မြောက်ကိုရီးယားနိုင်ငံရဲ့ နူးကလီးယားလက်နက်စမ်းသပ်မှုများ၊ တာဝေးပစ်လက်နက်စမ်းသပ်မှုများကြောင့် စစ်ရေး၊ နိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေကြသည့် အမေရိကန်နိုင်ငံနဲ့ မြောက်ကိုရီးယား
နိုင်ငံခေါင်းဆောင်နှစ်ဦးတို့ သည် ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံတွင် သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ကြသည်။ ၎င်းတွေဆုံဆွေးနွေးမှုသည် ကမ္ဘာအရေးအရာများထဲမှာ ထိပ်တန်းသတင်းတစ်ခုဖြစ်ခဲ့သည်။ ရလာဒ်အနေနှင့် အောက်ပါအချက် (၄) ချက်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်ကို တွေ့ရသည်။
၁။ အမေရိကန်နှင့် မြောက်ကိုရီယားတို့သည် နှစ်ဘက်ပြည်သူများအားလုံး၏ ငြိမ်းချမ်းမှုနှင့်ချမ်းသာကြွယ်ဝမှုကို အလိုရှိကြသည်နှင့်အညီ နှစ်နိုင်ငံဆက်ဆံရေးအသစ်ထူထောင်ကြရန် ဂတိပြုသည်။ (The United States and the DPRK commit to establish new U.S.-DPRK relations in accordance with the desire of the peoples of the two countries for peace and prosperity.)
၂။အမေရိကန်နှင့် မြောက်ကိုရီယားတို့သည် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တည်ငြိမ်ခိုင်မာသော ငြိမ်းချမ်းသည့် စနစ်တစ်ခုကိုတည်ဆောက်ရန် ပါဝင်အားထုတ်ကြိုးပမ်းကြလိမ့်မည်။ (The United States and the DPRK will join their efforts to build a lasting and stable peace regime on the Korean Peninsula.)
၃။ ၂၀၁၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ ပန်မွန်ဂျွမ်(Panmunjom) ကြေငြာချက်ကို ထပ်လောင်းအတည်ပြုခြင်းဖြင့် မြောက်ကိုရီးယားနိုင်ငံသည် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် နူးကလီးယားအလုံးစုံဖျက်သိမ်းရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည်ဟု ဂတိပြုသည်။ ( Reaffirming the April 27, 2018 Panmunjom Declaration, the DPRK commits to work toward complete denuclearization of the Korean Peninsula.)
၄။ အမေရိကန်နှင့် မြောက်ကိုရီယားတို့သည် အတည်ပြုပြီး စစ်အကျဉ်းသားများ/စစ်အတွင်းပျောက်ဆုံးသူများ ချက်ခြင်းနေရပ်ပြန်နိုင်ရေးအပါအဝင် ၎င်းတို့ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ဂတိပြုသည်။ ( The United States and the DPRK commit to recovering POW/MIA remains, including the immediate repatriation of those already identified.)
၎င်းအချက်(၄) ချက်တွင် အဓိကအကျဆုံးအချက်မှာ နံပါတ်(၃) ဖြစ်သည့် မြောက်ကိုရီးယားအနေဖြင့် ကိုးရီးယားကျွန်းဆွယ်ပေါ်တငါ နူကလီးယားလက်နက်ဖျက်သိမ်းရန်အတွက် ဂတိပြုဆောင်ရွက်သွားဖို့ကိစ္စပဲဖြစ်ပါသည်။ ၎င်းအချက်ကြောင့်ပင် တွေ့ဆုံဆွေးနွေးခြင်းကိစ္စ အထမြောက်ခဲ့ရခြင်းဖြစ်သည်။ နူကလီးယားပါဝါဖြစ်လာရန်အတွက် တစိုက်မတ်မတ်ဆောင်ရွက်လာခဲ့သည့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ဘာကြောင့် ဒီလို အံ့သြစရာကောင်းသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရပါသနည်း၊ နောက်ကွယ်မှာ ဘယ်လိုအကြောင်းကိစ္စတွေ၊ အကျိုးစီးပွားတွေ ရှိနေကြပါသနည်း ဆိုတဲ့မေးခွန်းများဟာ အင်မတန်စိတ်ဝင်စားစရာကောင်းလှပါသည်။
မြောက်ကိုရီးယား နိုင်ငံသည် နူကလီးယားပါဝါဖြစ်လာရန်အတွက် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တဲ့နိုင်ငံဖြစ်ပါသည်။ ဒီ့အတွက်စမ်းသပ်မှုပေါင်းများစွာလုပ်ခဲ့သည်။ ၎င်း၏ ၆ ကြိမ်မြောက်နူးကလီးယားစမ်းသပ်ခြင်းဖြစ်တယ်လို့ဆိုတဲ့ ၂၀၁၇ စက်တင်ဘာလ အတွင်းစမ်းသပ်မှုသည် သာမာန်နူးကလီးယားဗုံးထက် ဖျက်အားပြင်းထန်သည့် သာမိုနူးကလီးယားလက်နက် (Thermonuclear Weapon) ဖြစ်တယ်လို့ ဆိုပါသည်။ တနည်း ဟိုက်ဒရိုဂျင်ဗုံး (Hydrogen Bomb) လို့လည်း ခေါ်ကြသည်။ နောက်တစ်နေ့ စက်တင်ဘာ ၁၅ ရက်နေ့တွင် ဂျပန်နိုင်ငံကိုကျော်ပြီး ၂၂၀၀ ကီလိုမီတာကွာဝေးသည့် ပစိဖိတ်သမုဒ္ဒရာထဲကို တာဝေးဒုံးပစ်ပြခဲ့ပါသည်။ ၎င်းကိစ္စသည် အင်မတန်အန္တရယ်များလှသည်။ အကယ်၍ တာဝေးဒုံစမ်းသပ်မှုမအောင်မြင်ဘဲ ဂျပန်နိုင်ငံအပေါ် သို့မဟုတ် နယ်နမိတ်အတွင်းမှာသာ ပြုတ်ကျခဲ့သည်ရှိ သော် အလစ်အငိုက်တိုက်ခိုက်ခြင်း (surprise attack) ဖြစ်ပြီး တတိယကမ္ဘာစစ်ထိ ဦးတည်သွားနိုင်တဲ့အခြေအနေရှိပါသည်။ သို့သော်လည်း မြောက်ကိုရီးယားက ဒီလိုအန္တရာယ်များသည့်ကိစ္စကို စွန့်စားမှုယူပြီး ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ တစ်နည်း ၎င်း၏နည်းပညာနှင့် လက်နက်စွမ်းရည်အပေါ်တွင် အပြည့်အဝ ယုံကြည်မှုရှိကြောင်းကို ပြလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း သူ့မှာ နူကလီးယားထိပ်ဖူး ဘယ်နှစ်ခုနဲ့ ဘယ်လောက်အတိုင်းအတာထိ တာဝေးပစ်နိုင်နေပြီဆိုသည့်အချက်ကို မြောက်ကိုရီးယား၏ ထိပ်တန်းလျှို့ဝှက်ဖြစ်ပြီး မည်သူမျှ အတိအကျမသိနိုင်ပါ။ စူပါပါဝါနိုင်ငံတွေမှာတော့ အတိအကျ (သို့) မှန်းဆထားတဲ့ ထောက်လှမ်းရေးသတင်းရှိနိုင်ပါသည်။
၎င်းနောက်မှာ မြောက်ကိုရီးယားအနေဖြင့် အမျိုးသားအကျိုးစီးပွားအတွက် နောက်တစ်ဆင့်လုပ်ဆောင်ဖို့လိုအပ်လာတာက နိုင်ငံတကာနှင့် ကူးလူးဆက်ဆံရန်၊ စီးပွားရေးမြှင့်တင်ရန်နှင့် စစ်အင်အားတိုးချဲ့တည်ဆောက်ရန် ဖြစ်လာပါသည်။ ဒါတွေကိုဆောင်ရွက်နိုင်ရန်အတွက် နူကလီးယားပါဝါဆိုသည့် card ကိုကိုင်နိုင်အောင် အားထုတ်ခဲ့ပုံရပါသည်။ ပိတ်ကစားသည့်အချိန် ပြီးဆုံးပြီမို့ ဖွင့်ကစားဖို့ အချိန်ရောက်လာပြီလို့ ဆိုရမှာဖြစ်သည်။ Kim သည် အမေရိကန်သမ္မတနှင့်မတွေ့မီ တောင်ကိုရီးယားနိုင်ငံနှင့် သမိုင်းဝင် Panmunjom Declaration ကိုလက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာကြီးရဲ့ အာရုံကို ကိုင်လှုပ်ခဲ့သည်။ ဒါကသူ့ရဲ့ မဟာဗျူဟာမြောက် ပထမခြေလှမ်းလို့လည်း ဆိုနိုင်သည်။ ၎င်းကြေငြာချက်တွင် စိတ်ဝင်စားဖို့အကောင်းဆုံးကကိုးရီးယားကျွန်းဆွယ်မှာ တည်မြဲခိုင်မာသည့် အစိုးရစနစ်တစ်ခုည်ဆောက်ဖို့ (to establish a permanent and solid peace regime on the Korean Peninsula) ဆိုသည့်အချက်နှင့် နူကလီးယားကင်းစင်တဲ့ ကိုရီးယားကျွန်းဆွယ်ဖြစ်လာရန် (confirmed the common goal of realizing, through complete denuclearization, a nuclear-free Korean Peninsula) ဘုံရည်မှန်းချက်ကို သဘောတူညီခဲ့ကြတယ် ဆိုတဲ့အချက်ဖြစ်သည်။ အလုံးစုံနူကလီးယားဖျက်သိမ်းဖို့ကိစ္စသည် မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန် (Kim Jong-un) ကစတင်ပါသတဲ့ (the measures being initiated by North Korea)။ ကဲ အံ့သြဖို့ မကောင်းပေဘူးလား။
အမေရိကန်
တရုတ်နှင့် ရုရှားသည် မြောက်ကိုရီးယားကို ကြားခံ (proxy) အဖြစ်သုံးပြီး အမေရိကန်ကို ကစားသလို အမေရိကန်က ကလည်း တောင်ကိုရီးယားနဲ့ ဂျပန်ကိုကိုင်ထားပြီး ကစားပါသည်။ မြောက်ကိုရီးယားကစားတာကတော့ ကြမ်းတယ်လို့ဆိုရမည်။ အမေရိကန်သည် သူတို့အထင် ပါဝါမညီမျှဘူး (တနည်း) မလောက်လေးမလောက်စား လို့မြင်နေသည့် မြောက်ကိုရီးယား၏ မထီမဲ့မြင်လုပ်ခြင်းကို အတော်လေးခံခဲ့ရပါသည်။ မြောက်ကိုရီးယားကို ကိုင်တွယ်လို့မရခြင်းသည် ကမ္ဘာနိုင်ငံများအလည်မှာ အမေရိကန်ကို များစွာအရှက်ရစေပါသည်။ အမေရိကန်သမ္မတ ထရန့်ပ် (Trump)အနေနဲ့ “မင်းဆီမှာရှိတဲ့လက်နက်တွေက မင်းတို့ကို လုံခြုံစေမှာမဟုတ်ဘဲ၊ မင်းအစိုးရအတွက် အန္တရာယ်အကြီးကြီးဖြစ်တယ်”(the weapons you are acquiring are not making you safer, they are putting your regime in grave danger)့ဆိုပြီး လေယာဉ်တင်သင်္ဘောသုံးစီး စေလွှတ်ကာ စစ်အင်အား ( Big stick) နဲ့ ဖိအားပေးခဲ့ဖူးပါသည်။ ဒီအခြေအနေသည် တတိယကမ္ဘာစစ်များဖြစ်တော့လေမလားလို့ စိုးရိမ်ခဲ့ကြပြီး ကမ္ဘာမှာ အတော်လေး ဂယက်ထခဲ့ကြပါသည်။ မြောက်ကိုရီးယားကတော့ “ငါတို့တပ်တွေက မင်းတို့ လေယာဉ်တင်သင်္ဘောတွေကို တစ်ချက်တည်းနဲ့ မြှုပ်ပစ်ဖို့ အဆင်သင့်ပဲ”(Our revolutionary forces are combat-ready to sink a US nuclear-powered aircraft carrier with a single strike) လို့ ပြန်ပက်ပြီး အမေရိကန်စလာမယ့် စစ်ပွဲကို အသင့်အနေအထားနဲ့ စောင့်နေခဲ့သည်။ တက်လာခဲ့ ဆော်ကြတာပေါ့ ဆိုတဲ့အနေအထားပဲဖြစ်သည်။
အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို မကိုင်တွယ်နိုင်ရင် တခြားနူကလီးယားအိမ်မက်မက်နေကြသည့် ကမ္ဘာ့နိုင်ငံတွေကို ကိုင်တွယ်ဖို့အတော်ခက်လာနေသည်။ စစ်ဖြစ်လာခဲ့လျင် ပထမဦးစွာထိခိုက်မှာက အမေရိကန်၊ ကမ္ဘာစီးပွားရေး အဆင့် (၁) အပါအဝင် ၎င်းရဲ့မဟာမိတ်ဖြစ်တဲ့ ကမ္ဘာ့စီးပွားရေးအဆင့် (၁၁) တောင်ကိုရီးယားနဲ့ ကမ္ဘာ့စီးပွားရေးနံပါတ် (၃) ဂျပန်ဖြစ်ပါသည်။ ဒီနိုင်ငံသုံးခုပြိုလဲရင် ကမ္ဘာအင်အားချိန်ခွင်လျှာနဲ့ စီးပွားရေးပြိုလဲပြီး World Order အသစ်ဖြစ်လာနိုင်ခြေရှိနေသည်။ အကျိုးအမြတ်ရရှိမည့်သူတွေကတော့ တရုတ်နှင့်ရုရှားဖြစ်ပါသည်။ ၎င်းအချက်တွေကြောင့်ပင် အမေရိကန်အတွက် စစ်တိုက်ဖို့ နည်းလမ်းထက် မြောက်ကိုရီးယားအပေါ် စီးပွားရေးပိတ်ဆို့ရန်နှင့် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းကသာလျင် အကောင်းဆုံးဖြစ်လာပါတော့သည်။
နှစ်ဘက်ခေါင်းဆောင်နှစ်ဦး၏ အကျိုးစီးပွားများ
၎င်းဆွေးနွေးပွဲမှသည် ကောင်းမွန်သည့် ရလာဒ်များနှင့် အဆုံးသတ်ခဲ့သော် မြောက်ကိုရီးယားခေါင်းဆောင်သာမက အမေရိကန်သမ္မတသည် ကမာ္ဘ့သမိုင်းမှာ ငြိမ်းချမ်းရေးစွမ်းဆောင်ရှင်များအဖြစ် မှတ်တမ်းဝင်ပါလိမ့်မည်။ကင်မ် (Kim) အတွက် အာဏာရှင်ခေါင်းဆောင်တစ်ယောက်၏ ငြိမ်းချမ်းရေးစွမ်းဆောင်မှုက အံ့မခမ်းဖြစ်သလို ထရန့်ပ် (Trump) အတွက် နောက်တစ်ကြိမ်ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရနိုင်ဖို့ ခိုင်မာသောလက်ဆုပ်လက်ကိုင်ပြသနိုင်သည့် အောင်ပွဲတစ်ခုဖြစ်လာမှာ အသေအချာပင်ဖြစ်သည်။ သမ္မတအဆက်ဆက်မဖြေရှင်းနိုင်ခဲ့သည့် အကြပ်အတည်းကို ဖြေရှင်းပြနိုင်သည့် အမေရိကန်နိုင်ငံ၏သမ္မတတစ်ယောက်အနေနှင့် အကြီးမားဆုံး ခေါင်းဆောင်မှုကို ရရှိခြင်းလို့ ဆိုနိုင်ပါလိမ့်မည်။
မြောက်ကိုရီယားရဲ့ ဂျိုကာ
ဤကဲ့သို့ အကြောင်းတရားပေါင်းများစွာ ပေါင်းဆုံပြီး စားပွဲဝိုင်းပေါ်ရောက်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း မြောက်ကိုရီးယားသည် ဂျိုကာ တစ်ချပ်ကို ကိုင်ထားဆဲဖြစ်ပါတယ်။ အဲ့ဒါက သူ့ရဲ့ နူကလီးယားစွမ်းရည်ပင်ဖြစ်သည်။ စွမ်းရည်ဆိုသည်မှာ အရေအတွက်မဟုတ်ပါ။ အရည်အချင်းနှင့် နည်းပညာကို ဆိုလိုပါသည်။ ကင်မ် (Kim) ဆိုလိုသည့် အနုမြူလက်နက်ဖျက်သိမ်းခြင်းဆိုသည်မှာ သက်တမ်းလွန်ပြီး စွမ်းရည်မရှိတဲ့ ဗုံးအဟောင်းများ၊ အခွံများ၊ အဆောက်အဦများကို ဖျက်ပြတာဖြစ်ဖို့များသည်။ ထိုသို့မဖြစ်ဘဲ မြောက်ကိုရီးယားပိုင်ဆိုင်ထားသည့် နူကလီးယားအရေအတွက်အားလုံးကို ရိုးသားစွာ ဖျက်သိမ်းနိုင်ခဲ့ရင်တောင် အနူမြူဗုံးထုတ်လုပ်နိုင်သည့် စွမ်းရည်နှင့် နည်းပညာ၊ လူသားအရင်းအမြစ်၊ တာဝေးပစ်လက်နက်များ၏ စွမ်းရည်နှင့် နည်းပညာကို ဖျောက်ဖျက်ပစ်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့သည့်ကိစ္စတစ်ခုဖြစ်သည်။ ၎င်းစွမ်းရည်များ ပိုင်ဆိုင်ထားပြီးသားနိုင်ငံတစ်ခုသည် အချိန်တိုအတွင်း နူကလီးယားလက်နက် (Nuclear Weapon) တစ်ခုကို တပ်ဆင်ထုတ်လုပ်နိုင်ပါတယ်။ ထိုသို့ ထုတ်လုပ်နိုင်ရန်လည်း အစီအမံများရှိပြီး ဖြစ်နေလိမ့်မည်။
ဥပမာဆိုရသော် ဂျပန်နိုင်ငံတွင် နူကလီးယားလက်နက် မရှိဟုဆိုသော်လည်း သူ့ရဲ့ နည်းပညာနဲ့ စွမ်းရည်သည် အချိန်တိုအတွင်း ရှိလာအောင်လုပ်ဆောင်နိုင်ပါသည်။ ဂျပန်နိုင်ငံ၏ ရဟတ်ယာဉ်တင်ဖျက်သင်္ဘော အမည်ခံ (so called helicopter destroyer) JS Izumo သည် နာရီပိုင်းအတွင်းမှာပဲ F35B လို လမ်းကြောင်းတိုတွင် ပျံတက်/ဆင်း လုပ်နိုင်တဲ့ (short take-off and vertical landing -STOVL) ဂျက်လေယာဉ် (fighter jet) တွေပျံနိုင်တဲ့ လေယာဉ်တင်သင်္ဘော (aircraft carrier) အဖြစ် အသွင်ပြောင်းလဲနိုင်ပါတယ်။ စွမ်းရည်နှင့် နည်းပညာဆိုသည်မှာ ဤသို့သောအချက်များကို ဆိုလိုပါသည်။
နိဂုံးချုပ်တော့
မြောက်ကိုရီးယား၏ နူကလီးယားပါဝါကို ကမ္ဘာကြီးက နူကလီးယားလက်နက်ဖျက်သိမ်းခြင်း (Denuclearization) ဟုခေါင်းစဉ်အမည်တပ်ပြီး တရားဝင်အသိအမှတ်ပြုပေးလိုက်ရတာဖြစ်ပါသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် စီးပွားရေးနှင့် သမရိုးစစ်ပွဲ (conventional warfare) အတွက်လိုအပ်သည့် စစ်ရေးစွမ်းရည်မြှင့်တင်ရန်အပြင်၊ ကိုးရီးယားနှစ်နိုင်ငံပေါင်းစည်းရေး ဆိုသည့် ခြေလှမ်းကိုပါ စတင်လာပြီဆိုတာတွေ့ရပါသည်။ ဒါကြောင့် လက်ရှိအခြေအနေသည် မြောက်ကိုရီးယား ခေါင်းဆောင် အဆက်ဆက်ချမှတ်ပေးခဲ့သော အဂ္ဂမဟာဗျူဟာ (Grand Strategy) ရဲ့ အစိတ်အပိုင်းတစ်ရပ်မျှသာလျှင် ဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ ။
ကမ္ဘာ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်
မောင်ကျော်
၁၄၀၆၁၈၂၄၀၈