Friday, October 4, 2019

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနှင့် အင်ဒိုနီးရှားနိုင်ငံ၏ အရပ်ဘက်ခေါင်းဆောင်မှု

စာရေးသူတို့နိုင်ငံတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအကြောင်းပြောကြပြီဆိုလျင် စစ်ဘက်သည် အရပ်ဘက် ဦးဆောင်မှု အောက်တွင်ရှိရမည် ဆိုသည်ကို စောင်းပေးပြောဆိုလေ့ရှိကြသည်။ စစ်အေးကာလအတွင်း ပေါ်ထွက်ခဲ့သည့် အနောက်လူမှုအဖွဲ့အစည်း အထူးသဖြင့် အမေရိကန်နိုင်ငံကို အခြေပြုထားသည့် Samuel Huntington ၏အယူအဆမှ စတင်ခဲ့ခြင်းဖြစ်သည်။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး အတွက် ပထမဦးဆုံး ဂန္တဝင်မြောက် သီအိုရီဟုဆိုနိုင်ပါသည်။ သို့သော်လည်းHuntington နောက်ပိုင်း ထွက်ပေါ်ခဲ့သည့် သီအိုရီအများစုသည် စစ်ဘက်အရပ်ဘက် ခွဲခြင်း ထက် တွဲခြင်းကို ယိမ်းခဲ့သည်က များပါသည်။ Charles Moskos ၏ Institution/Occupation “I/O model”၊ Morris Janowitz၏“Convergence” သဘောတရား၊ John Gates ရဲ့ “ golden age of isolation…never existed” ဟူသည့် အဆို၊ Maury Feld ၏ အမေရိကန် စစ်ဘက်နှင့် အရပ်ဘက်ကို တန်းတူပြုခဲ့မှု၊ Douglas Bland ၏“The Theory of Shared Responsibilities”၊ Rebecca Schiff ၏ “Concordence Theory” များသည် ခွဲခြားခြင်းထက် ပေါင်းစည်းခြင်းဘက်ကို ယိမ်းခဲ့ကြတာဖြစ်ပါသည်။
အမှန်ကတော့ Huntington သည်ပင် ပေါင်းစပ်ခြင်း “fusion” or “ integration” ဆိုသည့် အယူအဆကိုပြောဆိုခဲ့ပါသေးသည်။ ထို့ကြောင့် နောက်ပိုင်းထွက်ပေါ်ခဲ့သည့် သီအိုရီများသည် Huntington ၏ဂန္တဝင် သီအိုရီထဲမှ အလုံးစုံသွေဖည်သွားခြင်းမရှိသေးပါ ဟုလည်း ဆိုကြသည်။ Hungtington ပြောပြဆိုခဲ့သည့် Civilian control ဆိုရာတွင်လည်း Subjective civilian control နှင့် Objective civilian control ဟူ၍ ခွဲပြခဲ့ပါသေးသည်။ Huntington က ဓမ္မဓိဌာန်ကျသောအရပ်ဘက်ထိန်းချုပ်မှု(Objective civilian control) ကိုအဆိုပြုခဲ့ခြင်းဖြစ်ပါသည်။ ဤအဆို၏ ဆိုလိုရင်းအမှန်ကို စာရေးသူ၏ယခင်ဆောင်းပါးများတွင် အသေးစိတ်ရှင်းလင်းခဲ့ပြီးဖြစ်ပါသည်။
Marcus Mietzner ဆိုသူကတော့ ပညာရှင် တစ်ချိုုု့ရဲ့အယူအဆကိုပေါင်းစပ်ပြီး စစ်ဘက်က နိုင်ငံရေးမှာ ဘာကြောင့် ပါဝင်ပါတ်သက်ရသနည်းဆိုသည့်အချက်ကို အောက်ပါအတိုင်းကဏ္ဍ (၄) ခုခွဲခြားပြီး သုံးသပ်ခဲ့သည်။
(၁) သမိုင်းကြောင်းဆိုင်ရာ ပတ်သက်မှု၊
(၂) အရပ်ဘက် အဖွဲ့အစည်းများ၏အရည်အသွေးနှင့်ခါင်းဆောင်မှု၊
(၃) ပြင်ပ ပရောဂနှင့်
(၄) စစ်ဘက်အဖွဲ့အစည်း၏အရွေ့ များ ဟူ၍ဖြစ်ပါသည်။
၎င်းအချက်များထဲမှ အရပ်ဘက်အဖွဲ့အစည်းများ၏အရည်အသွေးနှင့်ခေါင်းဆောင်မှုအကြောင်းကို ဆွေးနွေးပေးလိုပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် စာရေးသူတို့နိုင်ငံကဲ့သို့ပင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှစ၍ သမ္မတ (Suharto) အလွန် ၂၁ ရာစုကူးပြောင်းခါနီးကာလအထိ နိုင်ငံရေးတွင်စစ်ဘက်ပါဝင်ပတ်သက်မှု ကြီးကြီးမားမားရှိနေခဲ့ပါသည်။ သို့သော်လည်း သမ္မတ Yudhoyono ကာလမှစတင်ပြီး စစ်ဘက်အခန်းကဏ္ဍကို သိသိသာသာ လျော့ချနိုင်ခဲ့ကြောင်းတွေ့ရသည်။ ထိုသို့ လျေ့ချနိုင်ခြင်းမှာ အရပ်ဘက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်မှု (Leadership) နှင့် အရည်အသွေး (Capacity) ဘယ်လောက်ရှိသနည်းဆိုသည့် အချက်ပေါ်တွင် အဓိက မှီတည်နေသည်ကို တွ့ရပါသည်။ ဤအချက်ကို တည်ဆောက်နိုင်ရန်အတွက် အရပ်ဘက်အခန်းကဏ္ဍမှ ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်များမှာ-
(၁) စစ်ဘက်၏လုံခြုံရေးနှင့်သက်ဆိုင်သော လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း။ အင်ဒိုနီးရှားသမ္မတ Yodhoyono သည် စစ်သားဟောင်းတစ်ဦးဖြစ်သည်နှင့်အညီ စစ်ဘက်၏လိုအပ်ချက်များကို တွန်းတွန်းတိုက်တိုက်တောင်းဆိုရန်မလိုဘဲ ဖြည့်ဆည်းပေးခဲ့သည်။ တရားမဝင် အသုံးစရိတ်များကိုလျော့ချ ပိတ်ဆို့ပြီး တရားဝင် အသုံးစရိတ်များဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ သူ၏လက်ထက်တွင် အင်ဒိုနီးရှားစစ်တပ်ကို ယခင်ကာလများထက်သာလွန်သော ခတ်မီလက်နက်များ တပ်ဆင်ပေးနိုင်ခဲ့ပါသည်။
(၂) ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းနိုင်ခဲ့ခြင်း။ ထင်ရှားသည်မှာ Ache conflict ဖြစ်ပါသည်။ ပြည်တွင်းတည်ငြိမ်မှု (Internal Stability) ကို တည်ဆောက်နိုင်သည်ဟု ဆိုနိုင်ပါသည်။
(၃) သမ္မတ Yodhoyono ၏ အတိုက်အခံများပေါ်တွင် ထားရှိသည့်သဘောထား။ အတိုက်အခံများအပေါ်တွင် နှိမ်ချဆက်ဆံခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဖယ်ထုတ်ခြင်းတွေကို ထိန်းသိမ်းခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းအတွင်း ဂိုဏ်းဂဏ္ဍ ကွဲပြားမှုများ၊ ပဋိပက္ခများကိုရှောင်ရှားနိုင်ခဲ့ပါသည်။ ထို့ကြောင့်လည်း ထိုင်းနိုင်ငံတွင် Thaksin ၊ ဖိလစ်ပိုင်က Arroyo တို့ ကြုံခဲ့ရသည့် အရပ်ဘက်အဖွဲ့ အစည်းအတွင်းမှ ပဋိပက္ခများကို ရှောင်နိုင်ခဲ့ပြီး ဒီမိုကရက်တစ် အလေ့အကျင့်ကို တည်ဆောက်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါသည်။
(၄) နံပါတ် ၃ အချက်ကြောင့်ပင် အရပ်ဘက် အဖွဲ့အစည်းအတွင်းမှ မညီညွှတ်မှုများကိုလျော့နည်းစေခဲ့ခြင်း။ အရပ်ဘက်အဖွဲ့အစည်းများ၏ လိုအပ်သည်ထက်ကွဲပြားမညီညွှတ်မှုများသည် စစ်ဘက်၏ အခန်းကဏ္ဍကို အလိုလိုမြင့်တက်စေကြောင်း Yudhayono က ကောင်းစွာ သဘောပေါက်သည်ဟု ဆိုရပါမည်။ စစ်ဘက်ကို နိုင်ငံရေးထဲမှ ထွက်သွားရန်သာ ပါးစပ်ပြော(lip service) မလုပ်ခဲ့ဘဲ၊ အရပ်ဘက်အဖွဲ့အစည်းကိုသာခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ပါသည်။
(၄) မလိုအပ်သည့် နေရာများတွင် အာဏာပါဝါကို ဇွတ်အတင်းတည်ဆောက်မှုမှ ရှောင်ကြဉ်ခဲ့ခြင်း။ ဥပမာ ကာကွယ်ရေးဝန်ကြီးဌာနကဲ့သို့ လုံခြုံရေး (Security) နှင့် ပတ်သက်သော အဓိကနေရာများကို ရှိသင့်သည့် လုံခြုံရေးပိုင်းဆိုင်ရာကျွမ်းကျင်သူများ၏ လက်ထဲတွင်သာရှိစေခဲ့ပါသည်။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် ဝန်ကြီးနှင့် ဒရိုင်ဘာပဲ အရပ်သားရှိသည်ဟု စကားနာထိုးခြင်းခံခဲ့ရသည်။ ကျွမ်းကျင်သူများလက်ထဲတွင်သာ လုပ်ပိုင်ခွင့်ရှိစေပြီး မလိုလားအပ်သော အားပြိုင်မှုများကို ထိန်းသိမ်းနိုင်ခဲ့ပါသည်။
(၅) ထူးခြားမှုမှာ Yodhoyono ၏ Democratic Party သည် စစ်ဘက်မှ အတွေ့အကြုံနှင့် ပညာပြည့်ဝသော ပင်စင်စားများအတွက် Effective Political Vehicle ဖြစ်စေခဲ့ခြင်း ပင်ဖြစ်သည်။
ဤနေရာတွင် Huntington ၏ သီအိုရီကို ပျက်ပြားစေခဲ့သောအချက်မှာ အင်ဒိုနီးရှား စစ်တပ်သည် Professional ဖြစ်လာသည့်အတွက်ကြောင့် နိုင်ငံရေးပါဝင်ပါတ်သက်မှုကို လျော့ချနိုင်ခဲ့သည်ဟု မဆိုနိုင်ခြင်းဖြစ်သည်။ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၎င်း၏ ကြည်းတပ်မှ လက်နက်များ၏ ၆၂ ရာခိုင်နှုန်း၊ ရေတပ်မှ ၁၇ ရာခိုင်နှုန်းသော သင်္ဘောများနှင့် လေတပ်မှ ၃၁ ရာခိုင်နှုန်းသော လေယာဉ်များသာ အမှန်တကယ် အသုံးပြုနိုင်ပါသည်ဟု ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ တရားဝင် ကြေညာခဲ့ပါသည်။ ထို့ကြောင့် အင်ဒိုနီးရှားစစ်တပ်သည် ဒေါင်ဒေါင်မြည် Professional မဖြစ်သေးဘဲ အရှေ့တောင် အာရှ စစ်တပ်များနည်းတူ သူမသာ ကိုယ်မသာ အခြေအနေတွင်သာ ရှိသေးသည်ဟု ဆိုနိုင်ပါသည်။ အင်ဒိုနီးရှားတပ်မတော်၏ Military Doctrine နှင့် Internal Structure တွေလည်း ထူးထူးခြားခြားပြောင်းခဲ့သည့်အချက် မတွေ့ရပါ။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲသည် စစ်ဘက်အဖွဲ့အစည်း၏အရွေ့ဆိုသည်ထက် အရပ်ဘက်၏ခေါင်းဆောင်မှုနှင့် အရည်အသွေးကြောင့်သာလျင် အောင်မြင်ခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။
ဤအခြေအနေများနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်သုံးသပ်ကြည့်လျင် ကွဲပြားခြားနားသည်မှာ မြန်မာနိုင်ငံတွင်ဒီမိုကရေစီအပြောင်းအလဲကို ယခုအချိန်ထိ စစ်ဘက်ကသာ ဦးဆောင်ပြီးသွားနေသည်ကိုတွေ့ရခြင်းဖြစ်သည်။ စစ်ဘက်အနေဖြင့် နိုင်ငံ၏ နိုင်ငံရေးရင့်ကျက်မှုပေါ်မူတည်ပြီး စစ်ဘက်၏ နိုင်ငံရေးအခန်းကဏ္ဍကို လျော့ချသွားမည်ဟုလည်း ပြည်တွင်း၊ပြည်ပမီဒီယာများမှတဆင့် အလျဉ်းသင့်သလို (တရားဝင်) ထုတ်ဖော်ပြောဆိုထားသည်ကိုတွေ့ရသည်။ စာရေးသူတို့နိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်ဘက်နှင့် စစ်ဘက် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ခွဲခြားပေးထားပြီးဖြစ်ကြောင်းလေ့လာတွေ့ရှိရပါသည်။ စစ်ဘက်အနေဖြင့် လုံခြုံရေးကဏ္ဍကိုသာ အဓိကထားကိုင်တွယ်ထားပြီး အရပ်ဘက်အတွက် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပိုင်ခွင့် မူဘောင်ကို အခြေခံဥပဒေအရ ခိုင်ခိုင်မာမာ ရရှိထားပြီးဖြစ်သည်ဟုဆိုနိုင်ပါသည်။ သို့သော်လည်း အရပ်ဘက်အနေဖြင့် နိုင်ငံတည်ဆောက်ရေးအသိပညာ၊ အတွေ့အကြုံအားနည်းခြင်းနှင့် တတ်သိပညာရှင်အားနည်းခြင်းစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အင်ဒိုနီးရှားနိုင်ငံတွင်တွေ့ရသကဲ့သို့ မြန်မာနိုင်ငံအရပ်သားအစိုးရသစ်၏ အရပ်ဘက်ခေါင်းဆောင်မှုနဲ့ အရည်အသွေးကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် ပေါ်လွင်အောင် တည်ဆောင်နိုင်ခြင်းကို မတွေ့ရသေးပါ။ “Burma’s Armed Forces: Power Without Glory” ရေးသားခဲ့သူ Andrew Selth က မြန်မာနိုင်ငံတွင် တက်လာမည့် အစိုးရသည် Federalism ဆိုသည်ကိုသာ လေပစ်နေပြီး နိုင်ငံ၏ ရေရှည် တည်ငြိမ်ရေး အတွက် ဘာလုပ်မည်နည်း ဆိုသည်ကို မသိရသေးပါဟူ၍ သူ၏ဆောင်းပါးတစ်ပုဒ်တွင် ဝေဖန်သွားသည်တွ့ရပါသည်။
ဤအချက်များမှာ အင်ဒိုနီးရှား နိုင်ငံရေးဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ချို့နှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ချိန်ထိုးသုံးသပ်ကြည့်ခြင်း ဖြစ်ပါသည်။ ပြောင်းလဲလျက်ရှိသော စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအခင်းအကျင်းသစ်တွင် အင်ဒိုနီးရှား နိုင်ငံ၏ အရပ်ဘက်ခေါင်းဆောင်မှုအကြောင်းကို လေ့လာကြည့်ခြင်းလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ထပ်တူပြုရန် မလိုအပ်သည့်တိုင် အတုယူစရာ၊ သင်္ခန်းစာ ယူစရာများနဲ့ ပြည့်နှက်နေပါသည်။ သီအိုရီလေ့လာချက်အရ အရပ်ဘက် နှင့် စစ်ဘက် အပြန်အလှန် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးစားသည့် အယူအဆများသည် ရာစုနှစ် တစ်ခုစာလောက် နောက်ကျသွားပြီ ဟုဆိုနိုင်ပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မိမိသက်ဆိုင်ရာအခန်းကဏ္ဍများမှ တာဝန်ယူ၊ တာဝန်ခံကြရန် ပြောဆိုနေသည့် ခေတ်အခါသို့ရောက်နေပြီဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ထို Ideology အပြောင်းအလဲကို အမိအရဆုပ်ကိုင်နိုင်ခဲ့ကြောင်းနှင့် စစ်ဘက်၏နိုင်ငံရေးအခန်းကဏ္ဍကိုလျေ့ချနိုင်ရန်အတွက် အပြစ်တင်ခြင်း (blame game) ဖြင့်မချဉ်းကပ်ဘဲ အရပ်ဘက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်မှု (Leadership) နှင့် အရည်အသွေး(Capacity) ကိုသာ တည်ဆောက်ခဲ့ကြောင်းလေ့လာတွေ့ရှိရပါသည်။ ရောက်ရှိနေပြီးသော မြန်မာ့နိုင်ငံရေးနှင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အခင်းအကျင်းသစ်အတွက် တွေးဆနိုင်ဖွယ်ရာ အထောက်အကူတစ်ခု ဖြစ်ပါစေကြောင်း တင်ပြလိုက်ရပါသည်။ ။
မောင်ကျော်
၂၉၇၁၇၂၃၀၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.