန်မာသတင်းမီဒီယာတစ်ရပ်ဖြစ်သည့် BETV က ယခုနှစ် အောက်တိုဘာလလယ်တွင် တရုတ်နှင့် မြန်မာနိုင်ငံတို့မှ တာဝန်ရှိသူများသည် ကျောက်ဖြူစီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်လုပ်ဆောင်ရန် မူအားဖြင့် သဘောတူညီ ခဲ့သည်ဟု ဖော်ပြခဲ့သည်။ မြန်မာစစ်အစိုးရ အနေဖြင့်လည်း သဘောတူညီချက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် ဆန္ဒ ရှိနေသည်ဟု ဖော်ပြခဲ့သည်။ ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် မူလစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံတန်ဖိုးရှိပြီး CITIC အကျိုးတူလုပ်ငန်းစုမှ ရင်းနှီးမြှုပ်နှံငွေ ၈၅ ရာခိုင်နှုန်းပါဝင်ခဲ့ပါသည်။ စီမံကိန်းကုန်ကျစရိတ်များနှင့် တရုတ်နိုင်ငံ၏ ရှယ်ယာ ပါဝင်နေမှုများပြားနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရက ၂၀၁၈ ခုနှစ်တွင် ပြန်လည်ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်ခဲ့သည့်အတွက် စုစုပေါင်း ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ လျော့နည်းသွားခဲ့ပြီး တရုတ် နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံငွေပါဝင်မှုသည်လည်း ၇၀ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ပါသည်။
ယခုအခါ ထိုစီမံကိန်းနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခြင်းများ လုပ်ဆောင် ခဲ့သည်ဆိုခြင်းကို နှစ်နိုင်ငံတာဝန်ရှိသူများနှင့် နိုင်ငံပိုင်မီဒီယာများက တရားဝင်အတည်ပြုဖော်ပြခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ ပြန်လည်ညှိနှိုင်းမှုများတွင် နှစ်ဖက်စလုံးမှ ပြောင်းလဲမှုပြုလုပ် လိုသည့် အချက်အလက်များနှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြထားမှုမရှိခြင်းကြောင့် မကြာမီတွင် စီမံကိန်းစတင်တည်ဆောက်နိုင်မှုနှင့်ပတ်သက်၍လည်း သံသယဖြစ်စေပါသည်။ ၂၀၁၈ ခုနှစ်က သဘောတူညီခဲ့သည့် စီမံကိန်းတည်ဆောက်မှု ကုန်ကျစရိတ်သည် မကြာသေးမီနှစ်များအတွင်း ဆောက်လုပ်ရေးပစ္စည်းနှင့် စွမ်းအင်ဈေးနှုန်း သိသိသာသာ မြင့်တက်မှုများကြောင့် လက်ရှိအချိန်တွင် ယခင်လျှော့ချခဲ့သည့် ဒေါ်လာ ၁.၃ ဘီလီယံထက် ပိုများနေနိုင်ပါသည်။ ထို့ကြောင့်လည်း ပြန်လည်ညှိနှိုင်းမှုပြုလုပ်ရန် ကြိုးပမ်းခြင်း ဖြစ်နိုင်ပါသည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ်ကတည်းက တိုးတက်မှုကို ပြသခဲ့သည့် အဓိက CMEC စီမံကိန်းမှာ မူဆယ်-ကျောက်ဖြူ မီးရထားလမ်းဖြစ်ပြီး အဆိုပါစီမံကိန်းကိုကဏ္ဍ ၂ ရပ်ဖြင့် အကောင်အထည်ဖော်ထားပါသည်။ မူဆယ်-မန္တလေး လမ်းပိုင်း တည်ဆောက်မှုတစ်ခုတည်းပင်လျှင် ဒေါ်လာ ၈.၉ ဘီလီယံ ကုန်ကျနိုင်သည်ဟု ခန့်မှန်း ထားသော်လည်း ကုန်ကျစရိတ်များသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမတိုင်မီက ခန့်မှန်း ထားသည်ထက် ပိုမိုကုန်ကျနိုင်ပါသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာ့ မီးရထား၊ China Eryuan Engineering Group (CEEG)နှင့် China Railway Group တို့သည် စီမံကိန်းအတွက် ကွင်းဆင်းလေ့လာမှုများပြုလုပ်ရန် နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၂၂ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုများ ပြုလုပ်ရန် အတည်ပြုခဲ့ကြပါသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် CEEG ၏ အစီရင်ခံစာ၌ အကြိုလုပ်ငန်းပိုင်းကို ပထမအပိုင်း စတင်တည်ဆောက်ခြင်းနှင့်အတူ ပြန်လည်စတင် တော့မည်ဖြစ်ဟုဆိုသည်။ ပထမအပိုင်းတည်ဆောက်မှုကို ၂၀၂၅ ခုနှစ်တွင် စတင်နိုင်ရန် ခန့်မှန်းထားသော်လည်း အဆိုပါစီမံကိန်းနှင့်ပတ်သတ်၍ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုများ မည်ကဲ့သို့လုပ်ဆောင်သွားမည်ဆိုသည့်အချက်က ရှင်းလင်းခြင်းမရှိသေးပါ။ ပို၍ အရေးကြီးသည့်အချက်မှာ ယခုအခါ အဆိုပါမီးရထားလမ်းသည် လုံခြုံရေးခြိမ်းခြောက်မှု များဖြင့် ရင်ဆိုင်နေရပြီး မီးရထားလမ်းစီမံကိန်းတည်ဆောက်မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နောက်ထပ် စစ်မက်ဖြစ်ပွားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် စီမံကိန်းသည် လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးပစ်မှတ်တစ်ခုဖြစ်လာနိုင်ပါသည်။
လက်ရှိအခြေအနေများသည် ၂၀၂၁ ခုနှစ်ကထက် ပိုမိုဆိုးရွားလာပါသည်။ မီးရထားလမ်းဖောက်လုပ်ရန်အတွက် ရည်ရွယ်ထားသည့် လမ်းကြောင်းတစ်လျှောက်တွင် မြန်မာစစ်တပ်၏ နယ်မြေစိုးမိုးမှုပြုလုပ်နိုင်စွမ်းများ သိသိသာသာ အားနည်း လာပါသည်။ အောက်တိုဘာလ ၂၇ ရက်တွင် AA ၊ MNDAA နှင့် TNLA တို့ဖြင့် ဖွဲ့စည်းထားသည့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော်သည် မြန်မာနိုင်ငံ အရှေ့ မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် မဟာမိတ်အဖွဲ့များကို ထိုးစစ်ဆင်ခဲ့ပါသည်။ တိုက်ပွဲများသည် တရုတ်နယ်စပ်နှင့် အဓိကကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် မြေအနေအထား စစ်တမ်းကောက်ယူမှုများ ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိသကဲ့သို့ တရုတ်အစိုးရနှင့် ကုမ္ပဏီအကြီးအကဲများအနေဖြင့်လည်း မြန်မာစစ်တပ်အနေဖြင့် လုပ်ငန်းပိုင်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ပတ်သက်၍လည်း စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် CMEC လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် ကြိုးပမ်းနေခြင်းသည် ယခုလက်ရှိ မြန်မာစစ်အစိုးရကို တရားဝင် အသိအမှတ်ပြုသည်ဟု အချက်ပြနေခြင်းဖြစ်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံပိုင် သတင်းစာများတွင် မြန်မာ-ရုရှား တာဝန်ရှိသူများအကြား ရင်းရင်းနှီးနှီးတွေ့ဆုံနေမှု များကို နေ့စဉ်ဖော်ပြနေပြီး မကြာသေးမီက မြန်မာ-ရုရှား စီမံကိန်းအနည်းငယ်ကို လက်မှတ်ရေးထိုးမှုများ ပြုလုပ်ခဲ့ပါသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံတွင် အသေးစား မော်ဂျူလာ ဓာတ်ပေါင်းဖိုတည်ဆောက်ရန် Russia’s Rosatom State Atomic Energy Corporation နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည့်အပြင် Rosatom ၏ လက်ခွဲတစ်ခုဖြစ်သည့် Nova Wind နှင့် မြန်မာနိုင်ငံတွင် ဓာတ်အား ၃၇၂ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် Wind Firm တည်ဆောက်ရန် ကွင်းဆင်းလေ့လာရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ မီဒီယာတစ်ခုတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိသည့် ရွှေလီ-၃ ရေအားလျှပ်စစ်စီမံကိန်း တင်ဒါခေါ်ယူမှုကို ရုရှားကုမ္ပဏီ တစ်ခုက ရရှိခဲ့သည်ဟု ဖော်ပြထားပါသည်။ အဆင့်မြင့်အရာရှိကြီးများ၏ တွေ့ဆုံမှုနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုများအရ ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကာကွယ်ရေးမိတ်ဖက်ဆက်ဆံမှုအဆင့်မှ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများ တည်ဆောက်ရေးကို အလေးထားဖော်ဆောင်မည့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှု အခင်းအကျင်းအသစ်သို့ ကူးပြောင်းလာသည်ကို တွေ့ရပါသည်။ အဆိုပါစီမံကိန်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံစလုံးဆီမှ အပြုသဘောဆောင်သည့် လက္ခဏာများ မြင်တွေ့ရ သော်လည်း မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပဋိပက္ခများကြောင့် မည်ကဲ့သို့ငွေကြေးထောက်ပံ့မှုပြုလုပ်မည်၊ လုပ်ငန်းများကို မည်ကဲ့သို့ အကောင်အထည်ဖော်မည်ဆိုသည်ကို အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးသည်ကို တွေ့ရသည်။
မြန်မာနှင့် ရုရှားနိုင်ငံအကြားတွင် နျူကလီးယား အသေးစားစမ်းသပ်မှုစီမံကိန်းများ ဆောင်ရွက်ရန် သဘောတူညီကြခြင်းသည် ယခုမှ ဖြစ်ပေါ်လာသည့် ကိစ္စရပ်မဟုတ်ပါ။ ၂၀၀၇ ခုနှစ်တွင်လည်း နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး ခဲ့သည့် ၁၀ မဂ္ဂါဝပ် အပေါ့စားရေအားသုံး နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး သည်လည်း ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ပါ။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့် နျူကလီးယားနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိသည့်အပြင် အဆိုပါအစီအစဉ် သည်လည်း သိသိသာသာတိုးတက်မှုမရှိခဲ့သည်ကို တွေ့ရှိရပါသည်။
ပြည်ပရင်းနှီးမြှုပ်နှံသူများထံမှ တင်ဒါခေါ်ယူသည့် ရွှေလီ-၃ ရေအားလျှပ်စစ် စီမံကိန်းနှင့်ပတ်သက်၍ လေ့လာသူများက စိတ်ဝင်စားလျက်ရှိပါသည်။ တင်ဒါ ခေါ်ယူစာများတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အများဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှယ်ယာ ၃၅ ရာခိုင်နှုန်းခွင့်ပြုသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအနေဖြင့်၆၅ ရာခိုင်နှုန်းအထိ ခွင့်ပြုသွားမည်ဟု ဖော်ပြထားပါသည်။ ယခုအချိန်တွင် မြန်မာ နိုင်ငံရှိ ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံနိုင်ရန်မှာ မလွယ်ကူသည့်အပြင် ရုရှားနိုင်ငံအနေဖြင့်လည်း ယူကရိန်းပဋိပက္ခများကြောင့် မြန်မာ နိုင်ငံရှိ စီမံကိန်းတစ်ခုတည်းပေါ်တွင် ဒေါ်လာ ၅ သန်းခန့် ရင်းနှီးမြှုပ်နှံနိုင်မှုရှိ/မရှိမှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်ပါသည်။ တင်ဒါခေါ်ယူမှုသည် စက်တင်ဘာလ ၂၄ ရက်နေ့ အထိဖြစ်ပြီး လက်ရှိအချိန်အထိ ရလဒ်များထုတ်ပြန်ထားခြင်းမရှိသေးသည်ကို တွေ့ရသည်။ ယခု မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စစ်ရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အမှန်တကယ် အကောင်အထည်ပေါ်လာရန် ကြီးမားသည့် အတားအဆီးဖြစ်လာကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် မြန်မာနိုင်ငံသည် တရုတ်နှင့် ရုရှားနိုင်ငံတို့ဖြင့် သံတမန် ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်ဟု ဆိုရမည်ဖြစ်သော်လည်း သဘောတူထားသည့် စီးပွားရေးစီမံကိန်းများ အမှန်တကယ်အကောင်အထည်ဖော်နိုင်မှုမှာ ထင်သလောက် မအောင်မြင်သည့်အပြင် ယခုဖြစ်ပွားလာသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မတည်ငြိမ်မှု များက စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတွန့်ဆုတ်စေမည်ဖြစ်ကြောင်းသုံးသပ်ရေးသားထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အကျိုးစီးပွားများ ဆက်စပ်လျက်ရှိသော်လည်း ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလ နောက်ပိုင်းတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်အစိုးရကို တိုက်ရိုက်အသိအမှတ်ပြုဆက်ဆံခြင်းထက်မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားများ တိုးချဲ့နိုင်ရန်အတွက်သာ အဓိက ဦးတည်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ၎င်းတို့၏ ဩဇာလွှမ်းမိုးရမည့်အဝန်းအဝိုင်း(Sphere of Influence) အဖြစ်သတ်မှတ်ထားခြင်းကြောင့် အနောက်အုပ်စုမှ ဝင်ရောက်စွက်ဖက်မှုများကို ၎င်းတို့၏ အကျိုးစီးပွားအရ မလိုလားသော်လည်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို လက်တွေ့ဆောင်ကြဉ်းပေးနိုင်မည့် မူဝါဒဖြင့် ချဉ်းကပ်နေခြင်းမဟုတ်သည်ကို ဆိုလိုပါသည်။
ဤသို့သော အခြေအနေကို ထိန်းညှိနိုင်ရန်အတွက် မြန်မာစစ်အစိုးရအနေဖြင့် ရုရှားနိုင်ငံနှင့် ကဏ္ဍစုံဆက်ဆံရေးတိုးမြှင့်တည်ဆောက်ခဲ့သည့် အခြေအနေကိုလည်း တရုတ်နိုင်ငံ အနေဖြင့် လိုလားခြင်းမရှိဟု ဆိုနိုင်ပါသည်။ ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်နိုင်ငံနှင့် အစဉ်အလာ၊ လူမျိုးရေးအရသော်လည်းကောင်း၊ နယ်နိမိတ်အရ သော်လည်းကောင်း ဆက်နွှယ်နေသည့် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ကွက်ဖော်မှုများ၏ နောက်ကွယ်တွင် တရုတ်ဗဟိုအစိုးရ (သို့မဟုတ်) ယူနန်ပြည်နယ်အစိုးရနှင့် အာဏာပိုင်များ ရှိနေသလောဟူသည်မှာ စိတ်ဝင်စားဖွယ်ရာ မေးခွန်းဖြစ်လာနေပါသည်။
မြန်မာနိုင်ငံတွင် ကွန်မြူနစ်လက်နက်ကိုင်များ အမြစ်ပြတ်သွားခဲ့ရသည့် သမိုင်းကြောင်းကို စမ်းစစ်ပါက တရုတ်နိုင်ငံနှင့်ဆက်ဆံရာတွင် သံတမန်ပညာရပ်ဆန်ဆန် ထိန်းညှိဆောင်ရွက်ခြင်းထက် စီးပွားရေးဆန်ဆန် ပွင့်လင်းစွာ အပေးအယူလုပ်ခြင်းက ပိုမိုထိရောက်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ ပြဿနာရပ်တစ်ခုကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိုပြဿနာရပ်၏ အရင်းအမြစ်ကို သိရှိ၊ လက်ခံနိုင်ရန်မှာ ပဓာနကျပြီး မည်သို့ မည်ပုံ ထိန်းသိမ်းဆောင်ရွက်ကြမည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
151111523

[1]။ Syah Vaghji.“ The Dwindling Prospects For Russian and Chinese-Backed Infrastructure Projects in Myanmar”.The Diplomat, November 9, 2023 [https://thediplomat.com/.../the-dwindling-prospects-for.../]

Monday, November 13, 2023

စင်ကာပူနိုင်ငံအနေဖြင့် သတင်းအတု/သတင်းအမှားများကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားခြင်း

 


နိဒါန်း
လက်ရှိ တိုးတက်နေသည့် အင်တာနက်ခေတ်တွင် လူမှုကွန်ရက်များ၊ ဆိုရှယ် မီဒီယာများ အသုံးပြုမှုတွင်ကျယ်လာသည့်အလျောက် တစ်ဖက်တွင် နိုင်ငံ၏ လုံခြုံရေး၊ လူမှုအဖွဲ့အစည်း၊ လူသားအကျိုးစီးပွားကို စိန်ခေါ်မှုများရှိလျက်ရှိပါသည်။ စင်ကာပူ နိုင်ငံသည် ယခင် ၁၉၀၀ ပြည့်နှစ်ကျော် ကာလကတည်းက လူသားအကျိုးစီးပွားကို အနှောင့်အယှက်ပေးမှုအား တားဆီးကာကွယ်ခြင်းဆိုင်ရာဥပဒေကို ချမှတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အွန်လိုင်းသတင်းအတု/သတင်းအမှားများ ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေများအား ချမှတ်ခဲ့ပါသည်။ ယခုအခါထိုကိစ္စရပ်များကို အထူးတားဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence-AI)ကို အများဆုံး အသုံးပြုလာသည့် ယနေ့အင်တာနက်ခေတ်သည် လုပ်ကြံသတင်းအတုနှင့် သတင်းအမှားဖြင့် လူ့အဖွဲ့အစည်းများကို ဆိုးရွားစွာခြိမ်းခြောက်လျက်ရှိပါသည်။ သတင်းလိမ်လည်မှု၊ ပုံအတုနှင့် ဗီဒီယိုအမှားများ ကျယ်ပြန့်စွာ ပျံ့နှံ့လျက်ရှိမှုသည် လူ့ပတ်ဝန်းကျင်၊ သို့မဟုတ် နိုင်ငံများအကြားတွင် အထင်အမြင်လွဲမှားမှု၊ စိတ်ဓာတ်ပျက်ပြားမှုများ ဖြစ်ပွားစေသကဲ့သို့ အကြမ်းဖက်မှုများကို လှုံ့ဆော်ပေးနိုင်ပါသည်။ အမေရိကန်နိုင်ငံ၏စုံစမ်းစစ်ဆေးမှုများအရ ရုရှားနိုင်ငံ၊ အီရန်နိုင်ငံနှင့် အခြားနိုင်ငံတို့အနေဖြင့် သတင်း အတုများကိုအသုံးပြု၍ ၎င်း၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဟားမတ်စ်အဖွဲ့ အနေဖြင့် ဂါဇာမြို့အနီးရှိ အစ္စရေးမြို့များကို အငိုက်ဖမ်းတိုက်ခိုက်ရာတွင် သတင်း လိမ်လည်မှုနှင့် သတင်းအမှားကို အသုံးပြုခဲ့ပြီး လက်ရှိအချိန်ထိ အစ္စရေးနိုင်ငံ၏ တန်ပြန်ထိုးစစ်ဆင်မှုများကို အယုံအကြည်မဲ့စေသည့် သတင်းအမှားထုတ်လွှင့်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုပါသည်။
စင်ကာပူနိုင်ငံအနေဖြင့် အဆိုပါအန္တရာယ်များသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သတိကြီးစွာ ကိုင်တွယ်လုပ်ဆောင်ခဲ့ပါသည်။ စင်ကာပူနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ်တွင် နိုင်ငံအတွင်း လူမျိုးရေးအဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး ပြည်သူအများအပြား သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပါသည်။ ထို့နောက် စင်ကာပူအစိုးရသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်၍ လူမျိုးရေးနှင့် ဘာသာရေးသဟဇာတဖြစ်မှုကို ထိန်းညှိနိုင်ရန် စီမံချက်များ စတင်ချမှတ်ခဲ့ပါသည်။ အွန်လိုင်းစာတိုဝန်ဆောင်မှုလုပ်ငန်း များနှင့် ဆိုရှယ်မီဒီယာများတွင်ကျယ်စွာ အသုံးပြုလာမှုသည် တာဝန်မဲ့သည့် ပြောဆိုချက်များ၊ ထင်မြင်သုံးသပ်ချက်များ အတားအဆီးမဲ့ပေါ်ပေါက်လာပြီး ထိန်းချုပ်ရန် ခက်ခဲခဲ့ပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်နိုင်ခြင်းမရှိပါက ထိလွယ်ရှလွယ် ကိစ္စရပ်များတွင် မှားယွင်းသည့် လှုံ့ဆော်မှုများဖြစ်ပေါ်လာစေပြီး လူမှုရေးကွဲပြားမှု များနှင့် ပဋိပက္ခများကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ ထို့ကြောင့် စင်ကာပူအစိုးရသည် နိုင်ငံ၏ ၂၀၁၉ ခုနှစ် ဥပဒေကြပ်မတ်ရေးနှင့် ဥပဒေပြဋ္ဌာန်းမှု သတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းများတွင် အွန်လိုင်းသတင်းအတု/သတင်းအမှားများ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာဥပဒေ(Protection from Online Falsehoods and Manipulation Act - POFMA)ကို ပြဋ္ဌာန်းခဲ့ပါသည်။
အဆိုပါ သတင်းအမှားများဥပဒေအရ အစိုးရအနေဖြင့် အွန်လိုင်းသတင်းအမှား များကို ဖြုတ်ချနိုင်ခြင်း၊ မူရင်းသတင်း(သတင်းအမှန်)အား ထုတ်ပြန်ဖြေရှင်းခြင်း အပါအဝင် ပြစ်ဒဏ်ပေးမှုများကို လုပ်ဆောင်နိုင်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားသည့်ကာလတွင် ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ပိုးအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်းရေးသားထားသည့် သတင်းအမှားနှင့် ၎င်းသတင်းပိုင်ရှင်များအား စင်ကာပူ အစိုးရအနေဖြင့် POFMA ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လမှစတင်၍ ဖမ်းဆီးပြစ်ဒဏ်ချမှတ်သည့် ဖြစ်စဉ် ၆၀ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ POFMA ဥပဒေအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းပြစ်ဒဏ် ပေးမှုများသည် စင်ကာပူနိုင်ငံ၏ ပြည်သူလူထုအကြား သတင်းအမှားနှင့် သတင်းအမှန် များကို ခွဲခြားသိမြင်စေနိုင်ပြီး ဟောင်ကောင်၊ ဩစတြေးလျနှင့် မလေးရှားနိုင်ငံတို့ထက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့ကာ ပြည်သူများ၏ အသက်များကိုလည်း ကာကွယ်နိုင်ခဲ့ပါသည်။
စင်ကာပူနိုင်ငံအစိုးရအနေဖြင့် သတင်းအမှားထိန်းချုပ်ရန်အတွက် POFMA ဥပဒေအပြင် အခြားဥပဒေအဟောင်းများကိုလည်း အသုံးပြုခဲ့ပါသည်။ ဥပမာအားဖြင့်၂၀၂၀ ပြည့်နှစ်၊ မေလတွင် Facebook လူမှုကွန်ရက်ပေါ်၌ အစိုးရလုပ်ဆောင်မှုနှင့် ပတ်သက်၍ သတင်းအမှားများ ဖြန့်ချိသည့် ကားအငှားသမားတစ်ဦးအား (ပြည်သူ့ အကျိုးနှင့်စိတ်အနှောင့်အယှက်ဖြစ်စေမှု) ၁၉၀၆ ခုနှစ် Miscellaneous Offences ဥပဒေအရ ထောင်ဒဏ် ၄ လ ချမှတ်ခဲ့ပါသည်။ ထို့ပြင် စင်ကာပူနိုင်ငံအနေဖြင့် အခြားအန္တရာယ်များသည့် သတင်းအတု/သတင်းအမှားများမှ ဖြစ်လာနိုင်သည့် ဒီဂျစ်တယ် ခြိမ်းခြောက်မှုမှလည်း ကာကွယ်နိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကာကွယ်ရေးဥပဒေ(တန်ပြန်ရေးအစီအမံ)အရ အစိုးရအနေဖြင့် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုဟု သံသယရှိသည့် အွန်လိုင်းအကြောင်းအရာများအား ဖြုတ်ချခွင့်၊ ပိတ်ပင်ခွင့်ရှိပါသည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နိုင်ငံ၏ သဘောထားရပ်တည်ချက်များအပေါ် တိုက်ခိုက်လာသည့် မလေးရှားနိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှုများကို ထောက်ပြဖော်ထုတ်နိုင်ခဲ့သည်ဟု ဖော်ပြထားပါသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် စင်ကာပူနိုင်ငံ၏ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ အွန်လိုင်းလုံခြုံရေးဥပဒေ (Infocomm Media Development Authority's Online Safety Code)သည် စတင် အသက်ဝင်လာခဲ့ပါသည်။ အဆိုပါ ဥပဒေသည် ဆိုရှယ်မီဒီယာအသုံးပြုမှုတွင် ပိုမို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ရည်ရွယ်ထားပြီး အစိုးရအနေဖြင့် အနှောင့်အယှက် ဖြစ်စေသည့် အကြောင်းအရာအား ဖြုတ်ချခွင့်နှင့် အသက်မပြည့်သေးသည့် အသုံးပြုသူများ အတွက် ကာကွယ်ပေးမှုများ လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထို့ပြင် ၎င်းဥပဒေသည်ဆိုရှယ်မီဒီယာကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိမိကိုယ်ကို အဆုံးစီရင်မှုများ၊ အရွယ် အရောက်သေးသော ကလေးများအပေါ် လိင်အမြတ်ထုတ်မှုနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များကို ကာကွယ်ပေးနိုင်မည်ဟုဆိုသည်။ ရန်လိုသည့် သတင်းအချက်အလက် လှုံ့ဆော်မှုများသည် နိုင်ငံရေးကိစ္စရပ်များတွင် ပြည်သူလူထုကို လမ်းမှားရောက်စေခြင်း၊ သို့မဟုတ် လူမျိုးရေးနှင့် ဘာသာရေးအပါအဝင် အငြင်းပွားဖွယ်ပြဿနာများတွင် သဘောထားကွဲလွဲမှုများဖြစ်အောင် လုပ်ဆောင်လျက်ရှိပါသည်။ ၎င်းသတင်းအမှားလှုံ့ဆော်မှုများကို စစ်ဆေး ထိန်းချုပ်မှုများမပြုလုပ်ပါက နိုင်ငံ၏ အမျိုးသား လုံခြုံရေးကိုပါ ခြိမ်းခြောက်လာစေနိုင်ပါသည်။ ထို့ကြောင့် အစိုးရ၏ နိုင်ငံခြားရေး မူဝါဒနှင့် လူထုသဘောထားအမြင်ကို လွှမ်းမိုးရန် ကြိုးပမ်းနေမှုများမှ မိမိနိုင်ငံကို ကာကွယ်နိုင်ရန် အရေးကြီးလျက်ရှိပါသည်။ မိမိအစိုးရနှင့် ၎င်း၏ မူဝါဒများအပေါ် ယုံကြည်မှုထားရှိခြင်းသည် လူ့အဖွဲ့အစည်း ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် အရေးပါလျက်ရှိပြီး စင်ကာပူနိုင်ငံသည် အွန်လိုင်း သတင်းအတု/သတင်းအမှားများ အန္တရာယ်မှ ကာကွယ်ရန် အထူးသတိထား ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ကမ္ဘာ့နိုင်ငံများ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့်သတင်းအတု/သတင်းအမှားများ၏ အန္တရာယ်ကို ထောက်ပြထားပြီး စင်ကာပူနိုင်ငံ အနေဖြင့် ဆိုရှယ်မီဒီယာများနှင့် သတင်းအတု/သတင်းအမှားများကို စည်းမျဉ်းဥပဒေများ ထိရောက်စွာချမှတ်၍ ကာကွယ်လျက်ရှိကြောင်း ထုတ်ဖော်ရေးသားထားခြင်းဖြစ်ပါသည်။ စင်ကာနိုင်ငံ၏ မီဒီယာလွတ်လပ်မှုညွှန်းကိန်းသည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ အနက် ၁၃၉ နိုင်ငံတွင် ရှိနေပြီး အချို့လူ့အခွင့်အရေးအဖွဲ့များကလည်း စင်ကာပူနိုင်ငံ၏ မီဒီယာအခန်းကဏ္ဍနှင့်ပတ်သက်၍ လွတ်လပ်မှုမရှိကြောင်း ဝေဖန်ပြောကြားလျက် ရှိပါသည်။[2] သို့သော်လည်း စင်ကာပူနိုင်ငံအနေဖြင့် နိုင်ငံအတွင်း မလိုလားအပ်သည့် ပြဿနာများ၊ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ဆူပူမှုများ၊ နိုင်ငံရေးနှင့်ပတ်သက်၍ လမ်းမှားရောက်မှုများ ဖြစ်စေ နိုင်သည့် မီဒီယာနှင့် ဆိုရှယ်မီဒီယာအန္တရာယ်များကို ဥပဒေများ ထိရောက်စွာပြဋ္ဌာန်း၍ ထိန်းသိမ်းကာကွယ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
အင်တာနက်နှင့် ဆိုရှယ်မီဒီယာများသည် လူထုအကြား အကောင်းဆုံးသော ဆက်သွယ်ရေး၊ အသိပညာ ဗဟုသုတရှာမှီးရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် အလွန်ထိရောက်သည့် ပလက်ဖောင်း တစ်ခုဖြစ်သော်လည်း တစ်ဖက်တွင် သတင်းအတု/သတင်းအမှားဖြန့်ဝေခြင်း၊ အရေးကြီး အချက်အလက်များ ကျိုးပေါက်ခြင်း၊ လူထု၏ အတွေးအမြင်ကို လိုရာပုံသွင်းနိုင်ခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများရှိနေပြီး နိုင်ငံ တစ်ခု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည်ဟူသော အချက်ကို နိုင်ငံများအားလုံးက လက်ခံအသိအမှတ်ပြုထားပြီးဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့၏ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားကို ခေတ်စနစ်နှင့်အညီ ထိရောက်စွာကာကွယ်နိုင်ရန်အတွက် မဟာဗျူဟာများ၊ နည်းလမ်းများဖော်ဆောင်နိုင်ရန်မှာ သက်ဆိုင်ရာ နိုင်ငံများ၏ ပညာခန်းဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
150111423
[1]။ Ben Chester Cheong.“ Singapore has recognized the real danger of disinformation”. Nikkei Asia. November 9, 2023 [https://asia.nikkei.com/.../Singapore-has-recognized-the...]

[2]။ Kayla Wong.“ S'pore's press freedom ranking jumps from 160 to 139”. Mothership. May 4, 2022 [https://mothership.sg/.../singapore-press-freedom.../]

Sunday, November 12, 2023

နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် တရုတ်နိုင်ငံမှ တိုက်တွန်းခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နိုင်ငံသည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ လတ်တလောဖြစ်ပွားနေသည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်ဆင်မှုကြောင့် နယ်စပ်ဒေသတည်ငြိမ်ရေးအား ထိခိုက်မှု မရှိစေရန် မြန်မာအစိုးရနှင့် စစ်တပ်မှတာဝန်ရှိသူများအား ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းမှုနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ရှမ်းပြည်နယ်မြောက်ပိုင်း၌ လတ်တလောဖြစ်ပွားနေသည့် ညီနောင်မဟာမိတ် သုံးဖွဲ့၏ ထိုးစစ်ဆင်မှုများကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန် မြန်မာစစ်တပ်မှ တာဝန်ရှိသူများအား ၎င်းတို့နှင့် ပူးပေါင်းဆောင်​ရွက်ရန် တရုတ်နိုင်ငံမှ တိုက်တွန်းခဲ့ပါသည်။ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ၎င်းထိုးစစ်ကြောင့် တရုတ်-မြန်မာ စီးပွားရေးကုန်သွယ်မှုလမ်းကြောင်း ပြတ်တောက်ခဲ့ရပြီး အရပ်သားထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အချို့မှာ တရုတ်နိုင်ငံတွင် ခိုလှုံခွင့်တောင်းခံခဲ့ကြပါသည်။ နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိရန် မျှော်လင့်ကြောင်းနှင့် ဒေသတွင်းလက်နက်ကိုင်များနှင့် သဘောထားကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် စေ့စပ်ညှိနှိုင်းမှုပြုလုပ်နိုင်ရန် ပံ့ပိုးကူညီသွားမည်ဟု ပြောကြားခဲ့ပါသည်။
၃။ တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးအား ထိန်းသိမ်းရန်၊ တရုတ်နယ်စပ်တွင် နေသူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို အာမခံချက်ပေးရန်နှင့် နယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားများ၏လုံခြုံရေးကို ကာကွယ်မှုများပြုလုပ်ပေးနိုင်ရန်အတွက် မြန်မာ နိုင်ငံအား ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် တိုက်တွန်းခြင်းဖြစ်သည်။ နိုဝင်ဘာလ ၄ ရက်နေ့တွင် KIA ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့သို့ မြန်မာ့နယ်မြေမှ ပစ်ခတ်လိုက်သော အမြောက်ကျည်ဆန်သည် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တရုတ်နိုင်ငံ ဘက်ခြမ်းသို့ ကျရောက်ခဲ့၍ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ခြင်း[2]ကြောင့် Mr.Nong Rong က ဤသို့ တိုက်တွန်းရခြင်းဖြစ်သည်ဟု ဆိုသည်။
ရက္ခိုင့်တပ်တော်(AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ပါဝင်သော ညီနောင်မဟာမိတ်သုံးဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြန်မာစစ်အစိုးရနှင့် မဟာမိတ်တပ်များအား ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ကြသည်။ MNDAA ၏အဆိုအရ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်သည် အရှိန်အဟုန် မြင့်လျက်ရှိပြီး နိုဝင်ဘာလ ၄ ရက်နေ့တွင် ချင်းရွှေဟော်မြို့အပါအဝင် မြန်မာ အစိုးရ၏ စစ်အခြေစိုက်စခန်း ၁၀၆ ခုနှင့် မြို့ ၄ မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ရှမ်းပြည်နယ်အနီး တရုတ်-ကချင်ပြည်နယ် နယ်စပ်ရှိ နမ့်ခမ်းမြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကာ ချင်းရွှေဟော်မြို့ အနောက်ဘက်သံလွင်မြစ်ကမ်းဘေးတွင် တည်ရှိသော ကွမ်းလုံမြို့ကိုလည်း သိမ်းပိုက်ထားနိုင်သည်ဟု ဆိုပါသည်။ MNDAA အဖွဲ့သည် ဇွန်လတွင် တရုတ် နိုင်ငံ၏ ထောက်ပံ့မှုဖြင့့် တည်ဆောက်ထားသည့် ကွမ်းလုံတံတားသစ်ကိုလည်း သိမ်းပိုက် ထားပါသည်။
မြန်မာစစ်တပ်ခေါင်းဆောင်က ညီနောင်မဟာမိတ်သုံးဖွဲ့အား တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု နိုဝင်ဘာလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြောကြားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့၏ ထိုးစစ်အဟုန်မှာ ရပ်တန့်သွားခြင်းမရှိခဲ့ပါ။ ဤကဲ့သို့ ထိုးစစ်ဆင်မှုများသည် တရုတ်အာဏာပိုင်များ၏ သံတမန်ဆက်ဆံရေးကို စိန်ခေါ်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့က ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ပြီးချိန်မှ စ၍ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများ ရပ်တန့်ခဲ့ပြီး တရုတ်-မြန်မာ တရားဝင်ကုန်သွယ်မှု အဓိကလမ်းကြောင်းဖြစ်သည့် ရွှေလီ-မူဆယ် နယ်စပ်ဂိတ်ကိုလည်း ပိတ်ပစ်ခဲ့ရပါသည်။ ၎င်းတိုက်ပွဲများကြောင့် မြန်မာနိုင်ငံရှိကားလမ်းနှင့် မီးရထားလမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ China-Myanmar Economic Corridor (CMEC) စီမံကိန်းကို အနှောင့်အယှက် ဖြစ်ပေါ်စေခဲ့ပါသည်။ United States Institute of Peace (USIP)အဖွဲ့မှ Jason Tower က ၎င်း၏ X (ယခင် Twitter) ဆိုရှယ်မီဒီယာတွင် ဖော်ပြချက်အရ MNDAA သည် CMEC စီမံကိန်းများထဲမှတစ်ခုဖြစ်သည့် လင်ဆန်း-ချင်းရွှေဟော်-ကွမ်းလုံ နယ်စပ် ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အတွင်း ပါဝင်သည့် မြန်မာနိုင်ငံမှ ချင်းရွှေဟော်နှင့် ကွမ်းလုံမြို့ နှစ်မြို့ကို ထိန်းချုပ်ထားပြီးဖြစ်သည်ဟု ဆိုသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ထိုးစစ်ဆင်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက မည်သို့ တုံ့ပြန်မည်ကို သိရှိရခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သမိုင်းအစဉ်အဆက် ဆက်ဆံမှုရှိခဲ့သည့်အပြင် မြန်မာစစ်အစိုးရနှင့်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာထိန်းချိန်မှစ၍ သံတမန်ဆက်ဆံရေးပိုမိုတိုးမြင့်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ယခုနယ်စပ်တွင် ဖြစ်ပွား နေသည့် ပဋိပက္ခများအား ဖြေရှင်းရာတွင် ယခင်နည်းလမ်းဟောင်းများအတိုင်း ချဉ်းကပ်နေပါသည်။ တရုတ်နိုင်ငံတာဝန်ရှိသူများသည် ၎င်းတို့၏ အဓိကမဟာဗျူဟာမြောက် အကျိုးစီးပွားအောင်မြင်ရေးကို ရှေးရှု၍ တင်းမာမှုများလျှော့ချရန်နှင့် နယ်စပ်တစ်လျှောက် တည်ငြိမ်ရေးကို စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ကြိုးပမ်းခြင်းဖြစ်ပါသည်။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong မြန်မာနိုင်ငံသို့ သွားရောက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း သည်လည်း ၎င်းတို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွားအတွက် တွန်းအားပေးရန်သာ ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံအရေးအား အချိန်ကြာမြင့်စွာ လေ့လာစောင့်ကြည့်ခဲ့သူ ဆွီဒင် ဂျာနယ်လစ် Bertil Lintner က ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကြောင့် ဒေသတွင်း ဩဇာလွှမ်းမိုးမှုအပြောင်းအလဲများဖြစ်ပေါ်နေသော်လည်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် အဓိကရည်မှန်းချက်များမှာ ပြောင်းလဲခြင်းမရှိကြောင်း၊ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ အဖိုးတန်သဘာဝ သယံဇာတအရင်းအမြစ်များကို အသုံးချနိုင်ရန်နှင့် အိန္ဒိယသမုဒ္ဒရာသို့ မဟာဗျူဟာမြောက် ဝင်/ထွက်ခွင့်ရနိုင်မည့့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအပေါ် ထိန်းချုပ်ထားမှုအား လုံခြုံမှု ရှိစေရန် ဖြစ်ကြောင်း၊ ဤရည်မှန်းချက်များ အောင်မြင်စေရန် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သမိုင်းအစဉ်အဆက် ဆက်ဆံရေး ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် အင်အားကြီးမား၍ ငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းလာရေးသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက်မဟုတ်သည်ကို သတိပြု နိုင်ရန် အရေးကြီးကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အောက်တိုဘာလ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ဖြစ်ပွား ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်ဆင်မှုကြောင့် မြန်မာ-တရုတ် စီးပွားရေး ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်ခဲ့ရပြီး တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားကို ထိခိုက်စေခဲ့ပါသည်။ ယခုအခါ ညီနောင်မဟာမိတ်သုံးဖွဲ့သည် တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နှင့် သိန္နီမြို့များကို ပိတ်ဆို့ထားပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှ ချင်းရွှေဟော်နှင့် မူဆယ်နယ်စပ်မြို့များအထိ ဆက်သွယ်ဖောက်လုပ်ထားသော နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက် အချက်အချာကျသည့် အဝေးပြေး လမ်းမကြီးများ၏ ဗျူဟာမြောက်လမ်းဆုံများကို ပိတ်ဆို့ထားသည်ကို တွေ့ရှိရ ပါသည်။ ထို့ကြောင့် ထိုတိုက်ခိုက်မှုသည် သာမန်အမြင်ဖြင့် ရှုမြင်ပါက တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် ဆိုးရွားစွာသက်ရောက်မှုရှိပြီး China-Myanmar Economic Corridor (CMEC) စီမံကိန်းများကို များစွာထိခိုက်စေမည်ဟု ယူဆနိုင်ပါသည်။
သို့သော်လည်း ထည့်သွင်းစဉ်းစားနိုင်သည့် အချက်တစ်ချက်မှာ ယခုကဲ့သို့ နှစ်ရှည်လများပြင်ဆင်ထားသည့် ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများ၊ ကင်းထောက်ခြင်းများ အပါအဝင် ကြီးမားသည့် ထိုးစစ်တစ်ခုဆင်နွှဲရန် ပြင်ဆင်နေသည့်ကိစ္စရပ်ကို တရုတ် နိုင်ငံ၏ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းများမှ ကြိုတင်သိရှိထားခြင်း မရှိဟူသည့်အချက်မှာ များစွာမေးခွန်းထုတ်ဖွယ်ရာပင် ဖြစ်ပါသည်။ အခြားတစ်ဖက်မှ ကြည့်လျှင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏မဟာဗျူဟာ အကျိုး စီးပွားများ ဖော်ဆောင်ရာတွင် အသာစီးရစေရန် ၎င်းတို့ကိုင်ထားသည့် နိုင်ဖဲအား ထုတ်ပြခြင်းလည်း ဖြစ်နိုင်သကဲ့သို့၊ ရုရှားနှင့်နီးကပ်လာသော မြန်မာနိုင်ငံအား သင်ခန်းစာပေးနိုင်ရန်နှင့် မြန်မာစစ်တပ်၏ တိုက်စွမ်းအားနှင့် ခံနိုင်ရည်ကို စမ်းသပ်ချက်တစ်ခုအဖြစ်လည်း ရှုမြင်နိုင်ပါသည်။
ထို့ကြောင့် ယခုမြောက်ပိုင်းသုံးဖွဲ့၏ တိုက်ခိုက်မှုအား တရုတ်အစိုးရ၏ တုံ့ပြန် လာမှုကို လေ့လာရာတွင်လည်း ၎င်းတို့အား ထုတ်ဖော်ရှုတ်ချခြင်းမရှိဘဲ ယခင် အသုံးပြုနေကျနည်းလမ်းဟောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးရေးနှင့် အပစ်အခတ်ရပ်စဲရေး ကိုသာ ရှေ့တန်းတင်ထားပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များကို အသုံးချ၍ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် မဟာဗျူဟာဖြင့်သာ မြန်မာနိုင်ငံကို ကျင့်သုံးဆက်ဆံလျက်ရှိပြီး ၂၀၁၁-၂၀၁၅ ခုနှစ် အရပ်သားအစိုးရလက်ထက်က မြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်ပြီးနောက် တရုတ်နယ်စပ်ရှိ သောင်းကျန်းသူများ တစ်ကျော့ပြန်ထကြွလာခြင်းကို ထင်ရှားစွာ မြင်တွေ့ ခဲ့ရပြီး ဖြစ်သည်။
ယခုအခါတွင် တရုတ်နိုင်ငံရှိ ဝါဒဖြန့်ချိရေးဆိုင်ရာ ရဲတပ်ဖွဲ့ဟု အမည်တပ် ထားသည့် Twitter အကောင့်တချို့တွင်လည်း MNDAA(ကိုးကန့်)သည် တရုတ်လူမျိုး ဖြစ်ပြီး Qing မင်းဆက်လက်ထက်တွင် အင်္ဂလိပ်တို့၏ နယ်မြေခွဲခြားမှုကြောင့်မြန်မာနိုင်ငံသို့ ပါသွားရခြင်းဖြစ်ကြောင်း၊ ယခုအခါ MNDAA သည် ၎င်းတို့၏ဒေသကို မြန်မာစစ်အစိုးရလက်မှ ပြန်လည်တိုက်ယူနေခြင်းဖြစ်ကြောင်း[3] ရေးသားဖော်ပြလာကြ သည်ကို တွေ့ရှိရသည်။ ထိုဝါဒဖြန့်အကောင့်များသည် တရုတ်အစိုးရမှ ဆောင်ရွက် နေခြင်းလော၊ မြောက်ပိုင်းသုံးဖွဲ့မှ ဆောင်ရွက်နေခြင်းလောဟူသည်မှာ မှန်းဆရန် ခက်ခဲသော်လည်း ကိုးကန့်လူမျိုးနှင့် ကိုးကန့်ပိုင်နယ်မြေသည် သမိုင်းကြောင်းအရ တရုတ်နိုင်ငံပိုင်ဖြစ်သည်ဟူသော အယူအဆတစ်ရပ်ကို ထုတ်ဖော်ဆွဲတင်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။
သမိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက်တချို့အရ တရုတ်နိုင်ငံသည် ကိုးကန့် ဒေသကို ဗြိတိသျှအိန္ဒိယလက်သို့ ၁၈၉၇ ခုနှစ်တွင် သဘောတူညီချက်ဖြင့် ပထမဆုံး လွှဲပြောင်းပေးခဲ့ရပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် ကိုးကန့်ကို မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့ပါသည်။ သို့သော်လည်း ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလတွင် တရုတ်-မြန်မာ နယ်ခြား အချုပ်အခြာအာဏာပိုင်ဆိုင်မှု သဘောတူညီချက်ရေးဆွဲရာတွင် ကိုးကန့်ဒေသအား မည်သည့်နိုင်ငံဘက်ကိုမျှ ထည့်သွင်း ရေးဆွဲထားခြင်းမရှိခဲ့ဘဲ ၁၈၉၇ ခုနှစ်မှ ယခုအချိန်အထိ ကိုးကန့်သည် တရုတ်နောက်ခံရှိ တိုင်းရင်းသားများ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသည်ဟူသော ဖော်ပြချက်များကိုလည်း တွေ့ရှိနေရသည်။[4] ထို့ကြောင့် ယခု ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် စစ်မီးများသည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးနှင့် စစ်ရေးအခြေအနေများ၊ တရုတ်နိုင်ငံနှင့်သာမက ယူနန်ပြည်နယ်နှင့်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ စီးပွားရေးနှင့် နိုင်ငံရေး အကျိုးစီးပွားများဆက်စပ်လျက်ရှိနေခြင်းကြောင့် ယခု ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများသည် ရေရှည်ဖြေရှင်းရမည့် ပြဿနာရပ်များ ဖြစ်လာမည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
149111323
[1]။ Sebastian Strangio,“Chinese Official Calls on Myanmar Junta to Cooperate on Border Stability”. The Diplomat. 7 November 2023, [/https://thediplomat.com/.../chinese-official-calls-on.../]
[2]။ Peter Morris,“ Myanmar junta artillery attack fatally lands on China”. Asia Times. 7 November 2023, [/https:// asiatimes.com/ 2023/ 11/ myanmar-junta-artillery-attack-fatally-lands-on-china/]
[3]။ Zhao DaShuai,“A 16 year old female soldier of the MNDAA”. X. 7 November 2023, [/https:// twitter. com/ zhao_dashuai/status/1721828519314112887?s=19/

[4]။ Xue Li,“Can China Untangle the Kokang Knot in Myanmar?”. The Diplomat. 20 May 2015, [/https:// https://thediplomat.com/.../can-china-untangle-the.../]