Wednesday, May 10, 2023

တရုတ်နိုင်ငံ၏ စစ်ရေးပြင်ဆင်နေမှုများကို ဖော်ထုတ်ခြင်း

 



နိဒါန်း
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုများ အတွက် ကြိုးပမ်းလျက်ရှိပြီး ဖြစ်လာနိုင်သည့် စစ်ပွဲများအတွက် အသင့်ပြင်ဆင်ထား ရှိသည်ဟူသော ပြောကြားမှုများ၊ ကာကွယ်ရေးအသုံးစရိတ်ကို ပြီးခဲ့သည့် ဆယ်စုနှစ်ထက် ၂ ဆပိုမိုအသုံးပြုခဲ့မှုများ၊ ပြည်ပမှကုန်စည်တင်သွင်းမှုများအပေါ် မမှီခိုနိုင်ရေး ကြိုးပမ်း လုပ်ဆောင်နေမှုများ၊ စစ်ဘက်ဆိုင်ရာဥပဒေများ ပြန်လည်ပြင်ဆင်ထားရှိမှုများ၊ ထိုင်ဝမ်ရေလက်ကြားအနီးရှိမြို့များတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ပုန်းခိုရန် နေရာများ တည်ဆောက်နေမှုနှင့် စစ်သားစုဆောင်းရေး(National Defense Mobilization) ရုံးများ အသစ်တည်ဆောက်နေမှုများနှင့် ပတ်သက်၍ ရေးသားဖော်ပြထားပါသည်။
ဖော်ပြချက်
၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့ညီလာခံ (National People’s Congress-NPC)နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (Chinese People’s Political Consultative Conference-CPPCC)တို့သည် ပုံမှန် အစည်းအဝေးများနှင့်မတူညီပါ။ အဆိုပါအစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတသည် ၎င်း၏ ဦးဆောင်မှုဖြင့် ခိုင်မာအားကောင်းသည့် တပ်မတော်တစ်ရပ်တည်ထောင် သွားမည်ဟု ပြောကြားခဲ့ပြီး Jun Zheng အမည်ရှိ တရုတ်သတင်းဆောင်းပါး တစ်ခုတွင် တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အဆင့်မြှင့်တင်၍ စစ်ရေး ကဏ္ဍအား အရှိန်မြှင့်တင်လုပ်ဆောင်ရန်လိုအပ်ကြောင်းနှင့် စစ်ဘက်-အရပ်ဘက် ပူးပေါင်းမှု များကို ပိုမိုလုပ်ဆောင်နိုင်ရန် တောင်းဆိုထားပါသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသည် ၎င်း၏ တပ်ဖွဲ့များတွင် အရန်အင်အားကို အသုံးပြုသွားမည့် ဥပဒေတစ်ရပ်အား ချမှတ်ခဲ့ပြီး စစ်ပွဲကာလအတွင်း တိုက်ခိုက်ရေးတပ်ဖွဲ့များ ပြန်လည်ဖြည့်တင်းနိုင်ရန် စီစဉ်လျက်ရှိပါသည်။ တရုတ် နိုင်ငံအနေဖြင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ မအောင်မြင်သည့် စစ်စည်းရုံးမှုကို သင်ခန်းယူ၍ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပ ပြုလုပ်ခဲ့သည့် NPC တွင် စစ်ပွဲကာလအတွင်း ရာဇဝတ်မှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုနှင့် ပတ်သက်၍ ပြန်လည်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး တရားဝင်ဥပဒေပြဋ္ဌာန်းမှုနှင့်ပတ်သက်၍ ဗဟိုစစ်ဘက်ကော်မရှင်ကို လုပ်ပိုင်ခွင့်အပြည့်အဝပေးအပ်ခဲ့ပါသည်။ အဆိုပါလုပ်ဆောင်မှု များသည် ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ဆောင်မည့်အစီအစဉ်ကို ဆန့်ကျင်သူများ အပေါ် ပစ်မှတ်ဖြစ်လာနိုင်ပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ မြေပိုင်နက်ကို တရားဝင်ထိန်းချုပ်နိုင်ရန်အတွက် တရုတ်ပြည်သူများအပေါ် အကျပ်ကိုင်မှုများ လုပ်ဆောင် လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
တရုတ်အစိုးရသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်ပြည်နယ်အသီးသီး၌ အမျိုးသားကာကွယ်ရေး စစ်စည်းရုံးရေးရုံး၊ သို့မဟုတ် တပ်သားသစ် စုဆောင်းရေး စင်တာများ ဖွင့်လှစ်ခဲ့ပါသည်။ ထို့ပြင် ထိုင်ဝမ်ရေလက်ကြားအနီးရှိ ဖူကျင်မြို့တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ တပ်ဆင်ထားပြီး စစ်ပွဲကာလအတွင်း အရေးပေါ် ဆေးရုံများကိုပါ တည်ဆောက်ထားသည်ကို တွေ့ရှိရပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဖူကျင်မြို့နှင့် အခြားမြို့များတွင် အစိုးရအင်တာနက်ကွန်ရက်များအား နိုင်ငံရပ်ခြားမှ ဝင်ရောက် ကြည့်ရှုခြင်းမပြုနိုင်ရန် ပိတ်ဆို့ပစ်ခဲ့ပါသည်။ CPPCC အတွင်း ဆွေးနွေးချက်များအရ တရုတ်အစိုးရသည် ထိုင်ဝမ်၏ နိုင်ငံရေးခေါင်းဆောင်များနှင့် ခွဲထွက်ရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများကို နာမည်ပျက်စာရင်းသွင်းရန် စီစဉ်လျက်ရှိပါသည်။
ဝန်ကြီးချုပ်လီခချန်သည် NPC နှင့် CPPCC အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်အတွက် စစ်ရေး အသုံးစရိတ်ကို ယွမ် ၁.၅၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၂၄.၈ ဘီလီယံ)အထိ တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၏ အသုံးစရိတ်ထက် ၇.၂ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါသည်။ သို့သော် အနောက်နိုင်ငံများမှ ကျွမ်းကျင်သူများကမူ တရုတ်နိုင်ငံ အနေဖြင့် အမှန်တကယ်သုံးစွဲသည့် အသုံးစရိတ်မှာ ထိုထက်ပို၍ များပြားနိုင်သည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် NPC နှင့် CPPCC အစည်းအဝေးအတွင်း မိန့်ခွန်း ၄ ခုပြောကြားခဲ့ပြီး ပထမဆုံးအနေဖြင့် တရုတ်နိုင်ငံ၏ အရေးကြီးသည့် ပထဝီနိုင်ငံရေးအခြေအနေများကို ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ စစ်တပ်နှင့် မဟာဗျူဟာရည်မှန်းချက်များအတွက် နိုင်ငံခြားတိုင်းပြည်များကို မမှီခိုရသည့် ကိုယ်ပိုင် စီးပွားရေးကဏ္ဍ ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် အနေဖြင့် အောင်မြင်မှုရရှိရန်အတွက် ပြည်သူနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ထို့ပြင် ရှီကျင့်ဖျင်သည် အဆိုပါမိန့်ခွန်းတွင် အမေရိကန်နိုင်ငံကို တိုက်ရိုက်ရည်ညွှန်းပြောကြားထားကာ အမေရိကန်နိုင်ငံ ဦးဆောင်သည့် အနောက်အုပ်စုနိုင်ငံများသည် တရုတ်နိုင်ငံကို ထိန်းချုပ်ရန်ကြိုးပမ်းလျက် ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်လျက်ရှိသည်ဟု ပြောကြားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသည် လက်ရှိတွင် အမေရိကန်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ လုပ်ဆောင် လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
ဒုတိယမိန့်ခွန်းအနေဖြင့် ရှီကျင့်ဖျင် သည် တရုတ်နိုင်ငံအတွင်း ကိုယ်ပိုင် ပြီးပြည်စုံမှုကိုရရှိရန် လုပ်ဆောင်သင့်ပြီး နည်းပညာကဏ္ဍတွင် ပြည်ပနိုင်ငံခြား စီးပွားရေး လုပ်ငန်းများကို မမှီခိုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်သင့်သည်ဟု ဆိုပါသည်။ ထို့ပြင်အခြေခံ စားသောက်ကုန်များ အခြားနိုင်ငံမှတင်သွင်းနေရမှုကို ရပ်တန့်သွားမည်ဟု ဆိုပါသည်။ တတိယမိန့်ခွန်းတွင် PLA တပ်ဖွဲ့နှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေး နှင့်ပတ်သက်၍ တီထွင်ဆန်းသစ်မှုများကို အားပေးလုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံ၏ စစ်ပွဲကာလအတွင်း အရန်တပ်ဖွဲ့အင်အားများ အသုံးပြုသွားရန် စီစဉ်လျက်ရှိကြောင်းနှင့် အမျိုးသားကာကွယ်ရေးဆိုင်ရာ သင်ကြားလေ့ကျင့်မှုစည်းရုံးခြင်းများလည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ နောက်ဆုံးမိန့်ခွန်းတွင် တရုတ်ပြည်မကြီး ပြန်လည်ပေါင်းစည်းရေး၏အနှစ်သာရကို ပြောကြားထားကြောင်း ရေးသားထားပါသည်။
သမ္မတ ရှီကျင့်ဖျင် သည် လက်ရှိတွင် အမေရိကန်နိုင်ငံ ဦးဆောင်သည့်ဒီမိုကရက်တစ်ကမ္ဘာကြီးအပေါ် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ မှီခိုမှုများမှ လုံးဝ ကင်းလွတ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ၎င်းသည် နိုင်ငံရေးဆိုင်ရာသဘောတရား များနှင့် ပထဝီမဟာဗျူဟာမြောက် ကြိုးပမ်းမှုများကို ကြိုတင်မျှော်မှန်း၍ လုပ်ဆောင်လျက်ရှိပြီး အနာဂတ် စစ်ပွဲအတွက် အသင့်ပြင်ဆင်ဆောင်ရွက်ခြင်းသည် ထိုင်ဝမ်ကို ခြိမ်းခြောက်နိုင်ရန်နှင့် ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ လုပ်ဆောင်ချက်များကို အထူးသတိထားစောင့်ကြည့်သင့်ကြောင်း ဖော်ပြထားပါသည်။
သုံးသပ်ချက်
သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ၎င်း၏ ရည်မှန်းချက်ဖြစ်သော တရုတ်နိုင်ငံနှင့်ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေးကို အောင်မြင်အောင် ဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ချထားပြီး သိသာထင်ရှားသည့် နိုင်ငံရေး၊ သဘောတရားရေး၊ စစ်ရေး၊ ဥပဒေရေးရာ ပြင်ဆင်မှုများကို ဆောင်ရွက်နေသည်ဟု ကောက်ချက်ချနိုင် ပါသည်။ နိုင်ငံရေးနှင့် စစ်ရေးအရအဓိက ပြင်ဆင်မှုနှစ်ရပ်မှာ နိုင်ငံအနှံ့အပြားတွင် စစ်သားစုဆောင်းရေးနှင့် စစ်စည်းရုံးရေးရုံးခန်းများ တည်ဆောက်ခြင်း၊ စစ်ရေးအသင့် ဖြစ်မှုဆိုင်ရာဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းခြင်းနှင့် ထိုင်ဝမ်ရေလက်ကြားနှင့် နီးကပ်သည့် မြို့များတွင် လေကြောင်းရန်ကာကွယ်ရေးအဆောက်အအုံများ၊ စစ်ဖြစ်လာလျှင် ခိုလှုံ နိုင်သည့်နေရာများ ကြိုတင်တည်ဆောက်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကျွန်းပြန်လည်ပေါင်းစည်းရေးအား နိုင်ငံရေးနှင့် သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်၍မရပါက စစ်ရေးကိုပါအသုံးပြုမည်ဖြစ်ကြောင်း အတိအလင်း သတင်းစကား ပါးနေခြင်းလည်း ဖြစ်ပါသည်။
သမ္မတ ရှီကျင့်ဖျင်၏ သဘောတရားရေးရာ ဦးဆောင်မှုတွင် “အရပ်ဘက်-စစ်ဘက်ပေါင်းစပ်ခြင်း(Civil-Military Fusion)”ဟူသည့် အယူအဆကို အခြေခံထားပြီး အရပ်ဘက်နှင့်စစ်ဘက် စည်းလုံးညီညွတ်ရန်၊ တရုတ်တပ်မတော်အင်အားတောင့်တင်းရန်၊ နည်းပညာမြင့်စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်နှင့် ထိုင်ဝမ်ကျွန်း ပြန်လည် ပေါင်းစည်းရေးအောင်မြင်ရန်အတွက် အရပ်ဘက်-စစ်ဘက် လက်တွဲညီညီပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ ထိုင်ဝမ်ကျွန်းအား ပြည်လည်ပေါင်းစည်းနိုင်ရေး အိမ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေပြီး နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်ရန်မဖြစ်နိုင်ပါက လာမည့်ဆယ်စုနှစ်အတွင်း ရှောင်လွှဲ၍မရသည့် ဒေသတွင်း စစ်ရေးတင်းမာမှုများကို ရင်ဆိုင်ရမည်ကို ကြိုတင်မျှော်တွေးထားရန် လိုအပ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

Myanmar Aspect
16051123

Algorithms နှင့် AI တို့က လူသားများအပေါ် ဘယ်လိုပုံစံနဲ့ လွှမ်းမိုးလာသလဲ

 



နိဒါန်း
ယနေ့ခေတ်တွင် ကွန်ပျူတာအယ်လ်ဂိုရီသမ် (Algorithms)နှင့် ဉာဏ်ရည်တု နည်းပညာ(Artificial Intelligence-AI)တို့သည် လူသားများ၏ နေ့စဉ်လူနေမှုဘဝ အပေါ်တဖြည်းဖြည်းနှင့်လွှမ်းမိုးလာသည်ကို တွေ့ရှိရပြီး အဆိုပါအကြောင်းအရာနှင့် စပ်လျဉ်း၍ ဂျာမနီနိုင်ငံ၊ University of Potsdam တက္ကသိုလ်၏ Harding Center for Risk Literacy တွင် တာဝန်ထမ်းဆောင်နေသော စိတ်ပညာရှင် Gerd Gigenzer ၏ The Future of Everythin Podcasts ၌ ဖြေကြားထားပါသည်။
ဖော်ပြချက်
Gerd Gigenzer က Algorithms များ၏ စွမ်းဆောင်ရည်သည် တည်ငြိမ် အေးချမ်းသည့် အခြေအနေတစ်ခုအောက်တွင် (ဥပမာအားဖြင့် စစ်တုရင်ကစားနည်း၊ Go ကစားနည်းကဲ့သို့သောအခြေအနေ) လူသားများ၏ စွမ်းဆောင်ရည်ထက် ပိုမိုမြင့်မား သော်လည်း တည်ငြိမ်အေးချမ်းမှုမရှိသည့် အခြေအနေတစ်ခုအောက်တွင်မူ (ဥပမာ အားဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုအား ခန့်မှန်းခြင်း) လူသားများစွမ်းဆောင်ရည်သည် Algorithms များ၏ စွမ်းဆောင်ရည်ထက် ပိုမိုမြင့်မားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် လူသားများ၏စိတ်သည် တည်ငြိမ်မှုမရှိသည့် အခြေအနေ တစ်ခု၌ မည်သည့်အချက်က အရေးကြီးသည်ကို ရွေးချယ်နိုင်ပြီး ကျန်အချက်များကို လျစ်လျူရှုထားနိုင်သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် AI များနှင့် Algorithms များကို ထိရောက်စွာအသုံးချနိုင်ရေး တည်ငြိမ်အေးချမ်းမှုရှိသည့် အခြေအနေ တစ်ခုကို ဖန်တီးထားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ၎င်းက Algorithms များသည် ပန်းချီရေးဆွဲပေးခြင်း၊ မေးခွန်းများ ဖြေကြားပေးခြင်း၊ စာတမ်းများရေးပေးခြင်းစသည့် လုပ်ငန်းများကို စွမ်းဆောင်နိုင် သော်လည်း ၎င်းတို့တွင် ထည့်သွင်းထားသော အချက်အလက်များပေါ်တွင်သာမူတည်၍ ဆောင်ရွက်ရသောကြောင့် Algorithms များတွင် ကန့်သတ်ချက်များ ရှိနေပါသေးသည်။ ထို့ကြောင့် Algorithms များလုပ်ဆောင်မှုသည် လူသားများ၏ စဉ်းစားတွေးခေါ်မှုနှင့် မတူသေးပါ။ ထို့ပြင် လူသားများ၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းအပေါ် AI နှင့် Algorithms တို့၏ လွှမ်းမိုးမှုများ လျှော့ချနိုင်ရန် ပွင့်လင်းမြင်သာမှု(Transparency) ရှိရန် လိုအပ်သည်ဟု Gerd Gigenzer က ဆိုထားပြီး နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ နည်းပညာကုမ္ပဏီများအနေဖြင့် အနာဂတ်တွင် လူသားများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် အပေါ် လွှမ်းမိုးလာမည့်၊ လူသားများကို ထိန်းချုပ်နိုင်မည့် Algorithms ရောင်းချလာမှုများ ရှိလာနိုင်သောကြောင့် လူသားများအနေဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း ဖြေကြားထားပါသည်။
နည်းပညာအသုံးပြုသူများအနေဖြင့် မည်သည့်နည်းပညာကို အသုံးပြုစေကာမူ နည်းပညာထုတ်လုပ်သော ကုမ္ပဏီ၊ နိုင်ငံတို့ကို အသုံးပြုသူများက စောင့်ကြည့်နိုင်ရပါမည်။ လက်ရှိအချိန်၌ နည်းပညာအသုံးပြုသူများသည် နည်းပညာအသုံးမပြုခင် အဆိုပါ နည်းပညာတွင် ပြဋ္ဌာန်းထားသည့် မူဝါဒများကို သေချာဖတ်ရှုခြင်းမရှိဘဲ အသုံးပြု နေခြင်းသည် အလွန်အန္တရာယ်များသည်ဟု Gerd Gigenzer က ဆိုထားပြီး ၎င်းက လက်ရှိရေပန်းစားနေသည့် Facebook နှင့် Instagram ကဲ့သို့သော လူမှုကွန်ရက် စာမျက်နှာများသည် မြို့တစ်မြို့တွင် အခမဲ့သောက်သုံးရန် ဖွင့်လှစ်ထားသည့် ကော်ဖီဆိုင် တစ်ဆိုင်နှင့်တူညီကြောင်း၊ အဆိုပါကော်ဖီဆိုင်၌ ဗီဒီယိုကင်မရာများ၊ အသံဖမ်းစက်များ တပ်ဆင်ထားပြီး ကော်ဖီဆိုင်သည် သောက်သုံးသူများ၏ အချက်အလက်များရယူကာ ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ်၍ သောက်သုံးသူများ ကြိုက်နှစ်သက်သည့် အရာများကို ထုတ်လုပ်ခြင်း၊ တစ်နည်းအားဖြင့် အသုံးပြုသူများ၏အကြိုက်ကို ကြိုတင်တွက်ချက်၍ရောင်းချမည့်အစီအစဉ်များ ပြုလုပ်လာနိုင်သည်ဟု ဖော်ပြထားပါသည်။
လက်ရှိအချိန်၌ လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူများသည် နည်းပညာ ကုမ္ပဏီများမှ ၎င်းတို့အပေါ် စောင့်ကြည့်လေ့လာမှုများပြုလုပ်နေသည်ကို သိရှိသော်လည်း လျစ်လျူရှု၍ သက်သာသလိုနေခြင်းသည် အနာဂတ်တွင် အန္တရာယ်အလွန်ကြီးပါသည်။ စိတ်ပညာရှုထောင့်မှ ကြည့်မည်ဆိုပါက လူမှုကွန်ရက်စာမျက်နှာများကို ဖန်တီးထားသည့် နည်းပညာကုမ္ပဏီများသည် စိတ်ပိုင်းဆိုင်ရာလှည့်ကွက်တစ်ခုဖြစ်သည့် “Intermittent Reinforcement” ကို အသုံးပြု၍ အသုံးပြုသူများအပေါ် ထိန်းချုပ်ထားခြင်းဖြစ်ပါသည်။ဥပမာအားဖြင့် Facebook အသုံးပြုတစ်ဦးက ၎င်း၏အကောင့်တွင် Post တစ်ခု တင်လိုက်မည်ဆိုပါက ၎င်းသည် အဆိုပါ Post တွင် “Like” မည်မျှရနေပြီကို မကြာခဏ ဝင်ကြည့်နေခြင်းမျိုးဖြစ်ပါသည်။ ထို့ကြောင့် Gerd Gigenzer က လက်ရှိရေပန်းစားနေသော လူမှုကွန်ရက်စာမျက်နှာများသည် အထက်တွင်ဖော်ပြခဲ့သည့် အခမဲ့ကော်ဖီဆိုင်တစ်ဆိုင်နှင့် တူညီနေသောကြောင့် အသုံးပြုသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ အပေါ် AI နှင့် Algorithms များ လွှမ်းမိုးမှုမရှိစေရန် မိမိတို့၏ ပုဂ္ဂလိကအချက်အလက် များနှင့် Privacy ကို ဦးစားပေးနိုင်မည့်၊ သို့မဟုတ် မိမိတို့၏လှုပ်ရှားမှုများကို စောင့်ကြည့်မှု မရှိသည့် လူမှုကွန်ရက်စာမျက်နှာများ ပေါ်ပေါက်လာစေရန် အလေးထားဆောင်ရွက် သင့်ကြောင်း ဖြေကြားထားပါသည်။
သုံးသပ်ချက်
ယနေ့ခေတ်၌ Algorithms နှင့် AI များ၊ အထူးသဖြင့် လူမှုကွန်ရက် စာမျက်နှာများသည် လူသားများ၏ နေ့စဉ်လူနေမှုဘဝအပေါ် တဖြည်းဖြည်းနှင့် လွှမ်းမိုး လာပြီး အဆိုပါ Algorithms နှင့် AI များသည် အသုံးပြုသူများ၏ အချက်အလက်များကို ရယူ၍ လူတစ်ဦးချင်းစီ၏ ကြိုက်နှစ်သက်မှုများကို ခွဲခြမ်းစိတ်ဖြာကာ လူသားများ၏ စိတ်ကိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာသောကြောင့် ထိုကဲ့သို့ ထိန်းချုပ်မှုမျိုးမဖြစ်ပွား စေရန် အသုံးပြုသူများအနေဖြင့် ပုဂ္ဂလိကအချက်အလက်များနှင့် Privacy ကို ဦးစားပေးသော၊ အသုံးပြုသူများ၏ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်မှုမရှိသည့် လူမှုကွန်ရက်စာမျက်နှာများ ပေါ်ပေါက်လာမှုကို အလေးထားဆောင်ရွက်သင့်ပါသည်။နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အသုံးပြုသူများ၏ အရေအတွက် သည်လည်း ပိုမိုများပြားလာသောကြောင့် နည်းပညာကုမ္ပဏီကြီးများ၊ အဆိုပါကုမ္ပဏီ များကို ချုပ်ကိုင်ထားသည့် နိုင်ငံများမှ အသုံးပြုသူများ၏ အချက်အလက်များကို အလွယ်တကူစုဆောင်းရရှိနေပြီး ၎င်းတို့၏ သတင်းအချက်အလက်အင်အားကြီးထွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။
သတင်းအချက်အလက်စစ်ပွဲ(Information Warfare)ကာလ၌ နိုင်ငံများသည် သတင်းအချက်အလက်များအား သူ့ထက်ငါအပြိုင်အဆိုင်စုဆောင်း၍ ၎င်းတို့၏ ပါဝါ အပျော့(Soft Power)အားကောင်းအောင် တည်ဆောက်နေပြီး ဝါဒဖြန့်မှုများ အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံကြီးများ၏ ဝါဒဖြန့်မှုများ၊ မသမာသူများ၏ လူမှုကွန်ရက်စာမျက်နှာသုံး လိမ်လည်မှုများအကြား မျောပါမသွား စေရန် မြန်မာပြည်သူလူထု၏ လူမှုကွန်ရက်စာမျက်နှာဆိုင်ရာ အသိပညာ(Social Media Literacy Skills) တိုးတက်စေရေးအတွက် နည်းပညာကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများပြုလုပ်ခြင်း၊ မီဒီယာမှတစ်ဆင့် အသိပညာ ပေးခြင်းများ ဆောင်ရွက်ပေးမည်ဆိုလျင် လူ့အဖွဲ့အစည်းအတွက် အကျိုးများနိုင်ကြောင်း ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
15051023

Monday, May 8, 2023

တရုတ်-အမေရိကန် ထိပ်တိုက်ရင်ဆိုင်မှုများ မြင့်တက်လာလျင် ဖြစ်လာနိုင်ခြေများနှင့် ရှောင်ရှားနိုင်မည့် နည်းလမ်းများ

 


နိဒါန်း

အကယ်၍ ကမ္ဘာပေါ်၌ တရုတ်နှင့် အမေရိကန်နိုင်ငံတို့သာ ထိပ်တိုက်ပဋိပက္ခ ဖြစ်လာပါက ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုများစွာရှိနိုင်ပြီး ဒေါ်လာဘီလီယံ၊ သို့မဟုတ် ထရီလီယံ ရာနှင့်ချီ၍ ဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကြောင်းကို အချက် ၄ ချက်ဖြင့် သုံးသပ်ရေးသားထားပြီး ထိုကဲ့သို့မဖြစ်ပေါ်စေရန် အကြံပြုချက်များဖြင့် ရေးသားထားပါသည်။
တွေ့ရှိချက်
တရုတ်နှင့် အမေရိကန်နိုင်ငံတို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားပါက နောက်ဆက်တွဲ အကျိုးဆက်များကို တွက်ဆကြည့်ရာတွင် ပထမဖြစ်နိုင်ခြေအနေဖြင့် တရုတ်နှင့်အမေရိကန်နိုင်ငံသာ ပဋိပက္ခဖြစ်လာပါက ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းအပေါ် ထိခိုက်မှုများစွာဖြစ်နိုင်ပါသည်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်ထဲတွင်ရှိသော မဟာဗျူဟာမြောက် ရေလမ်းကြောင်း ပိတ်ဆို့မှုများ၊ ဆိပ်ကမ်းဝင်ရောက်ခွင့် ပိတ်ပင်မှုများ ပြုလုပ်လာနိုင်သောကြောင့် သယ်ယူပို့ဆောင်မည့်အချိန်ကာလ ကြာမြင့်နိုင်သည့်အပြင် သယ်ယူပို့ဆောင်ရေးစရိတ်များပါ တိုးမြင့်နိုင်ပြီး ကုန်စည်ပြတ်လပ်မှုများကိုပါ ဖြစ်ပေါ် စေနိုင်ပါသည်။ ထို့ပြင် သင်္ဘောအာမခံကုမ္ပဏီများကလည်း လုံခြုံရေးဆိုင်ရာ အာမခံကြေး များကို တိုးမြှင့်ကောက်ခံလာနိုင်ပါသည်။ ထိုမှတစ်ဆင့် နိုင်ငံများအကြားတွင် ကုန်သွယ်မှု ခက်ခဲလာနိုင်ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုဈေးနှုန်းများလည်း ပိုမိုမြင့်တက်လာနိုင်ကြောင်းဖော်ပြထားပါသည်။
ဒုတိယဖြစ်နိုင်ခြေအနေဖြင့် အဆိုပါနှစ်နိုင်ငံသာ ပဋိပက္ခဖြစ်လာပါက စီးပွားရေး ဆိုင်ရာ အခြေခံအဆောက်အအုံများ များစွာပျက်စီးနိုင်သည့်အပြင် အလုပ်သမား ဈေးကွက် ထိခိုက်ခြင်းနှင့် စွမ်းအင်ပြတ်တောက်ခြင်းများပါ ဖြစ်ပေါ်လာနိုင်သောကြောင့်ကုန်ထုတ်လုပ်မှုများ ကျဆင်းလာနိုင်ပါသည်။ တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည် ကမ္ဘာပေါ်တွင် အဓိကကုန်ထုတ်လုပ်သည့်နိုင်ငံများ ဖြစ်သောကြောင့် အဆိုပါနှစ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုစွမ်းအားလျော့ကျခြင်းသည် ကမ္ဘာ့ကုန်စည်ပြတ်လပ်မှုနှင့် ဈေးနှုန်း မြင့်မားမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ အထူးသဖြင့် အဆိုပါနှစ်နိုင်ငံ၏ ကုန်ကြမ်းပစ္စည်းများအပေါ်တွင် များစွာမှီခိုနေရသော စက်မှုလုပ်ငန်းအများစု (ဥပမာ အီလက် ထရွန်းနစ်၊ မော်တော်ကားနှင့် ဆေးဝါးကဲ့သို့သော လုပ်ငန်းများ)အပေါ် ထိခိုက်မှု များနိုင်ပါသည်။ ထိုမှတစ်ဆင့် ပို့ကုန်နှင့် သွင်းကုန်ကဏ္ဍအပေါ် စည်းကြပ်ခွန် ကောက်ခံမှု တိုးမြှင့်လာနိုင်ပြီး ထိုသို့ဖြစ်ပေါ်လာပါက ကမ္ဘာ့ကုန်သွယ်စီးဆင်းမှုကွင်းဆက်ကို ထိခိုက် နိုင်သည့်အပြင် ကုန်ကျစရိတ်များလည်း ပိုမိုများပြားလာနိုင်ကြောင်း ဖော်ပြထားပါသည်။
တတိယဖြစ်နိုင်ခြေအနေဖြင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ကမ္ဘာ့ကုန်သွယ် စီးဆင်းမှုကွင်းဆက်ထဲတွင်ရှိသော ကုမ္ပဏီများအနေဖြင့် စည်းကြပ်ခွန်တိုးမြှင့်မှု၊ ပို့ကုန်/ သွင်းကုန်ကန့်သတ်မှု၊ ကုန်ထုတ်လုပ်ခြင်း ကျဆင်းမှု၊ လုပ်အားနှင့် ထောက်ပံ့ရေးကဏ္ဍ ပြတ်တောက်မှုတို့နှင့် ကြုံတွေ့နိုင်သောကြောင့် အဆိုပါကုမ္ပဏီများ၏ ကုန်ထုတ်လုပ်မှု စရိတ်မြင့်မားလာနိုင်ပါသည်။ ဥပမာအားဖြင့် တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲအတွင်း စည်းကြပ်ခွန်တိုးမြှင့်မှုကြောင့် ၎င်းတို့၏ ကုန်သွယ်စီးဆင်းမှုကွင်းဆက် အတွင်းရှိ ကုမ္ပဏီများ၏ ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားခဲ့မှုသည် သာဓကတစ်ခု ဖြစ်ပါသည်။ ထို့ပြင် တရုတ်နှင့် အမေရိကန်နိုင်ငံတို့သာ တိုက်ရိုက်ပဋိပက္ခဖြစ်လာပါက ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု အချိန်ကာလကြာမြင့်နိုင်သည့်အပြင် ငွေကြေးမတည်ငြိမ်မှု၊ ကုန်သွယ်စီးဆင်းမှုကွင်းဆက် တည်နေရာပြောင်းလဲမှုတို့ပါ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
စတုတ္ထဖြစ်နိုင်ခြေအနေဖြင့် အဆိုပါနှစ်နိုင်ငံသာ ပဋိပက္ခဖြစ်လာပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ကျဆင်းနိုင်ပါသည်။ အထူးသဖြင့် အမေရိကန်ကုမ္ပဏီများနှင့် အခြားနိုင်ငံစုံကော်ပိုရေးရှင်းအများစု၏ အခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်း အများစုသည် တရုတ်နိုင်ငံတွင် အခြေပြုထားသောကြောင့် အဆိုပါနှစ်နိုင်ငံသာ ပဋိပက္ခဖြစ်လာပါက တရုတ်နိုင်ငံတွင်ရှိသော အဆိုပါလုပ်ငန်းများထိခိုက်နိုင်ပါသည်။ ထို့ပြင် လုပ်ငန်းများအား တည်ငြိမ်‌သည့် နေရာသို့ရွှေ့ပြောင်းမှုများ ပြုလုပ်ပါကလည်း ရွှေ့ပြောင်းစရိတ်များနိုင်ပြီး ကုန်ထုတ်လုပ်မှုစရိတ်နှင့် ကုန်ပစ္စည်းဈေးနှုန်း ပိုမိုမြင့်တက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါနှစ်နိုင်ငံသာ ပဋိပက္ခဖြစ်လာပါက ကမ္ဘာ့စီးပွားရေးကဏ္ဍအပေါ် များစွာထိခိုက် နိုင်ပြီး ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း ဖော်ပြထားပါသည်။
ရှောင်ရှားနိုင်မည့် နည်းလမ်းများ
ထိုကဲ့သို့ တရုတ်-အမေရိကန် ထိပ်တိုက်ပဋိပက္ခဖြစ်ပွားမှုကို ရှောင်ရှား နိုင်ရန်နှင့် နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်ရန် တွေ့ဆုံ ဆွေးနွေးရေးနှင့် သံခင်းတမန်ခင်းနည်းလမ်းကို အသုံးပြုသင့်သည့်အပြင် ပဋိပက္ခကို စေ့စပ်ညှိနှိုင်းပေးမည့် ကြားခံအဖွဲ့အစည်း(Third-Party Organizations)များလည်း လိုအပ်ပါသည်။ ထို့ပြင် အစိုးရမဟုတ်သော ဇာတ်ကောင်များဖြစ်သည့် လေ့လာရေး အဖွဲ့များ၊ ပညာရှင်များ၊ အစိုးရအရာရှိဟောင်းများအကြားတွင် Track II သံခင်းတမန်ခင်း ဆက်လက်ကျင့်သုံး၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေသင့်ပါသည်။ နှစ်နိုင်ငံ အကြား၌ ပူးတွဲဆောင်ရွက်နေသည့် စီးပွားရေးကဏ္ဍများ ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် နှစ်နိုင်ငံအပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း နိုင်ငံ၏လုံခြုံရေးနှင့်စပ်လျဉ်းသည့် နည်းပညာကဏ္ဍအပေါ်တွင်မူ နှစ်နိုင်ငံကြားသဘောထားကွဲလွဲမှုများရှိသောကြောင့် နည်းပညာကဏ္ဍဆိုင်ရာ နယ်ပယ် အချို့တွင် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်သင့်ပါ။ လက်ရှိဖြစ်ပေါ်နေသော တရုတ်-အမေရိကန် အားပြိုင်မှုကြောင့် အများစုသည် နှစ်နိုင်ငံပဋိပက္ခဖြစ်ပွားနိုင်ခြေ များသည်ဟု ယူဆထားကြပြီး အမေရိကန်ပြည်သူအချို့ကပင် နှစ်နိုင်ငံအကြား၌ စစ်ပွဲ ဖြစ်ပေါ်လာနိုင်သည်ဟု မှတ်ချက်ပြုထားကြပါသည်။ ထို့ကြောင့် အဆိုပါနှစ်နိုင်ငံ ထိပ်တိုက်ပဋိပက္ခ မဖြစ်ပွားစေရန် အားလုံးပါဝင်၍ နည်းလမ်းများ ရှာဖွေထားရန် လိုအပ်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အမေရိကန်နိုင်ငံသာ ထိပ်တိုက်ပဋိပက္ခဖြစ်လာပါက ကမ္ဘာ့စီးပွားရေးကဏ္ဍအပေါ် များစွာရိုက်ခတ်နိုင်ပြီး အမေရိကန်ဒေါ်လာ ဘီလီယံ၊ သို့မဟုတ် ထရီလီယံ ရာချီ၍ ဆုံးရှုံးနိုင်သည့်အပြင် ကမ္ဘာ့နိုင်ငံများအားလုံးကို ရိုက်ခတ်လာမည်ဖြစ်သောကြောင့် ထိုသို့မဖြစ်ပေါ်စေရန်နှင့် နှစ်နိုင်ငံအကြားတွင် အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်နိုင်ရန် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးနိုင်မည့် တွေ့ဆုံ ဆွေးနွေးရေးနည်းလမ်း(Dialogue)၊ သံခင်းတမန်ခင်းနည်းလမ်းများကို အသုံးပြု သင့်သည့်အပြင် စေ့စပ်ညှိနှိုင်းပေးမည့်ကြားခံအဖွဲ့အစည်း(Third-Party Organizations)များ ပါဝင်ရန်လိုအပ်ကြောင်း အကြံပြုထားသည်ကို တွေ့ရှိရပါသည်။
ယခုအခါ ကမ္ဘာ့နိုင်ငံရေးအခြေအနေသည် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ရှုထောင့်မှ “Thucydides Trap” အတွင်းသို့ တဖြည်းဖြည်း သက်ဆင်းနေခြင်းဖြစ်ပါသည်။ “Thucydides Trap” ဆိုသည်မှာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း၌ “Existing Power” - အမေရိကန်နိုင်ငံသည် “ Rising Power” - တရုတ်နိုင်ငံမှ ၎င်း၏ နေရာကို လုယူမည်စိုး၍ စစ်ပွဲဆင်နွှဲလာခြင်းဟု အလွယ်မှတ်သားနိုင်ပါသည်။ ထိုသို့ဖြစ်ပေါ်လာပါက နှစ်နိုင်ငံကြားတွင် ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်နိုင်ပြီး တစ်ကမ္ဘာလုံးအပေါ်တွင်ပါ ရိုက်ခတ်မှုများနိုင်ပါသည်။ တရုတ်၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အင်အားကြီးနှစ်နိုင်ငံ၏ အားပြိုင်မှုအကြားတွင် ထိုရိုက်ခတ်မှုဒဏ်ကို အများဆုံးခံစားရမည့် ကစားကွင်းများဖြစ်လာနိုင်သောကြောင့် မည့်သို့ ပြင်ဆင်ရှောင်ရှားသင့်မည်နည်းဆိုသည်မှာ တွေးဆဖွယ်ရာ ကိစ္စတစ်ခုဖြစ်လာကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
Myanmar Aspect
14050923

Sunday, May 7, 2023

အမေရိကန်ဒေါ်လာပြဿနာကို အာရှငွေကြေးရန်ပုံငွေ တည်ထောင်ခြင်းဖြင့် ဖြေရှင်းနိုင်မည်လား

 



နိဒါန်း
ကမ္ဘာတစ်ဝန်း အမေရိကန်ဒေါ်လာကို အဓိကထား သုံးစွဲနေရခြင်းကြောင့် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့အနိုင်ကျင့်မှုဒဏ်ကို ခံနေရခြင်းနှင့် အမေရိကန် နိုင်ငံအား အခွင့်ထူးခံအဖြစ်ထားရှိနေရခြင်းစသည့် ပြဿနာများမှ လွတ်ကင်းစေရေး အတွက် အာရှငွေကြေးရန်ပုံငွေအဖွဲ့(Asian Monetary Fund – AMF) ဖွဲ့စည်းတည်ထောင်ခြင်း ဆိုင်ရာစိတ်ကူးနှင့်ပတ်သက်၍ East Asian Forum ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြ ထားပါသည်။
ဖော်ပြချက်
အမေရိကန်ဒေါ်လာသည် အမေရိကန်နိုင်ငံ၏ ငွေကြေးဖြစ်သော်လည်း အဆိုပါ ငွေကြေးနှင့်ပတ်သက်သည့် ပြဿနာအရပ်ရပ်ကို ကမ္ဘာ့နိုင်ငံအများက ခံစားနေရပါသည်။ ထိုသို့ခံစားရမှုများမှာ ယနေ့အချိန်အခါတွင် ပိုမိုဆိုးရွားနေပြီး ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံက ချမှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများကြောင့် စစ်ရေးတွင် မည်မျှအနိုင်ရနေသည်ဖြစ်စေ ဘဏ္ဍာရေးစစ်ပွဲတွင် အနိုင်မရနိုင်ချေ။ ထိုနည်းတူစွာ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို လက်ခံရာတွင် လည်းကောင်း၊ နိုင်ငံတကာငွေကြေးစီးဆင်းမှုများအတွက်လည်းကောင်း ၎င်းတို့၏ ပြည်တွင်းဘဏ္ဍာရေးနှင့် ငွေကြေးစီမံခန့်ခွဲမှုများတွင် အမေရိကန်ဗဟိုဘဏ်၏ လွှမ်းမိုးခြင်းကိုခံနေရကြောင်း ဖော်ပြထားပါသည်။
အမေရိကန်ဒေါ်လာ ဆက်လက်သုံးစွဲရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ ကိုယ်တိုင်မှအပ အခြားနိုင်ငံများက အလိုမရှိဖြစ်နေချိန်တွင် အမေရိကန်ဒေါ်လာမှ မဟုတ်သည့် အခြားနိုင်ငံတကာသုံးစွဲနိုင်မည့် ငွေကြေးစနစ်ကို နိုင်ငံအများက ရှာပုံတော် ဖွင့်နေကြပါသည်။ သို့သော်လည်း ယခုအချိန်အထိ ဒေါ်လာကို အခြားငွေကြေးဖြင့် အစားထိုး သုံးစွဲမှုမှာ လက်တွေ့ကျသည့်ကိစ္စရပ်တစ်ခု မဖြစ်သေးပါ။ တရုတ်ယွမ်ကို ကမ္ဘာ့ငွေကြေးအဖြစ် သုံးစွဲရန်စဉ်းစားပါက တရုတ်နိုင်ငံ၏ စီးပွားရေးအင်အား ကြီးမား သည်မှာ မှန်သော်လည်း တရုတ်ယွမ်က အမေရိကန်ဒေါ်လာထက်ပင် ဆုံးရှုံးအကျိုး နည်းနိုင်ခြေ ပိုမိုများပြားနေသည်ကို တွေ့ရသောကြောင့် ဆွဲဆောင်မှုသိပ်မရှိကြောင်း ရေးသားထားပါသည်။
အမေရိကန်ဒေါ်လာအနေဖြင့် လက်ရှိတွင် ရေပန်းစားမှု ကျဆင်းလာသော်လည်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးငွေကြေးတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပြီး ကုန်သွယ်ရေး ပေးချေမှုများ၏ ငါးပုံပုံလျှင် လေးပုံ၊ ကုန်သွယ်ရေးအမှာစာများ၏ ထက်ဝက်မှာ အမေရိကန်ဒေါ်လာကို အသုံးပြုနေကြပြီး ကမ္ဘာ့ငွေကြေးလဲလှယ်ရေးနှင့် ကမ္ဘာ့ကြွေးမြီ ဈေးကွက်တွင်လည်း တွင်ကျယ်လျက်ရှိနေပါသေးသည်။ ကမ္ဘာ့နိုင်ငံများ အရန်ငွေ၏၅၉ ရာခိုင်နှုန်းမှာ အမေရိကန်ဒေါ်လာဖြစ်ပြီး ယင်းပမာဏသည်ပင်လျှင် နှစ်ပေါင်း ၂၅ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ပါသည်။ အမေရိကန်နိုင်ငံအတွင်းရှိ အိမ်ထောင်စုများ၊ ကုမ္ပဏီများနှင့် အစိုးရတို့သည် အမေရိကန်ဒေါ်လာကို မည်သည့်ဝန်ထုပ်ဝန်ပိုးမှ မရှိသလောက်နီးပါး အခြေအနေမျိုးဖြင့် ထုတ်ချေးပေးနိုင်ကြသည့် အခြေအနေတွင် ရှိနေသေးကြောင်း ဖော်ပြထားပါသည်။
အမေရိကန်ဒေါ်လာကို အစားထိုးနိုင်ရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ IMF က ဖန်တီးထားသည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ တရုတ်ယွမ်၊ ဂျပန်ယန်းနှင့် ဗြိတိသျှပေါင်စတာလင်ငွေကြေးတို့ ပူးပေါင်းပါဝင်ထားသည့် Special Drawing Rights – SDRs အား အသုံးပြုမည်ဆိုပါကလည်း ၎င်းကိုစီမံခန့်ခွဲသည့် IMF အား အမေရိကန်နိုင်ငံက အပြည့်အဝနီးပါး ထိန်းချုပ်ထားပါသည်။ ထို့ကြောင့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ဗီတိုအာဏာကို ကိုင်ထားနိုင်သော အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့စိတ်တိုင်းကျ ရိုက်နှိပ်ဖြန့်ဝေထိန်းချုပ် အသုံးပြုနိုင်ခွင့် အခွင့်အရေးကို ရရှိထားသည့်တွက် အမေရိကန် ဒေါ်လာကို ကျော်လွန်ပြီး SDRs က ပိုမိုဩဇာကြီးသွားမည့်အဖြစ်ကို အရောက်ခံမည် မဟုတ်ကြောင်း ရေးသားထားပါသည်။
အမေရိကန်ဒေါ်လာကို အစားထိုးနိုင်ဖွယ်ရှိသည့် နောက်ထပ်ငွေကြေးများ အဖြစ် ယူရိုနှင့် တရုတ်ယွမ်ငွေကြေးများကို စဉ်းစားနိုင်သော်လည်း ၎င်းငွေကြေး နှစ်ခုလုံးတွင် အားနည်းချက်များ ကိုယ်စီရှိနေကြသည်ဟု ဆိုပါသည်။ ထိုငွေကြေးများ အနေဖြင့် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက နက်ရှိုင်းစွာအသုံးဝင်မှု၊ ငွေဖြစ်လွယ်မှုနှင့် ငွေလဲလှယ်ရန် လွယ်ကူမှုတို့တွင် အမေရိကန်ဒေါ်လာကို မယှဉ်နိုင်သည့် အနေအထားတွင်ရှိနေကြပြီး အထူးသဖြင့် တရုတ်ယွမ်ငွေကြေးအနေဖြင့် တရုတ်အာဏာပိုင်များက တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အပြင် တရုတ်အစိုးရ၏ နိုင်ငံရေး ဆိုင်ရာ ဆုံးဖြတ်လုပ်ကိုင်နေမှုများအပေါ်တွင်လည်း များစွာမူတည်နေသော ငွေကြေး ဖြစ်သောကြောင့် ဒေါ်လာနေရာတွင် အစားထိုးငွေကြေးအဖြစ် အသုံးပြုနိုင်စွမ်းကို အားနည်းစေသည်ဟု ဆိုပါသည်။
ယခုလတ်တလောတွင် ကမ္ဘာတစ်ဝန်း ရေပန်းစားစပြုလာသည့် ဗဟိုဘဏ်များက ကျောထောက်နောက်ခံပေးထားသော ဒီဂျစ်တယ်ငွေကြေးများကိုလည်း ဒေါ်လာ အစားထိုးအသုံးပြုရန် စဉ်းစားနိုင်ပါသည်။ ကမ္ဘာကြီးတွင် ပထဝီနိုင်ငံရေးနှင့် နည်းပညာ တို့က ကမ္ဘာ့ဘဏ္ဍာရေးအခင်းအကျင်းကို ပုံဖော်သွားမည်ဆိုသည့်အတိုင်း ဒီဂျစ်တယ် ငွေကြေးကိစ္စကို တရုတ်နှင့် အခြားနိုင်ငံတို့က ကြိုးစားအကောင်အထည်ဖော်လျက် ရှိကြပါသည်။ သို့သော်လည်း လတ်တလောတွင် ဒီဂျစ်တယ်ငွေကြေး၏ နက်ရှိုင်းစွာ အသုံးပြုမှု၊ ငွေဖြစ်လွယ်မှုနှင့် ငွေလဲလှယ်လွယ်ကူမှုတို့ ရရှိရန်လိုအပ်နေပါသေးသည်။အမေရိကန်နိုင်ငံပင်လျှင် ဒေါ်လာကို ဒီဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲရေးတွင် လုပ်ဆောင်မှု နှေးကွေးနေသေးကြောင်း ဖော်ပြထားပါသည်။
အမေရိကန်ဒေါ်လာကို အစားထိုးနိုင်ခြေရှိသည့် အခြားသောငွေကြေးများ၏ အားနည်းချက်များကြောင့် အာရှငွေကြေးရန်ပုံငွေအဖွဲ့ Asian Monetary Fund–AMF ဖွဲ့စည်းတည်ထောင်ရေး အယူအဆမှာ ပိုမိုအားကောင်းလာရပါသည်။ အဆိုပါ အယူအဆကို မကြာသေးမီက မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar Ibrahim က ပြန်လည်ဖော်ထုတ်ပြောဆိုလာသည့်အပြင် အာဆီယံဘဏ္ဍာရေးဝန်ကြီးများသည်လည်း အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုလျှော့ချရေး၊ နိုင်ငံသုံးငွေများပေးချေကြရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ရှိရင်းစွဲ IMF နှင့်ပတ်သက်ပြီး အာရှတိုက်တွင်ရေပန်းစားမှုနည်းပါးလာကြသည်ဖြစ်ရာ ဒေသတွင်းကိုယ်ပိုင်စီမံခန့်ခွဲနိုင်မည့် AMF ဖွဲ့စည်းတည်ထောင်ရေးစိတ်ကူးမှာ ပိုမိုအားကောင်းလာကြောင်း ရေးသား ထားပါသည်။
AMF တည်ထောင်ရေးနှင့်ပတ်သက်ပြီး အကြီးမားဆုံးပြဿနာမှာ ထိုကဲ့သို့ အလားတူ အဖွဲ့အစည်းဖြစ်သည့် ၂၀၀၀ ပြည့်နှစ်က စတင်တည်ထောင်ထားခဲ့သော Chiang Mai Initiative Multilateralization (CMIM) အနေဖြင့် ကြုံတွေ့လာခဲ့ ရသော အကျပ်အတည်းများအား ဖြေရှင်းနိုင်ခဲ့မှု လုံးဝမရှိခြင်းပင် ဖြစ်ပါသည်။ AMF တည်ထောင်မည်ဆိုပါက CMIM ၏ အားနည်းချက်များကို သင်ယူပြီး ကြိုတင်ခန့်မှန်း တွက်ဆနိုင်သည့်၊ ပွင့်လင်းမြင်သာမှုရှိသည့်၊ နိုင်ငံရေးသဘောတရားများ ကင်းစင်သည့် ဘဏ္ဍာရေးအင်စတီကျူးရှင်းတစ်ခုအဖြစ် နိုင်ငံများ အကျပ်အတည်းကြုံတွေ့ရချိန်တွင် ဆက်သွယ်ကူညီပေးနိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် တည်ထောင်သွားရမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။
AMF ဖွဲ့စည်းတည်ထောင်ရေးနှင့် ပတ်သက်ပြီး ဖော်ပြပါ အတားအဆီးများ ရှိနေသော်လည်း ၎င်းတို့မှာ ထာဝရတည်မြဲနေမည့် အတားအဆီးများမဟုတ်ဘဲ အမေရိကန်ဒေါ်လာကြောင့် အခက်အခဲကြုံရလေလေ AMF ဖွဲ့စည်းရေးပိုမိုတွန်းအား ဖြစ်လေလေ ဖြစ်ကြောင်း ဆောင်းပါးတွင် သုံးသပ်ထားပါသည်။
နိဂုံးချုပ်အနေဖြင့် အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာအား အစားထိုးမည့် ငွေကြေးစနစ်တစ်ရပ် ပေါ်ပေါက်လာရေးကို ကာကွယ်ဟန့်တားလိုပါက ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် IMF တွင် ပိုမိုပါဝင်ခွင့်ပေးပြီး အမေရိကန်ဒေါ်လာကိုပိုမိုအသုံးပြုနိုင်ရေးလုပ်ဆောင်ပေးရန်၊ လိုအပ်ချက်ရှိချိန်တွင် IMF ကို ပိုမိုအသုံးပြု အကူအညီရရှိနိုင်ရေး ပိုမိုအဆင်ပြေအောင် လုပ်ဆောင်ပေးရန်တို့ ပြုပြင်ပြောင်းလဲ ရမည်ဖြစ်ကြောင်း အကြံပြုထားပါသည်။ အဆိုပါအချက်များကို အမေရိကန်ကွန်ဂရက်က ကြိုးစားလုပ်ကိုင်နိုင်ခြေနည်းပါးနေပြီး အမေရိကန်နိုင်ငံက တစ်ဖက်၊ အခြားသော ငွေကြေးစနစ်များဖြင့် အစားထိုးလိုသူများကတစ်ဖက်ဖြင့် အားပြိုင်လွန်ဆွဲကြပြီး အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်ရေးသား ထားသည်ကို တွေ့ရှိရပါသည်။
သုံးသပ်ချက်
အမေရိကန်နိုင်ငံ လွှမ်းမိုးထားသည့် IMF ကို အစားထိုး အသုံးပြုနိုင်မည့် အာရှနိုင်ငံများကိုယ်တိုင် စီမံခန့်ခွဲသော AMF ဖွဲ့စည်းတည်ထောင်ရေး စိတ်ကူးကို ယခင်ကတည်းကပင် စဉ်းစားနေကြခြင်းဖြစ်ပါသည်။ ယခုအခါ အမေရိကန်နိုင်ငံ၏ ဘဏ္ဍာငွေကြေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများကြောင့် ၎င်းကိစ္စကို ပိုမိုစဉ်းစားလာကြ သော်လည်း နှစ်ပေါင်းများစွာ ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဦးဆောင်ခဲ့ပြီး ကြိုတင် ကာကွယ်မှုများစွာ ပြင်ဆင်ထားရှိသော ဒေါ်လာငွေကြေးကို အခြားငွေကြေးများဖြင့် အစားထိုးရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်မှုများမှာ အချိန်ကာလတစ်ခု ကြာမြင့် နေဦးမည်ဟု ယူဆပါသည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အနေဖြင့် အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှု ရှင်းတမ်းများ ချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် အခက်အခဲရှိသော နိုင်ငံများအား ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီများပေးအပ်ရန် ဖွဲ့စည်းထားသော်လည်း အခက်အခဲ ကြုံရသည့် နိုင်ငံများ၏ ပြည်တွင်းဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများ၊ စီးပွားရေး ဆိုင်ရာ စီမံခန့်ခွဲမှုများအပေါ်တွင် လွှမ်းမိုးမှုအလွန်အမင်းများပြားပါသည်။ သက်ဆိုင်ရာ အခက်အခဲကြုံတွေ့နေရသောနိုင်ငံ အဆင်ပြေရေးထက် ၎င်းတို့ကူညီထုတ်ချေးလိုက်သော ချေးငွေများ အမြန်ဆုံးပြန်လည်ရရှိရေးနှင့် စီးပွားရေးအင်အားကြီးနိုင်ငံများ၏ ရရန် ငွေကြေးများ အဆင်ပြေပြေရရှိရေးကိုသာ ဦးစားပေးလွန်း၍ ၎င်းတို့၏ ပြည်တွင်း စွက်ဖက်ရေး မူဝါဒများနှင့် နောက်ကွယ်မှ ချုပ်ကိုင်မှုများကြောင့် ဝေဖန်ပြစ်တင် ခံနေရလျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ ဤဆောင်းပါးတွင် BRICS အဖွဲ့ကြိုးပမ်းနေသည့် အစားထိုးငွေကြေးအကြောင်းကို လုံးဝဖော်ပြထားခြင်းမရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဒေါ်လာအစားထိုးငွေကြေးများ ဖော်ဆောင်ရန် ကြိုးပမ်းနေမှုများမှာ အားနည်းချက်/အားသာချက်များ ရောယှက်နေပြီး ဆက်လက်စောင့်ကြည့်လေ့လာသွားရမည့် တွေးဆဖွယ်ရာ ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။
Myanmar Aspect
13050823

(Subscribed ဆောင်းပါးမဟုတ်သော်လည်း သိအပ်သည့် ကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် Myanmar Aspect မန်ဘာများအတွက် ရွေးချယ်ပေးလိုက်ခြင်း ဖြစ်ပါသည်။)

Friday, May 5, 2023

တရုတ်နိုင်ငံအား ထောက်လှမ်းနိုင်ရန် နည်းလမ်းရှာဖွေခြင်းနှင့် အမေရိကန်ထောက်လှမ်းရေးကွန်ရက်ကို ကုစားရန်နည်းလမ်းများ (အပိုင်း-၂)

 



မလိုအပ်တာကိုလျော့ လိုအပ်တာကိုဖြည့်
ရေရှည်အတွက်ရည်ရွယ်ပြီး လူတော်များဖြင့်ဖွဲ့စည်းထားသည့် Open-source Agency တစ်ခု တည်ဆောက်ရန်မှာ အမေရိကန်ထောက်လှမ်းရေကဏ္ဍကို တိုးတက်စေရန် အလွန်အရေးပါနေပါသည်။ ဒါတစ်ခုနဲ့ လုံလောက်ပြီလားဟုမေးလျှင် မလုံလောက်သေးပါ။ လျှို့ဝှက်ချက်မဟုတ်သည့် သတင်းအချက်အလက်များများ စုဆောင်းမည်ဖြစ်ခြင်းကြောင့် ထိုအဖွဲ့ကြီးအနေဖြင့် အခြားအဖွဲ့များထက် အချက်အလက်တွေ အများကြီး ကိုင်တွယ်ရပါလိမ့်မည်။ ၂၀၁၇ ခုနှစ်က National Geospatial Intelligence Agency ၏ ဒါရိုက်တာကက နောင်လာမည် နှစ် ၂၀ ကျော် အတွင်း အမေရိကန် အခကြေးငွေဖြင့် အသုံးပြုနိုင်သည့် ဂြိုဟ်တုများမှ ဖမ်းယူရရှိသည့် အချက်အလက်များကို လူအင်အားဖြင့် စိစစ်ရန် ဓာတ်ပုံဆန်းစစ်ပညာရှင်ပေါင်း ၈ မီလီယံလောက် လိုမည်ဟု ပြောကြားခဲ့ဖူးသည်။ ယခုတွင်ပင် အာရုံခံကိရိယာတစ်ခုပါသည့် ဓာတ်ခွဲခန်းတစ်ခုတွင် ဘောလုံးပွဲ ၃ ရာသီစာလောက်ရှိသည့် သတင်းအချက်အလက်များကို နေ့စဉ်နေ့တိုင်း မနိုင်မနင်း စိစစ်နေရသည်ဟု ဆိုပါသည်။
ထိုလုပ်ငန်းများအောင်မြင်ရန်အတွက် အမေရိကန်၏ National Security Commission on Artificial Intelligence နှင့် Special Competitive Studies Project တို့က ထောက်လှမ်းရေကဏ္ဍတွင် အသိဉာဏ်တုပေါင်းစပ်ထားသည့် နည်းပညာမြင့်ပစ္စည်းများ တပ်ဆင်ရမည်ဟု အဆိုပြုခဲ့ပါသည်။ ထို့မှသာ မြောက်မြားစွာသော သတင်းအချက်အလက်များကို စိစစ်နိုင်မည်ဖြစ်သည်။ Director of National Intelligence ရုံးအပါအဝင် မြောက်မြားစွာသော ထောက်လှမ်းရေးအဖွဲ့အစည်းများအနေဖြင့် ထိုသို့ဆောင်ရွက်ရန် မဟာဗျူဟာနှင့် အစီအမံများရှိသော်လည်း ဝါရှင်တန်အစိုးရ၏ အားစိုက်ထုတ်မှုက လုံလောက်မှုမရှိသေးပါ။ ထောက်လှမ်းရေးအဖွဲ့များ၏ အစီအမံများ အထမမြောက်သေးသကဲ့သို့ အချင်းချင်းသည်လည်း သတင်းအချက်အလက် မျှဝေမှု မလုပ်နိုင်သေးဘဲ သင့်လျော်သည့် တွက်ချက်ရေးကွန်ပျူတာများ ရရှိရန် ကန့်သတ်ချက်များရှိနေပါသည်။ လက်တွေ့ဆောင်ရွက်နေသူများအနေဖြင့်လည်း နည်းပညာမြင့်ကိရိယာများပြောင်းလဲအသုံးပြုလျှင် ဖြစ်ပေါ်လာနိုင်သည့် အမှားများကို ကြောက်ရွံ့ပြီး ပြောင်းလဲရန် တုံ့ဆိုင်းနေကြပါသေးသည်။
ဘိုင်ဒန်အစိုးရအနေဖြင့် အမေရိကန်ထောက်လှမ်းရေးအဝန်းအဝိုင်းကို အထက်ပါ တုံ့ဆိုင်းနေမှုများမှ ကျော်လွှားနိုင်ရန် ကူညီပေးခဲ့ပါသည်။ သို့သော်လည်း ထိရောက်ရန်အတွက် အိမ်ဖြူတော်နှင့် လွှတ်တော်မှ ထောက်လှမ်းရေးကဏ္ဍနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအနေဖြင့် ထောက်လှမ်းရေးကဏ္ဍပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း အမှန်တကယ် သဘောပေါက်ရန်လိုအပ်ပါသည်။ မူဝါဒချမှတ်သူများ၏ ခိုင်မာသည့်လိုလားချက်မရှိလျင် အမေရိကန်ထောက်လှမ်းရေးကဏ္ဍအနေဖြင့် အမေရိကန်-တရုတ်အားပြိုင်နေမှုအား မည်သို့ကိုင်တွယ်ရမည်ကို ပြင်ဆင်နေရမည့်အစား ယနေ့ရှိဆဲ လုပ်ငန်းဆောင်တာများအပေါ်တွင်သာ အာရုံစိုက်နေရပေမည်။ ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်များအနေဖြင့် ၎င်း၏ လက်ရှိ ထောက်လှမ်းရေးဝန်ထမ်းများအား နည်းပညာအသစ်များကို အသုံးပြုနိုင်ရန် သင်ကြားလေ့ကျင့်ပေးရပါမည်။ သို့မှသာ ၎င်းတို့တစ်ဆင့်မြင့်တာဝန်များထမ်းဆောင်သည့်အခါ AI အသုံးပြုနည်းပညာများဖြင့် သဟဇာတဖြစ်နေပါလိမ့်မည်။
ဒီအပြောင်းအလဲကို ဖော်ဆောင်နိုင်ရန်နှင့် အခက်အခဲကိုဖြတ်ကျော်နိုင်ရန်အတွက် ထောက်လှမ်းရေးအသိုက်အဝန်းအနေဖြင့်လည်း AI နှင့် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးချနိုင်သည့် တပ်ဖွဲ့များ ဖွဲ့စည်းထားသင့်ပါသည်။ ၎င်းအစီအစဉ်က ထောက်လှမ်းရေးအသိုက်အဝန်းတစ်ခုလုံးကို မျှဝေသုံးစွဲနိုင်သည့် ဒစ်ဂျစ်တယ်အဆောက်အအုံတစ်ခု တည်ထောင်ရန် ရည်မှန်းချက်ထားသင့်သည်။ သို့မှသာ ထောက်လှမ်းရေးအဖွဲ့အစည်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ပြီး အဆုံးအဖြတ်ပေးသူများထံသို့ မှန်ကန်သောသတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ပေးပို့နိုင်မည်ဖြစ်သည်။ လိုအပ်လျင် မိတ်ဘက်နိုင်ငံများသို့ သတင်းအချက်အလက် မျှဝေနိုင်အောင်လည်း စီစဉ်ထားရမည်။ တကယ်တော့ အမေရိကန်အနေဖြင့် ၎င်း၏မိတ်ဘက်နိုင်ငံများနှင့် ပေါင်းစပ်၍ ဒစ်ဂျစ်တယ်နည်းပညာမြင့် ပစ္စည်းများတိုးတက်ရေးကိုလည်း ဆောင်ရွက်သင့်ပါသည်။ ကမ္ဘာ့လုံးဆိုင်ရာ အမေရိကန်-တရုတ် အားပြိုင်မှုတွင် အနိုင်ရလိုပါက ပေါင်းစပ်ဆောင်ရွက်ရပါလိမ့်မည်။
လူသားပညာရှင်များ၏ အရေးပါမှု
မည်သို့ပင် အကောင်းဆုံး သတင်းအချက်အလက်များနှင့် နည်းပညာများကို ရရှိနိုင်သည်ထားဦး၊ မဟာဗျူဟာဦးနှောက်များနှင့် တရုတ်အရေးအထူးပြုလေ့လာသည့် ကျောင်းသားများမရှိလျင် ထောက်လှမ်းရေးအဝန်းအဝိုင်းအနေဖြင့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များကို ဆန်းစစ်သုံးသပ်ရန် မဖြစ်နိုင်ပါ။ ယခု အမေရိကန်တွင် လုံလောက်သော ပညာရှင်များမရှိသေးပါ။ ၂၀၁၃ ခုနှစ်မှစ၍ အမေရိကန်တွင် တရုတ်နိုင်ငံနှင့် ဘာသာစကားကို အထူးပြုလေ့လာသည့် အမေရိကန်နိုင်ငံသားများ ကျဆင်းသွားခဲ့သလို တရုတ်တွင်နေထိုင်သည့် အမေရိကန်ဦးရေမှာလည်း ကျဆင်းခဲ့ပါသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အပြီးကစ၍ ဘေကျင်း၏ နိုင်ငံခြားသားများအပေါ် ပိုမိုရန်လိုလာမှုနှင့် တရုတ်တွင် အမေရိကန်များအတွက် အလုပ်အကိုင်နှင့် လည်ပတ်ရန်အခွင့်အလမ်းများ နည်းပါးသွားခြင်းကြောင့်ဖြစ်ပါသည်။
ထို အသိပညာရှားပါးမှု ပဋိပက္ခ “Knowledge Crisis” ကို ကိုင်တွယ်ရမည်ဖြစ်ကြောင်း ရေတပ်ထောက်လှမ်းရေးအကြီးအကဲ Mike Studeman က ထောက်ပြခဲ့သည်။ ဟောင်ကောင်တွင် အမေရိကန်၏ University Services Centre ရှိပြီး ထိုမှတစ်ဆင့် အမေရိကန် ဘွဲ့ရကျောင်းသားများ၊ ပါမောက္ခများနှင့် အစိုးရဝန်ထန်းများ၊ ဂျာနယ်လစ်များအနေဖြင့် တရုတ်နိုင်ငံမှ အဆင့်တူများနှင့် ထိတွေ့ဆက်ဆံနိုင်ပါသည်။ ယခုအခါ တရုတ်တွင် အမေရိကန်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများရှားပါးမှုအပြင် ရေရှည်ရပ်တည်နိုင်သည့် အရပ်ဘက်အဖွဲ့အစည်းများပင်မရှိတော့ပါ။ သို့သော်လည်း အမေရိကန်ထောက်လှမ်းရေး အဝန်းအဝိုင်းအနေဖြင့် ၎င်း၏ပညာရှင်ဆုံးရှုံးမှုကို အစားထိုးရန် တရုတ်နိုင်ငံတွင် အလုပ်လုပ်နေထိုင်ခဲ့သည့် ကျွမ်းကျင်သူပညာရှင်များကို ငှားရမ်းနိုင်ပါသည်။ အမေရိကန်အနေဖြင့် ထိုသို့ဆောင်ရွက်ရန် တွန့်ဆုတ်နေသောကြောင့် CIA ရှာဖွေနေသည့် ပညာရှင်များကို တရုတ်မှ လက်ဦးသွားခဲ့ပါသည်။ ထိုကဲ့သို့ ပညာရှိပြီး အတွေ့အကြုံရင့်ကျက်သည့် လက်တစ်ဆုပ်စာ ပညာရှင်များကို ရရှိရန်ဆောင်ရွက်ခြင်းက ဤမျှအရေးပါနေလျှင် ခေါင်းဆောင်များက အသေအချာစိစစ်ရွေးချယ်သည့် လုပ်ငန်းများကို မြှင့်တင်ရပါလိမ့်ဦးမည်။
ထောက်လှမ်းရေးအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းကျွမ်းကျင်သူများမွေးထုတ်ရန်အတွက် ပစ်မှတ်နိုင်ငံ၏ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူ့အသိုင်းအဝန်းအကြောင်း ကျွမ်းကျင်ပြီး ဘာသာစကားလည်းကျွမ်းကျင်သည့် စစ်ဘက်အရာရှိများကို လေ့ကျင့်ပျိုးထောင်သည့် Foreign Area Officer အစီအစဉ်ကိုလည်း စတင်သင့်ပါသည်။ ထိုအစီအစဉ်က ထောက်လှမ်းရေးအဖွဲ့အစည်းတွင် လုပ်ကိုင်လိုသူများအားအနေဖြင့် လွယ်ကူစွာဝင်ရောက်ရန်နှင့် ထိုမှတစ်ဆင့် တရုတ်ဘာသာစကားသင်ယူနိုင်ရန် တရုတ်/ထိုင်ဝမ် သံတမန်တာဝန်များကို ထမ်းဆောင်စေနိုင်ပါသည်။ ထိုမှတစ်ဆင့် တရုတ်ရေးရာကျွမ်းကျင်သူများဖြစ်လာအောင် လေ့ကျင့်မွေးထုတ်နိုင်မည်ဖြစ်သည်။
အမေရိကန်ထောက်လှမ်းရေးအဝန်းအဝိုင်းတွင် တရုတ်ရေးရာကျွမ်းကျင်သူများ ပေါင်းစပ်လိုက်ခြင်းအားဖြင့် အမေရိကန်အစိုးရ၏ CCP ရည်ရွယ်ချက်များကို နားလည်နိုင်သည့်စွမ်းရည်မြှင့်တင်ရန်၊ ထောက်လှမ်းရေးသတင်းအချက်အလက် စုဆောင်းရာတွင် ပိုမိုလွယ်ကူကောင်းမွန်ရန်နှင့် ထိရောက်သည့် မူဝါဒများချမှတ် ဆောင်ရွက်နိုင်မှုများတွင် ပိုမိုတိုးတက်လာမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် အမေရိကန်အနေဖြင့် တရုတ်၏အန္တိမရည်မှန်းချက်များကို ကာလအတော်ကြာအောင် လျော့တွက်ခဲ့ကြပါသည်။ တရုတ်အနေဖြင့် ၎င်း၏ ဒေသတွင်းအကျိုးစီးပွားကို ချဲ့ထွင်ခြင်းထက်ပိုသည့် ကမ္ဘာအဆင့်သို့ တက်လှမ်းရန် ရည်ရွယ်ချက်ရှိနေသည်ကို ပင်တဂွန်မှ ၂၀၁၉ ခုနှစ်ရောက်မှ စတင်ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း National Intelligence University မှ CCP ၏ ထုတ်ပြန်ချက်များကို နက်နက်ရှိုင်းရှိုင်း လေ့လာနေသည့် Daniel Tobin ကဲ့သို့သော ပညာရှင်များက ထိုအချက်ကို ထောက်ပြနေသည်မှာ ကြာပြီဖြစ်ပါသည်။
ထိုကဲ့သို့သောပညာရှင်များရှိခြင်းက အမေရိကန်နှင့် မိတ်ဘက်နိုင်ငံများမှ တာဝန်ရှိသူများအနေဖြင့် တရုတ်၏ခြေလှမ်းများကို မှန်းဆတွက်ချက်ရန် ဆောင်ရွက်ပေးနိုင်ပါသည်။ နိုင်ငံတကာရှိ တရုတ်ဩဇာချဲ့ထွင်ရေး ကွန်ရက်များကိုလည်း ထုတ်ဖော်ပေးနိုင်သည်။ တရုတ်စပိုင်လေဘောလုံးများနောက်ကွယ်က ကိစ္စရပ်များကို ဖော်ထုတ်ထောက်လှမ်းခြင်းကတော့ ထိုကိစ္စနှင့်ပတ်သက်သည့် အထူးကျွမ်းကျင်သူများလိုပါလိမ့်မည်။ ခေတ်မီနည်းပညာအကူအညီများရှိနေသည့် ကျွမ်းကျင်ပညာရှင်များသည် အမေရိကန်ထောက်လှမ်းရေး၏ အထူးကိစ္စရပ်များကိုလည်း ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်သည်။ ဥပမာအားဖြင့် တရုတ်၏ Uyghur Forced Labor Prevention Act က ကုန်ပစ္စည်းများတင်သွင်းခြင်းကို အားပေးသည့် ကိစ္စရပ်များကို တားမြစ်ပိတ်ပင်ထားသည်။ သို့သော်လည်း ထိုကိစ္စရပ်များတွင် ပါဝင်နေသည့် တရုတ်ကုမ္ပဏီများကို တရုတ်ရေးရာကျွမ်းကျင်သူများ၊ ဒေသဆိုင်ရာအသုံးအနှုန်းကျွမ်းကျင်သူများ၊ ကုမ္ပဏီများ၏အချက်အလက်များကို သိရှိသူများက ဖော်ထုတ်ပေးနိုင်ပေသည်။
ဒါတင်လုံလောက်ပြီလား
အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝန်း၏ တရုတ်နှင့်ပတ်သက်သည့် စိန်ခေါ်မှုများမှာ အလွန်ကြီးမားပါသည်။ သို့ပေမယ့် ရှေ့တွင် အတုယူစရာ အတွေ့အကြုံများရှိနေပါသည်။ စစ်အေးကာလအတွင်းက အမေရိကန်အနေဖြင့် အလွန်လျှို့ဝှက်သည့်ကွန်မြူနစ်ပါတီက ထိန်းချုပ်ထားသော ကြီးမားသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ဆိုဗီယက်နှင့် ယနေ့ တရုတ်နိုင်ငံအကြားတွင် ကွာခြားမှုပေါင်းများစွာရှိနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ယနေ့ ဝါရှင်တန်ရင်ဆိုင်နေရသည့် အဓိကစိန်ခေါ်မှုမှာ ကမ္ဘာ့အနှံ့မှ ထောက်လှမ်းရေးသတင်းအချက်အလက်များရယူနိုင်ရန် ကျယ်ပြန့်သည့် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တစ်ခုလိုအပ်နေခြင်းဖြစ်ပါသည်။ အမေရိကန်နှင့် တရုတ် နှစ်ဖက်စလုံးကလည်း သူတို့၏ ထောက်လှမ်းရေးများဖြန့်ကျက်နိုင်ရန်နှင့် အားနည်းချက်များကို ကုစားရန် ပြင်းထန်စွာကြိုးစားနေကြပါသည်။
၂၀ ရာစုထဲတွင် အမေရိကန်အနေဖြင့် သူ၏ပြိုင်ဘက်ကို နားလည် ခန့်မှန်းနိုင်ပါသည်။ ဆိုဗီယက်၏ သတင်းအချက်အလက်များရရှိနိုင်ရန် ဂြိုလ်တုနည်းပညာကို အသုံးချနိုင်ခဲ့သည်။ ယနေ့တွင် မြောက်မြားစွာသော Open-source Data များကို ကိုင်တွယ်နိုင်ရန် AI ကို အသုံးချနိုင်သည်။ ၂၀ ရာစုက အမေရိကန်အနေဖြင့် ဆိုဗီယက်၏ သံကွန်ချာနောက်ကွယ်မှ၊ ပတ်ဝန်းကျင်နေရာများမှ ၎င်း၏ ထောက်လှမ်းရေး ကျွမ်းကျင်ပညာရှင်များကို တရားဝင်နည်းလမ်းများဖြင့် နေရာချထားခြင်း၊ စုဆောင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။ ယခုလည်း တရုတ်နှင့် ရင်ဆိုင်ရာတွင် ထိုနည်းလမ်းကို ပြန်လည်ကျင့်သုံးရန် လိုအပ်ပါသည်။
ဒီအကြံပြုချက်များအားလုံးဆောင်ရွက်နိုင်မည်ဆိုလျှင် ဝါရှင်တန်အနေဖြင့် တရုတ်ကို ကိုင်တွယ်ရာတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ပါလိမ့်မည်။ အမှန်တကယ်တော့ ဒီလိုစမ်းသစ်မှုများ၏ အကျိုးရလာဒ်က အထင်အရှားရှိနေပါသည်။ Open-source Researchers များအနေဖြင့် CCP ၏လျှို့ဝှက်စစ်ဆင်ရေများနှင့် ပြင်ပတွင်ခြေရှုပ်မှုများစသည့် တရုတ်၏ အရေးကြီး သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး ၎င်းတို့၏ အမြင်များကို ထုတ်ဖော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။ သူတို့က အမေရိကန်အတွက် တရုတ်၏ဆောင်ရွက်နေမှုကို နားလည်ရန်နှင့် ထိုင်ဝမ်ကျွန်းအနီးရှိ တရုတ်၏စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရယူပေးခဲ့ပြီးဖြစ်သည်။ အကယ်၍ အမေရိကန်ထောက်လှမ်းရေး ကွန်ရက်အနေဖြင့် Open-source Information များကို ပိုမိုစုဆောင်းနိုင်ပြီး နည်းပညာမြင့် AI အထောက်အကူကိုသာရရှိမည်ဆိုပါက ၎င်းကျွမ်းကျင်သူများအနေဖြင့် ယခုထက်ပို၍ သင်ယူခြင်း၊ မျှဝေခြင်းများကို ဆောင်ရွက်နိုင်လာပါလိမ့်မည်။ အကယ်၍ တရုတ်ရေးရာကျွမ်းကျင်ပညာရှင်များကို စုဆောင်းနိုင်ပြီး ဘေကျင်း၏ လှုပ်ရှားမှုများကိုမည်ဆိုပါက တရုတ်ဘက်မှ ပညာရှင်များ၏ လှုပ်ရှားမှုနှင့် အရင်းအမြစ်များကိုလည်း အာရုံစိုက်ကြည့်နိုင်မည်ဖြစ်ပါသည်။ ဘေကျင်း၏ အဆုံးအဖြတ်ချမှတ်သည့် ထိပ်ပိုင်းအလွှာမှာ ပွင့်လင်းမြင်သာမှုမရှိသော်လည်း အမေရိကန်အနေဖြင့် အထက်ပါနည်းလမ်းများကို အသုံးပြု၍ တရုတ်၏အပြုအမူများကို နားလည်နိုင်ရန်ဆောင်ရွက်နိုင်ပါလိမ့်မည်။
(ရေးသားသူ Peter Mattis သည် Special Competitive Studies Project တွင် ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဖြစ်သည်)
Myanmar Aspect
12050523