Wednesday, July 12, 2023

နည်းပညာကဏ္ဍတိုးတက်လာမှုက စစ်ပွဲပုံစံများကို ပြောင်းလဲလာစေမှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
စစ်ပွဲတစ်ခုတွင် နည်းပညာကဏ္ဍ၏ သက်ရောက်မှုများကြီးမားလာသော်လည်း Manpower ကို လျစ်လျူရှု၍ မဖြစ်နိုင်သေးဘဲ လျင်မြန်မှု၊ တိကျမှုကိုရရှိရန် နည်းပညာအကူအညီများအသုံးပြုလာသည့် ခေတ်သစ် Electronic Warfare အကြောင်းကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
၁၉၇၀ ပြည့်နှစ်ကတည်းက ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နည်းပညာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု (အထူးသဖြင့် ပစ်မှတ်များကို ထိရောက်စွာ ပစ်ခတ်နိုင်သည့် တာဝေးပစ်လက်နက်များနှင့် ရန်သူ့ပစ်မှတ်များကို ရှာဖွေနိုင်သည့် ဂြိုဟ်တုကဲ့သို့သော စနစ်များကို ချိတ်ဆက်ဆောင်ရွက်မှု စစ်နည်းဗျူဟာသစ်)ကို အနီးကပ်လေ့လာ စောင့်ကြည့် ခဲ့ကြပါသည်။ ၁၉၉၁ ခုနှစ်၊ အီရတ်စစ်ပွဲ၌ အမေရိကန်နိုင်ငံအနေဖြင့် အီရတ်နိုင်ငံအပေါ် အချိန်တိုအတွင်း အနိုင်ရရှိခဲ့မှုသည် အဆိုပါစစ်နည်းဗျူဟာ၏ အရေးပါမှုကို မီးမောင်းထိုး ပြနေခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် နည်းပညာအသုံးပြု၍ ရန်သူ၏ ဌာနချုပ်များနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို တိကျစွာရှာဖွေပစ်ခတ်၍ တစ်ဖက်ရန်သူအပေါ် ဖိအားပေးခြင်းကဲ့သို့သော ပုံစံမျိုးများပါဝင်ပါသည်။ ထိုကဲ့သို့သော စစ်နည်းဗျူဟာကို အမေရိကန်နိုင်ငံက “Revolution in Military Affairs” ဟု ခေါ်ဆိုကြပြီး ရုရှားနိုင်ငံကမူ “Reconnaissance-strike complex” ဟု ခေါ်ဆိုပါသည်။
စစ်အင်အားတောင့်တင်းသည့် အစ္စရေးစစ်တပ်သည်ပင် အနာဂတ် စစ်ပွဲများတွင် သမားရိုးကျလူအင်အားနှင့်တင့်ကားများ အများအပြား ပါဝင်ဆင်နွှဲသည့် စစ်နည်းဗျူဟာမျိုးထက် နည်းပညာနှင့် ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည့် လက်နက်များ ပူးတွဲအသုံးပြု၍ တိုက်ခိုက်သည့် စစ်နည်းဗျူဟာမျိုးက ပိုမိုထိရောက်သည်ကို လက်ခံ လာကြပါသည်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ကလည်း နိုင်ငံများအနေဖြင့် အနာဂတ်စစ်ပွဲ များနှင့် စပ်လျဉ်း၍ ဆိုက်ဘာကဲ့သို့သော နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်သင့်သည်ဟု ဆိုထားပါသည်။ ထို့ပြင် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့် စပ်လျဉ်း၍ သုတေသီအချို့၏ ယူဆချက်များ (အထူးသဖြင့် စစ်အင်အား၊ လူအင်အား တောင့်တင်းခိုင်မာသည့် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံကို အချိန်တိုအတွင်း သိမ်းယူ နိုင်သည်ဟု ယူဆထားမှုများ)သည် လွဲမှားခဲ့ကြပါသည်။ ဥပမာအားဖြင့် လက်ရှိအချိန်၌ ရုရှားနိုင်ငံဘက်တွင် စစ်သည် ၂ သိန်းကျော် ထိခိုက်သေဆုံးမှုရှိခဲ့သော်လည်း ယူကရိန်းနိုင်ငံဘက်တွင်မူ စစ်သည် ၁ သိန်းကျော်သာ ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုပါသည်။
ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့် ပထမကမ္ဘာစစ်ကို နှိုင်းယှဉ်မည်ဆိုပါက ပထမကမ္ဘာစစ်တွင် ဗြိတိန်နိုင်ငံသည် ၁၉၁၆ ခုနှစ် Somme တိုက်ပွဲမတိုင်မီက တစ်ရက်လျှင် လက်နက်ကြီးပစ်ခတ်မှုအကြိမ်အရေအတွက် ၂ သိန်းနီးပါးရှိခဲ့သော်လည်း ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ၌ ရုရှားနိုင်ငံသည် တစ်ရက်လျှင် ၆ သောင်းနီးပါသာ ပစ်ခတ်လျက်ရှိပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ ပိုမိုကြာမြင့်လာသည်နှင့်အမျှ နှစ်ဖက်စလုံးတွင် ခဲယမ်းထောက်ပံ့မှု၊ ထုတ်လုပ်မှုကဏ္ဍတို့တွင် အားနည်းလာကြသည့် အပြင် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ ယူဆထားသည့်အတိုင်း ဖြစ်မလာမှု၊ အထူးသဖြင့် ပဋိပက္ခ ပိုမိုကြာမြင့်လာမှုကို ကြည့်ခြင်းဖြင့် ခေတ်မီနည်းပညာရှိသော်လည်း လူအင်အား(Manpower)နည်းခြင်းသည် စစ်ပွဲအောင်နိုင်ခြင်းကို အမြဲတမ်းမစွမ်းဆောင် နိုင်ဟုဆိုသော အယူအဆသစ်ကို မီးမောင်းထိုးပြနေပါသည်။ ထို့ပြင် ဗြိတိန်(ကြည်း)တပ်၏ ဗိုလ်ချုပ် Patrick Sanders ကလည်း ဆိုက်ဘာစစ်ပွဲတစ်ခုထဲဖြင့် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်မဖြစ်နိုင်ဟု ပြောကြားထားပါသည်။
ရန်သူ့ပစ်မှတ်များကို ထိရောက်စွာ ပစ်ခတ်နိုင်သည့် တာဝေးပစ်လက်နက် များနှင့် ရန်သူ့ပစ်မှတ်များကို ရှာဖွေနိုင်သည့် ဂြိုဟ်တုကဲ့သို့သော စနစ်နှစ်ခုကို ချိတ်ဆက်၍ အချိန်တိုအတွင်းတိုက်ခိုက်နိုင်သော စစ်နည်းဗျူဟာသစ်၏ စစ်ပွဲများ အပေါ် လွှမ်းမိုးမှု မည်မျှကြီးမားသည်ကို လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခတွင် တွေ့မြင်နိုင်ပါသည်။ လက်ရှိအချိန်၌ ရန်သူ့ကင်းထောက်လုပ်ငန်း များတွင် ဒရုန်းများကို ပိုမိုအသုံးပြုလာပြီး ၎င်းတို့၏ အချိန်တိုအတွင်း သတင်း အချက်အလက်ပြန်လည်ပေးနိုင်မှုသည်လည်း အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားသည့် ပထမခြောက်လ အတွင်း၌ ကိုယ်ပိုင်ဒရုန်းများရှိသည့် ရုရှားနိုင်ငံအမြောက်တပ်များသည် ပစ်မှတ် များအား သုံးမိနစ်မှငါးမိနစ်အတွင်း ရှာဖွေတိုက်ခိုက်မှု ပြုလုပ်နိုင်သော်လည်း ကိုယ်ပိုင် ဒရုန်းများမရှိသည့် အမြောက်တပ်များအနေဖြင့် ပစ်မှတ်အား မိနစ် ၃၀ နီးပါး ရှာဖွေ ရသည့်အပြင် တိုက်ခိုက်ရာတွင်လည်း တိကျမှုအားနည်းကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် အနောက်အုပ်စု စစ်တပ်များအနေဖြင့် စစ်ပွဲများတွင် အသုံးပြုရန်၊ အထူးသဖြင့် ရန်သူ့သတင်းထောက်လှမ်းရန် ဗီဒီယိုကင်မရာများ(Video Cameras)၊ အပူခြေရာခံသည့်စနစ်(Thermal Imagers)နှင့် ရေဒီယိုအင်တင်နာ(Radio Antennas) တို့ကို အသုံးပြုနေပြီး ၎င်းတို့မှတစ်ဆင့် ရရှိသည့် ရန်သူ့သတင်းအချက်အလက်နှင့် တည်နေရာများကို အနီးဆုံးတွင် ရှိနေသော မိမိတို့၏ လက်နက်ကြီးစခန်းများ၊ အမြောက်တပ်များ၊ တပ်ဖွဲ့များနှင့် စစ်သင်္ဘောများထံသို့ပေးပို့၍ ထိရောက်လျင်မြန်သော တိုက်ခိုက်မှုပြုလုပ်သည့် စစ်နည်းဗျူဟာကို ဖော်ဆောင်ရန် ကြိုးပမ်းလာသည်မှာ နှစ်ပေါင်းကြာမြင့်နေပြီဖြစ်ပါသည်။ အဆိုပါ စစ်နည်းဗျူဟာအား ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ၌ စတင်အသုံးပြုလာသည်ကို တွေ့ရှိရခြင်းသည် အနာဂတ်စစ်ပွဲများ၏ ပုံစံသစ်များကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်ပါသည်။
ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ၌ ယူကရိန်းနိုင်ငံအသုံးပြုနေသော ဟောင်ဝစ်ဇာ အမြောက်ကြီးများသည် ယခင်ကအမေရိကန်နှင့် ဆိုဗီယက်တို့ထံမှ ရရှိထားသော လက်နက်ကြီးများဖြစ်သည့်အတွက် ခေတ်နောက်ကျနေသည့်အပြင် အရေးကြီးအစိတ်အပိုင်း များမှာလည်း ပျက်စီးယိုယွင်းနေပါသည်။ သို့သော်လည်း ယူကရိန်းနိုင်ငံသည် အဆိုပါ လက်နက်ကြီးများကို အခြားအဆင့်မြင့်နည်းပညာများ(Algorithms အပါအဝင်)နှင့် ပူးပေါင်း၍ တိုက်ခိုက်သည့် စစ်နည်းဗျူဟာသစ်ကို ဖော်ဆောင်တိုက်ခိုက်နေပါသည်။ လက်ရှိအချိန်၌ ယူကရိန်းနိုင်ငံသည် “Starlink” ဟု ခေါ်သော Network (Elon Musk ၏ SpaceX ကုမ္ပဏီမှ လွှတ်တင်ထားသော ဂြိုဟ်တုမှရရှိ)တစ်ခုကို ဝင်ခွင့်ရရှိထားပြီး သာမန်ယူကရိန်းစစ်သားတစ်ယောက်သည်ပင် အဆိုပါ Network ကို ဝင်ရောက် အသုံးပြုနိုင်ပါသည်။ အထူးသဖြင့် အဆိုပါ Network မှတစ်ဆင့် လက်ရှိ ဆောင်ရွက် နေသော ယူကရိန်းနှင့် ရုရှားနိုင်ငံတို့၏ စစ်မြေပြင်လှုပ်ရှားမှုများကို တိုက်ရိုက်ကြည့်ရှု နိုင်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ယူကရိန်း နည်းပညာရှင်အချို့မှ ရေးသားထားသည့် Delta ဆော့ဝဲလ်သည် ရုရှားနိုင်ငံနှင့်စပ်လျဉ်းသော သတင်းအချက်အလက်များကို များစွာရှာဖွေပေးနိုင်သည့် အပြင် အဆိုပါဆော့ဝဲလ်အား America's National Geospatial-Intelligence Agency နှင့် ချိတ်ဆက်ထားသောကြောင့် အမေရိကန်နိုင်ငံ၏ အရပ်ဘက်သုံးဂြိုဟ်တုများမှတစ်ဆင့် မှတ်တမ်းဓာတ်ပုံများကို ရယူနိုင်ပါသည်။ အဆိုပါဆော့ဝဲလ်သည် ယူကရိန်းနိုင်ငံ အတွက် သတင်းအချက်အလက်ရယူမှု၌ အထောက်အကူများစွာပြုနေပြီး ထိုမှတစ်ဆင့် ဒရုန်းများစေလွှတ်၍ ပစ်မှတ်ရှာဖွေခြင်းကို လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ၌ ရုရှားနိုင်ငံသည် ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်ကွပ်ကဲသည့် ဒရုန်းနှင့် အမြောက်တပ်များ ပူးတွဲတိုက်ခိုက်သည့် “Networked Warfare” ကို ဖော်ဆောင်နေခြင်းဖြစ်ပါသည်။ ထို့ပြင် ရုရှားနိုင်ငံ၏ ထောက်လှမ်းရေး စနစ်သည် ကောင်းမွန်သော်လည်း ၎င်းကို ထိရောက်စွာ အသုံးပြုရန် လိုအပ်နေသေးကြောင်း ဖော်ပြထားပါသည်။
အဆိုပါစစ်ရေးပဋိပက္ခ၏ အစပိုင်း၌ ရုရှားနိုင်ငံလေတပ်မှ ယူကရိန်းနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အောင်မြင်စွာ မတိုက်ခိုက်နိုင်ခဲ့ခြင်းသည် ရုရှား ထောက်လှမ်းရေးမှ ရုရှားနိုင်ငံကွပ်ကဲမှုဌာနချုပ်သို့ ပစ်မှတ်နှင့်စပ်လျဉ်းသော သတင်း အချက်အလက်ပေးပို့မှုအချိန် ကြာမြင့်သောကြောင့်ဖြစ်ပါသည်။ သတင်းရရှိသည့်အချိန်၌ ၎င်းတို့၏ပစ်မှတ်များသည် အခြားသောနေရာများသို့ ရွှေ့ပြောင်းသွားသောကြောင့်ဖြစ်ပါသည်။ လက်ရှိအချိန်ထိလည်း ရုရှားနိုင်ငံသည် အဆိုပါပြဿနာ (သတင်းအချက် အလက်ပေးပို့မှု နောက်ကျခြင်း)ကို ဆက်လက်ရင်ဆိုင်နေရပါသည်။ ဂျာမနီနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဦးစီးချုပ်ဟောင်း Nico Lange က ယူကရိန်းနိုင်ငံသည် “Data-driven Combat” ဟု ခေါ်သည့် စစ်နည်းဗျူဟာကို အသုံးပြုနေကြောင်း၊ ဆိုလို သည်မှာ Kropyva နှင့် Delta ကဲ့သို့သော သတင်းအချက်အလက်စုဆောင်းသည့် ဆော့ဝဲလ်များ၊ AI များကို အသုံးပြု၍ သတင်းရှာဖွေကာ ရရှိလာသော အရေးကြီးသတင်း များအား “WhatsApp” တွင် Group ဖွဲ့၍ သတင်းအချက်အလက်မျှဝေခြင်းကို ပြုလုပ်ခြင်းဖြင့် သတင်းအချက်အလက်ပေးပို့မှု မြန်ဆန်သည့်အပြင် ပစ်မှတ်ကိုပါ လျင်မြန်စွာ ရှာဖွေပစ်ခတ်နိုင်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ခေတ်သစ်စစ်ပွဲများ၏ လျင်မြန်မှု(Speed)နှင့် တိကျမှု(Precision)သည် စစ်နည်းဗျူဟာအပေါ်ကို သက်ရောက်မှုများစွာရှိနေသောကြောင့် ယခင်အသုံးပြုခဲ့သော စစ်နည်းဗျူဟာများအပေါ်တွင် စိန်ခေါ်မှုများရှိလာပါသည်။ ထို့ပြင် ပုံဖျက်ဖုံးကွယ်ခြင်း နည်းဗျူဟာတွင် ပါဝင်သည့် Camouflage အသုံးပြုခြင်း၊ Thermal Blanket အသုံးပြုခြင်း တို့ကိုပါ ထောက်လှမ်းနိုင်သည့် နည်းစနစ်များ ပေါ်ထွက်လာသောကြောင့် အဆိုပါ နည်းဗျူဟာအပေါ်တွင်ပါ စိန်ခေါ်မှုများရှိလာပါသည်။ RUSI ၏ အဆိုအရ အနာဂတ် စစ်ပွဲတွင် အသက်ရှင်ရပ်တည်နိုင်ရန်နှင့် ဆုံးရှုံးမှုနည်းစေရန် အကောင်းဆုံးနည်းလမ်းမှာ လျင်မြန်စွာရွေ့လျားမှုနှင့် တည်နေရာပြောင်းလဲနိုင်မှုပင်ဖြစ်သည်ဟုဆိုသည်။ ထို့ပြင် လက်ရှိအချိန်၌ ယူကရိန်းနိုင်ငံ၏ ခံစစ်ကဏ္ဍကောင်းမွန်နေခြင်းသည် နည်းပညာအား ထိရောက်စွာ အသုံးပြု၍ သတင်းအချက်အလက်ပေးပို့မှုမြန်ဆန်ခြင်းပင်ဖြစ်ပြီး ထိုမှတစ်ဆင့် ပစ်မှတ်အား လျင်မြန်စွာတိုက်ခိုက်နိုင်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အနာဂတ်စစ်ပွဲတစ်ခု၌ နည်းပညာကဏ္ဍ၏ သက်ရောက်မှု အားများလာနိုင်သော်လည်း စစ်တပ်၏ အခြေခံအုတ်မြစ်ဖြစ်သည့် လူအင်အား (Manpower)ကို လုံးဝကျော်လွန်ရန်မဖြစ်နိုင်သေးသော်လည်း ဒရုန်းများနှင့် နည်းပညာ သုံး၍ တိကျသည့်တည်နေရာနှင့် သတင်းအချက်အလက်ရှာဖွေသည့် အီလက်ထရောနစ် စစ်ဆင်ရေး(Electronic Warfare)ကို အသုံးပြုနိုင်သည့် စစ်တပ်များက အားသာချက် များစွာရှိကြောင်း၊ တစ်နည်းအားဖြင့် နည်းပညာနှင့် လူအင်အား(Manpower) ကဏ္ဍ နှစ်ခုစလုံးကို ပူးတွဲအသုံးပြုမှုသည် ပိုမိုထိရောက်သည့် စစ်နည်းဗျူဟာတစ်ခု ဖြစ်ကြောင်းကို ရေးသားထားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ အကြားတွင် တည်ရှိနေသော ပထဝီအနေအထားကြောင့် အနာဂတ်စစ်ရေးကဏ္ဍ၌ Manpower ကို ထည့်သွင်းတွက်ချက်ပါက စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး ယခုအခါ ထိုနိုင်ငံများနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသော ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်မှုများ၊ လူဦးရေ လျော့ကျနိုင်သည့်အနေအထားသို့ ရောက်ရှိလာနိုင်ခြင်းသည်လည်း အနာဂတ် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးအတွက် ထည့်သွင်းစဉ်းစားရမည့်အချက် ဖြစ်သည်ဟု ယူဆပါသည်။
ထို့ပြင် ဆောင်းပါးတွင်ပါရှိသော ရုရှား-ယူကရိန်း ပဋိပက္ခ၌ အသုံးပြု နေသည့် စစ်နည်းဗျူဟာများဖြစ်သော Electronic Warfare ၊ အဆင့်မြင့်နည်းပညာသုံး လျင်မြန်မှု(Speed)နှင့် တိကျမှု(Precision)ဦးစားပေး စစ်နည်းဗျူဟာ၊ မောင်းသူမဲ့ လေယာဉ်နှင့် ဒရုန်းနည်းပညာအပြင် ၎င်းတို့အား တန်ပြန်တိုက်ဖျက်ရေးနည်းပညာများ၊ AI ၊ Nano ၊ Quantum နည်းပညာသုံးလက်နက်စနစ်များ တိုးတက်လာမှုနှင့် စွမ်းအားမြင့်လာမှုများကို မျက်ခြေမပြတ်ရန်အရေးကြီးကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

62071323

Tuesday, July 11, 2023

ဗီယက်နမ်နိုင်ငံ၏ ကမ္ဘာ့အဆင့်မှီ ပညာရေးစနစ်တည်ဆောက်ထားနိုင်မှုနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ဗီယက်နမ်နိုင်ငံ၏ ပညာရေးစနစ်သည် ကမ္ဘာ့အဆင့်အတန်းတစ်ခုတွင် ရပ်တည်နေပြီး အဘယ့်ကြောင့် ကမ္ဘာ့အကောင်းဆုံးထဲတွင်ရှိနေရခြင်း၊ ဗီယက်နမ်အစိုးရ၏ ပညာရေးစနစ်တည်ဆောက်ထားပုံနှင့် ကျောင်းဆရာ/ဆရာမများ အပေါ် လေ့ကျင့်၊ စီမံခန့်ခွဲမှုများကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
ဗီယက်နမ်နိုင်ငံကို စတင်တည်ထောင်ခဲ့သည့် ဟိုချီမင်း(Ho chi Minh)သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် လမ်းကြောင်းများ ဖန်တီးပေး ခဲ့ပါသည်။ ၎င်း၏ မူဝါဖြစ်သည့် “၁၀ နှစ်တာ အကျိုးအတွက်ဆို အပင်စိုက်၊ နှစ် ၁၀၀ အကျိုးအတွက်ဆို ပညာတတ်လူသားအရင်းအမြစ် မွေးထုတ်ပါ”ဆိုသည့် ဆိုရိုးအတိုင်း ပညာရေးစနစ်ကိုအဆင့်မြှင့်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လျက် ရှိသော်လည်း နိုင်ငံသားတစ်ဦးစီ၏ GDP သည် အမေရိကန်ဒေါ်လာ ၃,၇၆၀ သာ ရှိပြီး ဒေသတွင်းနိုင်ငံများဖြစ်သည့် မလေးရှားနှင့် ထိုင်းနိုင်ငံတို့ထက် နည်းပါးလျက် ရှိနေသေးပါသည်။ သို့သော်လည်း ဗီယက်နမ်နိုင်ငံအနေဖြင့် ဟိုချီမင်း၏ ပညာရေးနှင့် ပတ်သက်သည့် အတွေးအခေါ်အတိုင်း ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်အကောင် အထည်ဖော်လျက်ရှိပါသည်။
ဗီယက်နမ်နိုင်ငံမှ ကလေးသူငယ်များသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံး ပညာရေးစနစ်များထဲမှ စနစ်တစ်ခုအတွင်း ပညာသင်လျက်ရှိပြီး နိုင်ငံတကာ၏ သုတေသနပြုချက်များအရ ဗီယက်နမ်ကျောင်းသားများ၏ စာဖတ်ခြင်း၊ သင်္ချာနှင့် သိပ္ပံ ဘာသာရပ်များတွင် ထူးချွန်ကြကြောင်းတွေ့ရှိရပါသည်။ ကမ္ဘာ့ဘဏ်၏ နောက်ဆုံးစစ်တမ်းများအရ ဗီယက်နမ်ကျောင်းသားများသည် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ကျောင်းသားများထက် ထူးချွန်ပြီး နိုင်ငံချမ်းသာသည့် ဗြိတိန်နှင့် ကနေဒါနိုင်ငံ ကျောင်းသားများထက် ထူးချွန် နေသည်ကို တွေ့ရပါသည်။ ကျောင်းသားများ၏ စာသင်ကြားမှု အလေ့အကျင့်သည် အတူနေမိဘများ၊ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်နှင့် အဓိကသက်ဆိုင်နေပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် Stockholm စီးပွားရေးကျောင်းမှ ပါမောက္ခ Abhijeet Singh သည် အီသီယိုးပီးယား၊ အိန္ဒိယ၊ ပီရူးနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကျောင်းသားများပါဝင်သည့် Identical စာမေးပွဲ ရလဒ်များအရ ဗီယက်နမ်နိုင်ငံ၏ အသက် ၅ နှစ်နှင့် ၈ နှစ်အရွယ် ကျောင်းသားများသည် အခြားနိုင်ငံမှကျောင်းသားများထက် ပိုမိုထူးချွန်သည်ကို တွေ့ရှိခဲ့ပါသည်။ အသက် ၁ နှစ် ကြီးလေ ကလေးငယ်များ၏ အမြှောက်သင်္ချာပုစ္ဆာများ ဖြေရှင်းနိုင်စွမ်းသည် ၂၁ ရာခိုင်နှုန်းထိ တိုးမြှင့်လာကြကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံကျောင်းများသည် အခြားဆင်းရဲသည့် နိုင်ငံများနှင့်မတူဘဲ တိုးတက်ကောင်းမွန်လျက်ရှိနေပါသည်။ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၏ သုတေသန အချက်အလက်များအရ ဖွံ့ဖြိုးဆဲနိုင်ငံ ၈၇ နိုင်ငံမှ ၅၆ နိုင်ငံတို့၏ ပညာရေးစနစ်သည် ၁၉၆၀ ပြည့်နှစ်ကတည်းက ပျက်စီးယိုယွင်းလာခဲ့သော်လည်း ဗီယက်နမ်နိုင်ငံ ပညာရေး မှာမူ ကောင်းမွန်လျက်ရှိပါသည်။ ထိုသို့ကောင်းမွန်လာရခြင်းမှာ ဗီယက်နမ်နိုင်ငံ၏ ကျောင်းဆရာ၊ ဆရာမများ၏ အရည်အချင်း/ အရည်အသွေး(Caliber)မှာ ထိုသို့တိုးတက်ရခြင်း၏ အကြောင်းအရင်းတစ်ခု ဖြစ်သည်ဟုဆိုသည်။ ဗီယက်နမ်နိုင်ငံမှ ဆရာ/ဆရာမများသည် အခြားနိုင်ငံမှ ဆရာ/ဆရာမ များထက် ထူးခြားကောင်းမွန်နေခြင်းမဟုတ်ဘဲ ၎င်းတို့၏ ထိရောက်စွာ စာသင်ကြား နိုင်ခြင်းက တိုးတက်ရခြင်း၏ အဓိကအချက်ဖြစ်နေပါသည်။ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံကျောင်းသားတို့ ယှဉ်ပြိုင်သည့် သင်္ချာဘာသာရပ်ဆိုင်ရာ စာမေးပွဲ ရလဒ်များကို ကြည့်ခြင်းအားဖြင့် ကျောင်းဆရာ၊ ဆရာမများ၏ ထိရောက်စွာ စာသင်ကြားမှု အရည်အချင်းများ ကွာခြားချက်ရှိနေ သည်ကို တွေ့ရှိရပါသည်။ ထိုသို့ ဗီယက်နမ်ကျောင်းဆရာ၊ ဆရာမများအနေဖြင့် ၎င်းတို့၏ စာသင်ကြားရေးတာဝန်တွင် ထူးချွန်နေကြခြင်းမှာ အစိုးရမှ ကောင်းစွာလေ့ကျင့် ပေးထားခြင်းနှင့် စီမံခန့်ခွဲမှုကောင်းခြင်းကြောင့်ဖြစ်ပါသည်။ ဆရာ/ဆရာမများ အနေဖြင့် ပညာရပ်ဆိုင်ရာ သင်တန်းများစွာတက်ရောက်ရပြီး စာသင်ခန်းအတွင်း ကျောင်းသားများစိတ်ဝင်စားမည့် သင်ကြားရေးနည်းလမ်းများအား လွတ်လပ်စွာ အသုံးပြု နိုင်ခွင့် ပေးထားပါသည်။ ဝေးလံခေါင်ဖျားသည့် ဒေသများတွင် တာဝန်ကျရောက်သည့် ကျောင်းဆရာ၊ ဆရာမများအတွက်လည်း လစာနှုန်းထားများ ပိုမိုသတ်မှတ်ထားပြီး ဆရာ/ဆရာမများ၏ အရည်အချင်းသတ်မှတ်ချက်ကိုလည်း ကျောင်းသားများ၏ အရည်အသွေးပေါ်တွင်မူတည်၍သတ်မှတ်ပေးပါသည်။ ထူးချွန်သည့်ကျောင်းသားများ မွေးထုတ်ပေးနိုင်ပါက အကောင်းဆုံးဆရာ/ဆရာမဆုကို ပေးအပ်လေ့ရှိကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံ ပညာရေးစနစ်သည် အထက်တွင် ဖော်ပြထားသည့် ကောင်းမွန်ခြင်းများ ရှိသကဲ့သို့ ပညာရေးဝန်ထမ်းများကို ကွန်မြူနစ်ပါတီမှတစ်ဆင့် ပြန်လည်ထိန်းချုပ်ထားခြင်းများလည်းရှိပါသည်။ ကွန်မြူနစ်ပါတီအနေဖြင့် ပညာရေး ကဏ္ဍကို အောက်ခြေအဆင့်အထိ စိမ့်ဝင်ထားပြီး ကျောင်းအုပ်ကြီးများသည် ကွန်မြူနစ် ပါတီဝင်များဖြစ်ကြပါသည်။ သို့သော်လည်း ထိုကဲ့သို့ပါတီနှင့် ပြန်လည်ထိန်းကျောင်း ထားမှုသည် အခြားသော ထိရောက်မှုများလည်းရှိနေ ပါသည်။ ပြည်နယ်များအနေဖြင့်လည်း ၎င်းတို့ဘတ်ဂျက်၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍအတွက် အသုံးပြုရပါသည်။ ထိုလုပ်ဆောင်ချက်က ဒေသအလိုက်တန်းတူညီမျှရေးကို ဖြစ်စေသည့်အပြင် ပါတီအနေဖြင့် နိုင်ငံ၏ ပညာရေးအား အနီးကပ်စောင့်ကြည့်နေပြီး ကျောင်းသင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးစံနှုန်းများကို အချိန်နှင့်တစ်ပြေးညီ အဆင့်မြှင့်တင်နေပါသည်။ ဗီယက်နမ် လူ့အဖွဲ့အစည်းကလည်း ထိုစနစ်ကို လက်ခံပံ့ပိုးပေးကြသည့်အပြင် ပြည်သူများသည် ပညာရေးကဏ္ဍကို ဦးစားပေးကြပါသည်။ ဗီယက်နမ်နိုင်ငံမှ ငွေကြေးမပြည့်စုံသည့် မိဘများသည်ပင် ၎င်းတို့ သား/သမီးများကို အချိန်ပိုပညာသင်ကြားနိုင်ရန် ငွေကြေး စိုက်ထုတ်ကြပါသည်။ ထို့ပြင် ကျောင်းသားမိဘများသည် အကောင်းဆုံး ဆရာ/ဆရာမဆု ရရှိထားသည့် ကျောင်းများကို ဦးစားပေးရွေးချယ်လေ့ရှိကြောင်း ဖော်ပြထားပါသည်။
ထိုကဲ့သို့သော ကောင်းမွန်သည့်စနစ်များက ဗီယက်နမ်နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေပြီး ပညာရေးကျောင်းများ တိုးတက်ကောင်းမွန်ခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးသည်လည်း ကျွဲကူးရေပါ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ပါသည်။ သို့သော်လည်းဗီယက်နမ်ကျောင်းများအနေဖြင့် ခေတ်စနစ်၏လိုအပ်ချက်ဖြစ်သော နည်းပညာမြင့် လုပ်သားများ မွေးထုတ်ရာတွင် လိုအပ်ချက်ရှိနေပါသေးသည်။ ဖွံ့ဖြိုးတိုးတက်မှုကြောင့် မြို့ပြများတွင် လူနေထိုင်မှုများပြားလာပြီး စာသင်ကျောင်းများတွင် မနိုင်ဝန်ထမ်း နေရခြင်းများလည်းရှိနေပြီး ဆရာ/ဆရာမများအနေဖြင့်လည်း လစာကောင်းသည့် ပုဂ္ဂလိကကျောင်းများကို ပြောင်းရွှေ့လိုနေကြသည်များလည်းရှိနေပါသည်။ ဗီယက်နမ် အစိုးရအနေဖြင့် ထိုလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဆိုပါက ဗီယက်နမ် နိုင်ငံ၏ ပညာရေးစနစ်သည် စဉ်ဆက်မပြတ် တိုးတက်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် ဗီယက်နမ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော်လည်း ပညာရေး စနစ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံအချို့ထက် သာလွန်နေကြောင်းကို သုတေသနအချက်အလက် များဖြင့် သုံးသပ်ရေးသားထားပြီး အစိုးရ၏ စီမံခန့်ခွဲမှုနှင့် မူဝါဒကောင်းမွန်ခြင်း၊ ဆုပေးဒဏ်ပေးစနစ်ကောင်းခြင်းနှင့် ပြည်သူများအနေဖြင့်လည်း ပညာရေးကို အားပေးကြခြင်းကြောင့် ထိုသို့ ကောင်မွန်ရခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်ကို တွေ့ရှိရပါသည်။ ဗီယက်နမ် နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက ပညာရေးစနစ်တိုးတက်ကောင်းမွန်အောင် တစ်စိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် နိုင်ငံတကာကျောင်းသား အကဲဖြတ်ရေး အစီအစဉ်တစ်ခု၏ အချက်အလက်များအရ သိပ္ပံဘာသာရပ်တွင် ဗီယက်နမ်ကျောင်းသားများ၏ အဆင့်သည် နိုင်ငံပေါင်း ၇၂ နိုင်ငံအနက်မှ အဆင့် ၈ နေရာကိုရရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ အသက် ၁၅ နှစ်နှင့်အထက် ကျောင်းတက်နှုန်းသည် ၉၇.၄ ရာခိုင်နှုန်းရှိပြီး မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများတွင် ၉၉ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းထိ ရှိသည်ဟု သိရှိရပါသည်။ ထို့ပြင် ဗီယက်နမ်အစိုးရသည် ၎င်းတို့ ဒေသဆိုင်ရာ ဘတ်ဂျက်၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးစနစ်တွင် အသုံးချလျက်ရှိပြီး ကမ္ဘာပေါ်တွင် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အမြင့်ဆုံး ဘတ်ဂျက်သုံးစွဲမှုဖြစ်ကြောင်း တွေ့ရှိရပါသည်။ အရှေ့တောင်အာရှ မူလတန်းသင်ရိုးညွှန်းတမ်းအစီအစဉ်အရ မူလတန်း ကျောင်းသားများ၏ သင်ယူမှုရလဒ်များ၌ ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများတွင် ပထမအဆင့်သတ်မှတ်ခံရပြီး ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့ပါဝင်သည့်နိုင်ငံ ၆ နိုင်ငံအနက် ဗီယက်နမ်နိုင်ငံမှ မူလတန်းကျောင်းသားများသည် စာမေးပွဲ၊ စာအရေးအသားနှင့် သင်္ချာစသည့် ကျွမ်းကျင်မှု သုံးခုတွင် ပထမနေရာတွင် ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ကိုလိုနီခေတ် ၁၈၄၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၏ ပညာရေး စနစ်ကို အခြေခံကာ အစိုးရအထက်တန်းကျောင်းတစ်ခုကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ထိုမှတစ်ဆင့် ကိုလိုနီစနစ်မှရရှိသည့် ခေတ်မီပညာရေးဖြင့် မြန်မာနိုင်ငံ၏ ပညာရေး စနစ်သည် ၁၉၅၀ ပြည့်နှစ် ဝန်းကျင်ခန့်တွင် ကောင်းမွန်သည့် ပညာရေးစနစ်ရရှိ ခဲ့သော်လည်း တစ်နိုင်ငံလုံးအား လွှမ်းခြုံနိုင်သည့် ပညာရေးစနစ်တစ်ခု မတည်ဆောက် နိုင်ခဲ့ပါ။ ထိုအချိန်မှစ၍ အစိုးရအဆက်ဆက်အနေဖြင့် မိမိတို့ကိုယ်ပိုင်ခေတ်မီသော ပညာရေးစနစ်ကို တည်ဆောက်ရန်ကြိုးပမ်းခဲ့ကြသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ၏ပညာရေးစနစ်သည် ကမ္ဘာပေါ်တွင် အဆင့် ၁၄၀ တွင် ရောက်ရှိနေသည်ကို တွေ့ရှိရ ပါသည်။ သို့သော်လည်း စာတတ်မြောက်မှုနှုန်းမှာ ၉၃.၀၉ ရာခိုင်နှုန်း ရှိနေသည် ကိုလည်း တွေ့ရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံ ဖြန့်ကြက်နိုင်သည့် ပညာရေးစနစ်ကို တည်ဆောက်နိုင်ခဲ့သော်လည်း ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်မီပညာရေးစနစ်အဖြစ်သို့ တက်လှမ်းရန် လိုအပ်ချက်ရှိနေသေးကြောင်းတွေ့ရှိရပါသည်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် မရှိမဖြစ်လိုအပ်သော ပညာရည်မြင့်မားရေးနှင့် လူသားအရင်းအမြစ် မွေးထုတ်နိုင်ရေးအတွက် အစိုးရအဆက်ဆက် မူဝါဒများချမှတ် ဆောင်ရွက်နေသော်လည်း အများစုဖြစ်သော ကျေးလက်နေပြည်သူများမှာ ဝင်ငွေ နည်းပါးသည့်အတွက် သားသမီးများပညာရေးကို ဦးစားမပေးနိုင်ခြင်း၊ သင်ကြားသော ဆရာ/ဆရာမများကိုလည်း တိုးတက်ပြောင်းလဲနေသော နည်းပညာနှင့် သင်ကြားရေး နည်းစနစ်များကို နားလည်တတ်ကျွမ်းလာအောင် လေ့ကျင့်ပေးနိုင်မှု အားနည်းခြင်း၊ အချို့မှာလည်း ကိုယ်ပိုင်ခံယူချက်၊ ယုံကြည်ချက် လွဲမှားနေခြင်း၊ တရားမဝင် ကျောင်းပြင်ပ ပညာသင်ကြားရေးကို ဦးစားပေး ဆောင်ရွက်လာကြခြင်း၊ မူဝါဒများကောင်းသော်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များရှိနေခြင်း၊ မြန်မာကျောင်းသားများအတွင်း ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်အရ စွမ်းရည်မြင့်မားပြီး ထူးချွန်သူ များစွာ ပေါ်ထွက်ခဲ့သော်လည်း ဦးနှောက်ယိုစည်းမှုများဖြစ်နေခြင်း စသည့်အားနည်းချက်များကို တွေ့ရှိရပါသည်။ ထို့ကြောင့် ပညာရေးကို မြှင့်တင် အားပေးသည့် မူဝါဒများချမှတ်ထားပြီးဖြစ်သဖြင့် မည်သို့မည်ပုံ မြှင့်တင်မည်ဟူသည့် နည်းလမ်းများဖော်ထုတ်၍ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် မူဝါဒချမှတ်သူများနှင့် အကောင်အထည်ဖော်သူများ၏ ပညာ၊ စေတနာနှင့် စွမ်းဆောင်ရည်ပေါ်တွင် မူတည်နေပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

61071223

Monday, July 10, 2023

၂၁ ရာစု အမေရိကန်နိုင်ငံ၏ ရေတပ်စွမ်းအား မြှင့်တင်မှု မဟာဗျူဟာအကြံပြုချက်နှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
လက်ရှိကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအပေါ် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ စိန်ခေါ်မှု ပိုမိုများပြားလာပြီး အမေရိကန်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် စည်းမျဉ်းစည်းကမ်း များကို အခြေခံသော နိုင်ငံတကာအခင်းအကျင်း(International Rule-based Order) အပေါ်တွင် ထိခိုက်မှုများပြားလာသောကြောင့် အမေရိကန်နိုင်ငံအနေဖြင့် အနာဂတ်တွင် တရုတ်နှင့်ရုရှားနိုင်ငံတို့၏ ခြိမ်းခြောက်မှုများမခံရစေရန်နှင့် နောက်ကျမကျန်ခဲ့စေရန် အတွက် အစဉ်အလာအားဖြင့် အားကောင်းခဲ့သည့် ၎င်းတို့၏ ရေတပ်စွမ်းအားကို အလေးအနက်ထားမြှင့်တင်၍ လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်းအကြံပြုထားချက်အား သုံးသပ်ဖော်ပြပါမည်။
ဖော်ပြချက်
အဆိုပါဆောင်းပါးသည် The Diplomat ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်သော သုတေသီ Mercy Kuo နှင့် The Center for National Defense at the Heritage Foundation ၏ သုတေသီတစ်ဦးဖြစ်သော Brent Droste Sadler တို့နှစ်ဦး ပြောဆိုဆွေးနွေးထားသည့် အကြောင်းအရာများ ဖြစ်ပါသည်။ ပထမအချက်၌ တရုတ်နှင့် ရုရှားနိုင်ငံတို့၏ အမေရိကန်နိုင်ငံအပေါ် ခြိမ်းခြောက်နေမှုများကို ဖော်ပြထားပြီး လက်ရှိ အချိန်၌ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်စစ်ရေးကဏ္ဍ ပိုမိုအားကောင်းလာသည်နှင့်အမျှ တရုတ်နိုင်ငံခေါင်းဆောင်များ၏ ကမ္ဘာ့ရေးရာများတွင် တစ်ဖက်သတ် ဆောင်ရွက်မှု များလည်း အားကောင်းလာသည်ဟု ဆိုသည်။ တရုတ်နိုင်ငံသည် ၎င်း၏ ရေတပ်စွမ်းအား မြှင့်တင်မှုကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသော်လည်း အမေရိကန်နိုင်ငံဦးဆောင်သောအနောက်အုပ်စုများကမူ ၎င်းတို့၏ ရေတပ်စွမ်းအား မြှင့်တင်မှုအပေါ် အလေးထား ဆောင်ရွက်ခြင်းမရှိသောကြောင့် ၎င်းတို့၏ International Rule-based Order အပေါ် ထိခိုက်မှုများဖြစ်ပေါ်လာနိုင်သည့်အပြင် အနာဂတ်တွင်လည်း အမေရိကန်နိုင်ငံအတွက်ဆိုးကျိုးများနှင့် အရှက်ရစရာများကိုပါ ကြုံတွေ့ရနိုင်ကြောင်း ဖော်ပြထားပါသည်။
ဒုတိယအချက်၌ Naval Statecraft နှင့် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု အကြားဆက်စပ်မှုကို ဖော်ပြထားပြီး လူအများစုသည် ရေတပ်၏ အခန်းကဏ္ဍကို စစ်ပွဲဖြစ်ပွားမှုများနှင့် စပ်လျဉ်း၍ အသိများသော်လည်း ရေတပ်မှ ဆောင်ရွက်ပေး နိုင်သည့် အခြားသောကဏ္ဍများဖြစ်သော နိုင်ငံရေး၊ လုံခြုံရေး၊ သံခင်းတမန်ခင်း၊ စီးပွားရေးဆိုင်ရာ အပြန်အလှန်ချိတ်ဆက်မှုများနှင့် ဈေးကွက်ဝင်ရောက်နိုင်မှုတို့ကိုမူ လူသိနည်းသည်ဟု ဆိုသည်။ သမိုင်းကြောင်း အစဉ်အလာအရ အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် ရေတပ်ကဏ္ဍကို တွင်ကျယ်စွာအသုံးပြု ခဲ့ကြပြီး လက်ရှိအချိန်တွင်လည်း အဆိုပါကဏ္ဍကို မြှင့်တင်၍ အမေရိကန်နိုင်ငံ၏ ပြိုင်ဘက်နိုင်ငံများဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံတို့အပေါ်တွင် ‌အလေးအနက်ထား အသုံးပြုမည်ဆိုပါက ပိုမိုထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး အမေရိကန် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကိုပါ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၁၄ ခုနှစ်တွင် သုတေသီအချို့က အမေရိကန်နိုင်ငံ၏ အခြားသောနိုင်ငံ များတွင် ရှိနေသော စစ်အခြေစိုက်စခန်းများနှင့် စစ်ရေးဆိုင်ရာ သဘောတူညီချက်များ လျှော့ချမှုနှင့် စပ်လျဉ်း၍ သုတေသနတစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါသုတေသန၌ အမေရိကန်နိုင်ငံအနေဖြင့် ရှိပြီးသား ၎င်း၏ စစ်အခြေစိုက်စခန်းများနှင့် စစ်ရေးဆိုင်ရာ သဘောတူညီချက်များကို ထက်ဝက်နီးပါး လျှော့ချလိုက်ပါက အမေရိကန်နိုင်ငံနှင့် သဘောတူညီချက်ယူထားသော နိုင်ငံများအကြားရှိ ကုန်သွယ်မှု ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်သည်ဟုဆိုသည်။ တစ်နည်းအားဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးတွင် အမေရိကန်ဒေါ်လာ ၄၉၀ ဘီလီယံ (၂၀၁၅ ခုနှစ်၏ ကုန်သွယ်မှုတန်ဖိုးနှင့် ဝန်ဆောင်မှုတန်ဖိုး အပေါ်မူတည်၍ တွက်ချက်) ဆုံးရှုံးသွားနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံနှင့်၎င်း၏ မဟာမိတ်များအနေဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ အားနည်းချက်များကို ဖော်ထုတ်၍ ကျယ်ပြန့်သော သံခင်းတမန်ခင်းနှင့် စီးပွားရေးကဏ္ဍများပါဝင်သည့် ရေတပ်စွမ်းအား မြှင့်တင်မှုများပြုလုပ်၍ ချဉ်းကပ်မှုပုံစံသစ်ဖြင့် ဆက်လက်ဆောင်ရွက် သင့်သည်ဟု ဖော်ပြထားပါသည်။
တတိယအချက်၌ Nanotechnology နှင့် Bioengineering ကဏ္ဍကဲ့သို့သော နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ခေတ်သစ်ရေတပ်ကဏ္ဍပုံစံသစ်တွင် ပြောင်းလဲ ပါဝင်လာနိုင်သည့် လက္ခဏာများကို ဖော်ပြထားပြီး ၎င်းတို့မှာ (၁)အနာဂတ်တွင် ရေတပ်စစ်မှုထမ်းမှုနှင့်စပ်လျဉ်း၍ သမားရိုးကျစစ်မှုထမ်းများ ရွေးချယ်ခန့်အပ်ခြင်းကို ဦးစားပေးခြင်းထက် စက်ရုပ်နှင့် နည်းပညာရှင်များကို ပူးတွဲ၍ ပိုမိုအသုံးပြု လာနိုင်ခြင်း၊ (၂)အနာဂတ်စစ်ပွဲများနှင့် ပဋိပက္ခများတွင် AI အသုံးပြုမှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ခြင်း၊ (၃) အနာဂတ်တွင် ရေယာဉ်အုပ်စုများ အနေဖြင့် တစ်ကမ္ဘာလုံးသို့ ဖြန့်ကြက်ထားနိုင်သည့် စွမ်းရည်ရှိရမည့်အပြင် အဆိုပါ ရေယာဉ်အုပ်စု၌ တာဝန်ထမ်းဆောင်မည့် လူသားများ၏ အရေအတွက်ကို လျှော့ချ၍ စက်ရုပ်နှင့် လူသားများပူးတွဲအသုံးပြုနိုင်ခြင်း၊ (၄) အမေရိကန်ရေတပ်သင်္ဘောများ၌ စွမ်းအင်လက်နက်များ(Energy Weapons)ကို အဓိကလက်နက်အဖြစ် အသုံးပြု လာနိုင်ခြင်း၊ (၅) ရေတပ်အုပ်စုများတွင် လူသားများနှင့် စက်ရုပ်များကို တွဲဖက်အသုံးပြု နိုင်သောကြောင့် အုပ်ချုပ်ထောက်ပံ့မှုနှင့် ပြင်ဆင်မှုများကို စက်ရုပ်များမှ အတိုင်းအတာ တစ်ခုအထိ အလိုအလျောက် ပြန်လည်ဆောင်ရွက်နိုင်ခြင်းနှင့် (၆) အနာဂတ် ရေယာဉ်သစ်များတွင် မောင်းသူမဲ့ရေယာဉ်စနစ်များ အသုံးပြု၍ တိုက်ပွဲအတွင်း အသာစီး ရအောင် ဆောင်ရွက်နိုင်ခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။
စတုတ္ထအချက်၌ National Maritime Initiative ကို အချိန်မီ ဖော်ဆောင်မှုနှင့် အရေးပါမှုကို ဖော်ပြထားပြီး လက်ရှိအချိန်၌ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု ပိုမိုပြင်းထန်လာကာ အန္တရာယ်ရှိသည့် အခင်းအကျင်းတစ်ခုဖြစ်သောကြောင့် အမေရိကန် နိုင်ငံ၏ အဆိုပါအခင်းအကျင်းအပေါ် ချဉ်းကပ်မှုပုံစံသည် အရေးကြီးပါသည်။ သို့သော်လည်း လက်ရှိအချိန်၌ အမေရိကန်နိုင်ငံတွင် အားနည်းချက်များ ပိုမိုဖြစ်ပေါ်လာသည်ကို တွေ့ရှိရပြီး၊ ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်၌ အမေရိကန်ဆိပ်ကမ်းသို့ ကုန်သွယ်ရန် ရောက်ရှိခဲ့သည့် သင်္ဘောထောင်ပေါင်းများစွာရှိသည့်အပြင် ဆိပ်ကမ်းသို့ ဝင်ရောက် ခဲ့သည့် အကြိမ်အရေအတွက်မှာ ၈၂,၀၄၄ ကြိမ်ရှိသော်လည်း အဆိုပါသင်္ဘောများ ထဲတွင် အမေရိကန်သင်္ဘော ၂၀၀ စီးနီးပါးသာပါရှိပါသည်။ National Maritime Initiative တစ်ခုအောင်မြင်အောင်ဆောင်ရွက်ရန် မဟာဗျူဟာချမှတ်ခြင်း၊ ထုတ်ပြန်ချက်များ ကြေညာခြင်းထက် လက်တွေ့ကျကျနှင့် ပုံမှန်ဆောင်ရွက်ရန်လိုအပ်သည့်အပြင် နိုင်ငံ့ ခေါင်းဆောင်များကလည်း နိုင်ငံ၏ ရေကြောင်းကုန်သွယ်မှု၊ သင်္ဘောတည်ဆောက်မှု တို့နှင့် စပ်လျဉ်းသောကဏ္ဍများကိုမြှင့်တင်နိုင်ရန် ၎င်းတို့၏အမြင်များနှင့် ကတိကဝတ် များကို ရှင်းရှင်းလင်းလင်း ချပြထားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် National Maritime Initiative စတင်ပြုလုပ်မည့် ပထမခြောက်လ အတွင်း ရေကြောင်းကုန်သွယ်ရေးနှင့် ရေတပ်လေ့ကျင့်ခန်းအသစ်များတွင် လူသားများ သာမက လူသားများမဟုတ်သည့် စနစ်များကိုပါ ထည့်သွင်းဖော်ဆောင်၍ ပိုမို ထိရောက်သည့် နည်းလမ်းများကို ပူးတွဲအသုံးပြုရန် လိုအပ်ပါသည်။ ထို့ပြင် အမေရိကန် အနေဖြင့် လက်ရှိအသုံးပြုနေသော ဥပဒေများ၊ စည်းမျဉ်းများ (သာဓကအားဖြင့် The Goldwater-Nichols Act) ပါဝင်နေသည့် အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရမည့်အပြင် ထိုသို့ပြုလုပ်ပြီး ၂ နှစ်အတွင်း၌ National Maritime Initiative ကို စတင်ဆောင်ရွက်ခြင်းသည် နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
နောက်ဆုံးအချက်၌ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံကသာ ၎င်း၏ ရေတပ် စွမ်းအားမြှင့်တင်မှုကို အလေးထားဆောင်ရွက်ခြင်းမရှိပါက အနာဂတ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ အမေရိကန်နိုင်ငံအပေါ် ခြိမ်းခြောက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။ ထို့ပြင် အနာဂတ်စစ်ပွဲများ၏ အဆုံးအဖြတ်ကို စစ်ပွဲမစတင်မီကတည်းက နိုင်ငံတစ်ခု၏ ရေတပ်စွမ်းအား မည်မျှရှိသည်၊ မည်မျှပြင်ဆင်ထားသည်ကို ကြည့်ခြင်းဖြင့် စစ်ပွဲ၏ အနိုင်/အရှုံးကို ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံကသာ ၎င်း၏ ရေတပ်စွမ်းအား မြှင့်တင်မှုကို အလေးထားဆောင်ရွက်ထားပါက ၎င်းဦးစီးဆောင်ရွက်နေသည့် International Rule-based Order ကိုပါ ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ သို့သော်လည်း အမေရိကန်နိုင်ငံကသာ ၎င်း၏ ရေတပ်စွမ်းအားမြှင့်တင်မှုကို အလေးထားမဆောင်ရွက်ပါက အမေရိကန်နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် အနာဂတ်၌ တရုတ်နှင့် ရုရှားနိုင်ငံတို့၏ အမေရိကန်နိုင်ငံ အပေါ် ခြိမ်းခြောက်မှု အားနည်းစေရန်အတွက် အမေရိကန်နိုင်ငံအနေဖြင့် အစဉ်အလာ အားဖြင့် အားကောင်းခဲ့သည့် ၎င်း၏ ရေတပ်စွမ်းအားမြှင့်တင်မှုကို အလေးအနက်ထား ဆောင်ရွက်သင့်ပြီး အဆိုပါမြှင့်တင်မှု၌ AI နည်းပညာများ၊ စက်ရုပ်နည်းပညာများနှင့် စွမ်းအားမြင့်လက်နက်များပါ ထည့်သွင်းဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စစ်ရေးသာမက စီးပွားရေး၊ လုံခြုံရေး၊ သံတမန်ရေးများကိုပါ ထည့်သွင်းစဉ်းစား၍ ရေတပ်ကဏ္ဍ စွမ်းအားမြှင့်တင်မှုများ ပြုလုပ်သင့်ကြောင်းကိုအကြံပြုထားသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် အမေရိကန် နိုင်ငံ၏ ရေတပ်စွမ်းအားကို တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ရေတပ်စွမ်းအားတို့ထက် နောက်သို့မကျန်ခဲ့စေရေး အဆင့်မြှင့်တင်မှုများ ကြိုတင်ပြုလုပ်သင့်ကြောင်းထောက်ပြ ထားခြင်းဖြစ်ပါသည်။ လက်ရှိအချိန်၌ အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏ ရေတပ်စွမ်းအား မြှင့်တင်မှုကို ပိုမိုအလေးထား ဆောင်ရွက်လာရာ ထိုမှတစ်ဆင့် ၎င်းတို့၏ ပါဝါအမာနှင့် ပါဝါအပျော့ကဏ္ဍ ၂ ရပ်စလုံးမြှင့်တင်နေပြီး လုံခြုံရေးနှင့် နိုင်ငံအကျိုးစီးပွားအတွက် ရေတပ်ကဏ္ဍကိုတွဲဖက်၍ အလေးထား ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ မည်သည့်အင်အားကြီးနိုင်ငံများ၏ စစ်ရေးမဟာဗျူဟာများကို လေ့လာသည်ဖြစ်စေ ၎င်းတို့၏ အနာဂတ်ခြေလှမ်းများနှင့် ဖြစ်နိုင်ချေများကို မှန်းဆနိုင်ပြီး မိမိနိုင်ငံစစ်ရေးမဟာဗျူဟာများနှင့် ပြင်ဆင်ထားမှုတို့ကို ချိန်ထိုးသုံးသပ်နိုင်ဖွယ်ရာကိစ္စရပ်များဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

60071123

Sunday, July 9, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲတွင် အင်အားကြီးနိုင်ငံများ၏ သက်ရောက်နေမှုများနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၏ အခြေအနေ၊ လက်ရှိအစိုးရနှင့် အိန္ဒိယ၊ အမေရိကန်၊ တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးအခြေအနေများ၊ ၎င်းနိုင်ငံကြီးများ၏ ဖိအားနှင့်လုပ်ဆောင်ချက်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လာမည့်ရွေးကောက်ပွဲအပေါ် သက်ရောက်နိုင်မှု အလားအလာများနှင့် ပတ်သက်၍ သုံးသပ်ဖော်ပြပေးပါမည်။
တွေ့ရှိချက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲမတိုင်မီ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် Awami League (AL) အစိုးရသည် ၎င်း၏ Legitimacy အတွက် ဘေးကျပ်နံကျပ်ကာလဖြင့် ရင်ဆိုင်ခဲ့ရပါသည်။ AL ၏ အကြီးမားဆုံး အတိုက်အခံပါတီဖြစ်သည့် Bangladesh National Party (BNP)နှင့် ၎င်း၏ မဟာမိတ် ဖြစ်သည့် Jamaat-e-Islami Bangladesh (JIB) ပါတီတို့က ကြားဖြတ်အစိုးရဖွဲ့စည်း၍ ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုမှုကို အစိုးရဘက်ကပယ်ချခြင်းကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြပါသည်။ JIB ထိပ်ပိုင်းခေါင်းဆောင်များကို AL အစိုးရမှဖွဲ့စည်းထားသော နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှ တရားစွဲဆိုခဲ့သည့်အတွက် ပါတီ ခေါင်းဆောင်များနှင့် ပါတီအရေး တက်ကြွလှုပ်ရှားသူများက ပြင်းထန်စွာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါသည်။ အဆိုပါ ဆန္ဒပြမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း နိုင်ငံရေးအကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့်နှစ်များအနက်မှ လူအသေအပျောက် အများဆုံးဖြစ်ပြီး ပြည်သူ ၅၀၀ ကျော် အသေအပျောက်ရှိခဲ့ပါသည်။ ထိုသို့ ပြည်တွင်း၌ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အဆိုပါရွေးကောက်ပွဲကို ဆန့်ကျင်နေသည့်ကြားမှ AL အစိုးရအနေဖြင့် ၎င်း၏ အစီအစဉ်ဖြင့်ပင် ရွေးကောက်ပွဲကို ဆက်လက်ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။ AL ပါတီအနေဖြင့် အတိမ်းအစောင်းမခံသော အခြေအနေများကြောင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံ၏ အထောက်အပံ့ကို ရယူရန် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sujata Singh သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ်ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina၊ စစ်ဘက်အကြီးအကဲဟောင်း (Military Director General) Hussein Muhammad Ershad၊ BNP ပါတီခေါင်းဆောင် Khaleda Zia တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ Singh ၏ ခရီးစဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း ပုံဖော်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ခဲ့ပါသည်။ Singh နှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စတုတ္ထအကြီးဆုံး နိုင်ငံရေးပါတီဖြစ်သည့် Jatiya Party (JP) ဥက္ကဋ္ဌ Ershad ၏ ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက်နှင့် ပါဝင် ဆောင်ရွက်မှုများ ပြောင်းလဲသွားခဲ့ပါသည်။
ထို့ပြင် Singh ၏ ခရီးစဉ်အတွင်း အရေး ပါသည့် အသိပေးချက်နှစ်ရပ်ကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ပထမအသိပေးချက်တွင် အိန္ဒိယနိုင်ငံအနေဖြင့် ကျယ်ပြန့်သည့်ပါတီနိုင်ငံရေးကို တိုးမြှင့်ဖော်ဆောင်နိုင်ရန်အတွက် JP ပါတီကို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေလိုပြီး၊ JP ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါက နိုင်ငံအတွင်း၌ အစ္စလာမ္မစ် အင်အား ကြီးထွားလာသည့် အန္တရာယ်ကြုံတွေ့လာရနိုင်သည်ဟု အကြံပြုခဲ့ပါသည်။ ဒုတိယ အသိပေးချက်အနေဖြင့် အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထိုသတိပေးချက်များကို ကြည့်ခြင်းဖြင့် အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲအရည်အသွေးကို ပဓာနမထားဘဲ AL အစိုးရ၏ ဆောင်ရွက်ချက်များကိုသာ ဦးစားပေးနေသည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်ဟု ဆိုပါသည်။ ထို့ကြောင့် အတိုက်အခံပါတီများမှ ယုံကြည်မှုကင်းမဲ့ခြင်း၊ ဆန္ဒမဲထည့်ဝင်မှုနည်းပါးခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း AL သည် အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အိန္ဒိယ၊ ရုရှားနှင့် တရုတ်နိုင်ငံတို့က Hasina အစိုးရကို ထောက်ခံပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံမှလွဲ၍ ကျန်ဒီမိုကရေစီ အင်အားကြီးနိုင်ငံများက ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုခဲ့ကြသော်လည်း အိန္ဒိယနိုင်ငံသည် မဟာဗျူဟာမြောက် အင်အားကြီးမားသည့်နိုင်ငံဖြစ်သည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးကပ်သည့် အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် ၎င်းကြိုက်နှစ်သက်သည့်ပါတီအား မျက်နှာလိုက်နိုင်သည်ဟု အိန္ဒိယဂျာနယ်လစ်တစ်ဦးက မှတ်ချက်ပြုပြောကြားထားပါသည်။
Hasina သည် ၂၀၁၈ ခုနှစ်တွင်လည်း နောက်ထပ် အငြင်းပွားဖွယ် ရွေးကောက်ပွဲ တစ်ရပ်ကို ထပ်မံကျင်းပခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲတွင်လည်း မဲမသမာမှုများ၊ မဲဆန္ဒရှင်များ အပေါ် ခြိမ်းခြောက်မှုများ၊ အတိုက်အခံ တက်ကြွလှုပ်ရှားသူများအပေါ် “War on Drugs” ခေါင်းစဉ်တပ်ပြီး ဖိနှိပ်အရေးယူခြင်းဖြင့် နိုင်ငံရေးအကျိုးအမြတ် ရယူခဲ့သည့်အတွက်ကြောင့်လက်ရှိအစိုးရ၏ ရွေးကောက်ပွဲအပေါ် ယုံကြည်မှုပျက်သုဉ်းခဲ့ရပါသည်။ အဆိုပါ မသမာမှုကိစ္စများနှင့်ပတ်သက်ပြီး အဓိကတာဝန်ရှိသူမှာ Hasina လက်အောက်ရှိ အကြီးအကဲတစ်ဦးဖြစ်သူ Benazir Ahmed ဖြစ်သည်ဟုဆိုပါသည်။
အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် Hasina ကို ပွင့်လင်းစွာထောက်ပံ့ပေးခဲ့ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အတိုက်အခံ နိုင်ငံရေးလောကနှင့် ပြည်သူများက မကျေနပ်ကြပါ။ Hasina သည် ထိုသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးတွင် အိန္ဒိယနိုင်ငံပါဝင်ပတ်သက်နေမှုကို အသုံးချကာ တရုတ်နိုင်ငံကိုလည်း နိုင်ငံရေးတွင် ဝင်ကစားစေခဲ့ပါသည်။ ဤနည်းလမ်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် တရုတ်၊ အိန္ဒိယနှင့် အနောက်အုပ်စုဝင်နိုင်ငံများ (အထူးသဖြင့် အမေရိကန်နိုင်ငံ) အကြား ထိန်းညှိ ကစားနေခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယခုအခါဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၌ ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည့်အတွက် ယခင်ရွေးကောက်ပွဲများနည်းတူ နိုင်ငံရေးအကျပ်အတည်းများကို ရင်ဆိုင်နေရပါသည်။ Hasina အစိုးရ အနေဖြင့် အတိုက်အခံများဘက်က တောင်းဆိုသည့် ကြားနေအိမ်စောင့်အစိုးရ၏ဦးဆောင်မှုဖြင့်မျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးရန်ကိစ္စကို လျစ်လျူရှုပြီး ၎င်း၏ ဦးဆောင်မှုဖြင့်သာ ရွေးကောက်ပွဲကျင်းပရန် စီစဉ်လျက်ရှိပါသည်။ အတိုက်အခံများ အနေဖြင့်လည်း ဆန္ဒပြမှုများကို အရှိန်မြှင့်ဖော်ဆောင်ရန် စီစဉ်နေပြီး AL အနေဖြင့် ယခင်ရွေးကောက်ပွဲ ၂ ရပ်ကဲ့သို့ အင်အားသုံးနှိမ်နင်းမှုပြုလုပ်ရန်မှာ ထင်သလောက် မလွယ်ကူနိုင်ကြောင်း ဖော်ပြထားပါသည်။
ယခုအခါ ပြည်နယ်ကိုယ်စားလှယ်များအနေဖြင့်လည်း ယခင်ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ၎င်းတို့ကိုယ်တိုင်နှင့် မိသားစုများကို အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုများကြောင့် ယခုလာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတိထားဆောင်ရွက် လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဌာနသည် ဘင်္ဂလားဒေ့ရှ်အရန်တပ်ဖွဲ့ Rapid Action Battalion (RAB) နှင့် RAB ၏ အရာရှိကြီး ၆ ဦးကို လူ့အခွင့်အရေးဆိုင်ရာအရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အရာရှိကြီး ၂ ဦးကို ဗီဇာ ပိတ်ပင်မှုပြုလုပ်ခဲ့ပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အရေးယူ ပိတ်ဆို့မှုစာရင်းတွင် ရောက်ရှိနေပြီဖြစ်သည်ဟု ဆိုသည်။ ကနေဒါနိုင်ငံအနေဖြင့်လည်း အမေရိကန်နိုင်ငံနည်းတူ အရေးယူမှုများ လုပ်ဆောင်လာနိုင်ကြောင်းနှင့် အဆိုပါဆုံးဖြတ်ချက် အတွက် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အတိုက်အခံပါတီများ၏ ထောက်ခံမှုကိုလည်း ရရှိကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံ၏ ဖိအားများကို တုံ့ပြန်သည့်အနေဖြင့် Hasina အစိုးရက အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏အစိုးရအဖွဲ့ကို ဖြုတ်ချရန် ကြိုးပမ်းနေသည်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပါသည်။ Hasina အနေဖြင့် သူမ၏ လူသိများမှုကို တစ်လွဲအသုံးချနေခြင်ဖြစ်ပြီး သူမ၏အစိုးရအနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲများ တွင်လည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးရန် ပျက်ကွက် ခဲ့ပါသည်။ လက်တွေ့တွင် အမေရိကန်နိုင်ငံအနေဖြင့်လည်း Hasina ၏ နိုင်ငံရေး ဖိနှိပ်မှုများနှင့် ရွေးကောက်ပွဲမသမာမှုများကို ထိရောက်စွာ တားဆီးရန်ဆန္ဒမရှိသကဲ့သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးကို ဗိုလ်ကျ လွှမ်းမိုးမှုများအားလုံးနှင့် အင်အားသုံး၍ နိုင်ငံရေးဆောင်ရွက်ခြင်းများကို ရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး Hasina ကို ထောက်ခံအားပေးလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင်ထုတ်ဖော် ပြောကြားထားခြင်း မရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဆင့်မြင့်အရာရှိများ စေလွှတ်၍ အစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ အရှိန်မြှင့်နေကြောင်း ဖော်ပြထားပါသည်။
အချုပ်အားဖြင့် အိန္ဒိယနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် တရားဝင်ချဉ်းကပ်မှုများ မသိမသာပြောင်းလဲနေခြင်းသည် အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်နီးကပ်သည့် မဟာမိတ်ဖြစ်နေခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများ တိုးလာခြင်းကြောင့် ဖြစ်ပါသည်။ ထို့ပြင် အမေရိကန်အဆင့်မြင့်အရာရှိကြီးများ အနေ ဖြင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြိမ်ကြိမ်လာရောက်နေကြပြီးControl Risk ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစိန်ခေါ်မှု သုတေသနအဖွဲ့များက Hasina အစိုးရအလွန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များအတွက် ပြင်ဆင်ထားရန် အကြံပြုနေကြပါသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးတွင် ပါဝင်နေသည့် အိန္ဒိယ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ အခန်းကဏ္ဍက ၎င်းနိုင်ငံ၏ အနာဂတ်ကို ပုံဖော်နိုင်သည်ဟု ဆိုပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လာမည့်ရွေးကောက်ပွဲသည် ၎င်းနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို အဆုံးအဖြတ် ပေးနိုင်ရုံသာမက နိုင်ငံတကာဆက်ဆံရေးနှင့် ဒေသတွင်း အခင်းအကျင်းများကိုလည်း သက်ရောက်စေနိုင်သည်ဟု ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ဆောင်းပါးတွင် Hasina အစိုးရ အာဏာရရှိခဲ့သည့်အချိန်မှစ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ရွေးကောက်ပွဲအခြေအနေများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို ဖော်ပြထားပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း နိုင်ငံအတွင်း၌မငြိမ်မသက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းနှင့် Hasina အစိုးရအနေဖြင့် အိန္ဒိယ၊ တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ထိန်းညှိကစား၍ ၎င်း၏နိုင်ငံရေး အကျိုးစီးပွားကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်း သွယ်ဝိုက်၍ ရေးသားထားသည်ကို တွေ့ရှိရပါသည်။ မည်သို့ပင်ဖြစ်စေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးတွင် အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုများရှိနေသည်ကို တွေ့မြင်ရပြီး အိန္ဒိယနိုင်ငံအနေဖြင့် ပထဝီဝင်အနေအထားအရလည်းကောင်း၊ သမိုင်းကြောင်း ဆိုင်ရာ ပတ်သက်မှုကြောင့်လည်းကောင်း လွှမ်းမိုးမှုအကြီးမားဆုံးဖြစ်ကြောင်း တွေ့ရှိ ရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှလည်း BRI ၏ အစိတ်အပိုင်း အဖြစ် လမ်း၊ တံတားတည်ဆောက်ရေး၊ စက်မှုဇုန်နှင့် ဆိပ်ကမ်းများမြှင့်တင်ရေးများလုပ်ဆောင်နေရုံသာမက စစ်ရေးဆိုင်ရာ Platform များတွင်လည်း ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းများ ပြုလုပ်နေပါသည်။ လျှပ်စစ်မီးရရှိရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ယခုနှစ်တွင် နျူးကလီးယားဓာတ်အားပေးစက်ရုံလည်ပတ်ရန် ဆောင်ရွက် နေသည်ကိုလည်း တွေ့ရှိရပါသည်။ သုံးသပ်ရပါသော် Hasina အနေဖြင့် အင်အားကြီးနိုင်ငံများအား ၎င်းနိုင်ငံအတွင်း အပြန်အလှန်အားပြိုင်စေခြင်းဖြင့် ထိန်းကျောင်းထားပြီး သူမ၏ နိုင်ငံရေးအကျိုးအမြတ်အတွက်လည်း ပါးနပ်စွာ အသုံးချနိုင်နေသည်ဟု ဆိုရပါမည်။ ထို့ကြောင့် ရွေးကောက်ပွဲမသမာမှုနှင့် အငြင်းပွားမှုများတွင် မြန်မာနိုင်ငံနှင့် တူညီနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေးရလာဒ်များမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

59100723

Thursday, July 6, 2023

အင်အားကြီးနိုင်ငံများ၏ စစ်ပွဲများ၊ ပဋိပက္ခများ၏ အဆုံးသတ်ကိုတွေးမျှော်ကြည့်ခြင်း

 


နိဒါန်း
ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို လွှမ်းမိုးထားသည့် အင်အားကြီးနိုင်ငံများ၏ ပဋိပက္ခဖြစ်ပွားမှု နောက်ဆက်တွဲနှင့်ပတ်သက်၍ The Diplomat ၏ ပင်တိုင်ဆောင်းပါးရှင် Mercy Kuo နှင့် Analysis of US Grand Strategy စင်တာ၏ ညွှန်ကြားရေးမှူး၊ RAND Corporation ၏ အကြီးတန်းနိုင်ငံရေးသိပ္ပံပညာရှင်နှင့် “Alternative Futures Following a Great Powers War” အမည်ရှိ RAND အစီရင်ခံစာကို တွဲဖက်ရေးသားသူ Dr Miranda Priebe တို့၏ တွေ့ဆုံမေးမြန်းမှုများအား သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
တွေ့ဆုံမေးမြန်းမှုတွင် အင်အားကြီးနိုင်ငံများ၏ ပဋိပက္ခ ဖြစ်ပွားမှုနှင့် နောက်ဆက်တွဲ ပေါ်ပေါက်လာနိုင်သည့် အကြောင်းအရာများကို လေ့လာ ဖော်ထုတ်ထားခြင်းဖြစ်ပြီး အစီရင်ခံစာနှင့်ပတ်သက်၍ အဓိကဆွေးနွေးသည့် အကြောင်းအရာ ၃ ချက်ရှိပါသည်။ ပထမအချက်အနေဖြင့် ငြိမ်းချမ်းနေသည့်ကာလ၌ နိုင်ငံအကြီးအကဲများ၏ အနာဂတ်တွင် ပေါ်ပေါက်လာနိုင်သော စစ်ပွဲများ/ပဋိပက္ခများနှင့် ပတ်သက်သည့် ခန့်မှန်းချက်များတွင် အဓိကလွဲချော်မှု တချို့ရှိနေသည့် ကိစ္စဖြစ်သည်။ သမိုင်းကြောင်း အရကြည့်မည်ဆိုပါက မူဝါဒချမှတ်သူများအနေဖြင့် အနာဂတ်စစ်ပွဲများ၏ အဓိကအချက် ဖြစ်သည့် စစ်ဖြစ်ပွားမှုကာလအတိုင်းအတာ (သို့မဟုတ်) ပဋိပက္ခတွင်ပါဝင်မည့် အဖွဲ့များ (သို့မဟုတ်) စစ်ဖြစ်ပွားမှုအလွန် အခြေအနေများနှင့်ပတ်သက်၍ မှားယွင်းစွာ ယူဆခဲ့ကြပါသည်။ထို့ကြောင့် အနာဂတ်စစ်ပွဲဖြစ်ပွားနိုင်သည့် လမ်းကြောင်းနှင့် နောက်ဆက်တွဲ ရလဒ်များ ခန့်မှန်းခြင်းနှင့်ပတ်သက်၍ လက်တွေ့ကျကျ တွေးခေါ်စဉ်းစားသင့်သည်ဟု ဆိုပါသည်။ ဒုတိယအချက်အနေဖြင့် ပဋိပက္ခများတွင် ကိုယ်တိုင်တိုက်ရိုက်ပါဝင်ခြင်းမရှိသည့် အင်အားကြီးနိုင်ငံများအနေဖြင့် အကျိုးစီးပွားပိုမိုရရှိသည်ကို တွေ့ရပါသည်။ ဥပမာအားဖြင့် ရုရှား-အမေရိကန် ပဋိပက္ခဖြစ်ပွားနေခြင်းက တရုတ်နိုင်ငံအတွက် အကျိုးအမြတ်များရရှိလိမ့်မည်ဟု ဆိုသည်။ တတိယအချက်အနေဖြင့် စစ်ပွဲကိုအောင်နိုင်သည့် အင်အားကြီးနိုင်ငံအနေဖြင့် နောက်ပိုင်းကာလများတွင် ငြိမ်းချမ်းရေးကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု တရားသေမှတ်ယူထား၍မရဘဲ စစ်ပွဲတွင်အနိုင်ရသည့် နိုင်ငံများအနေဖြင့် စစ်ပွဲပြီးနောက်ပိုင်းတွင် စစ်ပွဲဖြစ်ပွားနေချိန်ကာလနှင့်မတူညီသည့် မဟာမိတ်များပြောင်း လဲခြင်း၊ ပြန်လည်စုဖွဲ့ခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အစီရင်ခံစာတွင်ဖော်ပြထားသည့် ခန့်မှန်းချက် ၃ ချက်နှင့် ပတ်သက်သည့် အဓိကယူဆချက်၊ ပုံဖော်နေသူများ၏ အခန်းကဏ္ဍနှင့် မဟာဗျူဟာမြောက်ရလဒ် များကိုမေးမြန်းရာတွင် Dr Miranda Priebe အနေဖြင့် စစ်ပြီးခေတ်အခြေအနေများနှင့်ပတ်သက်၍ လေ့လာမှုများတွင် မတူညီသည့်နည်းလမ်းများဖြင့် ချဉ်းကပ်လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အင်အား ကြီးနိုင်ငံများ၏ ပဋိပက္ခများနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော ခန့်မှန်းချက်များကို ရှာဖွေထားပြီး တရုတ်-အမေရိကန်ပဋိပက္ခ၏ အဆုံးသတ်ကို ခန့်မှန်းချက် ၃ ရပ်ဖြင့် လေ့လာသုံးသပ်ထားပါသည်။ ပထမခန့်မှန်းချက်အနေဖြင့် အဆိုပါအင်အားကြီး နှစ်နိုင်ငံ၏ အဆုံးသတ်စစ်ပွဲတွင် အနိုင်အရှုံးကွဲပြားမှု မရှိခြင်း ကြုံရနိုင်သည်။ ဒုတိယခန့်မှန်းချက် အနေဖြင့် တရုတ်နိုင်ငံသည် အမေရိကန်နှင့်ဖြစ်ပွားနေသည့် ပဋိပက္ခများကို တရုတ်နည်း တရုတ်ဟန်ဖြင့် ဖြေရှင်းရာတွင် ရုရှားနိုင်ငံရင်ဆိုင်နေရသည့် ပြဿနာရပ်များဖြင့် မကြုံတွေ့ရဘဲ အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မည်။ သို့သော် တရုတ်အနေဖြင့် ထိုင်ဝမ်ကို အင်အားသုံး၍ ပြန်လည်ပေါင်းစည်းခဲ့ခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အထူးသဖြင့် အရှေ့အာရှဒေသရှိနိုင်ငံများသည် တရုတ်နိုင်ငံကို ချိန်ခွင်လျှာညှိရန်အတွက် NATO ကဲ့သို့ မဟာမိတ်ဖွဲ့စည်းခြင်းများ ဖြစ်ပေါ်စေနိုင်ပြီး ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ၏ ဦးဆောင်မှုဖြင့် နျူကလီးယားကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်မှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်။ အမေရိကန်နှင့် ဂျပန်တို့၏ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်လာနိုင်ပြီး အရှေ့တရုတ်ပင်လယ်တွင် ပဋိပက္ခဖြစ်ပွားမှုများ အရှိန်မြင့်လာနိုင်ပါသည်။ ထိုအခြေအနေတွင် အမေရိကန်၏ တရုတ်စစ်ရေးအင်အားလျှော့ချ ထိန်းချုပ်ရေးဆောင်ရွက်မှုများ အောင်မြင်လာနိုင်ပြီး အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သည် ဂျပန်နိုင်ငံ၏ ရေပိုင်နက် အငြင်းပွားနေမှုများကို ကာကွယ်နိုင်မည့်အပြင် PLA ၏ စွမ်းဆောင်ရည်ကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်ဟုဆိုသည်။
သို့သော်လည်း တတိယယူဆချက်မှာ တွက်ဆထားသလို အမေရိကန်နှင့် ဂျပန်တို့ဘက်မှ အောင်မြင်မှုများမရနိုင်ဘဲ ပေးဆပ်ရမှုများလည်း များစွာရှိလာနိုင်သည်ဟုဆိုသည်။ ထိုယူဆချက်တွင် ရုရှားနှင့် တရုတ်နိုင်ငံတို့အကြား စစ်ပြီးခေတ် မိတ်ဖက်ဆက်ဆံရေး (Post-war alliance) ဆက်ရှိနေနိုင်ပြီး အမေရိကန်နှင့် တရုတ်နိုင်ငံ တို့သည် လက်နက်အပြိုင်တပ်ဆင်မှုများ အရှိန်မြှင့်လာနိုင်ပါသည်။ အမေရိကန်နှင့် ပထဝီနိုင်ငံရေးအရဝေးကွာသော အာရှဒေသတွင်းနိုင်ငံများအနေဖြင့် ပဋိပက္ခဖြစ်ပွားမှုကို မလိုလားတော့ဘဲ အမေရိကန်နိုင်ငံ၏ စစ်ရေးအရအခြေစိုက်မှုကို လျှော့ချလာနိုင်ပြီး ဒေသတွင်း ငြိမ်းချမ်းစွာရှေ့ဆက်ရမည့်နည်းလမ်းများကို လက်ခံစဉ်းစားလာနိုင်ကြောင်း ဖြေကြားထားပါသည်။
စစ်ပွဲများတွင် နည်းပညာအသစ်များ အသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ နားလည်မှုလွဲမှားနေခြင်းနှင့်ပတ်သက်၍ သမိုင်းကြောင်းအရကြည့်မည် ဆိုပါက စီစဉ်သူများနှင့် မူဝါဒချမှတ်သူများသည် နည်းပညာအသစ်များ၏ သက်ရောက် မှုများကို ကြိုတင်လေ့လာမှန်းဆမှုများပြုလုပ်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ကြသည်ဟု ဆိုသည်။၁၉ ရာစုနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဥရောပအလယ်ပိုင်းနှင့် အရှေ့အာရှတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများတွင် ဥရောပခေါင်းဆောင်များအနေဖြင့် လက်နက်သစ်များ၏ ပစ်ခတ်မှုစွမ်းရည်နှင့် မီးရထားလမ်းများ (သယ်ယူပို့ဆောင်ရေး) နှင့် စစ်ရေးစွမ်းရည် ဆက်စပ်နေမှုကို အကြိမ်ကြိမ် လွဲမှားဆုံးဖြတ်ခဲ့မှုများရှိခဲ့ကြပါသည်။ ထိုနည်းတူစွာပင် ပထမကမ္ဘာစစ်တွင် ခေတ်စားလာသည့် ကတုတ်ကျင်းနှင့် ဆက်သွယ်ရေးတူမြောင်း စစ်ဆင်ရေး (Trench warfare) က တိုက်စစ်အောင်မြင်ခြင်းနှင့် လွယ်လွယ်ကူကူအနိုင် ရနိုင်ခြေကို များစွာခက်ခဲသွားစေနိုင်သည့်အချက်ကို လျှော့တွက်ခဲ့ကြကြောင်း ဖြေကြားထားပါသည်။
ဆက်လက်၍ ပဋိပက္ခအရှိန်မြင့်လာစေခြင်းအန္တရာယ်ကို လျော့ပါးစေနိုင် သည့်အချက်များနှင့်ပတ်သက်ပြီး မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် စစ်ပွဲများကိုရှောင်ရှားနိုင်မည့် အခြားသောနည်းလမ်းများကို ဗဟိုပြု၍ စဉ်းစားသုံးသပ်ခြင်းက စစ်ပွဲများကို ရှောင်ရှားနိုင်မည်ဖြစ်သည်ဟုဆိုသည်။ ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာဆုံးရှုံးမှုများကို တွက်ချက်ဖော်ထုတ်ခြင်းနည်းလမ်းက မူဝါဒချမှတ်သူများအတွက် အဆိုးဆုံးအခြေအနေ ဦးတည်နေသည်ကိုသိရှိပြီး ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ ထိုသို့ စစ်ပွဲမတိုင်မီ ဖြစ်တန်စွမ်း အခြေအနေအရပ်ရပ်ကို သုံးသပ်ခြင်းများသည် စစ်ပွဲကြီးထွားလာမှုအန္တရာယ်ကို လျှော့ချပေးနိုင်သည့် အခြားသောရွေးချယ်စရာ နည်းလမ်းများကို ဖော်ထုတ်ခြင်းနှင့် ပဋိပက္ခလျှော့ချရေးကို ဦးတည်သည့်နည်းလမ်းများကို ပိုမိုအလေးသာ စေမည်ဖြစ်ကြောင်း ဖြေကြားထားပါသည်။
အင်အားကြီးနိုင်ငံများ၏ စစ်ပွဲများ၏ အကျိုးဆက်များကိုအကဲဖြတ်ရန်နှင့် အဆိုပါအကျိုးဆက်များကို အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများ၏ ဆုံးဖြတ်ချက် ချမှတ်ခြင်းများတွင် မည်သို့ထည့်သွင်းစဉ်းစားသင့်သနည်းဆိုသည့် မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် အင်အားကြီးနိုင်ငံများအကြား ဖြစ်ပွားသောစစ်ပွဲများသည် အဖျက်စွမ်းအား အလွန်ကြီးမားသည့်အပြင်၊ စစ်ပြီးခေတ် လူ့အဖွဲ့အစည်းနှင့် စီးပွားရေး အခြေအနေများအတွက် သိသာထင်ရှားသည့် သက်ရောက်မှုများ ခံစားရမည်ဖြစ်သည်ဟုဆိုသည်။ သမိုင်းကြောင်းအရကြည့်မည်ဆိုပါက စစ်ပွဲများကျယ်ပြန့်လာပြီး မျှော်လင့်မထားသည့် နိုင်ငံများပါဝင်လာခြင်းကို မူဝါဒချမှတ်သူများက လျှော့တွက်ကြပါသည်။ ဥပမာအားဖြင့် ကိုရီးယားစစ်ပွဲတွင် တရုတ်နိုင်ငံပါဝင်လာခဲ့မှုကို ပြန်လည်သုံးသပ်နိုင်ပါသည်။ ထိုသို့သောစစ်ပွဲများသည် မူဝါဒချမှတ်သူများ ခန့်မှန်းသည်ထက်ပို၍ ကြာရှည်ပြီး ပို၍ပြင်းထန်ပြီး မမျှော်မှန်းနိုင်သည့် စစ်ပြီးကာလ အကျိုးဆက်များနှင့်လည်း ရင်ဆိုင်ရပါသည်။ ယခုကဲ့သို့သော နျူကလီးယားခေတ်တွင် အင်အားကြီးနိုင်ငံများ၏ စစ်ပွဲများက နျူကလီးယားလက်နက် အသုံးပြုခြင်းကို မြင့်တက်လာစေနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ် နိုင်ငံများအနေဖြင့် အနာဂတ်စစ်ပွဲများနှင့် ပတ်သက်ပြီး ကြိုတင်ခန့်မှန်းမှုများပြုလုပ်ရာတွင် ခေတ်မီရန်လိုအပ်ပြီး အနာဂတ်စစ်ပွဲအခြေ အနေနှင့် မမျှော်မှန်းထားသည့် ဖြစ်နိုင်ခြေများကိုပါ ထည့်သွင်းစဉ်းစားသင့်သည်ဟုဆိုပါသည်။ ထိုသို့စဉ်းစား ဆုံးဖြတ်ခြင်းက အင်အားသုံးဖြေရှင်းခြင်း၏ ပေးဆပ်ရနိုင်ခြေများကို ပိုမိုတိကျစွာ တွက်ဆနိုင်မည်ဖြစ်ကြောင်း အကြံပြုဖြေကြားထားသည်ကို တွေ့ရှိရပါသည်။
တွေ့ရှိသုံးသပ်ချက်
တွေ့ဆုံမေးမြန်းမှု၏ ဖြေကြားချက်များကို လေ့လာခြင်းအားဖြင့် လက်ရှိ အမေရိကန်နှင့် တရုတ်တို့၏ အားပြိုင်မှုများသည် စစ်ပွဲအသွင်သို့ ရောက်ရှိခဲ့မည်ဆိုပါက (၁) အနိုင်အရှုံးမပြတ်သားသည့် အခြေအနေနှင့်လည်း ရင်ဆိုင်ရနိုင်ကြောင်း၊ (၂) တရုတ်နိုင်ငံ၏ ထိုင်ဝမ်ကျူးကျော်မှုအောင်မြင်နိုင်သော်လည်း တရုတ်ဆန့်ကျင်ရေးအားကောင်းလာပြီး ၎င်း၏စစ်ရေးစွမ်းရည်နှင့် စစ်အင်အား ချဲ့ထွင်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ အရှေ့အာရှတွင် NATO ကဲ့သို့ တရုတ်၏အင်အားကို ကန့်သတ် မည့် စစ်ရေးမဟာမိတ်အဖွဲ့တစ်ခု ပေါ်လာနိုင်ကြောင်း (၃) တရုတ်နိုင်ငံ၏ ထိုင်ဝမ်ကျူးကျော်မှု အောင်မြင်ခြင်းက ဒေသတွင်းနိုင်ငံများအနေဖြင့် တရုတ်နှင့်ငြိမ်းချမ်းစွာနေနိုင်ရန် စဉ်းစားလာနိုင်ပြီး အမေရိကန်၏ ဩဇာကျဆင်းမှုနှင့် စစ်စခန်းများစွန့်လွှတ်ရမှုများလည်း ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြထားခြင်းဖြစ်ပါသည်။ ထိုယူဆချက်များကို သုံးသပ်ခြင်းအားဖြင့် အမေရိကန်အနေဖြင့် တရုတ်၏ ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေး အောင်မြင်ခဲ့သော်မှ ၎င်းအတွက် တိုက်ရိုက်ထိခိုက်နိုင်ခြေ မရှိသေးဘဲ၊ အရှေ့အာရှဒေသတွင် NATO ကဲ့သို့ စစ်ရေးမဟာမိတ်တစ်ခု ဖွဲ့စည်း၍ တရုတ်အား ထိန်းချုပ်ထားလိမ့်ဦးမည်ဆိုသည့် အစီအမံကို ဆက်လက်ဆောင်ရွက်မည်သာဖြစ်ပါသည်။
ယခုတွင်လည်း ဂျပန်နိုင်ငံကိုဗဟိုပြု၍ အရှေ့တောင်အာရှနိုင်ငံများတွင် စစ်ဘက်မဟာမိတ်များချဲ့ထွင်နေခြင်းက ထိုအစီအစဉ်၏ ကနဦးခြေလှမ်းများအဖြစ် တွေ့မြင်နိုင်ပါသည်။ သို့သော်လည်း Dr Miranda Priebe အနေဖြင့် မူဝါဒချမှတ်သူ များအနေဖြင့် အနာဂတ်စစ်ပွဲများ၏ ဆိုကျိုးများအပေါ် ခန့်မှန်းချက်များမှာ လိုအပ်ချက် များစွာရှိနေပြီး လက်ရှိ အမေရိကန်-ရုရှားအားပြိုင်မှုတွင် တရုတ်နိုင်ငံပါဝင်လာမည် ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို လျှော့တွက်နေကြကြောင်း ထောက်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။ အချုပ်အားဖြင့် အနာဂတ်စစ်ပွဲများ၏ သက်ရောက်မှုများမှာ မျှော်မှန်းမထားနိုင်အောင် ကြီးမားမည်ဖြစ်ပြီး ထိပ်တိုက် တွေ့မှုကို ရှောင်ရှားကြရန် အကြံပြုရေးသားထားသည်ကို တွေ့ရှိရပါသည်။
ခြုံငုံသုံးသပ်ရပါသော် လက်ရှိအင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများသည် ၎င်းတို့၏ အကျိုးစီးပွားကို အမှန်တကယ်ထိခိုက်လာပြီး၊ အနိုင်အရှုံးပြတ်သားမှုမရှိ နိုင်သည့် အခြေအနေကို ရိပ်စားမိကြသဖြင့် ဩဇာခံနိုင်ငံငယ်များမှတစ်ဆင့် ကိုယ်စား ပြုစစ်ပွဲ (Proxy-War) များဆင်နွှဲခြင်း ၊ ဆန့်ကျင်ဘက်နိုင်ငံအား ထိန်းချုပ်ခြင်း၊ စိန်ခေါ်မှု များဖြင့် အလုပ်ပေးထားခြင်းဘက်ကိုသာ အတိအလင်း ခြေဦးလှည့်လာနိုင်သည် ဟုယူဆရပါသည်။ ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုမရှိသော ဒေသများနှင့် နိုင်ငံများသည် အင်အားကြီးနိုင်ငံများအားပြိုင်ရာ Proxy များ အလိုအလျောက် ဖြစ်လာနိုင်သည့်အတွက် ထိုအရေးကိစ္စအား ရှောင်လွှဲနိုင်ခြင်း၊ ဖိအားများလျော့ချနိုင်ခြင်းသည် ပညာခန်းပင်ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

58070623

အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ အလွန်အကျွံလုပ်ဆောင်ခြင်းက ဒေါ်လာအစားထိုးနည်းလမ်းများ ပိုမိုအသက်ဝင်လာနိုင်သည့် အလားအလာနှင့် ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

 


နိဒါန်း
အမေရိကန်နိုင်ငံ၏ ဒေါ်လာတန်ဖိုးနှင့် ဒေါ်လာဈေးလဲလှယ်မှုသည် လက်ရှိ ကာလများတွင် လျော့ကျလာခဲ့ပါသည်။ ပြည်ပနိုင်ငံများနှင့် လုပ်ငန်းကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်နေခြင်းသည် ၎င်း၏ ဒေါ်လာတန်ဖိုးကို ကျဆင်းစေနိုင်သည့် အကြောင်းအရင်းတစ်ခုဖြစ်နေပြီး နိုင်ငံများအကြား ကိုယ်ပိုင်ငွေကြေးဖြင့် ဖလှယ်နိုင်ရေး ကြိုးပမ်းလာမှုသည်လည်း အမေရိကန်ဒေါ်လာကဏ္ဍအတွက် စိုးရိမ်ဖွယ် ကိစ္စတစ်ခုဖြစ်လာသည့် ကိစ္စရပ်များကို သုံးသပ်ဖော်ပြပေးပါမည်။
ဖော်ပြချက်
အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများက ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ခဲ့ပြီးနောက် ထို့သို့ အရေးယူ ပိတ်ဆို့မှုများ အလွန်အကျွံလုပ်ဆောင်ခြင်းသည် ဒေါ်လာ၏ အခန်းကဏ္ဍအပေါ် သက်ရောက် နိုင်မည်လားဟူသည့် အငြင်းပွားမှုများ ပြန်လည်ပေါ်ပေါက်လာခဲ့ပါသည်။ သို့သော်လည်း ပိတ်ဆို့မှုများအလွန်အကျွံဆောင်ရွက်ခြင်းသည် အတ္တစွဲကင်းသလော၊ မကောင်းသလော ဟူသည့်အချက်နှင့် စီးပွားရေးကဏ္ဍထက် နိုင်ငံရေးကို ဦးစားပေးလွန်းနေသလော ဟူသည့်အချက်များမှာ အတိအကျဖြေဆိုရန် ခက်ခဲပါသည်။ အရေးယူပိတ်ဆို့မှုများ အလွန်အကျွံလုပ်ဆောင်ခြင်းမြင့်တက်နေသည့်အချိန်တွင်ပင် ကမ္ဘာလုံးဆိုင်ရာဒေါ်လာစနစ်ကို အစားထိုးရန်ဆောင်ရွက်လာနိုင်သည့် တန်ပြန်ဆိုးကျိုးများကို စဉ်းစားသုံးသပ်ခြင်းမရှိကြသေးပါ။ ထို့ပြင် အမေရိကန်နိုင်ငံသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ထပ်မံချမှတ်မည်ဆိုပါက အမေရိကန်ဒေါ်လာစနစ်နှင့် တရုတ်နိုင်ငံတို့အကြား ရွေးချယ်ရမှု ဖြစ်လာနိုင်ဖွယ် ရှိပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အဆိုပါရွေးချယ်မှုများကို ရှောင်ရှားနိုင်ရန်အတွက် အမေရိကန်ဒေါ်လာစနစ်အစား အခြားနည်းလမ်းတစ်ခုကို အစားထိုးဖော်ဆောင်လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများကြောင့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီအများစုမှာအနေဖြင့် အဆိုပါပိတ်ဆို့မှုကို ရှောင်ရှားနိုင်မည့် နည်းလမ်းများကို ရှာဖွေလာကြပါသည်။ ၂၀၂၂ ခုနှစ်က ရုရှားနိုင်ငံအပေါ် ချမှတ်ခဲ့သော အမေရိကန်နိုင်ငံ၏ အရေးယူ ပိတ်ဆို့မှုများ အများအပြားချမှတ်ခဲ့သော်လည်း ကမ္ဘာ့ဒေါ်လာစနစ်ကို ထင်သလောက်မထိခိုက်ခဲ့ပါ။ အမေရိကန် ဒေါ်လာသည် ကမ္ဘာ့ငွေကြေးလဲလှယ်မှုလုပ်ငန်းများတွင် ထိပ်ဆုံးကဦးဆောင်ခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် နိုင်ငံခြားငွေကြေးလဲလှယ်မှု၏ ၈၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါသည်။ သို့သော်လည်း တစ်ဖက်တွင် ပြီးခဲ့သည့် ၃ နှစ်တာကာလအတွင်းတွင် တရုတ်ငွေကြေး(RMB) ငွေကြေးလဲလှယ်မှုများ သည်လည်း ၄ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါသည်။ အဆိုပါအချက် များကို ကြည့်ခြင်းအားဖြင့် ယခုအချိန်တွင် ဒေါ်လာစနစ်ကို မထိခိုက်သေးသော်လည်း အခြားငွေကြေးအသုံးပြုလာမှုများပြားလာသည်ကို တွေ့ရှိနေရပါသည်။
၂၀၂၂ ခုနှစ်တွင် တစ်ကမ္ဘာလုံးစုဆောင်းထားသည့် အရန်ငွေကြေးများ၏ ၅၈ ရာခိုင်နှုန်းမှာ အမေရိကန်ဒေါ်လာဖြစ်ပြီး ရုရှား-ယူကရိန်းပဋိပက္ခမတိုင်ခင် ပမာဏခန့်ပင်ရှိပါသည်။ အုပ်စုနှစ်ခုစလုံး၏ အားပြိုင်မှုများက ဒေါ်လာကို အရန်ငွေကြေးအတွက် အပြိုင်အဆိုင်စုဆောင်းကြမှုများနှင့် ဒေါ်လာအသုံးပြု၍ အရောင်းအဝယ်ပြုလုပ်မှုများက ဒေါ်လာ၏ အခန်းကဏ္ဍကိုမြင့်တက်လာစေခဲ့ပါသည်။ ဒေါ်လာ၏အားသာချက်မှာ ပြည်တွင်းတွင်ကန့်သတ်ထားခြင်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှ အရင်းအနှီးဈေးကွက်အဖြစ် အသုံးပြုနိုင်ခြင်းဖြစ်ပါသည်။ (ဥပမာအားဖြင့် ဒေါ်လာဖြင့် မည်သည့်ကုန်ပစ္စည်းမဆိုဝယ်ယူနိုင်ခြင်း၊ မည်သည့်ရင်းနှီးမြှုပ်နှံမှုမဆိုဆောင်ရွက်နိုင်ခြင်းနှင့် ငွေပေးခြေမှုပြုနိုင်ခြင်းကို ဆိုလိုပါသည်။) အမေရိကန်တွင် Debt ceiling ကဲ့သို့သော ပြဿနာရပ်များရှိနေသော်လည်း အထက်ပါအခြေအနေကို ထိန်းထားနိုင်ဆဲဖြစ်သည်ဟု ဆိုရပါမည်။ တရုတ်နိုင်ငံကမူ ၎င်း၏ ယွမ်ငွေကြေးအရင်းအနှီးများကို ပြည်တွင်း၌သာ ကန့်သတ်ထိန်းချုပ်ထားဆဲဖြစ်ခြင်းကြောင့် မှီခိုအားထားနိုင်မှု နည်းနေခြင်းဖြစ်ပါသည်။
ပိတ်ဆို့အရေးယူမှုဟူသည်မှာ ငွေကြေးနှင့် စီးပွားရေးကို ထိန်းချုပ်ထားနိုင်သည့်နိုင်ငံက ကမ္ဘာ့စီးပွားရေးတွင် အပြန်အလှန်မှီခိုနေရမှုကိုအမြတ်ထုတ်ခြင်း (weaponised interdependence) ပင်ဖြစ်ပါသည်။ သို့သော်လည်း ထိုပိတ်ဆို့မှုများ၏
ထိရောက်မှုမှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်ပြီး အမျိုးမျိုးအထွေထွေ ကွဲပြားခြားနားလျက်ရှိနေပါသည်။ အကျိုးဆက်မှု အမေရိကန်နှင့်အနောက်အုပ်စုအတွင်းမှာပင် ပွတ်တိုက်မှုများဖြစ်နေပြီး ဒေါ်လာအသုံးပြုမှုကို မေးခွန်းထုတ်ခံရမှု ဖြစ်ပေါ်လာပါသည်။ ဥပမာအားဖြင့် မြောက်ကိုရီးယားနှင့် ဆီးရီးယားနိုင်ငံတို့သည့် နိုင်ငံတကာသဘောတူညီချက်များအတိုင်း လိုက်ပါဆောင်ရွက်ကြသော်လည်း အမေရိကန်၏ တစ်ဖက်သက်အရေးယူပိတ်ဆို့မှုများကြောင့် ၎င်း၏မဟာမိတ်များအတွင်း၌ပင် ပွတ်တိုက်မှုများဖြစ်ခဲ့ပါသည်။ အီရန်ကိစ္စရပ်တွင်လည်း ဥရောပနိုင်ငံများက အမေရိကန်နောက်လိုက်၍ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ရပ်တန့်ရန် သဘောမတွေ့ခဲ့ကြပါ။ ထို့ကြောင့် နိုင်ငံရေးစိတ်ဆန္ဒရှိကြသော်လည်း အီရန်ကို ပိတ်ဆို့အရေးယူမှုများ အရာမရောက်ဖြစ်ခဲ့ပြီး အီရန်ကဲ့သို့ ပိတ်ဆို့အရေးယူမှုခံထားရသည့် အခြားအစိုးရများသည်လည်း လက်တွေ့တွင် ဒေါ်လာကို မှီခိုနေနိုင်ဆဲဖြစ်သည်ဟု ပညာရှင်များမှတ်ချက်ပြုကြပါသည်။ (ပိတ်ဆို့ထားသော်လည်း အခြားနည်းလမ်းများဖြင့် ရှောင်ရှားပြီး ဒေါ်လာကိုပင်ဆက်လက်သုံးစွဲနေနိုင်သည်ဟု ဆိုလိုပါသည်။)
ပညာရှင်များ၏လေ့လာချက်အရ နိုင်ငံများအနေဖြင့် ၎င်းတို့၏အရန်ငွေကြေးအတွက် ဒေါ်လာအစား အခြားနည်းလမ်းများဖြင့်ဆောင်ရွက်လာသော်လည်း တရုတ် RMB ကိုစုဆောင်းမှုမှာ လျော့နည်းနေဆဲဖြစ်သည်ကို တွေ့ရပါသည်။ တရုတ်နိုင်ငံအနေဖြင့် ဗဟိုဘဏ်မှ ဒီဂျစ်တယ်ငွေကြေးဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေသော်လည်း လိုအပ်ချက်များရှိနေပါသေးသည်။ ယခုအခါ အာရှနိုင်ငံများအနေဖြင့် ၎င်းတို့အချင်းချင်းကုန်သွယ်ရာတွင် ကိုယ်ပိုင်ငွေကြေးများကို အသုံးပြုနေကြသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ပိတ်ဆို့အရေးယူမှုများဆောင်ရွက်သည့် ထိရောက်မှုမှာ အတော်လေး မေးခွန်းထုတ်ဖွယ်ရာဖြစ်နေပါသည်။ ယခုအခါ အမေရိကန်နိုင်ငံ၌ ပြည်တွင်း ငွေကြေးဆိုင်ရာမူဝါဒများ လှုပ်ခတ်မှုဖြစ်နေခြင်းကလည်း ဒေါ်လာအစားထိုး ငွေကြေးသုံးစွဲမှုကို မြင့်တက်စေပြီး အမေရိကန်၏ ပိတ်ဆို့မှုများကို အရာမထင်ဖြစ်စေပါသည်။
ထို့ပြင် SWIFT ကဲ့သို့သော စာတိုပေးပို့သည့်စနစ်များသည်လည်း အမေရိကန်၏ပြင်ပတွင်တည်ရှိနေသော်လည်း ၎င်း၏ပိတ်ဆို့အရေးယူမှုများကို လိုက်နာနေသောကြောင့် ဒေါ်လာအစားပြောင်းလဲအသုံးပြုသည့် နည်းလမ်းဖြစ်မလာနိုင်သေးဘဲ တရုတ်၏ Cross-Border Interbank Payment System သည်လည်း SWIFT ကိုအစားထိုးနိုင်သည့် စနစ်တစ်ခုမဖြစ်သေးဟု ဆိုပါသည်။ ကမ္ဘာ့ငွေကြေးစနစ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုမှာ အမေရိကန်က တရုတ်ကို ပိတ်ဆို့မှုများချမှတ်လာနိုင်ချေ ရှိနေမှုဖြစ်ပါသည်။ ထိုကိစ္စရပ်က အမေရိကန်-တရုတ် ကုန်သွယ်ရေးနှင့် နည်းပညာစစ်ပွဲကို များစွာသက်ရောက်နိုင်ပြီး ကမ္ဘာ့စီးပွားရေးကိုပါထိ ခိုက်လာနိုင်ပါသည်။ အဓိကအချက်မှာ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအား တစ်ဖက်သတ်ပိတ်ဆို့အရေးယူမည်ဆိုပါက ဒေါ်လာအစားထိုးသုံးစွဲမည့် နည်းလမ်းတစ်ခု အမှန်တကယ်ပေါ်ပေါက်လာနိုင်ချေရှိနေပါသည်။ တရုတ်နိုင်ငံအား ပိတ်ဆို့ခြင်းသည် ရုရှားကို ပိတ်ဆို့ခြင်းလောက် ထောက်ခံမှုရမည်မဟုတ်ဘဲ ပေးဆပ်ရမှုများ ပိုမိုများပြားနိုင်ပါသည်။ အထူးသဖြင့် ဒေါ်လာအပေါ် သက်ရောက်လာနိုင်သည့်ကိစ္စကို အမေရိကန် မူဝါဒချမှတ်သူများအနေဖြင့် အထူးဂရုပြု၍ စဉ်းစားချင့်ချိန်သင့်ကြောင်း ဖော်ပြထားပါသည်။
တွေ့ရှိသုံးသပ်ချက်
ပိတ်ဆို့အရေးယူမှုဟူသည်မှာ နိုင်ငံတစ်ခုအား ကမ္ဘာ့ကုန်သွယ်ရေးနှင့် ငွေကြေးကွင်းဆက်မှ ဖြတ်တောက်ခြင်းဖြစ်ပြီး၊ ကမ္ဘာ့ငွေကြေးဈေးကွက်ကို လွှမ်းမိုးထားနိုင်သည့် ဒေါ်လာကို လက်နက်တစ်ခုအနေဖြင့် အသုံးချဆောင်ရွက်ခြင်းတစ်မျိုး ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပိတ်ဆို့အရေးယူခံရသော ပြည်သူများအနေဖြင့် ဆင်းရဲကြပ်တည်းလာပြီး အစိုးရအား ဆူပူအုံကြွလာမည့် အခြေအနေတစ်ရပ်ကို မရောက်ရောက်အောင် ဖန်တီးယူခြင်းလည်းဖြစ်ပါသည်။ ယခင်ကာလများက အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူမှု ခံရသောနိုင်ငံများအနေဖြင့် ထိခိုက်မှုများခဲ့သော်လည်း ကာလရှည်ကြာလာသည်နှင့်အမျှ ထိုပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်သည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်လာကြသည်သာဖြစ်ပါသည်။ ထိုနည်းလမ်းများထဲမှ ဒေါ်လာအစားထိုးငွေကြေးနှင့် နိုင်ငံအချင်းချင်းကုန်သွယ်ရေးတွင် သက်ဆိုင်ရာနိုင်ငံများ၏ နိုင်ငံပိုင်ငွေကြေးဖြင့်သာ ကုန်သွယ်ခြင်း နည်းလမ်းများမှာ အထူးထိရောက်မှုရှိလာသည်ကို တွေ့ရပါသည်။
ထိုအချိန်တွင် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအား အကြောင်းအမျိုးမျိုးကြောင့် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်လာဦးမည်ဆိုပါက ဒေါ်လာအစားထိုးစနစ်တစ်ခု ပေါ်ပေါက်ရန် ပိုမိုတွန်းအားပေးသည့် အခြေအနေသို့ ရောက်လာနိုင်ကြောင်း သတိပေးအကြံပြုလာကြသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ယခုအခါ BRICS နှင့် SCO အဖွဲ့တို့မှ ဆောင်ရွက်နေသည့် ဒေါ်လာအစားထိုးငွေကြေးကိစ္စရပ်မှာ အတိုင်းအတာတစ်ခုအထိ အရှိန်မြှင့်လာခြင်းကြောင့်ဖြစ်သည်ဟု ယူဆရပြီး အမေရိကန်နိုင်ငံ၏ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများစွာခံနေ ရသော မြန်မာနိုင်ငံအနေဖြင့် ဒေါ်လာအစားထိုးမူဝါဒများကို မည်သို့ရေရှည်ရည်မှန်း၍ အကောင်အထည်ဖော်မည်ဆိုသည့်အချက်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။
Myanmar Aspect

57070623