လစ်ဘရယ်ဝါဒဆိုတာ နိုင်ငံတကာဆက်ဆံရေးကို ပိုမိုအကောင်းမြင်သည့် သမ္မစိတ္တရှုထောင့်မှ ချည်းကပ်သည်ဟု ဆိုနိုင်ပါသည်။ လူတစ်ဦးချင်းစီ၏ အခွင့်အရေး၊ ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်၊ ပိုင်ဆိုင်ခွင့် စသည်တို့ကို အလေးပေးသည်။ အပြန်အလှန်ထိန်းကျောင်းမှုမရှိသည့် ဘုရင်စနစ်၊ အာဏာရှင်စနစ် များကို ဆန့်ကျင်သည်။ ဒါကြောင့်ပဲ လူသားတစ်ဦးချင်းစီရဲ့ အခွင့်အရေးနဲ့ အပြန်အလှန်ထိန်းကျောင်းမှုကို အာမခံပေးမယ့် ခိုင်မာအားကောင်းတဲ့ အင်စတီကျူးရှင်းတွေ တည်ဆောက်ဖို့ဆိုတာက လစ်ဘရယ်ဝါဒရဲ့ အဓိကလိုလားချက်ဖြစ်လာသည်။ အပြန်အလှန်ထိန်းကျောင်းမှုဆိုရာမှာ အစိုးရကို ထိန်းကျောင်းဖို့ ဖြုတ်ချဖို့ ရွေးကောက်ပွဲတွေကနေ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ မဏ္ဍိုင်တွေအချင်းချင်း အပြန်အလှန်ထိန်းကျောင်းဖို့ ဆိုတာအထိပါသည်။ အပြန်အလှန်ထိန်းကျောင်းမှုရှိမှ အင်အားသုံးခြင်း စစ်လိုလားခြင်းကို ထိန်းနိုင်မည်ဟု စဥ်းစားသည်။
ဒီအချက်တွေက နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးဖြစ်တယ်လို့ ဆိုပေမယ့် နိုင်ငံတကာဆက်ဆံရေးမှာ အခြားနိုင်ငံများရဲ့ ပြုမူလုပ်ဆောင်ချက်တွေက နိုင်ငံတစ်ခုအတွင်းမှာရှိတဲ့ လွတ်လပ်ခွင့်ကို သက်ရောက်မှုရှိနေသည်ဟု ဆိုသည်။ Militaristic foreign policy များနှင့် အတိုက်အခံဖြစ်သည်။ နိုင်ငံတွေ စစ်အင်အားတည်ဆောက်နေခြင်းက စစ်ပွဲတွေကို ဖိတ်ခေါ်နေပြီး ဒီအင်အားကိုပဲ ပြည်တွင်းရေးမှာ ဖိနှိပ်ဖို့သုံးနိုင်သည်ဟု ယူဆသည်။ ဒါကြောင့် စစ်တပ်နှင့် စစ်အင်အားကို အမြဲကန့်သတ်ဖို့ ကြိုးစားသည်။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးတွင် အရပ်ဘက်ထိန်းချုပ်မှု (civilian control) ဆိုတာကို အလေးပေးသည်။ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို မထိခိုက်စေဘဲ နိုင်ငံကို ပြည်ပရန်ကနေ ဘယ်လိုကာကွယ်မလဲ ဆိုပြီး စဥ်းစားခြင်းဖြစ်သည်။
Democratic peace theory က နိုင်ငံတကာဆက်ဆံရေးတွင် လစ်ဘရယ်ဝါဒ၏ အားအကောင်းဆုံး သီအိုရီဖြစ်သည်။ အဓိက အာဘော် (၂) ခုကို ဆွဲကိုင်ထားသည်။ ပထမအချက်က ဒီမိုကရေစီနိုင်ငံတွေမှာ သြဇာအာဏာနဲ့ အင်အားကို ထိန်းညှိဖို့စနစ်ရှိသည်။ ဒုတိယအချက်က ဒီမိုကရေစီနိုင်ငံတွေသည် အချင်းချင်း တရားဝင်ဖြစ်တယ် ဂုဏ်သိက္ခာရှိတယ် လို့ယူဆတဲ့အတွက်ကြောင့် ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေထက် ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာပိုများသည်။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေအချင်းချင်း စစ်တိုက်ဖို့ ရာခိုင်နှုန်းအလွန်နည်းပါးသည်ဟု ဆိုသည်။ ဝေဖန်ချက်များလည်းရှိသည်။ ဒီမိုကရေစီစနစ်ဆိုတာ လူသားသမိုင်းမှာ ပေါ်လာတာ သိပ်မကြာသေးတဲ့အတွက် ဒီမိုကရေစီနိုင်ငံအချင်းချင်း စစ်တိုက်ဖို့ရာခိုင်နှုန်းနည်းတယ်ဆိုတာကိုပြောဖို့ အချိန်ကာလ တိုတောင်းသေးသည်။ နောက်တစ်ချက်က ငြိမ်းချမ်းရေးရဲ့အဓိကအချက်က Democratic Peace Theory ကြောင့်ဟုတ်ရဲ့လား၊ သြဇာအာဏာအင်အား၊ မဟာမိတ်ဖွဲ့ခြင်း၊ ယဥ်ကျေးမှု၊ စီးပွားရေး စတဲ့အချက်တွေကြောင့်ကော မဖြစ်နိုင်ဘူးလားလို့ မေးခွန်းထုတ်ကြသည်။ ဒါ့အပြင် ဒီမိုကရေစီတွေက အချင်းချင်းစစ်မတိုက်ကြပေမယ့် ဒီမိုကရေစီမဟုတ်တဲ့နိုင်ငံတွေကိုတော့ ပြဿနာပတ်ရှာနေတာကို ထောက်ပြကြသည်။ ဆိုလိုတာကတော့ မင်းတို့ငြိမ်းချမ်းရေးတစ်ကယ်လိုလားရင် မတူကွဲပြားတာကို မသိအမှတ်ပြုမပေးဘဲ ဘာကြောင့်ပြဿနာပတ်ရှာနေစရာလိုသလဲပေါ့။
လက်ရှိနိုင်ငံတကာဆက်ဆံရေးသည် ဒုတိယကမ္ဘာစစ်အပြီးထဲက လစ်ဘရယ်ဝါဒ ဦးဆောင်သော ကမ္ဘာအစဥ်ကြီးထဲတွင် လည်ပတ်နေဆဲဖြစ်သည်ကို ဂရုပြုရမည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ စံသတ်မှတ်ချက်များဖြင့် ကမ္ဘာ့နိုင်ငံရေးအစဥ်ကြီးကို စည်းနှောင်ထားသည်။ ပြည်တွင်းနိုင်ငံရေးတွင်လည်း လစ်ဘရယ်အင်စတီကျူးရှင်းများတည်ဆောက်ဖို့ တွန်းအားပေးသည်။ United Nations, World Bank, World Trade Organization, International Monetary Fund စသည့် နိုင်ငံတကာအဖွဲ့အစည်းများက နိုင်ငံတကာဥပဒေများ၊ စံသတ်မှတ်ချက်များဖြင့် နိုင်ငံတကာစနစ်၊ စံနှုံး များကို တည်ဆောက်ထားသည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ လွတ်လပ်သောစျေးကွက်၊ အရင်းရှင်ဝါဒ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး စသည်တို့မှာ လစ်ဘရယ်စံနှုံးများဖြစ်သည်။ ၎င်းဥပဒေများ၊ စံနှုံးများကို မလိုက်နာသည့်နိုင်ငံသည် စစ်ရေးအရ ပူးပေါင်းအရေးယူမှုခံရခြင်း၊ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ခြင်း၊ နိုင်ငံတကာကုန်သွယ်ရေးအရ ပိတ်ဆို့ခြင်း၊ နိုင်ငံတကာအကူညီများ ရပ်ဆိုင်းခြင်း၊ သံတမန်ရေးအရ ဝိုင်းပယ်ခြင်း စသည်တို့ကိုခံရစေသည်။
နောက်ပိုင်း လစ်ဘရယ်လက်သစ်ဝါဒ (neoliberalism
or neoliberal institutionalism) အရ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးမှာ
နိုင်ငံတကာအဖွဲ့အစည်းများရဲ့အခန်းကဏ္ဍကို ပိုမိုဦးစားပေးလေ့လာကြသည်။
သူတို့ရဲ့အယူအဆက နိုင်ငံတွေအချင်းချင်းယုံကြည်မှုရှိပြီး
သဘောတူညီချက်တွေအတိုင်း ပူးပေါင်းဆောင်ရွက်ကြလျင် အကျိုးအမြတ်ရှိမယ်
ဆိုတဲ့အယူအဆဖြစ်သည်။ သို့ပေမယ့် နိုင်ငံအချင်းချင်း လူလည်ကျခြင်းတွေ၊
ခေါင်းရှောင်ခြင်း၊ လှည့်စားခြင်းများကတော့ရှိနေမည်။ ဒါတွေကို
ထိန်းသိမ်းဖို့ နိုင်ငံတကာအဖွဲ့အစည်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းများရဲ့
အခန်းကဏ္ဍက အရေးပါသည်။ ပူးပေါင်းဆောင်ရွက်မှုမှာ သဘောတူညီချက်တွေအတိုင်း
လုပ်ပါလုပ်ဆောင်မှုရှိမရှိကို စောင့်ကြည့်ခြင်း၊ သတင်းအချက်အလက်
ညီမျှစွာထောက်ပံ့ပေးခြင်း၊ လက်တွဲမဖြုတ်အောင် ပူးပေါင်းဆောင်ရွက်ခြင်အောင်
မက်လုံးပေးခြင်း စတာတွေကို ထောက်ပံ့ပေးနိုင်သည်။
လစ်ဘရယ်လက်သစ်ဝါဒီတွေက
absolute gain ကိုပြောသည်။ Absolute gain ဆိုတာ ပူးပေါင်းဆောင်ရွက်ကြပါ၊
နည်းများမဟူ အကျိုးမြတ်တော့ ရကိုရမည်ဟု ယူဆခြင်းဖြစ်သည်။
သရုပ်မှန်ဝါဒီများနဲ့နီးစပ်တဲ့ Relative gain ကိုဆန့်ကျင်သည်။ Relative
gain ဆိုတာကတော့ အခြားနိုင်ငံများနဲ့ အပြိုင်
အကျိုးအမြတ်ကိုများနိုင်သမျှများအောင်ယူပြီး
မိမိရဲ့ပြိုင်ဘက်အကျိုးရှိစေနိုင်မည့် ဘယ်လိုကိစ္စမဆို ရှောင်ရှားခြင်းကို
ဆိုလိုသည်။
ဒီလောက်ဆိုလျင် လစ်ဘရယ်ဝါဒရဲ့ အခြေခံဆိုလိုရင်းကို အတန်အသင့်နားလည်နိုင်ပြီဟု ယူဆပါသည်။ ဒီနေရာမှာ တစ်ခုသတိထားသင့်တာက ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ လစ်ဘရယ်ဝါဒ တစ်မျိုးတည်းကို ကိုင်စွဲပြီး လက်တွေ့ကျင့်သုံးသည့် နိုင်ငံမရှိဆိုသည့် အချက်ဖြစ်သည်။ အကျိုးစီးပွားအတွက် လိုသည့်အခါတွင်သုံးပြီး မလိုသည့်အခါပယ်ကြသည်။ လက်တွေးနိုင်ငံရေးအရသာ အလုပ်လုပ်ကြသည်။ လစ်ဘရယ်ဒီမိုကရေစီရဲ့ပဲ့ကိုင်ရှင် အမေရိကန်သည် အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သောအခါ အီရတ်နိုင်ငံကို အင်အားသုံး၍ ကျူးကျော်စစ်ဆင်နွှဲသည်။ စစ်အင်အားအကြီးမားဆုံး တည်ဆောက်ထားသည်။ တရုတ်သည် ဒေသတွင်းတွင်လည်းကောင်း၊ ကမ္ဘာနိုင်ငံရေးတွင်လည်းကောင်း ၎င်း၏ သြဇာအာဏာကို ချဲ့ထွင်ရန်တည်ဆောက်နေသည်။ လစ်ဘရယ်ဝါဒသည် နိုင်ငံတကာဆက်ဆံရေးဇတ်စင်ကြီးပေါ်ရှိ အကောင်းမြင်ဘက်မှ ပြကွက်စံနှုံးတစ်ခု မျှသာဖြစ်ကြောင်း ဆွေးနွေးလိုက်ရပါသည်။
မောင်ကျော်
၂၀၀၈၂၀၁၄၅၃