နိဒါန်း
ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ဩဇာ လွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းလျက်ရှိသည့် အမေရိကန်နိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ၊ ၎င်းမဟာဗျူဟာ၏ လိုအပ်ချက်များ၊ ဗဟိုအာရှဒေသ၏ အရေးပါမှု များနှင့် တရုတ်နှင့် ရုရှားနိုင်ငံတို့အား ထိန်းချုပ်ရန်အတွက် ဗဟိုအာရှဒေသတွင် ဖော်ဆောင် နေသောနည်းလမ်းများအား သုံးသပ်ဖော်ပြသွားပါမည်။
ဖော်ပြချက်
တရုတ်နိုင်ငံသည် Global Superpower လမ်းစဉ်ကို ဆက်လက်လုပ်ဆောင် ချိန်တွင် နိုင်ငံ၏ ဩဇာအာဏာကို အခိုင်အမာဖော်ပြရန် ပိုမိုခိုင်မာသည့် အစီအမံများ လုပ်ဆောင်လျက်ရှိပါသည်။ ၎င်းအစီအမံများတွင် အရှေ့နှင့် တောင်တရုတ်ပင်လယ် အတွင်း ပိုက်နက်အငြင်းပွားမှုများ၊ ထိုင်ဝမ်ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများနှင့် ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI)နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်(Global Development Initiative -GDI)တို့ ပါဝင်ပါသည်။ အဆိုပါ အစီအမံများနှင့်ပတ်သက်၍ ဒီမိုကရေစီနိုင်ငံများသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုများ ပိုမိုတည်ဆောက်ရန် ကြိုးပမ်းနေမှုနှင့် လက်ရှိကမ္ဘာ့စနစ်အား အာဏာရှင် စနစ်ဖြင့် ပြောင်းလဲသွားရန် ကြိုးပမ်းနေမှုများကို စိုးရိမ်ပူပန်လျက်ရှိကြပါသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ လုပ်ရပ်များသည် ရုရှားနိုင်ငံကဲ့သို့ အာဏာရှင်နိုင်ငံများကို ပိုမိုအားကောင်းစေပြီး ဒီမိုကရေစီနိုင်ငံများ၏ လွှမ်းမိုးမှုကို စိန်ခေါ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် G-7 နှင့် အခြား ဒီမိုကရေစီထိပ်တန်းနိုင်ငံများသည် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်ပြီး ၎င်းတို့၏ အခွင့်အာဏာကို ပြန်လည်အားကောင်း စေရန်အတွက် "အင်ဒို-ပစိဖိတ်မဟာဗျူဟာ" ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ထို့ပြင် EU ၏ Indo-Pacific သဘောတူညီမှု၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျ နိုင်ငံတို့ ပါဝင်သော QUAD မဟာမိတ်နှင့် တရုတ်နိုင်ငံ၏ Belt and Road Initiative ကို တန်ပြန်ရန်အတွက် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့ ဦးဆောင်သော Blue Dot Network တို့ကိုလည်း အလေးထားလုပ်ဆောင်ခဲ့ကြပါသည်။ ဒီမိုကရက်တစ် နိုင်ငံများအနေဖြင့် အင်ဒို-ပစိဖိတ်မဟာဗျူဟာတွင် ရေကြောင်းကိစ္စရပ်များကိုသာ အဓိကထား လုပ်ဆောင်လျက်ရှိပြီး ဒေသအတွင်း ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများနှင့် ရေကြောင်း လုံခြုံမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံ၏ ကုန်းတွင်းရှုထောင့် မဟာဗျူဟာအပေါ် တန်ပြန်ဆောင်ရွက်ရန် လစ်ဟာလျက်ရှိကြောင်း ဖော်ပြထားပါသည်။
ဒီမိုကရေစီနိုင်ငံများသည် ဗဟိုအာရှဒေသနှင့် ဆက်ဆံရေးခိုင်မာစေရန် EU- ဗဟိုအာရှမဟာဗျူဟာ၊ ဂျပန်အပေါင်းဗဟိုအာရှနိုင်ငံရေးဆွေးနွေးမှုများနှင့် အမေရိကန် နိုင်ငံ၏ C5+1 အစရှိသည့် အစီအမံများဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း ယခု အချိန်အထိ အောင်မြင်မှုမရှိသေးပါ။ ထိုအစီအစဉ်များသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ မြှင့်တင်သည့် အစီအစဉ်များဖြစ်သော်လည်း အင်ဒို-ပစိဖိတ် ဒေသရှိ ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် နှိုင်းယှဉ်ပါက အကန့်အသတ်ရှိနေပါသေးသည်။ ထို့ပြင် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ဗဟိုအာရှဒေသတွင်းရှိ Eurasian Economic Union ၊ Belt and Road Initiative နှင့် Shanghai Cooperation Organization အစီအစဉ်များသည် ၎င်းတို့ထက် ပိုမိုလွှမ်းမိုးနိုင်ကြောင်း ဖော်ပြထားပါသည်။
ဗဟိုအာရှဒေသသည် စီးပွားရေးအရ မဟာဗျူဟာကျကျ အရေးပါသည့် ဒေသတစ်ခုဖြစ်ပါသည်။ လမ်းဆုံလမ်းခွအဖြစ်တည်ရှိနေသည့် ဗဟိုအာရှ၏ မဗျူဟာမြောက် တည်နေရာသည် ကမ္ဘာ့ကုန်သွယ်မှုကို ပြောင်းလဲစေနိုင်ပြီး ၎င်း၏ပေါများသော တွင်းထွက် သယံဇာတများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကြောင့် အရေးပါလာရခြင်းဖြစ်ပါသည်။ အထူးသဖြင့် တာ့ခ်မင်နစ္စတန်-အာဖဂန်-ပါကစ္စတန်-အိန္ဒိယ(TAPI) ပိုက်လိုင်းစီမံကိန်း အပါအဝင် တောင်အာရှနှင့် ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုလိုအပ်နေပါသည်။ ဗဟိုအာရှနှင့် တောင်အာရှအကြား နက်ရှိုင်းစွာ ပေါင်းစည်းမှုသည် စီးပွားရေးအခွင့်အလမ်းများကို ပေးစွမ်းနိုင်ပြီး ရေကြောင်းအခြေပြုနိုင်ငံတကာကုန်သွယ်မှု လမ်းကြောင်းမှတစ်ဆင့် ဒေသနှစ်ခုလုံးအတွက် အရေးကြီးပြီး အရှေ့ အလယ်ပိုင်းရှိ တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ကြီးစိုးမှုကို လျှော့ချနိုင်မည်ဖြစ်သည့်အပြင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကဲ့သို့ တောင်အာရှနိုင်ငံများအနေဖြင့် အရှေ့တောင်အာရှ၊ အနောက်အာရှနှင့် ဥရောပတို့အထိ ဈေးကွက်စီးပွားရေး ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်သူပုန်များ သိမ်းပိုက်ခြင်းနှင့် ရုရှား-ယူကရိန်းပဋိပက္ခများသည် အနောက်အုပ်စုဒီမိုကရေစီနိုင်ငံများ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ၌ ကုန်းမြေရှုထောင့်ကို ထည့်သွင်းစဉ်းစားစေသည့် အချက်ဖြစ်လာ ခဲ့ပါသည်။ လက်ရှိတွင် ဗဟိုအာရှဒေသတွင်း အစိုးရများသည် ဒုက္ခသည်များစီးဆင်းမှု၊ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဒေသတွင်းစီမံကိန်းများကို ကာကွယ်ရန်ကြိုးပမ်းလာခဲ့ကြပါသည်။ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို ရှောင်ရှားရန်နှင့် ရုရှား နိုင်ငံမှ နောက်ထပ်ကျူးကျော်မှုကို စိုးရိမ်ကြသဖြင့် မိတ်ဖက်များတိုးချဲ့ရန် လုပ်ဆောင် လာခဲ့ကြပါသည်။ ရုရှား-ယူကရိန်းပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် မလုံခြုံမှုဖြစ်ပေါ်ခဲ့ရာ အစားထိုးစွမ်းအင်လမ်းကြောင်းများ မရှိမဖြစ် လိုအပ်လာခဲ့ပြီး ဗဟိုအာရှ၊ တူကီယဲနှင့် ကော့ကေးဆပ်နိုင်ငံတို့ပါဝင်သော ကက်စ်ပီယံအခြေစိုက် စွမ်းအင်ပို့ဆောင်ရေး လမ်းကြောင်းများသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လိုအပ်ချက် များကို ဖြည့်ဆည်းရာတွင် အရေးပါလာခဲ့ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် Trans-Caspian International Transport Route ကဲ့သို့ ဗဟိုအာရှ၏ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကွန်ရက်များသည် ရုရှားနှင့် တရုတ်နိုင်ငံတို့ကို ကျော်လွန်၍ ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေနိုင်ပါသည်။ ဗဟိုအာရှဒေသသည် Eurasia ဒေသနှင့် အခြားနိုင်ငံများရှိ လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများအတွက် အာမခံချက်တစ်ခုဖြစ်လာနေပါသည်။ ထို့ကြောင့် ဒီမိုကရက်တစ်နိုင်ငံများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသနှင့် ဆက်ဆံကောင်းမွန်စေရန် ပိုမိုအလေးထားလုပ်ဆောင်သင့်ပြီး လက်ရှိရေကြောင်းဆိုင်ရာကိစ္စရပ်များအပေါ် အာရုံမှုကို ချိန်ညှိကာ ဒေသတွင်းကုန်းကြောင်းနှင့် ပင်လယ်ရေကြောင်း ဆက်သွယ်မှုအပေါ် အာရုံစိုက်ခြင်းဖြင့် ချိန်ညှိသင့်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ရည်မှန်းချက်များ အောင်မြင်ရန်နှင့် အနောက်အုပ်စုနိုင်ငံများအနေဖြင့် ဗဟိုအာရှနိုင်ငံများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း အကြံပြုထားပါသည်။
ထိုသို့ ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းသည် ကောင်းမွန်သည့် အကျိုးကျေးဇူးကို ရရှိနိုင်ပြီး ကုန်သွယ်မှုကွန်ရက် တိုးချဲ့မှုသည် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ဗဟိုအာရှဒေသတွင်း မဟာမိတ်များအင်အားတောင့်တင်း လာခြင်းဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ဒေသတွင်း ဩဇာလွှမ်းမျိုးမှုကို လျှော့ချ နိုင်ပြီး ယူကရိန်းနှင့် ထိုင်ဝမ်တို့အပြင် နယ်မြေချဲ့ထွင်လာနိုင်သည့် ပိုင်နက်ဆိုင်ရာ စိုးရိမ်မှုများကို ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခုဖြစ်လာနိုင်သည်ဟု ဆိုသည်။ အာရှအလယ်ပိုင်း ဒေသတွင်း ကုန်းမြေဆက်နွှယ်မှုသည် အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ခိုင်မာစေပြီး အရေးပါသော Euraisa ဒေသရှိ စံနှုန်းကို အခြေခံသည့် သံတမန်ရေးနည်းလမ်းကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အနောက်အုပ်စုဒီမိုကရေစီထိပ်တန်းနိုင်ငံများ ကျင့်သုံးနေသည့် အင်ဒို-ပစိဖိတ်မဟာဗျူဟာ၏ လိုအပ်ချက်များကို ဖြည့်စွက်အကြံပြုရေးသားပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အား ထိန်းချုပ်ရန်အတွက် လိုအပ်သည့် ကုန်းတွင်းမဟာဗျူဟာ နည်းလမ်းများနှင့် ဗဟိုအာရှဒေသ၏ အရေးပါပုံတို့ကို မီးမောင်းထိုးပြထားပါသည်။ ဒီမိုကရေစီဦးဆောင်နိုင်ငံဟု ခံယူထားသည့် အမေရိကန်နိုင်ငံသည် ယခင်က အရှေ့အလယ်ပိုင်းပြဿနာအများစုတွင်သာ အလေးထားလုပ်ဆောင်လျက် ရှိရာမှ အင်ဒို-ပစိဖိတ်ဒေသတွင်း စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအရ လွှမ်းမိုးလာသည့် တရုတ်နိုင်ငံကို တန်ပြန်ရန်အတွက် ၂၀၁၂ ခုနှစ်တွင် Back to Asia မူဝါဒဖြင့် ပြန်လည်လုပ်ဆောင်လာခဲ့ပါသည်။ အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာ့ရေကြောင်းကဏ္ဍတွင် အရေးပါသည့် ဒေသ တစ်ခုဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေး၊ လုံခြုံရေးအစရှိသည့် အရေးပါသောကဏ္ဍများ ပါဝင်လျက်ရှိပါသည်။
ထိုသို့ အရေးပါသည့် ရေကြောင်းကဏ္ဍများကို အမေရိကန်နိုင်ငံမှ အာရုံစိုက်လုပ်ဆောင်နေချိန်တွင် တစ်ဖက်၌ ကုန်းတွင်း ရှုထောင့်မဟာဗျူဟာအပေါ် လစ်ဟာမှုရှိလာခဲ့ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံ အနေဖြင့်ပြည်တွင်းရေးပဋိပက္ခကြောင့် မူဝါဒများပြောင်းလဲလာခဲ့ရပြီး ဗဟိုအာရှကို ဝန်းရံထားနိုင်သော ၎င်း၏မဟာမိတ် ဆော်ဒီအာရေဗျ၊ ပါကစ္စတန်၊ တူကီယဲစသည့် နိုင်ငံ တို့နှင့် ဆက်ဆံရေးတင်းမာမှုများသည် ဗဟိုအာရှကို ထိန်းချုပ်ရာတွင် ဩဇာကျဆင်းလာခဲ့ရသည်ဟု ဆိုနိုင်ပါသည်။
ထို့ပြင် ဗဟိုအာရှနိုင်ငံများဖြစ်သည့် ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့အနက် ၄ နိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိခြင်းကြောင့် ထိုဒေသများတွင် ပြည်တွင်းရေးမတည်ငြိမ်မှုများ၊ နိုင်ငံရေးလှုပ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး တရုတ်နိုင်ငံနှင့် ကုန်းတွင်း နယ်နိမိတ်ထိစပ်နေသော မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ကုန်းတွင်းရှုထောင့်မဟာဗျူဟာအရွေ့ကို မျက်ခြေမပြတ်ခြင်းသည် အကျိုးမယုတ်နိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
69072423
No comments:
Post a Comment
Note: Only a member of this blog may post a comment.