Monday, July 31, 2023

တရုတ်နှင့် ရုရှားနိုင်ငံတို့၏ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
တရုတ်နှင့် ရုရှားနိုင်ငံတို့၏ Northern/ Interaction-2023 အမည်ရှိ စစ်ရေး လေ့ကျင့်ခန်း ပြီးဆုံးပြီးနောက်တွင် ဝေဟင်-ရေပြင် ပူးတွဲကင်းလှည့်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပူးတွဲစစ်ရေးလုပ်ဆောင်ချက်များက နှစ်နိုင်ငံ၏ ဆက်ဆံရေးအပေါ် သက်ရောက်နေမှုများကို သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ဂျပန်ပင်လယ်ပြင်တွင် ပြုလုပ်နေသည့် Northern/ Interaction-2023 အမည်ရှိ ၄ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများသည် ဇူလိုင်လ ၂၃ ရက်နေ့တွင်အဆုံးသတ်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံစလုံးအနေဖြင့် ပစိဖိတ်သမုဒ္ဒရာတွင် ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ကင်းလှည့်မှုများ ပြုလုပ်နိုင်ရန် မျှော်လင့်လျက် ရှိကြပါသည်။ တိုက်ပွဲဖြစ်ပွားမှုကို ဦးတည်ထားသည့် လက်တွေ့ကျသော စစ်ရေးလေ့ကျင့်မှုများက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအတွင်း နှစ်နိုင်ငံ၏ အဆင့်မြင့်စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများကို ပြသခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးဆိုင်ရာကျွမ်းကျင်သူများက ပြောကြားခဲ့ကြပါသည်။ စစ်ရေးလေ့ကျင့်ခန်းပိတ်ပွဲကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army-PLA)၏ Type 052D ဖျက်သင်္ဘော Qiqihar ပေါ်တွင် ကျင်းပခဲ့ပါသည်။
၄ ရက်ကြာ ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများအတွင်း တရုတ်နှင့် ရုရှား နိုင်ငံတို့၏ ရေကြောင်းနှင့် လေကြောင်းတပ်ဖွဲ့ဝင်များသည် ရေပြင်-ဝေဟင် ပူးပေါင်း အစောင့်အကြပ်များဖြင့် လေ့ကျင့်တိုက်ခိုက်ခြင်း၊ သင်္ဘောပေါ်ရှိ လက်နက်စနစ်များမှ ကျည်စစ်ကျည်မှန်များဖြင့် ပစ်ခတ်လေ့ကျင့်ခြင်းများအပြင် မြောက်မြားစွာသော လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် မဟာဗျူဟာမြောက် ရေကြောင်းလုံခြုံရေးကို ကာကွယ်ရန်အတွက် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ပူးပေါင်း စစ်ဆင်ရေးဖြစ်သည့်အပြင် နှစ်နိုင်ငံ၏ ရေပြင်-ဝေဟင်တပ်များ၏ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ကို အကောင်အထည်ဖော်ခြင်းအတွက် အရေးပါသည့် လုပ်ဆောင်ချကတစ်ရပ်ဖြစ်ပါသည်။ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းလာစေရန်၊ မိတ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်နှင့် စစ်ရေးဆိုင်ရာ စွမ်းရည်များ တိုးမြှင့်ဆောင်ရွက်နိုင်စေရန်အတွက်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ပူးတွဲစစ်ရေး‌ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်သည့်အပြင် အာရှအရှေ့မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးကို အကာအကွယ် ပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ စစ်ရေးလေ့ကျင့်မှုများတွင် ရေမြှုပ်မိုင်းများ တိုက်ဖျက်ရေး (Anti-Sea Mine)၊ လေကြောင်းရန်ကာကွယ်ရေး(Anti-Aircraft)၊ ရေကြောင်းကာကွယ်ရေး (Anti-Ship and Anti-Submarine)ဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့ကြပြီးအဆိုပါလေ့ကျင့်မှုများသည် မဟာဗျူဟာမြောက် ပင်လယ်ရေလမ်းကြောင်း ထိန်းသိမ်း ကာကွယ်ရေးခေါင်းစဉ်နှင့် ဆက်စပ်မှုရှိနေပါသည်။ ဂျပန်ပင်လယ်ပြင်၏ အဓိက မဟာ ဗျူဟာမြောက်လမ်းကြောင်းများတွင် Soya ရေလက်ကြား၊ Tsugaru ရေလက်ကြားနှင့် Tsushima ရေလက်ကြားတို့ပါဝင်ပြီး စစ်ရေးလေ့ကျင့်မှုသည် မည်သည့်နိုင်ငံ ကိုမှ ပစ်မှတ်ထားခြင်းမဟုတ်သော်လည်း ပထဝီဝင်နိုင်ငံရေး အင်အားကြီးနိုင်ငံအချို့၏ ဒေသတွင်းလုံခြုံရေး ခြိမ်းခြောက်မှုများကို ဖန်တီးနေသည့် အချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ တရုတ်နှင့် ရုရှားနှစ်နိုင်ငံစလုံးသည် လေ့ကျင့်မှုအတွင်း ၎င်းတို့နိုင်ငံ များ၏ အဓိကတိုက်ခိုက်ရေးလက်နက်များနှင့် ယာဉ်များ တပ်ဖြန့်ထားခဲ့ကြပြီး ရေယာဉ် ၁၀ စီးပါဝင်သည့် ရေယာဉ်စုနှင့် လေယာဉ် ၃၀ စင်းဖြင့် စစ်ရေးသရုပ်ပြ လေ့ကျင့်မှု များကို ပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုပုံစံသည် ကဏ္ဍပေါင်းစုံပါဝင်သည့် တိုက်ပွဲဝင်ပုံစံဖြစ်ကြောင်း ဖော်ပြထားပါသည်။
Northern/ Interaction-2023 စစ်ရေးလေ့ကျင့်မှုအပြီးတွင် တရုတ်နှင့် ရုရှား နိုင်ငံတို့သည် ပစိဖိတ်သမုဒ္ဒရာအတွင်း ရေပြင်နှင့် ဝေဟင်ကင်းလှည့်ခြင်းများကို ပူးပေါင်း ဆောင်ရွက်ရန် အစီအစဉ်ပြုလုပ်ထားပြီး အဆိုပါ ရေပြင်နှင့် ဝေဟင်ပူးတွဲကင်းလှည့်မှုသည် နှစ်နိုင်ငံအတွက် ပထမဦးဆုံးအကြိမ်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ရေကြောင်းကင်းလှည့်မှုနှစ်ရပ်ကို ပြုလုပ်ခဲ့ကြပြီး နှစ်နိုင်ငံ အနေဖြင့် လေကြောင်းဆိုင်ရာ မဟာဗျူဟာမြောက် ပူးတွဲကင်းလှည့်ခြင်းများကို ပုံမှန်ပြုလုပ် လျက်ရှိကြပါသည်။ ၆ ကြိမ်မြောက် ကင်းလှည့်ခြင်းကို ယခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့ပြီး လာမည့် ရေပြင်နှင့် ဝေဟင် ပူးတွဲကင်းလှည့်ခြင်းများသည် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်း၏ ထူးခြားချက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှ အမေရိကန်နိုင်ငံ၏ လွှမ်းမိုးမှုကို ထိန်းချုပ်ရန် တူညီဆန္ဒရှိနေသည့် တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ရုရှား-ယူကရိန်း ပဋိပက္ခ စတင် ဖြစ်ပွားခဲ့သည့်အချိန်ကတည်းက စစ်ရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုနီးကပ်စွာ ဆောင်ရွက် ခဲ့ကြပါသည်။ Northern/Interaction-2023 သည်လည်း ရုရှားနှင့် တရုတ်နိုင်ငံတို့အကြားရှိ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာကြောင်း ပြသသည့် သသဘောရှိနေပါသည်။
လက်ရှိတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေးလမ်းကြောင်းတွင် အပြုသဘောဆောင်သည့် အနေအထားမျိုးရောက်ရှိနေပြီဟု ဆိုနိုင်သော်လည်း လက်တွေ့တွင် ကဏ္ဍပေါင်းစုံ၌ ပြိုင်ဆိုင်နေကြသည်သာဖြစ်ပါသည်။ ထို့ကြောင့် ရုရှားနှင့် တရုတ်နိုင်ငံ၏ စစ်ရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မှုများက အမေရိကန်-တရုတ် ဆက်ဆံရေး အတွက် သက်ရောက်မှုအချို့ ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါ အကျိုးဆက်များက အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနိုင်ဖွယ်ရှိသည်ဟု ယူဆနိုင်ပါသည်။
ထို့ပြင် တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ရေပြင်-ဝေဟင် ပူးတွဲကင်းလှည့်မှုများကို ပြုလုပ်ရန် စီစဉ်ထားခြင်းကြောင့် ထိုနှစ်နိုင်ငံနှင့် ကျွန်းများပိုင်ဆိုင်မှု၊ ပင်လယ် ရေပိုင်နက်အငြင်းပွားမှု ဖြစ်ပေါ်နေသည့် ထိုင်ဝမ်အပါအဝင် ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတို့ကဲ့သို့ ရေပြင်၊ ဝေဟင်ဆက်စပ်လျက်ရှိသော နိုင်ငံများနှင့်သာမက ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံ၏ ပစိဖိတ်အနောက်ဘက်ခြမ်းကိုပါ ထိန်းကြောင်းရန် ကြိုးပမ်းလာခြင်းဖြစ်ပါသည်။ ယခုအခါ အင်အားကြီးနိုင်ငံများ၏ ဒေသတွင်း စစ်ရေးလေ့ကျင့်မှုများ အပြိုင်အဆိုင် ပြုလုပ်လာကြခြင်းကြောင့် ရေပြင်၊ ဝေဟင် ပိုင်နက်ဆက်စပ်နေသည့် နိုင်ငံများအကြား စစ်ရေယာဉ်များ၊ စစ်လေယာဉ်များ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ်ရပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးတွင် ပင်လယ်ရေကြောင်းကုန်သွယ်ရေးသည် အရေးပါဆုံး ဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံများအချင်းချင်း ရေပြင်ပိုင်နက်ပိုင်ဆိုင်ရေးအတွက် အငြင်းပွားမှုများ၊ ပဋိပက္ခဖြစ်ပွားမှုများ၊ ထိပ်တိုက်ရင်ဆိုင်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး ထိုဒေသများနှင့် ဆက်စပ်နေသော ပင်လယ်ပြင်နှင့် ကမ်းခြေများတွင် စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ အများဆုံးပြုလုပ်လာနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့်နေရာတွင် တည်ရှိနေပြီး ကမ်းရိုးတန်းရှည်လျားစွာ ပိုင်ဆိုင်သော နိုင်ငံများအဖို့ မိမိနိုင်ငံ၏ရေပိုင်နက်နှင့် ပင်လယ်ပြင်သယံဇာတများ လုံခြုံရေးအပြင် အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် ပင်လယ်ရေကြောင်းဆိုင်ရာ ပဋိပက္ခများအတွက်ပါ ကြိုတင်မျှော်တွေးထားနိုင်ခြင်းသည် သက်ဆိုင်ရာနိုင်ငံများအတွက် ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

75080123

Sunday, July 30, 2023

ဂျပန်နိုင်ငံတွင် စစ်ဘက်ဆိုင်ရာ Drone များအတွက် အသုံးစရိတ်တိုးမြှင့်နေခြင်းနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ဂျပန်နိုင်ငံတွင် မောင်းသူမဲ့စနစ်များအတွက် ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်အသုံးချနေခြင်းနှင့်ပတ်သက်၍ သိသင့်သည့်အချက်များအား သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
ဂျပန်နိုင်ငံဝန်ကြီးချုပ် Kishida Fumio ၏ အစိုးရအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တွင် ကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်ချက်များ အဆင့် မြှင့်တင်ခြင်း၌ ရင်းနှီးမြှုပ်နှံရန် ဖော်ပြထားသည့် စာတမ်း ၃ စောင်ကို ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်တောင်းခံခြင်းကို ဂျပန်လွှတ်တော် (National Diet)က ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ဖြင့်အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံး စရိတ်သည် ယန်း ၆.၈၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၉.၃ ဘီလီယံ) ရာခိုင်နှုန်း အားဖြင့် ၂၆ ရာခိုင်နှုန်းအထိ တိုးမြှင့်တောင်းခံခဲ့ပါသည်။ ဂျပန်လွှတ်တော်တွင် တင်သွင်း ခဲ့သည့် မဟာဗျူဟာစာတမ်းများနှင့် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်တောင်းခံခြင်း များသည် နိုင်ငံ၏ ဒရုန်း(Drone) နည်းပညာနှင့် စွမ်းဆောင်ရည်များတွင် ရင်းနှီး မြှုပ်နှံရန် ရည်ရွယ်ခြင်းဖြစ်ပြီး အဆိုပါစာတမ်းများသည် ယခင်က ဂျပန်နိုင်ငံ၏ မောင်းသူမဲ့စနစ်များနှင့် ဒရုန်းနည်းပညာများကို ချဉ်းကပ်မှု အားနည်းခြင်းများမှ သိသိသာသာပြောင်းလဲလာနေသည်ကို ပြသနေကာ Kishida အစိုးရ၏ လက်နက်ပြန်လည်ဆန်းသစ်မှု မဟာဗျူဟာအတွင်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ဖော်ပြထားပါသည်။
Kishida အစိုးရ၏ အမျိုးသားကာကွယ်ရေးမဟာဗျူဟာ (National Defense Strategy – NDS) သည် လာမည့် ၁၀ နှစ်အတွက် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး ရည်မှန်းချက် များအား ဖော်ပြထားသည့် မူဘောင်တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို အားကောင်းစေမည့် အဓိကနယ်ပယ် ၇ ခုအနက်မှ တစ်ခုဖြစ်သည့် မောင်းသူမဲ့ကာကွယ်ရေး စွမ်းရည် “Unmanned Defense Capabilities” ကိုပါ အလေးပေးဖော်ပြထားပါသည်။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် Drone နည်းပညာနှင့်အတူသက်ဆိုင်ရာနယ်ပယ်များ၏ သတင်းအချက်အလက်များကို လက်ခံခြင်း/ လွှဲပြောင်းခြင်း စွမ်းရည်(Cross-Domain)[1]နှင့် အမိန့်ပေးခြင်းနှင့် ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ပြီး အချိုးမညီသော စစ်ပွဲများတွင် ပြိုင်ဘက်နိုင်ငံများကို အနိုင်ရရှိနိုင်ရန် မျှော်မှန်းထားပါသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် NDS အရ ရေအောက်တွင်ပါ Drone များ အသုံးပြုပြီး ကျယ်ပြန့်သည့် စစ်ဆင်ရေးများ လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။
ကာကွယ်ရေးအဆင့်မြှင့်တင်ခြင်းအစီအစဉ်(Defense Buildup Program-DBP)တွင် ဝေဟင်၊ ရေပြင်နှင့် မြေပြင်ဆိုင်ရာ မောင်းသူမဲ့ယာဉ်များ၏ စွမ်းဆောင်ရည်နှင့် သက်ဆိုင်သည့် အချက်အလက်များကို ဖော်ပြထားပါသည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အနက်မှ ယန်း ၁၈၂.၇ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၃၇ ဘီလီယံ)ကို Drone အတွက် အသုံးပြုသွားမည်ဟု ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ပြောကြားခဲ့ပါသည်။ MOD က ထုတ်ပြန်ခဲ့သည့် စာတမ်း ၃ ခုသည်လည်း Drone လက်နက်အမျိုးမျိုးကို အသုံးပြုလေ့လာခြင်းနှင့် အဆင့် မြှင့်တင်ခြင်းအတွက် ရည်ရွယ်ထားသည့် စီမံကိန်းများဖြစ်သည်။ ဂျပန်နိုင်ငံ၏ Drone နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှုများက အခြားသော အဖွဲ့အစည်းပြောင်းလဲမှုများ ကိုလည်း ဖြစ်ပေါ်စေပါသည်။ Drone များကို လတ်တလောတွင် လူလိုက်ပါရသည့် ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်နေသည့် တိုက်ခိုက်ရေးတာဝန်များနှင့် ကင်းထောက် စစ်ဆင်ရေးများတွင် အစားထိုးအသုံးပြုရန် ရည်ရွယ်ထားပါသည်။ MOD အနေဖြင့် ယန်း ၆.၉ ဘီလီယံကို ကင်းထောက်ခြင်းနှင့် တိုက်ခိုက်ရေးဆောင်ရွက်မည့် ဘက်စုံသုံး Uncrewed Air Vehicles(UAVs) များ အဆင့်မြှင့်တင်ခြင်းအတွက် ၊ ယန်း ၃ ဘီလီယံကို ခဲယမ်းများ သယ်ဆောင်ပြီး ဖောက်ခွဲရန် အသုံးပြုမည့် Drone များ အဆင့်မြှင့်တင်ခြင်းအတွက်၊ ယန်း ၂၂.၂ ဘီလီယံကို ပစ်မှတ်ရှာဖွေရေး ဒရုန်းများအတွက် အသုံးပြုသွားမည်ဖြစ်သည်ဟုဆိုသည်။ ကာကွယ်ရေးအသုံးစရိတ်တွင် ပါဝင်သည့် မြောက်မြားစွာသော စီမံကိန်းများသည် ဂျပန် နိုင်ငံတွင် ရှိနှင့်ပြီးသား Drone များကို ထိန်းသိမ်းရန်၊ အဆင့်မြှင့်တင်ရန်၊ Drone ဖြင့် တိုက်ခိုက်မှုများနှင့် စုပြုံတိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
အချုပ်အားဖြင့် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် MOD ၏ ကာကွယ်ရေး အသုံးစရိတ် ခြုံငုံသုံးသပ်ချက်နှင့် ယခင်နှစ်များ၏ အသုံးစရိတ်များအရ ဂျပန်နိုင်ငံ၏ မောင်းသူမဲ့စနစ်များအတွက် အသုံးစရိတ်များနှင့် အဆိုပါစနစ်များ၏ စွမ်းဆောင်ရည် များသည် သိသိသာသာမြင့်တက်လာခဲ့ပါသည်။ ဂျပန်အစိုးရ၏ မူဝါဒရေးရာအရ ဆုံးဖြတ်ချက် များနှင့် ကာကွယ်ရေးအသုံးစရိတ်များက ဂျပန်နိုင်ငံ၏ Drone အသုံးပြုခြင်းအပေါ်စိတ်အားထက်သန်လာမှုကို ပြသနေသည့်အပြင် ရှိရင်းစွဲ Drone စွမ်းရည်များကို တိုးပွား လာစေရန် လုပ်ဆောင်နေခြင်းကို ပြသနေပါသည်။ အဆိုပါအချက်များက ဂျပန်နိုင်ငံ အစိုးရအနေဖြင့် Drone များကို စစ်ပွဲများအတွက် အရေးပါသည့် နည်းပညာ “Game Changer” အဖြစ် မှတ်ယူနေသည်ဟု ရှုမြင်နိုင်ပြီး လက်ရှိဂျပန်နိုင်ငံအစိုးရနှင့် နောင်လာမည့် အစိုးရများအနေဖြင့် Drone နှင့် ပတ်သက်သည့် ကြိုးပမ်းဆောင်ရွက်ချက် များကို ရေရှည်ထိန်းသိမ်းနိုင်စွမ်း ရှိ/မရှိ ဆက်လက်လေ့လာစောင့်ကြည့်သွားရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဂျပန်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်တောင်းခံရာတွင် Drone နည်းပညာ အဆင့်မြှင့်တင်ခြင်းအတွက် အများဆုံးရည်ရွယ်ထားပြီး ကာကွယ်ရေး စီမံချက်များတွင်လည်း Drone နည်းပညာအား အသားပေးဖော်ပြထားပါသည်။ အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ ရုရှား၊ မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့၏ စစ်ရေးအဆင့်မြှင့်တင်မှုများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဂျပန်နိုင်ငံသည် ယခုကဲ့သို့ စစ်ရေးဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ထို့ပြင် မိတ်ဖက်ဖြစ်နေသည့် အမေရိကန်နိုင်ငံအနေဖြင့်လည်း ဂျပန်နိုင်ငံ၏ စစ်ရေး ဆိုင်ရာများ မြှင့်တင်ဆောင်ရွက်ခြင်းသည် ၎င်းတို့၏ ကာကွယ်ရေးစွမ်းအားကို ကူညီ ထောက်ပံ့ရာ ရောက်နေပြီး ဒေသတွင်းရှိထိန်းချုပ်ရန်ခက်ခဲသည့် စစ်ရေးအင်အားကြီး နိုင်ငံများနှင့် တောင်တရုတ်ပင်လယ်အရေးကို တစ်ဖက်လှည့်ဖြင့် ထိန်းချုပ်ရန် ကြိုးပမ်း နေခြင်းဖြစ်လည်းဖြစ်ပါသည်။
ခေတ်သစ်စစ်ပွဲများနှင့် ဖြစ်ပွားနေသော ပဋိပက္ခများတွင် ဒရုန်းများ၏ စွမ်းရည်သည် Game Changer တစ်ခုဖြစ်လာသောကြောင့် ဂျပန်နိုင်ငံအနေဖြင့် နောက်ကျကျန်ခဲ့သည့် ၎င်းတို့၏ ကာကွယ်ရေးနယ်ပယ်တစ်ခုဖြစ်သော မောင်းသူမဲ့ ကာကွယ်ရေးစွမ်းရည်ကို အလျင်အမြန်မြှင့်တင်လာခြင်းဖြစ်ပါသည်။ ဂျပန် နိုင်ငံ၏ Drone နှင့်ပတ်သက်သည့် မျှော်မှန်းချက်များသည်လည်း ဝေဟင်၊ မြေပြင် စစ်ဆင်ရေးများသာမက ရေအောက်စစ်ဆင်ရေးများတွင်ပါ အသုံးပြုရန် ရည်ရွယ် ထားသည့်အတွက် ဒေသတွင်းတွင် လက်နက်များနှင့်ပတ်သက်သည့် နည်းပညာ ပြိုင်ဆိုင်မှုများ ပိုမို ပေါ်ပေါက်လာနိုင်ဖွယ်ရှိပါသည်။
လက်ရှိစစ်ပွဲများတွင် လူ့စွမ်းအားကို ချွေတာပြီး မောင်းသူမဲ့ယာဉ်များကို ဦးစားပေးအသုံးပြုလာကြသည်ကိုလည်း တွေ့ရှိရပါသည်။ အနာဂတ်တွင် နိုင်ငံအလိုက် ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရာတွင် ဘက်စုံသုံးဒရုန်း၊ အသေခံဒရုန်းနှင့် ပစ်မှတ်ရှာဒရုန်းတို့ ပိုင်ဆိုင်နိုင်ရေး နည်းပညာများ ရှာဖွေတီထွင်ထုတ်လုပ်ရန် မူဝါဒများ ထည့်သွင်းလာကြပါသည်။ ထို့ကြောင့် မိမိတို့ လူ့အဖွဲ့အစည်းအတွက် ကာကွယ်ရေးကဏ္ဍအဆင့်မြှင့်တင်ရာတွင် ခေတ်ကာလပြောင်းလဲမှု၊ နည်းပညာပြောင်းလဲမှုများနှင့် လိုက်လျောညီထွေမှုရှိနေစေရန်မှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
Myanmar Aspect
74073123

[1]။ Cross - Domain The act of manually and/or automatically accessing and/or transferring information between different security domains.

Thursday, July 27, 2023

ဂျပန်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့၏ လွတ်လပ်စွာကုန်သွယ်မှု (Free Trade) ဖော်ဆောင်နေမှု၊ နောက်ကွယ်မှအကြောင်းတရားများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
ဂျပန်နိုင်ငံနှင့် အာဆီယံအဖွဲ့အနေဖြင့် လွတ်လပ်စွာကုန်သွယ်မှုဖော်ဆောင်ရေး (Free Trade) အစီအစဉ်များ၊ အာဆီယံနိုင်ငံများ ရရှိနိုင်သည့်အကျိုးအမြတ်များနှင့် နောက်ကွယ်မှအကြောင်းအရင်းများ သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
၂၀၂၃ ခုနှစ်သည် အာဆီယံ-ဂျပန်ဆက်ဆံရေး၏ နှစ်(၅၀)ပြည့်သည့် နှစ်ပတ်လည် ဖြစ်ပြီး အပြန်အလှန်မှီခိုအားထားမှု တိုးပွားလာခြင်း၏ ပြယုဂ်ဖြစ်ပါသည်။ အာဆီယံသည် ကမ္ဘာ့စီးပွားရေး၏ ၃.၆ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားသော်လည်း ၎င်းတွင် ဂျပန်နိုင်ငံ၏ ပြည်ပဈေးကွက် (Overseas Subsidiaries) ၃၀ ရာခိုင်နှုန်းရှိနေပါသည်။ ဂျပန်နိုင်ငံ၏ အာဆီယံအဖွဲ့အတွင်း ရင်းနှီးမတည်ငွေ(Capital Investment) ထည့်ဝင်ခြင်းသည် ၎င်းနိုင်ငံ၏ ဒေသတွင်းစီးပွားရေး ဩဇာလွှမ်းမိုးမှုထက် အဆပေါင်းများစွာ ကြီးမားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရင်းအမြစ်သည် ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(Foreign Direct Investment)များက ဖော်ဆောင်ပေးနေသည့် စက်မှုလုပ်ငန်းနှင့် ပို့ကုန်လုပ်ငန်းများတွင် မူတည်နေပါသည်။
အာဆီယံနိုင်ငံများအတွင်း လုပ်ငန်းချဲ့ထွင်လာသော ဂျပန်နိုင်ငံသားပိုင်ကုမ္ပဏီ များသည် ဒေသတွင်းနိုင်ငံများ၏ ပို့ကုန်ကဏ္ဍကို ထောက်ပံ့ပေးနေသည့် အဓိကအခန်း ကဏ္ဍမှ ပါဝင်နေပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ပြည်ပကုမ္ပဏီများသို့ တင်ပို့ခဲ့သည့် ပို့ကုန်ကိန်းဂဏန်းများကို ဖော်ပြခဲ့ရာ ဗီယက်နမ်နိုင်ငံသည် အာဆီယံ အဖွဲ့၏ ပို့ကုန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၇၃ ရာခိုင်နှုန်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ရရှိခဲ့ခြင်းဖြစ်ပါသည်။ အလားတူ ထိုင်းနိုင်ငံတွင်လည်း စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၇၄ ရာခိုင်နှုန်းသည် နိုင်ငံခြားရင်းနှီးမတည်ငွေများမှ ရရှိနေခြင်းဖြစ်ပါသည်။ Thailand’s Board of Investment (BOI)၏ ပြောကြားချက်အရ FDI ပမာဏ ၄၀ ရာခိုင်နှုန်း တိုးပွားလာခြင်းနှင့် Plaza Accord ၏ ၁၉၈၅ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကြားကာလတွင် စီမံကိန်းအရေအတွက် တိုးပွားလာခြင်းသည် ဂျပန်နိုင်ငံ၏ ထောက်ပံ့ပေးမှုကြောင့် ဖြစ်သည်ဟုဆိုသည်။ အဆိုပါအချက်က ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍကို ဂျပန်ကုမ္ပဏီများက ထောက်ပံ့ ပေးနေသည်ဟု မီးမောင်းထိုးပြနေပါသည်။ အဆိုပါ ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီများသည် ၎င်းတို့နိုင်ငံကို ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်များ ပြန်လည်ပို့ဆောင်ခြင်းဖြင့် ဂျပန်နိုင်ငံ၏ စီးပွားရေးကိုလည်း အထောက်အပံ့ပေးနေပါသည်။ ဂျပန်နိုင်ငံအတွက် အာဆီယံသည် အမေရိကန် နိုင်ငံပြီးလျှင် ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဝင်ငွေရရှိနေသည့် အရင်းအမြစ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ ဂျပန်ကုမ္ပဏီများအနေဖြင့် အာဆီယံကို အလားအလာကောင်းသော စီးပွားရေးရည်မှန်းချက်အဖြစ် ရှုမြင်နေရခြင်းအကြောင်းမှာ လုပ်သားအင်အား ပေါများခြင်းနှင့် ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း(Cost-Competitive)ကြောင့်ဖြစ်ပါသည်။ နောက်ထပ်အချက် တစ်ချက်မှာ အာဆီယံ၏ ခိုင်မာသည့် Free Trade ဖော်ဆောင်မှုကြောင့်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်များ နောက်ပိုင်းကတည်းက Free Trade Agreements (FTAs) များနှင့်အခြားသော Free Trade ပုံစံများသည် ဝင်ငွေမညီမျှမှုများ မြင့်တက်လာသည့်အတွက် စိုးရိမ်ပူပန်မှုများနှင့် မကျေနပ်မှုများလည်း ကြီးထွားလာခဲ့ပါသည်။ စီးပွားရေး ကောင်းမွန်သည့် အချို့သောနိုင်ငံများသည် ကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ အားနည်းချက်(Trade Agreement Fatigue)ဖြင့် ရင်ဆိုင်နေရသည့် လက္ခဏာများလည်း ရှိနေပါသည်။ အာဆီယံအနေဖြင့် Regional Comprehensive Economic Partnership -RCEP တွင် ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့သည့်အပြင် အာဆီယံအပေါင်း ၁ FTAs အဆင့်မြှင့်တင်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေးအဆင့်အတန်း မတူညီသည့်နိုင်ငံများဖြင့် ဖွဲ့စည်းထားသော အာဆီယံအဖွဲ့အနေဖြင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံ များကို လွတ်လပ်စွာကုန်သွယ်မှုနှင့် စီးပွားရေးအသိုက်အဝန်းများမှတစ်ဆင့် ဆင်းရဲမွဲတေမှု စာရင်းမှဖယ်ရှားပေးနိုင်ခဲ့ခြင်းက အခြားသောနိုင်ငံများအတွက် အားတက်စရာဖြစ်ခဲ့ပါသည်။ အာဆီယံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံ အကြားတွင် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချုပ်ချယ်မှုများ၊ နည်းပညာဆိုင်ရာ ကွဲလွဲမှုများနှင့် အခြားသော အကြောင်း ကိစ္စရပ်များကြောင့် စီးပွားရေးဖလှယ်မှုများ လျော့ကျသွားနိုင်သည့်အတွက် စွန့်ခွာခြင်းများ ဖြစ်ပေါ်လာမည်ကို ပညာရှင်များက စိုးရိမ်လျက်ရှိကြပါသည်။
ဆက်လက်၍ အမေရိကန်နိုင်ငံက အဆိုပြုခဲ့သည့် Indo-Pacific Economic Framework for Prosperity-IPEF သည် မဟာမိတ်နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများဖြင့် ကုန်သွယ်ရေးတိုးချဲ့ဖော်ဆောင်မှု “Friendshoring” သဘောတရားကို ရှာဖွေနေခြင်း ပင်ဖြစ်ပါသည်။ အဆိုပါအဖွဲ့တွင် အာဆီယံ ၇ နိုင်ငံပါဝင်နေပြီး မေလတွင် ကျင်းပခဲ့သည့် G-7 အစည်းအဝေးတွင်လည်း ခေါင်းဆောင်များက Econimic Resilience and Economic Security နှင့် သက်ဆိုင်သည့် ထုတ်ပြန်ချက်ကို ချမှတ်ခဲ့ကြပါသည်။ Nikkei ဖိုရမ်တစ်ခုဖြစ်သည့် “Future of Asia” တွင် စင်ကာပူနိုင်ငံက အာရှနိုင်ငံသားများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးအမြတ်များ ဖော်ဆောင်နိုင်မည်ဟု ပြောကြားထားပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကွဲပြားမှုများကြောင့် ဒေသတွင်းအဖွဲ့ အစည်းများကို ယှဉ်ပြိုင်မှုများဖြစ်ပေါ်စေနိုင်သည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများကို ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ပေါင်းစည်းသည့်နေရာတွင် အခက်အခဲများဖြင့် ရင်ဆိုင်ရစေနိုင်ပါသည်။
တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့၏ ထောက်ပံ့ရေးကွင်းဆက်များအတွင်းသို့ နက်နက်ရှိုင်းရှိုင်းရောက်ရှိနေပြီး အာဆီယံအတွက် တရုတ်နိုင်ငံသည် အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နိုင်ငံလည်းဖြစ်ပါသည်။ အာဆီယံအနေဖြင့် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ မပြတ်လပ်စေရေးအတွက် Free Trade များဖြင့် အခြားသော အရင်းအမြစ် များမှ ဝယ်ယူခြင်းများကို လုပ်ဆောင်နေရပါသည်။ ဂျပန်နိုင်ငံအနေဖြင့်လည်း ထိုကဲ့သို့ ဆောင်ရွက်နေရပြီး စားနပ်ရိက္ခာဖူလုံမှုနည်းပါးသည့်အပြင် သွင်းကုန်များ အပေါ်တွင်လည်း များစွာမှီခိုနေရပါသည်။ သို့သော်လည်း ဂျပန်နိုင်ငံ၏ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုအညွှန်းကိန်းတွင် အဆင့် ၆ နေရာ၌ ရပ်တည် နေပါသည်။ လွတ်လပ်စွာကုန်သွယ်မှုအစီအစဉ်များသည် မသေချာမရေရာမှုများဖြင့် ရင်ဆိုင် နေရချိန်တွင် ဂျပန်နိုင်ငံနှင့် အာဆီယံတို့အနေဖြင့် လွတ်လပ်စွာကုန်သွယ်မှု ဖော်ဆောင်ခြင်း များကို ပူးပေါင်းဆောင်ရွက်သင့်ပြီး ကုန်ပစ္စည်းဝယ်ယူမှုကို တစ်နိုင်ငံတည်းအပေါ်တွင် မှီခိုနေခြင်းထက် အရင်းအမြစ်ပေါင်းများစွာမှရရှိရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်းရေးသားဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အာဆီယံနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် လွတ်လပ်စွာကုန်သွယ်မှု ဖော်ဆောင်ခြင်းများတွင် ပူးပေါင်းဆောင်ရွက်သင့်ပြီး အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အပေါ်တွင် လွန်ကဲစွာမှီခိုမှုကို လျှော့ချသင့်ကြောင်း အကြံပြုရေးသားထားခြင်းဖြစ်ပါသည်။ အင်ဒို-ပစိဖိတ်ဒေသတွင်း စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံသည် အာဆီယံအဖွဲ့နှင့် ကုန်သွယ်မှုအများဆုံး ဖော်ဆောင်နေသည့်အပြင် ၎င်းနိုင်ငံအတွက် အကျိုးအမြတ်များကိုလည်း အဖွဲ့ဝင်နိုင်ငံ များထံမှ အပြန်အလှန်ရယူနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဒေသတွင်းနိုင်ငံများ အနေဖြင့် အင်အားခြင်းပြိုင်ဆိုင်နေသည့် နိုင်ငံကြီးများထံမှ အကူအညီများရယူ နေမည့်အစား ဂျပန်နိုင်ငံကဲ့သို့ ဒေသတွင်းအင်အားကြီးနိုင်ငံများဆီမှ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိအောင် ဆောင်ရွက်ရန်လိုအပ်နေသည်ဟု အကြံပြုထားပါသည်။
လက်ရှိတွင် ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ပင်လယ်ပြင်ပိုင်နက် အငြင်း ပွားမှုများရှိနေသော်လည်း နှစ်နိုင်ငံဆက်ဆံရေးကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်း ထားနိုင်သည့်အပြင် အမေရိကန်နိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားနိုင်သည်ကို တွေ့ရှိရပါသည်။ ဒေသတွင်းနိုင်ငံများနှင့်လည်း စီးပွားရေး၊ နိုင်ငံရေးကဏ္ဍများတွင်လည်း မျှတစွာပုံဖော်ဆောင်ရွက်နိုင်သည့် အနေအထားမျိုး ရှိခဲ့သော်လည်း ဂျပန်နိုင်ငံအနေဖြင့် အာရှတိုက်တွင် အမေရိကန်နိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံဖြစ်လာပြီး တရုတ်နိုင်ငံကို တန်ပြန်ဆောင်ရွက်သည့် ကြားခံနိုင်ငံကဲ့သို့လည်း ဖြစ်လာနေပါသည်။ သို့ရာတွင် စီးပွားရေးတိုးတက်မှုရှိနေသော အာဆီယံ အဖွဲ့၏ Free Trade ဖော်ဆောင်မှုများကို ဂျပန်နိုင်ငံမှ လက်လွတ်မခံနိုင်သောကြောင့် လက်တွဲဖော်ဆောင်နိုင်မည်ဆိုပါက နှစ်ဦးနှစ်ဖက်အတွက် စီးပွားရေးဆိုင်ရာ အကျိုး အမြတ်များ ပိုမိုရရှိလာနိုင်သည့်အပြင် ဒေသတွင်းနိုင်ငံများ၌ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖော်ဆောင်လာနိုင်မည်ဟု ယူဆရပါသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် တရားဝင်သတမန်ရေးအရ အတက်အကျများရှိခဲ့သော်လည်း၊ Back Door Diplomacy နည်းလမ်းဖြင့် နောက်ကွယ်မှ ပံ့ပိုးမှုများရှိခဲ့သည့် နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးတွင် ပါးနပ်လိမ္မာသော သံတမန်ရေးနည်းလမ်းများကို အသုံးပြုနိုင်မည်ဆိုပါက ဂျပန်-အာဆီယံ အပြန်အလှန်ဖော်ဆောင်မည့် စီးပွားရေး၊ ကုန်သွယ်ရေး အစီအစဉ်များသည် မြန်မာနိုင်ငံအတွက် သွယ်ဝိုက်၍ အကျိုးများစွာ ဖြစ်ထွန်းနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
73072823

Wednesday, July 26, 2023

ကမ္ဘောဒီးယားနိုင်ငံ၏ ပြီးခဲ့သောရွေးကောက်ပွဲကျင်းပမှု အခြေအနေများနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 



နိဒါန်း
ကမ္ဘောဒီးယားနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ရွေးကောက်ပွဲအခြေအနေများနှင့် ဝန်ကြီးချုပ် ဟွန်ဆန်၏ နိုင်ငံရေးလောက ကြီးစိုးမှုအခြေအနေများနှင့်ပတ်သက်ပြီး သိသင့်သည့် အချက် ၅ ချက်အား သုံးသပ်ဖော်ပြသွားပါမည်။

ဖော်ပြချက်
ကမ္ဘောဒီးယားနိုင်ငံသည် ဇူလိုင်လ ၂၃ ရက်နေ့တွင် အောက်လွှတ်တော် ကိုယ်စားလှယ် ၁၂၅ နေရာအတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးအဖြစ် ကုလသမဂ္ဂနှင့်ပူးပေါင်း၍ လုပ်ဆောင်ခဲ့သည့် ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲပြီးနောက် (၇)ကြိမ်မြောက် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်ပါသည်။ အဆိုပါ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်၍ တရားမျှတမှု မရှိကြောင်းနှင့် ကာလကြာဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သည့် ဟွန်ဆန်(Hun Sen) ဦးဆောင်သည့် ကမ္ဘောဒီးယားပြည်သူ့ပါတီ(Cambodia People’s Party-CPP)က ဆက်လက်ကြီးစိုးနိုင်မည်ဟူသော ဝေဖန်ချက်များ ထွက်ပေါ်လျက်ရှိပါသည်။ တစ်ဖက်သတ်ဆန်သည့် ကမ္ဘောဒီးယားရွေးကောက်ပွဲနှင့်ပတ်သက်၍ အောက်ပါအချက် ၅ ချက်ကို သိရှိရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
ပထမအချက်မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်သည့်ရက်နှင့် လုပ်ထုံးလုပ်နည်းများ ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်သည့်နေ့တွင် မဲဆန္ဒရှင် ၉.၇ သန်းခန့်သည် နိုင်ငံ တစ်ဝန်းမှ မဲရုံ ၂၃,၇၈၉ ရုံတွင် ဆန္ဒမဲထည့်ရမည်ဖြစ်ပါသည်။ ဆန္ဒမဲကို မဖြစ်မနေ လာရောက်ထည့်ရန် မလိုအပ်သော်လည်း လက်ရှိတွင် အတိုက်အခံပါတီ Candlelight party ကို ရွေးကောက်ပွဲယှဉ်ပြိုင်မှုမှ ထုတ်ပယ်ခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်လျက်ရှိရာ ပါတီသည် ရွေးကောက်ပွဲတရားဝင်ဖြစ်မှုကို ပြသနိုင်ရန်အတွက် ပြည်သူများ လာရောက်မဲပေးရန် တိုက်တွန်းလျက်ရှိပါသည်။ CPP ပါတီသည် ပါတီငယ် ၁၇ ပါတီကို ယှဉ်ပြိုင်ခွင့်ပြုပြီး တက်ကြွသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက် ရှိသည်ဟု ပြောကြားထားပါသည်။ အဆိုပါ ပါတီငယ်များသည် CPP ပါတီကို ယှဉ်ပြိုင် နိုင်သည့် စွမ်းရည်နှင့် အဆက်အသွယ်များမရှိကြောင်းနှင့် မဲဆန္ဒနယ်အဆင့် မဲလက်မှတ် ရေတွက်ခြင်းကို ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် စတင်ရေတွက်မည်ဖြစ်ပြီး မဲစာရင်း အတိအကျအား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်တွင် မဲဆွယ်စည်းရုံးခြင်း၌ CPP ၏ တစ်ဖက်သတ်ကြီးစိုးမှုနှင့် အခြားပါတီများ၏ လုပ်ပိုင်ခွင့်အခြေအနေဖြစ်ပါသည်။ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မဲဆွယ် စည်းရုံးခြင်းကို စတင်ဆောင်ရွက်နိုင်ပြီဖြစ်ရာ CPP ပါတီအနေဖြင့် မြို့နယ်များနှင့် ပြည်နယ်များတွင် မဲဆွယ်စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်လျက်ရှိပါသည်။ သို့သော် မှတ်ပုံတင်ထားသည့် ပါတီများအနက် ပါတီ ၆ ခုသာလျှင် ချီတက်လမ်းလျှောက်လှုံ့ဆော်မှုနှင့် လူထု လှုပ်ရှားမှုများ လုပ်ပိုင်ခွင့်ရှိနေပါသည်။ ထို့နောက် CPP ပါတီသည် ၎င်းတို့၏ အတိုက်အခံ ပါတီဖြစ်သည့် Candlelight party မှ ကိုယ်စားလှယ် ၄ ဦးအား မဲဆွယ်စည်းရုံးစဉ် အတွင်း ပြည်သူများအား မဲမသမာမှုပြုလုပ်ရန် တိုက်တွန်းလျက်ရှိသည်ဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
တတိယအချက်မှာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ပါတီများနှင့် ပတ်သက်သော ကိစ္စရပ်ဖြစ်ပါသည်။ CPP ပါတီသည် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေးလောကတွင် နှစ်ပေါင်း ၄၀ ခန့်ကြာ အသာစီးရခဲ့သည့် နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ၁၉၈၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ပါတီဥက္ကဋ္ဌ ဟွန်ဆန်သည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။ ပါတီငယ်များအနက် Funcinpec ပါတီသည် ၁၉၉၀ ပြည့်နှစ်များတွင် ကမ္ဘောဒီးယားနိုင်ငံအစိုးရတွင် ပူးတွဲပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာဖြန့်ခွဲခွင့်ကို ပြန်လည်ရုပ်သိမ်းခံခဲ့ရပါသည်။ ထို့နောက် လူငယ်များ၊ တိုင်းရင်းသားလူနည်းစုများ၊ အမျိုးသမီးများ၊ လယ်သမားများနှင့် ဆင်းရဲမွဲတေမှုများကို ဦးတည်ဖြေရှင်းမည့် အခြားပါတီများလည်းရှိကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်မှာ ကမ္ဘောဒီးယားနိုင်ငံရေးနယ်ပယ်အတွင်း ဆွေမျိုးကောင်းစားရေး ဝါဒကို တွင်ကျယ်စွာအသုံးပြုလာခြင်းဖြစ်ပါသည်။ CPP ပါတီ၏ အထက်လူကြီးပိုင်းတွင် ရွေးချယ်တင်မြောက်ခြင်းကဏ္ဍရပ်နှင့်ပတ်သက်၍ မျိုးဆက်အလိုက် လက်ဆင့်ကမ်း ပေးအပ်ခြင်းများ လုပ်ဆောင်လာခဲ့ပါသည်။ ဥပမာအားဖြင့် လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်သည် ၎င်း၏ သားဖြစ်သူ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ဟွန်မနက် (Hun Manet) အား ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ရန် ထောက်ခံခဲ့ကြပါသည်။ထို့ပြင် ဟွန်ဆန်သည် သားဖြစ်သူ ဟွန်မန်နီ(Hun Many)နှင့် သားမက် နင်မ်ချန်ဒရာ (Nim Chandara)ကိုလည်း လွှတ်တော်အတွင်းနေရာများ ပေးအပ်ခဲ့ပါသည်။ ထို့ပြင် CPP ပါတီအတွင်း ကိုယ်စားလှယ် ၁၂ ဦးခန့်သည် သက်ဆိုင်ရာ၏ ဆွေမျိုးတော်စပ်သူများသာဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
ပဉ္စမအချက်မှာ ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာ၏ အမြင်နှင့် သုံးသပ်ချက်များဖြစ်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခင် ကုလသမဂ္ဂက ချမှတ်ပေးသည့် ရွေးကောက်ပွဲ လမ်းကြောင်းများမှ လွဲချော်၍ အာဏာရှင်ဆန်သည့် လမ်းကြောင်းများသို့ ပြောင်းလဲ လာမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံက ဝေဖန်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံ ဥပဒေပြဋ္ဌာန်းသူများသည် ကမ္ဘောဒီးယားနိုင်ငံအတွင်း ဒီမိုကရေစီစနစ်ကျဆင်းလာမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်လုပ်ဆောင်မည်ဆိုပါက ကမ္ဘောဒီးယား နိုင်ငံခေါင်းဆောင်များအား အရေးယူမှုများ ပြုလုပ်သွားမည့် ဥပဒေကြမ်းတစ်ခုကို အဆိုတင်သွင်းရန် ပြင်ဆင်လျက်ရှိပါသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အကြီးအကဲ Volker Turk ကမူ ကမ္ဘောဒီးယားနိုင်ငံအစိုးရအနေဖြင့် လူ့အခွင့်အရေးကို အလေးထားရန် တိုက်တွန်းပြောကြားခဲ့ပြီး တစ်ဖက်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သည့် တရုတ်နိုင်ငံသည် အနောက်အုပ်စုနိုင်ငံများ၏ ပြစ်တင် ဝေဖန်မှုများမှ ကာကွယ်ပေးလျက်ရှိပါသည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအား စီးပွားရေးနှင့် သံတမန်ရေး ဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ပဝင်ရောက်စွက်ဖက်မှု အန္တရာယ်မှ ကာကွယ်ပေးသွားမည်ဟု ကတိပြုပြောကြားထားကြောင်း ဖော်ပြထားပါသည်။

တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲတွင် တစ်ပါတီတည်းသာကြီးစိုးနေသည့်အခြေအနေများ၊ ဟွန်ဆန်၏ ဆွေးစဉ်မျိုးဆက် အာဏာဆက်လက်ထိန်းချုပ်ရေး လုပ်ဆောင်ချက်များနှင့် အနောက်အုပ်စု၏ သဘောထားများကို ရေးသားထားခြင်းဖြစ်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲစနစ်သည် အောက်လွှတ်တော်(အမျိုးသား လွှတ်တော်)၊ အထက်လွှတ်တော်ရွေးကောက်ပွဲနှင့် ကွန်မြူနီ/ဆန်းကတ်(Commune/ Sangkat) ကောင်စီရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြုစနစ်(Proportional Representative System- Closed List)ကို ကျင့်သုံး၍ ဆောင်ရွက်သောစနစ်ဖြစ်ပါသည်။ အဆိုပါစနစ်အရ မဲဆန္ဒရှင်များသည် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဆန္ဒပြု ရခြင်းမျိုးမဟုတ်ဘဲ ပါတီကိုသာ ဆန္ဒပြုရမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသော ကမ္ဘောဒီးယားနိုင်ငံသား ကျား/မ မရွေး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိပါသည်။ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မရှင်သည် ၅ နှစ်သက်တမ်း ရှိသည့် အောက်လွှတ်တော်အတွက် ရွေးကောက်ပွဲများကို ၁၉၉၃၊ ၁၉၉၈၊ ၂၀၀၃၊ ၂၀၀၈၊ ၂၀၁၃ နှင့် ၂၀၁၈ ခုနှစ်များတွင် အသီးသီးကျင်းပပေးခဲ့ပြီး ၆ နှစ်သက်တမ်း အထက်လွှတ်တော်အတွက် ရွေးကောက်ပွဲများကို ၂၀၀၆ ၊ ၂၀၁၂ နှင့် ၂၀၁၈ ခုနှစ်များတွင် ကျင်းပပေးခဲ့သည်ကို တွေ့ရှိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အထက်ပါအတိုင်း ရွေးကောက်ပွဲများ ပုံမှန်ပြုလုပ်လျက် ရှိသော်လည်း နိုင်ငံသည် စစ်မှန်သည့် ဒီမိုကရေစီအစိုးရပုံစံမျိုး မဟုတ်ဟု အနောက်အုပ်စုမှဝေဖန်လျက်ရှိပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် စာရင်းတင်သွင်းသည့် ပါတီများဖြင့် ပါတီစုံ ဒီမိုကရေစီကို ကျင့်သုံးလျက်ရှိသည်ဟု ပုံဖော်ထားရှိသော်လည်း အားကောင်းသည့် အတိုက်အခံပါတီများကို နည်းမျိုးစုံဖြင့် ကန့်သတ်ထားရှိပါသည်။ ရွေးကောက်ပွဲများ ပြုလုပ်လျက်ရှိသော်လည်း ဝန်ကြီးချုပ် ဟွန်ဆန် သည် ဝန်ကြီးချုပ် နေရာကို ၎င်း၏သားဖြစ်သူအား လက်ဆင့်ကမ်းမည့် အရိပ်အယောင်များလည်း ရှိနေ ပါသည်။ သို့သော်လည်း နိုင်ငံတစ်ခု၏ ပကတိပြည်တွင်းရေး အဖြစ်မှန်နှင့် အခြေအနေများမှာ ပညာရှင်များသည်ပင် မှန်ကန်စွာ သုံးသပ်နိုင်ရန် ကန့်သတ်ချက်ရှိနေပြီး လက်တွေ့တွင် ပြည်တွင်းရေးတည်ငြိမ်မှုနှင့် နိုင်ငံစဉ်ဆက်မပြတ် တိုးတက်လာရေးသည်သာ ပဓာနဖြစ်သည်ကိုလည်း တွေ့ရပါသည်။
ယခုအခါ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများဖြစ်သော ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံတို့၌ ရွေးကောက်ပွဲအတွင်းနှင့် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးလှုပ်ခတ်မှုများနှင့် ပြည်ပမှ ဝေဖန်ပြစ်တင်မှုများလည်း ပေါ်ထွက်နေသည်ကို တွေ့ရပါသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံငယ်များ၏ ပြည်တွင်းရေးကို အနောက်အုပ်စုနိုင်ငံများ၏ ဖိအားပေးမှုများ ဝင်ရောက်စွက်ဖက်မှုများမှာ ကလင်ဒါကျဖြစ်ပေါ်လာမည့် သဘောတရားများသာ ဖြစ်သောကြောင့် သက်ဆိုင်ရာနိုင်ငံများအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံကြီးများအကြား Hedging ပြုလုပ်နိုင်သည့် အဆင့်သို့ရောက်ရှိရေးသည်သာ လက်တွေ့ကျသည့် နိုင်ငံရေးသဘောတရားဖြစ်သည်ဟု ယူဆကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
72072723

Tuesday, July 25, 2023

အမေရိကန်နိုင်ငံအနေဖြင့် AI နည်းပညာကို လက်နက်သဖွယ်အသုံးချနေခြင်းအပါဝင် တရုတ်နှင့် အမေရိကန်အကြား နည်းပညာအားပြိုင်မှုများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အမေရိကန်နိုင်ငံအနေဖြင့် နည်းပညာကဏ္ဍကို ထိန်းချုပ်နိုင်ရေးအတွက် ဉာဏ်ရည်တု(Artificial Intelligence -AI) နည်းပညာကို လက်နက်သဖွယ် အသုံးပြု နေခြင်းနှင့် ပတ်သက်၍ သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UN Security Council) အစည်းအဝေးတွင် ဉာဏ်ရည်တု (Artificial Intelligence -AI) နည်းပညာများနှင့်ပတ်သက်သည့် အန္တရာယ်သည် ကမ္ဘာ့နိုင်ငံများအတွက် စိုးရိမ်ပူပန်မှု ဖြစ်လာခြင်းကို ပထမဦးဆုံးအကြိမ် ဆွေးနွေးခဲ့ကြပါသည်။ လတ်တလောဖြစ်ပွားနေသည့် သက်သေအထောက်အထားများအရ AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ထိန်းညှိ ဆောင်ရွက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုဖြစ်လာနေပါသည်။ AI ဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်သည့်စံနှုန်းများနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်နေ သော်လည်း အမေရိကန်လွှတ်တော်အမတ်များ၏ ဆွေးနွေးမှုများတွင် AI နည်းပညာကို လက်နက်အဖြစ်အသုံးပြုရန် ထည့်သွင်းဆွေးနွေးနေမှုများက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၊ သို့မဟုတ် နိုင်ငံများအတွက် အနှောင့်အယှက်ဖြစ်နေကြောင်း ဖော်ပြထားပါသည်။
အမေရိကန်အထက်လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူ Chuck Schumer က Algorithms များကို ၎င်းတို့၏ စံနှုန်းများနှင့်အညီ ထိန်းညှိဆောင်ရွက်နိုင်ခြင်းမရှိပါက အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီအခြေခံအုတ်မြစ်ကို ထိခိုက်စေနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ AI နည်းပညာကဏ္ဍသည် အမေရိကန်နိုင်ငံထက် သာလွန်သွားနိုင်ပြီး AI လောကကို လွှမ်းမိုးသွားနိုင်ကြောင်းနှင့် ဒီမိုကရေစီစနစ်သည်လည်း အကျဘက်သို့ ရောက်ရှိသွားနိုင် သည်ဟု ပြောကြားထားပါသည်။ အမေရိကန်နိုင်ငံရေးသမားများသည် အချို့သောကိစ္စရပ် များကို စံနှုန်းများနှင့် ဖြေရှင်းဆောင်ရွက်သည့်အခါတိုင်း အပြုသဘောမဆောင်သည့် (Zero-Sum Game)ပုံစံများဖြင့် ဖြေရှင်းဆောင်ရွက်လေ့ရှိပြီး မသေချာမရေရာမှုများနှင့် ပရမ်းပတာအခြေအနေများကိုသာ ဖြစ်ပေါ်စေသည့် ကိစ္စရပ်များလည်း ရှိခဲ့ဖူးသည်ဟုဆိုပါသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံကို ဆန့်ကျင်သည့် နည်းပညာစစ်ပွဲတွင် AI သည်စစ်မျက်နှာစာသစ်တစ်ရပ်အနေဖြင့် ပါဝင်လာလာပြီး အမေရိကန်နိုင်ငံအနေဖြင့် AI ကဏ္ဍ၏ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များနှင့် အကျိုးအမြတ်များကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ အမေရိကန်လွှတ်တော်၏ ဥပဒေပြုရေးကြိုးပမ်းချက်များအပြင် Biden အစိုးရအဖွဲ့သည် အမေရိကန်နိုင်ငံ၏ Cloud-Computing ဝန်ဆောင်မှုများ အတွင်းသို့ တရုတ်ကုမ္ပဏီများ ဝင်ရောက်ခွင့်ကို ကန့်သတ်ရန် ပြင်ဆင်နေကြောင်းကို The Wall Street ဂျာနယ်က ယခုလအစောပိုင်းတွင် ဖော်ပြခဲ့ပါသည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် အမေရိကန်ကုမ္ပဏီများထံမှ AI နှင့်ပတ်သက်သည့် ဝန်ဆောင်မှုများကို တရုတ်ဝယ်လက်များ အသုံးချမှုမှ ကာကွယ်နိုင်မည်ဖြစ်သည်ဟုဆိုသည်။ AI နည်းပညာကဏ္ဍသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ နည်းပညာယှဉ်ပြိုင်မှုများမှ လွတ်ကင်းနိုင်မည်မဟုတ်ဘဲ အမေရိကန်နိုင်ငံအနေဖြင့် အဆင့်မြင့်နည်းပညာနယ်ပယ်တိုင်းတွင် လွှမ်းမိုးနိုင်ရန်နှင့် တရုတ်နိုင်ငံကို Chip War ဆင်နွှဲခြင်းဖြင့် ဖိနှိပ်မှုများပြုလုပ်ပြီး နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုများကို ထိန်းချုပ်ရန် ဆန္ဒရှိနေပါသည်။ ထိုကဲ့သို့ ရန်လိုမုန်းထားမှုကြောင့် ကမ္ဘာ့နိုင်ငံများ၏ အစိုးရများအနေဖြင့် AI နည်းပညာကို စည်းကမ်းတကျအသုံးချနိုင်ရေး စိန်ခေါ်မှုများနှင့် တွေ့ကြုံရနိုင်ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် Chip နှင့် ပတ်သက်သည့် လုပ်ဆောင်မှုများကို ကြည့်ခြင်းဖြင့် Biden အစိုးရ၏ နိုင်ငံရေးတွင် ဆောင်ရွက်လာနိုင်သော စံနှုန်းများနှင့် စည်းမျဉ်းစည်းကမ်းများကို နားလည်ရန် မခက်ခဲကြောင်းနှင့် အမေရိကန် နိုင်ငံသည် နည်းပညာကဏ္ဍကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် AI ကို အရေးပါသည့် လက်နက်အဖြစ်ယူဆနေသည်ဟုဆိုသည်။ အမေရိကန်နိုင်ငံအနေဖြင့် AI အဆင့်မြှင့်တင်ခြင်းနှင့် စည်းမျဉ်းဥပဒေများ ထုတ်ပြန်ခြင်း(Rule-Making)အစီအစဉ်များအား တရုတ်နိုင်ငံကို ဆန့်ကျင်သည့် လက်နက်အဖြစ် လွဲမှားစွာအသုံးပြုခဲ့ပါက ကမ္ဘာလုံးဆိုင်ရာ AI ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်များအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။ တရုတ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာကဏ္ဍကို ထိန်းချုပ်ထားမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများသည် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးခြယ်လှယ်မှုအောက်သို့ ရောက်ရှိ သွားနိုင်ကြောင်း ဖော်ပြထားပါသည်။ အချုပ်အားဖြင့် AI ကဲ့သို့ အဆင့်မြင့်နည်းပညာကဏ္ဍများတွင် အချို့သောနိုင်ငံ များသည် အခြားသောနိုင်ငံများ၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ဖျက်လိုဖျက်ဆီးပြုခြင်း၊ အဟန့်အတားပြုခြင်းနှင့် မလိုလားအပ်ဘဲ နည်းပညာဆိုင်ရာ ပိတ်ပင်တားဆီးမှုများ ပြုလုပ် နေမည်ဆိုပါက ပွင့်လင်းစွာပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ယုတ်လျော့သွားစေနိုင်ပါသည်။ အဆိုပါအခင်းအကျင်းကိုကာကွယ်နိုင်ရန်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် ကမ္ဘာလုံးဆိုင်ရာ AI အုပ်ချုပ်မှုစည်းမျဉ်းများတွင် တရားမျှတမှုရှိရန် လိုအပ်ပါသည်။ဇူလိုင်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် UNSC အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်း ကိုယ်စားလှယ် Zhang Jun က AI နှင့်ပတ်သက်သည့် လိုက်နာရမည့် စည်းမျဉ်း ၅ ခုကို အဆိုပြုခဲ့ပါသည်။ အဆိုပါအချက်များက အမေရိကန်နိုင်ငံ၏ သဘောထားမဟုတ်ခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့်တရုတ်နိုင်ငံက အဆိုပြုခဲ့သည့်စည်းမျဉ်းများကို လိုက်နာရန်လိုအပ်ကြောင်းရေးသားဖော်ပြထားသည်ကို တွေ့ရှိရ ပါသည်။
တွေ့ရှိသုံးသပ်ချက်
အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ယှဉ်ပြိုင်မှုများ၌ AI နည်းပညာ သည်လည်း အခန်းကဏ္ဍတစ်ရပ်မှပါဝင်လာပြီး အမေရိကန်နိုင်ငံ၏ AI နည်းပညာနှင့် ပတ်သက်သည့် သဘောထားများက ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးနှင့် အမျိုးသား အကျိုး စီးပွားအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနိုင်သည်ဟု ဝေဖန်ရေးသားထားခြင်းဖြစ်ပါသည်။လက်ရှိတွင် အမေရိကန်နှင့် တရုတ်နိုင်ငံအကြားတွင် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် အမေရိကန်နိုင်ငံမှ ဝန်ကြီးများ၊ ကိုယ်စားလှယ်များ စေလွှတ်၍ ဆောင်ရွက်နေသော်လည်း နည်းပညာယှဉ်ပြိုင်မှုနယ်ပယ်တွင် အားသာလျက်ရှိသော အမေရိကန်နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများစွာနှင့် ကုမ္ပဏီများအား အစိုးရအထောက်အပံ့ဖြင့် AI ကဏ္ဍကို ဖွံ့ဖြိုးရန်လုပ်ဆောင်လျက်ရှိသော တရုတ်နိုင်ငံအား ဟန့်တားရန် ကြိုးစားမှုများ ပြုလုပ်လျက်ရှိနေပါသည်။ ထို့သို့ နိုင်ငံကြီးများအကြား နည်းပညာအားပြိုင်မှုက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်လည်း ခြိမ်းခြောက်မှုများ အဟန့်အတားများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ယူဆရသည့်အတွက် မိမိတို့အိမ်နီးချင်းနိုင်ငံများ၏ နည်းပညာတိုးတက်မှုများနှင့်အတူ လိုက်ပါစီးမျောနိုင်ရန် ကြိုတင်မျှော်တွေး ပြင်ဆင်ဆောင်ရွက်ခြင်းမှာ သက်ဆိုင်ရာနိုင်ငံများ၏ ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myamar Aspect

71072623

Monday, July 24, 2023

ကမ္ဘာအရပ်ရပ်ရှိ အိန္ဒိယနွယ်ဖွားများ(India’s Diaspora)၏ အခန်းကဏ္ဍ ကြီးထွားလာမှုနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ



နိဒါန်း
လက်ရှိအချိန်၌ အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ၁.၄ ဘီလီယံကျော်ရှိနေပြီး တရုတ်နိုင်ငံ၏လူဦးရေထက် အနည်းငယ်ပိုများပါသည်။ ထို့ပြင် ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိ နေသော အိန္ဒိယနိုင်ငံသားနှင့် နိုင်ငံသားမဟုတ်သူများအပါအဝင် အိန္ဒိယနွယ်ဖွားများ (India’s Diaspora)၏ လူဦးရေသည် ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိနေသော တရုတ် နွယ်ဖွားများ၏ လူဦးရေထက် ပိုမိုများပြားပြီး အဆိုပါ အိန္ဒိယနွယ်ဖွားများ၏ အောင်မြင်မှု အခန်းကဏ္ဍသည်လည်း တဖြည်းဖြည်းနှင့် ကြီးမားလျက်ရှိပါသည်။ ထို့ကြောင့် အိန္ဒိယ နိုင်ငံအတွက် ကမ္ဘာအရပ်ရပ်တွင် ရောက်ရှိနေသော အိန္ဒိယနွယ်ဖွားများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်းကို သိသင့်သည့် အချက် ၅ ချက်ဖြင့် သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
ပထမအချက်၌ အိန္ဒိယနိုင်ငံသားများ ကမ္ဘာအရပ်ရပ်သို့ စတင်အခြေချ နေထိုင်မှုနှင့် ကြီးထွားလာမှုတို့ကို ဖော်ပြထားပါသည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၇ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ၏ ရွှေ့ပြောင်းနေထိုင်သူ(Migrants) အများစုသည် ချမ်းသာသည့် နိုင်ငံများ(အမေရိကန်၊ ဗြိတိန်၊ ကနေဒါစသည်)သို့ သွားရောက် အခြေချနေထိုင်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ၁၉၆၅ ခုနှစ်တွင်လည်း အမေရိကန်နိုင်ငံသည် ၎င်း၏ လူဝင်မှုကြီးကြပ်ရေးဥပဒေများနှင့်စပ်လျဉ်း၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ် ခဲ့ပြီး အဆိုပါဥပဒေထဲတွင် အမေရိကန်နိုင်ငံသို့ လာရောက်မည့် အိန္ဒိယနိုင်ငံမှ ရွှေ့ပြောင်း နေထိုင်သူများဆိုင်ရာ ခွဲတမ်းချမှတ်ထားမှုကို ဖယ်ရှား၍ ပညာရည်ထူးချွန်သူများနှင့် အရည်အချင်းရှိသူများကို ဆွဲဆောင်စည်းရုံးသည့်အချက်များကို ထည့်သွင်းခဲ့ပါသည်။ အလားတူပင် ဩစတြေးလျ၊ ကနေဒါနိုင်ငံတို့သည်လည်း အမေရိကန်နိုင်ငံကဲ့သို့ပင် ၎င်းတို့၏ဥပဒေများကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်ရှိ အိန္ဒိယနွယ်ဖွားများ၏ အရေအတွက် ပိုမိုများပြားလာပြီး ၎င်းတို့၏ အခန်းကဏ္ဍ သည်လည်း တဖြည်းဖြည်းကြီးထွားလာကြောင်း ဖော်ပြထားပါသည်၊။
ဒုတိယအချက်၌ အိန္ဒိယနိုင်ငံ၏ အရည်အချင်းရှိသူများ နိုင်ငံရပ်ခြားသို့ အခြေချ နေထိုင်မှု ပိုမိုများပြားလာခြင်းကို ဖော်ပြထားပါသည်။ အိန္ဒိယနိုင်ငံ၏ ဘွဲ့ရပညာတတ် အများစု နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့အခြေချနေထိုင်ရခြင်းမှာ အခြားသောနိုင်ငံများမှ ပေးအပ်သည့် မက်မောဖွယ်ကောင်းသော အလုပ်အကိုင်၊ လုပ်ခလစာကြောင့် ဖြစ်သည့် အပြင် အိန္ဒိယနိုင်ငံ၏ ပူပြင်းသောရာသီဥတုကိုပါ ရှောင်နိုင်ရန်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၌ အမေရိကန်နိုင်ငံမှ ကမ္ဘာအရပ်ရပ်ရှိ အရည်အချင်းရှိသောပညာရှင်များ (ဥပမာ ကွန်ပျူတာ သိပ္ပံပညာရှင်၊ ဆေးပညာရှင်စသည်)ကိုသာ ပေးအပ်သည့် “H-1B” ဗီဇာထုတ်ပေးမှု၏ ၇၃ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသားများမှ ရရှိထားပါသည်။ အိန္ဒိယနိုင်ငံ၏ အတော်ဆုံးနှင့် ထူးချွန်သောပညာရှင်အများစုသည် အိန္ဒိယနိုင်ငံထက် အခြားသောနိုင်ငံများတွင်သာ အခြေချနေထိုင်ရန် စိတ်ထားထက်သန်သည်ဟု အိန္ဒိယနိုင်ငံအစိုးရ၏ စီးပွားရေးအကြံပေး Arvind Subramanian က ဆိုထားကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် Journal of Development Economics ၏ အဆိုအရ အိန္ဒိယနိုင်ငံ၏နာမည်ကြီးနည်းပညာတက္ကသိုလ်ဖြစ်သည့် Indian Institute of Technology ဘွဲ့ရ အများစုသည် အိန္ဒိယနိုင်ငံတွင် အလုပ်လုပ်ခြင်းထက် အခြားသောနိုင်ငံများ၊ အထူးသဖြင့် အမေရိကန်နိုင်ငံတွင် အလုပ်လုပ်ရန် ပို၍စိတ်ဝင်စားကြောင်း၊ ပါဝါအပျော့(Soft Power) ဆိုသည့် စကားစုကို တီထွင်ခဲ့သော Harvard တက္ကသိုလ်၏ ပါမောက္ခ Joseph Nye က နိုင်ငံတစ်ခုအနေဖြင့် ပါဝါအပျော့ကို တည်ဆောက်ရာ၌ ကမ္ဘာအရပ်ရပ်တွင် ရောက်ရှိ အခြေချနေထိုင်သော ၎င်း၏ နိုင်ငံသားများရှိနေရုံဖြင့် နိုင်ငံ၏ “ပါဝါအပျော့”ကို တည်ဆောက်ရန် မဖြစ်နိုင်သော်လည်း အဆိုပါနိုင်ငံသားများကသာ နိုင်ငံရပ်ခြားတွင် အောင်မြင်သောသူများ၊ အရည်အချင်းရှိသောသူများ ဖြစ်လာပါက မိခင်နိုင်ငံအတွက် များစွာ အထောက်အကူပြုမည်ဖြစ်သည်ဟု ဆိုပါသည်။ လက်ရှိအချိန်၌ အိန္ဒိယနွယ်ဖွား အမေရိကန် နိုင်ငံသားများ၏ တစ်နှစ်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ရှိပြီး တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသားများ၏ တစ်နှစ်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၉၅,၀၀၀ ကျော်သာ ရှိပါသည်။ အဆိုပါအိန္ဒိယနွယ်ဖွားများ၏ အိန္ဒိယနိုင်ငံသို့ ပြန်လည်ငွေလွှဲပေးပို့မှုသည် အိန္ဒိယနိုင်ငံ GDP ၏ ၃ ရာခိုင်နှုန်းနီးပါးရှိသည့်အပြင် ကမ္ဘာအရပ်ရပ်ရှိ အိန္ဒိယ နွယ်ဖွားများအနေဖြင့် ကမ္ဘာအရပ်ရပ်ရှိ ကုမ္ပဏီအများစုတွင် အကြီးဆုံးရာထူးနေရာများ ရယူထားပြီး အချို့သောနိုင်ငံများ၏ အစိုးရကဏ္ဍများတွင်ပါ ရာထူးကြီးကြီးတာဝန်များ ထမ်းဆောင်နေကြောင်း ဖော်ပြထားပါသည်။
တတိယအချက်၌ ကမ္ဘာအရပ်ရပ်ရှိ အိန္ဒိယနွယ်ဖွားများ၏ အောင်မြင်မှု ပိုမိုရရှိလာခြင်းကို ဖော်ပြထားပါသည်။ လက်ရှိအချိန်၌ နည်းပညာကုမ္ပဏီများဖြစ်သည့် Adobe ၊ Alphabet ၊ IBM နှင့် Microsoft ကုမ္ပဏီတို့၏ အကြီးဆုံးရာထူးနေများ၌ တာဝန်ထမ်းဆောင်နေသူများမှာ အိန္ဒိယနွယ်ဖွားများသာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး စီးပွားရေးကျောင်း ၅ ကျောင်းအနက် ၃ ကျောင်း (Harvard Business School အပါအဝင်)၏ ဌာနမှူးနေရာတွင် အိန္ဒိယနွယ်ဖွားများ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံရေးနယ်ပယ်တွင်လည်း ဗြိတိန်နိုင်ငံ၏ House of Commons တွင် အိန္ဒိယနွယ်ဖွား ၁၉ ဦး(လက်ရှိ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Rishi Sunak အပါအဝင်)၊ ဩစတြေးလျနိုင်ငံပါလီမန်တွင် ၆ ဦး၊ အမေရိကန်နိုင်ငံကွန်ဂရက်တွင် ၅ ဦး အသီးသီး တာဝန်ထမ်းဆောင်လျက်ရှိကြပါသည်။ အိန္ဒိယနိုင်ငံကဲ့သို့ပင် ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိ နေသည့် တရုတ်နွယ်ဖွားများသည်လည်း အောင်မြင်မှုများရှိကြသော်လည်း ဥရောပနှင့် မြောက်အမေရိကတိုက်တွင်မူ အိန္ဒိယနွယ်ဖွားများလောက် အောင်မြင်မှုမရှိကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်၌ အနောက်အုပ်စုနှင့် အိန္ဒိယနိုင်ငံ၏ လက်ရှိဆက်ဆံရေးတွင် အိန္ဒိယဖွယ်ဖွားများ၏ အရေးပါပုံကို ဖော်ပြထားပါသည်။ လက်ရှိအချိန်၌ တရုတ်-အမေရိကန်ဆက်ဆံရေး တင်းမာနေပြီး အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံအပေါ် ရန်သူနိုင်ငံအဖြစ် ပိုမိုရှုမြင်လာသော်လည်း အိန္ဒိယနိုင်ငံသည် လစ်ဘရယ်စံနှုန်းများကို အလေးထားသည့် ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်သည့်အတွက် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံထက် အိန္ဒိယနိုင်ငံကို ပိုမိုနှစ်သက်ပါသည်။ ထို့ပြင် အနောက်အုပ်စုနိုင်ငံ များသို့ ရောက်ရှိနေသည့် အိန္ဒိယနွယ်ဖွားများကြောင့် လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများ၏ ဆက်ဆံရေးသည် ပိုမိုခိုင်မာလျက်ရှိပါသည်။ အဆိုပါ အိန္ဒိယ နွယ်ဖွားများသည် နိုင်ငံ၏ ပြည်ပဆက်ဆံရေးတွင်သာမက ပြည်တွင်းနိုင်ငံရေးအပေါ် တွင်ပါ သက်ရောက်မှုများစွာရှိသောကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်အများစု အနေဖြင့် ၎င်းတို့၏ နိုင်ငံခြားခရီးစဉ်များတွင် သက်ဆိုင်ရာနိုင်ငံများသို့ ရောက်ရှိနေသည့် အိန္ဒိယနွယ်ဖွားများနှင့် တွေ့ဆုံပွဲများ ပုံမှန်ပြုလုပ်၍ အိန္ဒိယနိုင်ငံ၏ နိုင်ငံတကာပုံရိပ် တက်အောင် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
နောက်ဆုံးအချက်၌ လက်ရှိဝန်ကြီးချုပ် Modi နှင့် ၎င်း၏ BJP ပါတီမှ Hindu အမျိုးသားရေးဝါဒကို ပုံဖော်နေမှုသည် နိုင်ငံ၏ ဒီမိုကရေစီပုံရိပ်ကို ထိခိုက်စေသည်ဟု ဆိုပါသည်။ ဥပမာအားဖြင့် Harvard တက္ကသိုလ်၏ ပါမောက္ခ Joseph Nye က အိန္ဒိယနိုင်ငံ၏ အဆိုပါအမျိုးသားရေးဝါဒကို ပုံဖော်နေမှုသည် အိန္ဒိယနိုင်ငံ၏ ပြည်ပဆက်ဆံရေးကဏ္ဍ အပေါ် များစွာထိခိုက်စေသည့်အပြင် နိုင်ငံ၏ပုံရိပ်ကိုပါ ကျဆင်းစေနိုင်ကြောင်း၊ ထိုမှတစ်ဆင့် လာမည့်ရွေးကောက်ပွဲတွင် လူမျိုးရေးတင်းမာမှုများ ပေါ်ပေါက်လာနိုင်ပြီး အိန္ဒိယနိုင်ငံ၏ ပါဝါအပျော့ကဏ္ဍကိုပါ ထိခိုက်လာနိုင်ကြောင်း၊ သို့သော်လည်း ကမ္ဘာ အရပ်ရပ်ရှိ အိန္ဒိယနွယ်ဖွားများကြောင့် အိန္ဒိယနိုင်ငံ၏နိုင်ငံတကာပုံရိပ်ကျဆင်းမှုကို ထိန်းသိမ်းထားနိုင်ကြောင်း၊ လက်ရှိအချိန်၌ အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစံနှုန်းများ ကျဆင်း နေသော်လည်း တရုတ်-အမေရိကန် ဆက်ဆံရေးတင်းမာနေမှုကြောင့် အမေရိကန်နိုင်ငံ ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများအနေဖြင့် အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးကို ပိုမို ခိုင်မာအောင် ဆောင်ရွက်သွားဖွယ်ရှိသည့်အပြင် အနာဂတ်တွင်လည်း ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိနေသည့် အိန္ဒိယနွယ်ဖွားများ၏ အခန်းကဏ္ဍသည်လည်း ပိုမိုကြီးထွားလာဖွယ် ရှိကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင်ဖော်ပြထားချက်များအရ ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိနေသော အိန္ဒိယ နိုင်ငံသားများနှင့် နိုင်ငံသားမဟုတ်သူများအပါအဝင် အိန္ဒိယနွယ်ဖွားများ၊ အထူးသဖြင့် အနောက်အုပ်စုနိုင်ငံများသို့ ရောက်ရှိနေသည့် အိန္ဒိယနွယ်ဖွားများ၏ အောင်မြင်မှု၊ ထူးချွန်ထက်မြက်မှုတို့သည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်း/ပြည်ပနိုင်ငံရေးကဏ္ဍများ အထိပါ လွှမ်းမိုး သက်ရောက်မှုရှိပြီး ၎င်းတို့၏ အခန်းကဏ္ဍပိုမိုကြီးမားလှသည်ကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတစ်ခုမှ အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများ၏ ခံယူချက်နှင့် အတွေးအခေါ်ကို တည့်မတ်ပေးနိုင်ပါက၊ ထိုသူများ၏ ကြိုးစားအားထုတ်မှုနှင့် ပင်ကိုယ်အရည်အချင်းမြင့်မားပါက မိခင်နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းကြောင်း ဖော်ထုတ်ရရှိပါသည်။
အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း အိန္ဒိယ နွယ်ဖွားများ အခြေချနေထိုင်မှုများရှိနေပြီး မြန်မာနိုင်ငံအတွင်း ၎င်းတို့အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးတို့တွင် ပါဝင်ပတ်သက်မှုများ ရှိသော်လည်း အခြားကမ္ဘာ့နိုင်ငံများမှာကဲ့သို့ ထဲထဲဝင်ဝင်မဟုတ်ဘဲ စီးပွားရေးကဏ္ဍ၌ သီးသန့်အုပ်စုဖွဲ့ဆောင်ရွက်သည့် အလေ့အထရှိသည်ဟု ယူဆနိုင်ပါသည်။ မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို အခြားနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်လာသော ဌာနေတိုင်းရင်းသားမဟုတ်သူများ၏ ခံယူချက်၊ ယုံကြည်ချက်၊ နိုင်ငံသားစိတ်ဓာတ်တို့ကို တည့်မတ်ပေးနိုင်ရန် လိုအပ်သည့် စည်းမျဉ်းဥပဒေများဖြင့် ထိန်းကျောင်းနိုင်ရန်မှာ သက်ဆိုင်ရာနိုင်ငံအစိုးရများ၏ တာဝန်သာဖြစ်ပါသည်။
အိန္ဒိယနှင့် တရုတ် ရွှေ့ပြောင်းနေထိုင်သူများကဲ့သို့ပင် အခြားနိုင်ငံကြီးများသို့ ရွှေ့ပြောင်းနေထိုင်နေသည့် မြန်မာနိုင်ငံသားများ များစွာရှိနေပြီး ထိုသူတို့၏ အင်အားသည် မြန်မာနိုင်ငံတည်ဆောက်ရေးတွင် အဖျက်အားဖြစ်နေသလော တွန်းအားဖြစ်နေသလောဆိုသည်အချက်မှာလည်း တွေးဆဆင်ခြင်ဖွယ်ရာကိစ္စတစ်ခုဖြစ်ပါသည်။ မည်သို့ဆိုစေကာမူ အခြားနိုင်ငံများတွင် အခြေချနေထိုင်သော မြန်မာနွယ်ဖွားများ၊ ပညာတတ်များ၏ အားကို မှန်ကန်သည့်နည်းလမ်းဖြင့် ရယူနိုင်ရန် ကျယ်ပြန့်စွာတွေးခေါ်နိုင်မည်ဆိုပါက အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် အထောက်အပံ့ကောင်းဖြစ်စေနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
70072523

Sunday, July 23, 2023

အနောက်အုပ်စုနိုင်ငံများ၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာတွင် ဗဟိုအာရှ၏ ကုန်းမြေရှုထောင့်ဘက်သို့ အားဖြည့်လာမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ဩဇာ လွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းလျက်ရှိသည့် အမေရိကန်နိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ၊ ၎င်းမဟာဗျူဟာ၏ လိုအပ်ချက်များ၊ ဗဟိုအာရှဒေသ၏ အရေးပါမှု များနှင့် တရုတ်နှင့် ရုရှားနိုင်ငံတို့အား ထိန်းချုပ်ရန်အတွက် ဗဟိုအာရှဒေသတွင် ဖော်ဆောင် နေသောနည်းလမ်းများအား သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
တရုတ်နိုင်ငံသည် Global Superpower လမ်းစဉ်ကို ဆက်လက်လုပ်ဆောင် ချိန်တွင် နိုင်ငံ၏ ဩဇာအာဏာကို အခိုင်အမာဖော်ပြရန် ပိုမိုခိုင်မာသည့် အစီအမံများ လုပ်ဆောင်လျက်ရှိပါသည်။ ၎င်းအစီအမံများတွင် အရှေ့နှင့် တောင်တရုတ်ပင်လယ် အတွင်း ပိုက်နက်အငြင်းပွားမှုများ၊ ထိုင်ဝမ်ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများနှင့် ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI)နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်(Global Development Initiative -GDI)တို့ ပါဝင်ပါသည်။ အဆိုပါ အစီအမံများနှင့်ပတ်သက်၍ ဒီမိုကရေစီနိုင်ငံများသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုများ ပိုမိုတည်ဆောက်ရန် ကြိုးပမ်းနေမှုနှင့် လက်ရှိကမ္ဘာ့စနစ်အား အာဏာရှင် စနစ်ဖြင့် ပြောင်းလဲသွားရန် ကြိုးပမ်းနေမှုများကို စိုးရိမ်ပူပန်လျက်ရှိကြပါသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ လုပ်ရပ်များသည် ရုရှားနိုင်ငံကဲ့သို့ အာဏာရှင်နိုင်ငံများကို ပိုမိုအားကောင်းစေပြီး ဒီမိုကရေစီနိုင်ငံများ၏ လွှမ်းမိုးမှုကို စိန်ခေါ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် G-7 နှင့် အခြား ဒီမိုကရေစီထိပ်တန်းနိုင်ငံများသည် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်ပြီး ၎င်းတို့၏ အခွင့်အာဏာကို ပြန်လည်အားကောင်း စေရန်အတွက် "အင်ဒို-ပစိဖိတ်မဟာဗျူဟာ" ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ထို့ပြင် EU ၏ Indo-Pacific သဘောတူညီမှု၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျ နိုင်ငံတို့ ပါဝင်သော QUAD မဟာမိတ်နှင့် တရုတ်နိုင်ငံ၏ Belt and Road Initiative ကို တန်ပြန်ရန်အတွက် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့ ဦးဆောင်သော Blue Dot Network တို့ကိုလည်း အလေးထားလုပ်ဆောင်ခဲ့ကြပါသည်။ ဒီမိုကရက်တစ် နိုင်ငံများအနေဖြင့် အင်ဒို-ပစိဖိတ်မဟာဗျူဟာတွင် ရေကြောင်းကိစ္စရပ်များကိုသာ အဓိကထား လုပ်ဆောင်လျက်ရှိပြီး ဒေသအတွင်း ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများနှင့် ရေကြောင်း လုံခြုံမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံ၏ ကုန်းတွင်းရှုထောင့် မဟာဗျူဟာအပေါ် တန်ပြန်ဆောင်ရွက်ရန် လစ်ဟာလျက်ရှိကြောင်း ဖော်ပြထားပါသည်။
ဒီမိုကရေစီနိုင်ငံများသည် ဗဟိုအာရှဒေသနှင့် ဆက်ဆံရေးခိုင်မာစေရန် EU- ဗဟိုအာရှမဟာဗျူဟာ၊ ဂျပန်အပေါင်းဗဟိုအာရှနိုင်ငံရေးဆွေးနွေးမှုများနှင့် အမေရိကန် နိုင်ငံ၏ C5+1 အစရှိသည့် အစီအမံများဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း ယခု အချိန်အထိ အောင်မြင်မှုမရှိသေးပါ။ ထိုအစီအစဉ်များသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ မြှင့်တင်သည့် အစီအစဉ်များဖြစ်သော်လည်း အင်ဒို-ပစိဖိတ် ဒေသရှိ ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် နှိုင်းယှဉ်ပါက အကန့်အသတ်ရှိနေပါသေးသည်။ ထို့ပြင် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ဗဟိုအာရှဒေသတွင်းရှိ Eurasian Economic Union ၊ Belt and Road Initiative နှင့် Shanghai Cooperation Organization အစီအစဉ်များသည် ၎င်းတို့ထက် ပိုမိုလွှမ်းမိုးနိုင်ကြောင်း ဖော်ပြထားပါသည်။
ဗဟိုအာရှဒေသသည် စီးပွားရေးအရ မဟာဗျူဟာကျကျ အရေးပါသည့် ဒေသတစ်ခုဖြစ်ပါသည်။ လမ်းဆုံလမ်းခွအဖြစ်တည်ရှိနေသည့် ဗဟိုအာရှ၏ မဗျူဟာမြောက် တည်နေရာသည် ကမ္ဘာ့ကုန်သွယ်မှုကို ပြောင်းလဲစေနိုင်ပြီး ၎င်း၏ပေါများသော တွင်းထွက် သယံဇာတများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကြောင့် အရေးပါလာရခြင်းဖြစ်ပါသည်။ အထူးသဖြင့် တာ့ခ်မင်နစ္စတန်-အာဖဂန်-ပါကစ္စတန်-အိန္ဒိယ(TAPI) ပိုက်လိုင်းစီမံကိန်း အပါအဝင် တောင်အာရှနှင့် ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုလိုအပ်နေပါသည်။ ဗဟိုအာရှနှင့် တောင်အာရှအကြား နက်ရှိုင်းစွာ ပေါင်းစည်းမှုသည် စီးပွားရေးအခွင့်အလမ်းများကို ပေးစွမ်းနိုင်ပြီး ရေကြောင်းအခြေပြုနိုင်ငံတကာကုန်သွယ်မှု လမ်းကြောင်းမှတစ်ဆင့် ဒေသနှစ်ခုလုံးအတွက် အရေးကြီးပြီး အရှေ့ အလယ်ပိုင်းရှိ တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ကြီးစိုးမှုကို လျှော့ချနိုင်မည်ဖြစ်သည့်အပြင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကဲ့သို့ တောင်အာရှနိုင်ငံများအနေဖြင့် အရှေ့တောင်အာရှ၊ အနောက်အာရှနှင့် ဥရောပတို့အထိ ဈေးကွက်စီးပွားရေး ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်သူပုန်များ သိမ်းပိုက်ခြင်းနှင့် ရုရှား-ယူကရိန်းပဋိပက္ခများသည် အနောက်အုပ်စုဒီမိုကရေစီနိုင်ငံများ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ၌ ကုန်းမြေရှုထောင့်ကို ထည့်သွင်းစဉ်းစားစေသည့် အချက်ဖြစ်လာ ခဲ့ပါသည်။ လက်ရှိတွင် ဗဟိုအာရှဒေသတွင်း အစိုးရများသည် ဒုက္ခသည်များစီးဆင်းမှု၊ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဒေသတွင်းစီမံကိန်းများကို ကာကွယ်ရန်ကြိုးပမ်းလာခဲ့ကြပါသည်။ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို ရှောင်ရှားရန်နှင့် ရုရှား နိုင်ငံမှ နောက်ထပ်ကျူးကျော်မှုကို စိုးရိမ်ကြသဖြင့် မိတ်ဖက်များတိုးချဲ့ရန် လုပ်ဆောင် လာခဲ့ကြပါသည်။ ရုရှား-ယူကရိန်းပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် မလုံခြုံမှုဖြစ်ပေါ်ခဲ့ရာ အစားထိုးစွမ်းအင်လမ်းကြောင်းများ မရှိမဖြစ် လိုအပ်လာခဲ့ပြီး ဗဟိုအာရှ၊ တူကီယဲနှင့် ကော့ကေးဆပ်နိုင်ငံတို့ပါဝင်သော ကက်စ်ပီယံအခြေစိုက် စွမ်းအင်ပို့ဆောင်ရေး လမ်းကြောင်းများသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လိုအပ်ချက် များကို ဖြည့်ဆည်းရာတွင် အရေးပါလာခဲ့ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် Trans-Caspian International Transport Route ကဲ့သို့ ဗဟိုအာရှ၏ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကွန်ရက်များသည် ရုရှားနှင့် တရုတ်နိုင်ငံတို့ကို ကျော်လွန်၍ ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေနိုင်ပါသည်။ ဗဟိုအာရှဒေသသည် Eurasia ဒေသနှင့် အခြားနိုင်ငံများရှိ လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများအတွက် အာမခံချက်တစ်ခုဖြစ်လာနေပါသည်။ ထို့ကြောင့် ဒီမိုကရက်တစ်နိုင်ငံများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသနှင့် ဆက်ဆံကောင်းမွန်စေရန် ပိုမိုအလေးထားလုပ်ဆောင်သင့်ပြီး လက်ရှိရေကြောင်းဆိုင်ရာကိစ္စရပ်များအပေါ် အာရုံမှုကို ချိန်ညှိကာ ဒေသတွင်းကုန်းကြောင်းနှင့် ပင်လယ်ရေကြောင်း ဆက်သွယ်မှုအပေါ် အာရုံစိုက်ခြင်းဖြင့် ချိန်ညှိသင့်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ရည်မှန်းချက်များ အောင်မြင်ရန်နှင့် အနောက်အုပ်စုနိုင်ငံများအနေဖြင့် ဗဟိုအာရှနိုင်ငံများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း အကြံပြုထားပါသည်။
ထိုသို့ ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းသည် ကောင်းမွန်သည့် အကျိုးကျေးဇူးကို ရရှိနိုင်ပြီး ကုန်သွယ်မှုကွန်ရက် တိုးချဲ့မှုသည် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ဗဟိုအာရှဒေသတွင်း မဟာမိတ်များအင်အားတောင့်တင်း လာခြင်းဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ဒေသတွင်း ဩဇာလွှမ်းမျိုးမှုကို လျှော့ချ နိုင်ပြီး ယူကရိန်းနှင့် ထိုင်ဝမ်တို့အပြင် နယ်မြေချဲ့ထွင်လာနိုင်သည့် ပိုင်နက်ဆိုင်ရာ စိုးရိမ်မှုများကို ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခုဖြစ်လာနိုင်သည်ဟု ဆိုသည်။ အာရှအလယ်ပိုင်း ဒေသတွင်း ကုန်းမြေဆက်နွှယ်မှုသည် အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ခိုင်မာစေပြီး အရေးပါသော Euraisa ဒေသရှိ စံနှုန်းကို အခြေခံသည့် သံတမန်ရေးနည်းလမ်းကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အနောက်အုပ်စုဒီမိုကရေစီထိပ်တန်းနိုင်ငံများ ကျင့်သုံးနေသည့် အင်ဒို-ပစိဖိတ်မဟာဗျူဟာ၏ လိုအပ်ချက်များကို ဖြည့်စွက်အကြံပြုရေးသားပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အား ထိန်းချုပ်ရန်အတွက် လိုအပ်သည့် ကုန်းတွင်းမဟာဗျူဟာ နည်းလမ်းများနှင့် ဗဟိုအာရှဒေသ၏ အရေးပါပုံတို့ကို မီးမောင်းထိုးပြထားပါသည်။ ဒီမိုကရေစီဦးဆောင်နိုင်ငံဟု ခံယူထားသည့် အမေရိကန်နိုင်ငံသည် ယခင်က အရှေ့အလယ်ပိုင်းပြဿနာအများစုတွင်သာ အလေးထားလုပ်ဆောင်လျက် ရှိရာမှ အင်ဒို-ပစိဖိတ်ဒေသတွင်း စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအရ လွှမ်းမိုးလာသည့် တရုတ်နိုင်ငံကို တန်ပြန်ရန်အတွက် ၂၀၁၂ ခုနှစ်တွင် Back to Asia မူဝါဒဖြင့် ပြန်လည်လုပ်ဆောင်လာခဲ့ပါသည်။ အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာ့ရေကြောင်းကဏ္ဍတွင် အရေးပါသည့် ဒေသ တစ်ခုဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေး၊ လုံခြုံရေးအစရှိသည့် အရေးပါသောကဏ္ဍများ ပါဝင်လျက်ရှိပါသည်။
ထိုသို့ အရေးပါသည့် ရေကြောင်းကဏ္ဍများကို အမေရိကန်နိုင်ငံမှ အာရုံစိုက်လုပ်ဆောင်နေချိန်တွင် တစ်ဖက်၌ ကုန်းတွင်း ရှုထောင့်မဟာဗျူဟာအပေါ် လစ်ဟာမှုရှိလာခဲ့ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံ အနေဖြင့်ပြည်တွင်းရေးပဋိပက္ခကြောင့် မူဝါဒများပြောင်းလဲလာခဲ့ရပြီး ဗဟိုအာရှကို ဝန်းရံထားနိုင်သော ၎င်း၏မဟာမိတ် ဆော်ဒီအာရေဗျ၊ ပါကစ္စတန်၊ တူကီယဲစသည့် နိုင်ငံ တို့နှင့် ဆက်ဆံရေးတင်းမာမှုများသည် ဗဟိုအာရှကို ထိန်းချုပ်ရာတွင် ဩဇာကျဆင်းလာခဲ့ရသည်ဟု ဆိုနိုင်ပါသည်။
ထို့ပြင် ဗဟိုအာရှနိုင်ငံများဖြစ်သည့် ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့အနက် ၄ နိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိခြင်းကြောင့် ထိုဒေသများတွင် ပြည်တွင်းရေးမတည်ငြိမ်မှုများ၊ နိုင်ငံရေးလှုပ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး တရုတ်နိုင်ငံနှင့် ကုန်းတွင်း နယ်နိမိတ်ထိစပ်နေသော မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ကုန်းတွင်းရှုထောင့်မဟာဗျူဟာအရွေ့ကို မျက်ခြေမပြတ်ခြင်းသည် အကျိုးမယုတ်နိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

69072423