Friday, January 3, 2020

အမျိုးသားလက္ခဏာရပ်များ တည်ဆောက်ခြင်း-Nation Building (၁)

အမျိုးသားလက္ခဏာရပ်များ တည်ဆောက်ခြင်းအကြောင်းမပြောမီ Nation building ၊ State building နှင့် Nation-state building တို့ ဆိုလိုရင်းသဘောသဘာဝ မတူညီကြောင်းဦးစွာ သဘောပေါက်ရန်လိုပါသည်။ Political Sociology ရှုထောင့်မှကြည့်လျင် ယေဘုယျအားဖြင့် Nation building သည် Culture နှင့် Identity ဟူသည့် ယဉ်ကျေးမှု၊ ကိုယ်ပိုင်လက္ခာဏာရပ် စသည်ကို အလေးပေးပြီး၊ State building သည် ပထဝီနယ်နမိတ် (geographical area)၊ အခြေခံအဆောက်အဦ (infrastructure)၊ စနစ်တကျတည်ဆောက်ထားသည့် အဖွဲ့အစည်းများ (institution) ကို အလေးပေးပါသည်။ တနည်းအားဖြင့် Nation building သည် အနှစ်အသားကိုဦးစားပေးပြီး၊ State building သည် အသွင်သဏ္ဍာန်ကို အလေးပေးပါသည်။ ဓမ္မကြောင်းအရကြည့်လျင် ရုပ်သဘောနှင့် နာမ်သဘော အားဖြင့် တွေးဆကြည့်နိုင်သည်။ နှစ်ခုစလုံး တူညီစွာ အရေးကြီးသည်ချည်းဖြစ်ပါသည်။ Nation-state ဟုပြောလျင်တော့ ဒီသဘောနှစ်ခုစလုံး အကြုံးဝင်သည်။ ဤသို့ ခွဲခြားနားလည်ထားပါမှ နိုင်ငံတစ်ခုတည်ဆောက်ရာတွင် အပျော့ထည်နှင့် အမာထည် နှစ်မျိုးစလုံး တည်ဆောက်ရန်လိုအပ်ကြောင်း ထင်ရှားပေမည်။ Nation-state building ကိုသွားရန်လိုသည်။

စာရေးသူအနေဖြင့် မြန်မာနိုင်ငံတွင် အများနားလည်ထားသည့် နိုင်ငံတည်ဆောက်ခြင်း၊ လက်ရှိသွားနေသည့် နိုင်ငံတည်ဆောက်ခြင်းမှာ ရုပ်ပိုင်းဆိုင်ရာကို ဦးစားပေးသည် နိုင်ငံတည်ဆောက်ခြင်းအကြောင်းသာဖြစ်သည်ဟု သုံးသပ်ပါသည်။ State building အဆင့်တွင်ပင် တစ်ဆို့နေပြီး Nation building အဆင့်ကို မတက်နိုင်သေးသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အစဉ်အလာအားဖြင့် ဆောင်ရွက်လာသည့် မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံရှိသည် ယဉ်ကျေးမှုပေါင်းစုံပါသည်ဆိုသည်နှင့်မပြီး။ ရိုးရာဝတ်စုံများဝတ်၍ အတူတွဲကာသီချင်းဆို ကပြကြရုံနှင့် မလုံလောက်။ အများလက်ခံနိုင်မည့် ဘုံအမျိုးသားလက္ခဏာရပ် national Identity တစ်ခုတည်ဆောက်ဖို့ရန် မဖြစ်မနေလိုအပ်ပါသည်။ ထို့ကြောင့် အားနည်းချက်ရှိနေသည့် Nation building အကြောင်းကို ဤစာစုများတွင် မိမိနားလည်ထားသလောက် ဆွေးနွေးပေးချင်သည်။

ခေတ်သစ်သမိုင်းတွင် အမျိုးသားနိုင်ငံတွေတည်ဆောက်ခြင်းရဲ့ ထင်ရှားတဲ့အချိန်ကိုပြပါဆိုလျင် ဒုတိယကမ္ဘာစစ်ပြီးကာလဖြစ်သည်။ နိုင်ငံငယ်များ ကိုလိုနီဘဝမှလွတ်မြောက်လာကြသည်။ ခေါင်းဆောင်အသစ်၊ ယုံကြည်ချက်အသစ်၊ ကြွေးကြော်သံအသစ်၊ ပြယုဂ်အသစ်။ မြန်မာနိုင်ငံသည်လည်း ထိုအသစ်အသစ်များတည်ဆောက်ခြင်းထဲတွင် ပါဝင်သည်။ အသွင်ကူးပြောင်းသည့်လူ့အဖွဲ့အစည်းများအားလုံးတွင် မလုံခြုံမှုများ၊ လိုအပ်ချက်များနှင့် ပြည့်နှက်နေသည်။ အဓိကပြဿနာမှာ မသေချာမရေရာမှုများ၊  ဘုံသဘောတူညီမှုမရှိခြင်းနှင့် စည်းလုံးညီညွှတ်မှုမရှိခြင်းတို့ကြောင့်ဖြစ်ပေါ်လာသည့်  နိုင်ငံရေး၊ လူမှုရေးနှင့် ပုဂ္ဂိုလ်ရေး ရှုပ်ထွေးမှုများဖြစ်သည်။ ဤသို့ဖြင့် နိုင်ငံအတော်များများမှာ ဒီမိုကရေစီအိုင်ဒီယာကို အနည်းနှင့်အများရည်ရွယ်ခဲ့ကြသော်လည်း ဘယ်လိုတည်ဆောက်ကြမလဲဟူသည့် တည်ဆောက်ခြင်းနည်းလမ်းပေါ်အာရုံစိုက်မှု နည်းခဲ့ကြသည်။ ဒီမိုကရေစီကို ယုံကြည်ကြပါသည်ဟု ဆိုလိုက်သည်နှင့် သူ့အလိုလို ဒီမိုကရေစီအလေ့အကျင့်နှင့် အဖွဲ့အစည်းများပေါ်ပေါက်လာမည်ဟုဆိုသည့် ကျိုးကြောင်းဆီလျော်မှုမရှိသည့် မျှော်လင့်ချက်များအကြား ဝဲလှည့်နေခဲ့ကြသည်။

အမျိုးသားလက္ခဏာရပ်များတည်ဆောက်ခြင်းသည် ပြည်တွင်းရေးကိစ္စသာဖြစ်သော်လည်း မိမိနိုင်ငံအပေါ်တွင်သက်ရောက်မှုရှိနေသည့် နိုင်ငံတကာ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများကို နားလည်ထားရန်လိုသည်။ လက်ရှိအခြေအနေနှင့် ပေးထားချက်ကို ဦးစွာသဘောက်ပေါက်ရန် အရေးကြီးသည်။ ကျွန်ုပ်တို့သည် အနောက်ကမ္ဘာက ကြီးစိုးထားတော့နိုင်ငံတကာဆက်ဆံရေးအတွင်း ရှင်သန်နေကြရသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ အနုပညာ၊ ယဉ်ကျေးမှု စသည့်ကဏ္ဍပေါင်းစုံပါဝင်သည်။ ကိုလိုနီအုပ်ချုပ်ရေးက ခေတ်မီပညာရေးနှင့် ဗျူရိုကရေစီယန္တယားတည်ဆောက်ခြင်းဖြင့် လက်အောက်ခံနိုင်ငံများ၏ လူနေမှုဘဝနှင့် အုပ်ချုပ်ရေးစနစ်များကို ပြောင်းလဲနိုင်ခဲ့သည်ဟု သာမာန်ယူဆနိုင်သော်လည်း တကယ့်လက်တွေ့တွင် လူ့အထက်တန်းလွှာတစ်ခုကို တည်ဆောက်ပြီး ထိုအလွှာနှင့် ဆက်ဆံရေး (elite relationships) တည်ဆောက်နိုင်ခဲ့ခြင်းမျှသာဖြစ်သည်။ လူမှုအဖွဲ့အစည်းတစ်ခု၏ ဓလေ့စရိုက် နှင့် အလေ့အကျင့်တစ်ခုလုံးကိုမူ ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါ။

ထို့ကြောင့် အချိန်နှင့်အမျှ လူမှုအဖွဲ့အစည်းများ ရွှေ့လျားပြောင်းလဲနေသကဲ့သို့ ယဉ်ကျေးမှုများသည်လည်း ရောနှောယှက်တင်လာနေကြသည်။ ခေတ်မီကမ္ဘာကြီးနှင့် လျင်မြန်စွာကွာခြားလာသော နည်းပညာများ၊ လူနေမှုဘဝများက အသွင်ကူးပြောင်းစ ရှေးရိုးဆန်လူ့အဖွဲ့အစည်းများအတွက် ဖိအားကြီးတစ်ရပ်ပင်။ ဒါကြောင့်လည်း အသွင်ကူးပြောင်းစနိုင်ငံသစ်များအတွက် ခေတ်မီကမ္ဘာကြီးနှင့်အတူ လိုက်ပါစီးမျောနိုင်ရန်အတွက် အစ္ဇျတ ယုတ္တိဗေဒ (inner logic) တစ်ခုလိုအပ်လာခြင်းဖြစ်သည်။ ဒါကို (a process of acculturation) မိမိ၏ယဉ်ကျေးမှုစရိုက်လက္ခဏာများမပျောက်ပျက်စေဘဲ ခြားနားသည့် ယဉ်ကျေးမှုတစ်ခုကို ဘယ်လိုဘယ်နည်းနှင့် သဟဇာတဖြစ်စေမလဲ ဆိုသည့် ဖြစ်စဉ်တစ်ခုပုံဖော်တည်ဆောက်ရန်လိုအပ်ခြင်းဟုခေါ်သည်။ ထိန်းသိမ်းရုံနှင့်မလုံလောက်ဘဲ အသစ်ပုံဖော်တည်ဆောက်နိုင်မှသာ ရှင်သန်ရပ်တည်နိုင်ပေလိမ့်မည်။ ထို့ကြောင့်လည်း အမျိုးသားလက္ခဏာရပ်များတည်ဆောက်ခြင်းအတွက် အဓိကအကျဆုံးစိန်ခေါ်ချက်မှာ ကမ္ဘာယဉ်ကျေးမှုစရိုက်လက္ခဏာပျံ့နှံ့လာခြင်းကို မိမိရဲ့ယဉ်ကျေးမှုစရိုက်လက္ခဏာပျောက်ပျက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လိုလက်ခံဆောင်ရွက်မလဲဆိုသည့် မေးခွန်းဖြစ်သည်။ ဤအရာသည်ပညာခန်းဖြစ်သည်။

ဦးစွာပထမ အသွင်ကူးပြောင်းစနိုင်ငံများ သို့မဟုတ် အနောက်ကမ္ဘာနှင့်မတူသည့် နိုင်ငံရေးဖြစ်စဉ်များ၏ ဝိသေသလက္ခဏာများကို ဆွေးနွေးပေးချင်ပါသည်။ ဤဝိသေသလက္ခဏာများကိုပင် လူမှုဗေဒပြောင်းလဲမှုဖြစ်စဉ်ကို သက်ရောက်နေသည့်အချက်များ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သော အကြောင်းကိစ္စရပ်များ (သို့မဟုတ်) အမျိုးသားစရိုက်လက္ခဏာတည်ဆောက်ရာတွင် ရင်ဆိုင်ရနိုင်သည့် ပြဿနာရပ်များအဖြစ်ရှုမြင်နိုင်သည်။ George Kahin, Guy Pauker နှင့် Lucian Pye တို့အလိုအရ ထိုဝိသေသလက္ခဏာများကို အချက်ပေါင်း (၁၇)ချက် ခွဲထုတ်ပြသထားပါသည်။
(ဆက်ရန်)
မောင်ကျော်
၀၁၀၄၂၀၂၀၀၇၅၂

Friday, October 4, 2019

အမေရိကန်နှင့်မြောက်ကိုရီးယား စားပွဲဝိုင်း၏နောက်ကွယ်သို့ မှန်းဆကြည့်ခြင်း

မြောက်ကိုရီးယားနိုင်ငံရဲ့ နူးကလီးယားလက်နက်စမ်းသပ်မှုများ၊ တာဝေးပစ်လက်နက်စမ်းသပ်မှုများကြောင့် စစ်ရေး၊ နိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေကြသည့် အမေရိကန်နိုင်ငံနဲ့ မြောက်ကိုရီးယား
နိုင်ငံခေါင်းဆောင်နှစ်ဦးတို့ သည် ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က  စင်ကာပူနိုင်ငံတွင် သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ကြသည်။ ၎င်းတွေဆုံဆွေးနွေးမှုသည် ကမ္ဘာအရေးအရာများထဲမှာ ထိပ်တန်းသတင်းတစ်ခုဖြစ်ခဲ့သည်။ ရလာဒ်အနေနှင့် အောက်ပါအချက် (၄) ချက်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်ကို တွေ့ရသည်။
၁။ အမေရိကန်နှင့် မြောက်ကိုရီယားတို့သည် နှစ်ဘက်ပြည်သူများအားလုံး၏ ငြိမ်းချမ်းမှုနှင့်ချမ်းသာကြွယ်ဝမှုကို အလိုရှိကြသည်နှင့်အညီ နှစ်နိုင်ငံဆက်ဆံရေးအသစ်ထူထောင်ကြရန် ဂတိပြုသည်။ (The United States and the DPRK commit to establish new U.S.-DPRK relations in accordance with the desire of the peoples of the two countries for peace and prosperity.)
၂။အမေရိကန်နှင့် မြောက်ကိုရီယားတို့သည် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တည်ငြိမ်ခိုင်မာသော ငြိမ်းချမ်းသည့် စနစ်တစ်ခုကိုတည်ဆောက်ရန် ပါဝင်အားထုတ်ကြိုးပမ်းကြလိမ့်မည်။ (The United States and the DPRK will join their efforts to build a lasting and stable peace regime on the Korean Peninsula.)
၃။ ၂၀၁၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ ပန်မွန်ဂျွမ်(Panmunjom) ကြေငြာချက်ကို ထပ်လောင်းအတည်ပြုခြင်းဖြင့် မြောက်ကိုရီးယားနိုင်ငံသည် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် နူးကလီးယားအလုံးစုံဖျက်သိမ်းရေးအတွက်  ရှေ့ဆက်ဆောင်ရွက်မည်ဟု ဂတိပြုသည်။ ( Reaffirming the April 27, 2018 Panmunjom Declaration, the DPRK commits to work toward complete denuclearization of the Korean Peninsula.)
၄။ အမေရိကန်နှင့် မြောက်ကိုရီယားတို့သည် အတည်ပြုပြီး စစ်အကျဉ်းသားများ/စစ်အတွင်းပျောက်ဆုံးသူများ ချက်ခြင်းနေရပ်ပြန်နိုင်ရေးအပါအဝင် ၎င်းတို့ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ဂတိပြုသည်။ ( The United States and the DPRK commit to recovering POW/MIA remains, including the immediate repatriation of those already identified.)

၎င်းအချက်(၄) ချက်တွင် အဓိကအကျဆုံးအချက်မှာ နံပါတ်(၃) ဖြစ်သည့် မြောက်ကိုရီးယားအနေဖြင့် ကိုးရီးယားကျွန်းဆွယ်ပေါ်တငါ နူကလီးယားလက်နက်ဖျက်သိမ်းရန်အတွက် ဂတိပြုဆောင်ရွက်သွားဖို့ကိစ္စပဲဖြစ်ပါသည်။ ၎င်းအချက်ကြောင့်ပင် တွေ့ဆုံဆွေးနွေးခြင်းကိစ္စ အထမြောက်ခဲ့ရခြင်းဖြစ်သည်။ နူကလီးယားပါဝါဖြစ်လာရန်အတွက် တစိုက်မတ်မတ်ဆောင်ရွက်လာခဲ့သည့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ဘာကြောင့် ဒီလို အံ့သြစရာကောင်းသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရပါသနည်း၊ နောက်ကွယ်မှာ ဘယ်လိုအကြောင်းကိစ္စတွေ၊ အကျိုးစီးပွားတွေ ရှိနေကြပါသနည်း ဆိုတဲ့မေးခွန်းများဟာ အင်မတန်စိတ်ဝင်စားစရာကောင်းလှပါသည်။
မြောက်ကိုရီးယား နိုင်ငံသည်  နူကလီးယားပါဝါဖြစ်လာရန်အတွက် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တဲ့နိုင်ငံဖြစ်ပါသည်။ ဒီ့အတွက်စမ်းသပ်မှုပေါင်းများစွာလုပ်ခဲ့သည်။ ၎င်း၏ ၆ ကြိမ်မြောက်နူးကလီးယားစမ်းသပ်ခြင်းဖြစ်တယ်လို့ဆိုတဲ့ ၂၀၁၇ စက်တင်ဘာလ အတွင်းစမ်းသပ်မှုသည် သာမာန်နူးကလီးယားဗုံးထက် ဖျက်အားပြင်းထန်သည့် သာမိုနူးကလီးယားလက်နက် (Thermonuclear Weapon)  ဖြစ်တယ်လို့ ဆိုပါသည်။ တနည်း ဟိုက်ဒရိုဂျင်ဗုံး (Hydrogen Bomb) လို့လည်း ခေါ်ကြသည်။ နောက်တစ်နေ့ စက်တင်ဘာ ၁၅ ရက်နေ့တွင် ဂျပန်နိုင်ငံကိုကျော်ပြီး ၂၂၀၀ ကီလိုမီတာကွာဝေးသည့် ပစိဖိတ်သမုဒ္ဒရာထဲကို တာဝေးဒုံးပစ်ပြခဲ့ပါသည်။ ၎င်းကိစ္စသည် အင်မတန်အန္တရယ်များလှသည်။ အကယ်၍ တာဝေးဒုံစမ်းသပ်မှုမအောင်မြင်ဘဲ ဂျပန်နိုင်ငံအပေါ် သို့မဟုတ် နယ်နမိတ်အတွင်းမှာသာ ပြုတ်ကျခဲ့သည်ရှိ သော် အလစ်အငိုက်တိုက်ခိုက်ခြင်း (surprise attack) ဖြစ်ပြီး တတိယကမ္ဘာစစ်ထိ ဦးတည်သွားနိုင်တဲ့အခြေအနေရှိပါသည်။ သို့သော်လည်း မြောက်ကိုရီးယားက ဒီလိုအန္တရာယ်များသည့်ကိစ္စကို စွန့်စားမှုယူပြီး ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ တစ်နည်း ၎င်း၏နည်းပညာနှင့် လက်နက်စွမ်းရည်အပေါ်တွင်  အပြည့်အဝ ယုံကြည်မှုရှိကြောင်းကို ပြလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း သူ့မှာ နူကလီးယားထိပ်ဖူး ဘယ်နှစ်ခုနဲ့ ဘယ်လောက်အတိုင်းအတာထိ တာဝေးပစ်နိုင်နေပြီဆိုသည့်အချက်ကို မြောက်ကိုရီးယား၏ ထိပ်တန်းလျှို့ဝှက်ဖြစ်ပြီး မည်သူမျှ အတိအကျမသိနိုင်ပါ။ စူပါပါဝါနိုင်ငံတွေမှာတော့ အတိအကျ (သို့) မှန်းဆထားတဲ့ ထောက်လှမ်းရေးသတင်းရှိနိုင်ပါသည်။

၎င်းနောက်မှာ မြောက်ကိုရီးယားအနေဖြင့် အမျိုးသားအကျိုးစီးပွားအတွက် နောက်တစ်ဆင့်လုပ်ဆောင်ဖို့လိုအပ်လာတာက နိုင်ငံတကာနှင့် ကူးလူးဆက်ဆံရန်၊ စီးပွားရေးမြှင့်တင်ရန်နှင့် စစ်အင်အားတိုးချဲ့တည်ဆောက်ရန် ဖြစ်လာပါသည်။ ဒါတွေကိုဆောင်ရွက်နိုင်ရန်အတွက် နူကလီးယားပါဝါဆိုသည့် card ကိုကိုင်နိုင်အောင် အားထုတ်ခဲ့ပုံရပါသည်။ ပိတ်ကစားသည့်အချိန် ပြီးဆုံးပြီမို့ ဖွင့်ကစားဖို့ အချိန်ရောက်လာပြီလို့ ဆိုရမှာဖြစ်သည်။ Kim သည် အမေရိကန်သမ္မတနှင့်မတွေ့မီ တောင်ကိုရီးယားနိုင်ငံနှင့် သမိုင်းဝင် Panmunjom Declaration ကိုလက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာကြီးရဲ့ အာရုံကို ကိုင်လှုပ်ခဲ့သည်။ ဒါကသူ့ရဲ့ မဟာဗျူဟာမြောက် ပထမခြေလှမ်းလို့လည်း ဆိုနိုင်သည်။ ၎င်းကြေငြာချက်တွင် စိတ်ဝင်စားဖို့အကောင်းဆုံးကကိုးရီးယားကျွန်းဆွယ်မှာ တည်မြဲခိုင်မာသည့် အစိုးရစနစ်တစ်ခုည်ဆောက်ဖို့  (to establish a permanent and solid peace regime on the Korean Peninsula) ဆိုသည့်အချက်နှင့် နူကလီးယားကင်းစင်တဲ့ ကိုရီးယားကျွန်းဆွယ်ဖြစ်လာရန်  (confirmed the common goal of realizing, through complete denuclearization, a nuclear-free Korean Peninsula) ဘုံရည်မှန်းချက်ကို သဘောတူညီခဲ့ကြတယ် ဆိုတဲ့အချက်ဖြစ်သည်။ အလုံးစုံနူကလီးယားဖျက်သိမ်းဖို့ကိစ္စသည် မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန် (Kim Jong-un) ကစတင်ပါသတဲ့ (the measures being initiated by North Korea)။ ကဲ အံ့သြဖို့ မကောင်းပေဘူးလား။

အမေရိကန်

တရုတ်နှင့် ရုရှားသည် မြောက်ကိုရီးယားကို ကြားခံ (proxy) အဖြစ်သုံးပြီး အမေရိကန်ကို ကစားသလို အမေရိကန်က ကလည်း တောင်ကိုရီးယားနဲ့ ဂျပန်ကိုကိုင်ထားပြီး ကစားပါသည်။ မြောက်ကိုရီးယားကစားတာကတော့ ကြမ်းတယ်လို့ဆိုရမည်။ အမေရိကန်သည် သူတို့အထင် ပါဝါမညီမျှဘူး (တနည်း) မလောက်လေးမလောက်စား လို့မြင်နေသည့် မြောက်ကိုရီးယား၏ မထီမဲ့မြင်လုပ်ခြင်းကို အတော်လေးခံခဲ့ရပါသည်။ မြောက်ကိုရီးယားကို ကိုင်တွယ်လို့မရခြင်းသည် ကမ္ဘာနိုင်ငံများအလည်မှာ အမေရိကန်ကို များစွာအရှက်ရစေပါသည်။ အမေရိကန်သမ္မတ ထရန့်ပ် (Trump)အနေနဲ့ “မင်းဆီမှာရှိတဲ့လက်နက်တွေက မင်းတို့ကို လုံခြုံစေမှာမဟုတ်ဘဲ၊ မင်းအစိုးရအတွက် အန္တရာယ်အကြီးကြီးဖြစ်တယ်”(the weapons you are acquiring are not making you safer, they are putting your regime in grave danger)့ဆိုပြီး လေယာဉ်တင်သင်္ဘောသုံးစီး စေလွှတ်ကာ စစ်အင်အား ( Big stick)  နဲ့ ဖိအားပေးခဲ့ဖူးပါသည်။ ဒီအခြေအနေသည် တတိယကမ္ဘာစစ်များဖြစ်တော့လေမလားလို့ စိုးရိမ်ခဲ့ကြပြီး ကမ္ဘာမှာ အတော်လေး ဂယက်ထခဲ့ကြပါသည်။ မြောက်ကိုရီးယားကတော့ “ငါတို့တပ်တွေက မင်းတို့ လေယာဉ်တင်သင်္ဘောတွေကို တစ်ချက်တည်းနဲ့ မြှုပ်ပစ်ဖို့ အဆင်သင့်ပဲ”(Our revolutionary forces are combat-ready to sink a US nuclear-powered aircraft carrier with a single strike) လို့ ပြန်ပက်ပြီး အမေရိကန်စလာမယ့် စစ်ပွဲကို အသင့်အနေအထားနဲ့ စောင့်နေခဲ့သည်။ တက်လာခဲ့ ဆော်ကြတာပေါ့ ဆိုတဲ့အနေအထားပဲဖြစ်သည်။
အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို မကိုင်တွယ်နိုင်ရင် တခြားနူကလီးယားအိမ်မက်မက်နေကြသည့် ကမ္ဘာ့နိုင်ငံတွေကို ကိုင်တွယ်ဖို့အတော်ခက်လာနေသည်။ စစ်ဖြစ်လာခဲ့လျင် ပထမဦးစွာထိခိုက်မှာက အမေရိကန်၊ ကမ္ဘာစီးပွားရေး အဆင့် (၁) အပါအဝင် ၎င်းရဲ့မဟာမိတ်ဖြစ်တဲ့ ကမ္ဘာ့စီးပွားရေးအဆင့် (၁၁) တောင်ကိုရီးယားနဲ့ ကမ္ဘာ့စီးပွားရေးနံပါတ် (၃) ဂျပန်ဖြစ်ပါသည်။ ဒီနိုင်ငံသုံးခုပြိုလဲရင် ကမ္ဘာအင်အားချိန်ခွင်လျှာနဲ့ စီးပွားရေးပြိုလဲပြီး World Order အသစ်ဖြစ်လာနိုင်ခြေရှိနေသည်။ အကျိုးအမြတ်ရရှိမည့်သူတွေကတော့ တရုတ်နှင့်ရုရှားဖြစ်ပါသည်။ ၎င်းအချက်တွေကြောင့်ပင် အမေရိကန်အတွက် စစ်တိုက်ဖို့ နည်းလမ်းထက် မြောက်ကိုရီးယားအပေါ် စီးပွားရေးပိတ်ဆို့ရန်နှင့် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းကသာလျင် အကောင်းဆုံးဖြစ်လာပါတော့သည်။

နှစ်ဘက်ခေါင်းဆောင်နှစ်ဦး၏ အကျိုးစီးပွားများ

 ၎င်းဆွေးနွေးပွဲမှသည် ကောင်းမွန်သည့် ရလာဒ်များနှင့် အဆုံးသတ်ခဲ့သော် မြောက်ကိုရီးယားခေါင်းဆောင်သာမက အမေရိကန်သမ္မတသည် ကမာ္ဘ့သမိုင်းမှာ ငြိမ်းချမ်းရေးစွမ်းဆောင်ရှင်များအဖြစ် မှတ်တမ်းဝင်ပါလိမ့်မည်။ကင်မ် (Kim) အတွက် အာဏာရှင်ခေါင်းဆောင်တစ်ယောက်၏ ငြိမ်းချမ်းရေးစွမ်းဆောင်မှုက အံ့မခမ်းဖြစ်သလို ထရန့်ပ် (Trump) အတွက် နောက်တစ်ကြိမ်ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရနိုင်ဖို့ ခိုင်မာသောလက်ဆုပ်လက်ကိုင်ပြသနိုင်သည့် အောင်ပွဲတစ်ခုဖြစ်လာမှာ အသေအချာပင်ဖြစ်သည်။ သမ္မတအဆက်ဆက်မဖြေရှင်းနိုင်ခဲ့သည့် အကြပ်အတည်းကို ဖြေရှင်းပြနိုင်သည့် အမေရိကန်နိုင်ငံ၏သမ္မတတစ်ယောက်အနေနှင့် အကြီးမားဆုံး ခေါင်းဆောင်မှုကို ရရှိခြင်းလို့ ဆိုနိုင်ပါလိမ့်မည်။

မြောက်ကိုရီယားရဲ့ ဂျိုကာ

ဤကဲ့သို့ အကြောင်းတရားပေါင်းများစွာ ပေါင်းဆုံပြီး စားပွဲဝိုင်းပေါ်ရောက်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း မြောက်ကိုရီးယားသည် ဂျိုကာ တစ်ချပ်ကို ကိုင်ထားဆဲဖြစ်ပါတယ်။ အဲ့ဒါက သူ့ရဲ့ နူကလီးယားစွမ်းရည်ပင်ဖြစ်သည်။ စွမ်းရည်ဆိုသည်မှာ အရေအတွက်မဟုတ်ပါ။ အရည်အချင်းနှင့် နည်းပညာကို ဆိုလိုပါသည်။ ကင်မ် (Kim) ဆိုလိုသည့် အနုမြူလက်နက်ဖျက်သိမ်းခြင်းဆိုသည်မှာ သက်တမ်းလွန်ပြီး စွမ်းရည်မရှိတဲ့ ဗုံးအဟောင်းများ၊ အခွံများ၊ အဆောက်အဦများကို ဖျက်ပြတာဖြစ်ဖို့များသည်။ ထိုသို့မဖြစ်ဘဲ မြောက်ကိုရီးယားပိုင်ဆိုင်ထားသည့် နူကလီးယားအရေအတွက်အားလုံးကို ရိုးသားစွာ ဖျက်သိမ်းနိုင်ခဲ့ရင်တောင် အနူမြူဗုံးထုတ်လုပ်နိုင်သည့် စွမ်းရည်နှင့် နည်းပညာ၊ လူသားအရင်းအမြစ်၊ တာဝေးပစ်လက်နက်များ၏ စွမ်းရည်နှင့် နည်းပညာကို ဖျောက်ဖျက်ပစ်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့သည့်ကိစ္စတစ်ခုဖြစ်သည်။ ၎င်းစွမ်းရည်များ ပိုင်ဆိုင်ထားပြီးသားနိုင်ငံတစ်ခုသည် အချိန်တိုအတွင်း နူကလီးယားလက်နက် (Nuclear Weapon) တစ်ခုကို တပ်ဆင်ထုတ်လုပ်နိုင်ပါတယ်။ ထိုသို့ ထုတ်လုပ်နိုင်ရန်လည်း အစီအမံများရှိပြီး ဖြစ်နေလိမ့်မည်။
ဥပမာဆိုရသော် ဂျပန်နိုင်ငံတွင် နူကလီးယားလက်နက် မရှိဟုဆိုသော်လည်း သူ့ရဲ့ နည်းပညာနဲ့ စွမ်းရည်သည် အချိန်တိုအတွင်း ရှိလာအောင်လုပ်ဆောင်နိုင်ပါသည်။ ဂျပန်နိုင်ငံ၏  ရဟတ်ယာဉ်တင်ဖျက်သင်္ဘော အမည်ခံ (so called helicopter destroyer) JS Izumo သည် နာရီပိုင်းအတွင်းမှာပဲ F35B လို လမ်းကြောင်းတိုတွင် ပျံတက်/ဆင်း လုပ်နိုင်တဲ့ (short take-off and vertical landing -STOVL) ဂျက်လေယာဉ် (fighter jet) တွေပျံနိုင်တဲ့ လေယာဉ်တင်သင်္ဘော (aircraft carrier) အဖြစ် အသွင်ပြောင်းလဲနိုင်ပါတယ်။ စွမ်းရည်နှင့် နည်းပညာဆိုသည်မှာ ဤသို့သောအချက်များကို ဆိုလိုပါသည်။

နိဂုံးချုပ်တော့

မြောက်ကိုရီးယား၏ နူကလီးယားပါဝါကို ကမ္ဘာကြီးက နူကလီးယားလက်နက်ဖျက်သိမ်းခြင်း (Denuclearization) ဟုခေါင်းစဉ်အမည်တပ်ပြီး တရားဝင်အသိအမှတ်ပြုပေးလိုက်ရတာဖြစ်ပါသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် စီးပွားရေးနှင့်  သမရိုးစစ်ပွဲ (conventional warfare) အတွက်လိုအပ်သည့် စစ်ရေးစွမ်းရည်မြှင့်တင်ရန်အပြင်၊ ကိုးရီးယားနှစ်နိုင်ငံပေါင်းစည်းရေး ဆိုသည့် ခြေလှမ်းကိုပါ စတင်လာပြီဆိုတာတွေ့ရပါသည်။ ဒါကြောင့် လက်ရှိအခြေအနေသည် မြောက်ကိုရီးယား ခေါင်းဆောင် အဆက်ဆက်ချမှတ်ပေးခဲ့သော အဂ္ဂမဟာဗျူဟာ (Grand Strategy) ရဲ့ အစိတ်အပိုင်းတစ်ရပ်မျှသာလျှင် ဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။     ။

ကမ္ဘာ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်
မောင်ကျော်
၁၄၀၆၁၈၂၄၀၈

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနှင့် အင်ဒိုနီးရှားနိုင်ငံ၏ အရပ်ဘက်ခေါင်းဆောင်မှု

စာရေးသူတို့နိုင်ငံတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအကြောင်းပြောကြပြီဆိုလျင် စစ်ဘက်သည် အရပ်ဘက် ဦးဆောင်မှု အောက်တွင်ရှိရမည် ဆိုသည်ကို စောင်းပေးပြောဆိုလေ့ရှိကြသည်။ စစ်အေးကာလအတွင်း ပေါ်ထွက်ခဲ့သည့် အနောက်လူမှုအဖွဲ့အစည်း အထူးသဖြင့် အမေရိကန်နိုင်ငံကို အခြေပြုထားသည့် Samuel Huntington ၏အယူအဆမှ စတင်ခဲ့ခြင်းဖြစ်သည်။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး အတွက် ပထမဦးဆုံး ဂန္တဝင်မြောက် သီအိုရီဟုဆိုနိုင်ပါသည်။ သို့သော်လည်းHuntington နောက်ပိုင်း ထွက်ပေါ်ခဲ့သည့် သီအိုရီအများစုသည် စစ်ဘက်အရပ်ဘက် ခွဲခြင်း ထက် တွဲခြင်းကို ယိမ်းခဲ့သည်က များပါသည်။ Charles Moskos ၏ Institution/Occupation “I/O model”၊ Morris Janowitz၏“Convergence” သဘောတရား၊ John Gates ရဲ့ “ golden age of isolation…never existed” ဟူသည့် အဆို၊ Maury Feld ၏ အမေရိကန် စစ်ဘက်နှင့် အရပ်ဘက်ကို တန်းတူပြုခဲ့မှု၊ Douglas Bland ၏“The Theory of Shared Responsibilities”၊ Rebecca Schiff ၏ “Concordence Theory” များသည် ခွဲခြားခြင်းထက် ပေါင်းစည်းခြင်းဘက်ကို ယိမ်းခဲ့ကြတာဖြစ်ပါသည်။
အမှန်ကတော့ Huntington သည်ပင် ပေါင်းစပ်ခြင်း “fusion” or “ integration” ဆိုသည့် အယူအဆကိုပြောဆိုခဲ့ပါသေးသည်။ ထို့ကြောင့် နောက်ပိုင်းထွက်ပေါ်ခဲ့သည့် သီအိုရီများသည် Huntington ၏ဂန္တဝင် သီအိုရီထဲမှ အလုံးစုံသွေဖည်သွားခြင်းမရှိသေးပါ ဟုလည်း ဆိုကြသည်။ Hungtington ပြောပြဆိုခဲ့သည့် Civilian control ဆိုရာတွင်လည်း Subjective civilian control နှင့် Objective civilian control ဟူ၍ ခွဲပြခဲ့ပါသေးသည်။ Huntington က ဓမ္မဓိဌာန်ကျသောအရပ်ဘက်ထိန်းချုပ်မှု(Objective civilian control) ကိုအဆိုပြုခဲ့ခြင်းဖြစ်ပါသည်။ ဤအဆို၏ ဆိုလိုရင်းအမှန်ကို စာရေးသူ၏ယခင်ဆောင်းပါးများတွင် အသေးစိတ်ရှင်းလင်းခဲ့ပြီးဖြစ်ပါသည်။
Marcus Mietzner ဆိုသူကတော့ ပညာရှင် တစ်ချိုုု့ရဲ့အယူအဆကိုပေါင်းစပ်ပြီး စစ်ဘက်က နိုင်ငံရေးမှာ ဘာကြောင့် ပါဝင်ပါတ်သက်ရသနည်းဆိုသည့်အချက်ကို အောက်ပါအတိုင်းကဏ္ဍ (၄) ခုခွဲခြားပြီး သုံးသပ်ခဲ့သည်။
(၁) သမိုင်းကြောင်းဆိုင်ရာ ပတ်သက်မှု၊
(၂) အရပ်ဘက် အဖွဲ့အစည်းများ၏အရည်အသွေးနှင့်ခါင်းဆောင်မှု၊
(၃) ပြင်ပ ပရောဂနှင့်
(၄) စစ်ဘက်အဖွဲ့အစည်း၏အရွေ့ များ ဟူ၍ဖြစ်ပါသည်။
၎င်းအချက်များထဲမှ အရပ်ဘက်အဖွဲ့အစည်းများ၏အရည်အသွေးနှင့်ခေါင်းဆောင်မှုအကြောင်းကို ဆွေးနွေးပေးလိုပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် စာရေးသူတို့နိုင်ငံကဲ့သို့ပင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှစ၍ သမ္မတ (Suharto) အလွန် ၂၁ ရာစုကူးပြောင်းခါနီးကာလအထိ နိုင်ငံရေးတွင်စစ်ဘက်ပါဝင်ပတ်သက်မှု ကြီးကြီးမားမားရှိနေခဲ့ပါသည်။ သို့သော်လည်း သမ္မတ Yudhoyono ကာလမှစတင်ပြီး စစ်ဘက်အခန်းကဏ္ဍကို သိသိသာသာ လျော့ချနိုင်ခဲ့ကြောင်းတွေ့ရသည်။ ထိုသို့ လျေ့ချနိုင်ခြင်းမှာ အရပ်ဘက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်မှု (Leadership) နှင့် အရည်အသွေး (Capacity) ဘယ်လောက်ရှိသနည်းဆိုသည့် အချက်ပေါ်တွင် အဓိက မှီတည်နေသည်ကို တွ့ရပါသည်။ ဤအချက်ကို တည်ဆောက်နိုင်ရန်အတွက် အရပ်ဘက်အခန်းကဏ္ဍမှ ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်များမှာ-
(၁) စစ်ဘက်၏လုံခြုံရေးနှင့်သက်ဆိုင်သော လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း။ အင်ဒိုနီးရှားသမ္မတ Yodhoyono သည် စစ်သားဟောင်းတစ်ဦးဖြစ်သည်နှင့်အညီ စစ်ဘက်၏လိုအပ်ချက်များကို တွန်းတွန်းတိုက်တိုက်တောင်းဆိုရန်မလိုဘဲ ဖြည့်ဆည်းပေးခဲ့သည်။ တရားမဝင် အသုံးစရိတ်များကိုလျော့ချ ပိတ်ဆို့ပြီး တရားဝင် အသုံးစရိတ်များဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ သူ၏လက်ထက်တွင် အင်ဒိုနီးရှားစစ်တပ်ကို ယခင်ကာလများထက်သာလွန်သော ခတ်မီလက်နက်များ တပ်ဆင်ပေးနိုင်ခဲ့ပါသည်။
(၂) ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းနိုင်ခဲ့ခြင်း။ ထင်ရှားသည်မှာ Ache conflict ဖြစ်ပါသည်။ ပြည်တွင်းတည်ငြိမ်မှု (Internal Stability) ကို တည်ဆောက်နိုင်သည်ဟု ဆိုနိုင်ပါသည်။
(၃) သမ္မတ Yodhoyono ၏ အတိုက်အခံများပေါ်တွင် ထားရှိသည့်သဘောထား။ အတိုက်အခံများအပေါ်တွင် နှိမ်ချဆက်ဆံခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဖယ်ထုတ်ခြင်းတွေကို ထိန်းသိမ်းခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းအတွင်း ဂိုဏ်းဂဏ္ဍ ကွဲပြားမှုများ၊ ပဋိပက္ခများကိုရှောင်ရှားနိုင်ခဲ့ပါသည်။ ထို့ကြောင့်လည်း ထိုင်းနိုင်ငံတွင် Thaksin ၊ ဖိလစ်ပိုင်က Arroyo တို့ ကြုံခဲ့ရသည့် အရပ်ဘက်အဖွဲ့ အစည်းအတွင်းမှ ပဋိပက္ခများကို ရှောင်နိုင်ခဲ့ပြီး ဒီမိုကရက်တစ် အလေ့အကျင့်ကို တည်ဆောက်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါသည်။
(၄) နံပါတ် ၃ အချက်ကြောင့်ပင် အရပ်ဘက် အဖွဲ့အစည်းအတွင်းမှ မညီညွှတ်မှုများကိုလျော့နည်းစေခဲ့ခြင်း။ အရပ်ဘက်အဖွဲ့အစည်းများ၏ လိုအပ်သည်ထက်ကွဲပြားမညီညွှတ်မှုများသည် စစ်ဘက်၏ အခန်းကဏ္ဍကို အလိုလိုမြင့်တက်စေကြောင်း Yudhayono က ကောင်းစွာ သဘောပေါက်သည်ဟု ဆိုရပါမည်။ စစ်ဘက်ကို နိုင်ငံရေးထဲမှ ထွက်သွားရန်သာ ပါးစပ်ပြော(lip service) မလုပ်ခဲ့ဘဲ၊ အရပ်ဘက်အဖွဲ့အစည်းကိုသာခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ပါသည်။
(၄) မလိုအပ်သည့် နေရာများတွင် အာဏာပါဝါကို ဇွတ်အတင်းတည်ဆောက်မှုမှ ရှောင်ကြဉ်ခဲ့ခြင်း။ ဥပမာ ကာကွယ်ရေးဝန်ကြီးဌာနကဲ့သို့ လုံခြုံရေး (Security) နှင့် ပတ်သက်သော အဓိကနေရာများကို ရှိသင့်သည့် လုံခြုံရေးပိုင်းဆိုင်ရာကျွမ်းကျင်သူများ၏ လက်ထဲတွင်သာရှိစေခဲ့ပါသည်။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် ဝန်ကြီးနှင့် ဒရိုင်ဘာပဲ အရပ်သားရှိသည်ဟု စကားနာထိုးခြင်းခံခဲ့ရသည်။ ကျွမ်းကျင်သူများလက်ထဲတွင်သာ လုပ်ပိုင်ခွင့်ရှိစေပြီး မလိုလားအပ်သော အားပြိုင်မှုများကို ထိန်းသိမ်းနိုင်ခဲ့ပါသည်။
(၅) ထူးခြားမှုမှာ Yodhoyono ၏ Democratic Party သည် စစ်ဘက်မှ အတွေ့အကြုံနှင့် ပညာပြည့်ဝသော ပင်စင်စားများအတွက် Effective Political Vehicle ဖြစ်စေခဲ့ခြင်း ပင်ဖြစ်သည်။
ဤနေရာတွင် Huntington ၏ သီအိုရီကို ပျက်ပြားစေခဲ့သောအချက်မှာ အင်ဒိုနီးရှား စစ်တပ်သည် Professional ဖြစ်လာသည့်အတွက်ကြောင့် နိုင်ငံရေးပါဝင်ပါတ်သက်မှုကို လျော့ချနိုင်ခဲ့သည်ဟု မဆိုနိုင်ခြင်းဖြစ်သည်။ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၎င်း၏ ကြည်းတပ်မှ လက်နက်များ၏ ၆၂ ရာခိုင်နှုန်း၊ ရေတပ်မှ ၁၇ ရာခိုင်နှုန်းသော သင်္ဘောများနှင့် လေတပ်မှ ၃၁ ရာခိုင်နှုန်းသော လေယာဉ်များသာ အမှန်တကယ် အသုံးပြုနိုင်ပါသည်ဟု ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ တရားဝင် ကြေညာခဲ့ပါသည်။ ထို့ကြောင့် အင်ဒိုနီးရှားစစ်တပ်သည် ဒေါင်ဒေါင်မြည် Professional မဖြစ်သေးဘဲ အရှေ့တောင် အာရှ စစ်တပ်များနည်းတူ သူမသာ ကိုယ်မသာ အခြေအနေတွင်သာ ရှိသေးသည်ဟု ဆိုနိုင်ပါသည်။ အင်ဒိုနီးရှားတပ်မတော်၏ Military Doctrine နှင့် Internal Structure တွေလည်း ထူးထူးခြားခြားပြောင်းခဲ့သည့်အချက် မတွေ့ရပါ။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲသည် စစ်ဘက်အဖွဲ့အစည်း၏အရွေ့ဆိုသည်ထက် အရပ်ဘက်၏ခေါင်းဆောင်မှုနှင့် အရည်အသွေးကြောင့်သာလျင် အောင်မြင်ခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။
ဤအခြေအနေများနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်သုံးသပ်ကြည့်လျင် ကွဲပြားခြားနားသည်မှာ မြန်မာနိုင်ငံတွင်ဒီမိုကရေစီအပြောင်းအလဲကို ယခုအချိန်ထိ စစ်ဘက်ကသာ ဦးဆောင်ပြီးသွားနေသည်ကိုတွေ့ရခြင်းဖြစ်သည်။ စစ်ဘက်အနေဖြင့် နိုင်ငံ၏ နိုင်ငံရေးရင့်ကျက်မှုပေါ်မူတည်ပြီး စစ်ဘက်၏ နိုင်ငံရေးအခန်းကဏ္ဍကို လျော့ချသွားမည်ဟုလည်း ပြည်တွင်း၊ပြည်ပမီဒီယာများမှတဆင့် အလျဉ်းသင့်သလို (တရားဝင်) ထုတ်ဖော်ပြောဆိုထားသည်ကိုတွေ့ရသည်။ စာရေးသူတို့နိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်ဘက်နှင့် စစ်ဘက် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ခွဲခြားပေးထားပြီးဖြစ်ကြောင်းလေ့လာတွေ့ရှိရပါသည်။ စစ်ဘက်အနေဖြင့် လုံခြုံရေးကဏ္ဍကိုသာ အဓိကထားကိုင်တွယ်ထားပြီး အရပ်ဘက်အတွက် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပိုင်ခွင့် မူဘောင်ကို အခြေခံဥပဒေအရ ခိုင်ခိုင်မာမာ ရရှိထားပြီးဖြစ်သည်ဟုဆိုနိုင်ပါသည်။ သို့သော်လည်း အရပ်ဘက်အနေဖြင့် နိုင်ငံတည်ဆောက်ရေးအသိပညာ၊ အတွေ့အကြုံအားနည်းခြင်းနှင့် တတ်သိပညာရှင်အားနည်းခြင်းစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အင်ဒိုနီးရှားနိုင်ငံတွင်တွေ့ရသကဲ့သို့ မြန်မာနိုင်ငံအရပ်သားအစိုးရသစ်၏ အရပ်ဘက်ခေါင်းဆောင်မှုနဲ့ အရည်အသွေးကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် ပေါ်လွင်အောင် တည်ဆောင်နိုင်ခြင်းကို မတွေ့ရသေးပါ။ “Burma’s Armed Forces: Power Without Glory” ရေးသားခဲ့သူ Andrew Selth က မြန်မာနိုင်ငံတွင် တက်လာမည့် အစိုးရသည် Federalism ဆိုသည်ကိုသာ လေပစ်နေပြီး နိုင်ငံ၏ ရေရှည် တည်ငြိမ်ရေး အတွက် ဘာလုပ်မည်နည်း ဆိုသည်ကို မသိရသေးပါဟူ၍ သူ၏ဆောင်းပါးတစ်ပုဒ်တွင် ဝေဖန်သွားသည်တွ့ရပါသည်။
ဤအချက်များမှာ အင်ဒိုနီးရှား နိုင်ငံရေးဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ချို့နှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ချိန်ထိုးသုံးသပ်ကြည့်ခြင်း ဖြစ်ပါသည်။ ပြောင်းလဲလျက်ရှိသော စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအခင်းအကျင်းသစ်တွင် အင်ဒိုနီးရှား နိုင်ငံ၏ အရပ်ဘက်ခေါင်းဆောင်မှုအကြောင်းကို လေ့လာကြည့်ခြင်းလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ထပ်တူပြုရန် မလိုအပ်သည့်တိုင် အတုယူစရာ၊ သင်္ခန်းစာ ယူစရာများနဲ့ ပြည့်နှက်နေပါသည်။ သီအိုရီလေ့လာချက်အရ အရပ်ဘက် နှင့် စစ်ဘက် အပြန်အလှန် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးစားသည့် အယူအဆများသည် ရာစုနှစ် တစ်ခုစာလောက် နောက်ကျသွားပြီ ဟုဆိုနိုင်ပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မိမိသက်ဆိုင်ရာအခန်းကဏ္ဍများမှ တာဝန်ယူ၊ တာဝန်ခံကြရန် ပြောဆိုနေသည့် ခေတ်အခါသို့ရောက်နေပြီဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ထို Ideology အပြောင်းအလဲကို အမိအရဆုပ်ကိုင်နိုင်ခဲ့ကြောင်းနှင့် စစ်ဘက်၏နိုင်ငံရေးအခန်းကဏ္ဍကိုလျေ့ချနိုင်ရန်အတွက် အပြစ်တင်ခြင်း (blame game) ဖြင့်မချဉ်းကပ်ဘဲ အရပ်ဘက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်မှု (Leadership) နှင့် အရည်အသွေး(Capacity) ကိုသာ တည်ဆောက်ခဲ့ကြောင်းလေ့လာတွေ့ရှိရပါသည်။ ရောက်ရှိနေပြီးသော မြန်မာ့နိုင်ငံရေးနှင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အခင်းအကျင်းသစ်အတွက် တွေးဆနိုင်ဖွယ်ရာ အထောက်အကူတစ်ခု ဖြစ်ပါစေကြောင်း တင်ပြလိုက်ရပါသည်။ ။
မောင်ကျော်
၂၉၇၁၇၂၃၀၅

Friday, August 23, 2019

လက်ရှိအမေရိကန်-တရုတ် ဆက်ဆံရေးကို လက်သစ်-သရုပ်မှန်ဝါဒ (Neo-realism) ရှုထောင့်မှ သုံးသပ်ခြင်း


ကမ္ဘာ့မြင်ကွင်းတစ်ခု (သို့မဟုတ်) နိုင်ငံနှစ်ခုအကြားဆက်ဆံရေးကို သုံးသပ်နိုင်သည့် ရှုထောင့်များစွာရှိပါသည်။ မိမိအသုံးပြုသည့် သီအိုရီပေါ်မူတည်ပြီး တွေ့ရှိချက်သည်လည်း ကွဲပြားနိုင်ပါသည်။ သို့သော်လက်ရှိ အမေရိကန်-တရုတ်ဆက်ဆံရေးသည် အင်စတီးကျူးရှင်းများ ပေါင်းစည်း၍ ငြိမ်းချမ်းရေးကို ဦးတည်နေပါသည်ဟု ဆိုလျင်သော်လည်းကောင်း၊ အပြန်အလှန် လူမှုဆက်ဆံရေး စံနှုန်းများတည်ဆောက်နေသည်ဟုဆိုလျင်သော်လည်းကောင်း လက်တွေ့နှင့်နီးစပ်ရန် ခဲယဥ◌်းပေလိမ့်မည်။ Identity ခြင်း၊ တန်ဖိုးထားမှုစံနှုန်းများ ကွဲပြား၍ ဆက်ဆံရေးတင်မာကြသည်ဟု ဆိုပြန်လျင်လည်း အမေရိကန်-တရုတ် ပနံသင့်ခဲ့ကြသည့် ၊ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် နှစ်ပေါင်း ၃၀ လောက်အချိန်က (ဘာကြောင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြသနည်းဟု) မေးခွန်းထုတ်ခံရဖွယ်ရှိပါသည်။
ယခုတွင်တော့ absolute game- ပူးပေါင်းဆောင်ရွက်လျင် နည်းများမဟူ အကျိုးတော့ဖြစ်ကိုဖြစ်သည်ဟူသည့် လစ်ဘရယ်အယူအဆ အရာမထင်တော့။ relative game ဖြစ်လာပြီ။ သူသာသည် ငါနာသည် အငြင်းပွားကြလာပြီ။ အကျိုးစီးပွားများ မမျှတကြတော့။ လက်ရှိအခြေအနေတွင် အမေရိကန်သည် တရုတ်အား စီးပွားရေးစစ်ပွဲစတင်ဆင်နွဲလျက်ရှိသည်။ ကုန်သွယ်မှုပိတ်ဆို့ရေး အကောက်ခွန်တိုးမြှင့်ခြင်းများကို အပြန်အလှန်ဆောင်ရွက်နေကြသည်။ တောင်တရုတ်ပင်လယ်တွင် ဆက်ဆံရေးတင်းမာနေသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးကလည်း အာရှ-ပစိဖိတ်ဒေသနှင့် တောင်တရုတ်ပင်လယ်တို့တွင် တက်တက်ကြွကြွလှုပ်ရှားမည်ဟု ထုတ်ဖော်ပြောလာပြီ။ အဓိကအားဖြင့်တော့ ပိုမိုသိသာထင်ရှားသည့် ဝိုင်းပတ်ပိတ်ဆို့ခြင်း မဟာဗျူဟာ (containment strategy) တစ်ခုကို စတင်အသက်သွင်းလာပြီဖြစ်သည်။ တရုတ်အနေဖြင့်လည်း မိမိ၏အစွမ်းရှိသလောက် ခုခံကာကွယ်ပြီး Major Power မှသည် Great Power ဆီသို့ရွှေ့လျားနိုင်ရေးကြိုပမ်းဆောင်ရွက်နေမည်သာဖြစ်သည်။
လက်ရှိ အမေရိကန်-တရုတ်ဆက်ဆံရေးအပေါ်တွင် သရုပ်မှန်ဝါဒီများအချင်းချင်းပင်အမြင်မတူကြ။ Offensive realists တွန်းလှန်ရေးသရုပ်မှန်ဝါဒီများက ပိုမိုတင်းမာသည့်ဘက်သို့သာဦးတည်မည်ဟုပြောသည်။ Defensive realists ခုခံကာကွယ်ရေးသရုပ်မှန်ဝါဒီများက ပြန်လည်သင့်တင့်သွားနိုင်သည်ဟု ဆိုကြပြန်သည်။ Offensive realists များအဆိုအရ great power ကိုရရှိပြီးသည့် နိုင်ငံများသည် ကမ္ဘာကိုကြီးစိုးထားနိုင်ရေးရ (hegemony) ဖြစ်ရန် ဦးတည်မည်သာဖြစ်သည်။ ထိုသို့ဦးတည်မှ မိမိ၏ အသက်ရှင်ရပ်တည်ရေးအတွက် စိတ်ချရမည်။ ထိုသို့မလုပ်လျင် မိမိတူဖြစ်တုန်းက ထုခဲ့သူတွေက မိမိပေပြန်ဖြစ်လျင် ပြန်ထုခံရမည်။ ပေ ပြန်အဖြစ်မခံလို။ ထို့ကြောင့် အင်အားကြီးသထက်ကြီးရန်သာ ကြိုးစားပေမည်။ သို့သော်လည်း Global Hegemony ကမ္ဘာအဆင့်လွှမ်းမိုးဖို့တော့မဖြစ်နိုင်။ ကမ္ဘာပေါ်တွင်လည်း သူ့ဒေသနှင့်သူ Major Power များရှိသည်။ ဥပမာ ဆိုဗီယက် ပြိုလဲပြီးသော်လည်း ရုရှားအိမ်နီးနားချင်းများကို အမေရိကန် သ◌ြဇာတည်ဆောက်နိုင်ရန်မလွယ်ကူလှပေ။ ရုရှားနိုင်ငံ၏ ခရိုင်းမီးယားနှင့် ဂျော်ဂျီယာ ကိစ္စက သက်သေဖြစ်သည်။ Great Power အနေဖြင့် Major Power များ၏ စည်းကိုထိဖို့တော့မလွယ်ပေ။ ထို့ကြောင့်နိုင်ငံများအဖို့ ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်ဖို့ ကြိုးစားခြင်းက လက်တွေ့ကျသည်။ ၁၉ ရာစုလောက်က အမေရိကန်ဆောင်ရွက်ခဲ့သည့် နည်းအတိုင်းဖြစ်သည်။ ၁၈၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ချမှတ်သည့် Monroe Doctrine ကိုလေ့လာနိုင်သည်။ Western Hemisphere ကိုထိန်းချုပ်နိုင်အောင်အရင်ကြိုးစားခဲ့သည်။ ၁၉၈၉ လောက်တွင် ဤကိစ္စအောင်မြင်သည်။ ယခု တရုတ်သည်လည်း ဒီနည်းလမ်းကို လိုက်နေသည်။ အထူးအဆန်းမဟုတ်။
တွန်းလှန်ရေးသရုပ်မှန်ဝါဒီများက regional hegemony ဖြစ်လာသည့် နိုင်ငံတစ်ခုသည် ရည်မှန်းချက်တစ်ခု ထပ်ရှိလာသည်။ ၎င်းမှာ အခြားဒေသမှ major power များ great power ဖြစ်မလာအောင်တားဆီးရန်ဖြစ်သည်။ ဒီအယူအဆက လက်ရှိ အမေရိကန်နှင့် တရုတ်ထိပ်တိုက်တွေ့နေသည့် ဆက်ဆံရေးကို လက်တွေ့ကျကျလှစ်ပြသည်။ တစ်ဖက်က တက်ဖို့ကြိုးစားသည်။ တစ်ဖက်က တားဆီးဖို့ကြိုးစားမည်။ အခြေအနေပေးလျင် ကန်ချချင်သည်။ သမိုင်းတွင် အမေရိကန်အနေဖြင့် regional hegemony ဖြစ်လာမည့် နိုင်ငံများကို ဒီနည်းအတိုင်း ဆောင်ရွက်ခဲ့သည့် သာဓက (၄) ခုရှိသည်။ Imperial Germany (1990-18), Imperial Japan (1931-45), Nazi Germany (1993-45), နှင့် Soviet Union (1945-89) တို့ဖြစ်သည်။ တရုတ်၏ တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ထားဖို့ရည်မှန်းချက်၊ အိမ်နီးချင်းနိုင်ငံများကို ဖိအားပေး၊ စည်းရုံးသိမ်းသွင်းထားဖို့ရည်ရွယ်ချက် နှင့် အမေရိကန်၏ ဗိုလ်ကျစိုးမိုးထားရေးက ထိပ်တိုက်တွေ့မည်ပင်။ (အနေမတတ်လျင် နိုင်ငံငယ်များ ကြားမှမြေစာပင်ဖြစ်ကြမည်။ စစ်အေးကာက proxy war များကိုလေ့လာနိုင်သည်။ ဤကားစကားချပ်။) ၎င်းအချက်များက လက်ရှိ အမေရိကန်-တရုတ်ဆက်ဆံရေး၏ သရုပ်မှန်ဖြစ်သည်။ Thucydides trap ကို တဖန်ပြန်ဝင်နေခြင်းပင်။
ခုခံရေးသရုပ်မှန်ဝါဒီများကတော့ လက်ရှိဆက်ဆံရေးက အကောင်းဘက်ကို ရွေ့နိုင်သည်ဟု ဆိုပြန်သည်။ အမေရိကန်နှင့် တရုတ်အဖို့ စစ်အေးကာလ Cuba Missile crisis အပြီး ညှိနှိုင်းဆောင်ရွက်ခဲ့သည့် အမေရိကန် ဆိုဗီယက် ဆက်ဆံရေးကို သင်ခန်းစာယူနိုင်သည်။ ၁၈၆၀ ပြည့်နှစ်လွန်များမှ ၁၈၉၀ ထိ ဂျာမဏီနှင့် ဥရောပကို လွှမ်းမိုးထားသည့် Prussian statesman Bismarck ကိုအတုယူနိုင်သည်။ အင်အားကြီးသော်လည်း ဥရောပကို အလုံးစုံချုပ်ကိုင်နိုင်ရန် မကြိုးစားခဲ့။ အလုံးစုံထိန်းချုပ်ရန်ကြိုးစားပြီး ကျဆုံးခဲ့ကြသည့် Kaiser Wilhelm နှင့် Adlolf Hitler ကနမူနာြဖစ်သည်။ ထို့ကြောင့် တရုတ်သည် ဤမျှလောက် ထိပ်တိုက်ရင်ဆိုင်ရန် တုံးအလိမ့်မည်မဟုတ်ဟုဆိုသည်။
နိုင်ငံအတော်များများတွင် နူကလီယားလက်နက်များပိုင်ဆိုင်ထားခြင်းကလည်း လက်ရှိဆက်ဆံရေးအပေါ်သက်ရောက်နေသည်။ ဒေသတွင်း၌ တရုတ်၏ဘေးပတ်လည်တွင် အိန္ဒိယ၊ ရုရှား၊ ပါကစ္စတန် နူကလီယားပါဝါများရှိသည်။ ဂျပန်နိုင်ငံအနေဖြင့် တရုတ်၏ စစ်ရေးအရ တိုက်ရိုက်ခြိမ်းခြောက်ခြင်းခံရပါက အချိန်တိုအတွင်း နူကလီးယားပါဝါြဖစ်လာနိုင်သည်။ တရုတ်အနေဖြင့် ၎င်းနိုင်ငံများအားလုံးကို အလုံးစုံထိန်းချုပ်နိုင်သည့် regional hegemony ဖြစ်လာရန်ပင် အတော်ကြိုးစားရမည်။ အမေရိကန်အနေဖြင့် အသင့်ပစ်နိုင်သည့် nuclear warhead 4000 နီးပါး ပိုင်ဆိုင်ထားသည်။ အခန့်မသင့်လျင် နူကလီးယားစစ်ပွဲဆီသို့ ဦးတည်နိုင်သည်။ လက်ရှိအမေရိကန်-တရုတ်တင်းမာနေမှုကြောင့် တရုတ်၏ဘေးပတ်ဝန်းကျင်နိုင်ငံငယ်များကို စစ်ရေးအရ ပေါ်ပေါ်တင်တင် ကျူးကျော်မှုပြုလုပ်ရန် ခက်ခဲမည်။ သိမ်းရလွယ်ပြီး ထိန်းရခက်ခြင်းက အမေရိကန် ဗီယက်နမ်နှင့် အီရတ်တွင်မှားခဲ့သော အမှားများက နှစ်နိုင်ငံစလုံးအတွက် သက်သေဖြစ်သည်။ (သို့သော် တိုက်ရိုက်မကျူးကျော်ဘဲ ပြည်တွင်းရေးတွင် အိမ်ကြက်ချင်းခွပ်ခိုင်းဖို့က သေချာသလောက်ရှိသည်။ ဤကားစကားချပ်။)
အချုပ်ဆိုရသော် Structural Realists များ၏အလိုအရ နိုင်ငံတနိုင်ငံတွင် ခေါင်းဆောင်ပြောင်းခြင်းသည် အဓိကမဟုတ်။ ဥပမာ Trump အာဏာရလာ၍ ၊ Populism ခေါင်းထောင်လာ၍ လက်ရှိ ကမ္ဘာအကြပ်အတည်းများ ရင်ဆိုင်နေရသည်ဟုမယူဆ။ ဘယ်သူတွေဘယ်လိုပြောင်းပြောင်း ကမ္ဘာကြီးသည် အကွပ်မဲ့ခြင်းကြောင့်၊ the logic of egoism (self-interest as the foundation of morality) ကြောင့်၊ self-help doctrine မိမိကိုယ်ကိုယ် အင်အားကြီးသထက်ကြီးမားအောင်ကြိုးစားခြင်းက နိုင်ငံများ၏ လုံခြုံရေး၊ အသက်ရှင်ရပ်တည်ရေးအတွက် အဓိကဖြစ်နေခြင်းကြောင့် နိုင်ငံများသည် အထက်မှာ ဖော်ြပသကဲ့သို့ ထိပ်တိုက်တွေ့ကြမည်သာြဖစ်သည်။ ဒီ international structure ထဲနေရင် ဒီလိုဖြစ်မည်၊ ဒီရပ်ကွက်ထဲနေသမျှတော့ ဒီလမ်းကိုကျော်သွားလို့ရမည်ဟု ဆိုလိုနေခြင်းပင်ဖြစ်သည်။ အင်အားကြီးနိုင်ငံတွေ ဒီလမ်းကိုလျောက်နေကြလျင် မြန်မာနိုင်ငံကဲ့သို့ အင်အားသေးငယ်ပြီး၊ ပြည်တွင်းရေးတည်ငြိမ်မှုမရှိသည့် နိုင်ငံများ ဘယ်လမ်းသို့လျောက်ရမည်ကို တွေးဆ နိုင်ကြရန် အနည်းငယ်မျှ အထောက်အပံ့ပြုနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်။
မောင်ကျော်
၂၃၀၈၁၉၂၂၃၄

Wednesday, August 21, 2019

အကြမ်းဖက်ဝါဒတားဆီးတိုက်ဖျက်ရေး မဟာဗျူဟာ (၅)


ဤကဏ္ဍ၏ လိုရင်းမှာ မိမိနိုင်ငံသည် အဓိကစစ်မြေပြင်တစ်ခုဖြစ်မလာစေရန် ကြိုတင်ချေမှုန်းခြင်း၊ လက်ဦးမှုရယူခြင်း၊ ထိန်းချုပ်ခြင်း အကြောင်းများပါရှိပါသည်။ မြန်မာနိုင်ငံအတွက် အလှမ်းဝေးကွာလွန်းနေသေးသော်လည်း သိသင့်၊ ရှိသင့်သည့် မဟာဗျူဟာပင်ဖြစ်သောကြောင့် ထည့်သွင်းရေးသားပြုစုပေးလိုက်ရပါသည်။ ဤအချက်အောင်မြင်ရန်အတွက် တိကျပြတ်သားပြီး မြန်ဆန်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် နိုင်ငံတကာ၏ ပူးပေါင်းပါဝင်ဆာင်ရွက်မှုတို့မှာ အရေးပါလှပါသည်။ အကြမ်းဖက်ဝါဒအား မျိုးဆက်သစ်တစ်ခုသို့ လက်ဆင့်ကမ်းမပေးနိုင်ရန်အတွက် ကမ္ဘာ့အင်အားကြီးစူပါဝါနိုင်ငံများသည် အကြမ်းဖက်သမားများရှိနေသော ကမ္ဘာပေါ်ရှိ မည့်သည့်နိုင်ငံဒေသတွင်းကိုမဆို ဝင်ရောက်ချေမှုန်းရန် အသင့်ရှိနေကြပါသည်။ အကြမ်းဖက်သမားများသည် နေရာကန့်သတ်ချက်မရှိ အကြမ်းဖက်ဝါဒပြန့်ပွားရန်နှင့် အကြမ်းဖက် လုပ်ရပ်များဆောင်ရွက်သကဲ့သို့ ၎င်းတို့အနေဖြင့်လည်း နယ်နမိတ်ကန့်သတ်ချက်မရှိ ချေမှုန်းရန်လိုသည်ဟု မှတ်ယူကြပါသည်။
(၁) အကြမ်းဖက်သမားများကို ရင်ဆိုင်တိုက်ခိုက်ရန်နှင့် လုံခြုံသောနေရာမရှိအောင်ဆောင်ရွက်ရန်
ရေတိုနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုကို တားဆီးနိုင်ရန် အထိရောက်ဆုံးသော နည်းလမ်းများမှာ စစ်မြေပြင်မှ အကြမ်းဖက်သမားများကို ကစဉ့်ကလျားဖြစ်စေရန်နှင့် ထွက်ပြေးဆုတ်ခွာစေရန်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် မိမိတို့၏ တပ်မတော်အပါအဝင် အမျိုးသားရေးစွမ်းပကားအားလုံးကို အသုံးပြုရပေမည်။ မိမိနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းဆောင်ရွက်ရန် အခွင့်အရေးမရှိရလေအောင် ပြည်ပရှိအကြမ်းဖက်ကွန်ရက်များကို ကြိုတင်ဖျက်ဆီးချေမှုန်းရမည်ဟု သတ်မှတ်ထားကြပါသည်။ ထိုသို့ချေမှုန်းရာတွင် တိကျမှန်ကန်ရန် လိုအပ်သည်။ အကြမ်းဖက်သမားများသည်လည်း နည်းပညာမြင့်နည်းလမ်းများကို အသုံးပြုနိုင်ကြသဖြင့် အင်တာနက်ကွန်ယက်ကြီးသည် ၎င်းတို့၏ လုံခြုံရေးနယ်မြေသဖွယ်ဖြစ်နေပါသည်။ ၎င်းကို တန်ပြန်နိုင်ရန် မိမိတို့တွင်လည်း လူသားအရင်းအမြစ်၊ နည်းပညာအရင်းအမြစ်များစွာလိုအပ်ပါသည်။ ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီအနေဖြင့် မိမိတို့၏ ထောက်လှမ်းရေးကွန်ယက်ကြီးသည် အမှန်တကယ် အလုပ်ဖြစ်မဖြစ် လက်တွေ့ကျကျသုံးသပ်ရန်လိုအပ်ပြီး လိုအပ်သော ပြင်ဆင်ဖွဲ့စည်းမှု၊ အဆင့်မြင့်တင်မှုမှန်သမျှကို ခေတ်စနစ်နှင့် အညီဆောင်ရွက်ကြရန်လိုအပ်ပါသည်။
လွှတ်တော်အနေဖြင့် လုံခြုံရေးနှင့် လူ့အခွင့်အရေးကို မရောထွေးစေဘဲ ကဏ္ဍအလိုက် ဆောင်ရွက်နိုင်ရန်လိုအပ်သည်။ လုံခြံုရေးအဖွဲ့အစည်းများ အတွက် ၎င်းတို့၏တာန်ဝတ္တရားများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ကန့်သတ်ထားသည့် ဥပဒေများကို ပြန်လည်သုံးသပ်ပြင်ဆင်သင့်ပါသည်။ ၎င်းအချက်မှာ မိမိတို့နိုင်ငံ၏ လုံခြံုရေးနှင့် အမျိုးသားအကျိုးစီးပွားဖြစ်သည်ကို သတိမလွတ်ကြရန်လိုအပ်ပါသည်။ လုံခြံုမှုမရှိသော တိုင်းပြည်တွင် လွတ်လပ်၍တရားမျှတခြင်းကို တည်ဆောက်၍မရနိုင်ပါ။ အမေရိကန်နိုင်ငံတွင်ပင် Foreign Intelligence Surveillance Act (FISA) Amendments Act of 2008 သည် အကြမ်းဖက်သမားများကို စောင့်ကြည့် စစ်ဆေးရာတွင် အခက်အခဲဖြစ်စေသဖြင့် ပြန်လည်သုံးသပ်ပြင်ဆင်ပေးနိုင်ရန် တိုက်တွန်းနေကြကြောင်း သတိချပ်သင့်ကြပါသည်။
(၂) မိမိတို့၏ ရှေ့တန်းစစ်သည်များကို တိုက်ပွဲအောင်မြင်ရေး နည်းနာများဖော်ထုတ် အကူအညီပေးရန်
စစ်သည်များ တိုက်ပွဲအောင်မြင်ရန်မှာ ကာကွယ်ရေးဦးစီးချုပ်တွင်သာ တာဝန်ရှိသည်မဟုတ်ပဲ အစိုးရအဖွဲ့တစ်ခုလုံးနှင့် လွှတ်တော်တွင်လည်း တာဝန်ရှိသည်ကို သတိပြုရပါမည်။ အစိုးရနှင့် လွှတ်တော်အနေဖြင့် စစ်အင်အားအသုံးပြုမှုကိုစနစ်တကျဖြစ်စေရန်နှင့် ဥပဒေကြောင်းအရ တရားဝင်ဖြစ်စေရန် မူဝါဒများ ၊ ဥပဒေများ ရေးဆွဲပေးရပါမည်။ အမေရိကန်ကဲ့သို့သော စူပါပါဝါနိုင်ငံများတွင် ပုဂ္ဂိုလ်၊ နယ်နမိတ်ကန့်သတ်ချက်မရှိ အကြမ်းဖက်တိုက်ဖျက်ရေးဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေကြသည်ကို သိရှိထားစေလိုပါသည်။ ထို့အပြင် အစိုးရအနေဖြင့် မူဝါဒချမှတ်ခြင်းကိုသာ အဓိကထားရန်နှင့် စစ်တပ်၏ စစ်မြေပြင်လုပ်ငန်းတာဝန်များ(operational decisions and procedures) တွင် အသေးစိတ်စီမံခန့်ခွဲမှု (micro-management) မှ ရှောင်ကြဉ်ရန် တွန်းအားပေးနေကြပါသည်။ အရပ်ဘက်အဖွဲ့အစည်းများ နည်းပညာကုမ္ပဏီများအနေဖြင့်လည်း အကြမ်းဖျက်တိုက်ဖျက်ရေးအတွက် လိုအပ်သည့် စွန့်ဦးတီထွင်မှုများ၊ နည်းပညာအသစ် ဖော်ထုတ်ခြင်းများကို စစ်ဘက်အဖွဲ့အစည်းများနှင့် တွဲဖက်အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ဤသို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ နည်းဥပဒေများကို ပြဌာန်းပေးရန် လွှတ်တော်တွင်တာဝန်ရှိပါသည်။
(၃) မိမိတပ်ဖွဲ့များကို ရေရှည်စစ်ပွဲအတွက် ဖွဲ့စည်းပြင်ဆင်ထားရန်
အဆင့်အတန်းမီသော မည်သည့်တပ်မတော်တစ်ရပ်တွင်မဆို ကျယ်ပြန့်၊ များပြားလှသော ဖွဲ့စည်းပုံရှိကြပါသည်။ တစ်ချိန်တည်းတွင် စစ်မျက်နှာနှစ်ခုဖွင့်ရန်မှာလည်း အဆင့်အမြင့်ဆုံး တပ်မတော်များအတွက်ပင် ကန့်သတ်ချက်ရှိပါသည်။ မိမိတို့တပ်မတော်၏ သမရိုးကျစစ်အတွက်ရည်ရွယ်ဖွဲ့စည်းထားသော တပ်ဖွဲ့များသည်လည်း အကြမ်းဖက်တိုက်ဖျက်ရေး နည်းနာများကို ကျွမ်းကျင်တတ်မြောက်ထားရန် လိုအပ်သကဲ့သို့၊ အကြမ်းဖက်တိုက်ဖျက်ရေး (သီးသန့်) အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားသော အထူးတပ်ဖွဲ့များလည်းရှိရပါမည်။ ထိုတပ်ဖွဲ့များတည်ဆောက်နိုင်ရန်အတွက် လွှတ်တော်နှင့် အစိုးရအနေဖြင့် ဘဏ္ဍာရေးထောက်ပံ့မှု ခေါင်းစဉ်သီးခြားပေးရန်လိုပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ၎င်းတပ်ဖွဲ့များအတွက် ရေရှည်လိုအပ်မည့် လူသားအရင်းအမြစ်၊ နည်းပညာ၊ လက်နက်နှင့် ချပ်ဝတ်တန်ဆာများကို အသေးစိတ်ပြုစု၍ နိုင်ငံတော်၏တရားဝင်အထောက်အပံ့ရရှိရန် ဆောင်ရွက်ရမည်ဖြစ်သည်။ ၎င်းတပ်ဖွဲ့များသည် တိုက်ပွဲဝင်အသင့် ဖြစ်နေရန်လိုအပ်ပြီး လက်တွေ့လေ့ကျင့်မှု၊ ချေမှုန်းမှုများ ဆောင်ရွက်စေခြင်းဖြင့် ယုံကြည်မှုနှင့် အတွေ့အကြုံတည်ဆောက်ထားရန်လိုအပ်ပါသည်။ ထိုတပ်ဖွဲ့များရှိနေသည့်တိုင်အောင် သတင်းလက်ဦးမှုသည် အရေးကြီးလှပါသည်။ ထို့ကြောင့် မိမိတို့၏ ထောက်လှမ်းရေးကွန်ရက်များအနေဖြင့် တိကျသောသတင်းကို ကြိုတင်ရရှိနိုင်ရန်လိုအပ်ပါသည်။ ထိုသို့ရရှိရန် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် နယ်မြေကန့်သတ်ချက်မရှိဖြန့်ကျက်ထားနိုင်အောင် ကြိုးစားတည်ဆောက်သွားရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်မှု အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ပထမအဆင့်အနေဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။
မောင်ကျော်
၀၉၀၉၁၇၁၃၄၁

အကြမ်းဖက်ဝါဒ တားဆီးတိုက်ဖျက်ရေး မဟာဗျူဟာ (၄)


အကြမ်းဖက်သမားများ မိမိနိုင်ငံအတွင်းထိုးဖောက်ဝင်ရောက်မှုကို ကာကွယ်ရန်
အကြမ်းဖက်သမားများမိမိတို့နိုင်ငံအတွင်းဝင်ရောက်မှုကို ကာကွယ်တားဆီးရန် အဓိကအားနည်းချက်ဖြစ်နေသည့်အချက်များမှာ နယ်စပ်သေဒလုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးကဏ္ဍများ ဖြစ်ပါသည်။ ကာကွယ်တားဆီးရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ မြှင့်တင်နေရန်နှင့် အစွန်းရောက်အစ္စလာမ်အကြမ်းဖက်များ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းမှန်သမျှကို ဖြတ်တောက် တားဆီး နိုင်ရန်လိုအပ်ပါသည်။ ထိုသို့တားဆီးနိုင်ရန်အတွက်-
(၁) နယ်မြေဒေသအလိုက် တိကျသောမူဝါဒထားရှိရန်
ထိုမူဝါဒကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက မိမိတို့ နယ်မြေဒေသတွင်ရှိသော အကြမ်းဖက်သမားများ ဝင်ရောက်လာနိုင်သည့် နည်းလမ်းမှန်သမျှကို ရှာဖွေပြီး ကာကွယ်တားဆီးရေးနည်းဗျူဟာကို ပြည်ထောင်စုအစိုးရသို့တင်ပြရမည်။ ပြည်ထောင်စုအစိုးရမှ ၎င်းမူဝါဒများကို ပေါင်းစည်း၍ နိုင်ငံတော်အဆင့် မူဝါဒတစ်ခုကို ပေါင်းစည်းချမှတ်ပေးရန်လိုအပ်ပါသည်။ ထိုမူဝါဒတွင် အကြမ်းဖက်သမားတို့အား တန်ပြန်တိုက်ခိုက်ရန်နည်းလမ်းများနှင့် မိမိတို့နိုင်ငံသားများ အကြမ်းဖက်သမားတို့၏ ဆွဲဆောင်စည်းရုံးမှုမခံရစေရေး နည်းလမ်းအားလုံးပါဝင်ရမည်ဖြစ်သည်။ လွှတ်တော်အနေဖြင့် ကော်မတီများဖွဲ့စည်း၍ ပြည်ထောင်စုအစိုးရ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့် ကူညီပေးရန်လိုအပ်ပါသည်။
(၂) အကြမ်းဖက်သမားဟု သံသယရှိသူများကို ရှာဖွေဖော်ထုတ်၍ မှတ်တမ်းတင်ထားရန်
ပြည်တွင်း/ပြည်ပ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လုပ်ငန်းဆောင်ရွက်နိုင်ချေရှိသည်ဟု သံသယရှိသည့် ပုဂ္ဂိုလ်မှန်သမျှကို စောင့်ကြပ်ကြည့်ရှုရန်နှင့် အမည်စာရင်းများအားလုံးကို တစ်နေရာတည်းတွင် စုပေါင်းမှတ်တမ်းတင်ထားရန်လိုအပ်ပြီး စောင့်ကြပ်ကြည့်ရှုသည် နည်းပညာများကို အစွမ်းကုန်မြှင့်တင်ရန်လိုအပ်ပါသည်။ ထိုလုပ်ဆောင်ချက်များကို တရားဥပဒေအရ အကာအကွယ်ပေးနိုင်ရန် လွှတ်တော်မှ ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်။ ထိုသို့ပူးပေါင်းဆောင်ရွက်နိုင်မှသာ နိုင်ငံတကာအကြမ်းဖက်သမားများ၏ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ မှတ်တမ်းတင်နိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံအတွင်း ဝင်ရောက်မှုကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါသည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံးများမှတဆင့် နည်းလမ်းရှာဖွေနိုင်ပါသည်။ အာဆီယံကဲ့သို့သော ဒေသဆိုင်ရာ အကြမ်းဖက်ဝါဒတားဆီးတိုက်ဖျက်ရေး အဖွဲ့များနှင့်လည်း သဘောတူစာချုပ်များချုပ်ဆိုပြီး နည်းပညာဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ပါသည်။
(၃) ခရီးသွားများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များကို စောင့်ကြည့်ရန်
အကြမ်းဖက်သမားများသည် မိမိတို့နိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသည်အဖြစ်လည်းကောင်း၊ ကျောင်းသား/သူ အဖြစ်လည်းကောင်း၊ နိုင်ငံသားဖြစ်ခွင့်ရရှိလိုသူ အဖြစ်လည်းကောင်း၊ ဒုက္ခသည်များအဖြစ်လည်းကောင်း ဝင်ရောက်လာနိုင်ပါသည်။ ဥပဒေ နည်းလမ်းအတိုင်း ဝင်ရောက်ရန်ကြိုးပမ်းခြင်းများဖြစ်သည်။ ထိုနည်းလမ်းများကို အထက်ပါစာရင်းပြုစုထားသော ကိုယ်ရေးအချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ကာကွယ်တားဆီးနိုင်ပါသည်။ မျိုးရိုးဗီဇ တိုက်ဆိုင်စစ်ဆေးခြင်း နည်းပညာကဲ့သို့သော အကောင်းဆုံး နည်းပညာများဖြင့် စစ်ဆေးနိုင်ရန် ခေတ်မီလုံခြုံရေးနည်းပညာများကို မြှင့်တင်နေရန်လိုအပ်ပါသည်။ ဗီဇာလုံခြံုရေးကို အထက်ပါနည်းလမ်းများအတိုင်း တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ပြီး အကြမ်းဖက်သမားတို့အများဆုံးအသုံးပြုသည့် မိခင်ဘာသာစကားဖြစ်သူများ၊ ဘာသာစကားအထူးတတ်ကျွမ်းသူများဖြင့် ခန့်အပ်ထည့်သွင်းစစ်ဆေးရန်လိုအပ်ပါသည်။ မိမိတို့နိုင်ငံအတွင်းသို့ဝင်ရောက်ရန် ဗီဇာကင်းလွတ်ခွင့် ရရှိထားသော နိုင်ငံများကိုလည်း ၎င်းတို့၏ လုံခြံုရေးဆောင်ရွက်နိုင်စွမ်းပေါ်မူတည်၍ အထူးသတိပြုရန်လိုအပ်ပါသည်။
ရွှေ့ပြောင်းနေထိုင်သူများနှင့် နိုင်ငံခြားသားမှန်သမျှကို မှတ်တမ်းတင် စောင့်ကြပ်ရန်လိုအပ်သည်။ ၎င်းတို့သည် ဗီဇာသက်တမ်းကုန်ဆုံးချိန်တွင် မိမိနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်းရှိမရှိ တိုက်ဆိုင်စစ်ဆေးနေရန်နှင့် စေ့စပ်သေချာသော နိုင်ငံလုံးဆိုင်ရာ နယ်စပ် အဝင်/အထွက် ထိန်းချုပ်ရေးစနစ်ကို တည်ဆောက်ရန်လိုအပ်ပါသည်။ ဒုက္ခသည်များကိုလည်း ရွှေ့ပြောင်းနေထိုင်သူများနည်းတူ အထူးမှတ်တမ်းတင်ထားရှိရန်လိုအပ်ပြီး ဒုက္ခသည်အများအပြားနေထိုင်ရာဒေသများတွင် လုံခြုံရေးအဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်အာဏာနှင့် ပြောရေးဆိုခွင့်ကို ဦးစားပေးရန်လိုအပ်ပါသည်။
(၄) နယ်စပ်ဒေသလုံခြုံရေးဆောင်ရွက်ရန် နှင့် ကြိုတင်လက်ဦးမှုရယူရန်
မိမိတို့ပိုင်ဆိုင်သည့် ရှည်လျားသော ကုန်း၊ ရေ နှစ်သွယ် နယ်စပ်ဒေကြီးနှင့် မြေမျက်နှာသွင်ပြင် ကန့်သတ်ချက်များက အကြမ်းဖက်သမားတို့အတွက် အားထားရာနေရာဒေသဖြစ်သည်။ ပြီးပြည့်စုံသော နယ်စပ်ဒေသလုံခြုံရေးတည်ဆောက်ရန်ဆိုသည်မှာ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံကမျှ မတည်ဆောက်နိုင်သေးသော ကိစ္စဖြစ်ပါသည်။ သို့သော်လည်း စဉ်ဆက်မပြတ် တည်ဆောက်နေရမည့် လုပ်ငန်းဖြစ်သည်။ နယ်စပ်ဒေသလုံခြံုရေးအတွက် သီးခြားအဖွဲ့အစည်းများဖွဲ့စည်းဆောက်ရွက်ရန်လိုအပ်ပြီး ရေရှည်မဟာဗျူဟာချမှတ်ရန်လိုအပ်သည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဟုဆိုရိုးစကားရှိသည်နှင့်အညီ မိမိတို့နပ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီးကာမှ ဖမ်းဆီးအရေးယူရခြင်းထက် မဝင်ရောက်နိုင်သေးမီကပင် ၎င်းတို့ ပစ်မှတ်ထားရာ လမ်းကြောင်းမှန်သမျှကို ကြိုတင်ရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ပြီး ဖြတ်တောက်ထားဆီးနိုင်ရန်လိုအပ်သည်။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရန်ကြိုးစားလာမည့် ရွှေ့ပြောင်းနေထိုင်သူများနှင့် အကြမ်းဖက်သမားများသည် မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြောက်ရွှံ့ထိန့်လန့်နေရလောက်အောင် စိတ်ဓာတ်စစ်ဆင်ရေးမဟာဗျူဟာနှင့် တိကျပြတ်သားသော လုပ်ထုံးလုပ်နည်း ဥပဒေများ ရေးဆွဲပြဌာန်းထားရပေမည်။ (ဆက်ရန်)
မောင်ကျော်
၀၂၀၉၁၇၁၆၄၂

အကြမ်းဖက်ဝါဒတားဆီးတိုက်ဖျက်ရေး မဟာဗျူဟာ (၃)

မိမိတို့နိုင်ငံအတွင်း၌ အကြမ်းဖက်သမားများ၏ လူသစ်စုဆောင်းခြင်းနှင့် အစွန်းရောက်အမြင်ပြန့်ပွားမှုကို ကာကွယ်ရန်
အကြမ်းဖက်အဖွဲ့အစည်းများသည် ၎င်းတို့ ပစ်မှတ်ထားရာ နိုင်ငံ (သို့မဟုတ်) ဒေသအတွင်းရှိ နိုင်ငံသားများ နှင့် ဒေသခံများကို အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် အဓိကပစ်မှတ်ထားပြီး လူသူစုဆောင်းလေ့ရှိပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းတွင်ရှိသော အကြမ်းဖက်သမားများ၏ ဘက်တော်သားများ၊ စည်းရုံးခံရနိုင်သူများကို မျက်ခြေမပြတ်စောင့်ကြည့်ရန်နှင့် အစ္စလာမ်အစွန်းရောက်အတွေးအမြင် ပြန့်ပွားမှုများကို ကာကွယ်တားဆီးနိုင်ရန်လိုအပ်ပါသည်။ ထိုသို့ ကာကွယ်တားဆီးနိုင်ရန်-
(၁) မိမိတို့နိုင်ငံအတွင်းရှိ အဖွဲ့အစည်းပေါင်းစုံမှ အစ္စလာမ်မစ်အစွန်းရောက်အမြင်စတင်လာနိုင်သူများနှင့် ပြန့်ပွားလာနိုင်ရာ အရင်းအမြစ်များကို ရှာဖွေသိရှိနိုင်စေရန်
နိုင်ငံတကာတွင် သက်ဆိုင်ရာနိုင်ငံအလိုက်အဖွဲ့အစည်းပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကြောင့် အကြမ်းဖက်လုပ်ငန်းများနှင့် အစွန်းရောက်အမြင်ပြန့်ပွားနိုင်ချေများကို တားဆီးကာကွယ်နိုင်ခဲ့သည့် သာဓကများစွာရှိပါသည်။ ဤသို့ပူးပေါင်းဆောင်ရွက်လာစေရန်အတွက် ငွေကြေး၊ လေ့ကျင့်ပညာပေးရေး နှင့် ကိုယ်ပိုင်ခံယူချက်များက အဓိကကျပါသည်။ ပြည်ထောင်စုအစိုးရအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ပူးပေါင်း၍ စနစ်ကျသော ကွန်ရက်များ တည်ဆောက်ရန်လိုပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဖွဲ့အစည်းပေါင်းစုံပါဝင်သော အကြမ်းဖက်ဝါဒ တားဆီးကာကွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများကျင်းပပေးရမည်ဖြစ်သည်။ ၎င်းဆွေးနွေးပွဲများတွင် အကြမ်းဖက်ဝါဒ အစပျိုးနိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို ရှာဖွေဆွေးနွေးကြရုံသာမက အနာဂတ်တွင် ဖြစ်လာနိုင်ချေရှိသည့် အကြမ်းဖက်လုပ်ငန်းများအတွက်လည်း ဦးနှောက်မုန်တိုင်းဆင်ကြရန်လိုသည်။ ထိုရလာဒ်များကို ပြည်ထောင်စုအစိုးရက ပေါင်းစည်း ဖလှယ်ပေးပြီး သတင်းထုတ်ပြန် မှတ်တမ်းတင်ခြင်းလုပ်ငန်းကို နိုင်ငံတော်အဆင့်ဆောင်ရွက်ရမည်ဖြစ်သည်။
(၂) ၎င်းတွေ့ရှိချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးရန်
အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ငန်းကို ဆောင်ရွက်မည့်သူကို ၎င်းလုပ်ငန်းမကျူးလွန်မီအချိန်တွင် ဥပဒေကြောင်းအရတရားစွဲဆို အရေးယူနိုင်ရန်အချက်မှာ အတော်လေးခက်ခဲပါသည်။ ထို့ကြောင့် အကြမ်းဖက်လုပ်ငန်းနှင့် အကြမ်းဖက်ဝါဒကို ကာကွယ်တာားဆီးမည့် လုံခြုံရေးတပ်ဖွဲ့များ၊ သင်ကြားရေးဆိုင်ရာအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ တရားလိုအနေဖြင့် ဥပဒေကြောင်းအရ တရားစွဲဆိုမည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများ အတွက် တိကျသော လုပ်ထုံးလုပ်နည်း ဥပဒေများရေးဆွဲသတ်မှတ်ပေးရန်အတွက် လွှတ်တော်၌ တာဝန်ရှိပါသည်။ သတိပြုရန်မှာ မြန်မာနိုင်ငံအတွင်းရှိ ရှိရင်းစွဲ မွတ်စလင်ဘာသာဝင်များကို နှိမ့်ချခွဲခြားသည့် ပုံစံမဖြစ်စေဘဲ၊ ၎င်းတို့အနေဖြင့်လည်း အကြမ်းဖက်ဝါဒ တားဆီးကာကွယ်ရေးတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်လာစေရန် ဆွဲဆောင် ပညာရေးပေးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် အစိုးရအနေဖြင့် တာဝန်ရှိပါသည်။
(၃) တန်ပြန်ဝါဒဖြန့်ချီရန်
အကြမ်းဖက်သမားများ၏ ဝါဒဖြန့်ချီမှုနှင့် လူသစ်စုဆောင်းနေမှုများကိုတားဆီးရန် တန်ပြန်ဝါဒဖြန့်ချီခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက်ရပါမည်။ ထိုသို့ဝါဒဖြန့်ချီရာတွင် သက်ဆိုင်ရာအစိုးရ၏ အသံမဖြစ်စေဘဲ ပြည်သူတစ်ရပ်လုံး၏ အသံဖြစ်အောင် ဆောင်ရွက်ပုံဖော်နိုင်ရန် လွှတ်တော်၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုလိုအပ်ပါသည်။ အစိုးရအလိုကျသတင်းစကားများကို ဖြန့်ဖြူးနေခြင်းမျိုးထက် အကြမ်းဖက်ခေါင်းဆောင်ဟောင်းများ၏ ပြောကြားချက်များ၊ ပညာပေးမှုများ၊ ဖြစ်ရပ်မှန်များ၊ အကြမ်းဖက်သမားတို့နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူများ၏ ဖြစ်ရပ်မှန်သတင်းစကားများ၊ အစွန်းမရောက်သည့် ဘာသာရေးခေါင်းဆောင်များ၏အသံများနှင့် အကြမ်းဖက်ဝါဒကို မလိုလားသူအားလုံး၏ ပြောကြားချက်များ စသည်တို့ကို ဦးစားပေးရပါမည်။ တန်ပြန်ဝါဒဖြန့်ချီခြင်းကို အချိန်နှင့်တပြေးညီဆောင်ရွက်ရန်လိုအပ်ပြီး အင်တာနက် နှင့် နည်းပညာကျွမ်းကျင်သူပညာရှင်များ ပူးပေါင်းပါဝင်ရမည်ဖြစ်သည်။ လူမှုကွန်ရက် လှုပ်ရှားမှုများသည် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ငန်းများကို တိုက်ဖျက်ရန် ရှေ့တန်းနယ်မြေတစ်ခုဖြစ်ကြောင်း သဘောပေါက်ရမည်။ အစိုးရအနေဖြင့် ၎င်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ငွေကြေးအထောက်အပံ့ကို လိုအပ်သည့် ပုံစံဖြင့် စီမံရမည်။
(၄) အကျဉ်းထောင်များသည် အကြမ်းဖက်အစွန်းရောက်ဝါဒ စတင်ကြီးထွားရှင်သန်ရာနေရာ မဖြစ်စေရန်
အကြမ်းဖက်သမားများသည် လူသစ်စုဆောင်းရန်နှင့် အစွန်ရောက်အမြင်ပြန့်ပွားရန်အတွက် အကျဉ်းထောင်များကို ဦးစားပေးရွေးချယ်လေ့ရှိသည်။ အကျဉ်းထောင်များတွင် ဥပဒေကိုချိုးဖောက်ရန် လက်ပွန်းတတီးရှိပြီး ဝန်မလေးသည့် အရင်းအမြစ်များအလွယ်တကူ တစ်စုတစ်ဝေးတည်း တည်ရှိနေရာ နေရာဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်ဝါဒဖြန့်ချီမည်ဟု သံသယရှိသော သူများကို သာမာန်အကျဉ်းသားများနှင့် သီးခြားခွဲထုတ်ထားရန်လိုအပ်ပါသည်။ ရောနှောနေသည်ဟု ထင်မြင်ယူဆပါကလည်း ခွဲထုတ်နိုင်ရန်အတွက် အဆက်မပြတ်သတင်းရှာဖွေဖော်ထုတ်နေရန်လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် လုံလောက်သော အဆောက်အဦ၊ လုံခြုံရေးနှင့် တိကျသော အမိန့်နှင့်ညွှန်ကြားချက်များရှိရပါမည်။ အကျဉ်းသားများသည် အကြမ်းဖက်သမားများ၏ သားကောင်များ ဖြစ်မသွားစေရန် အလွန်အရေးကြီးပါသည်။ (ဆက်ရန်)
မောင်ကျော်
၀၁၀၉၁၇၁၃၃၉

အကြမ်းဖက်ဝါဒ တားဆီးတိုက်ဖျက်ရေး မဟာဗျူဟာ (၂)

၎င်းမူဝါဒ (၉) ချက်အတွက် ဆောင်ရွက်ရန်များကို ကဏ္ဍအလိုက်ရှင်းလင်းပေးသွားပါမည်။
အကြမ်းဖက်တိုက်ခိုက်မှုများကို တားဆီး တိုက်ဖျက်ရန်နှင့် မိမိတို့လူ့အဖွဲ့အစည်းကို ကာကွယ်ရန်
၎င်းကဏ္ဍတွင် နိုင်ငံအတွင်းရှိ သတင်းထောက်လှမ်းစုဆောင်းသည့် အဖွဲ့အစည်းများအကြား အပြန်အလှန်သတင်းမျှဝေဖလှယ်မှုရှိရန်နှင့် အကြမ်းဖက်အဖွဲ့အစည်းများကို နှောင့်ယှက်ဖျက်ဆီးနိုင်သော စွမ်းရည်ပြည့်ဝနေစေရန် အရေးကြီးပါသည်။ မိမိတို့ လူ့အဖွဲ့အစည်းအနေဖြင့် အကြမ်းဖက်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်ထားရန်လိုအပ်ပြီး၊ တိုက်ခိုက်ခံရပြီးချိန်တွင် ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိအောင် ပြန်လည်တည်ဆောက်နိုင်စွမ်း မြင့်မားရန်လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက်-
(၁) ရှေ့တန်းကျကျကာကွယ်ရသူများအနေဖြင့် အကြမ်းဖက်များ၏ လျှို့ဝှက်အကြံအစည်များကို ဖော်ထုတ် တားဆီးနိုင်ရန်
မိမိတို့ရင်ဆိုင်နေရသော အကြမ်းဖက်သမားများသည် အတော်လေး ကျွမ်းကျင်လျင်မြန်ကြပါသည်။ ၎င်းတို့စုဆောင်းမိသည့် အင်အားကို အကြမ်းဖက်လုပ်ငန်းဆောင်ရွက်မှုပိုင်းတွင် ကျွမ်းကျင်လျင်မြန်မှုရှိအောင် လေ့ကျင့်ပြောင်းလဲပေးထားကြသည်။ ထို့ကြောင့် ရှေ့တန်းကျကျကာကွယ်ရသူများထံသို့ သတင်းအချက်အလက်လျင်မြန်စွာ စီးဆင်းနိုင်ရန်မှာ အလွန်အရေးကြီးပြီး အစိုးရအနေဖြင့် ၎င်းအဖွဲ့များနှင့် နီးနီးကပ်ကပ်ထိတွေ့နေသင့်ပါသည်။ သတင်းထောက်လှမ်းသည့်အဖွဲ့အစည်းများအနေဖြင့် လျင်မြန်စွာသတင်းရယူနိုင်ရန် လိုအပ်သော အရင်းအမြစ်များ၊ လုပ်ပိုင်ခွင့်အာဏာ များရှိနေရပါမည်။
အစိုးရအနေဖြင့် နည်းပညာအပြောင်းအလဲကို သတိမလစ်ရန်လိုသည်။ ဥပမာအားဖြင့် အကြမ်းဖက်သမားများ၏ သတင်းဖြန့်ဝေမှုများကိုစောင့်ကြည့်ရန်၊ လူပုဂ္ဂိုလ်များ၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းရန်အတွက် လိုအပ်သော စုံစမ်းထောက်လှမ်းမှုများကိုပြုလုပ်ရန် လူမှုကွန်ရက်များ၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပါသည်။ ဤသို့ဆောင်ရွက်စဉ်တွင် မသက်ဆိုင်သူများ၏ သတင်းအချက်အလက်လုံခြုံမှုကို မဖောက်ဖျက်မိရန်လည်းအရေးကြီးပါသည်။ မိမိတို့၏ အမျိုးသားလုံခြံုရေးကို ကာကွယ်ဆောင်ရွက်နေသူများအနေဖြင့် “ ဖောက်ထွက်တွေးခေါ်ပါ။ သို့သော် အခြေခံဥပဒေကို မကျော်လွန်ပါနှင့်” (Think ouside the box, but never outside the constitution) ဟူသည့် အမှန်တရားကို လိုက်နာရန်လိုအပ်ပါသည်။
(၂) အကြမ်းဖက်သမားများကို ကျည်လွတ်မြေ (သို့) စိတ်ကွယ်ရာ သို့မရောက်အောင် တားဆီးနိုင်ရန်
မြန်မာနိုင်ငံကဲ့သို့ အကြမ်းဖက်သမားများကို သွယ်ဝိုက်၍အားပေးထောက်ခံနေသော အိမ်နီးချင်းကိုရရှိထားသောနိုင်ငံအတွက် ၎င်းအချက်ကို ဆောင်ရွက်ရန် ကန့်သတ်ချက်များစွာရှိနေသော်လည်း သတိပြုရမည့်အချက်ဖြစ်ပါသည်။ အကြမ်းဖက်သမားများသည် ရုပ်ပိုင်းဆိုင်ရာ လုံခြုံသောနေရာများကို ခြေကုပ်ယူကာ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် အသေးစိတ်စီမံ ပြင်ဆင်ကြပါသည်။ အကြမ်းဖက်အစီအစဉ်များကို လျှို့ဝှက်ဆောင်ရွက်ရန် လုံခြံုမှုရှိသောစာတို ပို့စနစ်များကို အသုံးပြုကြသည်။ ၎င်းအချက်မှာ သတင်းထောက်လှမ်းရေးအဖွဲ့များကို မျက်စိကန်းအောင် ပြုလုပ်ရန်အကောင်းဆုံး ကွန်ယက်ဖြစ်ပါသည်။ ၂၁ ရာစုအတွင်း အကြမ်းဖက်လုပ်ငန်းများကို တားဆီးတိုက်ဖျက်ရာတွင် အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည်။ လုံခြံုရေးသည် အင်တာနက်ကွန်ရက်အတွက် မရှိမဖြစ်အရေးပါနေသည့်အတွက် ထိုလုံခြံုရေးအားနည်းချို့ယွင့်ခဲ့ပါက အခြားမလိုလားအပ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ပါသည်။
၎င်းအချက်ကို တန်ပြန်နိုင်ရန်အတွက် လွှတ်တော်အနေဖြင့် နည်းပညာရှင်များ၊ လူမှုသတင်းအချက်အလက်လုံခြုံရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ စာပေရပ်ဝန်းမှ ပညာရှင်များ၊ ထောက်လှမ်းရေး ခေါင်းဆောင်များ နှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအားလုံးပါဝင်သော အမျိုးသားသတင်းအချက်အလက်နှင့် ဒစ်ဂျစ်တယ်နည်းပညာ လုံခြံုရေး ကော်မတီကို ဖွဲ့စည်းကာ ထိုစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ဘုံသဘောတူညီချက်မူဘောင်တစ်ခုကို တည်ဆောက်သင့်ပါသည်။ ထိုကော်မရှင်သည် လူထု၏သတင်းအချက်အလက်လုံခြံုရေးကို ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ အမျိုးသားလုံခြံုရေးအဖွဲ့အစည်းများအတွက် အကြမ်းဖက်လုပ်ငန်းများကို ဥပဒေနှင့်အညီ စောင့်ကြပ်ခြင်း၊ စုံစမ်းခြင်းများ ပြုလုပ်နိုင်ရန် ဥပဒေကြောင်းအရ ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။
(၃) နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍများနှင့် အခြားအရေးကြီး အခြေခံအဆောက်အဦများကို ကာကွယ်ရန်
၎င်းအချက်မှာ နားလည်ရလွယ်ကူပြီး နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှန်သမျှ၏ လုံခြုံမှုကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ မိမိနှင့် ဆက်ဆံကူးလူးနေသော နိုင်ငံများမှ သယ်ယူပို့ဆောင်ရေးအဝင်၊ အထွက်များကိုလည်း သတိပြုရန်လိုအပ်ပါသည်။ အခြားအရေးကြီး အခြေခံအဆောက်အဦများဖြစ်သော ကာကွယ်ရေး၊ စီပွားရေး၊ စွမ်းအင်နှင့် လူ့စွမ်းအားအရင်းအမြစ် စသောကဏ္ဍပေါင်းစုံပါဝင်နေပါသည်။ ဤနေရာတွင် ၎င်းအခြေခံအဆောက်အဦများ၏ အင်တာနက်ကွန်ရက်လုံခြံုရေးနှင့် လက်ရှိခေတ်ပေါ် ဒရုန်းများ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးပါသည်။ အကြမ်းဖက်သမားများသည် ၎င်းတို့၏ အဖျက်လုပ်ငန်းမှန်သမျှတွင် အသုံးချနိုင်သော ပစ္စည်းမှန်သမျှကို ထည့်သွင်းစဉ်းစားပြီးဖြစ်သည်ကို မမေ့သင့်ပေ။ အကြမ်းဖက်လုပ်ငန်းကို ကာကွယ်တိုက်ဖျက်ရန်သည် အစိုးရအတွက် ထိန်တန်းသုတေသနလုပ်ငန်းတစ်ခုဖြစ်နေသင့်ပြီး၊ လူစုလူဝေးနေရာများ၊ အရေးကြီး အင်တာနက်စာမျက်နှာများနှင့် ဖြစ်နိုင်ခြေရှိသော ပစ်မှတ်မှန်သမျှကို ကာကွယ်ရန်အတွက် ပုပ္ပလိက ကဏ္ဍ၏ တီထွင်ဆန်းသစ်မှုကို အားပေးရန်လိုအပ်ပါသည်။
(၄) အဖွဲ့အစည်းများအားလုံး လုံခြုံရေးသတိ၊ အသိရှိအောင် ကြိုတင်ပြင်ဆင်မှုရှိနေစေရန်
နိုင်ငံအတွင်းရှိအဖွဲ့အစည်းများ ကွန်ရက်များအားလုံးသည် အကြမ်းဖက်လုပ်ရပ်ကို လျင်လျင်မြန်မြန်တုန့်ပြန်ကာကွယ်နိုင်ရန်နှင့် လျင်လျင်မြန်မြန် ပြန်လည်တည်ဆောက်နိုင်ရန် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး ပြင်ဆင်ထားသင့်ပါသည်။ အကြမ်းဖက်အုပ်စုများမှာ ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်များကို ရရာပစ္စည်းများဖြင့်ပြုလုပ်နိုင်စွမ်းရှိသည့် “Do-it-youself” terro များဖြစ်ကြပါသည်။ ထို့ကြောင့် အချိန်မီ ဖော်ထုတ်ဟန့်တားနိုင်ရန် အလွန်ခက်ခဲပါသည်။ လုံခြုံရေးအဖွဲ့အစည်းများကို လျင်လျင်မြန်မြန်တုန့်ပြန်ဆောင်ရွက်နိုင်အောင် လေ့ကျင့်သင်ကြားပေးထားရန်လိုအပ်ပါသည်။
၎င်းအချက်ကို အကောင်အထည်ဖော်ရန်မှာ “တစ်စုံတစ်ခုမင်္သကာဖွယ်တွေ့သည်နှင့် သတင်းပို့သောစနစ်” (See-something-say-something) ပင်ဖြစ်ပါသည်။ ဤသို့ သတင်းပို့စနစ်ပီပြင်လာရန်အတွက် မြို့ပြတွင်သာမက ကျေးလက်နေ ပြည်သူများအကြားသို့ရောက်အောင် အသိပညာပေးရန်လိုအပ်ပါသည်။ ဤသို့သတင်းပို့ရန်မှာ နယ်မြေဒေသအရ ကန့်သတ်ချက်ရှိနိုင်သဖြင့် တယ်လီဖုန်း၊ စာတိုပို့စနစ် စသည်ဖြင့် အစိုးရမှ လမ်းကြောင်းတည်ဆောက်ပေးထားရန်လိုသည်။ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဝင်ရောက်ပစ်ခတ်ခံရခြင်း၊ ဖောက်ခွဲခံရခြင်းစသည့် ဖြစ်လေ့ဖြစ်ထရှိမည့်ပုံစံများကို ဇာတ်တိုက်လေ့ကျင့်ပေးခြင်းဖြင့် အကြမ်းဖက်တိုက်ခိုက်ခံလာရပါက မည်သို့ တုန့်ပြန်ဆောင်ရွက်ရမည်ကို ပြည်သူလူထုသို့ အသိပညာပေးနိုင်ပါသည်။ အခြားသော ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍လည်း အကြမ်းဖက်သမားများ၏ ကျင့်သုံးလာနိုင်သော နည်းလမ်းအသစ်များနှင့် တားဆီးတိုက်ဖျက်ပုံများကို မျက်ခြေမပြတ်လေ့လာစောင့်ကြည့်နေသင့်ပါသည်။
(၅) မိမိတို့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ သတင်းအချက်အလက်စီးဆင်းမှုစနစ်ကို ပြင်ဆင်ဖွဲ့စည်းခြင်း
အကြမ်းဖက်သမားများသည် လျှပ်စီးကဲ့သို့လျင်မြန်ခြင်းနှင့် ဆောင်ရွက်နေချိန်တွင် မိမိတို့၏ လိပ်ကဲ့သို့နှေးကွေးသော ဗြူရိုကရက်တစ်ယန္တရားဖြင့် ရင်ဆိုင်ရန် မသင့်လျော်ပါ။ ထို့ကြောင့် ၎င်းအဖွဲ့အစည်းများအတွင်းရှိ မလိုအပ်သော ကြိုးနီစနစ်များကို ပြင်ဆင်ပြောင်းလဲသင့်ပြီး အလိုအပ်ဆုံးလုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်ရန်လိုအပ်ပါသည်။ ပြီးခဲ့သော တိုက်ခိုက်မှုများအတွက် ပြင်ဆင်ရင်းဖြင့် သာယာမနေပဲ၊ ယနေ့မြင်တွေ့နေရသော အခြေအနေနှင့် နောင်လာမည့် အကြမ်းဖက်မှုများကို ရင်ဆိုင်ရန် ကြိုတင်မြော်တွေးပြီး ပြင်ဆင်ထားရန်လိုအပ်ပါသည်။ လွှတ်တော်အနေဖြင့်လည်း လုံခြုံရေးအသိပညာ ပြည့်ဝရန်လိုအပ်ပြီး သတင်းအချက်အလက်မြန်ဆန်ရန်၊ ကျစ်လစ်ရန်၊ ထိရောက်ရန် ကော်မတီများဖွဲ့စည်း၍ အကြံဉာဏ်ပေးမှုများ ၊ တွန်းအားပေးမှုများ လိုအပ်ပါသည်။ (ဆက်ရန်)
မောင်ကျော်
၂၈၀၈၁၇၁၇၅၂

အကြမ်းဖက်ဝါဒ တားဆီးတိုက်ဖျက်ရေးမဟာဗျူဟာ (၁)

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်မှုဗဟိုဌာနကို အယ်ခိုင်ဒါအကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရအပြီးတွင် အစွန်းရောက်အကြမ်းဖက်မှုဟူသော ခေါင်းစဉ်သည် စာရေးသူတို့ လူမှုအသိုင်းအဝိုင်းအတွင်းသို့ မဖိတ်ခေါ်ဘဲ ခပ်ကြမ်းကြမ်းရောက်ရှိလာခဲ့ပါသည်။ ၎င်းတိုက်ခိုက်မှု မတိုင်မီကပင် အစွန်းရောက်အကြမ်းဖက်လုပ်ရပ်များ ရှိနေသော်လည်း ထိုသို့တိုက်ခိုက်ခံရပြီးချိန်မှစ၍ အကြမ်းဖက်ဝါဒမှာ မဟာဗျူဟာချမှတ်၍ တိုက်ဖျက်ရမည့်ခေါင်းစဉ်အောက်သို့ တရားဝင်ရောက်ရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ အမေရိကန်နိုင်ငံ၏ ဦးဆောင်မှုဖြင့် အကြမ်းဖက်ဝါဒကို မဟာဗျူဟာချမှတ်ပြီးတိုက်ဖျက်ခဲ့ပါသော်လည်း ဆယ်စုနှစ်နှစ်ခုနီးပါးအချိန်ကို ဖြတ်ကျော်ပြီးသည့်တိုင်အောင် အကြမ်းဖက်အဖွဲ့အစည်းနှင့် အကြမ်းဖက်လုပ်ရပ်များ လျော့ပါးမသွားဘဲ ပို၍ပို၍သာ တိုးလို့လာနေပါသည်။ အယ်ခိုင်ဒါမှသည် အီရတ်အစ္စလာမ်မစ်နိုင်ငံတော်၊ ဆီရီးယား (ISIS) စသည်ဖြင့် ပိုမိုကျယ်ပြန့်၍သာ တိုးပွားလာခဲ့ပါသည်။ ၎င်းတို့၏ မြေနေရာ၊ အယူဝါဒနှင့် အင်အားကို တစ်ဆထက်တစ်ဆ တိုးပွားအောင် ကြံဆောင်လျက်ရှိကြပါသည်။ မည်သို့ဆိုစေကာမူ အကြမ်းဖက်ဝါဒသည် စာရေးသူတို့၏ လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို ခြိမ်းခြောက်လျက်ရှိနေသည်မှာ ငြင်းဆန်၍မရသော အမှန်တရားပင်ဖြစ်ပါသည်။
လက်ရှိမြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်လုပ်ရပ်များက ၎င်းဝါဒမည်မျှ ကျယ်ပြန့်ကူးစက်လျက်ရှိကြောင်းသက်သေခံနေသည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးတွင် ထိုအကြမ်းဖက်ဝါဒ ကူးစက်ပြန့်ပွားရန်အတွက် ဘာသာရေးအယူအဆကွဲပြားခြားနားခြင်း၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး နိမ့်ကျနေခြင်း၊ အကြမ်းဖက်သမားတို့ အလွယ်တကူဝင်ထွက်သွားလာနိုင်ပြီး ကွန်ရက်ကောင်းတစ်ခုတည်ဆောက်နိုင်သည့် နယ်စပ်ဒေသတစ်ခုဖြစ်နေခြင်း၊ ၎င်းလုပ်ရပ်များကို ပံ့ပိုးပေးနိုင်သည့် အိမ်နီးချင်းရရှိထားခြင်း စသည့် ရေခံမြေခံကောင်းများရှိနေပါသည်။ ထို့ကြောင့် လက်ရှိရင်ဆိုင်နေရသော ခြိမ်းခြောက်ခံနေရမှုများသည် ရေတိုသဘောမဆောင်ဘဲ မြန်မာနိုင်ငံကြီး တည်ရှိနေသ၍ ရင်ဆိုင်ရမည့် ရေရှည်ခြိမ်းခြောက်မှုများဖြစ်သည်ဟု ခံယူထားကြစေလိုပါသည်။ ထို့ပြင် အကြမ်းဖက်ဝါဒသည် မိမိတို့နိုင်ငံတစ်ခုသာ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုမဟုတ်ဘဲ ကမ္ဘာ့လူ့အသိုင်းအဝိုင်း တစ်ခုလုံးကို ခြိမ်းခြောက်နေသည့်ကိစ္စဖြစ်ကြောင်းလည်း နားလည်စေလိုပါသည်။
အစ္စလာမ်မစ်အကြမ်းဖက်များသည် ဘာသာရေးကိုလိုအပ်သလိုခုတုံးလုပ်၍ နိုင်ငံရေးအစွန်းရောက်အယူဝါဒတစ်ခုအသွင် ပုံဖော်ထားကြပါသည်။ ၎င်းတို့၏အန္တိမရည်မှန်းချက်မှာ ရှေးဟောင်းဘာသာရေးစာပေများထဲမှအချက်အလက်များကို လိုအပ်သလိုပုံဖော်၍ အမျိုးမျိုးကွဲပြားနေကြသော်လည်း အဓိကရည်မှန်းချက်မှာ အစ္စလာမ်မစ်အင်ပါယာကြီး (Caliphate) ထူထောင်ရန် ဖြစ်ပါသည်။ Terrorism ဆိုသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်အထမြောက်အောင်မြင်ရန်အတွက် အကြမ်းဖက်ဝါဒဟူသော နည်းဗျူဟာကိုကျင့်သုံးခြင်းဖြစ်သည်ဟု နားလည်နိုင်ပါသည်။ မယုံကြည်သူ (unbelievers) အားလုံးကို ရန်သူအဖြစ်လည်းကောင်း၊ ဖောက်ပြန်ရေးသမား (apostate) အဖြစ်လည်းကောင်း သတ်မှတ်ထားပါသည်။ ထိုသူများအားလုံးကို ဂျီဟတ် ဆင်နွှဲပြီး အစ္စလာမ်မစ်နိုင်ငံတော်ကြီး ထူထောင်ရမည်ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံအနောက်ဖက် တံခါးတွင်ရင်ဆိုင်နေရသော အဖြစ်အပျက်များသည် မယုံကြည်သူ လူမျိုး၊ဘာသာမရွေး ဂျီဟတ်ဆင်နွှဲပြီး လွတ်မြောက်နယ်မြေ ကြေညာမည့် အဆင့်သို့ရောက်လာခဲ့ပြီဖြစ်ပါသည်။
ထို့ကြောင့်ပင် ယခုအချိန်မှစ၍ စာရေးသူတို့နိုင်ငံအတွက် အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေး မဟာဗျူဟာတစ်ရပ် မဖြစ်မနေလိုအပ်လျက်ရှိနေပါသည်။ ကမ္ဘာ့နိုင်ငံများတွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် လက်ပွန်းတတီး အရှိဆုံးမှာ အမေရိကန်နိုင်ငံဟုပင် ဆိုရပါမည်။ ကိုယ်တိုင် အကြမ်းဖက်သမားများ၏ ပစ်မှတ်ဖြစ်ခဲ့သလို အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲများလည်း ဆင်နွှဲခဲ့ပါသည်။ ဆင်နွှဲနေရဆဲလည်း ဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး မဟာဗျူဟာများကို ရှာမှီးပါက မြန်မာနိုင်ငံအတွက် အခြေခံမူများရလာနိုင်သည့် အလားအလာကောင်းများရှိနေသဖြင့် စာရေးသူလေ့လာမိသမျှ အချက်အလက်များကို ဝေမျှလိုက်ရပါသည်။
၂၀၁၆ ခုနှစ် ဇွန်လတွင် အမေရိကန်နိုင်ငံ၏ House Homeland Security Committee မှ အသစ်ထပ်မံထုတ်ပြန်ခဲ့သော အကြမ်းဖက်တိုက်ဖျက်ရေးမဟာဗျူဟာတွင်-
(၁)အကြမ်းဖက်တိုက်ခိုက်မှုများကို တားဆီး တိုက်ဖျက်ရန်နှင့် မိမိတို့လူ့အဖွဲ့အစည်းကို ကာကွယ်ရန်
(၂)ပြည်တွင်းမှ လူသစ်စုခြင်းနှင့် အစွန်းရောက်အမြင်ပြန့်ပွားမှုကို ကာကွယ်ရန်
(၃)အကြမ်းဖက်သမားများကို နိုင်ငံအတွင်းမှ မောင်းထုတ်ရန်
(၄) အကြမ်းဖက်သမားများကို တိုက်ခိုက်ရန်
(၅) အကြမ်းဖက်သမားများ၏ ဆက်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်ရန်နှင့် ငွေကြေးအရင်းအမြစ်များကို ဖြတ်တောက်ရန်
(၆) အကြမ်းဖက်သမားများ လက်တွင်းသို့ လက်နက်နှင့် ဖျက်အားပြင်းလက်နက်များ မရောက်ရှိအောင် တားဆီးရန်
(၇) အကြမ်းဖက်သမားများကို စစ်မြေပြင်သို့ပြန်မရောက်နိုင်အောင် တားဆီးရန်
(၈) အကြမ်းဖက်ကွန်ရက် မပြန့်ပွားရန်နှင့် ၎င်းတို့အတွက် လုံခြုံသောနေရာမရှိရအောင် ဆောင်ရွက်ရန်
(၉) အယူဝါဒရေးရာစစ်ပွဲမှာ နိုင်အောင်တိုက်ရန်
စသည့် မူဝါဒ(၉)ချက်ကို အခြေခံထားသည်ကိုတွေ့ရပါသည်။(ဆက်ရန်)
မောင်ကျော်
၂၈၀၈၁၇၁၃၃၁

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (၈-ဆုံး)

Schiff ရဲ့ “Concordance theory” အကြောင်းမပြောခင် Sarkesian ရဲ့ အမြင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်တယ်။ စစ်ဘက်ဆိုင်ရာမှာ အတွေ့အကြုံမရှိတဲ့လူတွေသည် စစ်ဘက်နဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတွေကို ပိုင်ခြားနိုင်စွမ်းမရှိကြပါဘူး။ အထူးသဖြင့် စစ်ဘက်ရဲ့ အတွင်းပိုင်းကိစ္စတွေ အရွေ့တွေမှာ နားမလည်ပါဘူး။ ဒီလို စစ်ဘက်နဲ့ ဝေးကွာလာမှုတွေကပဲ လူ့အဖွဲ့အစည်းရဲ့ စစ်ဘက်အခန်းကဏ္ဍဆိုင်ရာကိစ္စတွေကို အမှားအမှန်ဆန်းစစ်ခြင်းတွေမှာ အားနည်းလာပြီး၊ ဒီကိစ္စတွေမှာ ဝင်ရောက် အဆုံးအဖြတ်ပေးလို့မရတော့ဘူး လို့ဆိုပါတယ်။ စစ်ဘက်နဲ့ အရပ်ဘက်အကြား လုပ်ငန်းသဘာဝ ကွာဟမှုကြောင့် သူ့အလိုလို အက်ကြောင်းဖြစ်လာတာကိုဆိုလိုတာပါ။ စစ်ဘက်နဲ့ အရပ်ဘက်အကြားမှာ အဖွဲ့အစည်းပုံသဏ္ဍာန်အဖြစ် ခွဲခြားရှုမြင်ကြရင်းက တစ်ဘက်နဲ့ တစ်ဘက် ဝေးကွာလာတဲ့သဘောပါ။ ဒီလိုကြောင့် အရပ်ဘက်အနေနဲ့ စစ်ဘက်ရဲ့ အလုပ်က ငါတို့အလုပ်မဟုတ်ဘူးလို့ ရှုမြင်လာခြင်းမျိုးနဲ့ ဆင်တူပါတယ်။
ဒါကြောင့်ပဲ Schiff က စစ်ဘက်နဲ့ အရပ်ဘက်အကြား အင်စတီကျူးရှင်း တစ်ခုခြင်းစီအနေနဲ့ ခွဲခြားရှုမြင်ပြီး ပြောဆိုဆွေးနွေးနေကြတာကို “separation theories” များလို့ဆိုထားပါတယ်။ စစ်ဘက်ရဲ့ နိုင်ငံရေးထဲကြားဝင်မှုကို တားဆီးခြင်လို့ ဒီလိုခွဲခြားရှုမြင်လာရင်းကပဲ အမေရိကန် နိုင်ငံသားတွေနဲ့ အမေရိကန်စစ်တပ်အကြားမှာ ယဉ်ကျေးမှုအရကင်းကွာခြင်း၊ အဆက်ပြတ်ခြင်းမျိုးတွေ ဖြစ်လာတယ်။ အဲ့ဒီ့ကနေ အရပ်ဘက်က စစ်ဘက်အပေါ် လေးစားခြင်းအားနည်းလာတယ်၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ အားနည်းလာပါတော့တယ်။ ဒီကိစ္စက ပြင်ပစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ပြဿနာတတ်တော့တာပါပဲ။ ဒီအက်ကြောင်းကို အီရတ်နဲ့ အာဖဂန် စစ်မြေပြင်တွေမှာ သတိထားမိလာကြတယ်။ လူထုရဲ့ပူးပေါင်းပါဝင်မှုကို အားရကြေနပ်လောက်အောင် မတွေ့ရဘူး။ အမေရိကန်ရဲ့ ဗီယက်နမ်စစ်ပွဲမျိုးဆက်ရဲ့ အတွေးအခေါ်က ၉/၁၁ ဒဏ်ခံရတဲ့ မျိုးဆက်အပေါ် သက်ရောက်မှုရှိလာတာမျိုးပါ။
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဆိုတာသည် ရေရှည်နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်အတွက် အရးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးအောင်မြင်ပြီးတဲ့လူ့အဖွဲ့အစည်းတွေကတော့ အမေရိကန်အပါအဝင် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေ ပါဝင်ပါတယ်။ အနောက်ပုံစံ ဒီမိုကရေစီမဟုတ်လို့ နိုင်ငံတည်ဆောက်ရေးကြီး မအောင်မြင်ဘူးရယ်လို့ ဆိုလို့မရပါဘူး။ တရုတ်နဲ့ ရုရှားတို့က ဥပမာဖြစ်ပါတယ်။ လုံးဝပျက်ယွင်းသွားတဲ့ နိုင်ငံတစ်ခုကို ပြန်လည်တည်ဆောက်ရတဲ့ ထင်ရှားတဲ့ ဥပမာတွေကတော့ အီရတ်နဲ့ အာဖဂန်မှာ nation-building လုပ်ဖို့ ကြိုးပမ်းနေကြတာ၊ ဒုတိယကမ္ဘာစစ်အပြီးက ဂျပန်နဲ့ ဥရောပ နိုင်ငံတစ်ချို့ ပြန်လည်တည်ဆောက်ခဲ့ရတာကို နမူနာယူနိုင်ပါတယ်။ အမေရိကန်အနေနဲ့ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နဲ့ ဥရောပက နိုင်ငံတည်ဆောက်ရေးတွေမှာ ပြဿနာကြီးကြီးမားမားမရှိခဲ့ပေမယ့် အီရတ်တို့ အာဖဂန် တို့လို ယဉ်ကျေးမှု၊ အတွေးအခေါ် အယူအဆ ကွဲပြားခြားနားတဲ့နိုင်ငံတွေကို အမေရိကန်ပုံစံဒီမိုကရေစီသွတ်သွင်းတဲ့ နေရာမှာ ပြဿနာရှိလာပါတော့တယ်။ ဒါကြောင့် ယဉ်ကျေးမှုတွေ၊ တန်ဖိုးတွေ၊ သမိုင်းကြောင်းတွေကလည်း အရေးကြီးတယ်ဆိုတာကို အမေရိကန်ပညာရှင်တွေ တွေးလာကြတာ။
၁၇၉၀ လောက်ကနေစခဲ့တဲ့ အမေရိကန်ရဲ့ နိုင်ငံတည်ဆောက်ရေးသည် နှစ် ၁၀၀ လောက်ကြာခဲ့တယ်။ ၁၈ ရာစုအစောပိုင်းလောက်မှ အောင်မြင်မှုအဆင့်ကို ရောက်တယ်လို့ ပညာရှင်တွေ သုံးသပ်ကြတယ်။ ဒီကြားတည်း အမေရိကန်သည်လည်း ခရီးကြမ်းကိုဖြတ်သန်းခဲ့ရတာပဲ။ ဒါကြောင့်လည်း နိုင်ငံတည်ဆောက်ရေးဆိုတာ ခုချက်ခြင်းထလုပ် ခုချက်ခြင်းပြီးတဲ့ ကိစ္စမျိုးမဟုတ်ဘဲ ရေရှည်တည်ဆောက်ရတဲ့ ဆင့်ကဲဖြစ်စဉ် “evolution process” ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်နဲ့ နိုင်ငံရေးနောက်ခံ၊ ဘာသာရေးအယူအဆ၊ ယဉ်ကျေးမှု၊
တန်ဖိုးထားမှုတွေ အသွင်မတူတဲ့ နိုင်ငံတွေမှာ (အဝိုင်းကြီးထဲ လေးထောင့်ကြီးထိုးထည့်နေသလို) အနောက်ပုံစံသွတ်သွင်းနေကြတာဟာဖြင့် မတရားဘူးလို့ တွေးတတ်လာတယ်။
ဒါကြောင့် ဟိုပုံစံ၊ ဒီပုံစံတွေဆိုတာ အသာထားလို့ ဘယ်နေရာ၊ ဘယ်ပုံစံနဲ့မဆို အံဝင်မယ့် သီအိုရီတစ်ခုကို ၂၀၀၉ ခုနှစ်မှာ Schiff က အသက်သွင်းလိုက်ပါတယ်။ ဒီနေရာမှာ တစ်ခုသိထားစေချင်တာက ဒီသီအိုရီပေါ်ခဲ့တာသည် စာရေးသူတို့လို တတိယနိုင်ငံတွေအတွက် အဆင်ပြေပါစေတော့ဆိုတဲ့စေတနာ တစ်ခုတည်းကြောင့်မဟုတ်ဘဲ အမေရိကန်ကိုယ်တိုင် စစ်ဘက်-အရပ်ဘက် ဝေးကွာလာမှုပြဿနာကြောင့်လည်း ပါဝင်တယ် ဆိုတာပါပဲ။ Schiff ရဲ့ သီအိုရီသည် “….dose not presume that civilian institutions must control the military…” အရပ်ဘက်အဖွဲ့အစည်းတွေသည် စစ်ဘက်အဖွဲ့အစည်းကို ထိန်းကိုထိန်းချုပ်ရမယ် (must do) လို့မယူဆပါဘူး။ သူမအယူအဆက စစ်ဘက်ခေါင်းဆောင်မှု (military leadership)၊ နိုင်ငံရေးခေါင်းဆောင်မှု (political leadership)နဲ့ နိုင်ငံသား (citizens) တွေအကြားမှာ မိတ်ဖက်ပုံစံ နဲ့ အပြည်အလှန်ဆွေးနွေးခြင်းတွေရှိရမယ်။ အဲ့ဒီ့လိုဆွေးနွေးဖို့ နယ်ပယ် (၄) ခုပေးထားပါတယ်။ အဲ့ဒါတွေကတော့-
(၁) စစ်ဘက်အရာရှိတွေအတွက် လူမှုရေးရာဖွဲ့စည်းမှု အသွင်ပုံသဏ္ဍာန် (social composition of the officer corps)။ သက်ဆိုင်ရာ လူမျိုး၊ လူတန်းစား၊ အမျိုးအနွယ်ဇာတ် အလိုက် စစ်ဘက်မှာပါဝင်ဖွဲ့စည်းမယ့် အချိုးအစားကို ဆိုလိုပါတယ်။
(၂) နိုင်ငံရေး အဆုံးအဖြတ်ချခြင်း ဖြစ်စဉ်( political decision-making process)။ ဒီအချက်ကတော့ သဘောပေါက်လွယ်ပါတယ်။ စစ်ဘက်အတွက် budget၊ materiel, size နဲ့ structure တွေအတွက်လည်းပါဝင်ပါတယ်။
(၃) လူသစ်စုဆောင်းရေးနည်းလမ်း (recruitment method)။ ဘယ်လိုပုံစံနဲ့ လူသစ်စုမလဲပေါ့။ ဥပဒေနဲ့လား ဆွဲဆောင်စည်းရုံးခြင်းမျိုး နဲ့လားပေါ့။
(၄) စစ်တပ်အသွင်အပြင် ( military style)။ စစ်ဘက်ဆိုင်ရာ symbol တွေ၊ စစ်ရေးပြပုံ စစ်သီချင်း၊ စစ်ဘက်အစဉ်အလာ၊ အခမ်းအနားပုံစံ စတဲ့အချက်တွေပါဝင်ပါတယ်။
Schiff ရဲ့ အလိုအရ ဒီအချက် (၄) ချက်ပေါ်မှာ အပေါ်မှာဖော်ပြထားတဲ့ actors တွေကြားမှာ အကြေအလည်ဆွေးနွေးနိုင်ရင် စစ်ဘက်ရဲ့ ပြည်တွင်းနိုင်ငံရေးမှာ ပါဝင်မှုလျော့ချနိုင်မယ်လို့ဆိုတယ်။ လူ့အဖွဲ့အစည်း တစ်ခုခြင်းစီရဲ့ နိုင်ငံရေး၊လူမှုရေး၊ ယဉ်ကျေးမှု ကွဲပြားခြားနားချက်တွေကြောင့် ဘယ်လိုနည်းလမ်းနဲ့ လုပ်ပါလို့တော့ပြောမထားပါဘူး။ စစ်ဘက်-အရပ်ဘက် ခွဲခြင်းတွဲခြင်းတွေအပေါ်မှာ အခြေမခံဘဲ ဒီ (၄) ချက်ပေါ်မှာ အခြေခံဆွေးနွေးပါလို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ပြည်တွင်းမှာ စစ်ဘက်ရဲ့အခန်းကဏ္ဍကို ဘယ်လိုထားမလဲဆိုတာပါပဲ (military’s role in the domestic sphere)။ လူ့အဖွဲ့အစည်းနဲ့ အစိုးရအတွင်းမှာရှိမယ့် စစ်ဘက်ရဲ့အခန်းကဏ္ဍ ကိုရှာဖွေသတ်မှတ်တာပဲဖြစ်ပါတယ်။ Schiff ကို စာရေးသူမကြိုက်တဲ့အချက်တစ်ချက်က စစ်ဘက်ရဲ့ နိုင်ငံရေးထဲပါဝင်ပတ်သက်မှုအတိုင်းအတာက သတ်ဆိုင်ရာလူ့အဖွဲ့အစည်းရဲ့ Political culture ပေါ်မှာ မူတည်နေတယ်လို့ စပြောခဲ့တဲ့ Samuel E. Finer ကို မသိချင်ယောင်ဆောင်ထားခဲ့လို့ပါပဲ။ သူမရဲ့သီအိုရီက လက်တွေ့နယ်ပယ်မှာလည်း လိုအပ်ချက်ရှိနေပါသေးတယ်။သူမ ပြောသလောက်သာ ဆွေးနွေးညှိနှိုင်းအဖြေရှာတတ်တဲ့ အလေ့အကျင့်မျိုး စာရေးသူတို့လို နိုင်ငံတွေမှာရှိခဲ့ရင် လက်ရှိအကြပ်အတည်းတွေ ရင်ဆိုင်နေရစရာ အကြောင်းမရှိလို့ပါပဲ။
ဒီလောက်ဆိုရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသီအိုရီများသည် အရပ်ဘက်-စစ်ဘက် ခွဲခြားမှုဆိုတာမ​ျိုးထက်​ ပေါင်းစည်းမှု၊ တာဝန်နဲ့ အာဏာခွဲဝေမှုကို ပြောင်းလဲလာကြောင်း နားလည်သဘောပေါက်နိုင်ကြပါပြီ။ မြန်မာနိုင်ငံမှာ သဘောပေါက်နေကြတဲ့ အရပ်ဘက်ထိန်းချုပ်မှု (civilian control) ဆိုတာနဲ့ ပညာရှင်တွေ ပြောတဲ့ civilian control ဆိုတာ ကွဲပြားခြားနားကြောင်း ရိပ်စားမိလောက်ပါပြီ။ စာရေးသူသည် Book smart ကို အတိုင်းအတာတစ်ခုထိနားလည်တဲ့ Street Smart တစ်ယောက်ဖြစ်တယ်လို့ ဝန်ခံချင်ပါတယ်။ ဒါကြောင့် street smart နဲ့ book smart တွေကြားမှာ အပြန်အလှန်တန်ဖိုးထားမှုရှိစေချင်သူလို့လည်းဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအယူအဆ အတွေးအခေါ်တွေမှားယွင်းမှုကြောင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲနေမှုမှာ အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒီလိုမလိုလားအပ်တဲ့ အဟန့်အတားတွေ မဖြစ်စေချင်တဲ့ စေတနာကတစ်ကြောင်း၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို စိတ်ဝင်စားသူတွေအနေနဲ့ သီအိုရီကျကျ ဆက်လက်လေ့လာကြစေလိုတဲ့ စေတနာက တစ်ကြောင်း ဒီစာစုတွေကို ဖန်တီးလိုက်ရပါတယ်။ အနည်းဆုံးတော့ ဒီစာတွေကို ဖတ်ပြီးတဲ့ သူတွေသည် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးရလိုမှုတစ်ခုနဲ့ ပြည်သူကိုအသိအမှားများ ဖြန့်ဝေမည့် သူများရန်က ကင်းဝေးကြပါလိမ့်မယ်။
ဆင့်ပွားတိုးတက်လေ့လာစေလိုသော စေတနာဖြင့်….။ ။
မောင်ကျော်
၁၆၁၇၁၃၃၃