Sunday, November 19, 2023

အိန္ဒိယသမုဒ္ဒရာအတွင်း သုတေသနဆောင်ရွက်နေသည့် တရုတ်သုတေသန ရေယာဉ်များ၏ဆောင်ရွက်ချက်များနှင့် သက်ရောက်မှုများ

 


နိဒါန်း
တရုတ်နိုင်ငံ၏ အဏ္ဏဝါသိပ္ပံသုတေသန ရေယာဉ်များကြောင့် သီရိလင်္ကာ နိုင်ငံအနေဖြင့် သံတမန်ရေးရာ အကျပ်အတည်းများ ရင်ဆိုင်နေရသည့်ကိစ္စရပ်များ၊ တရုတ် နိုင်ငံ၏ သမုဒ္ဒရာဆိုင်ရာသတင်းအချက်အလက်များ စုဆောင်းနေမှုနှင့် ရည်ရွယ်ချက်များကို သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နှင့် သီရိလင်္ကာနိုင်ငံတို့မှ သုတေသနပညာရှင်များအနေဖြင့် သီရိလင်္ကာကမ်းရိုးတန်း၏ အဏ္ဏဝါသိပ္ပံ (Marine Scientific) ဆိုင်ရာ သုတေသနဆောင်ရွက်ချက်များကို သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုဆိပ်ကမ်းတွင် မကြာသေးမီကဆိုက်ကပ်ခဲ့သည့် တရုတ် သုတေသနရေယာဉ် Shi Yan 6 ပေါ်၌ ပြုလုပ်ခဲ့ပါသည်။ အိန္ဒိယနှင့် အမေရိကန် နိုင်ငံတို့ကလည်း တရုတ်နိုင်ငံ၏ Shi Yan 6 ဆိုက်ကပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်းကလည်း သီရိလင်္ကာနိုင်ငံ၊ ဟမ်ဘန်တိုတာ ဆိပ်ကမ်းတွင် တရုတ်သုတေသနရေယာဉ် Yuan Wang 5 ဆိုက်ကပ်ခဲ့သည့်အတွက် အလားတူဝေဖန်မှုမျိုး ပေါ်ထွက်ခဲ့ဖူးပါသည်။ တရုတ်သုတေသနရေယာဉ် လာရောက်မှုကိုဟန့်တားနိုင်ရန်အတွက် သီရိလင်္ကာအစိုးရအပေါ် အိန္ဒိယနိုင်ငံနှင့် အခြားသော နိုင်ငံရေး ပါတီများက ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်ဟု သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး Mohamed Ali Sabry က ပြောကြားခဲ့ပါသည်။
လွန်ခဲ့သည့် ၁၅ နှစ်အတွင်းက တရုတ်နိုင်ငံ၏ သုတေသနရေယာဉ်များနှင့် စစ်သင်္ဘောများသည် သီရိလင်္ကာနိုင်ငံဆိပ်ကမ်းများသို့ လာရောက်ခဲ့ပါသည်။ ထိုကိစ္စရပ် များကို မီဒီယာများတွင် အကန့်အသတ်ဖြင့်သာ ဖော်ပြခဲ့ကြကြပါသည်။ United States Institute of Peace မှ ကျွမ်းကျင်သူတစ်ဦးက ၂၀၂၀ ပြည့်နှစ်ကတည်းက ဖြစ်ပွားနေသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြားရှိ နယ်စပ်ဒေသပဋိပက္ခများကြောင့် အိန္ဒိယနိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာအတွင်း တရုတ်နိုင်ငံ၏ တည်ရှိနေမှုများနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိပါသည်။ မကြာသေးမီက သီရိလင်္ကာဆိပ်ကမ်းများသို့ အကြောင်းအရင်း အမျိုးမျိုးဖြင့် လာရောက်ခဲ့သည့် တရုတ်ရေယာဉ်များကို အိန္ဒိယရေတပ်က အနီးကပ် စောင့်ကြည့်ခြေရာခံမှုများ ပြုလုပ်နေခြင်းကြောင့် သီရိလင်္ကာနိုင်ငံသို့ လာရောက်သည့် တရုတ်သင်္ဘောတိုင်းသည် အနာဂတ်တွင် မီဒီယာများ၏ အာရုံစိုက်မှုကို ခံလာရနိုင်ဖွယ်ရှိပါသည်။
၂၀ ရာစုအတွင်း နှစ်များတွင် အိန္ဒိယသမုဒ္ဒရာသည် တရုတ်နိုင်ငံ ခေါင်းဆောင် များ၏ မဟာဗျူဟာမြောက်သုံးသပ်မှုများ၌ ဒုတိယမြောက် အရေးပါဆုံး ဖြစ်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် ကာလတိုစစ်ပွဲကို ဦးတည်စေခဲ့သည့် တရုတ်-အိန္ဒိယ နယ်စပ်ဒေသ ပဋိပက္ခ၊ အိန္ဒိယနိုင်ငံ၏ တာဝေးပစ်ဒုံးများနှင့် နျူကလီးယားတီထွင်နိုင်မှု တို့ကြောင့် တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံသည် ၎င်းတို့အတွက် အရေးပါသည်ဟု သတ်မှတ် ထားပါသည်။ ယခင်က တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယသမုဒ္ဒရာဒေသတွင်း(Indian Ocean Region-IOR)တွင် အင်အားပြနိုင်ရန် ရေတပ်အင်အားတည်ဆောက်မှုနှင့် အချိန်ကြာမြင့်စွာ ကင်းကွာနေခဲ့သည့်အပြင် မဟာဗျူဟာမြောက် အစီအစဉ်များကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပါ။ သို့သော် မကြာသေးမီ ဆယ်စုနှစ်များတွင် သိသာ ထင်ရှားသည့် အပြောင်းအလဲများဖြစ်ပေါ်လာခဲ့ပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာတို့ အကြား ဆက်နွှယ်မှုများ တိုးမြှင့်လာခဲ့ပါသည်။ ထို့နောက် တရုတ်နိုင်ငံ၏ ရေတပ်အင်အားကြီးထွား လာပြီး ဒေသတွင်းရှိ မဟာဗျူဟာမြောက် ဆိပ်ကမ်းများကို ပူးတွဲထိန်းချုပ်မှုမှတစ်ဆင့် တရုတ်နိုင်ငံအတွက် စစ်ရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိနိုင်စေခဲ့ပါသည်။
Brookings Institution ၏ ၂၀၂၀ ပြည့်နှစ်အတွက် အစီရင်ခံစာအရ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(People Liberation Army-PLA)က ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရည်မှန်းချက်(Meta-Mission Objective) ၅ ရပ်ရှိပါသည်။ ပထမအချက်အနေဖြင့် တရုတ်နိုင်ငံသားများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရာတွင် စစ်ရေးမဟုတ်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်သွားရန်နှင့် တရုတ် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် သံမတန်ရေးအရ(Soft Power) လွှမ်းမိုးမှုနိုင်ခြင်းများကို တိုးမြှင့်ဖော်ဆောင်သွားရန်ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် အကြမ်းဖက်တန်ပြန် တိုက်ဖျက်ရေးလှုပ်ရှားမှုများကို တစ်နိုင်ငံတည်းသော်လည်းကောင်း မိတ်ဖက်နိုင်ငံများဖြင့် သော်လည်းကောင်း ဆောင်ရွက်ပြီး တရုတ်နိုင်ငံကို ခြိမ်းခြောက်နေသည့် အဖွဲ့အစည်း များအား ဆန့်ကျင်သွားရန်ဖြစ်ပါသည်။ တတိယအချက်အနေဖြင့် စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များအတွက် အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်များကို စုဆောင်းရန်နှင့် အဓိကပြိုင်ဘက်များကို ဆန့်ကျင်ရန်ဖြစ်ပါသည်။ စတုတ္ထအချက် အနေဖြင့် ဒေသတွင်းရှိ သံတမန်ရေးအရ နိုင့်ထက်စီးနင်းပြုခြင်းခံနေရသည့် နိုင်ငံငယ် များကို ကူညီထောက်ပံ့ပေးရန်ဖြစ်ပါသည်။ ပဉ္စမအချက်အနေဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် ပတ်ဝန်းကျင်တွင် အပြုသဘောဆောင်သည့် စစ်ဆင်ရေးများ ဖော်ဆောင်ပေးသွားရန်၊ တရုတ်နိုင်ငံအတွက် ကုန်သွယ်မှုကို အကန့်အသတ်ဖြစ်စေမည့် နိုင်ငံတစ်နိုင်ငံက ထောက်ပံ့ပေးထားသည့် တားမြစ်ပိတ်ပင်ခြင်းများကို အဆုံးသတ် လျော့ပါးသွားစေရန် အတွက် တားမြစ်နိုင်ရန်နှင့် ပိုမိုကျယ်ပြန့်လာသည့် ပဋိပက္ခများတွင် အမေရိကန်၊ သို့မဟုတ် အိန္ဒိယနိုင်ငံ၏ အကူအညီများကို ထိန်းချုပ်သွားရန်ဖြစ်ပြီး အချို့မှာ အကောင်အထည်ဖော်ပြီးဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ သုတေသနရေယာဉ်အများစုတွင် ကျယ်ပြန့်သည့် သုတေသနများ ဆောင်ရွက်ရန်အတွက် ဘက်စုံသုံးသုတေသနကိရိယာများ တပ်ဆင်ထားပါသည်။ ဥပမာ အနေဖြင့် ရေယာဉ်ဦးပိုင်းတွင် မိုးလေဝသဆိုင်ရာအချက်အလက်များကို စုဆောင်းရန် အတွက် “Science Masts” အား တပ်ဆင်ထားပြီး ရေယာဉ်များအားလုံးတွင် ကိုယ်ထည်နှင့် ဆက်သွယ်ထားသည့် အမျိုးမျိုးသော Sensors များ တပ်ဆင်ထားပါသည်။ ခေတ်မီရေယာဉ် Kexue တွင် ဒေတာတိုင်းတာခြင်းများကို နှောင့်ယှက်မှုများမှ ကာကွယ် နိုင်ရန်အတွက် ဂွန်ဒိုလာများ (Gondola)များ တပ်ဆင်ထားပြီး Acoustic Doppler Current Profilers(ADCPs) များသည် ရေအောက်ကြမ်းပြင် ရေစီးကြောင်း၏ ဦးတည်ရာနှင့် မြန်နှုန်းဆိုင်ရာအချက်အလက်များကို ထောက်ပံ့ပေးပါသည်။ Multi-Beam များသည် သမုဒ္ဒရာ၏ အနက်ကို တိုင်းတာရန် အသုံးပြုပြီး အချို့သော Sensors များကို သင်္ဘော၏နောက်တွင် ကြိုးဖြင့်ဆွဲထားပါသည်။ အချို့သောရေယာဉ်များသည် မြေငလျင် စစ်တမ်းကောက်ယူခြင်းများကို လုပ်ဆောင်နိုင်သည့်အပြင် ပင်လယ်ရေအောက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များကို ရှာဖွေနိုင်ကြောင်း ဖော်ပြထားပါသည်။
Shi Yan 6 သုတေသနရေယာဉ်၏ ဘူမိနှင့် ရူပဆိုင်ရာ ရှာဖွေမှုများသည် ရေငုပ်သင်္ဘောစစ်ပွဲများအတွက် စူးစမ်းလေ့လာခြင်းဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ရမည့်အချက် ၂ ချက်ရှိပါသည်။ ပထမအချက်အနေဖြင့် စွမ်းအင်နှင့် သတ္ထုများအတွက် ယှဉ်ပြိုင်မှုများ မြင့်တက်နေချိန်တွင် တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယ သမုဒ္ဒရာမှ ရေအောက်သယံဇာတဆိုင်ရာ အချက်အလက်များကို ရရှိသွားနိုင်သည် ဆိုသည့် အချက်ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် စုဆောင်းရရှိသည့်အချက်များကို အနာဂတ် ရေကြောင်းမဟာဗျူဟာအစီအစဉ်များနှင့် ရေငုပ်သင်္ဘောစစ်ပွဲများတွင် အသုံးချ လာနိုင်ခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် အာရှဒေသကို လွှမ်းမိုးနိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်မှုများကို အလျှော့ပေးသွားမည်မဟုတ်ဘဲ တရုတ်နိုင်ငံကို တန်ပြန်ရန်အတွက် QUAD အား ဖွဲ့စည်းထားရှိပါသည်။ သီရိလင်္ကာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတည်ထောင်ထားခြင်းက ၎င်းအတွက် ခြိမ်းခြောက်မှုများ ချက်ချင်းဖြစ်ပေါ်မလာနိုင်ဟု ယုံကြည်ထားပါသည်။ ထို့ကြောင့် အိန္ဒိယသမုဒ္ဒရာ ဒေသတွင်း မဟာဗျူဟာမြောက်နေရာများသို့ ပြင်ပနိုင်ငံများ၏ ရေယာဉ်များကို ဝင်ရောက်ခွင့် ပြုနေသည့် သီရိလင်္ကာနိုင်ငံအနေဖြင့် နိုင်ငံ၏ ရေပိုင်နက်အတွင်း ပြည်ပနိုင်ငံများ၏ ရေယာဉ်များ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ စံနှုန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား Standard Operating Procedure ဖော်ဆောင်ထားသင့်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
တရုတ်နိုင်ငံသည် သိရီလင်္ကာနိုင်ငံနှင့် ဆက်ဆံရေးကို အကြောင်းပြု၍ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ သဘာဝသတ္ထုတွင်းထွက်များနှင့် ပတ်သက်သည့် အရေးကြီး အချက်အလက်များ၊ ရေပြင်/ရေအောက် စစ်ဆင်ရေးအတွက် ရေအောက်မြေပြင် အချက်အလက်တိုင်းတာခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေမှုအား ဖော်ထုတ် ရေးသားထားခြင်း ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် သီရိလင်္ကာနိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းများ၊ စီးပွားရေးအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသကဲ့သို့ ကမ္ဘာ့ အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် ဆက်ဆံရာတွင်လည်း သံတမန်ရေးရာအခက်အခဲများနှင့်ကြုံတွေ့နေရပါသည်။
အင်အားကြီးနိုင်ငံ များ၏ ကဏ္ဍစုံမဟာဗျူဟာမြောက်အားပြိုင်မှုများအကြား၌ အချက်အချာ နေရာများတွင် တည်ရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးသည် အခြားနိုင်ငံများထက် အခက်အခဲအကျပ်အတည်း များဖြင့် ပိုမိုရင်ဆိုင်ရမည်ဖြစ်ပြီး ထိုနိုင်ငံများအနေဖြင့် မိမိ၏ ရှိရင်းစွဲ National Power ကို မြှင့်တင်နိုင်ပြီး အားသာချက်များကို ပါးနပ် လိမ္မာစွာအသုံးချနိုင်မည်ဆိုပါကလည်း အကျိုးစီးပွားအလျင်အမြန် ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
154112023

[1]။ Rathindra Kuruwita.“ What Swirls Beneath ResearchActivity of Chinese Ships in theIndian Ocean?”. The Diplomat. November 9, 2023 [https://thediplomat.com/.../what-swirls.../]-accessed on 15 November 2023.

Thursday, November 16, 2023

တရုတ်နိုင်ငံ၏ ဗဟိုထောက်လှမ်းရေးစနစ် တည်ဆောက်ထားမှုနှင့် ပြည်နယ်အလိုက် ဖြန့်ကြက်ထားရှိမှု ပုံသဏ္ဍာန်

 


နိဒါန်း
တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့်ထောက်လှမ်းရေးစနစ် တည်ဆောက်ထားမှုနှင့် ပတ်သက်၍ McGrathNicolအတိုင်ပင်ခံကုမ္ပဏီမှ အကြီးတန်းအကြံပေးတစ်ဦးဖြစ်သူ Alex Joske နှင့် ပြုလုပ် ခဲ့သည့် အင်တာဗျူးတစ်ခုအား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
တရုတ်နိုင်ငံ၏ ပြည်နယ်လုံခြုံရေးစနစ်ဆိုသည်မှာ နိုင်ငံတော်လုံခြုံရေးဝန်ကြီး ဌာန (Ministry of State Security-MSS) နှင့် နိုင်ငံတစ်ဝှမ်းရှိ ဒေသဆိုင်ရာအစိုးရကွန်ရက် များကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ အဆိုပါလုံခြုံရေးစနစ်ကို တရုတ်ဗျူရိုကရေစီ စနစ်၏ အခြေခံဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဗဟိုအေဂျင်စီ (နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာန)သည် ဗျူရိုကရေစီ၏ အောက်ဆုံးအဆင့်ရှိ အဖွဲ့ဝင်များအဆင့်ထိ လိုအပ်သည့်နေရာများတွင် ဦးဆောင်မှုပြု၍ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ တရုတ်နိုင်ငံ၏ ပြည်နယ်များအားလုံးတွင် အမျိုးသားလုံခြုံရေးစနစ်၏ အစိတ်အပိုင်း ဖြစ်သည့် ပြည်နယ်အစိုးရအောက်တွင် ပြည်နယ်လုံခြုံရေးဌာနခွဲများရှိကြပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံသည် ပြည်ထောင်စုအစိုးရ၊ သို့မဟုတ် ဗဟိုအစိုးရများအောက် တွင်သာ ဖွဲ့စည်းထားရှိသည့် အနောက်အုပ်စုနိုင်ငံများ၏ ထောက်လှမ်းရေးအဖွဲ့များနှင့်မတူကွဲပြားလျက်ရှိပါသည်။
တရုတ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးအရာရှိအများစုသည် ပြည်နယ်လုံခြုံရေး အေဂျင်စီများတွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး ပြည်တွင်းလုံခြုံရေးအပြင် ပြည်ပ သတင်းထောက်လှမ်းရေးလုပ်ငန်းများလည်း ဆောင်ရွက်ရပါသည်။ Alex Joske၏ စာတမ်းတစ်ခုတွင် ဖော်ပြထားချက်များအရ MSS ၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို Shanghai ပြည်နယ်လုံခြုံရေးဗျူရို၊ သို့မဟုတ် Guangdong ပြည်နယ်လုံခြုံရေးဌာန ကဲ့သို့သော အေဂျင်စီများက လုပ်ဆောင်လျက်ရှိပါသည်။ တရုတ်နိုင်ငံ၏ စစ်ထောက်လှမ်းရေးအဖွဲ့များကို အဆိုပါလုံခြုံရေးဖွဲ့စည်းပုံများအတိုင်း ဖွဲ့စည်းထားရှိသော်လည်း ဒေသ ဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များအောက်တွင် ဖွဲ့စည်းထားရှိပါသည်။
တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးရုံးများ(Foreign Affairs Offices)၊ ပြည်ပတရုတ် နိုင်ငံသားရေးရာရုံးများ(Overseas Chinese Affairs Offices)နှင့် စုပေါင်းလုပ်ငန်းဌာနများ (United Front Work Department)ကဲ့သို့ နိုင်ငံတော်အဖွဲ့အစည်းများနှင့် ပြည်နယ် လုံခြုံရေးအဖွဲ့အစည်းများအကြား ဆက်စပ်မှုများနှင့်ပတ်သက်၍ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းများဆောင်ရွက်ရာ၌ တရုတ်နိုင်ငံ ပါတီ-အစိုးရ ရုံးဌာနများအဖြစ် ပုံဖျက်ဖုံးကွယ်၍ လုပ်ဆောင်လျက်ရှိကြပါသည် ထိုကဲ့သို့ တရားဝင် ဖုံးကွယ်ဆောင်ရွက်မှုကို Official Cover ဟု ခေါ်တွင်ပါသည်။ တရုတ်လုံခြုံရေး အရာရှိများသည် United Front Work Department များ၊ ပြည်ပနိုင်ငံရှိ တရုတ်နိုင်ငံသား ရေးရာရုံးများနှင့် နိုင်ငံခြားရေးရုံးများတွင် အယောင်ဆောင်၍ ထောက်လှမ်းမှုများ လုပ်ဆောင်လျက်ရှိကြပါသည်။ အဆိုပါ ထောက်လှမ်းရေးလှုပ်ရှားမှုများတွင် အချို့ ဆုံးဖြတ်ချက်ချရမည့်ကိစ္စရပ်များ၌ တရုတ်နိုင်ငံမှ ထိပ်တန်းထောက်လှမ်းရေးအရာရှိကြီးများ တိုက်ရိုက်ပါဝင်ဆောင်ရွက်ကြောင်းနှင့် နိုင်ငံတော်လုံခြုံရေးယန္တရားသည် နိုင်ငံခြားရေး ကိစ္စရပ်များအတွက် အဓိကအခန်းကဏ္ဍမှပါဝင်နေပါသည်။ သို့သော်လည်း နိုင်ငံတော်၏ ယန္တရားများအကြား ဆပ်စပ်နေမှုများသည် တာဝန်ထမ်းဆောင်သည့် ပုဂ္ဂိုလ်များ အပေါ်တွင် မူတည်၍ ပြည်နယ်များအလိုက် အတိမ်အနက် မတူညီကြပါ။အချို့ထောက်လှမ်းရေးလုပ်ငန်းများအတွက် ဖော်ထုတ်ရန်ခက်ခဲသည့် တရားဝင် မဟုတ်သည့် ဖုံးကွယ်မှုများကိုလည်း အသုံးပြုလျက်ရှိပါသည်။
ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံတော်လုံခြုံရေးစနစ်အရ နိုင်ငံခြားထောက်လှမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ နိုင်ငံခြားစောင့်ကြည့် လေ့လာသူများသည် တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနအား အမေရိကန်နိုင်ငံရှိ FBI ကဲ့သို့ (CIA နှင့်မတူ) ပြည်တွင်းလုံခြုံရေးတာဝန်များအတွက် ဖွဲ့စည်းထားသည်ဟု ယူဆခဲ့ကြပါသည်။ ထိုယူဆချက်သည် အတိုင်းအတာတစ်ခုအထိသာ မှန်ကန်ပြီးတရုတ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးယန္တရားသည် ၁၉၈၃ ခုနှစ်မှစတင်၍ အတွေ့အကြုံရှိသော နိုင်ငံခြားရေးထောက်လှမ်းရေးနှင့် တန်ပြန်ထောက်လှမ်းရေးအရာရှိများဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ပြည်နယ်လုံခြုံရေးဌာန ခေါင်းဆောင်များသည်လည်း ပြည်ပနိုင်ငံများ၊ မြို့များတွင် လျှို့ဝှက်ထောက်လှမ်းရေးများ လုပ်ဆောင်ခဲ့ကြသည့် နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်းများဖြစ်ကြပါသည်။ ၁၉၈၀ ပြည့်နှစ်အလွန် ကာလများတွင် တရုတ်နိုင်ငံလုံခြုံရေး ဝန်ထမ်းအများစုသည် သူလျှိုထောက်လှမ်းရေး သမားများထက် ရဲအရာရှိများ ပိုမိုများပြားခဲ့ပါသည်။ သို့သော် MSS အနေဖြင့် နိုင်ငံရပ်ခြားထောက်လှမ်းရေးကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ၎င်း၏ဖြစ်တည်မှုကို ဖုံးကွယ်ရန် တရားဝင်ဖုံးကွယ်မှုများသာမက အခြားပုံသဏ္ဌာန်ဖြင့် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ ဆောင်ရွက်ခဲ့ကြပါသည်။ ၁၉၉၀ ပြည့်နှစ်အလွန်ကာလများအထိ တရုတ်နိုင်ငံသည် သံရုံးများမှတစ်ဆင့် ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံခြားသား များကို ပြည်တွင်းသို့ ဖိတ်ခေါ်ကာ MSS အတွက် အလုပ်လုပ်ရန် စည်းရုံးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။
ပထမဆုံး ပြည်နယ်လုံခြုံရေးဌာနနှင့်ဗျူရို ၁၄ ခု တည်ဆောက်ခဲ့ပြီးနောက် နိုင်ငံတော်လုံခြုံရေးစနစ်၏ အရေးပါလာမှုနှင့်ပတ်သက်ပြီး ဖြေကြားရာတွင် တရုတ် နိုင်ငံတော်လုံခြုံရေးအေဂျင်စီ၏ ဖွဲ့စည်းပုံနှင့် ထိရောက်မှု အချက်အလက်များကို ရှာဖွေရန် ခက်ခဲပါသည်။ တရားရုံးတွင် တရားစွဲဆိုနိုင်ခြင်း လုပ်ငန်းတစ်ခုတည်းကို ကြည့်ခြင်း အားဖြင့် ပြည်နယ်လုံခြုံရေးလုပ်ငန်းများ၏ ထိရောက်မှုကို ဖော်ပြနိုင်မည်မဟုတ်ပါ။ Guangdong နှင့် Tianjin ပြည်နယ်ရှိ လုံခြုံရေးအဖွဲ့အစည်းများသည် ကြီးမားကျယ်ပြန့် ကြပါသည်။ ပြည်နယ်လုံခြုံရေးအေဂျင်စီများကိုနှိုင်းယှဉ်ရာတွင် နောက်ထပ်အခက်အခဲ တစ်ခုမှာ ဒေသအလိုက်မတူညီသည့် အထူးဦးစားပေးဆောင်ရွက်သော ကဏ္ဍရပ်များနှင့် ကျွမ်းကျင်ပညာရပ်များ ရှိနေခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် Yunnan ပြည်နယ်ရှိ လုံခြုံရေး အရာရှိများသည် အရှေ့တောင်အာရှ နယ်စပ်ဖြတ်ကျော်ဆောင်ရွက်ရသည့် စစ်ဆင်ရေး လုပ်ငန်းများတွင် အတွေ့အကြုံများရှိကြပြီး အချို့ပြည်နယ်ရှိ အရာရှိများသည် ပြည်ပတွင် အခြေချနေထိုင်သည့် သူလျှိုလုပ်ငန်းများတွင်လည်းကောင်း၊ နည်းပညာဆိုင်ရာ လုပ်ငန်းများ တွင်လည်းကောင်း ကျွမ်းကျင်ကြပါသည်။ ဥပမာအားဖြင့် Jiangsu ပြည်နယ်ရှိ လုံခြုံရေး အဖွဲ့အစည်းများသည် MSS နည်းပညာဆိုင်ရာ သုတေသနအဖွဲ့ Nanjing Institute of Information Technology ၏ အဓိကရင်းမြစ်တစ်ခုဖြစ်ပါသည်။ ဒေသဆိုင်ရာလုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းများအတွက် လူသစ်စုဆောင်းရာတွင် ဒေသကိုသာအခြေခံ၍ဆောင်ရွက်လေ့ရှိပြီး ထိပ်တန်းနည်းပညာတက္ကသိုလ်များမှ ပြည်တွင်းပညာရှင် များကို စုဆောင်း၍ ပိုမိုအားကောင်းသည့် ဆိုက်ဘာနည်းပညာကဏ္ဍ တည်ဆောက်ရန် ကြိုးပမ်းနေမှုများလည်းရှိပါသည်။
တရုတ်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာစစ်ဆင်ရေးများဖြင့် ပြည်ပအရေးကိစ္စများအား လွှမ်းမိုးနိုင်ရန်ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုနှင့်ပတ်သက်၍ ဩဇာလွှမ်းမိုးမှုစစ်ဆင်ရေးများသည် အထိရောက်ဆုံးသော စစ်ဆင်ရေး အမျိုးအစားတစ်ခုဖြစ်ပါသည်။ MSS ၏ လူမှုစုံစမ်းစစ်ဆေးရေးဗျူရို(Social Investigation Bureau)သည် နိုင်ငံခြားမှ ထိပ်တန်းအရာရှိများကို လွှမ်းမိုးရာတွင် အောင်မြင်လျက် ရှိပါသည်။ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး(China’s Peaceful Rise) သီအိုရီကို ပုံဖော်ဖန်တီးရာတွင်လည်း MSS မှ အရာရှိများအနေဖြင့် ပြုပြင်ပြောင်းလဲရေး လိုလားသည့် ပညာရှင်များအသွင်ယူ၍ နိုင်ငံခြားပညာရှင်များ၊ သံတမန်များ၊ မူဝါဒ ချမှတ်သူများထံသို့ အဆိုပါသီအိုရီကို လက်ခံယုံကြည်လာစေရန် ဆောင်ရွက်လျက် ရှိပါသည်။ တရုတ်နိုင်ငံ၏ အရေးကြီးသတင်းအချက်အလက်များကို ရရှိနိုင်သူများမှာ MSS ၊ သို့မဟုတ် တရုတ်စစ်တပ်နှင့် ဆက်နွှယ်သူများသာဖြစ်ပြီး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဖုံးကွယ်ထားကြကာ အဆိုပါအရေးကြီး သတင်းအချက်အလက်များကို ၎င်းတို့၏ ထောက်လှမ်းရေးလုပ်ငန်းများ အောင်မြင်ရန်အတွက် အသုံးပြုကြပါသည်။ သို့သော် ၎င်းပုဂ္ဂိုလ်များ၏ နောက်ခံသမိုင်းနှင့် အယောင်ဆောင်ဖုံးကွယ်မှုများကို Open-Source သုတေသနမှတစ်ဆင့် မကြာခဏထုတ်ဖော်နိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
အင်တာဗျူးဆောင်းပါးသည် တရုတ်နိုင်ငံ၏ ထောက်လှမ်းရေးယန္တရား ဖွဲ့စည်း ထားမှုကို နှစ်ရှည်လများ စောင့်ကြည့်သုတေသနပြုနေသည့် အရပ်ဘက်အမည်ခံ McGrathNicol မှ “Spies and Lies: How China’s Greatest Covert Operations Fooled the World” စာအုပ်ကို ရေးသားသူ Alex Joske ဟူသည့် ပညာရှင်တစ်ဦးက ဖြေကြားထားခြင်းဖြစ်ပါသည်။ အမှန်စင်စစ် ထိုအဖွဲ့အစည်းသည်ပင် ကြီးမားခိုင်ခံ့စွာ ဖွဲ့စည်းထားသော်လည်း မည်သည့်နိုင်ငံမှဖြစ်သည်ကို သိရှိနိုင်ခြင်းမရှိဘဲ အမေရိကန် နိုင်ငံနှင့် အနောက်အုပ်စု၏ Open-Source ထောက်လှမ်းရေးကွန်ရက်တစ်ခုပင်ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ၎င်း၏ ဖြေကြားချက်များကို ဖတ်ရှုခြင်းအားဖြင့် အဓိကအချက် ၂ ချက် ကိုဖော်ထုတ်နိုင်မည်ဖြစ်သည်။
ပထမအချက်မှာ ဒေသအလိုက်ဖွဲ့စည်းထားသည့် တရုတ်ထောက်လှမ်းရေး အဖွဲ့အစည်းများအနေဖြင့် ဗဟိုမှကွပ်ကဲထားသော်လည်း ၎င်းတို့အနေဖြင့် ကိုယ်တိုင် လူသစ်စုဆောင်းမှုကို ဒေသအလိုက်သာ ဆောင်ရွက်ကြပြီး သီးခြားလွတ်လပ်သည့် ဆောင်ရွက်ချက်များ ဒေသအလိုက် ကျွမ်းကျင်ရာကဏ္ဍများကို ဦးစားပေးဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါမည်။ ဗဟိုအဖွဲ့အနေဖြင့် လိုအပ်သည့် အချိန်မှသာ အထူး ကိုယ်စားလှယ်များ၊ အုပ်ချုပ်သူများစေလွှတ်၍ကွပ်ကဲလေ့ရှိပြီး ပုံမှန်အချိန်ဆောင်ရွက်ချက် များမှာ သက်ဆိုင်ရာပြည်နယ်အစိုးရများနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းများအပေါ်တွင်များစွာမူတည်လျက်ရှိပါသည်။ ထို့ပြင် ထိုဒေသဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့အစည်းများသည် နိုင်ငံရပ်ခြားထောက်လှမ်းရေးလုပ်ငန်းများ ကိုလည်း ဦးဆောင်ပြီး ဆောင်ရွက်ကြပါသည်။ တစ်ပါတီကွန်မြူနစ်စနစ် ကျင့်သုံးနေသည့် တရုတ်နိုင်ငံ၏ အာဏာခွဲဝေမှု၊ ဒေသအလိုက်မတူကွဲပြားမှုများဖြင့် ဖွဲ့စည်းထားသော လုံခြုံရေးနှင့် ထောက်လှမ်းရေးစနစ်ကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိနိုင်ပါသည်။
ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်များစွာ ထိစပ်လျက်ရှိပြီး ယခုမြောက်ပိုင်း ၃ ဖွဲ့ထကြွရာ ဒေသများနှင့် ဆက်စပ်နေသည့် ယူနန်ပြည်နယ်ရှိ လုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့များသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း ဆောင်ရွက်သည့် သူလျှိုလုပ်ငန်းများ၊ တစ်ဖက်နိုင်ငံသားအမည်ခံ၍ သူလျှိုလုပ်ငန်း ဆောင်ရွက်မှုများကို အဓိကဦးဆောင်သည့် ပြည်နယ်ဖြစ်ပါသည်။ ထို့ကြောင့် ယခု မြန်မာနိုင်ငံအရှေ့မြောက်ဒေသရှိ မတည်ငြိမ်မှုများသည် (တရုတ်ဗဟိုအစိုးရ၏ မူဝါဒဖြစ်သည်ကို အတည်မပြုနိုင်သော်လည်း) တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ အုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များ၊ ထောက်လှမ်းရေးအဖွဲ့များနှင့် တရားမဝင်/တရားဝင်စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေနိုင်ပြီး အရင်းအမြစ်ကို တူးဆွကြည့်နိုင်ရန်မှာ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပညာခန်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
153111723

[1]။ Mercy A. Kuo.“ China’s State Security Departments and Nationwide System”. The Diplomat. November 9, 2023 [https://thediplomat.com/.../chinas-state-security.../]

Wednesday, November 15, 2023

Srettha Thavisin ဦးဆောင်သည့်ထိုင်းအစိုးရနှင့် ပြည်တွင်းလုံခြုံရေး ကွပ်ကဲမှုအဖွဲ့အခြေအနေ

 


နိဒါန်း
ထိုင်းနိုင်ငံမှ စစ်တပ်မလိုလားသည့်နိုင်ငံရေးပါတီများသည် ထိုင်းတပ်မတော်၏ ပြည်တွင်းလုံခြုံရေးကွပ်ကဲမှုအဖွဲ့(ISOC)အား ဖျက်သိမ်းပေးရန် တောင်းဆိုမှုများ၊ လိုလားချက်များရှိခဲ့သော်လည်း ယခုထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Thavisin ဦးဆောင်သည့် အစိုးရလက်ထက်တွင် ထိုသို့ဖျက်သိမ်းရန်မဖြစ်နိုင်သေးသည့် ကိစ္စရပ်အား သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Thavisin သည် ဘန်ကောက်မြို့ Ruedi နန်းတော်ရှိ ပြည်တွင်းလုံခြုံရေးကွပ်ကဲမှုအဖွဲ့ (Internal Security Operations Command -ISOC)သို့ နိုဝင်ဘာလပထမပတ်တွင် ပထမဆုံးအကြိမ်သွားရောက်ခဲ့ပါသည်။ Srettha သည် ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည့်အပြင် ISOC အဖွဲ့၏ ဒါရိုက်တာ အဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ၁၉၆၀ ပြည့်နှစ်များကတည်းက စတင်ဖွဲ့စည်း ခဲ့သော ISOC အဖွဲ့ကို ကွန်မြူနစ်ခြိမ်းခြောက်နိုင်မှုအလားအလာများကို စောင့်ကြည့်ရန်နှင့် ထိုင်းနိုင်ငံရှိ ကဏ္ဍအသီးသီးတွင် ထိုင်းစစ်တပ်၏ သြဇာလွှမ်းမိုးမှုအား တိုးမြှင့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုင်း လွှတ်တော်ရှိ Pheu Thai ပါတီ၏ အကြီးအကဲ Adisorn Piengkes က ထိုင်းပြည်သူများအား အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ပိုမိုပေးအပ်နိုင်ရန်အတွက် ISOC အဖွဲ့ကို ဖျက်သိမ်းရန် ၎င်း၏ X ဆိုရှယ် အကောင့်တွင် ရေးသားခဲ့ဖူးပါသည်။
၃။ ဝန်ကြီးချုပ် Srettha Thavisin ဦးဆောင်သော အစိုးရအဖွဲ့သည် ISOC အဖွဲ့ကို ဖျက်သိမ်းရန် လတ်တလောတွင် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သော်လည်း အချို့က Adisorn Piengkes ၏ အမြင်သည် မှန်ကန်သည်ဟု ယူဆကြပြီး အတိုက်အခံ Move Forward Party (MFP)ကလည်း ထောက်ခံခဲ့ပါသည်။ ဇူလိုင်လအတွင်းက ထိုင်းလွှတ်တော်၌ ISOC အဖွဲ့၏ အနာဂတ်ကို အပြောင်းအလဲ ဖြစ်ပေါ်စေမည့် ဥပဒေ ပြုရေးဆိုင်ရာ အဆိုတစ်ခုကိုတင်သွင်းခဲ့ပြီး စစ်တပ်ကို ပြုပြင်ပြောင်းလဲရန်နှင့် စီးပွားရေးဈေးကွက်လက်ဝါးကြီးအုပ်မှုများကို ဟန့်တားရန် ရည်ရွယ်သည့် ဥပဒေကြမ်း ခုနှစ်ခုအနက်မှတစ်ခုတွင် ISOC အဖွဲ့နှင့် အဓိကပတ်သက်နေပါသည်။ MFP ပါတီသည် ၂၀၀၈ ခုနှစ် ပြည်တွင်းလုံခြုံရေးဥပဒေ(2008 Internal Security Act)ကို ပြင်ဆင်ရန်နှင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထိုင်းနိုင်ငံကို အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်များ၏ အမျိုးသားတည်ငြိမ်အေးချမ်းရေးကောင်စီ(National Council for Peace and Order)မှ ထုတ်ပြန်ခဲ့သော အမိန့်များအားလုံးကို ဖျက်သိမ်းရန်အဆိုတစ်ရပ်အား တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
Adisorn Piengkes နှင့် MFP ပါတီတို့၏သဘောထားမှာ ISOC အဖွဲ့အနေဖြင့် ထိုင်းလူမျိုးများ ဆယ်စုနှစ်များစွာကြာခံစားခဲ့ရသည့် ထိုင်းစစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှု၊ နိုင်ငံတော်အကြမ်းဖက်မှုနှင့် သွေးမြေကျမှုကဲ့သို့သော သမိုင်းကြောင်းများနှင့် တိုက်ရိုက် ပတ်သက်နေပါသည်။ ၁၉၆၀ ပြည့်နှစ်အလယ်ပိုင်းကာလများတွင် အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ကွန်မြူနစ်များ၏ခြိမ်းခြောက်မှုကို တိုက်ဖျက်ရန် ISOC အဖွဲ့နှင့် လက်တွဲလုပ်ဆောင်ခဲ့ပါသည်။ ကွန်မြူနစ်လှုပ်ရှားမှု အလားအလာများနှင့် ပတ်သက်၍ ISOC အဖွဲ့သည် ထိုင်းနိုင်ငံအရှေ့မြောက်ဒေသရှိ တက္ကသိုလ်ကျောင်းသားများ၊ လယ်သမားများနှင့် အလုပ်သမားများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်မှုပြုလုပ်ခဲ့ပါသည်။ ၁၉၇၀ ပြည့်နှစ်များအတွင်း ISOC အဖွဲ့သည် Red Gaurs နှင့် Nawapon တို့ကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘုရင်စနစ် လိုလားသောအဖွဲ့အစည်းများကို ငွေကြေး ထောက်ပံ့ခဲ့ပါသည်။ ၎င်းအဖွဲ့များသည် ကျောင်းသားများ၏ အကြမ်းဖက်မှုကို နှိမ်နင်းရေးနှင့် ဥပဒေပြုရေးတို့တွင် အဓိကကျသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ၁၉၇၆ ခုနှစ် အောက်တိုဘာလတွင် Thammasat တက္ကသိုလ်၌ ကျောင်းသားများအား အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှု ပြုလုပ်ခဲ့သည်ဟုဆိုသည်။ ၂၀၂၀ ပြည့်နှစ်တွင် ISOC အဖွဲ့သည် ထိုင်းနိုင်ငံ၏ Deep South ပဋိပက္ခအတွင်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသည့် တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် နိုင်ငံရေးသမားများအား တိုက်ခိုက်သည့် ဆိုက်ဘာစစ်ပွဲတွင် ပါဝင် ဆင်နွှဲခဲ့သည်ဟု စွပ်စွဲခံခဲ့ရမှုအား ငြင်းဆိုခဲ့ပြီး သတင်းအတု/သတင်းအမှားများ ပျံ့နှံ့မှုကို တန်ပြန်ရန် သတင်းအချက်အလက်စစ်ဆင်ရေးကိုသာ ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်ဟောင်းဖြစ်သည့် ပရာယွတ်ချန်အိုချာ၏ တိုက်ရိုက်ကြီးကြပ်မှု အောက်တွင် ISOC အဖွဲ့သည် တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် နိုင်ငံရေး သမားများကို ဝေဖန်သည့် သတင်းများလွှင့်တင်နေသော အွန်လိုင်းဘလော့ဂ်တစ်ခုအား ပြုလုပ်ခဲ့သည်ဟု အတိုက်အခံအဖွဲ့များမှ ပြောကြားခဲ့သော်လည်း ISOC အဖွဲ့က ၎င်းဘလော့ဂ် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ “သတင်းအတု/ သတင်းအမှားများ”ကို တိုက်ဖျက်ရန် ဖြစ်ပြီး ၎င်း၏လုပ်ဆောင်ချက်များသည် တရားမျှတမှုရှိသည်ဟု ပြောကြားခဲ့ပါသည်။
ထိုင်းလွှတ်တော်တွင် ISOC အဖွဲ့အား ဟန့်တားရန် ပထမဆုံး တရားဝင် ကြိုးပမ်းမှုကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့ပါသည်။ ထိုအချိန်က Future Forward ပါတီ(ယခု MFP ပါတီ)သည် ISOC အဖွဲ့အား အစိုးရကို လိမ်လည် နေသည်ဟု လူသိရှင်ကြားစွပ်စွဲ၍ ၎င်း၏ရန်ပုံငွေအား ဖြတ်တောက်ရန် ကြိုးပမ်းခဲ့ပါသည်။ Future Forward ပါတီနှင့် ထိုင်းသတင်းအချို့က ISOC အဖွဲ့သည် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များအကြား အမုန်းပွားစေရန် ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အကြီးအကဲဖြစ်သူ Angkhana Neelapaijit နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း လူငယ် များသည် ထိုင်းစစ်တပ်ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့ကြပြီး MFP ပါတီခေါင်းဆောင် Pita Limjaroenrat က တိုင်းပြည်ကို စစ်အုပ်ချုပ်မှုမှ လွတ်ကင်းအောင် ပြုလုပ်မည်ဟု ကတိပြုခဲ့ပါသည်။
သို့သော်လည်း ထိုင်းနိုင်ငံ၏ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံ ထားသည့် ချို့ယွင်းချက်ရှိသော ရွေးကောက်ပွဲစနစ်၊ စစ်တပ်ကို လိုလားသည့် နိုင်ငံရေး ပါတီများ၏ ထောက်ခံမှုဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့ကာ အာဏာရလာသော Pheu Thai ပါတီမှ Srettha သည် ၎င်းညွန့်ပေါင်းအစိုးရ တည်မြဲရေးအတွက် စစ်တပ်ကို လိုလားသည့် အဖွဲ့များနှင့် အပေးအယူ ပြုလုပ်မည်သာဖြစ်သည်ဟု Thai Enquirer သတင်းဌာနမှ ဝေဖန်ခဲ့ပါသည်။ ထိုဝေဖန်ချက်နှင့်ပတ်သက်၍ Srettha က ၎င်း၏ အစိုးရသည် ထိုင်းနိုင်ငံတွင် ဆယ်စုနှစ် နှစ်ခုကြာ နိုင်ငံရေးအယူဝါဒဆိုင်ရာ ပဋိပက္ခ များဖြင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ၎င်းအနေဖြင့် အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်မှုကိုသာ လိုလားသည်ဟု ပြောကြားခဲ့သည် (တော်လှန်ရေးဆန်ဆန် ပြုပြင်ပြောင်းလဲခြင်းကိုမလိုလားဟုဆိုလို)။ ၎င်း၏အစိုးရအနေဖြင့် ထိုင်းစစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ လုပ်ဆောင်မည်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်အမြင်များ သဟဇာတဖြစ်အောင် ဆောင်ရွက်ကာ ပြည်သူအကျိုးအတွက်ရှေးရှု၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲများမှတစ်ဆင့် ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းရန်သာ လိုလားကြောင်း ပြောကြားခဲ့ပါသည်။
အတိုက်အခံ MFP ပါတီမှ တင်သွင်းသည့် ပြုပြင်ပြောင်းလဲရေး အကြံပြုချက်များ သည်လည်း Pheu Thai အစိုးရသစ်အပေါ်တွင် သြဇာညောင်းခြင်းမရှိသည်ကို တွေ့ရသည်။ Pheu Thai အစိုးရသစ်အနေဖြင့် တည်ငြိမ်သော ညွန့်ပေါင်းအစိုးရကို ထိန်းထားနိုင်စေရန် အတွက် ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ပဋိပက္ခများကို ရှောင်ရှားရမည် ဖြစ်ပါသည်။ United Thai Nation ပါတီ၏ လက်ထောက်ခေါင်းဆောင်နှင့် ယခင်ဝန်ကြီးချုပ်ဟောင်း ပရာယွတ်၏ရုံးမှ တွဲဖက်ဝန်ကြီးဟောင်း Thanakorn သည် ISOC အဖွဲ့ ဖျက်သိမ်းရေး အယူအဆကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပြီး ISOC အဖွဲ့သည် ပြည်တွင်းလုံခြုံရေးကို ကာကွယ်ရန်နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးရေးတွင် အဓိကကျသော အခန်း ကဏ္ဍမှ ပါဝင်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ကွန်ဆာဗေးတစ်အဖွဲ့ဝင် Thanakorn သည် ဇူလိုင်လတွင် Pita အား ဝန်ကြီးချုပ်မဖြစ်စေရန် ပံ့ပိုးကူညီခဲ့သူ တစ်ဦးဖြစ်ပါသည်။
ထို့ကြောင့် ISOC အဖွဲ့ကိုဖျက်သိမ်းရန် ရည်ရွယ်သောမည်သည့်ကြိုးပမ်းမှုမဆိုလွှတ်တော်တွင် အောင်မြင်လာနိုင်ဖွယ်မရှိဘဲ MFP ပါတီအမတ် Romadon Panjor က ISOC အဖွဲ့အား ပစ်မှတ်ထားသည့် ဥပဒေမူကြမ်းကို အဆိုပြုသောအခါတွင် လွှတ်တော်အမတ်အများစုထံမှ ထောက်ခံမှုမရခဲ့ခြင်းကို တွေ့ရပါသည်။ ဆိုရှယ်မီဒီယာ X တွင် Srettha က ၎င်းသည် စစ်တပ်ကို ကျေနပ်စေရန် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ပြည်သူများ၏ အကျိုးစီးပွားကိုသာ ရှေးရှုဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ISOC အဖွဲ့ အနေဖြင့်လည်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုသာမက ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အာရုံစိုက်လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့ပါသည်။ ထို့ကြောင့် လက်ရှိအုပ်ချုပ်နေသော ညွန့်ပေါင်းအဖွဲ့ ဦးဆောင်နေသည့်ကာလပတ်လုံး ISOC အဖွဲ့အား ဖျက်သိမ်းနိုင်မည် မဟုတ်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
၁၉၆၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ထိုင်းနိုင်ငံ၏ Internal Security Operations Command (ISOC)အဖွဲ့သည် ထိုင်းဘုရင့်တပ်မတော်၏ နိုင်ငံရေးလက်ရုံးအဖွဲ့ဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်မှ ၁၉၈၀ ပြည့်နှစ်များအတွင်း ထိုင်းအစိုးရအား ဆန့်ကျင်သည့် နိုင်ငံရေး လှုပ်ရှားမှုများအား အဓိကနှိမ်နင်းသည့် တပ်ဖွဲ့တစ်ခုအဖြစ် လူသိများခဲ့ပါသည်။ ၎င်းအဖွဲ့ကို ကွန်မြူနစ်နှိမ်နင်းရေးစစ်ဆင်ရေးကွပ်ကဲမှု(Communist Suppression Operations Command-CSOC)အဖြစ် အမေရိကန်ပြည်ထောင်စု၏ အကူအညီဖြင့် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးကွန်မြူနစ်ဆန့်ကျင်ရေးစစ်ဆင်ရေးများကို ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလတွင် ထိုင်းစစ်တပ် အာဏာ သိမ်းပြီးနောက် ISOC အဖွဲ့ကို ပြည်တွင်းလုံခြုံရေးတာဝန်ယူသည့် အဖွဲ့အစည်းအဖြစ် ပြန်လည်အသက်သွင်းခဲ့ပြီး နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုများ၊ ဘုရင်စနစ်ကို ကာကွယ်ရန်၊ စည်းလုံးညီညွတ်မှုမြှင့်တင်ရန်နှင့် အများပြည်သူကို ထိခိုက်မှုမှ ကာကွယ်ရန် ရည်ရွယ်ပြီး ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။[2]
ယခုအခါ Pheu Thai ပါတီမှ အမတ်တချို့နှင့် ထိုင်းနိုင်ငံ အတိုက်အခံနိုင်ငံရေး ပါတီများအနေဖြင့် ISOC အဖွဲ့ကို ဖျက်သိမ်းနိုင်ရန် ကြိုးပမ်းမှုများ ဆောင်ရွက်လာကြ သော်လည်း ဝန်ကြီးချုပ် Srettha အနေဖြင့် စစ်တပ်နှင့် ထိပ်တိုက်တွေ့မည့် ကိစ္စရပ် များကို အတတ်နိုင်ဆုံးရှောင်ရှားပြီး ပြည်သူများ၏ အကျိုးစီးပွားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုသာ အထူးရှေးရှုဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့်လည်း အတိုက်အခံပါတီများဘက်မှ ၎င်းအားမကျေနပ်သည့် သဘောထားများကို ဖော်ပြ လာကြပြီး ယခုကဲ့သို့သော ဆောင်းပါးထွက်ပေါ်လာရခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင်လည်း ထိုင်းတပ်မတော်၏ နိုင်ငံရေးတွင် တိုက်ရိုက်ဝင်ရောက်ခဲ့ရမှုများ၊ အာဏာသိမ်းမှုများ အကြိမ်ပေါင်း ၂၂ ကြိမ် ဖြစ်ပွားခဲ့ရာတွင် ၁၃ ကြိမ်အောင်မြင်ခဲ့ပြီး ၉ ကြိမ်မှာ မအောင်မြင်ခဲ့သည့် အာဏာ သိမ်းမှုများဖြစ်ခဲ့ပါသည်။[3]ထိုသို့ ထိုင်းတပ်မတော်၏ နိုင်ငံရေးတွင် နက်ရှိုင်းစွာ ပတ်သက်ဆက်နွှယ်မှုများရှိနေသကဲ့သို့ ထိုအခြေအနေကို မလိုလားသည့် နိုင်ငံရေး ပါတီများနှင့် လူငယ်မျိုးဆက်သစ်များ၏ အတိုက်အခံပြုမှုများနှင့်လည်း ရင်ဆိုင်ရလျက် ရှိပါသည်။ သို့သော်လည်း ထိုင်းနိုင်ငံအနေဖြင့် ထိုင်းတပ်မတော်အပေါ် သဘောထား ပြင်းထန်လွန်းသည့် Move Forward Party မှ Pita ဝန်ကြီးချုပ် ဖြစ်မလာစေရန် တားဆီးနိုင်ခဲ့ပြီး နိုင်ငံရေးပဋိပက္ခများဖြစ်ပွားမည့်အရေးမှ အကောင်းဆုံး ရှောင်ရှား နိုင်ခဲ့သည်ကို တွေ့ရှိရသည်။
ယခုဝန်ကြီးချုပ် Srettha အနေဖြင့်လည်း ပြည်တွင်းစည်းလုံး ညီညွတ်ရေး ပျက်ပြားစေပြီး ထိုင်းစစ်တပ်အား မလိုအပ်ဘဲ အတိုက်အခံလုပ်ထိပ်တိုက်ရင်ဆိုင်ခြင်း၊ ညွန့်ပေါင်းအစိုးရအတွင်း တည်ငြိမ်မှုပျက်ပြားစေနိုင်ခြင်းတို့ကြောင့် ISOC ဖျက်သိမ်းရေးအား အတတ်နိုင်ဆုံးရှောင်ရှားနေသည်ကို တွေ့ရှိရပါသည်။ ပဋိပက္ခဟူသည် လူသားများ၏ မွေးရာပါ သဘောတရားတစ်ခုဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံရေးဟူသည်မှာ ဖြစ်ချင်သည်ထက်၊ လက်တွေ့တွင်ဖြစ်နိုင်သည့် ဖြစ်သင့် ဖြစ်ထိုက်သည့် တိုင်းပြည်နှင့် ပြည်သူမနာစေသောလမ်းကြောင်းကိုသာ ရွေးချယ်ရခြင်းဖြစ်ပါသည်။ ထိုသို့ သဘောထားကြီးပြီး ပညာရှိသည့် နိုင်ငံရေးယဉ်ကျေးမှုကို မတည်ဆောက်နိုင်သည့် လူ့အဖွဲ့အစည်းများတွင် ပဋိပက္ခများကြာရှည်မည်ဖြစ်ပြီး အဆိုးကျော့သံသရာထဲမှ ရုံးထွက်နိုင်ရန် ခက်ခဲမည်သာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
152111623
[1]။ Mark S. Cogan,“ISOC Once Again Puts Thailand’s Government Between the People and the Military”. The Diplomat. 9 November 2023, [/https://thediplomat.com/.../isoc-once-again.../]-accessed
[2]။ “Internal Security Operations Command - ISOC”. Global Security. [/https://www. globalsecurity. org/ intell//world/thailand/isoc.htm/]
[3]။ Kornelius Purba,“Thailand: A country of military coups, but stable and prosperous”. The Jakarta Post. 25 March 2023, [/https://www.thejakartapost.com/.../thailand-a.../]

Tuesday, November 14, 2023

မြန်မာနိုင်ငံရှိ တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှု ချိန်ခွင်လျှာအပြောင်းအလဲနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
မြန်မာနိုင်ငံတွင်းရှိ တရုတ်နှင့် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ချိန်ခွင်လျှာအပြောင်းအလဲများ၊ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တရုတ်နိုင်ငံ သာမက ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများပါ လျော့နည်းသွားနိုင်သည့် အခြေအနေနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။ [1]
ဖော်ပြချက်
၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းတွင် တရုတ်ကုမ္ပဏီများသည် မြန်မာစစ်အစိုးရ၏ သံတမန်ရေးနှင့် စီးပွားရေးအရ အထီးကျန်နေမှုကို အခွင့်ကောင်းယူပြီး ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI)၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(China-Myanmar Economic Corridor-CMEC)အောက်ရှိ အခြေခံ အဆောက်အဦစီမံကိန်းများကို အကောင်အထည်ဖော်ရန် တွန်အားပေးလာခဲ့ပါသည်။ သို့သော် နိုင်ငံရေးအပြောင်းအလဲများ စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် ၃ နှစ်ခန့်နီးပါး အတွင်း စီမံကိန်းအကောင်အထည်ဖော်နိုင်မှုများ နှေးကွေးခဲ့ပြီး CEMC စီမံကိန်းများ၏ အကောင်အထည်ဖော်နိုင်မှု အတိုင်းအတာကို ခိုင်ခိုင်မာမာ သက်သေမပြနိုင်ခဲ့သည်ကို တွေ့ရသည်။
အဆိုပါကာလအတွင်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခုတည်းကိုသာ ခိုင်ခိုင်မာမာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် အကျိုးတူပူးပေါင်းထားသည့် တရုတ် ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုဖြစ်သည့် CITIC Construction နှင့် CCCC FHDI တို့သည် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းစဉ်များအတွက် မြေအနေအထား ကွင်းဆင်းစစ်ဆေးခြင်း (Geotechnical Investigation)နှင့် စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ရန် တင်ဒါ(Tender)အောင်မြင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Myanmar Survey Research-MSR သည်လည်း ရေနက်ဆိပ်ကမ်း အစိတ်အပိုင်းတည်ဆောက်ခြင်း၊မဒဲကျွန်းနှင့် ရမ်းဗြဲကျွန်းကို ဆက်သွယ်ထားသည့် ၁၅ ကီလိုမီတာအရှည်ရှိလမ်း တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး အရ ထိခိုက်နိုင်မှုများကို အကဲဖြတ်ခြင်း (Environmental and Social ImpactAssessment-ESIA)များ ဆောင်ရွက်ရန်အတွက် တင်ဒါကိုရရှိခဲ့ပါသည်။
အစောပိုင်းတွင် MSR အနေဖြင့် ESIA လုပ်ငန်းများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပြီး မြေအနေအထား စစ်တမ်း ကောက်ယူခြင်းနှင့် ESIA လုပ်ငန်းများအပြီးတွင် စီမံကိန်းတည်ဆောက်ခြင်းကို အကောင်အထည်ဖော်နိုင်ရန် မျှော်မှန်းထားခဲ့ပါသည်။ သို့သော်လည်း MSR ၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစ၍ ESIA နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်နောက်ဆုံးအခြေအနေများကို ဖော်ပြခဲ့ခြင်းမရှိတော့ပါ။ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် CITIC Group (မြန်မာ)က စီမံကိန်းအတွက် မြေအနေအထား စစ်တမ်းကောက်ယူမှုများမှာ ပြီးဆုံးသွားပြီဖြစ်ပြီး ESIA လုပ်ငန်းများကို ပုံမှန်လုပ်ဆောင် နေသည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း စီမံကိန်းတည်ဆောက်မည့် အစီအစဉ် များကို ထုတ်ဖော်ထားခြင်းမရှိသေးသည်ကို တွေ့ရပါသည်။
မြန်မာသတင်းမီဒီယာတစ်ရပ်ဖြစ်သည့် BETV က ယခုနှစ် အောက်တိုဘာလလယ်တွင် တရုတ်နှင့် မြန်မာနိုင်ငံတို့မှ တာဝန်ရှိသူများသည် ကျောက်ဖြူစီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်လုပ်ဆောင်ရန် မူအားဖြင့် သဘောတူညီ ခဲ့သည်ဟု ဖော်ပြခဲ့သည်။ မြန်မာစစ်အစိုးရ အနေဖြင့်လည်း သဘောတူညီချက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် ဆန္ဒ ရှိနေသည်ဟု ဖော်ပြခဲ့သည်။ ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် မူလစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံတန်ဖိုးရှိပြီး CITIC အကျိုးတူလုပ်ငန်းစုမှ ရင်းနှီးမြှုပ်နှံငွေ ၈၅ ရာခိုင်နှုန်းပါဝင်ခဲ့ပါသည်။ စီမံကိန်းကုန်ကျစရိတ်များနှင့် တရုတ်နိုင်ငံ၏ ရှယ်ယာ ပါဝင်နေမှုများပြားနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရက ၂၀၁၈ ခုနှစ်တွင် ပြန်လည်ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်ခဲ့သည့်အတွက် စုစုပေါင်း ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ လျော့နည်းသွားခဲ့ပြီး တရုတ် နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံငွေပါဝင်မှုသည်လည်း ၇၀ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ပါသည်။
ယခုအခါ ထိုစီမံကိန်းနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခြင်းများ လုပ်ဆောင် ခဲ့သည်ဆိုခြင်းကို နှစ်နိုင်ငံတာဝန်ရှိသူများနှင့် နိုင်ငံပိုင်မီဒီယာများက တရားဝင်အတည်ပြုဖော်ပြခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ ပြန်လည်ညှိနှိုင်းမှုများတွင် နှစ်ဖက်စလုံးမှ ပြောင်းလဲမှုပြုလုပ် လိုသည့် အချက်အလက်များနှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြထားမှုမရှိခြင်းကြောင့် မကြာမီတွင် စီမံကိန်းစတင်တည်ဆောက်နိုင်မှုနှင့်ပတ်သက်၍လည်း သံသယဖြစ်စေပါသည်။ ၂၀၁၈ ခုနှစ်က သဘောတူညီခဲ့သည့် စီမံကိန်းတည်ဆောက်မှု ကုန်ကျစရိတ်သည် မကြာသေးမီနှစ်များအတွင်း ဆောက်လုပ်ရေးပစ္စည်းနှင့် စွမ်းအင်ဈေးနှုန်း သိသိသာသာ မြင့်တက်မှုများကြောင့် လက်ရှိအချိန်တွင် ယခင်လျှော့ချခဲ့သည့် ဒေါ်လာ ၁.၃ ဘီလီယံထက် ပိုများနေနိုင်ပါသည်။ ထို့ကြောင့်လည်း ပြန်လည်ညှိနှိုင်းမှုပြုလုပ်ရန် ကြိုးပမ်းခြင်း ဖြစ်နိုင်ပါသည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ်ကတည်းက တိုးတက်မှုကို ပြသခဲ့သည့် အဓိက CMEC စီမံကိန်းမှာ မူဆယ်-ကျောက်ဖြူ မီးရထားလမ်းဖြစ်ပြီး အဆိုပါစီမံကိန်းကိုကဏ္ဍ ၂ ရပ်ဖြင့် အကောင်အထည်ဖော်ထားပါသည်။ မူဆယ်-မန္တလေး လမ်းပိုင်း တည်ဆောက်မှုတစ်ခုတည်းပင်လျှင် ဒေါ်လာ ၈.၉ ဘီလီယံ ကုန်ကျနိုင်သည်ဟု ခန့်မှန်း ထားသော်လည်း ကုန်ကျစရိတ်များသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမတိုင်မီက ခန့်မှန်း ထားသည်ထက် ပိုမိုကုန်ကျနိုင်ပါသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာ့ မီးရထား၊ China Eryuan Engineering Group (CEEG)နှင့် China Railway Group တို့သည် စီမံကိန်းအတွက် ကွင်းဆင်းလေ့လာမှုများပြုလုပ်ရန် နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၂၂ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုများ ပြုလုပ်ရန် အတည်ပြုခဲ့ကြပါသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် CEEG ၏ အစီရင်ခံစာ၌ အကြိုလုပ်ငန်းပိုင်းကို ပထမအပိုင်း စတင်တည်ဆောက်ခြင်းနှင့်အတူ ပြန်လည်စတင် တော့မည်ဖြစ်ဟုဆိုသည်။ ပထမအပိုင်းတည်ဆောက်မှုကို ၂၀၂၅ ခုနှစ်တွင် စတင်နိုင်ရန် ခန့်မှန်းထားသော်လည်း အဆိုပါစီမံကိန်းနှင့်ပတ်သတ်၍ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုများ မည်ကဲ့သို့လုပ်ဆောင်သွားမည်ဆိုသည့်အချက်က ရှင်းလင်းခြင်းမရှိသေးပါ။ ပို၍ အရေးကြီးသည့်အချက်မှာ ယခုအခါ အဆိုပါမီးရထားလမ်းသည် လုံခြုံရေးခြိမ်းခြောက်မှု များဖြင့် ရင်ဆိုင်နေရပြီး မီးရထားလမ်းစီမံကိန်းတည်ဆောက်မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နောက်ထပ် စစ်မက်ဖြစ်ပွားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် စီမံကိန်းသည် လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးပစ်မှတ်တစ်ခုဖြစ်လာနိုင်ပါသည်။
လက်ရှိအခြေအနေများသည် ၂၀၂၁ ခုနှစ်ကထက် ပိုမိုဆိုးရွားလာပါသည်။ မီးရထားလမ်းဖောက်လုပ်ရန်အတွက် ရည်ရွယ်ထားသည့် လမ်းကြောင်းတစ်လျှောက်တွင် မြန်မာစစ်တပ်၏ နယ်မြေစိုးမိုးမှုပြုလုပ်နိုင်စွမ်းများ သိသိသာသာ အားနည်း လာပါသည်။ အောက်တိုဘာလ ၂၇ ရက်တွင် AA ၊ MNDAA နှင့် TNLA တို့ဖြင့် ဖွဲ့စည်းထားသည့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော်သည် မြန်မာနိုင်ငံ အရှေ့ မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် မဟာမိတ်အဖွဲ့များကို ထိုးစစ်ဆင်ခဲ့ပါသည်။ တိုက်ပွဲများသည် တရုတ်နယ်စပ်နှင့် အဓိကကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် မြေအနေအထား စစ်တမ်းကောက်ယူမှုများ ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိသကဲ့သို့ တရုတ်အစိုးရနှင့် ကုမ္ပဏီအကြီးအကဲများအနေဖြင့်လည်း မြန်မာစစ်တပ်အနေဖြင့် လုပ်ငန်းပိုင်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ပတ်သက်၍လည်း စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် CMEC လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် ကြိုးပမ်းနေခြင်းသည် ယခုလက်ရှိ မြန်မာစစ်အစိုးရကို တရားဝင် အသိအမှတ်ပြုသည်ဟု အချက်ပြနေခြင်းဖြစ်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံပိုင် သတင်းစာများတွင် မြန်မာ-ရုရှား တာဝန်ရှိသူများအကြား ရင်းရင်းနှီးနှီးတွေ့ဆုံနေမှု များကို နေ့စဉ်ဖော်ပြနေပြီး မကြာသေးမီက မြန်မာ-ရုရှား စီမံကိန်းအနည်းငယ်ကို လက်မှတ်ရေးထိုးမှုများ ပြုလုပ်ခဲ့ပါသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံတွင် အသေးစား မော်ဂျူလာ ဓာတ်ပေါင်းဖိုတည်ဆောက်ရန် Russia’s Rosatom State Atomic Energy Corporation နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည့်အပြင် Rosatom ၏ လက်ခွဲတစ်ခုဖြစ်သည့် Nova Wind နှင့် မြန်မာနိုင်ငံတွင် ဓာတ်အား ၃၇၂ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် Wind Firm တည်ဆောက်ရန် ကွင်းဆင်းလေ့လာရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ မီဒီယာတစ်ခုတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိသည့် ရွှေလီ-၃ ရေအားလျှပ်စစ်စီမံကိန်း တင်ဒါခေါ်ယူမှုကို ရုရှားကုမ္ပဏီ တစ်ခုက ရရှိခဲ့သည်ဟု ဖော်ပြထားပါသည်။ အဆင့်မြင့်အရာရှိကြီးများ၏ တွေ့ဆုံမှုနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုများအရ ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကာကွယ်ရေးမိတ်ဖက်ဆက်ဆံမှုအဆင့်မှ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများ တည်ဆောက်ရေးကို အလေးထားဖော်ဆောင်မည့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှု အခင်းအကျင်းအသစ်သို့ ကူးပြောင်းလာသည်ကို တွေ့ရပါသည်။ အဆိုပါစီမံကိန်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံစလုံးဆီမှ အပြုသဘောဆောင်သည့် လက္ခဏာများ မြင်တွေ့ရ သော်လည်း မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပဋိပက္ခများကြောင့် မည်ကဲ့သို့ငွေကြေးထောက်ပံ့မှုပြုလုပ်မည်၊ လုပ်ငန်းများကို မည်ကဲ့သို့ အကောင်အထည်ဖော်မည်ဆိုသည်ကို အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးသည်ကို တွေ့ရသည်။
မြန်မာနှင့် ရုရှားနိုင်ငံအကြားတွင် နျူကလီးယား အသေးစားစမ်းသပ်မှုစီမံကိန်းများ ဆောင်ရွက်ရန် သဘောတူညီကြခြင်းသည် ယခုမှ ဖြစ်ပေါ်လာသည့် ကိစ္စရပ်မဟုတ်ပါ။ ၂၀၀၇ ခုနှစ်တွင်လည်း နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး ခဲ့သည့် ၁၀ မဂ္ဂါဝပ် အပေါ့စားရေအားသုံး နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး သည်လည်း ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ပါ။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့် နျူကလီးယားနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိသည့်အပြင် အဆိုပါအစီအစဉ် သည်လည်း သိသိသာသာတိုးတက်မှုမရှိခဲ့သည်ကို တွေ့ရှိရပါသည်။
ပြည်ပရင်းနှီးမြှုပ်နှံသူများထံမှ တင်ဒါခေါ်ယူသည့် ရွှေလီ-၃ ရေအားလျှပ်စစ် စီမံကိန်းနှင့်ပတ်သက်၍ လေ့လာသူများက စိတ်ဝင်စားလျက်ရှိပါသည်။ တင်ဒါ ခေါ်ယူစာများတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အများဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှယ်ယာ ၃၅ ရာခိုင်နှုန်းခွင့်ပြုသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအနေဖြင့်၆၅ ရာခိုင်နှုန်းအထိ ခွင့်ပြုသွားမည်ဟု ဖော်ပြထားပါသည်။ ယခုအချိန်တွင် မြန်မာ နိုင်ငံရှိ ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံနိုင်ရန်မှာ မလွယ်ကူသည့်အပြင် ရုရှားနိုင်ငံအနေဖြင့်လည်း ယူကရိန်းပဋိပက္ခများကြောင့် မြန်မာ နိုင်ငံရှိ စီမံကိန်းတစ်ခုတည်းပေါ်တွင် ဒေါ်လာ ၅ သန်းခန့် ရင်းနှီးမြှုပ်နှံနိုင်မှုရှိ/မရှိမှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်ပါသည်။ တင်ဒါခေါ်ယူမှုသည် စက်တင်ဘာလ ၂၄ ရက်နေ့ အထိဖြစ်ပြီး လက်ရှိအချိန်အထိ ရလဒ်များထုတ်ပြန်ထားခြင်းမရှိသေးသည်ကို တွေ့ရသည်။ ယခု မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စစ်ရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အမှန်တကယ် အကောင်အထည်ပေါ်လာရန် ကြီးမားသည့် အတားအဆီးဖြစ်လာကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် မြန်မာနိုင်ငံသည် တရုတ်နှင့် ရုရှားနိုင်ငံတို့ဖြင့် သံတမန် ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်ဟု ဆိုရမည်ဖြစ်သော်လည်း သဘောတူထားသည့် စီးပွားရေးစီမံကိန်းများ အမှန်တကယ်အကောင်အထည်ဖော်နိုင်မှုမှာ ထင်သလောက် မအောင်မြင်သည့်အပြင် ယခုဖြစ်ပွားလာသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မတည်ငြိမ်မှု များက စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတွန့်ဆုတ်စေမည်ဖြစ်ကြောင်းသုံးသပ်ရေးသားထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အကျိုးစီးပွားများ ဆက်စပ်လျက်ရှိသော်လည်း ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလ နောက်ပိုင်းတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်အစိုးရကို တိုက်ရိုက်အသိအမှတ်ပြုဆက်ဆံခြင်းထက်မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားများ တိုးချဲ့နိုင်ရန်အတွက်သာ အဓိက ဦးတည်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ၎င်းတို့၏ ဩဇာလွှမ်းမိုးရမည့်အဝန်းအဝိုင်း(Sphere of Influence) အဖြစ်သတ်မှတ်ထားခြင်းကြောင့် အနောက်အုပ်စုမှ ဝင်ရောက်စွက်ဖက်မှုများကို ၎င်းတို့၏ အကျိုးစီးပွားအရ မလိုလားသော်လည်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို လက်တွေ့ဆောင်ကြဉ်းပေးနိုင်မည့် မူဝါဒဖြင့် ချဉ်းကပ်နေခြင်းမဟုတ်သည်ကို ဆိုလိုပါသည်။
ဤသို့သော အခြေအနေကို ထိန်းညှိနိုင်ရန်အတွက် မြန်မာစစ်အစိုးရအနေဖြင့် ရုရှားနိုင်ငံနှင့် ကဏ္ဍစုံဆက်ဆံရေးတိုးမြှင့်တည်ဆောက်ခဲ့သည့် အခြေအနေကိုလည်း တရုတ်နိုင်ငံ အနေဖြင့် လိုလားခြင်းမရှိဟု ဆိုနိုင်ပါသည်။ ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်နိုင်ငံနှင့် အစဉ်အလာ၊ လူမျိုးရေးအရသော်လည်းကောင်း၊ နယ်နိမိတ်အရ သော်လည်းကောင်း ဆက်နွှယ်နေသည့် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ကွက်ဖော်မှုများ၏ နောက်ကွယ်တွင် တရုတ်ဗဟိုအစိုးရ (သို့မဟုတ်) ယူနန်ပြည်နယ်အစိုးရနှင့် အာဏာပိုင်များ ရှိနေသလောဟူသည်မှာ စိတ်ဝင်စားဖွယ်ရာ မေးခွန်းဖြစ်လာနေပါသည်။
မြန်မာနိုင်ငံတွင် ကွန်မြူနစ်လက်နက်ကိုင်များ အမြစ်ပြတ်သွားခဲ့ရသည့် သမိုင်းကြောင်းကို စမ်းစစ်ပါက တရုတ်နိုင်ငံနှင့်ဆက်ဆံရာတွင် သံတမန်ပညာရပ်ဆန်ဆန် ထိန်းညှိဆောင်ရွက်ခြင်းထက် စီးပွားရေးဆန်ဆန် ပွင့်လင်းစွာ အပေးအယူလုပ်ခြင်းက ပိုမိုထိရောက်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ ပြဿနာရပ်တစ်ခုကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိုပြဿနာရပ်၏ အရင်းအမြစ်ကို သိရှိ၊ လက်ခံနိုင်ရန်မှာ ပဓာနကျပြီး မည်သို့ မည်ပုံ ထိန်းသိမ်းဆောင်ရွက်ကြမည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
151111523

[1]။ Syah Vaghji.“ The Dwindling Prospects For Russian and Chinese-Backed Infrastructure Projects in Myanmar”.The Diplomat, November 9, 2023 [https://thediplomat.com/.../the-dwindling-prospects-for.../]

Monday, November 13, 2023

စင်ကာပူနိုင်ငံအနေဖြင့် သတင်းအတု/သတင်းအမှားများကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားခြင်း

 


နိဒါန်း
လက်ရှိ တိုးတက်နေသည့် အင်တာနက်ခေတ်တွင် လူမှုကွန်ရက်များ၊ ဆိုရှယ် မီဒီယာများ အသုံးပြုမှုတွင်ကျယ်လာသည့်အလျောက် တစ်ဖက်တွင် နိုင်ငံ၏ လုံခြုံရေး၊ လူမှုအဖွဲ့အစည်း၊ လူသားအကျိုးစီးပွားကို စိန်ခေါ်မှုများရှိလျက်ရှိပါသည်။ စင်ကာပူ နိုင်ငံသည် ယခင် ၁၉၀၀ ပြည့်နှစ်ကျော် ကာလကတည်းက လူသားအကျိုးစီးပွားကို အနှောင့်အယှက်ပေးမှုအား တားဆီးကာကွယ်ခြင်းဆိုင်ရာဥပဒေကို ချမှတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အွန်လိုင်းသတင်းအတု/သတင်းအမှားများ ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေများအား ချမှတ်ခဲ့ပါသည်။ ယခုအခါထိုကိစ္စရပ်များကို အထူးတားဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး သုံးသပ်ဖော်ပြသွားပါမည်။[1]
ဖော်ပြချက်
ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence-AI)ကို အများဆုံး အသုံးပြုလာသည့် ယနေ့အင်တာနက်ခေတ်သည် လုပ်ကြံသတင်းအတုနှင့် သတင်းအမှားဖြင့် လူ့အဖွဲ့အစည်းများကို ဆိုးရွားစွာခြိမ်းခြောက်လျက်ရှိပါသည်။ သတင်းလိမ်လည်မှု၊ ပုံအတုနှင့် ဗီဒီယိုအမှားများ ကျယ်ပြန့်စွာ ပျံ့နှံ့လျက်ရှိမှုသည် လူ့ပတ်ဝန်းကျင်၊ သို့မဟုတ် နိုင်ငံများအကြားတွင် အထင်အမြင်လွဲမှားမှု၊ စိတ်ဓာတ်ပျက်ပြားမှုများ ဖြစ်ပွားစေသကဲ့သို့ အကြမ်းဖက်မှုများကို လှုံ့ဆော်ပေးနိုင်ပါသည်။ အမေရိကန်နိုင်ငံ၏စုံစမ်းစစ်ဆေးမှုများအရ ရုရှားနိုင်ငံ၊ အီရန်နိုင်ငံနှင့် အခြားနိုင်ငံတို့အနေဖြင့် သတင်း အတုများကိုအသုံးပြု၍ ၎င်း၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဟားမတ်စ်အဖွဲ့ အနေဖြင့် ဂါဇာမြို့အနီးရှိ အစ္စရေးမြို့များကို အငိုက်ဖမ်းတိုက်ခိုက်ရာတွင် သတင်း လိမ်လည်မှုနှင့် သတင်းအမှားကို အသုံးပြုခဲ့ပြီး လက်ရှိအချိန်ထိ အစ္စရေးနိုင်ငံ၏ တန်ပြန်ထိုးစစ်ဆင်မှုများကို အယုံအကြည်မဲ့စေသည့် သတင်းအမှားထုတ်လွှင့်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုပါသည်။
စင်ကာပူနိုင်ငံအနေဖြင့် အဆိုပါအန္တရာယ်များသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သတိကြီးစွာ ကိုင်တွယ်လုပ်ဆောင်ခဲ့ပါသည်။ စင်ကာပူနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ်တွင် နိုင်ငံအတွင်း လူမျိုးရေးအဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး ပြည်သူအများအပြား သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပါသည်။ ထို့နောက် စင်ကာပူအစိုးရသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်၍ လူမျိုးရေးနှင့် ဘာသာရေးသဟဇာတဖြစ်မှုကို ထိန်းညှိနိုင်ရန် စီမံချက်များ စတင်ချမှတ်ခဲ့ပါသည်။ အွန်လိုင်းစာတိုဝန်ဆောင်မှုလုပ်ငန်း များနှင့် ဆိုရှယ်မီဒီယာများတွင်ကျယ်စွာ အသုံးပြုလာမှုသည် တာဝန်မဲ့သည့် ပြောဆိုချက်များ၊ ထင်မြင်သုံးသပ်ချက်များ အတားအဆီးမဲ့ပေါ်ပေါက်လာပြီး ထိန်းချုပ်ရန် ခက်ခဲခဲ့ပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်နိုင်ခြင်းမရှိပါက ထိလွယ်ရှလွယ် ကိစ္စရပ်များတွင် မှားယွင်းသည့် လှုံ့ဆော်မှုများဖြစ်ပေါ်လာစေပြီး လူမှုရေးကွဲပြားမှု များနှင့် ပဋိပက္ခများကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ ထို့ကြောင့် စင်ကာပူအစိုးရသည် နိုင်ငံ၏ ၂၀၁၉ ခုနှစ် ဥပဒေကြပ်မတ်ရေးနှင့် ဥပဒေပြဋ္ဌာန်းမှု သတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းများတွင် အွန်လိုင်းသတင်းအတု/သတင်းအမှားများ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာဥပဒေ(Protection from Online Falsehoods and Manipulation Act - POFMA)ကို ပြဋ္ဌာန်းခဲ့ပါသည်။
အဆိုပါ သတင်းအမှားများဥပဒေအရ အစိုးရအနေဖြင့် အွန်လိုင်းသတင်းအမှား များကို ဖြုတ်ချနိုင်ခြင်း၊ မူရင်းသတင်း(သတင်းအမှန်)အား ထုတ်ပြန်ဖြေရှင်းခြင်း အပါအဝင် ပြစ်ဒဏ်ပေးမှုများကို လုပ်ဆောင်နိုင်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားသည့်ကာလတွင် ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ပိုးအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်းရေးသားထားသည့် သတင်းအမှားနှင့် ၎င်းသတင်းပိုင်ရှင်များအား စင်ကာပူ အစိုးရအနေဖြင့် POFMA ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လမှစတင်၍ ဖမ်းဆီးပြစ်ဒဏ်ချမှတ်သည့် ဖြစ်စဉ် ၆၀ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ POFMA ဥပဒေအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းပြစ်ဒဏ် ပေးမှုများသည် စင်ကာပူနိုင်ငံ၏ ပြည်သူလူထုအကြား သတင်းအမှားနှင့် သတင်းအမှန် များကို ခွဲခြားသိမြင်စေနိုင်ပြီး ဟောင်ကောင်၊ ဩစတြေးလျနှင့် မလေးရှားနိုင်ငံတို့ထက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့ကာ ပြည်သူများ၏ အသက်များကိုလည်း ကာကွယ်နိုင်ခဲ့ပါသည်။
စင်ကာပူနိုင်ငံအစိုးရအနေဖြင့် သတင်းအမှားထိန်းချုပ်ရန်အတွက် POFMA ဥပဒေအပြင် အခြားဥပဒေအဟောင်းများကိုလည်း အသုံးပြုခဲ့ပါသည်။ ဥပမာအားဖြင့်၂၀၂၀ ပြည့်နှစ်၊ မေလတွင် Facebook လူမှုကွန်ရက်ပေါ်၌ အစိုးရလုပ်ဆောင်မှုနှင့် ပတ်သက်၍ သတင်းအမှားများ ဖြန့်ချိသည့် ကားအငှားသမားတစ်ဦးအား (ပြည်သူ့ အကျိုးနှင့်စိတ်အနှောင့်အယှက်ဖြစ်စေမှု) ၁၉၀၆ ခုနှစ် Miscellaneous Offences ဥပဒေအရ ထောင်ဒဏ် ၄ လ ချမှတ်ခဲ့ပါသည်။ ထို့ပြင် စင်ကာပူနိုင်ငံအနေဖြင့် အခြားအန္တရာယ်များသည့် သတင်းအတု/သတင်းအမှားများမှ ဖြစ်လာနိုင်သည့် ဒီဂျစ်တယ် ခြိမ်းခြောက်မှုမှလည်း ကာကွယ်နိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကာကွယ်ရေးဥပဒေ(တန်ပြန်ရေးအစီအမံ)အရ အစိုးရအနေဖြင့် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုဟု သံသယရှိသည့် အွန်လိုင်းအကြောင်းအရာများအား ဖြုတ်ချခွင့်၊ ပိတ်ပင်ခွင့်ရှိပါသည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နိုင်ငံ၏ သဘောထားရပ်တည်ချက်များအပေါ် တိုက်ခိုက်လာသည့် မလေးရှားနိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှုများကို ထောက်ပြဖော်ထုတ်နိုင်ခဲ့သည်ဟု ဖော်ပြထားပါသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် စင်ကာပူနိုင်ငံ၏ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ အွန်လိုင်းလုံခြုံရေးဥပဒေ (Infocomm Media Development Authority's Online Safety Code)သည် စတင် အသက်ဝင်လာခဲ့ပါသည်။ အဆိုပါ ဥပဒေသည် ဆိုရှယ်မီဒီယာအသုံးပြုမှုတွင် ပိုမို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ရည်ရွယ်ထားပြီး အစိုးရအနေဖြင့် အနှောင့်အယှက် ဖြစ်စေသည့် အကြောင်းအရာအား ဖြုတ်ချခွင့်နှင့် အသက်မပြည့်သေးသည့် အသုံးပြုသူများ အတွက် ကာကွယ်ပေးမှုများ လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထို့ပြင် ၎င်းဥပဒေသည်ဆိုရှယ်မီဒီယာကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိမိကိုယ်ကို အဆုံးစီရင်မှုများ၊ အရွယ် အရောက်သေးသော ကလေးများအပေါ် လိင်အမြတ်ထုတ်မှုနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များကို ကာကွယ်ပေးနိုင်မည်ဟုဆိုသည်။ ရန်လိုသည့် သတင်းအချက်အလက် လှုံ့ဆော်မှုများသည် နိုင်ငံရေးကိစ္စရပ်များတွင် ပြည်သူလူထုကို လမ်းမှားရောက်စေခြင်း၊ သို့မဟုတ် လူမျိုးရေးနှင့် ဘာသာရေးအပါအဝင် အငြင်းပွားဖွယ်ပြဿနာများတွင် သဘောထားကွဲလွဲမှုများဖြစ်အောင် လုပ်ဆောင်လျက်ရှိပါသည်။ ၎င်းသတင်းအမှားလှုံ့ဆော်မှုများကို စစ်ဆေး ထိန်းချုပ်မှုများမပြုလုပ်ပါက နိုင်ငံ၏ အမျိုးသား လုံခြုံရေးကိုပါ ခြိမ်းခြောက်လာစေနိုင်ပါသည်။ ထို့ကြောင့် အစိုးရ၏ နိုင်ငံခြားရေး မူဝါဒနှင့် လူထုသဘောထားအမြင်ကို လွှမ်းမိုးရန် ကြိုးပမ်းနေမှုများမှ မိမိနိုင်ငံကို ကာကွယ်နိုင်ရန် အရေးကြီးလျက်ရှိပါသည်။ မိမိအစိုးရနှင့် ၎င်း၏ မူဝါဒများအပေါ် ယုံကြည်မှုထားရှိခြင်းသည် လူ့အဖွဲ့အစည်း ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် အရေးပါလျက်ရှိပြီး စင်ကာပူနိုင်ငံသည် အွန်လိုင်း သတင်းအတု/သတင်းအမှားများ အန္တရာယ်မှ ကာကွယ်ရန် အထူးသတိထား ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ကမ္ဘာ့နိုင်ငံများ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့်သတင်းအတု/သတင်းအမှားများ၏ အန္တရာယ်ကို ထောက်ပြထားပြီး စင်ကာပူနိုင်ငံ အနေဖြင့် ဆိုရှယ်မီဒီယာများနှင့် သတင်းအတု/သတင်းအမှားများကို စည်းမျဉ်းဥပဒေများ ထိရောက်စွာချမှတ်၍ ကာကွယ်လျက်ရှိကြောင်း ထုတ်ဖော်ရေးသားထားခြင်းဖြစ်ပါသည်။ စင်ကာနိုင်ငံ၏ မီဒီယာလွတ်လပ်မှုညွှန်းကိန်းသည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ အနက် ၁၃၉ နိုင်ငံတွင် ရှိနေပြီး အချို့လူ့အခွင့်အရေးအဖွဲ့များကလည်း စင်ကာပူနိုင်ငံ၏ မီဒီယာအခန်းကဏ္ဍနှင့်ပတ်သက်၍ လွတ်လပ်မှုမရှိကြောင်း ဝေဖန်ပြောကြားလျက် ရှိပါသည်။[2] သို့သော်လည်း စင်ကာပူနိုင်ငံအနေဖြင့် နိုင်ငံအတွင်း မလိုလားအပ်သည့် ပြဿနာများ၊ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ဆူပူမှုများ၊ နိုင်ငံရေးနှင့်ပတ်သက်၍ လမ်းမှားရောက်မှုများ ဖြစ်စေ နိုင်သည့် မီဒီယာနှင့် ဆိုရှယ်မီဒီယာအန္တရာယ်များကို ဥပဒေများ ထိရောက်စွာပြဋ္ဌာန်း၍ ထိန်းသိမ်းကာကွယ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
အင်တာနက်နှင့် ဆိုရှယ်မီဒီယာများသည် လူထုအကြား အကောင်းဆုံးသော ဆက်သွယ်ရေး၊ အသိပညာ ဗဟုသုတရှာမှီးရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် အလွန်ထိရောက်သည့် ပလက်ဖောင်း တစ်ခုဖြစ်သော်လည်း တစ်ဖက်တွင် သတင်းအတု/သတင်းအမှားဖြန့်ဝေခြင်း၊ အရေးကြီး အချက်အလက်များ ကျိုးပေါက်ခြင်း၊ လူထု၏ အတွေးအမြင်ကို လိုရာပုံသွင်းနိုင်ခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများရှိနေပြီး နိုင်ငံ တစ်ခု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည်ဟူသော အချက်ကို နိုင်ငံများအားလုံးက လက်ခံအသိအမှတ်ပြုထားပြီးဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့၏ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားကို ခေတ်စနစ်နှင့်အညီ ထိရောက်စွာကာကွယ်နိုင်ရန်အတွက် မဟာဗျူဟာများ၊ နည်းလမ်းများဖော်ဆောင်နိုင်ရန်မှာ သက်ဆိုင်ရာ နိုင်ငံများ၏ ပညာခန်းဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
150111423
[1]။ Ben Chester Cheong.“ Singapore has recognized the real danger of disinformation”. Nikkei Asia. November 9, 2023 [https://asia.nikkei.com/.../Singapore-has-recognized-the...]

[2]။ Kayla Wong.“ S'pore's press freedom ranking jumps from 160 to 139”. Mothership. May 4, 2022 [https://mothership.sg/.../singapore-press-freedom.../]