၁။ နောက်ခံအကြောင်းအရင်း (Background)
မိမိရေးသားလိုတဲ့ သုတေသနအကြောင်းအရာကို စာဖတ်သူတွေ ဆဝါးနိုင်ဖို့ အကြောင်းအရာကို ရေးသားရတာဖြစ်ပါတယ်။ မိမိသုတေသနပြုလုပ်မယ့် အကြောင်းအရာဘယ်လို စတင်လာတယ်၊ ဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့အချက်က ဒီသုတေသနကို ပြုလုပ်ဖို့အတွက် မိမိကို တွန်းအားပေးခဲ့တယ် ဆိုတာကို ဆွေးနွေးပေးနိုင်ပါတယ်။
၂။ ရည်ရွယ်ချက် (Objective)
မိမိရွေးချယ်ထားတဲ့ အကြောင်းအရာကို သုတေသနပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဘယ်နေရာတွေမှာ အကျိုးပြုစေချင်တာလည်း၊ ဘယ်အချက်ကို စာဖတ်သူတွေသိစေချင်တာလည်း၊ ဘယ်အကြောင်းအရာအသစ်တွေကို ထိတွေ့ပေးချင်တာလည်း စသည်ဖြင့်။
၃။ သုတေသန စာအုပ်၊ စာတမ်းများအား ပြန်လည်သုံးသပ်ခြင်း (Literature Review)
ဒီကဏ္ဍမှာ အရေးကြီးဆုံးအချက်ကိုအရင်ပြောပါ့မယ်။ Literature Review ဆိုတာ မိမိဖတ်ထားသမျှတွေကို ချရေးရတဲ့နေရာမဟုတ်ပါဘူး။ မိမိပြုလုပ်မယ့် သုတေသနနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို အခြားပညာရှင်တွေ ပြုလုပ်ထားပြီးသမျှကို ဆွေးနွေးရတာပါ။ လုပ်ပြီးထားတာရှိရင်လည်း ဘာတွေလုပ်ပြီးထားပြီ၊ ဘာတွေတော့ မလုပ်ရသေးဘူး။ ဘာတွေတော့ လိုအပ်နေသေးတယ် ဆိုတာကို ပြောရတာပါ။ အဲ့ဒီ့ကမှ မိမိသုတေသနက ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ပါ၊ သူများ မလုပ်သေးတာကို လုပ်ဖို့ပါ ဆိုတဲ့အကြောင်း။ သူများလုပ်ပြီးသားဆိုရင်လည်း သူပြောထားတာ မလုံလောက် သေးတဲ့အတွက် ကျနော်/မ က ဘယ်ရှုထောင့်ကနေ ပြောင်းကြည့်မှာပါ ဆိုတာကို ပြောရပါတယ်။ တနည်းအားဖြင့် မိမိရဲ့ သုတေသနသည် ဘယ်လောက် သိသာထင်ရှားသလဲ၊ အရေးပါအရာ ရောက်သလဲဆိုတာကို ပြောရတာပါ။
၄။ သုတေသနဖြင့် ဖြေရှင်းလိုသည့် ပြဿနာ (သို့) မေးခွန်း (Research Problems or Questions)
ဘယ်လို ပြဿနာတွေရှိနေတာလဲ? ဒီပြဿနာတွေကို အဖြေရှာဖို့ ဘယ်လိုမေးခွန်းမျိုးတွေထွက်လာသလဲ ဆိုတာပါ။ သုတေသနမေးခွန်းတွေ အများကြီး ရှိနေစရာမလိုပါဘူး။ ထိထိမိမိရှိတဲ့ မေးခွန်း ဖြစ်နေဖို့ပဲလိုတာပါ။ မိမိပြုလုပ်ချင်တဲ့ စူးစမ်းရှာဖွေမှုကို တိုက်ရိုက်ထင်ဟပ်တဲ့ မေးခွန်းမျိုးဖြစ်ရပါမယ်။ ဘယ်သူက၊ ဘယ်လိုအခြေအနေမျိုးမှာ၊ ဘယ်အကြောင်းအရာကို၊ ဘယ်လို နည်းလမ်းနဲ့၊ ဘာကြောင့် ပြုလုပ်ခဲ့ပြီး၊ ဘာ ရလာဒ်ထွက်ခဲ့ သလဲဆိုတာမျိုး။ ဘယ်သူက၊ ဘယ်လိုအခြေအနေမျိုးမှာ၊ ဘယ်အကြောင်းအရာကို၊ ဘယ်လိုနည်းလမ်းနဲ့၊ ဘာကြောင့်ပြုလုပ်ရင်၊ ဘာဖြစ်မယ် ဆိုတာမျိုး။ ဘယ်အကြောင်းအရာအပေါ်မှာ လူတွေ အာရုံစိုက်မှု ဘယ်လောက်ရှိသလဲ ဆိုတာမျိုး၊ သဘောထား ဘယ်လိုရှိသလဲဆိုမျိုး။ ဒီလိုအချက်ကြောင့် အတိတ်မှာ ဒါဖြစ်ခဲ့ပြီး၊ ခု ဒီလို အချက်အလက်မျိုးဖြစ်နေလို့ ပစ္စုပ္ပန်မှာ ဘာဖြစ်နေပြီး၊ အနာဂတ်မှာ ဘာဖြစ်နိုင်တယ် ဆိုတာမျိုး စတဲ့ ရှာဖွေစူးစမ်းစရာ ဘယ်လိုမေးခွန်းမျိုးမဆို ဖြစ်နိုင်ပါတယ်။ မိမိ သုတေသနပြုလုပ်ချင်သော နည်းလမ်းနဲ့ အကြောင်းအရာပေေါ်မှာ မူတည်ပြီး သုတေသနမေးခွန်း အမျိုးမျိုး အထွေထွေ ကွဲပြားနိုင်ပါတယ်။
၅။ အနုမာနမှန်းဆချက် (သို့) မိမိရဲ့ ဆိုလိုရင်း အာဘော် ( Hypothesis or Arguments)
အထက်ပါ သုတေသနမေးခွန်းပေါ်မူတည်ပြီး မိမိရဲ့ အနုမာနမှန်းဆချက်ကို ဖော်ထုတ်ရတာပါ။ အဖြေသည် A ဟုထွက်မည်ဟု မှန်းဆတယ်။ B ဟုထွက်မည်လို့ မှန်းဆတယ်။ A + B ဖြစ်နိုင်တယ်လိုမှန်းဆတယ် စသဖြင့်။ သုတေသနပြီးဆုံးသွားတဲ့အခါမှာ B ဖြစ်နေလို့ ဒုတိယ အနုမာနမှန်းဆချက်နဲ့ ကိုက်ညီနေတယ် လို့ပြဆိုတာမျိုး၊ hypothesis testing ။ ဒါမှမဟုတ် အထက်က သုတေသနမေးခွန်းကို ပြန်လည်ဖြေကြားတဲ့ မိမိရဲ့ အဖြေ။ မိမိရဲ့ အာဘော်။ မိမိရဲ့ ထင်မြင်ချက် ကို ဆွေးနွေးပေးရတာပါ။ သုတေသနမေးခွန်းနဲ့ မိမိရဲ့ဖြေကြားချက်သည် အစပ်အဆက်ရှိပြီး ချိတ်ဆက်နေရပါမယ်။ ကျိုးကြောင်းဆီလျော်နေရပါမယ်။ မိမိ သုတေသနပြီးတဲ့အထိ ဒီနှစ်ခုအမြဲ ချိန်ညှိ နေရမယ်ဆိုတာ သတိပြုပါ။ သုတေသနရဲ့ အသက်ဖြစ်ပါတယ်။
၆။ အသုံးပြုမည့် သီအိုရီ သို့မဟုတ် အယူအဆသဘောထား မူဘောင် (Theoretical or Conceptual Framework)
မိမိသုတေသနသည် သီအိုရီသုံးမယ်ဆိုရင် ဘယ်သူ့ရဲ့ သီအိုရီ ပေါ်မှာမူတည်ပြီး လေ့လာမှာလဲ ဆိုတာကို ပြောရပါတယ်။ ဒီ သီအိုရီကို အသေးစိတ်ဆွေးနွေးပေးရပါတယ်။ အယူအဆသဘောထားတစ်ရပ်ကို ယူသုံးမယ်ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ Master level မှာတော့ သူများချပြပြီးထား သီအိုရီကို မိမိရဲ့ သုတေသနမှာ သုံးပြတတ်ရင် လုံလောက်ပါပြီ။ Ph.D. level မှာတော့ မိမိကိုယ်ပိုင် သီအိုရီ သို့မဟုတ် အယူအဆမူဘောင်တစ်ခု တည်ဆောက်တာမျိုး၊ ရှိပြီး သီအိုရီတွေ အယူအဆမူဘောင်တွေကို ထပ်မံချဲ့ထွင်ပြီး သက်သေပြရတာမျိုးလုပ်ရပါမယ်။ အဲ့သလို မလုပ်ထားရင် Ph.D. level ဘောင်မဝင်ဘူးလို့ သတ်မှတ်ပါတယ်။
၇။ သုတေသနပြုလုပ်မည့် နည်းလမ်း (Methodology)
မိမိရဲ့ သုတေသနကို ဘယ်လိုနည်းလမ်းနဲ့ ရှာဖွေ ဖြေရှင်းမှာလည်း ဆိုတာကို ပြောရပါတယ်။ အခြေခံအကျဆုံး အနေနဲ့ Qualitive method (expressed in words)လား၊ Quantitative method (expressed in numbers) လား။ ကွမ်တီ သုံးမယ်ဆိုရင် ဘယ်လို ဘယ်အချိန် Survey လုပ်မလဲ၊ ဘယ်လို tools တွေ၊ techniques တွေ ၊ Procedure တွေနဲ့ လုပ်မလဲ၊ ဘယ်လို နည်းလမ်းနဲ့ data တွေရယူမလဲ။ ကွာလီသုံးမယ်ဆိုရင် ဘယ်သူတွေ ဘယ်အုပ်စုတွေကို အင်တာဗျူးမလဲ၊ ဘယ်နေရာမှာ ရှိတဲ့ ဘယ်အဖွဲ့အစည်းတွေကို လေ့လာမလဲ၊ ဘယ်လောက်ကြာမလဲ၊ မိမိက ဒီအဖွဲ့အစည်းနဲ့ ဘယ်လိုပတ်သက်သလဲ၊ အချက်အလက်တွေကို ဘယ်လိုမှတ်တမ်းတင်မလဲ၊ ဘယ်နေရာတွေကနေရယူမလဲ စတာတွေကို ဆွေးနွေးရပါတယ်။ Methodology ဆိုတာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ရတဲ့ ကိစ္စဖြစ်လို့ ဒီစာစုမှာတော့ ဒီလောက်ဆို လုံလောက်ပါပြီ။
၈။ ကန့်သတ်ချက်များနှင့် သုတေသနနယ်ပယ် (Limitations and Scope of Study)
မိမိပြုလုပ်မယ့် သုတေသန နယ်ပယ်ကို တိတိကျကျ ဘောင်ခတ်ပေးရပါတယ်။
မိမိကိုယ်တိုင် ဘောင်ကျော်သွားပြီး တောင်ရောက် မြောက်ရောက်
မရောက်စေဖို့နဲ့၊ စာဖတ်သူ ကျမ်းစစ်သူတွေဆီက မိမိသုတေသနဘောင်ပြင်ပကို
ကျော်လွန်တဲ့ မေးခွန်းမျိုးတွေ ထွက်မလာစေဖို့ပါ။ မိမိပေးထားတာက
မုန့်ဆီကြော်ပါ။ ဗူးသီးငါးပေါင်းကြော် မရပါဘူးဆိုတာမျိုး။ မိမိ သုတေသနက
သင်ဇာဝင့်ကျော်အကြောင်းလုပ်တာပါ။ နန်းမွေစံ အကြောင်းထိ မရောက်ပါ။ မပါပါ
ဆိုတာမျိုး။ မိမိရဲ့ သုတေသနက A နဲ့ B နဲ့ ဆက်စပ်မှုကို ရှင်းပြပါတယ်။ C နဲ့
ဆက်စပ်မှုက မိမိပြောလိုတဲ့ အချက်မဟုတ်ပါဘူးဆိုတာမျိုး။
တစ်ခုသတိထားရမှာက မိမိမှာ ဘာကြောင့် ဒီလိုကန့်သတ်ရသလဲဆိုတာကို
နားလည်းအောင်ရှင်းပြပေးဖို့ပါ။ မလုပ်ချင်လို့
မလုပ်တာပါဆိုတာမျိုးတော့မရဘူးပေါ့။ ဒီအကြောင်းအရာတွေပါပြောရင်
ဘောင်ကျယ်လွန်းအားကြီးမယ်၊ မိမိရဲ့ အချိန်မလောက်ဘူး၊ မိမိသုတေသနရဲ့
ကျိုးကြောင်းဆီလျော်မှုနဲ့ ရှေ့နောက်ညီညွတ်မှုကို ထိခိုက်မယ်ဆိုတာမျိုး တွေ
ဆွေးနွေးပေးရတာပါ။
၉။ သုတေသနကို ဖွဲ့စည်း တင်ပြမည်ပုံစံ (Organizational Structure)
ဘယ်လို အခန်းဆက် ဖွဲ့စည်းပုံမျိုးနဲ့ မိမိ သုတေသနအကြောင်းအရာကို တင်ပြမလဲဆိုတာပါ။ အခန်းတွေဘယ်လိုခွဲမလဲ။ ခေါင်းစဥ်တွေဘယ်လို ခွဲမလဲဆိုတာကို စဥ်းစားရတာပါ။ အရေးကြီးတာက မိမိ သုတေသနရဲ့ ဖွဲ့စည်းပုံသည် မိမိ သုတေသန မေးခွန်းတွေကို ဖြေဆိုဖို့နဲ့ မိမိရဲ့ အာဘော်ကို ပြဆိုဖို့အတွက် အချက်အလက်တွေ အကြောင်းအရာတွေကို ထင်ဟပ်စေရမှာပါ။ စာဖတ်သူတွေ ရှင်းလင်းလွယ်ကူစွာ သိမြင်စေရမှာပါ။ မိမိရဲ့ ဖွဲ့စည်းတင်ပြပုံ ကောင်းရင် ကောင်းသလို စာဖတ်သူများ နားလည်လွယ်ပြီး မိမိပေးချင်တဲ့ message ရပါလိမ့်မယ် ပေါ့။
ဒီလောက်ဆိုရင် စံချိန်မီ သုတေသနစာတမ်းတစ်စောင်ကို ရေးသားပြုစုမယ့်နေရာမှာ လိုအပ်တဲ့ အခြေခံအချက်တွေကို ဆဝါးမိပြီးလို့ ယူဆပါတယ်။ အောင်မြင်ကြပါစေ။
မောင်ကျော်
၁၉၀၈၂၀၁၅၂၄
No comments:
Post a Comment
Note: Only a member of this blog may post a comment.