နိဒါန်း
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပခဲ့သည့် အာဆီယံဒေသတွင်းဖိုရမ်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များတွင် ဒေသတွင်းနိုင်ငံများနှင့်ဆက်နွှယ်နေသည့် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြခြင်းအပေါ် အဓိကအချက် ၅ ချက်အား သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
ပထမအချက်ဖြစ်သည့် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော မတူ ကွဲပြားသည့်ပဋိပက္ခများဟူသော ခေါင်းစဉ်အောက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံရန် မြန်မာ့တပ်မတော် အကြီးအကဲများက ခွင့်ပြုခဲ့ခြင်းသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်း အဝေးအတွင်း အများအာရုံစိုက်စရာကိစ္စရပ်ဖြစ်ခဲ့ပါသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်သည် ထိုင်းနိုင်ငံ၏ မြန်မာ့အရေးနှင့်ပတ်သက်သည့် သံတမန်ရေး ဆိုင်ရာ ဦးစီးဆောင်ရွက်နေမှုများ၏သာဓကဖြစ်ပြီး အာဆီယံအဖွဲ့က လုပ်ဆောင်နေသည့် မြန်မာ့အရေး ဖြေရှင်းမှုနည်းလမ်းများဖြင့် ဆန့်ကျင်လျက်ရှိသည်ဟုဆိုသည်။ ထို့ပြင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ရန် နှောင့်နှေးခဲ့ခြင်းက အချို့သောအဖွဲ့ဝင်များအကြားတွင် သဘောထား ကွဲလွဲမှုများရှိနေသည်ကို ပြသနေခြင်းဖြစ်ပါသည်။ သို့သော်လည်း အာဆီယံဒေသတွင်း နိုင်ငံများက အပြုသဘောဆောင်သည့် တိုးတက်မှုဟု ရှုမြင်ထားသည့် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ၎င်းတို့နိုင်ငံ၏ လတ်တလောလုပ်ဆောင်နေမှုများကို ထိုင်းနိုင်ငံက တင်ပြပြီးနောက်တွင် ဒေသတွင်းထိပ်တန်းသံတမန်များက ၎င်းတို့အနေဖြင့် အာဆီယံ စည်းလုံးညီညွတ်ရေးကိုသာ ထပ်လောင်းအတည်ပြု “Reaffirmed ASEAN Unity” ခဲ့ပါသည်။ ထို့ပြင် စက်တင်ဘာလတွင် ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးညီလာခံမတိုင်မီတွင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်သည့် အာဆီယံတူညီဆန္ဒ ၅ ရပ်အကောင်အထည်ဖော်နေမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးများက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်အနေဖြင့် ရုရှားနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံအဖွဲ့၏ ရပ်တည်ချက်များကို ဂရုတစိုက်ဆောင်ရွက်သင့်သည်ဟူသည့် ခေါင်းစဉ်အောက်တွင် အာဆီယံအဖွဲ့အနေဖြင့် လာမည့်စက်တင်ဘာလတွင် ပြုလုပ်မည့် ထိပ်သီးညီလာခံ၌ စားရေရိက္ခာဖူလုံရေးအတွက် အစပြုဖော်ဆောင်နေကြောင်းကို ကြေညာနိုင်ရန်အတွက်ရုရှားနိုင်ငံ၏ အထောက်အပံ့များရရှိရန် ကြိုးပမ်းနေပါသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နိုင်ငံအများစုသည် ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် အပြုအမူ များကို ရှုတ်ချနေသော်လည်း ရုရှားနိုင်ငံနှင့် ၎င်းတို့၏ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပါသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ရုရှားနိုင်ငံတို့၏ စားရေရိက္ခာနှင့် စွမ်းအင်ဖူလုံရေးဆိုင်ရာ ဆွေးနွေးခြင်းများက ယူကရိန်းအရေးကြောင့် အရှေ့တောင်အာရှနိုင်ငံများ ရင်ဆိုင်နေရသည့် ဖိအားများကို အဓိကစီးပွားရေး အကျိုးအမြတ်များ မထိခိုက်စေဘဲ ထိန်းညှိဆောင်ရွက်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ သို့သော် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများတင်ပို့နေသည့် Black Sea Grain အစီအစဉ်ကို ရပ်တန့်ရန် ခြိမ်းခြောက်နေသည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အာဆီယံကို အသိပေးပြောကြားခဲ့ပါသည်။ အကယ်၍ ရုရှားနိုင်ငံအနေဖြင့် အဆိုပါခြိမ်းခြောက်မှုအတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ပါက အာဆီယံဒေသတွင်းအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုအပါအဝင် စားရေရိက္ခာရှားပါးမှု နောက်ဆက်တွဲအကျိုးဆက်များကို ဆက်လက် ခံစားရမည်ဖြစ်သည်ဟုဆိုသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က အာဆီယံ ဒေသတွင်းနိုင်ငံများအနေဖြင့် ဒေါ်လာအသုံးပြုခြင်းအစား ဒေသတွင်းငွေကြေးများကို အသုံးပြုရန် တိုက်တွန်းခဲ့ပြီး ဆက်လက်၍ Lavrov ၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နှင့် တရုတ်နိုင်ငံထိပ်တန်းသံတမန် Wang Yi တို့ ၃ ဦးအနေဖြင့် အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ယခုနှစ်အကုန်ပိုင်းတွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ အကြီးအကဲများ တွေ့ဆုံမှုပြုလုပ်ရန် စီစဉ်ထားမှုကို တရုတ်နိုင်ငံဘက်မှ ပြောကြား ထားကြောင်း ဖော်ပြထားပါသည်။
တတိယအချက်အနေဖြင့် တောင်တရုတ်ပင်လယ်၏ ရေပိုင်နက် တောင်းခံခြင်းနှင့် ပတ်သက်သည့် ခေါင်းစဉ်အောက်တွင် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်သည့်တင်းမာမှုများကို လျှော့ချနိုင်ရန်အတွက် Code of Conduct ဖြင့် စေ့စပ်ညှိနှိုင်းမှု အစီအစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် အာဆီယံနှင့် တရုတ်နိုင်ငံတို့က သဘောတူညီထားကြပါသည်။ အဆိုပါအစီအစဉ်များကို အာဆီယံနိုင်ငံခြားရေးဝန်ကြီး များနှင့် Wang Yi ၏ တွေ့ဆုံမှုအတွင်းတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ထိုအစီအစဉ်များကြောင့် ယခုနှစ်သည် တရုတ်-အာဆီယံ ဆက်ဆံရေးအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖော်ဆောင်နိုင်သည်ဟု ဆိုနိုင်ကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်အနေဖြင့် အမေရိကန်-တရုတ် မိတ်ဖက်ဆက်ဆံရေးသည် အပြုသဘောဆောင်သည့် အနေအထားတွင်ရှိနေသည်ဟူသည့် ခေါင်းစဉ်အောက်တွင် အာဆီယံဆက်စပ်အစည်းအဝေးများအတွင်း Blinken နှင့် Wang Yi ၏ တွေ့ဆုံမှုသည်နှစ်နိုင်ငံအကြားရှိ တင်းမာမှုများကို လျှော့ချသည့် လတ်တလော ဆောင်ရွက်ချက် ဖြစ်သည်ဟုဆိုသည်။ ဇွန်လအတွင်းက ၎င်းတို့နှစ်ဦးသည် တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ပွင့်လင်းသည့် ဆက်ဆံရေးဖော်ဆောင်ရန် သဘောတူညီခဲ့ကြပါသည်။ သို့သော် ယခု တစ်ကြိမ် ဂျာကာတာတွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ၏ တွေ့ဆုံမှုများတွင် တစ်စုံတစ်ရာ ထူးခြားမှုမရှိခဲ့ဟု အမေရိကန်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ Matthew Miller က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
နောက်ဆုံးအချက်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရန်လိုမုန်းထားမှုများ ပိုမိုပြုလုပ်လေ ပိုမိုအထီးကျန်လေဆိုသည့် ခေါင်းစဉ်အောက်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် မြောက်ကိုရီးယားနိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ခြင်းကို ဝေဖန် ခဲ့ကြပါသည်။ အာဆီယံဒေသတွင်းဖိုရမ်သည် မြောက်ကိုရီးယားနိုင်ငံက ပါဝင်ဆောင်ရွက်လျက် ရှိသည့် ရှားပါးသည့် အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်ဖြစ်ပါသည်။ မကြာသေးမီက အစည်းအဝေးများတွင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန်အတွက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui အစား အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး An Kwang il ကို ရွေးချယ်ခဲ့ပါသည်။ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် ၃ နိုင်ငံတွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ၏ ရန်လိုသော အပြုအမူများအပေါ် ရှုတ်ချမှုများပြုလုပ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်တွင်တည်ငြိမ်အေးချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲမှု ဖော်ဆောင်ပေးရန်အတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် သံတမန်ရေးအရ ကြိုးပမ်း ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြပါသည်။
တွေ့ရှိသုံးသပ်ချက်
ဇူလိုင်လ ၈ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံဆက်စပ်အစည်းအဝေးများတွင် လက်ရှိ မြန်မာ့နိုင်ငံရေး ကိစ္စရပ်များအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ဆက်နွှယ်နေသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသော်လည်း ဒေသတွင်းနိုင်ငံများ မျှော်မှန်းထားသည့် ရည်မှန်းချက်များကို ရောက်ရှိနိုင်ရန်အတွက် လိုအပ်ချက်များ ရှိနေသေးသည်ကို ထောက်ပြထားကြောင်း တွေ့ရှိရပါသည်။ လတ်တလောဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ၏ မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်ဆောင်ရွက်နေသော ကိစ္စရပ်များကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အာဆီယံအဖွဲ့အတွင်း သဘောထားမတိုက်ဆိုင်မှုများ ဖြစ်ပေါ် နေကြောင်းနှင့် ထိုင်းနိုင်ငံ၏ ဆောင်ရွက်ချက်များသည် အာဆီယံ၏ သဘောတူညီချက် များနှင့် သွေဖည်နေကြောင်း ဝေဖန်မှုများရှိနေပါသည်။
ထို့ပြင် ဆောင်းပါးတွင် အာဆီယံအဖွဲ့၏ ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကို သတိထားဆောင်ရွက်ရန် ထောက်ပြထားသည်ကို ကြည့်ခြင်းဖြင့် အင်အားကြီးနိုင်ငံများ အနေဖြင့် အာဆီယံအဖွဲ့အတွင်း မိတ်ဖက်နိုင်ငံခွဲခြားဆက်ဆံမှုများရှိနေပြီး လက်တွေ့တွင် ၎င်းတို့၏ဩဇာခံနိုင်ငံများ တိုးပွားလာရေးအတွက် နိုင်ငံရေး၊ စီးပွားရေး နည်းလမ်းများဖြင့် မိတ်ဖက်နိုင်ငံစည်းရုံးခြင်းများ ဆက်လက်လုပ်ဆောင်လာနိုင်ရန်သာ ကြိုးစားနေကြပါသည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ ထိတ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားလာကြပြီး အင်ဒို-ပစိဖိတ်နိုင်ငံများ၏ အာရုံစိုက်မှုများသည် မြောက်ကိုရီးယားနိုင်ငံ၏ လက်နက်ထုတ်လုပ်စမ်းသပ်မှုများဆီသို့ အာရုံလွှဲနေသည်ကိုလည်းတွေ့ရသည်။
အာဆီယံဒေသတွင်း အစည်းအဝေးတွင် အမေရိကန်နိုင်ငံ၊ အနောက်အုပ်စု နိုင်ငံများနှင့် သဘောထားတင်းမာသော ရုရှား၊ တရုတ်၊ မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံတို့၏အရေးများကိုသာ အဓိကထားထည့်သွင်းဆွေးနွေးခဲ့ပြီး အာဆီယံနိုင်ငံများ၏ လုံခြုံရေးအပေါ် ခြိမ်းခြောက်လာနေသည့် ဒေသအတွင်း NATO အဖွဲ့တိုးချဲ့ရန် ဆောင်ရွက် နေမှု၊ တောင်တရုတ်ပင်လယ်၊ ထိုင်ဝမ်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ဒေသတွင်း မဟုတ်သော နိုင်ငံများမှ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လာမှု၊ AUKUS အဖွဲ့ဝင် ဩစတြေးလျနိုင်ငံ၏ နျူကလီးယားရေငုပ်သင်္ဘောပိုင်ဆိုင်ရန် ဆောင်ရွက်နေမှုစသည်တို့ကို ဆွေးနွေးခဲ့ခြင်းမရှိသည်ကို တွေ့ရသောကြောင့် ဘက်မညီ၊ လက်ရည်မညီသည့် ဆွေးနွေးပွဲကြီးတစ်ခုအဖြစ်သာ သုံးသပ်မိပါကြောင်း ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
68072123
No comments:
Post a Comment
Note: Only a member of this blog may post a comment.